အစစ်အမှန် ရွေးချယ်ခံ
Vol. 46 Ch. 642
မာ့ဆုကျင်း၏ ကြေညာသံ အဆုံးသတ်ပြီးနောက်၌... ပုံရိပ်ဖမ်း ဓာတ်ပြားမှာ ဖြည်းညင်းစွာပင် လည်ပတ်မှု ရပ်တန့်သွားကာ ပုံရိပ်ယောင် ဝိညာဥ် ကျောက်တိုင်များနှင့် ချိတ်ဆက်မှုကို ဖြတ်တောက်လိုက်တော့၏။
စင်မြင့်ထက်၌... မူယုယက သက်ပြင်းတစ်ချက် ချလိုက်ရင်း မာ့လုလင်းကို ကြည့်လိုက်သည်။ အလွန် သန့်စင်လှသည့် နယ်မြေမျိုးစေ့၏ အရိပ်အယောင်ကို ခံစားရင်း သူမက မရှူနိုင် မကယ်နိုင် ရေရွတ်လိုက်မိသည်။
“လေလံပွဲကို အဂ္ဂိရတ် ရှန့်ထိုတွေပါ ပါလာမှာ သေချာတယ်... စျေးနှုန်းကတော့...”
အာရုဏ်ဦး နေမီးတောက် ဆေးလုံးမှာ ကျင့်ကြံခြင်း၏ အခြေခံ စံနှုန်းများကို ပြောင်ပြောင်တင်းတင်းကြီး ချိုးဖျက်ထားလေရာ ၎င်းအား လေ့လာရန် အဂ္ဂိရတ် ပညာရှင်တိုင်း အိပ်မက် မက်ကြပေလိမ့်မည်။ ကျိန်းသေ ခွာသေပင် အဂ္ဂိရတ် ရှန့်ထို သုံးယောက်စလုံးမှာ လေလံပွဲ အတွင်း ဝင်ရောက်လာကာ အပြိုင်အဆိုင် စျေးနှုန်းများ ပေးကြပေလိမ့်မည်။ ထိုအရာက ရွှေရောင် အသက်နန်းတော် လိုချင်နေသည့် အရာပင် ဖြစ်ပေလိမ့်မည်။
သို့သော်လည်း... သူမ စဥ်းစားမရသည့် အချက်က ရွှေရောင် အသက်နန်းတော်မှာ အဂ္ဂိရတ် ရှန့်ထိုများ၏ လက်အောက်တွင် အာရုဏ်ဦး နေမီးတောက် ဆေးလုံး၏ လျှို့ဝှက်ချက်များ ဖော်ထုတ်ခံရမည်ကို မစိုးရိမ်သည်လား။
မူယုယ၏ အတွေးများကို သိနေသည့် အလား မာ့ဆုကျင်းက စိတ်ထဲမှ ပြုံးလိုက်မိ၏။ လွန်ခဲ့သည့် လပိုင်းအတွင်း၌ မာ့ကျန်းမှာ မာ့လဲ့ဟန်ကို ဆေးလုံးအား အကြိမ်ကြိမ် စစ်ဆေးရန် စေခိုင်းခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း... ထိုသေမျိုး အဂ္ဂိရတ် အာဏာရှင်မှာ ဆေးလုံးနှင့် ပတ်သက်သည့် မည်သည့် အသေးစိတ် အချက်အလက်ကိုမှ ရှာမတွေ့ခဲ့ချေ။ သူ၏ ခန့်မှန်းချက်များ ပင်လျှင် လုံးဝ တက်တက်စင်အောင် လွဲမှားခဲ့သည်။
ဆေးလုံးအတွင်းရှိ အမတေများ၊ ရင်းမြစ်များ၊ စွမ်းအင်များမှာ တစ်ခုနှင့် လုံးဝ ပြီးပြည့်စုံစွာ ပေါင်းစပ်နေလေရာ ၎င်း၏ ဇစ်မြစ်ကို ခန့်မှန်းရန် အလွန် ခက်ခဲလှသည်။ အကယ်၍ သူတို့ အကြမ်းဖျဥ်း ယူဆချက် ထုတ်နိုင်လျှင်ပင် မည်ကဲ့သို့ လုပ်ဆောင်ထားသည်၊ မည်သည့် အဆင့်များ ပါဝင်နေသည်ကို ရှာဖွေ တွေ့ရှိရန် မဖြစ်နိုင်သလောက် ဖြစ်သည်။
အသေးစိတ် ဆေးညွှန်းကို ပိုင်ဆိုင်ထားသည့် ရွှေရောင် အသက်နန်တော် ပင်လျှင် မဟာ အဂ္ဂိရတ် အင်ပါယာ များစွာနှင့် သေမျိုး အဂ္ဂိရတ် အာဏာရှင် နှစ်ယောက် ပူးပေါင်းပြီး ကြိုးစားခဲ့ရာ ခြောက်လ အတွင်း ခုနစ်ကြိမ် အထိ ကျရှုံးခဲ့သည်။ ထို့နောက် ရှစ်ကြိမ်မြောက်တွင်မှ အဆင့်နိမ့် အာရုဏ်ဦး နေမီးတောက် ဆေးတစ်လုံးကို ဖန်တီးနိုင်ခဲ့ကြသည်။
ထို့ကြောင့် အဂ္ဂိရတ် ရှန့်ထိုများ ပင်လျှင် ၎င်းအား အပြည့်အဝ ဖော်ထုတ်ရန် မဖြစ်နိုင်ဟု မာ့ကျန်းက ယုံကြည်ချက် ရှိနေခြင်း ဖြစ်ပေသည်။
တစ်ချိန်တည်း၌ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေတစ်ခုလုံးရှိ ထရီလျံပေါင်း များစွာသော ကျင့်ကြံသူများမှာ ထိုသတင်းထူးကြီးကို အကြိတ်အနယ် ဆွေးနွေးနေကြ၏။ ထိုအထဲတွင် အရှိန်အပြင်းဆုံးကတော့ လင်းမျိုးနွယ် ကောင်းကင်သင်္ဘောထက်၌ ဖြစ်ပျက်နေခဲ့လေသည်။
ထိုအခိုက်၌... လင်းရှန်းရှန်း၏ အမူအရာက ပြင်းထန်စွာပင် နက်မှောင်နေကာ ကောင်းကင် သင်္ဘော၏ အကာအကွယ် အလွှာကို ပိုင်စိုးပိုင်နင်း ဖြတ်သန်း ဝင်ရောက်လာသည့် ပုံရိပ်သုံးခုကို ကြည့်နေခဲ့၏။ သူမမှ တစ်ပါး အခြား လင်းမျိုးနွယ်ဝင်များကတော့ ကြောက်ရွံ့ လေးစားမှုတို့နှင့် အတူ ခေါင်းများကို ငုံ့ထားခဲ့သည်။
ကျူးကျော်လာသူ သုံးယောက်ထဲမှ တစ်ယောက်မှာ ကိုးရောင်ချယ် ဝတ်စုံကို ဝတ်ဆင်ထားသည့် လူကြီး တစ်ဦး ဖြစ်သည်။ သူ၏ ရင်ဘတ်တွင်တော့ အဖြူရောင်ချည်ဖြင့် စကားလုံး တစ်ခုကို ပြီးပြည့်စုံစွာ ရေးထိုးထား၏။ ၎င်းက “စောင့်ရှောက်သူ” ဟု အဓိပ္ပာယ် ရပေသည်။
ထိုပုဂ္ဂိုလ်ကြီးမှာ ဒြပ်စင်နယ်မြေ၏ လက်ရှိ စောင့်ရှောက်သူ တစ်ဖြစ်လည်း အစွမ်း အထက်ဆုံး ကျင့်ကြံသူ ဟန်ယုဟိုင်ပင် ဖြစ်လေသည်။
ဟန်ယုဟိုင်မှာ အလယ်ဗဟို တည့်တည်၌ ရပ်နေကာ အခြားနှစ်ယောက်မှာ ဘယ်နှင့်ညာ တစ်ဖက် တစ်ချက်မှ ဝန်းရံလျှက်ရှိသည်။
ကောင်းကင်သင်္ဘောထက်သို့ ရောက်သည်နှင့် ဟန်ယုဟိုင်၏ အသံက မိုးကြိုး ထစ်ချုန်းသံ တစ်ခုလို ပေါက်ကွဲ ထွက်ပေါ်လာခဲ့တော့၏။
“အဲဒီ ဝေ့ဝူယင် ဆိုတာက ငါတို့ရဲ့ ရွေးချယ်ခံလား”
မေးခွန်းက ရိုးရိုးရှင်းရှင်းနှင့် ခပ်တိုတိုပင် ဖြစ်သည်။ သို့သော်လည်း... လင်းရှန်းရှန်း အပါအဝင် ကောင်းကင် သင်္ဘောထက်ရှိ အကြီးအကဲ၊ တပည့်အားလုံး၏ အမူအရာများကတော့ အကြီးအကျယ်ပင် ပြောင်းလဲ သွားကြ၏။
သူတို့၏ ပထမဆုံး တုန့်ပြန်မှုကတော့ မယုံကြည်နိုင်ခြင်းပင် ဖြစ်လေသည်။ သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက်က မည်ကဲ့သို့ သူတို့၏ ရွေးချယ်ခံ ဖြစ်မည်နည်း။
ဟန်ယုဟိုင်၏ ဘေးနားရှိ ပုံရိပ်နှစ်ခု ပင်လျှင် တည်ငြိမ်နေပုံ ပေါ်သည့်တိုင် မျက်လုံများထဲ၌ တုန်လှုပ်သည့် အရိပ်အယောင် အချို့ ပေါ်ထွက်နေ၏။
သူ၏ ညာဘက်၌ ရပ်နေသူက ရင့်ကျက် တည်ငြိမ်သည့် မိန်းကလေး တစ်ယောက် ဖြစ်သည်။ သူမက အနက်ရောင် ဆံနွယ်များကို ပိုင်ဆိုင်ထားကာ ရှေ့တွင် ဆံမြိတ်ချထား၏။ သူမက အပြာရောင် အနားကွပ် ပါသည့် အဖြူရောင် ဝတ်စုံတစ်ခုကို ဝတ်ဆင်ထားသည်။
မိန်းကလေးမှာ ရင်သပ်ရှုမောဖွယ်ရာ ကောက်ကြောင်းများကို ပိုင်ဆိုင် မထားသည့်တိုင် သူ့နေရာနှင့် သူ ရှိသင့်သလောက်တော့ ရှိသူ ဖြစ်သည်။ အကယ်၍ ခြုံငုံ၍ ပြောရပါက မိန်းကလေးမှာ ကော့ညွှန် ရှည်လျားသည့် မျက်တောင်များ၊ ဖီးနစ် မျက်လုံးများနှင့် အတူ ကျက်သရေရှိစွာ လှပသူ တစ်ယောက်သူ ဆိုနိုင်ပေသည်။
မိန်းကလေး၏ ဝတ်စုံထက်တွင်တော့ “မဟာ အကြီးအကဲ” ဆိုသည့် စာလုံးတစ်ခုကို တွေ့ရကာ ထိုအရာက သူမ၏ အဆင့်အတန်းကို မီးမောင်း ထိုးပြထား၏။ သူမ၏ ခန္ဓာကိုယ် အရောင်အဝါက ဟန်ယုဟိုင်နှင့် ယှဥ်လျှင် အနည်းငယ် အားနည်းသည့်တိုင် များစွာ ကွာခြားနေခြင်း မရှိလှချေ။ ထိုအချက်က မိန်းကလေးမှာလည်း မြေကြီး ရှန့်ထို တစ်ယောက် ဖြစ်ကြောင်း ဖော်ပြနေပေသည်။
ဟန်ယုဟိုင်၏ ဘယ်ဘက်၌ ရပ်နေသူကတော့ သာမန် ရုပ်ရည်ရှိသည့် အသက်လတ် လူကြီး တစ်ယောက် ဖြစ်၏။ သူက ထူလပျစ် မုတ်ဆိတ်များကို ပိုင်ဆိုင်ထားကာ ခါးတွင် ရှစ်လက်မထက် မရှည်သည့် ဓားအိမ် တစ်ခုကို ချိတ်ဆွဲထား၏။ သူ၏ မျက်လုံးများကတော့ ထက်ရှသော အလင်းတန်းတို့ဖြင့် ပြည့်နှက် နေကာ ဓား ရည်ရွယ်ချက် အော်ရာ တစ်ခုခုကို ပိုင်ဆိုင်ထားဟန် ရသည်။
သူက မိန်းကလေး ကဲ့သို့ တူညီစွာပင် အဖြူရောင် ဓားသမား ဝတ်စုံကို ဝတ်ဆင်ထား၏။ သို့သော်လည်း အနားကွပ်များက အပြာရောင် မဟုတ်ပဲ သွေးနီရောင် ဖြစ်သည်။ သူကလည်း ဟန်ယုဟိုင်တို့ ကဲ့သို့ပင် မြေကြီး ရှန့်ထို တစ်ယောက်ပင် ဖြစ်လေသည်။
ရင့်ကျက်ပုံ ရသည့် အမျိုးသမီး၏ နာမည်က ကျန်းကျိရီ ဖြစ်သည်။ သူမက အစစ်အမှန် ဒြပ်စင်နယ်မြေ အတွင်းရှိ ကျန်းမျိုးနွယ်၏ ဘိုးဘေး တစ်ဦး ဖြစ်ကာ ပြိုကွဲဒြပ်စင် အဖွဲ့၏ ခေါင်းဆောင်လည်း ဖြစ်သည်။
အသက်လတ် လူကြီး၏ အမည်ကတော့ ကုန်းလူပင် ဖြစ်သည်။ သူက ဒြပ်စင် နယ်မြေ အတွင်းရှိ အထူး အင်အားစုများ (လင်းမျိုးနွယ်နှင့် ပြိုကွဲ ဒြပ်စင် အဖွဲ့တို့ မကြာခဏ ရည်ညွှန်းလေ့ ရှိသည့် ကပ်ပါး အင်အားစုများ) ကို ကိုယ်စားပြုသည့် အစစ်အမှန် မူလအဖွဲ့၏ ခေါင်းဆောင်ပင် ဖြစ်သည်။
အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ မြေကြီး ရှန့်ထို သုံးယောက်...
ထိုသုံးယောက်မှာ လက်ရှိ ဂိုဏ်းချုပ်၏ ရှေ့တွင် လေးစားမှု ကင်းမဲ့သော အမူအရာများဖြင့် ရပ်နေကြပြီ ဖြစ်လေသည်။
လင်းရှန်းရှန်းမှာ နှုတ်ခမ်းကို ကိုက်ကာ တိတ်တဆိတ်ပင် ဆက်ထိုင်နေခဲ့၏။ သူမ၏ မျက်လုံးများကတော့ မိမိ၏ အားနည်းမှု အပေါ် ကြိတ်မနိုင်ခဲမရ ဖြစ်နေပုံ ပေါ်သည်။
ဤနှစ်များ အတွင်း၌ လင်းမျိုးနွယ်တွင် မြေကြီး ရှန့်ထို မရှိချေ။ ပြောရလျှင်.. လျှို့ဝှက် အာဏာရှင် အဆင့်သုံး သေမျိုးတစ်ပိုင်း အရှင်ပင် မရှိချေ။ သူမက လင်းမျိုးနွယ် အားလုံးထဲ၌ အသန်မာဆုံး ဖြစ်ကာ အဆင့်နှစ် လျှို့ဝှက် ဝိညာဥ်အဆင့်တွင်သာ ရှိပေသည်။
လင်းရှန်းရှန်း စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်ကာ ဟန်ယုဟိုင်မေးသည့် မေးခွန်းကို ပြန်တွေးလိုက်၏။ လွန်ခဲ့သည့် လပိုင်းလောက်က ဒြပ်စင် နှလုံးသား ရည်ရွယ်ချက်ကို နားလည်ထားသည် ဆိုသည့် ဒုတိယမြောက် ရွေးချယ်ခံ တစ်ယောက် ရှိသေးကြောင်း သတင်းကို သူမ ကြားသိပြီး ဖြစ်သည်။ သူနှင့် ထိုဝေ့ဝူယင် ဆိုသည့် လူငယ်က တစ်ယောက်တည်းလော။
တိတ်ဆိတ် ငြိမ်သက်နေသည့် လင်းရှန်းရှန်းကို ကြည့်ရင်း ကျန်းကျိရီ၏ နှုတ်ခမ်းထက်၌ အပြုံးတစ်ခု ဖွဲ့စည်းလာခဲ့၏။
“နင် နားကန်းနေတာလား... ကြီးမြတ်တဲ့ ဒြပ်စင် စောင့်ရှောက်သူကိုယ်တိုင်က နင့်ကို မေးခွန်း မေးနေတယ်လေ”
သူမ၏ လေသံက တည်ငြိမ်သည့်တိုင် ခြိမ်းခြောက်သည့် အငွေ့အသက်များက နေရာယူနေသည်။ ထိုအရာက လက်အောက်ငယ်သားနှင့် တပည့်များ ရှေ့တွင်ပင် ဂိုဏ်းချုပ်မှာ ဘာအာဏာမှ မရှိသည့် ရုပ်သေးရုပ် တစ်ရုပ် ဖြစ်ကြောင်း မီးမောင်းထိုး ပြလိုက်ခြင်း ဖြစ်သည်။
သူတို့က မေးခွန်းမေးလျှင် သူမက ဖြေရမည်။ သူမထံတွင် စောဒက တက်ခွင့် မရှိသလို မသိ ကျွိုးကျွံ ပြုခွင့်လည်း မရှိချေ။
လင်းရှန်းရှန်းမှာ လက်သီးကို ခပ်ဖွဖွ ဆုပ်လိုက်မိသော်လည်း ကျိန်းကျိရီနှင့် အခြားလူများကို ဒေါသ မျက်လုံးများနှင့် ပြန်လှန် ကြည့်ရဲခြင်း မရှိပါချေ။
“ကျွန်မ မသိပါဘူး စောင့်ရှောက်သူဟန်...”
ကျိန်းကျိရီက အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။
“နင်က ဘာမှ အသုံးမကျဘူး ဆိုတာ လူတိုင်း သိပြီးသားပဲ... အဲဒီ အကြောင်း ထပ်ပြီး သတိပေးစရာ မလိုဘူး... နောက်ပြီး စောင့်ရှောက်သူဟန်က ဒြပ်စင်ရွေးချယ်ပွဲရဲ့ ကြီးကြယ်သူ နတ်မိမယ်လင်းကို မေးနေတာ... နင့်ကို မေးနေတာ မဟုတ်ဘူး...”
ရှင်းလင်းစွာပင် ကျန်းကျိရီမှာ လင်းရှန်းရှန်းကို အခက်မတွေ့ တွေ့အောင် ပြုလုပ်နေခြင်း ဖြစ်ပေသည်။
“...”
လေထု၏ အခြေအနေက ခြောက်ကပ်နေကာ လင်းရှန်းရှန်း၏ အသက်ရှူသံများမှာ အနည်းငယ် မြန်လာခဲ့၏။ သူမ၏ ရွှေရောင် မျက်လုံးများမှာ ပေါက်ကွဲလု မတတ် ဒေါသများဖြင့် ပြည့်နှက်နေခဲ့ပြီ ဖြစ်သည်။ မည်မျှ အရှက်ရဖွယ် ကောင်းလိုက်သနည်း။
သို့သော်လည်း... လက်ရှိ အခြေအနေ၌ သြဇာအာဏာ၊ ပါရမီနှင့် ခွန်အားတို့က အဆမတန် ကွာခြားနေလေရာ လက်သီးဆုပ်ရုံမှ တစ်ပါး သူမ ဘာမှ မတတ်နိုင်ခဲ့ပါချေ။
ဟန်ယုဟိုင်ကတော့ ထိုမိန်းကလေး နှစ်ယောက်၏ အားပြိုင်မှုကို နည်းနည်းလေးမှ စိတ်မဝင်စားပါချေ။ သူက လင်းရှန်းရှဲ့ဘက်ကို မျက်နှာမူလိုက်ကာ နောက်တစ်ကြိမ် ထပ်မေးလိုက်လေ၏။
“အဲဒီ ဝေ့ဝူယင်က ငါတို့ရဲ့ ရွေးချယ်ခံလား... ဒြပ်စင် နှလုံးသား ရည်ရွယ်ချက်ကို နားလည်ပြီး ဒြပ်စင် ရွေးချယ်ခံ ပြိုင်ပွဲရဲ့ ဒုတိယမြောက် ရွေးချယ်ခံ ဖြစ်လာတဲ့ တစ်ယောက်လေ”
လူတိုင်းမှာ စိတ်လှုပ်ရှားစွာဖြင့် လင်းရှန်းရှဲ့ကို ကြည့်လိုက်မိကြ၏။ အချို့လူများမှာ လင်းရှန်းရှန်း ကဲ့သို့ပင် ဝေ့ဝူယင် ဆိုသော်လည်း နာမည်ကို ကြားဖူးကြသော်လည်း မချိတ်ဆက်မိကြခြင်း ဖြစ်သည်။
မာ့ဆုကျင်း၏ အဆိုအရ ဆိုလျှင် ထိုဝေ့ဝူယင်မှာ အသက် ငါးဆယ် မပြည့်ခင် မဟာ အဂ္ဂိရတ် အာဏာရှင် တစ်ယောက် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့ အဂ္ဂိရတ် တာအိုတွင် အလွန်အမင်း ထူးချွန်သူ တစ်ယောက်က ဒြပ်စင် နှလုံးသား ရည်ရွယ်ချက်ကိုပါ နားလည် ထားလိမ့်မည်ဟု မည်သူက ဆက်စပ်ကာ တွေးမိလိမ့်မည်နည်း။
သေမျိုး အဂ္ဂိရတ် အာဏာရှင်...
ဒြပ်စင် နှလုံးသား ရည်ရွယ်ချက်...
ထိုနာမည်နှစ်ခုက မတူကွဲပြားသည့် ကျင့်ကြံခြင်း လမ်းစဥ်၏ အဆုံးစွန်သော ပါရမီတို့ကို ရည်ညွှန်းနေသည့် နာမ်စားများပင် ဖြစ်သည်။ ထိုကဲ့သို့သော ပါရမီ နှစ်မျိုးကို လူတစ်ယောက်တည်းက တစ်ပြိုင်နက်တည်း ပိုင်ဆိုင်ထားသည် ဆိုလျှင် ကျင့်ကြံခြင်း ဆိုသော လမ်းစဥ်ကြီးမှာ အဓိပ္ပာယ် မရှိရာ ရောက်သွားတော့မည် ဖြစ်သည်။