← Chapters

သန့်စင်ခြင်း

Vol. 46 Ch. 640

သန့်စင်ခြင်း

Vol. 46 Ch. 640

မာ့ယုယမှာ တစ်မိနစ်ခန့် ကြာသည် အထိ ဆေးလုံးကို အမျိုးမျိုး စစ်ဆေးနေခဲ့၏။ မာ့ဆုကျင်းက သူ့ကို လွတ်လပ်စွာပင် လုပ်ဆောင်ခွင့် ပြုထားသည်။ သို့သော်လည်း... ဆည်းဆာ အဂ္ဂိရတ် အာဏာရှင်က အဂ္ဂိရတ် မြူမှုန်များကို တစ်ရှိုက်ပြီး တစ်ရှိုက် ရှူသွင်းနေရာ မြင်ရသော အခိုက်တွင်တော့ သူမ၏ အမူအရာက အနည်းငယ် နက်မှောင်သွားသည်။

မာ့လဲ့ဟန်၏ အမူအရာမှာလည်း အနည်းငယ် ပြောင်းလဲ သွား၏။ မာ့ကျန်းက သူ့ကိုပင် တစ်ရှိုက်သာ ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ သူက ပိုမို ‌စုပ်ယူခွင့် ပေးရန် တောင်းဆိုခဲ့ချိန်တွင်ပင် ပယ်ချခံခဲ့ရသည်။ အဂ္ဂိရတ် မြူထဲတွင် ပေါင်းစပ် ပါဝင်နေသည့် အသန့်စင်ဆုံး မြူမှုန်များနှင့် မူလ အလင်းတို့မှာ အဂ္ဂိရတ် ပညာရှင်များနှင့် ကျင့်ကြံသူများ အတွက် အလွန်ပင် အကျိုးရှိလှသည်။

၎င်းက လူတစ်ယောက်၏ စိတ်ပိုင်းဆိုင်ရာ အရည်အ‌‌သွေးကို တိုးမြှင့်နိုင်သည့် အပြင် အသန့်စင်ဆုံး မြူမှုန်မှ တစ်ဆင့် အဂ္ဂိရတ် ဆိုင်ရာ ထိုးသွင်း သိမြင်မှုများကို ရရှိစေသည်။ စိတ်စွမ်းအင်မှာ အခြေခံ စွမ်းအင် လေးမျိုးထဲတွင် တိုးတက်ရန် အခက်ခဲဆုံးသော အမျိုးအစား ဖြစ်သည်။ ထို့ကြောင့်ပင် ၎င်းက ကျင့်ကြံသူများ အတွက် အလွန် အကျိုးဖြစ်ထွန်းသည်။ အသက်တစ်ရှိုက်စာစီတိုင်းက အဆင့်ရှစ် အဆင့်နိမ့် အဂ္ဂိရတ် စိတ်စွမ်းအင် မြှင့်တင်ခြင်း ထုတ်ကုန် တစ်ခုကို စားသုံးနေရသည့် အတိုင်းပင်။

“ဆည်းဆာ အဂ္ဂိရတ် အာဏာရှင်...”

မာ့ဆိုကျင်းက မူယုယကို လေးနက်သော အသံဖြင့် ခေါ်ဆိုလိုက်ရင်း ယဥ်ကျေးစွာ သတိပေးရန် ကြိုးစားလိုက်သည်။ သို့သော်လည်း... မူယုယမှာ အားလုံးကို လျစ်လျူထားဆဲ ဖြစ်ကာ နောက်ထပ် တစ်ရှိုက် ထပ်ရှိုက်လိုက်၏။ မာ့ဆုကျင်း၏ မျက်လုံးများမှာ ဒေါသများဖြင့် ပြည့်နှက် လာနေခဲ့ပြီ ဖြစ်သည်။ အကယ်၍ အခြားတစ်နေရာတွင် ဆိုပါက ထိုမိန်းမကိုသူမ ဖျပ်ရိုက်ပြီး ဖြစ်သည်။

ရှင်းလင်းစွာပင် မူယုယမှာ မာ့မျိုးနွယ် ရွေးချယ်ခံလောင်းထံမှ အကျိုးအမြတ်များကို ခိုးယူရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။ ဘယ်လိုပဲ ဖြစ်ဖြစ်... အဂ္ဂိရတ်မြူများနှင့် မူလ အလင်းတို့မှာ အကန့်အသတ် ရှိသည့် အရာများ ဖြစ်နေဆဲ မဟုတ်ပါလား။

“ဆည်ဆာ အဂ္ဂိရတ် အာဏာရှင်... ကျွန်မတို့က အခု ထုတ်ကုန် ရုပ်ဖော်ပြသပွဲ လုပ်‌ဆောင်နေတာပါရှင်...”

မာ့ဆုကျင်းက ထပ်မံ၍ သတိပေးရန် ကြိုးစားလိုက်၏။

“အဲဒီတော့...”

မူယုယက နောက်ထပ် တစ်ရှိုက် ထပ်ရှိုက်လိုက်ပြန်၏။ မိနစ်ပိုင်း အတွင်းမှာပင် သူမမှာ အဂ္ဂိရတ်မြူ သုံးပုံ တစ်ပုံခန့်ကို စုပ်ယူထားပြီး ဖြစ်သည်။ ထိုအတောအတွင်း သူမ ရရှိခဲ့သည့် ထိုးသွင်း သိမြင်မှုများမှာ အလွန် အံ့အားသင့်စရာ ကောင်းလှသည်။ အသက်ရှူလိုက်တိုင်း၌ ၎င်းက စိတ်ကို ကြည်လင်စေသည့် မူးယစ်ဆေး တစ်မျိုးလိုပင်။ မည်သို့ပင် ဆိုစေ... အဆင့်ရှစ် အဂ္ဂိရတ် ထုတ်ကုန် တစ်ခုကို သန့်စင်ရန် သူမ အတွက်ပင် အချိန် တစ်ပတ်ခန့် ကြာမြင့်သည် မဟုတ်ပါလား။ ထို့‌ကြောင့်ပင် ဤအဂ္ဂိရတ် မြူများကို သူမ လက်မလွှတ်နိုင် ဖြစ်နေခြင်း ဖြစ်သည်။

ဘုန်း...

မာ့ဆုကျင်းက သေတ္တာကို ဆောင့်ပိတ်ကာ ဆေးလုံးကိုပါ ချိပ်ပိတ်လိုက်၏။ ထို့နောက် သူမက တည်ငြိမ်စွာပင် မူယုယကို ကြည့်လိုက်သော်လည်း အနည်းငယ် အံကြိတ်ထားသည့် လေသံဖြင့် မေးလိုက်၏။

“အဂ္ဂိရတ် အာဏာရှင် မူယုယ... ရှင့်ရဲ့ အကဲဖြတ်မှုကို ပြောပြပေးပါဦး...”

မူယယ၏ မျက်လုံးများက အနည်းငယ် ကျဥ်းမြောင်းသွားကာ မာ့ဆုကျင်းကို မကျေမနပ်နှင့် ကြည့်လိုက်သည်။ သို့သော်လည်း ဤသည်က ရွှေရောင် အသက်နန်းတော်၏ ပိုင်နက်ဖြစ်သည့် အပြင် သူမမှာလည်း ဧည့်သည် တစ်ယောက်သာ ဖြစ်ရာ စိတ်ထဲမှ ပင့်သက်တစ်ချက်သာ ရှိုက်လိုက်မိ၏။

အသက်ငါးဆယ်ပင် မပြည့်သေးသည့် လူပုဂ္ဂိုလ်တစ်ယောက်က ထိုဆေးလုံးကို ဖော်စပ်နိုင်လိမ့်မည်ဟု သူမ မယုံကြည်ချေ။ အနည်းဆုံး ထာဝရ ဧကရာဇ်နှင့် အဂ္ဂိရတ် ရှန့်ထို သုံးယောက်ထဲမှ တစ်ယောက်သာလျှင် ထိုကဲ့သို့ ထုတ်ကုန်မျိုးကို ထုတ်လုပ်နိုင်ပေလိမ့်မည်။

“ဒါက အရမ်းကို အံ့သြဖို့ ကောင်းတဲ့ အဆင့်ကိုး အထွတ်အထိပ် အဆင့် အဂ္ဂိရတ် ထုတ်ကုန်ပဲ”

ထိုကဲ့သို့ ပြောပြီးနောက် မူယုယက မာ့ဆုကျင်းကို ကျောခိုင်းကာ စင်မြင့်ဗဟိုမှ တိုက်ရိုက်ပင် ထွက်ခွာ သွားတော့၏။

မာ့လဲ့ဟန်မှာ သူမကို မျက်မှောင်ကြုတ် ကြည့်နေခဲ့ကာ မကျေနပ်မှုကို ပွင့်လင်းစွာ ထုတ်ဖော်ထား၏။ ထုတ်ကုန် သရုပ်ဖော် ပြသပွဲလို နေရာမျိုးတွင် ထိုအမျိုးသမီးမှာ သူတို့ မျိုးနွယ်ထံမှ အကျိုးအမြတ်များအား ပြောင်ပြောင်တင်းတင်း အမြတ်ထုတ်ရန် ကြိုးစားနေခြင်း ဖြစ်သည်။ သူကိုယ်တိုင်ပင် တစ်ရှိုက်သာ စုပ်ယူခွင့် ရခဲ့သော အဂ္ဂိရတ် မြူမှုန်များကို သူမက သုံးပုံတစ်ပုံခန့် ထိအောင် ခိုးယူသွားခဲ့သည်။ ထိုကဲ့သို့ မျက်နှာပြောင်တိုက်နေသည်ကို မြင်ရခြင်းက အလွန်ပင် ခံပြင်း ဒေါသထွက်စရာ ကောင်းလှသည်။

“အဂ္ဂိရတ် အာဏာရှင် မူယုယနဲ့ အဂ္ဂိရတ် အာဏာရှင် မာ့လဲ့ဟန်တို့ကို ကျေးဇူးတင်ပါတယ်ရှင်...”

မာ့ဆုကျင်းက ယဥ်ယဥ်ကျေးကျေးပင် လက်နှစ်ဖက်ကို ယှက်ကာ ပြောလိုက်၏။ ထို့နောက်... သူမက သေတ္တာကလေးကို နောက်တစ်ဖန် ပြန်ဖွင့်ကာ မာ့လုလင်းကို အနားသို့ ‌ခေါ်လိုက်သည်။ ငွေရောင် ဆေးလုံးကလေးကို ကြည့်ရင်း မာ့လုလင်း၏ မျက်လုံးကလေးများမှာ တဖျပဖျပ် တောက်ပသွား၏။

“အာရုဏ်ဦး နေမီးတောက် ဆေးလုံးကို သန့်စင်လိုက်ပါ က‌လေး...”

မာ့ဆုကျင်းက ချိုသာစွာ ပြုံးရင်း ညွှန်ကြားလိုက်လေ၏။ မဟာ သရုပ်ဖော် ပြသပွဲကား စတင်ခဲ့ပြီ ဖြစ်လေတော့သည်။

ထိုမြင်ကွင်းကို ကြည့်ရင်း အဆုံးမဲ့ ကောင်းကင်ရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ ရင်များ တဒိုင်းဒိုင်း ခုန်လာခဲ့ကြသည်။ ထိုအရာက အမှန်တကယ်ကြီး လောကနယ်မြေကို ဖန်တီးပေးနိုင်မည်လော။ ဘာဆိုးကျိုးမှ မရှိဆိုသည်မှာရော တကယ်လော။ အကယ်၍ ထိုအရာသာ အမှန်ဆိုပါက ကျင့်ကြံခြင်း လောက၏ စံနှုန်းများမှာ နောက်တစ်ကြိမ် ချိုးဖျက်ခံရတော့မည် ဖြစ်လေသည်။

မူလဂြိုဟ်၊ လင်းမျိုးနွယ်၏ ကောင်းကင်သင်္ဘောထက်၌... သံယောင်လိုက်တတ်သည့် အကြီးအကဲမှာ စတင် စကားပြောရန် ဆုံးဖြတ်လိုက်၏။

“ကျုပ်ကတော့ လုံးဝ မဖြစ်နိုင်ဘူးလို့ ထင်တယ်... လောကဆက်သွယ်ခြင်း ဆေးလုံးတောင် အဲဒီလိုမျိုး လုပ်မပေးနိုင်ဘူး... အထူးသဖြင့် ဘာဆိုးကျိုးမှ မရှိဘူး ဆိုတာက လုံးဝကို မဖြစ်သင့်တာဗျာ”

လင်းရှန်းရှန်းက မျက်မှောင်ကြုတ်လိုက်၏။ သူမ ကိုယ်တိုင်လည်း ထိုကဲ့သို့ပင် ထပ်တူ တွေးနေမိခြင်း ဖြစ်သည်။ သို့သော်လည်း... ဝေ့ဝူယင် ဆိုသည့် နာမည်က သူမကို ရှုပ်ထွေးပြီး မရေရာသည့် ခံစားချက် တစ်မျိုးကို ဖြစ်ပေါ်စေသည်။ ထူးဆန်းစွာပင် ထိုနာမည်ကို ရင်းနှီးနေသလို သူမ ခံစားရသည်။ သို့သော်လည်း... သေသေချာချာ ရှင်းပြဆိုလျှင် သူမ မရှင်းပြတတ်ချေ။ အခြားလူများလိုပင် သူမတွင် ဝေ့ဝူယင်နှင့် ပတ်သက်သည့် ဘာအချက်အလက်မှ မရှိချေ။

အခြားတစ်ဖက်၌ လင်းရှန်းရှဲ့၏ မျက်လုံးများမှာ စိတ်ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေ၏။ ဝေ့ဝူယင်... ထိုအရာက သူမ သိထားသည့် ဝေ့ဝူယင်လော။ ထာဝရ ကြယ်တာရာ နယ်မြေသား... နောက်ပြီး အသက် ငါးဆယ်အောက်။ ကြားရသလောက်ကတော့ သူမှ သူ... ကွက်တိပင်။

ပွေလီနေသည့် စိတ်အတွေးများကို ရှင်းလင်းချင်သည့် အလား မိန်းကလေးက အကြီးအကဲကို လှည့်ကြည့်လိုက်၏။

“ဘာလို့ မဖြစ်နိုင်တာလဲ...”

အကြီးအကဲက ထိုလင်းမျိုးနွယ်၏ သခင်မလေးကို လှမ်းကြည့်ကာ အသိအမြင် ဗဟုသုတ ကြွယ်ဝသည့် စီနီယာ တစ်ယောက်လိုမျိုး အနည်းငယ် ပြုံးလိုက်၏။

“လောက ဆက်သွယ်ခြင်း ဆေးလုံးက နယ်မြေမျိုးစေ့ တစ်ခုကို ဖန်တီးပေးနိုင်တယ်... ဒါပေမဲ့ နယ်မြေ မျိုးစေ့ကို ဘယ်လို ဖန်တီးရတာလဲ... အရှင်းလင်းဆုံး ပြောရရင် နယ်မြေမျိုးစေ့ ဆိုတာက ကျင့်ကြံခြင်း အခြေခံတွေ ဖြစ်တဲ့ ဝိညာဥ်ဆင်းတုကွင်းတွေ၊ အာကာသ ပဲ့တင်သံလှိုင်းတွေ၊ မူလ အလင်းရင်းမြစ်တွေနဲ့ မြေဆွဲအား စွမ်းအင်တွေကို ပေါင်းစပ်ထားတာပဲ... လောကဆက်သွယ်ခြင်း ဆေးလုံးက ခုနစ်ခုမြောက် ကြယ်တာရာ ကပ်ဘေးကို ဖြတ်ကျော်စရာ မလိုပဲ အဲဒီ ကျင့်ကြံခြင်း အခြေခံတွေကို ပေါင်းစပ်ပေးနိုင်တဲ့ နည်းတစ်မျိုးပဲ... ဒါပေမဲ့ သူတို့ရဲ့ ကျင့်ကြံခြင်း လမ်းကြောင်းကတော့ လုံးဝ ပိတ်ဆို့သွားလိမ့်မယ်”

“ဆိုတော့ကာ ကျုပ်ရဲ့ အတွေ့အကြုံ အရ ပြောရမယ် ဆိုရင် ဘာဆိုးကျိုးမှ မရှိပဲ နယ်မြေမျိုးစေ့ တစ်ခု ဖန်တီးဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး ဆိုတာပါပဲ... ဒါကြောင့်မလို့ ဒီဆေးလုံးက လုံးဝ အဓိပ္ပာယ် မရှိဘူးလို့ ကျုပ်ပြောတာ”

အကြီးအကဲ၏ ရှင်းပြမှုကို နာထောင်ရင်း လင်းမင်၏ ဘယ်ဘက် မျက်ခွံက အနည်းငယ် လှုပ်ယမ်း သွား၏။ သူက ထိုစည်းမျဥ်းများကို ချိုးဖျက်ကာ အာကာသ ပဲ့တင်သံ အဆင့်ဖြင့် နယ်မြေမျိုးစေ့ တစ်ခုကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ထို့ကြောင့်ပင် အကြီးအကဲ၏ စကားများက သူ့အတွက် လုံးဝ အဓိပ္ပာယ် မဲ့လှပေသည်။ သူက ၎င်းကို ဖန်တီးရန် အတွက် အခြားလူများ၏ ကျင့်ကြံခြင်း အခြေခံကို အသုံးပြုခဲ့သည်။

“နေဦး... ဟုတ်သားပဲ...”

ရုတ်တရက် လင်းမင်၏ မီးခိုးရောင် မျက်လုံးများက တဖျပ်ဖျပ် တောက်ပသွား၏။ သူက နယ်မြေ မျိုးစေ့ကို ဖန်တီးရန် အတွက် အခြားလူများ၏ ကျင့်ကြံခြင်း သုံးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် ဘာဆိုးကျိုးမှ မရှိပဲ ကျင့်ကြံခြင်း လမ်းကြောင်းပေါ် မယိမ်းမယိုင် ဆက်လက် လျှောက်လှမ်းနိုင်ခြင်း ဖြစ်ပေလိမ့်မည်။

လင်းမင်နှင့် လင်းရှန်းရှဲ့တို့ နှစ်ယောက်မှာ နှစ်ကိုယ်ကြား နားလည် သဘောပေါက်သည့် မျက်လုံးများနှင့် တစ်ယောက်ကို တစ်ယောက် လှမ်းကြည့်လိုက်မိကြ၏။

လင်းရှန်းရှန်းက သက်ပြင်းတစ်ချက် ချလိုက်သည်။

“ဒီဆေးလုံးက ဝိညာဥ်ဆင်းတုနဲ့ အထက်ဆင့် ကျင့်ကြံသူတွေ အတွက်လို့ပဲ ပြောထားတယ်... အာကာသ ပဲ့တင်သံလှိုင်း၊ မူလ အလင်းနဲ့ မြေဆွဲအား စွမ်းအင်တွေ လိုအပ်တယ်လို့ ပြောမထားဘူး... နယ်မြေမျိုးစေ့ တစ်ခု ဖန်တီးဖို့ အတွက် အဲဒီလိုမျိုး ကျင့်ကြံခြင်း အခြေခံတွေ လိုအပ်တယ် ဆိုတာ မှန်ပေမဲ့ အဂ္ဂိရတ် တာအိုက ကျင့်ကြံသူတွေရဲ့ ကွက်လပ်ကို ဖြည့်ဆေးပေးနိုင်တယ် ဆိုတာလည်း မမေ့နဲ့ဦး... ဘာပဲဖြစ်ဖြစ် စောင့်ကြည့် ကြတာပေါ့”

လေထုအခြေအနေက အနည်းငယ် မှုန်မှိုင်းနေသည့်တိုင် အားလုံးက သဘောတူညီဟန်ဖြင့် ခေါင်းညိတ်လိုက်ကြ၏။ ထို့နောက်... သူတို့က ဝိညာဥ်အာရုံကို ထုတ်ကုန် သရုပ်ဖော် ပြသပွဲကိုသာ ပြန်လည် အာရုံစိုက် လိုက်ကြတော့သည်။

...

မာ့လုလင်းမှာ အာရုဏ်ဦး နေမီးတောက် ဆေးလုံးကို အနည်းငယ် တုန်ရီနေသည့် လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်၏။ အကယ်၍... ထိုဆေးလုံးသာ အမှန်တကယ် အစွမ်းထက်မည် ဆိုပါက သူမ ရရှိလာမည့် အကျိုးအမြတ်က ပြောမပြ တတ်လောက်အောင်ပင် ဖြစ်သည်။ သို့ဖြစ်လေရာ... သူမ မည်ကဲ့သို့ စိတ်မလှုပ်ရှားပဲ နေနိုင်ပါမည်နည်း။ သို့သော်လည်း.. ဆေးလုံး၏ ပတ်လည်ရှိ အဂ္ဂိရတ်မြူများက သူမကို အနည်းငယ် စိတ်သက်သာရာ ရစေသည်။

သူမက ဆေးလုံးကို တိုက်ရိုက်ပင် မြိုချလိုက်ပြီးနောက် စင်မြင့်ထက်တွင်ပင် ထိုင်ချလိုက်ရင်း ဆေးလုံးကို သန့်စင်ရန် ကြိုးစားလိုက်တော့သည်။

ပုံရိပ်ဖမ်း ဓာတ်ပြားမှ ကြည့်ရှုနေသည့် လူအားလုံး၏ ရင်များမှာ တဒိတ်ဒိတ် ခုန်နေကြ၏။ အကယ်၍ သူမသာ နယ်မြေမျိုးစေ့ တစ်ခုကို ဘာအကျိုးဆက်မှ မရှိပဲ ဖန်တီးနိုင်မည် ဆိုပါက... ထိုအရာက ကျိန်းသေပင် ကမ္ဘာတစ်ခုလုံးကို တုန်လှုပ်သွားစေလိမ့်မည် ဖြစ်သည်။

အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေတွင် ကျင့်ကြံသူ အများစုမှာ ကြယ်တာရာ အမြုတေ အဆင့်၏ အထွတ်အထိပ်ကို ရောက်ရှိရန် အတွက် အနည်းဆုံး နှစ်ငါးရာမှ ခုနစ်ရာ အထိ အချိန်ယူ ကြရသည်။ ကြယ်တာရာ အမြုတေ အဆင့်သုံးမှ အဆင့်ခုနစ် အထိ ရောက်ရှိရန်ပင် အနည်းဆုံး နှစ်နှစ်ရာမှ သုံးရာ အထိ ကြာမြင့်တတ်သည်။ သို့တိုင်အောင် လူတိုင်း ထိုကဲ့သို့ လုပ်နိုင်သည် မဟုတ်ပေ။

အားလုံး စိတ်ဝင်တစား ကြည့်နေကြချိန်မှာပင် မာ့လုလင်း၏ ဆက်နွယ်မှု ကြယ်တာရာ ဓားဝိညာဥ်ထံမှ ဓားတွန်သံ တစ်ချက် ထွက်ပေါ်လာ၏။

ကလန့်...

ငွေရောင် အလင်းတန်းများ ကျူးကျော် ဝင်ရောက်လာမှုကြောင့် ၎င်းက ထျန်းတျန် အတွင်းမှ ခုခံရန် ကြိုးပမ်း လိုက်ခြင်းပင် ဖြစ်သည်။ သို့သော်လည်း... ရေကာတာ တစ်ခု ကျိုးကျသည့် အလား ငွေရောင် အလင်းတန်းများက လျှင်မြန်စွာပင် ထျန်းတျန် တစ်ခုလုံးကို သိမ်ပိုက် စိုးမိုးသွား၏။

ထို့နောက် မကြာခင်မှာပင်... ဆက်နွယ်မှု ကြယ်တာရာ ဓားဝိညာဥ်ထံမှ ပျော်ရွှင်မှုများ ပြည့်နှက်နေသည့် တွန်သံ တစ်ခု ပေါ်ထွက်လာခဲ့တော့သည်။

***

All Chapters