ထုတ်ကုန် သရုပ်ဖော် ပြသပွဲ
Vol. 46 Ch. 638
လင်းမျိုးနွယ်၏ ကောင်းကင်သင်္ဘောထက်၌...
“လုံးဝ မဖြစ်နိုင်ဘူး..”
လင်းမင်က ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ သူ၏ လေသံက ကမ္ဘာပေါ်တွင် မယုံကြည်နိုင်ဆုံး သတင်းအား ကြားလိုက်ရသလိုပင်။ သူသာလျှင် မက... လင်းရှန်းရှဲ့၏ မျက်လုံးများမှာလည်း ဦးခေါင်းခွံမှ ပေါက်ထွက် မတတ် ပြူးကျယ် သွားခဲ့သည်။
အခြားတစ်ဖက်၌... လင်းရှန်းရှန်းကတော့ မယုံကြည်ဟန်နှင့် ခပ်သွမ်းသွမ်း ရယ်မောလိုက်သည်။
“လောကသခင် အဆင့် မရောက်ခင် နယ်မြေ မျိုးစေ့ ဖန်တီးဖို့ ဟုတ်လား... အဓိပ္ပာယ် မရှိတာ... သီအိုရီ အရ ဖြစ်နိုင်ချေ ရှိပေမဲ့ ဘယ်သူမှ အောင်မြင်အောင် မလုပ်နိုင်ဘူး...”
လင်းရှန်းရှန်း၏ ဘေးနားရှိ အကြီးအကဲ တစ်ယောက်ကလည်း ထိုစကားကို ထောက်ခံ လိုက်၏။
“အမှန်ပဲ ဂိုဏ်းချုပ်လင်း... အတုအယောင် လောကနယ်မြေ တစ်ခု ဖန်တီးနိုင်တဲ့ ဆေးတစ်မျိုး ရှိပေမဲ့ အဲဒါက ကျင့်ကြံခြင်း လမ်းကြောင်းကို စတေးပြီးမှ ရတာ... နောက်ပြီး မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်တွေပဲ သုံးလို့ ရတာ... ဘယ်လိုလုပ်ပြီး သူ ပြောသလို အဂ္ဂိရတ် ထုတ်ကုန်မျိုး ရှိနိုင်မှာလဲ”
လင်းရှန်းရှန်းက ခေါင်းညိတ်လိုက်သည်။
“အင်းလေ... တကယ်လို့ သူ ပြောသလိုသာ ဝိညာဥ်ဆင်းတု အဆင့်နဲ့ နယ်မြေမျိုးစေ့ကို ဖန်တီးနိုင်ရင် ကျင့်ကြံသူတိုင်း လောကသခင် အဆင့်ကို ရောက်ဖို့ ဘာအခက်အခဲမှ ရှိတော့မှာ မဟုတ်ဘူး... သီအိုရီ အရ ပြောရမယ် ဆိုရင် နှစ်ရာချီတဲ့ ကျင့်ကြံချိန်တွေကို သက်သာစေတာပေါ့... နောက်ပြီး လောကသခင် အဆင့် ကြယ်တာရာ ကပ်ဘေးရဲ့ အန္တရာယ်တွေကိုလည်း ကြောက်လန့်နေစရာ မလိုတော့ဘူး”
“အဲဒါက လုံးဝ လုံးဝကို မဖြစ်နိုင်တာပါဗျာ...”
အကြီးအကဲက ခေါင်းကို ခါရင်း ဆိုလိုက်လေသည်။ မာ့ဆုကျင်း၏ စကားအား သူတို့ လက်မခံနိုင်သည်က ထင်ထင်ရှားရှားပင် ဖြစ်လေသည်။
လင်းမင်မှာ ငြိမ်သက်နေ၏။ နယ်မြေမျိုးစေ့ တစ်ခု၏ အကျိုးသက်ရောက်မှုက မည်မျှ ရှိကြောင်း သူ အသိဆုံး ဖြစ်သည်။ လက်ရှိ၌ ပြင်ပ ဝိညာဥ်စွမ်းအင် သုံးခု၏ သက်ရောက်မှုများကို ဖယ်ရှားကာ နယ်မြေမျိုးစေ့ကို တည်ငြိမ်အောင် ကြိုးစားနေရသည့်တိုင် အတုအယောင် လောကနယ်မြေ တစ်ခု၏ ပြောင်မြောက်လှသည့် စွမ်းအင်နှင့် အားသာချက်များကို သူ သိပေသည်။ သို့တိုင်အောင် သူ၏ လောကနယ်မြေမှာ အရည်အသွေး နှစ်ခု ကင်းမဲ့နေဆဲ ဖြစ်သည်။
ထိုကဲ့သို့သော အခြေအနေတွင် ရွှေရောင် အသက်နန်းတော်က သူတို့၏ ထုတ်ကုန်တွင် ချို့ယွင်းချက် တစ်ခုသာ ရှိသည်ဟု ဆိုသည်။ မည်ကဲ့သို့ ဖြစ်နိုင်ပါမည်နည်း။
မာ့ဆုကျင်းက တုန့်ပြန်မှုများကို သတိထားမိလိုက်ရာ စိတ်ထဲမှ ကျေနပ်စွာ ပြုံးလိုက်၏။ သူမက သူတို့ကို အချက်အလက်များအား ချေဖျက်ကာ ဆွေးနွေးဖို့ အချိန်ပေးလိုက်ခြင်းသာ ဖြစ်သည်။ သူမထံတွင် သူတို့ကို ဖျပ်ရိုက်စရာ ဝှက်ဖဲများ ကျန်ရှိနေသေးဆဲ ဖြစ်သည်။ ထိုဖျက်ရိုက်ချက်က သူတို့၏ ဆန္ဒများကို ကျိန်းသေပင် လှုံ့ဆော်ပေးပေလိမ့်မည်။
တစ်မိနစ်...
တိတိကျကျ ပြောရလျှင် စက္ကန့် ခြောက်ဆယ် တိတိ စောင့်ဆိုင်းပြီးနောက် မာ့ဆုကျင်းက အသာအယာပင် ပြုံးလိုက်လေသည်။ ထိုအပြုံးက အလွန် တောက်ပလှကာ သူမ၏ အံ့မခန်း အလှကို ပိုမို ပေါ်လွင် သွားစေခဲ့၏။
“ရှင်တို့ ကြည့်ရတာ ကျွန်မကို မယုံကြဘူး ထင်တယ်... အဲဒီ အတွက် ကျွန်မ လူတစ်ယောက်ကို ဖိတ်ခေါ်ထားပါတယ်ရှင်”
မာ့ဆုကျင်းက ခြေဟန်လက်ဟန်ဖြင့် ပြလိုက်ရာ ပုံရိပ်ဖမ်း ဓာတ်ပြားမှာ ရွေ့လျားသွားကာ ပုံရိပ် တစ်ခု ပေါ်လာခဲ့၏။ သူက ခပ်တိုတို ဆံပင်၊ အညိုရောင် မုတ်ဆိတ်၊ ပိန်ပိန်ပါးပါး ခန္ဓာ၊ မျက်မှန်ဝိုင်းကြီးများနှင့် အသက်လတ် လူကြီး တစ်ယောက် ဖြစ်သည်။
သူက မျက်မှန်ကို နှာခေါင်းထက်သို့ ပင့်တင်လိုက်ရင်း ပုံရိပ်ဖမ်း ဓာတ်ပြားကို မော့ကြည့်လိုက်၏။ သူက ပရိသတ်ကို မည်သည့် လေးစားမှု အရိပ်အမြွက်မှ မဖော်ပြပါချေ။ ထို့အစား ဘယ်သူ့ကိုမှ အဖက်မလုပ်သည့် အလား ခပ်ချေချေ ပုံစံဖြင့်သာ ရပ်တန့် နေ၏။
မာ့လဲ့ဟန်...
ထရီလျံနှင့် ချီသည့် ပရိသတ်များထဲ၌ မာ့လဲ့ဟန်ကို မသိသူ တစ်ယောက်ပင် မရှိချေ။ သူက အဆုံးမဲ့ ကောင်းကင်၏ သေမျိုး အဂ္ဂိရတ် အာဏာရှင် သုံးဆယ့် လေးယောက်ထဲမှ တစ်ယောက်ပင် ဖြစ်သည်။ မာ့လဲ့ဟန်၏ ထွက်ပေါ် လာမှုက လျှို့ဝှက် အာဏာရှင် အဆင့်များပင် ငြိမ်သက် သွားစေခဲ့၏။
မာ့ဆုကျင်းက မိတ်ဆက်ပေးလိုက်၏။
“ရှင်တို့ သိထားကြတဲ့ အတိုင်း ဒီပုဂ္ဂိုလ်ကြီးကတော့ မာ့မျိုးနွယ်ရဲ့ တရားဝင် သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက်ဖြစ်တဲ့ မာ့လဲ့ဟန်ပါပဲ... သူက ဒီထုတ်ကုန် ပြပွဲကို ဧည့်သည်တော် တစ်ယောက် အနေနဲ့ တက်ရောက်ပြီး ဆေးလုံးရဲ့ အကျိုးသက်ရောက်မှုတွေကို အတည်ပြုပေးသွားမှဦ ဖြစ်ပါတယ်... နောက်ထပ် တစ်ယောက်ကတော့...”
ပုံရိပ်ဖမ်း ဓာတ်ပြားက နောက်တစ်ကြိမ် ပြောင်းလဲ သွား၏။ ယခုတစ်ကြိမ် ထွက်ပေါ်လာသည့် ပုံရိပ်ကတော့ ကြော့ကြော့ရှင်းရှင်းနှင့် လုံးကြီးပေါက်လှ အမျိုးသမီး တစ်ယောက် ဖြစ်သည်။ ဆွဲဆောင်မှု ရှိသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့်တိုင် အခြားတစ်ဖက်၌ သူမက မြင့်မြတ် စင်ကြယ်သည့် တော်ဝင် မျိုးနွယ်တို့၏ အော်ရာကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ အထူးသဖြင့် သူမ၏ မျက်လုံးများက ဧကရီတစ်ပါး၏ မာန်မာနကို သယ်ဆောင်ထားလေရာ လူတိုင်းအား အလှမ်း မမှီသည့် ခံစားချက် တစ်မျိုး ဖြစ်ပေါ်စေသည်။
မိန်းကလေးမှာ အပြာနှင့် ရွှေရောင် ရောစပ်ထားသည့် ဝတ်စုံကို ဝတ်ဆင်ထားကာ ခန္ဓာကိုယ် တစ်ခုလုံးကို လုံခြုံစွာ ဖုံးအုပ်ထား၏။ ကြည့်ရသည်က သူမ၏ အရေပြားကိုပင် အခြားလူများ၏ အကြည့်ဖြင့် ညစ်ညမ်း မခံနိုင်သည့် ပုံပင်။ သူမက စင်မြင့်ထက်၌ ရပ်နေကာ ပါးစပ်နှင့် နှာခေါင်းတို့ကို လုံရုံ ဇာပုဝါ တစ်ခုဖြင့် ဖုံးအုပ် ထား၏။ သူမက တစ်ဖက်နှင့် တစ်ဖက် အရောင်ကွဲပြားသည့် မျက်လုံးများကို ပိုင်ဆိုင်ထားကာ ညာဘက်မှာ မီးခိုးရောင် ဖျော့ဖျော့ ဖြစ်ပြီး ဘယ်ဘက်ကတော့ မီးခိုးရောင် ရင့်ရင့် ဖြစ်သည်။
ချက်ချင်းပင် ဝိညာဥ်အာရုံများမှာ ပေါက်ကွဲထွက် သွား၏။ သူတို့က မာ့ဆုကျင်းကို မြင်ရစဥ်ကထက်ပင် ပိုမို၍ ကြောက်မက်ဖွယ် ကောင်းလှပေသည်။ မိန်းကလေးမှာ မျက်နှာကို ဖုံးကွယ်ထားသည့်တိုင် ရင်ဘတ်ရှိ တံဆိပ်ကိုတော့ အားလုံး သိကြပေသည်။
ထာဝရ အစည်းအရုံး...
မာ့ဆုကျင်းက အသာအယာပင် ပြုံးလိုက်ရင်း ဆက်လက် မိတ်ဆက် ပေးလိုက်၏။
“ဒီပုဂ္ဂိုလ်ကိုတော့ မိတ်ဆက်ပေးစရာ လိုမယ်တောင် မထင်ပါဘူး... ရှင်တို့ သိပြီးသား ဖြစ်ကြတဲ့ ထာဝရ အစည်းအရုံးရဲ့ ဆည်းဆာ အဂ္ဂိရတ် အာဏာရှင်ပါပဲ... ကျွန်မတို့ ပြောတဲ့ စကားတွေမှာ အမှားအယွင်း ပါ၊ မပါ စစ်ဆေးဖို့ အတွက် ရွှေရောင် အသက်နန်းတော်က သူ့ကို ဖိတ်ခေါ်ထားတာပါ”
“ ... “
" … "
တိတ်ဆိတ်မှုက ကြယ်တာရာ နယ်မြေ တစ်ခုလုံးတွင် ဖုံးအုပ်သွား၏။ သေမျိုး အဂ္ဂိရတ် အာဏာရှင် နှစ်ယောက်… ထိုအထဲမှ တစ်ယောက်က ထာဝရ အစည်းအရုံးမှ ဆည်းဆာ အဂ္ဂိရတ် အာဏာရှင် ဖြစ်သည်။
လင်းရှန်းရှန်း၏ မျက်နှာကလေးက အနည်းငယ် နီရဲသွား၏။ စောစောက ပြောခဲ့ ဖောခဲ့သမျှ စကားလုံး အားလုံး မှားယွင်းနေကြောင်း သက်သေပြခံလိုက်ရရာ သူမ မည်ကဲ့သို့ မရှက်ပဲ နေပါမည်နည်း။
သူမက သူမ ပြောသမျှ သံယောင်လိုက်ခဲ့သည့် အကြီးအကဲကို ဒေါသထွက်ထွက်နှင့် လှမ်းကြည့်လိုက်မိ၏။ အကြီးအကဲက ခန္ဓာကိုယ် အနည်းငယ် ကျုံ့သွားကာ ထိတ်လန့် သွားသည်။ သို့သော်လည်း… အဆုံးသတ်တွင်တော့ သူမက ဘာမှ မပြောခဲ့ပါချေ။
"ကြည့်ရတာ ရွှေရောက် အသက်နန်းတော်က လောကကြီးနဲ့ အကန့်အသတ်ကို ချဲ့ထွင်တော့မယ် ထင်တယ်…"
သူမက ပြုံးရင်း ရွှေရောင် အသက်နန်းတော်၏ အားထုတ်မှုကို ဂုဏ်ပြုလိုက်၏။ အခြားလူကလည်း ခေါင်းညိတ်ကာ ထိုအရာက လောကကြီး အတွက် ကောင်းမွန်ကြောင်း သဘောတူလိုက်ကြသည်။ သူတို့က စိတ်ဝင်တစားဖြင့် ထုတ်ကုန်ပြပွဲကို ဆက်လက် ကြည့်ရှု လိုက်ကြလေ၏။
"ကျွန်မတို့ စလိုက်ကြတော့ မလားရှင်…"
အထူး ဧည့်သည်တော် နှစ်ယောက်ကို မိတ်ဆက်ပြီးနောက် မာ့ဆုကျင်းက ယဉ်ယဉ်ကျေးကျေးပင် မေးလိုက်၏။
သေမျိုး အဂ္ဂိရတ် အာဏာရှင် နှစ်ယောက်က မတုန့်မဆိုင်းပင် ခေါင်းညိတ် ကြလိုက်သည်။ လတ်တလော၌ မိန်းကလေးမှာ တင်ဆက်သူ တစ်ယောက် အဖြစ် လုပ်ကိုင် နေသည့်တိုင် သူမ၏ ကျင့်ကြံခြင်း အခြေခံကို သူတို့ အထင်မသေးဝံ့ကြချေ။
မာ့ဆုကျင်းမှာ စင်မြင့်၏ ဗဟိုရှိသည့် နေရာသို့ ရွေ့လျားသွား၏။ ထို့နောက် သူမက လက်ကို ယပ်လိုက်ရင်း အသက် ဆယ့်ငါးနှစ်ခန့် အရွယ် ရုပ်ရည်ရှိပြီး အသက် သုံးဆယ် မကျော်သေးသည့် မိန်းကလေး တစ်ယောက်ကို ခေါ်လိုက်၏။
သူမ၏ နာမည်က မာ့လုလင်း ဖြစ်ကာ မာ့မျိုးနွယ်၏ ထိပ်သီး ပါရမီရှင် တစ်ယောက် ဖြစ်သည်။ သူမက ရွေးချယ်ခံ ဖြစ်ရန် အလားအလာ ရှိသူ တစ်ယောက်လည်း ဖြစ်ကာ ဆက်စပ်မှု ကြယ်တာရာ ဓားဝိညာဉ်ကို ကျင့်ကြံသည်။ အလွန် အဖိုး ထိုက်တန်သည့် ဆေးတစ်လုံးအား သရုပ်ဖော်ပွဲ ကျင်းပမည် အတွက် သူတို့က ကိုယ်တိုင် စေ့စေ့စပ်စပ် ပျိုးထောင် ပေးထားသည့် မျိုးနွယ်ဝင်အား သုံးမည်မှာ ထင်ရှားပေသည်။
မာ့လုလင်းမှာ အလွန်အမင်း စိတ်လှုပ်ရှား နေသည့်တိုင် တည်ငြိမ်မှုကို ထိန်းသိမ်း ထားနိုင်ဆဲ ဖြစ်သည်။ စင်ပေါ်သို့ ရောက်သည်နှင့်… သူမက သေမျိုး အဂ္ဂိရတ် အာဏာရှင်များကို ဦးညွှတ် ဂါရဝ ပြုလိုက်၏။ မာ့လဲ့ဟန်က ပျင်းရိပျင်းတွဲပင် ပြန်လည် ခေါင်းညိတ် ပြလိုက်၏။
အခြားတစ်ဖက်၌… ဆည်းဆာ အဂ္ဂိရတ် အာဏာရှင်ကတော့ မိန်းကလေးကို လှည့်ပင် မကြည့်ပါချေ။ ဝိညာဉ်ဆင်းတု တစ်ယောက်ကို အဖက် မလုပ်လိုကြောင်း သူမ၏ သဘောထားက ရှင်းလင်းပေသည်။ သည်မာ့လုလင်း မဆိုထားနှင့်… ထာဝရ အစည်းအရုံးမှ ရွေးချယ်ခံလောင်းများကိုပင် သူမက မျက်လုံးထဲ ထည့်သူ မဟုတ်ချေ။
မာ့ဆုကျင်းက သူတို့၏ အပြုအမူများကို ဂရုမစိုက်ပါချေ။ သေမျိုး အဂ္ဂိတ်ရတ် အာဏာရှင်များမှာ အဆုံးမဲ့ ကောင်းကင်တွင် အလွန်အမင်း မောက်မာမှုဖြင့် ကျော်ကြားသူများ ဖြစ်သည်။ မည်သို့ပင် ဆိုစေ… လူဦးရေ ထရီလျံ ထောင်ပေါင်းများစွာ ရှိသည့် ဒေသကြီး တစ်ခုလုံးတွင် သူတို့က သုံးဆယ့်လေးယောက်သာ ရှိသည် မဟုတ်ပါလား။
မာ့ဆုကျင်းက ဆက်လက်၍ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ တွန်းလှည်း တစ်ခုမှာ စင်ပေါ်သို့ ရောက်ရှိလာ၏။ ၎င်း၏ အပေါ်တွင်တော့ အလင်းတန်းများ ဖြာထွက်နေသည့် ကျောက်စိမ်း သေတ္တာ တစ်လုံးကို တင်ဆောင် ထားသည်။
ကျောက်စိမ်း သေတ္တာမှာ သာမန် အရွယ်အစားသာ ရှိကာ မျက်နှာပြင်ထက်တွင် နဂါးနှင့် ဖီးနစ်များ လှည့်ပတ် ကခုန် နေပုံကို ထွင်းထုထား၏။ ထိုပန်းပုပုံရိပ်များမှာ လက်ရာ မြောက်လွန်းရကား အပြင်သို့ တိုးထွက် လာတော့မလိုပင် ထင်ရသည်။ ၎င်းတို့၏ ကဟန်များက ရိုးရာ ပုံပြင်နှင့် ဒဏ္ဍာရီများတွင် ဖော်ပြထားသည့် မသေမျိုး အကနှင့် ဆင်တူလှ၏။
၎င်းက အလွန်ပင် လှပလှကာ များစွာသော ဝိညာဉ်အာရုံများကို စူးစိုက် ရောက်ရှိ လာစေ၏။ သေတ္တာ၏ ရည်ရွယ်ချက်က… လူများ၏ စိတ်ဝင်စားမှုကို ပိုမို နှိုးဆွရန် အတွက် ဖြစ်ကာ ပြီးပြည့်စုံစွာပင် ၎င်းက အလုပ်ဖြစ်ခဲ့ပေသည်။
***