သန့်စင်ခြင်း (၂)
Vol. 46 Ch. 641
လူတိုင်းမှာ ထိုမြင်ကွင်းကို ကြည့်ကာ တုန်လှုပ်သွားကြ၏။ ကြယ်တာရာ ဝိညာဥ်တစ်ခု ထိုကဲ့သို့ သက်ဝင်လှုပ်ရှားစွာဖြင့် တုန့်ပြန်သည်မှာ အလွန်ပင် ရှားတောင့်ရှားခဲ ကိစ္စတစ်ခု ဖြစ်သည်။ ၎င်းတို့မှာ အစဥ်အမြဲလိုလို တိတ်ဆိတ်နေတတ်ကြကာ သေရေးရှင်ရေး ကိစ္စမျိုးတွင်ပင် ယခုလို အမူအရာမျိုး ပေါ်လာလေ့ မရှိချေ။
ဟူး... ဟူး...
တစ်ခဏအတွင်းမှာပင် ငွေရောင် အလင်းများမှာ ချွေးပေါက်များမှ စိမ့်ထွက်လာကာ... မာ့လုလင်၏ ခန္ဓာကိုယ် တစ်ခုလုံးကို ဖုံးလွှမ်းသွား၏။ သို့သော်လည်း... မိန်းကလေးမှာ နာ့ရှင်းရီ ကြုံတွေ့ခဲ့ရသည့် မှတ်ဉာဏ်များနှင့် ခံစားချက်များကို ကြုံတွေရခြင်း မရှိပါချေ။ ထို့အစား... အဆုံးမဲ့ ပျော်ရွှင်သည့် ခံစားချက်များကို စတင် ခံစားလာရ၏။
ငွေရောင်အလင်းများ ဖုံးလွှမ်းသွားပြီး မကြာခင်မှာပင်... မိန်းကလေးမှာ အရူးတစ်ယောက်လိုမျိုး စတင်ကာ ပြုံးလာခဲ့၏။ ထို့နောက် သူမက အပြစ်ကင်းစင်သည့် ကလေးငယ် တစ်ယောက်လိုမျိုး တခစ်ခစ်နှင့် စတင် ရယ်မောတော့သည်။
များစွာသော လူများမှာ မိန်းကလေးကို ကြည့်ရင်း ကလေးတစ်ယောက်လို ခံစားလိုက်ရ၏။ ထိုအခိုက်အတန့်၌ မိန်းကလေး မည်သည့် အရာများနှင့် ကြုံတွေ့နေရသည်ကို သူတို့ သိလိုလာကြသည်။ ဘာပဲဖြစ်ဖြစ်... ထိုအရာက အံ့အားသင့်စရာ ကောင်းမှာတော့ သေချာပေသည်။
များမကြာခင်မှာပင်... မာ့လုလင်း၏ ခန္ဓာကိုယ် ပတ်လည်တွင် ဒြပ်စင် စွမ်းအင်များ၊ ရောင်စုံ မူလ အလင်းများ၊ မြေဆွဲအား စွမ်းအင်များ သန့်စင်သော ဟင်းလင်းပြင် စွမ်းအင်များမှာ စတင် ရစ်ပတ်လာ၏။ ထို့နောက် ၎င်းတို့က ဝိညာဥ်မန်နာနှင့် အတူ အတူတကွ စတင် ပေါင်းစပ်လာကာ လောကဖန်တီးခြင်း ဖြစ်စဥ်မှာ စတင် လာခဲ့တော့သည်။
ဆေးလုံးမှာ မိန်းကလေး၏ ထျန်းတျန်အတွင်း အခြေချကာ နယ်မြေမျိုးစေ့၏ အဓိက အစားထိုး မူဘောင်အဖြစ် နေရာယူထား၏။ နယ်မြေမျိုးစေ့မှာ ဝိညာဥ်အော်ရာ၏ ထုဆစ်မှုကို ခံထားရကာ နှစ်ပေါင်းများစွာ သူမ၏ ခန္ဓာကိုယ် အတွင်း တည်ရှိခဲ့သည့် အင်္ဂါအစိတ်အပိုင်း တစ်ခုလို လိုက်ဖက်ညီလှ၏။ ၎င်းက ဖြည်းညင်းစွာပင် လှုပ်ရှားလာကာ ပတ်ဝန်းကျင်ရှိ အမျိုးမျိုးသော စွမ်းအင်များကို စတင် စုပ်ယူလာ၏။ ထိုစွမ်းအင်များမှာ အစွမ်း မထက်လှသည့်တိုင် အလွန်ပင် သန့်စင်လှပေသည်။ ဝိညာဥ်အာရုံဖြင့် စောင့်ကြည့် နေကြသူများ ပင်လျှင် ၎င်းတို့၏ သန့်စင်မှု အဆင့်ကို ကြည့်ကာ အံ့သြသွားကြသည်။
မာ့လုလင်း ဆေးလုံး သန့်စင်သည့် ဖြစ်စဥ်က နာ့ရှင်းရီထက် ပိုမို ကြာမြင့်ခဲ့ကာ ဆယ့်ငါးမိနစ်ခန့် အထိ အချိန်ယူခဲ့ရပေသည်။ ထိုအရာက ခန္ဓာကိုယ် ပါရမီ ကွာခြားခြင်း၏ ပြရုဂ် တစ်ခု ဖြစ်ကြောင်း ရှင်းလင်းလှပေသည်။
မည်သို့ပင် ဆိုစေ... နာ့ရှင်းရီက အရည်အသွေးမြင့် ဆေးလုံးတစ်လုံးကို မိနစ် အနည်းငယ်ခန့်ဖြင့် သန့်စင် ခဲ့ချိန်တွင် မိန်းကလေးကတော့ အရည်အသွေးနိမ့် ဆေးလုံးကိုပင် ဆယ့်ငါးမိနစ်ခန့် အချိန်ယူခဲ့ရသည် မဟုတ်ပါလား။
နောက်ဆုံး၌ မာ့လုလင်းမှာ အတွေးများထဲမှ ပြန်လည် နိုးထလာခဲ့၏။ လက်ရှိ မည်သည့် နေရာတွင် ရောက်ရှိနေကြောင်း သတိထားမိသည်နှင့် သူမက ရှိုက်ကြီးတငင်ငင် စတင်ကာ ငိုကြွေးတော့သည်။ မိန်းကလေးမှာ ငိုကြွေးရင်း နှပ်ချေးများပင် ထွက်လာခဲ့၏။ သို့သော်လည်း သူမ၏ မျက်လုံးများထဲတွင်တော့မ မည်သည့် ဝမ်းနည်းမှု အငွေ့အသက်တို့မှ ရှိမနေခဲ့ချေ။
အဆုံးမဲ့ ကောင်းကင် အနှံ့အပြားရှိ လူများမှာ မိနစ်ပိုင်း အတွင်းမှာပင် ငိုလိုက် ရယ်လိုက် ဖြစ်နေသည့် ကလေးမလေးကို ကြောင်တောင်တောင်ပင် ကြည့်နေခဲ့မိကြ၏။ ထိုကလေးမနှင့် ပတ်သက်၍ မည်သည့် အရာများ မှားယွင်းနေကြောင်း သူတို့ နားမလည်နိုင်တော့ချေ။
“မာ့လုလင်း...”
မာ့ဆုကျင်းက ဘေးနားသို့ ရောက်ရှိလာကာ မိန်းကလေးကို ပခုံးကို ထိလိုက်၏။ မည်သည့် အရာကို ကြုံတွေ့နေရသည် ဖြစ်စေ မာ့လုလင်း၏ ရင်ထဲတွင် စစ်မှန်သော ပျော်ရွှင်မှုတို့ ကိန်းအောင်း နေကြောင်း သူမ ခံစားမိပေသည်။ ထိုအရာက မည်ကဲ့သို့သော ဆေးလုံးမျိုးနည်း။ မာ့ဆုကျင်းမှာ ကိုယ်တိုင်ပင် သောက်သုံး ချင်လာခဲ့၏။
သို့သော်လည်း... ဆေးလုံး သန့်စင်ချိန်နှင့် ပတ်သက်၍လည်း သူမ မယုံကြည်နိုင်အောင် ဖြစ်နေခဲ့မိသည်။ လျှို့ဝှက် အာဏာရှင် အဆင့်များပင်လျှင် အဆင့်ရှစ် အဂ္ဂိရတ် ထုတ်ကုန် တစ်ခုကို သန့်စင်ရန် ရက်သတ္တပတ်ခန့် အချိန်ယူရသည်။ သို့သော်လည်း... မိန်းကလေးကတော့ တစ်နာရီ၏ လေးပုံတစ်ပုံခန့် အတွင်းမှာပင် သန့်စင် ပြီးမြောက်ခဲ့သည်။
အစ ပထမ၌ ထုတ်ကုန် သရုပ်ဖော် ပြသပွဲမှာ နှစ်ပေါင်းများစွာ မဟုတ်လျှင်ပင် လပေါင်းများစွာ အထိ ကြာမြင့်လိမ့်မည်ဟု မာ့ဆုကျင်း ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ မည်သို့ပင် ဆိုစေ... ၎င်းက အဆင့်ကိုး အထွတ်အထိပ် အဆင့် အဂ္ဂိရတ် ထုတ်ကုန် ဖြစ်သည်။ ဆယ့်ငါးမိနစ် အတွင်း မှော်ဆန်စွာ သန့်စင် ပြီးစီး သွားလိမ့်မည်ဟု မည်သူက ထင်ထားခဲ့မည်နည်း။
မာ့ဆုကျင်းမှာ ဝေ့ဝူယင်ကို စိတ်ထဲမှ မချီးကျူးပဲ မနေနိုင်တော့ချေ။ သူက ထိုထုတ်ကုန်ကို မည်ကဲ့သို့ ဒီဇိုင်းဆွဲကာ ဖန်တီးထားခဲ့သနည်း။
ထိုအခိုက်၌ မာ့ဆုကျင်းသာလျှင် မက... ကြယ်တာရာ နယ်မြေ၏ ထိပ်သီး ကျင့်ကြံသူများပါ ဆေးလုံး၏ သန့်စင်မှုနှုန်းကို ကြည့်ကာ ထိတ်လန့် နေကြပြီ ဖြစ်လေသည်။ ထို အရာက မည်ကဲ့သို့သော ဆေးလုံးမျိုးနည်း။
မကြာခင်မှာပင်... မာ့လုလင်းမှာ စိတ်များကို ပြန်လည် စုစည်းလာနိုင်ခဲ့၏။ သူမ သတိထားမိလိုက်သည့် ပထမဆုံး အရာက နယ်မြေမျိုးစေ့မှာ ထျန်းတျန် အတွင်း၌ ဂြိုဟ်ရံလ တစ်ခုလို လှည့်ပတ်နေခြင်း ဖြစ်၏။ ဆက်နွယ်မှု ကြယ်တာရာ ဓားဝိညာဥ်မှာ ဝိညာဥ် စွမ်းအင်များကို ထုတ်လွတ်ကာ အဆုံးမဲ့ ပျော်ရွှင်မှုများနှင့် အတူ နယ်မြေမျိုးစေ့ကို ထိတွေ့နေ၏။
မိန်းကလေးက သိချင်စိတ် ပြင်းပစွာဖြင့် နယ်မြေမျိုးစေ့နှင့် ဆက်သွယ်ကာ ဝိညာဥ်အာရုံကို ထိုအတွင်း ပို့လွှတ်လိုက်၏။ ထိုကဲ့သို့ ပြုလုပ်လိုက်သည်နှင့် ထူးဆန်းသော ခံစားချက် တစ်မျိုးကို ခံစားလိုက်ရကာ ရုတ်ချည်းပင် လောကကြီးမှာ သူမ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိ သွားခဲ့တော့သည်။ မိန်းကလေးမှာ ခန္ဓာကိုယ် တစ်ခုလုံး ပေါ့ပါးသွားသလို ခံစားလိုက်ရ၏။
ကွင်းကိုးကွင်း ရစ်ပတ်နေသည့် အနက်ရောင် ဓားတစ်စင်း ပုံစံ ဝိညာဥ်ဆင်းတုတစ်ခုနှင့် အတူ လောကနယ်မြေမှာ ထွက်ပေါ်လာခဲ့ပြီ ဖြစ်လေတော့သည်။
"…"
"…"
“အဲဒါက လောကနယ်မြေပဲ...”
ဝှစ်... ဝှစ်...
သေမျိုး အဂ္ဂိရတ် အာဏာရှင် နှစ်ယောက်စလုံးမှာ မူလ နေရာမှ ပျောက်ကွယ် သွားကြ၏။ ထို့နောက် သူတို့က အံ့မခန်း အမြန်နှုန်းနှင့် အတူ စင်မြင့် ဗဟို၌ ပြန်ပေါ်လာကြကာ လက်များကို ဆန့်ထုတ်၍ မာ့လုလင်း၏ ပခုံးတစ်ဖက် တစ်ချက်ကို ဆုပ်ကိုင် လိုက်ကြတော့သည်။
ဝှစ်... ဝှစ်...
သူတို့ နှစ်ယောက်စလုံး၏ ဝိညာဥ်အာရုံများမှ ပခုံးမှ တစ်ဆင့် ခန္ဓာကိုယ် အတွင်း ဝင်ရောက်သွားကာ နယ်မြေမျိုးစေ့ကို စစ်ဆေးလိုက်ကြ၏။ သူတို့က မိန်းကလေးအား တစ်စုံတစ်ရာ မထိခိုက်စေရန် အတွက် စစ်ဆေးမှုကို ဂရုစိုက် ထားကြသည်။ နယ်မြေမျိုးစေ့အား အတည်ပြုခြင်းက အလွန် အရေးကြီးသည့် အပြင် မရေမတွက်နိုင်သော ဝိညာဥ်အာရုံများက စောင့်ကြည့်နေကြလေရာ သူတို့ မည်သည့် လှည့်စားမှုကိုမှ မလုပ်ရဲကြချေ။
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...”
“ဒါက ဘယ်လို ဖြစ်ရတာလဲ...”
အာမေဋိတ်သံများမှာ မူယုယနှင့် မာ့လဲ့ဟန်တို့ နှစ်ယောက်စလုံးထံမှ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာကြ၏။
ခပ်လှမ်းလှမ်းမှ ကြည့်နေသည့် မာ့ဆုကျင်း၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်သွားသည်။ လွန်ခဲ့သည့် လပိုင်းက နာ့ရှင်းရီ၏ နယ်မြေမျိုးစေ့ကို တွေ့မြင်ခဲ့ရသည် ဆိုသော်လည်း ထိုအရာက အဝေးကသာ ဖြစ်သည်။ ဝူယု၏ အမှတ်အသားကြောင့် သူမ သေချာစွာ မစစ်ဆေးရဲခဲ့ချေ။
သူမက လျှင်မြန်စွာပင် မာ့လုလင်း၏ နောက်ကျောဘက်သို့ ရောက်ရှိလာကာ ဝိညာဥ်အာရုံကို ဆန့်ထုတ် လိုက်၏။ ထိုကဲ့သို့ ပြုလုပ်လိုက်သည်နှင့် တစ်ပြိုင်နက် သူမ၏ မျက်လုံးများက ပြူးကျယ်သွားကာ ကျန်နှစ်ယောက်လိုပင် တုန်လှုပ်သွားခဲ့တော့သည်။
အစစ်အမှန် နယ်မြေမျိုးစေ့...
သူတို့ သုံးယောက်စလုံးမှာ လျှို့ဝှက် အာဏာရှင် အဆင့်များ ဖြစ်လေရာ နယ်မြေမျိုးစေ့ တစ်ခုကို ဖန်တီးဖူးခဲ့ကြသူများ ဖြစ်သည်။ ထို့ကြောင့်ပင်... နယ်မြေမျိုးစေ့၏ တည်ရှိမှုနှင့် ပတ်သက်၍ သူတို့ လွယ်ကူစွာ အကဲဖြတ်နိုင်ကြသည်။ သို့သော်လည်း... ထိုကဲ့သို့ နယ်မြေမျိုးစေ့မျိုးကိုတော့ သူတို့ တစ်ခါမှ မတွေ့ဖူးခဲ့ချေ။
မာ့လဲ့ဟန်က ခေါင်းကို ခါယမ်းလိုက်၏။
“အဲဒါက တကယ့်ကို အစစ်အမှန် နယ်မြေမျိုးစေ့ပဲ... နောက်ပြီး ခန္ဓာကိုယ်နဲ့ ပေါင်းစပ်တဲ့ နေရာမှာ ဘယ်လို မတည်ငြိမ်မှုမျိုးကိုမှ မတွေ့ရဘူး... လုံးဝကို သဘာဝ အတိုင်း ဖန်တီးထားသလိုပဲ... လောကနယ်မြေရဲ့ လုပ်ဆောင်ချက်ကို တိုက်ရိုက် ပုံတူကူးမထားပေမဲ့ အနှစ်သာရတွေကို ဆွဲထုတ်ထားတယ်... နောက်ပြီး ပေါင်းစပ် ပါဝင်နေတဲ့ စွမ်းအင်တွေကလည်း သူ့ရဲ့ ဝိညာဥ် ကျင့်ကြံခြင်းနဲ့ လုံးဝ ကိုက်ညီတယ်... မသိရင် သူ့အတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားသလိုပဲ... တကယ့်ကို အံ့အားသင့်စရာပဲ”
မူယုယက ဘာမှ ဝင်မပြောပါချေ။ တစ်ချိန်တည်း၌ မာ့ဆုကျင်းကတော့ မာ့လဲ့ဟန် အနေဖြင့် ထိုထက် ပို၍ ရှင်းပြသင့်သည်ဟု ခံစားနေရ၏။
“ဒီထက် ပိုပြီး ရှင်းပြပေးလို့ ရမလားရှင်...”
မာ့လဲ့ဟန်က သူမကို ကြည့်ရင်း ခေါင်းညိတ်လိုက်သည်။
“သူ့ရဲ့ နယ်မြေမျိုးစေ့က လုံးဝကို ပြီးပြည့်စုံတယ်... အဲဒါကို ဖန်တီးခြင်းနဲ့ ပတ်သက်တဲ့ ဘာဆိုးကျိုးမှ မရှိဘူး... နောက်ပြီး လောကနယ်မြေနဲ့ ပတ်သက်ပြီး ဘာပြဿနာမှ မရှိဘူး... သူက ပုံမှန်အတိုင်းပဲ ကျင့်ကြံနိုင်လိမ့်မယ်... လောကနယ်မြေကိုလည်း လွတ်လွတ်လပ်လပ် ထုတ်ဖော်နိုင်လိမ့်မယ်... နောက်ပြီး နယ်မြေမျိုးစေ့ထဲမှာ ပါနေတဲ့ စွမ်းအင်တွေက်လည်း အဆင့်မြင့် စံနှုန်း တစ်ခုမှာ ရှိနေတယ်... ဆိုတော့ကာ သူက နောက်ထပ် ကျင့်ကြံခြင်း အဆင့်တွေ အတွက် ပြီးပြည့်စုံတဲ့ ကိုးကားချက် ရမှာ သေချာတယ်”
အဓိက အချက်များကို ရှင်းလင်းပြီးနောက် မာ့ဆုကျင်းနှင့် မာ့လဲ့ဟန်တို့ နှစ်ယောက်စလုံးမှာ မူယုယကို ကြည့်လိုက်၏။ သူမက ဤနေရာကို ပြင်ပ အကဲဖြတ်သူ တစ်ယောက် အနေဖြင့် ရောက်ရှိ လာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် သူမ၏ စကားက အလွန်ပင် အရေးပါပေသည်။
“ငါ သဘောတူတယ်...”
ပုံရိပ်ဖမ်း ဓာတ်ပြားမှ တစ်ဆင့် ကြည့်နေသည့် ဝိညာဥ်အာရုံ အားလုံးမှာ မာ့ယုယ၏ ထောက်ခံမှုကို ရှင်းလင်းစွာပင် ကြားလိုက်ကြရ၏။ ထိုအမျိုးသမီးမှာ မဟာစက်ဝန်း ကြယ်တာရာ နယ်မြေ၏ အကြီးကျယ်ဆုံးသော အဂ္ဂိရတ် အဖွဲ့အစည်းကြီး တစ်ခုကို ကိုယ်စားပြုနေသူ ဖြစ်သည်။ ထို့ကြောင့်ပင် သူမ၏ စကားလုံးများက ရွှေကဲ့သို့ အဖိုးထိုက်တန်ပေသည်။
မာ့ဆုကျင်းက လှပစွာ ပြုံးလိုက်၏။ ထို့နောက်... သူမက အဆောက်အဦ၏ ထောင့်တစ်နေရာတွင် ပျင်းတွဲစွာ ထိုင်နေသည့် မာ့ကျန်းကို လှမ်းကြည့်လိုက်သည်။ လူအိုကြီးက သူ၏ ထိုသမီးထွေးလေးကို ကြင်နာစွာပင် ပြန်လည် ပြုံးပြလိုက်၏။
မာ့ဆုကျင်းမှာ ရင်ထဲ နွေးထွေးသွားသလို ခံစားလိုက်ရသည်။ သူမက အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ရင်း ပုံရိပ်ဖမ်း ဓာတ်ပြားတည့်တည့်ကို ကြည့်ကာ အချိုသာဆုံး ပြုံးလိုက်၏။
“အာရုဏ်ဦး နေမီးတောက် ဆေးလုံး အတွက် သရုပ်ဖော် ပြသပွဲကတော့ ပြီးဆုံးပါပြီ... အခုဆို ရှင်တို့ အားလုံး ဒီကလေး ဖွဲ့စည်းထားတဲ့ လောကနယ်မြေကို မြင်တွေ့ပြီးပြီလို့ ကျွန်မ ထင်ပါတယ်... သေမျိုး အဂ္ဂိရတ် အာဏာရှင် နှစ်ယောက်ရဲ့ မှတ်ချက်တွေပါ အပါအဝင်ပေါ့လေ... နောက်ထပ် သုံးနာရီ ကြာရင် အာရုဏ်ဦး နေမီးတောက် ဆေးလုံးအတွက် ရွှေရောင်အသက် လေလံပွဲနဲ့အတူ ကျွန်မတို့ ပြန်လာခဲ့ပါမယ်”
“အာရုဏ်ဦး နေမီးတောက် ဆေးလုံး အတွက် သရုပ်ဖော် ပြသပွဲကို ကြည့်ရှုပေးကြတဲ့ အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်...”
***