အစစ်အမှန် ရွေးချယ်ခံ (၂)
Vol. 46 Ch. 643
လင်းရှန်းရှဲ့မှာ ရင်ခုန်သံပင် ရပ်တန့်သွားသလို ခံစားလိုက်ရ၏။ ဝေ့ဝူယင်... ထိုနာမည်က သူမ အတွက်တော့ အိပ်မက်ဆိုး ဖြစ်သည်။ သူမ စကားမပြောနိုင်သလို မည်ကဲ့သို့ တုန့်ပြန်ရမည်မှန်းလည်း စဥ်းစား မရချေ။ သို့သော်လည်း... စိတ်၏ အနက်ရှိုင်းဆုံး တစ်နေရာတွင်တော့ ထိုတစ်ယောက်က ဝေ့ဝူယင်သာလျှင် ဖြစ်ကြောင်း ကိုးဆယ် ရာခိုင်နှုန်း အထိ သူမ လက်ခံထားပြီး ဖြစ်သည်။ မည်သို့ပင် ဆိုစေ... အာရုဏ်ဦး ဧကရာဇ် ဆိုသည်မှာ ထာဝရ ကြယ်တာရာ နယ်မြေတွင် လူတိုင်း သိပြီးသား အမည်နာမည် တစ်ခု ဖြစ်နေသည် မဟုတ်ပါလား။
ဘေးနားရှိ လင်းမင်မှာ လင်းရှန်းရှဲ့၏ ခန္ဓာကိုယ်ကလေးက အနည်းငယ် တုန်ရီနေသည်ကို သတိထားမိလိုက်၏။ သူက ဆုံးဖြတ်ချက် ပြတ်သားစွာပင် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ သူမ ရှေ့၌ ရပ်၍ ကာကွယ်လိုက်သည်။ မြေကြီး ရှန့်ထို သုံးယောက်နှင့် ရင်ဆိုင်ရခြင်းက အလွန်အမင်း ကြောက်ဖို့ကောင်းသည့်တိုင် စီနီယာ အမလင်း အတွက် သူ လုပ်မှ ဖြစ်ပေလိမ့်မည်။
“သူတို့ နှစ်ယောက်က တစ်ယောက်တည်း ဖြစ်နိုင်တယ်... ဒါပေမဲ့ သိပ်တော့ မသေချာဘူး”
လင်းမင်က အေးစက်စက်ပင် အဖြေပေးလိုက်၏။
“မင်းက...”
ကုန်းလူ၏ ဘယ်ဘက် မျက်ခုံးက အပေါ်သို့ အနည်းငယ် ပင့်တက်သွားကာ စူးရဲသော အကြည့်များနှင့် ပြည့်နှက်သွား၏။ သူ့ကို မည်သူက စကားပြောရန် ခွင့်ပြုခဲ့သနည်း။ ကြည့်ရသည်က ထိုသောက်ကလေးကို အဆင့်အတန်းနှင့် ပတ်သက်သည့် သင်ခန်းစာ တစ်ခု ပေးရန် လိုအပ်နေချေပြီ ဖြစ်သည်။
“နင်က ရှေးဟောင်း ရွေးချယ်ခံလား...”
ကျန်းကျိရီက ဝင်ရောက် နှောက်ယှက်လိုက်၏။ လင်းမင် မည်သို့ပင် ဖြေစေကာမူ ကုန်းလူက အနည်းဆုံး သူ့ ကျင့်ကြံခြင်း အခြေခံကို ချိုးဖျက်ပစ်ကာ အခြားလူများ အတွက် ဥပမာ ပြတော့မည် ဖြစ်သည်။ ထိုကဲ့သို့ အရာမျိုးကို သူမ ခွင့်မပြုနိုင်ချေ။
“ရှေးဟောင်း ရွေးချယ်ခံ...”
ကုန်းလူ၏ မျက်လုံးများက အရောင်ပြောင်းသွားကာ လင်းမင်ကို နောက်တစ်ကြိမ် စူးစူးရဲရဲ ထပ်ကြည့်လိုက်၏။ တစ်ချိန်တည်း၌ ဝိညာဥ်အာရုံက ဖြန့်ကျက်သွားကာ လင်းမင် အပေါ် အကြမ်းဖျဥ်း စစ်ဆေးလိုက်သည်။ ထို့နောက် မကြာခင်မှာပင် သူ၏ မျက်ခုံး နှစ်ဖက်စလုံးက အပေါ်သို့ မြင့်တက်သွားကာ မေးလိုက်၏။
“မင်းလည်း အာရုဏ်ဦး နေမီးတောက် ဆေးလုံးကို သောက်ထားတာလား...”
ကျန်းကျိရီမှာ ထိုမေးခွန်းကြောင့် အံ့အားသင့်သွား၏။ သူမက ချက်ချင်းပင် ဝိညာဥ်အာရုံကို ဖြန့်ကျက်ကာ လင်းမင်ကို စစ်ဆေးလိုက်သည်။ မကြာခင်... သူမ၏ မျက်လုံးများမှာလည်း ပြူးကျယ်လာကာ အံ့အားသင့်ခြင်းများနှင့် ပြည့်နှက် သွားခဲ့တော့၏။
ဟန်ယုဟိုင်ကတော့ ဘာမှ ဝင်မပြောပဲ ငြိမ်သက်နေ၏။ ရွေးချယ်ခံ စမ်းသပ်ပွဲတွင် လင်းမင် မည်ကဲ့သို့ ရွေးချယ်ခံ တစ်ယောက် ဖြစ်လာသည်ကို ပိုင်ယုရှီထံမှ သူ သိရှိထားပြီး ဖြစ်သည်။ သူ့ အမြင်အရဆိုလျှင် ထိုရှေးဟောင်း ရွေးချယ်ခံမှာ အခြားလူများ၏ ကျင့်ကြံခြင်း အခြေခံကို အားကိုးခဲ့သည့် အမှိုက်သာ ဖြစ်သည်။ အကယ်၍ မြေးမလေး ကိုယ်တိုင်၏ ဆန္ဒကြောင့်သာ မဟုတ်ပါက သူ လင်းမင်ကို ရွေးချယ်ခံ စမ်းသပ်ပွဲ ဝင်ရန်ပင် ခွင့်ပြုခဲ့လိမ့်မည် မဟုတ်ချေ။
“ ... “
လင်းမင်မှာ ထိုမေးခွန်းကို မည်ကဲ့သို့ တုန့်ပြန်ရမည်မှန်း မသိချေ။ သူက ဟန်ယုဟိုင်ကိုသာ ကြည့်လိုက်၏။ အကယ်၍ ဤနေရာတွင် အမှန်တရားကို ပြောလိုက်ပါက သူ၏ လျှို့ဝှက်ချက်များမှာ အားလုံးရှေ့တွင် ဘူးပေါ်သလို ပေါ်သွားလိမ့်မည် ဖြစ်သည်။
ထိုထက် ပို၍ ဆိုးသည်က ပိုင်ယုရှီ၊ ထန်ရှင်းယွင်နှင့် မိန်းမငယ်လေးတို့၏ ပါဝင် ပတ်သက်မှုများပင် ဖြစ်သည်။ အကယ်၍ ထိုအကြောင်းအရာများသာ ကောလဟလ အနေဖြင့် ပျံ့နှံ့သွားပါက ထန်ကလန်နှင့် အစစ်အမှန် ဒြပ်စင်ဂိုဏ်းတို့ အကြားတွင် ဂုဏ်သိက္ခာနှင့် ပတ်သက်သည့် မလိုလားအပ်သော အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်ချေ ရှိသည်။
ဟန်ယုဟိုင်မှာ စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်မိ၏။ အခြား အကျိုးဆက်များကို သူ ဂရုမစိုက်သည့်တိုင် မြေးမလေး၏ မိုက်မဲမှုကြောင့် သွားပုပ်လေလွင့် စကားများ ဖြစ်ပေါ်လာလည်ကို သူ မလိုချင်ပေ။ သို့သော်လည်း... သူက ဝင်ရောက် မစွက်ဖက်ပဲ လင်းမင် မည်ကဲ့သို့ ဖြေရှင်းမည်ကိုသာ ကြည့်နေလိုက်၏။
လင်းမင် အတွက် ကံကောင်းစွာပင် နောက်ဆုံး၌ လင်းရှန်းရှဲ့မှာ တည်ငြိမ်မှုကို ပြန်လည် ရရှိလာခဲ့ပြီ ဖြစ်သည်။ အရှေ့တွင် မားမားမတ်မတ် ရပ်ကာ မုန်တိုင်းကို ရင်ဆိုင်နေသည့် လင်းမင်ကို ကြည့်ရင်း သူမ စိတ်ထဲ အနည်းငယ် နွေးထွေးသွားသလို ခံစားလိုက်ရ၏။ အသက်ကို အကြိမ် အနည်းငယ် ခပ်ပြင်းပြင်း ရှူသွင်းပြီးနောက် သူမက လင်းမင်နှင့် ဘေးချင်းယှဥ်ကာ ရပ်လိုက်လေ၏။
“အရှင် စောင့်ရှောက်သူ၊ မဟာ အကြီးအကဲကျန်းနဲ့ အကြီးအကဲကုန်းတို့ကို နှုတ်ဆက်ပါတယ်”
လက်နှစ်ဖက်ကို ယှက်ကာ နှုတ်ဆက်လိုက်ဦးနောက် လင်းရှန်းရှဲ့က ဟန်ယုဟိုင်ကို ကြည့်လိုက်၏။
"ဒြပ်စင်နှလုံးသား ရည်ရွယ်ချက်ကို နားလည်ပြီး စမ်းသပ်ပွဲကို ကျော်ဖြတ်ခဲ့တဲ့ ဒုတိယမြောက် ရွေးချယ်ခံရဲ့ နာမည်ကလည်း ဝေ့ဝူယင်ပါပဲ…"
ကုန်းလူ၏ အမူအရာက အနည်းငယ် ပြောင်းလဲ သွား၏။
"သူက အသက် ဘယ်လောက်လဲ…"
လင်းရှန်းရှဲ့က တုန့်ဆိုင်းခြင်း မပြုပဲ ခပ်မြန်မြန်ပင် အဖြေပေးလိုက်သည်။
"အသက် အတိအကျကို မသိဘူး ဆိုပေမဲ့ သူက အသက် ငါးဆယ် မပြည့်သေးတာတော့ သေချာတယ်… နောက်ပြီး သူက ထာဝရ ကြယ်တာရာ နယ်မြေရဲ့ အကျော်ကြားဆုံး အဂ္ဂိရတ် ပညာရှင် တစ်ယောက်လို့ ဆိုနိုင်တယ်… အဂ္ဂိရတ် ကြယ်တာရာ ဝိညာဉ် ပိုင်ရှင် တစ်ယောက်ကိုတောင် အဂ္ဂိရတ် တိုက်ပွဲ တစ်ခုမှာ အနိုင်ယူခဲ့ဖူးတယ်… ဒါပေမဲ့ သူက သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက်လား ဆိုတာတော့ ကျွန်မလည်း မသိဘူး"
"..."
ကောင်းကင်သင်္ဘောထက်ရှိ လေထုက တစ်ခဏမျှ တိတ်ဆိတ်သွား၏။ ဟန်ယုဟိုင် အပါအဝင် အားလုံးမှာ လင်းရှန်းရှဲ့ကို ကွဲပြားသည့် အမူအရာများဖြင့် ကြည့်နေခဲ့မိကြသည်။
ယခုတစ်ကြိမ် ဆိတ်ဆိတ်မှုကို ချိုးဖျက် လိုက်သူကတော့ ကျန်းကျိရီပင် ဖြစ်သည်။
"ဒါဆို ဘာလို့ သူက နင်နဲ့ အတူ ပါမလာတာလဲ… လက်ထောက် ကြီးကြပ်သူ တစ်ယောက် အနေနဲ့ စမ်းသပ်ပွဲ အောင်မြင်တဲ့ ဘယ် ရွေးချယ်ခံကို မဆို ခေါ်လာဖို့က နင့်တာဝန် မလား"
သူမ၏ လေသံက အေးစက်မှုများနှင့် ပြည့်နှက် နေ၏။ ကြားရသလောက် ဆိုလျှင် ထိုဝေ့ဝူယင် ဆိုသည့် လူငယ်မှာ ကောင်းကင်မှ ပို့လွှတ်ခံရသည့် ပါရမီရှင် တစ်ယောက် ဖြစ်သည်။ သူက ဒုတိယမြောက် ထာဝရ ဧကရာဇ် ဖြစ်လာနိုင်သူ ဖြစ်သည်။ ထိုကဲ့သို့သော လူတစ်ယောက်ကို ခေါ်သွင်းနိုင်ပါက ဂိုဏ်းအတွက် အလွန် အကျိုးရှိလိမ့်မည် ဖြစ်သည်။
လင်းရှန်းရှဲ့၏ မျက်လုံးများမှာ ဒေါသမီးတောက်များနှင့် မသိမသာ ပြည့်နှက် သွားသည်။
"မသမာတဲ့ လူတစ်စုရဲ့ လုပ်ကြံမှုကြောင့် ကျွန်မ ဒဏ်ရာ အကြီးအကျယ်ရပြီး ထာဝရ ကြယ်တာရာ နယ်မြေမှာ သောင်တင်နေတာ… ပြိုင်ပွဲရဲ့ ကြီးကြပ်သူ တာဝန်ကို မထမ်းဆောင် နိုင်ခဲ့ဘူး"
သူမက တစ်ခဏမျှ ရပ်တန့်ပြီးနောက် ကျန်းကျိရီကို စိုက်ကြည့်လိုက်၏။ သူမကို လုပ်ကြံခဲ့သည်က ထိုမိန်းမ၏ ပြိုကွဲဒြပ်စင် အဖွဲ့ပင် ဖြစ်သည်။
အကယ်၍ ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့ ချီးမြှင့် ထားသည့် ဒြပ်စင် အကာအကွယ်နှင့် သူမ ပြန်လည် ကောင်းမွန် လာစေရန် နောက်ပိုင်းတွင် ကူညီပေးခဲ့သည့် လင်းမင်တို့ကြောင့်သာ မဟုတ်ပါက သေလျှင်သေ… မသေလျှင် ထိုထက် ပိုမို ဆိုးဝါးသော အခြေအနေများကို ကြုံတွေ့ နေရလောက်ပြီ ဖြစ်သည်။
ကျန်းကျိရီက မထီတရီပြုံးကာ လင်းရှန်းရှဲ့ကို ပြန်လည် စိုက်ကြည့်နေ၏။ ထိုမိန်းမ၏ အရှက်မဲ့ပုံကို ကြည့်ကာ လင်းရှန်းရှဲ့ စိတ်ထဲမှ ရွံရှာစွာ နှာခေါင်းရှုံ့လိုက်မိသည်။ သို့သော်လည်း... အပြင်ပန်းတွင် သူမက တည်ငြိမ်စွာပင် ဆက်လက် ရှင်းပြလိုက်၏။
“ကျွန်မရဲ့ ကြီးကြပ်သူ တာဝန်ကို ပိုင်ယုရှီ ဆက် တာဝန်ယူခဲ့ပါတယ်... ကျွန်မတော့ ထာဝရ ကြယ်တာရာ နယ်မြေမှာပဲ ဒြပ်စင် ရွေးချယ်ပွဲ ပြီးဆုံးတဲ့ အထိ စောင့်ခဲ့ရတယ်... ပြိုင်ပွဲ ပြီးဆုံးတဲ့ အချိန်မှာတော့ ဝေ့ဝူယင်ကို မတွေ့ခဲ့ရပါဘူး... လင်းမင်ကိုပဲ တွေ့ခဲ့ရပါတယ်... အဆုံးမဲ့ ကောင်းကင်ကို ပြန်ရောက်ရောက်ချင်း ရွှေရောင် ဂိတ်တံခါး နန်းတော်ကို သွားပြီး သူ့အကြောင်း မေးမြန်းခဲ့ပါသေးတယ်... သူတို့က ဝေ့ဝူယင် အဆုံးမဲ့ ကောင်းကင်ကို ပါမလာဘူးလို့ပဲ ပြောကြတယ်... ဒါပေမဲ့ အဲဒါက လွန်ခဲ့တဲ့ ခုနစ်လလောက်က ဖြစ်ပျက်ခဲ့တာ ဆိုတော့ ခုအခြေအနေကို ကျွန်မလည်း မသိပါဘူး”
ဟန်ယုဟိုင်မှာ ခေါင်းစွပ်အောက်မှ မျက်မှောင်ကြုတ်လိုက်၏။ လင်းမင် ရွေးချယ်ခံ တစ်ယောက် ဖြစ်လာခဲ့ပုံ အကြောင်းကို ပိုင်ယုရှီထံမှ သူ သိရှိထားပြီး ဖြစ်သည့်တိုင် ဝေ့ဝူယင် အကြောင်း အသေးစိတ် အချက်အလက်များကတော့ ယခုအထိ ကင်းမဲ့နေဆဲ ဖြစ်သည်။
လွန်ခဲ့သည့် လပိုင်းခန့်က ဒြပ်စင် နှလုံးသား ရည်ရွယ်ချက်ကို ပိုင်ဆိုင်ထားသည့် ဒုတိယမြောက် ရွေးချယ်ခံ အကြောင်း သတင်း အချို့ ပျံ့နှံ့လာခဲ့သည့်တိုင် ပိုင်ယုရှီက ထိုအရာကို အတည်မပြုခဲ့ရာ ကောလဟလ အဖြစ်သာ သူ ယူဆခဲ့သည်။ ထိုအချက်အလက်များကို အတည်ပြုရန် လိုအပ်သည်ဟု သူ ဘယ်တုန်းကမှ မခံစား ခဲ့ရချေ။
“ဒြပ်စင် ရွေးချယ်ပွဲမှာ ဖြစ်ပျက်ခဲ့သမျှ အားလုံး ငါတို့ သိဖို့ လိုအပ်တယ်... အားလုံးပဲ”
ကျန်းကျိရီက ကုန်းလူကို ကြည့်ကာ ပြောလိုက်၏။ ကုန်းလူက ခေါင်းညိတ် ထောက်ခံလိုက်သည်။ ထို့နောက်... သူတို့ နှစ်ယောက်စလုံးက ဟန်ယုဟိုင်ကို ပြိုင်တူ ကြည့်လိုက်ကြသည်။ ဒြပ်စင်ရွေးချယ်ပွဲနှင့် ပတ်သက်သမျှ အဖြစ်အပျက်နှင့် အကြောင်းအရာအားလုံးကို ပြီးပြည့်စုံစွာ ရှင်းပြနိုင်တာ ပိုင်ယုရှီ တစ်ယောက်သာလျှင် ရှိပေသည်။
ဟန်ယုဟိုင်က တိတ်တဆိတ်ပင် ခေါင်းညိတ်ကာ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်၏။
ဝှစ်...
ချက်ချင်းပင်... ဟင်းလင်းပြင်ကို ဖြတ်သန်းကာ နေရာ ကူးပြောင်းလိုက်သည့် အလား မျက်နှာကို ဇာပုဝါ ကာထားသည့် မိန်းကလေး တစ်ယောက် ကောင်းကင် သင်္ဘောထက်သို့ ရောက်ရှိလာခဲ့၏။ မြင်ကွင်း အပြောင်းအလဲကြောင့် မိန်းကလေးမှာ အနည်းငယ် တုန်လှုပ်သွားဟန် ရသည်။
သို့သော်လည်း... သူမ၏ ဝိညာဥ်အော်ရာကတော့ အလွန်ပင် တည်ငြိမ်နေကာ ဒဏ်ရာမှ ပျောက်ကင်းလုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ဟန်ယုဟိုင်မှာ သူ့မြေးမလေး ပြန်လည် ကျန်းမာလာစေရန် အစွမ်းကုန် ကြိုးစားထားကြောင်း ရှင်းလင်းပေသည်။
ဟန်ယုဟိုင်က ပိုင်ယုရှီကို စိုက်ကြည့်လိုက်၏။ အကယ်၍ မျက်နှာဖုံးအောက်ကို ဖောက်ထွင်း မြင်နိုင်မည် ဆိုပါက ထိုလူအိုကြီး၏ မျက်လုံးများမှာ နွေးထွေးမှု၊ ချစ်မြတ်နိုးမှုတို့နှင့် ပြည့်နှက်နေသည်ကို တွေ့မြင် ရလိမ့်မည် ဖြစ်သည်။
“ယုရှီ... ဒြပ်စင် ရွေးချယ်ပွဲမှာ ဘာတွေ ဖြစ်ပျက်ခဲ့တယ် ဆိုတာ အစကနေ အဆုံးထိ အားလုံး ပြောပြတော့... အထူးသဖြင့် ဝေ့ဝူယင် ဆိုတဲ့လူနဲ့ ပတ်သက်သမျှ အကြောင်းအရာ အကုန်လုံးကို မြူတစ်မှုန်တောင် မချန်ခဲ့နဲ့”
“...”
နောက်ဆုံး၌ ပိုင်ယုရှီမှာ သူမ ဤနေရာကို အဘယ်ကြောင့် ရောက်ရှိလာကြောင်း သဘောပေါက် သွားခဲ့ပြီ ဖြစဟ်သည်။ သူမက လင်းရှန်းရှဲ့၊ လင်းမင်နှင့် အခြားလူများကို တစ်ချက် ဝှေ့ကြည့်လိုက်၏။
“နောက်ဆုံးတော့ အချိန်ကျလာပြီပေါ့လေ...”
ထိုအရာ ဖြစ်ပျက်လာမည်မှန်း သူမ ကြိုတင် သိရှိထားခဲ့သည့်တိုင် ယခုလောက် မြန်ဆန်လိမ့်မည်ဟု မျှော်လင့်မထားခဲ့တာတော့ အမြန်ပင် ဖြစ်သည်။ စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် သူမက ခပ်ဖြည်းဖြည်းပင် ခေါင်းညိတ်လိုက်၏။
ထို့နောက် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို သူမ စတင်ကာ ရှင်းပြလိုက်လေတော့သည်။
***