မုဆိုးစာရင်း
Vol. 14 Ch. 187
မိစ္ဆာလက်ဝါး အစည်းအရုံး အဖွဲ့ခွဲ တစ်ခုလုံးကို သုတ်သင် ရှင်းလင်းပြီးချိန် မှာတောင် ကောင်းကင်က တိုက်ပွဲကတော့ မပြီးသေးပါဘူး။
နှစ်ယောက်စလုံးက အတော်လေး လက်ညီနေတဲ့ အတွက် တိုက်ပွဲက အတော်လေး ကြည့်လို့ ကောင်းနေပါပြီ။ ဘယ်ဘက်က နိုင်မလဲ ဆိုတာကိုလည်း ခန့်မှန်းလို့ မဖြစ်နိုင်သေးပါဘူး။
အဖွဲ့ခွဲ၇ရဲ့ လက်ထောက် ခေါင်းဆောင်ဖြစ်တဲ့ လျူကန်းကလည်း အကြီးအကဲ ကင်းမြီးကောက် ကဲ့သို့ ဆန်းကြယ် အဆင့်မြင့် အတွင်းအားကို လေ့ကျင့် ထားတာပါဘဲ။
မိုးပြာရောင်ဂိုဏ်းမှာ ဆန်းကြယ် အဆင့်မြင့် ပညာရပ်ဆိုတာက လူတိုင်းကို လေ့ကျင့်ခွင့် ပေးထားတာ မဟုတ်ပါဘူးလေ။
တိုက်ရိုက် တပည့်တွေ ၊ အတွင်းစည်း အကြီးအကဲတွေနဲ့ အရေးကြီးတဲ့ ဂိုဏ်းဝင် တွေကိုသာ လေ့ကျင့်ခွင့် ပေးထားတာပါ။
အကြီးအကဲ ကင်းမြီးကောက် ကံကောင်းသွားတယ်လို့ ဆိုရမှာပါဘဲ။ လျူကန်းရဲ့ အတွင်းအား ကျင့်စဉ်က အဆင့်၁၇ကိုဘဲ ရောက်နေ ပါသေးတယ်။ တကယ်လို့သာ အမြင့်ဆုံး အဆင့်ဖြစ်တဲ့ အဆင့်၁၈ကိုသာ ရောက်နေ ခဲ့ရင်တော့ အစောကြီး ကတည်းက ပွဲ ပြတ်နေပါပြီ။
နှစ်ယာက်စလုံးရဲ့ ကျင့်ကြံခြင်း နယ်ပယ်ရယ်၊ အတွင်းအားရယ်က သိပ်မကွာ ကြတဲ့အတွက် တိုက်ပွဲက မကြာသင့်ဘဲ ကြာနေရတာပါ။ အခုချိန်မှာတော့ အတွေ့အကြုံနဲ့ သိုင်းကွက်တွေ အပေါ် နားလည်မှုကဘဲ စကားပြော တော့မှာပါဘဲ။
သိုင်းကွက် ဆိုတာက လူအပေါ် မူတည်ပြီး အဖြေ အမျိုးမျိုး ထွက်လာ နိုင်တယ်လေ။ သာမန် သိုင်းကွက်လေး တစ်ခုကတောင် တကယ့် ထိပ်သီး ပညာရှင်ရဲ့ လက်ထဲ ရောက်သွားရင် အစွမ်းထက် သွားသည် မဟုတ်ပါလား။
နောက်ထပ် သိုင်းကွက်ပေါင်း ရာချီ တိုက်ခိုက် ခဲ့ပေမဲ့လည်း ဘယ်သူကမှ အသာ မရနိုင်သေးပါဘူး။
အကြီးအကဲ ကင်းမြီးကောက်က ဆက်လက်ပြီး တိုက်လိုစိတ် ရှိဟန် မပေါ်တော့ပါဘူး။
“ငါမင်းနဲ့ ဆက်ပြီး မကစား ချင်တော့ဘူး။ မင်းက ငါ့ရဲ့ ရွှေပြား၅သန်းကို ဆုံးရှုံးစေ ခဲ့တယ်ဆိုတော့ ငါကလည်း မင်းတို့ ဂိုဏ်းသား ၅ယောက်ကို ပြန်သတ်ပစ်ရမယ်။”
စကားဆုံးတာနဲ့ အကြီးအကဲ ကင်းမြီးကောက်က ကောင်းကင်က စွန်ရဲ တစ်ကောင်ပမာ မြေပြင်ပေါ်သို့ ထိုးဆင်း သွားခဲ့ပါတယ်။ လူ အများစုကတော့ လုံးဝ မထင်မှတ် ထားခဲ့တဲ့အတွက် အချိန်မီ မတုံ့ပြန် နိုင်တော့ပါဘူး။
“မင်းလုပ်ရဲသလား …”
လျူကန်းက ဒေါသတကြီးနဲ့ မြေပြင်ပေါ်ကို အမြန် လိုက်ဆင်း ခဲ့ပါသေးတယ်။
ထပ်…ထပ်…ဖတ် ... ဖတ် ... ရွှစ် ...
သွေးတွေက ပန်းထွက်လာပြီး အဖွဲ့ခွဲ၇က မြေကမ္ဘာပညာရှင် ၅ယောက်ဟာ အပိုင်းပိုင်း အစစဖြစ်ပြီး သေဆုံးသွားခဲ့ပါပြီ။
အုပ်စု၄ခေါင်းဆောင်နဲ့ အုပ်စု၅ ခေါင်းဆောင် ကလည်း သေဆုံးသွားတဲ့ ၅ယောက်ထဲမှာ ပါသွားပါတယ်။
အကြီးအကဲကင်းမြီးကောက်က ခံစားချက်မဲ့ဓားကို သတ်ဖို့ လုပ်သေးပေမဲ့လည်း မအောင်မြင် သွားပါဘူး။
ခံစားချက်မဲ့ ဓားက အကင်းပါးတဲ့ သူတစ်ယောက် ဖြစ်တဲ့အတွက် အကြီးအကဲ ကင်းမြီးကောက် ကောင်းကင်ပေါ်က ဆင်းလာခဲ့ ကတည်းက အခြား တစ်နေရာကို ရွှေ့ပြောင်း သွားခဲ့တယ်လေ။
အကြီးအကဲက လီဖူချန်းကို သတ်ပစ်ဖို့တောင် လှည့်ပတ် ရှာခဲ့သေးပါတယ်။ ဒါပေမဲ့လည်း လီဖူချန်းက ဘယ်ရောက်လို့ ရောက်နေမှန်း ကိုတောင် မသိတော့ပါဘူး။ လီဖူချန်းရဲ့ တည်ရှိမှုက လုံးဝကို ပျောက်နေ ခဲ့တယ်လေ။
“နယ်ပယ်လေး တစ်ခု ကွာသွားတာနဲ့ ဒီလို ပိုးစိုးပက်စက် သေသွားရတယ် တဲ့လား ... ။ အုပ်စု ခေါင်းဆောင် နှစ်ယောက်စလုံးက မြေကမ္ဘာ အထွတ်အထိပ် ကိုတောင် ရောက်နေခဲ့ပြီလေ…။ ကောင်းကင်နယ်ပယ် ပညာရှင် တစ်ယောက်က လုပ်ချင်တိုင်း လုပ်သွားနိုင်တာလား ...”
လီဖူချန်းက သူ့ရဲ့ တည်ရှိမှုကို ဖျောက်ပြီး သစ်ပင်ကြီး တစ်ပင်ရဲ့ အနောက်မှာ ရှိနေတာပါ။ သူ့ရဲ့ အခြေအနေကို အကောင်းဆုံး သုံးသပ် နိုင်မှုကိုဘဲ ကျေးဇူးတင် ရမှာပါပဲ။ ဒီလို ဖြစ်လာနိုင်တယ် ဆိုတာကို အစောကြီး ကတည်းက တွေးထား မိတဲ့အတွက် သူက ဒီနေရာမှာ လာပုန်း နေခဲ့တာလေ။
“မင်းကတော့ သေမှကို ဖြစ်တော့မယ်”
လျူကန်းက အကြီးအကဲ ကင်းမြီးကောက်ကို တရစပ် လိုက်တိုက် နေပါတယ်။
“အရမ်း မလောပါနဲ့ကွာ ... မင်းက ငါ့ကို သတ်နိုင်တာလည်း မဟုတ်ဘဲနဲ့ ... ။ အေးဆေးပေါ့။ နောက်တစ်ခါ ကျမှ ငါ မင်းခေါင်းကို ဖြတ်ပေးမယ်နော် ...”
အကြီးအကဲ ကင်းမြီးကောက်က ဆက်မတိုက် ချင်တော့တဲ့ အတွက် ချာခနဲ လှည့်ပြီး ထွက်ပြေးသွားခဲ့ပါပြီ။ သူ့ရဲ့ လျို့ဝှက်နည်းစနစ်က ကိုယ်ဖော့ပညာကို အထူးပြုထားတာ ဖြစ်တဲ့အတွက် လျူကန်းက ဘယ်လိုမှ လိုက်မီနိုင်မှာ မဟုတ်ဘူး ဆိုတာကို သူက တွက်ထားတယ်လေ။
“ခွေးမသား ... ပြေးနိုင်တုန်း ပြေးထားဦးပေါ့ကွာ”
လျူကန်း ကလည်း သူ့အခြေအနေကို သူသိပါတယ်။ အပင်ပန်း ခံပြီးတော့ လိုက်မနေ တော့ပါဘူး။
“ခေါင်းဆောင်လျိုနဲ့ ခေါင်းဆောင်လျှံက သေသွားခဲ့ပြီ”
ကျန်နေသေးတဲ့ အုပ်စု ခေါင်းဆောင်တွေက အိပ်မက်လို ခံစားနေရပါတယ်။ သူတို့က အတူတကွ နေလာခဲ့တာ နှစ်ပေါင်းများစွာ ကြာနေခဲ့ပါပြီ။ အခုလို ရုတ်တရက်ကြီး သေသွား လိမ့်မယ်လို့ ဘယ်သူက ထင်ထား ခဲ့မိမှာလဲလေ။
“သူတို့ရဲ့ သေကံ ပါလာတယ်လို့ဘဲ မှတ်ယူ ရတော့မှာပေါ့။ သေကံပါတဲ့ အချိန်ဆိုရင် သမန်းမြက်လေး ရှတာတောင်မှ သေနိုင်တာဘဲလေ။ ဘဝဆိုတာ ရေပွက်ကလေး တစ်ခု ထပွက်သလို ပါဘဲကွာ ...”
“အင်း ... မင်းပြောတာ မှန်တယ်။ ငါတို့လည်း တစ်နေ့ သေခြင်းတရားကို ကြုံရမှာပါဘဲ”
လူတွေ အားလုံးရဲ့ စိတ်ဓာတ် တွေကတော့ ဟိုးအောက်ဆုံး အထိကို ရောက်နေခဲ့ပါပြီ။ အစောပိုင်းတုန်းက မိစ္ဆာလက်ဝါး အစည်းအရုံး အဖွဲ့ခွဲကို သုတ်သင် ရှင်းလင်း နိုင်ခဲ့လို့ ပျော်နေတဲ့ အပျော်လေး တွေတောင် ကြက်ပျောက်၊ ငှက်ပျောက် ပျောက်သွား ခဲ့တယ်လေ။
***
မိစ္ဆာအစည်းအရုံး အဖွဲ့ကို သုတ်သင် ရှင်းလင်းတဲ့ ကိစ္စ ဖြစ်ပျက်ပြီး နောက်ထပ် သုံးရက် အကြာမှာတော့ ...
အဖွဲ့ခွဲ၇ရဲ့ မုဆိုး စာရင်းမှာတော့ လီဖူချန်းရဲ့ နာမည်က ပါလာခဲ့ပါပြီ။ သူရဲ့ နာမည် အနောက်မှာတော့ ၉ဂဏန်းတစ်ခု ရှိနေတယ်လေ။
အဲဒီ အဓိပ္ပာယ်က ဘာကို ဆိုလိုသလဲ ဆိုတော့ လီဖူချန်းက မြေကမ္ဘာအဆင့် မိစ္ဆာလမ်းစဉ် ပညာရှင် ၉ယောက်ကို သတ်ဖြတ်ပြီးပြီ ဆိုတာပါပဲ။
အရေအတွက်ကိုဘဲ ဖတ်ကြည့် လိုက်မယ် ဆိုရင်တော့ သိပ်ပြီး မများသေး သလိုပါဘဲ။ ဒါပေမဲ့ လက်တွေ့မှာတော့ လီဖူချန်းရဲ့ အဆင့်က သာမန်တိုက်ရိုက် တပည့်တွေ ထက်ကို မြင့်နေပါပြီ။
မုဆိုး စာရင်းမှာတော့ တိုက်ရိုက်တပည့် ၄၀၀ကျော်ရဲ့ နာမည်တွေ ရှိနေတယ်လေ။ လီဖူချန်း ကတော့ အဆင့်၁၉၈မှာပါ။
မုဆိုး စာရင်းဆိုတာက နတ်ဘုရား လေဂိုဏ်းခွဲနဲ့ သွေးကွန်ချာ ဂိုဏ်းခွဲ နှစ်ခုစလုံးမှာ တာဝန် ထမ်းဆောင်နေတဲ့ တိုက်ရိုက် တပည့်တွေ အကုန်လုံးကို ထည့်သွင်း ဖော်ပြထားတာပါ။
ဒါက အဖွဲ့ခွဲ၇ တစ်ခုတည်း အတွက် မဟုတ်ပါဘူး။ တိုက်ရိုက် တပည့်တွေ အားလုံးစာရဲ့ အဆင့်ဖြစ်ပါတယ်။
မုဆိုးစာရင်းရဲ့ နောက်ဆုံးစာရင်း အမှန်ကတော့ သက်ဆိုင်ရာ အဖွဲ့ခွဲက လွဲပြီး ကျန်တဲ့ အဖွဲ့ခွဲ တွေမှာတော့ တစ်လတိတိ နောက်ကျ နေမှာပါ။
လတိုင်းရဲ့ ပထမဆုံး နေ့မှာသာ မုဆိုးစာရင်းကို အပြောင်းအလဲ ပြုလုပ်တာလေ။
အခြား အဖွဲ့ခွဲတွေရဲ့ မုဆိုးစာရင်း မှာတော့ လီဖူချန်းရဲ့ နာမည်က နောက်တစ်လမှာမှ ပါလာပါလိမ့်မယ်။
အဲဒီ အချိန်ကျရင်တော့ လီဖူချန်းရဲ့ အဆင့်ကလည်း ၁၉၈မှာ ရှိနေမယ်လို့ ပြောမရတော့ပါဘူး။ အခြားသော အဖွဲ့ခွဲတွေကလည်း သူတို့ရဲ့ နောက်ဆုံး အပြောင်းအလဲတွေကို ဖော်ပြမှာ ဖြစ်တဲ့ အတွက်ကြောင့်ပါ။
“တိုက်ရိုက် တပည့်ပေါင်း၄၀၀ကျော်မှာ ၄၀၀နီးပါးက လူ၂၀လောက်ဘဲ သတ်ထားတာဘဲ။ ထိပ်ဆုံး အယောက်၂၀ကသာ အရေအတွက် အများကြီး သတ်ထား ကြတာ”
လီဖူချန်းက မုဆိုးစာရင်းကို မော့ကြည့်နေရင်းနဲ့ ထိပ်ပိုင်းမှာ ရှုဖန်းရဲ့ နာမည်ကို တွေ့လိုက်ပါတယ်။
ရှုဖန်းဆိုတာက ခံစားချက်မဲ့ ဓားကို ပြောတာပါ။
သူက မိစ္ဆာလမ်းစဉ်ပညာရှင် ၉၈ယောက်ကို သတ်ထားပြီး အဆင့်၅မှာ ရပ်တည် နေပါတယ်။
သူ့ရဲ့ထိပ်မှာတော့ ဓားအရူး သူတော်နဲ့ ကျားဓားရှင်ပေါ့။
တစ်ယောက် ကတော့ အဆင့်၃ဖြစ်ပြီး နောက်တစ်ယောက် ကတော့ အဆင့်၁မှာပါ။
အဆင့်၃မှာ ရှိနေတဲ့ ဓားအရူးသူတော်က ၁၀၅ယောက်ကို သတ်ဖြတ်ထားပြီး အဆင့်၁မှာ ရှိနေတဲ့ ကျားဓားရှင်ကတော့ ၁၄၅ယောက်အထိ သတ်ဖြတ် ထားပြီးပါပြီ။
ကျားဓားရှင်က တိုက်ပွဲတွေကို နှစ်ခြိုက်တဲ့သူ ဖြစ်တဲ့အတွက် ဓားအရူး သူတော်ထက် သတ်ဖြတ်တဲ့ အရေအတွက် များနေရခြင်း ဖြစ်ဟန် တူပါတယ်။ ဒီအရေအတွက် သာနေတာက ဓားအရူး သူတော်ထက် ပိုစွမ်းတယ်လို့ သတ်မှတ်လို့ မရပါဘူး။
“တိုက်ရိုက် တပည့်တွေ အားလုံးရဲ့ သတ်ဖြတ်မှု တွေကို ပေါင်းလိုက်ရင် မြေကမ္ဘာ ပညာရှင် အယောက် တစ်ထောင်ကျော် ကိုတောင် သတ်ဖြတ် ပြီးသွားပြီပဲ။ ဒါက ကြောက်စရာ ကောင်းလှတဲ့ အရေအတွက်ပါလား ...”
မြေကမ္ဘာအဆင့် ပညာရှင် တစ်ထောင်ကျော် ...
ယုံဝူးမြို့မှာ ရှိတဲ့ အဓိက ကလန်ကြီး လေးခု ပေါင်းလိုက်ရင် တောင်မှ မြေကမ္ဘာအဆင့် ပညာရှင် အယောက်၂၀ မပြည့်ပါဘူးလေ။
ချွမ်စင်းမြို့လို အလယ်အလတ် အဆင့်ရှိတဲ့ မြို့ကြီးတွေမှာ တောင်မှ မြေကမ္ဘာအဆင့် ပညာရှင်က အယောက်၃၀မျှသာ ရှိတတ်တာပါ။
ဒါကြီးက လုံးဝကို ထိတ်လန့် တုန်လှုပ်စရာ ကောင်းတဲ့ အရေအတွက်ကြီးပါပဲ။
***
တကယ်လို့ တိုက်ရိုက် တပည့်တွေက အသက်၄၀ မပြည့်ခင်မှာ ကောင်းကင် နယ်ပယ်ကို တက်လှမ်းနိုင်ခြင်း မရှိဘူး ဆိုရင်တော့ အလိုလိုနေရင်း အပြင်စည်း အကြီးအကဲ ဖြစ်သွားမှာပါ။
တိုက်ရိုက် တပည့်တွေ တော်တော်များများဟာ အသက်၂၀ ဝန်းကျင်တွေမှာ တိုက်ရိုက်တပည့်တွေ ဖြစ်ခဲ့ကြတာဘဲ ဖြစ်ပါတယ်။ သူတို့ ကောင်းကင် နယ်ပယ်ကို မရောက်ခင် အထိဆိုရင် ၁၀နှစ် ကျော်လောက်ကို မြေကမ္ဘာအဆင့်မှာ နေခဲ့ရတယ်လေ။
ဒီဆယ်စုနှစ် တစ်ခုကျော် အတွင်းမှာ တိုက်ရိုက် တပည့်တွေက မြေကမ္ဘာအဆင့် ပညာရှင် တစ်ထောင်ကျော်ကို သတ်ဖြတ် ခဲ့တယ်ဆိုရင်တော့ လက်သင့် ခံစရာပါဘဲ။
ဒါတောင်မှ ကောင်းကင်နယ်ပယ် အဆင့်ကို တက်လှမ်းသွားတဲ့ သူတွေရဲ့ သတ်ဖြတ်မှု အရေအတွက် တွေကို ထည့်တွက် မထားလို့ပါ။ သူတို့ရဲ့ သတ်ဖြတ်ထားတဲ့ အရေအတွက်တွေပါ ပေါင်းလိုက်မယ် ဆိုရင် နှစ်ထောင်လောက်ကို ရှိသွားနိုင်ပါတယ်။
မုဆိုးစာရင်းမှာက လက်ရှိ တိုက်ရိုက် တပည့်တွေကိုဘဲ ထည့်သွင်း ဖော်ပြထားတယ်လေ။ တိုက်ရိုက်တပည့် မဟုတ်တော့တဲ့ သူတွေကိုဆိုရင်တော့ မုဆိုး စာရင်းထဲက ထုတ်လိုက်ပါတယ်။
ဒါပေမဲ့ လီဖူချန်း မသိတာ တစ်ခုက ဒီစာရင်းထဲမှာ ပါတဲ့ တိုက်ရိုက်တပည့်တွေက မိစ္ဆာလမ်းစဉ် ပညာရှင်တွေကိုဘဲ သတ်ဖြတ်ထားတာ မဟုတ်ဘဲ အခြားသော ဂိုဏ်းတွေက မြေကမ္ဘာအဆင့် ပညာရှင်တွေကိုပါ သတ်ဖြတ် ထားတယ် ဆိုတာပါပဲ။
ဥပမာ ပြောရရင် ခရမ်းရောင် ဆေဘာဂိုဏ်း ဒါမှမဟုတ် ဝိညာဉ်ကဝေ ဂိုဏ်းတို့က မြေကမ္ဘာအဆင့် ပညာရှင်တွေပေါ့။
နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အိမ်နီးနားချင်း ဂိုဏ်းတွေဟာ အနည်းအချင်းတော့ ပြဿနာ တက်လေ့ ရှိတတ်ကြ တာပါဘဲ။
လွန်ခဲ့တဲ့ နှစ်အနည်းငယ် လောက်တုန်းက ဆိုရင် မိုးပြာရောင်ဂိုဏ်းက တပည့်တွေနဲ့ ကောင်းကင် နတ်ဆိုးဂိုဏ်းက တပည့်တွေ ကတောက်ကဆ ဖြစ်ခဲ့တယ်လေ။ အဲဒီက စလိုက်တဲ့ ပြဿနာက ကောင်းကင်နယ်ပယ် ပညာရှင် အတော်များများနဲ့ မြေကမ္ဘာအဆင့် ပညာရှင် တစ်ထောင်လောက်ကို ဝင်ရောက် တိုက်ခိုက် စေရတဲ့ အထိပါဘဲ။
***
သည်လိုနဲ့ဘဲ အချိန်တွေက တစ်ရက်ပြီး တစ်ရက် ကုန်ဆုံး ခဲ့ပြန်ပါပြီ။
အုပ်စု၁၀ကတော့ အရင်လိုဘဲ သာသာယာယာ ရှိနေပါတယ်လေ။ တစ်ခါတစ်ရံ မှာတော့ တာဝန်တွေ ပေါ်လာခဲ့ပေမဲ့လည်း သိပ်ပြီး အန္တရာယ်များတဲ့ ကိစ္စတွေတော့ မဟုတ်တော့ပါဘူး။
ပထမဆုံးလ ကုန်ဆုံးသွားပြီး ဒုတိယမြောက် လရဲ့ ပထမဆုံး နေ့မှာတော့ မုဆိုးစာရင်းက နောက်ဆုံး အပြောင်းအလဲတွေကို ဖော်ပြ လာပါတယ်။ ထင်ထားခဲ့တဲ့ အတိုင်းပါပဲ။ လီဖူချန်းရဲ့ အဆင့်က ၁၉၈ကနေ ၂၁၅ကို ထိုးကျသွား ခဲ့တယ်လေ။
ဒါကိုတော့ လီဖူချန်းက အရေးတယူ လုပ်မနေပါဘူး။ သတ်ဖြတ်မှု အရေအတွက် ဆိုတာက ထောက်ပံ့ရေး ရမှတ်ရဖို့ပဲ မဟုတ်ပါလား။
မိစ္ဆာလမ်းစဉ် ပညာရှင် တစ်ယောက်ကို သတ်ဖြတ်နိုင်မှ ထောက်ပံ့ရေး ရမှတ် နှစ်သောင်းလောက်ဘဲ ရတာပါ။ လီဖူချန်း ဆီမှာက ထောက်ပံ့ရေး ရမှတ် သန်းနဲ့ချီပြီး ရှိနေပါသေးတယ်။ ဒီအဆင့် သတ်မှတ်ချက်က လီဖူချန်း အတွက် ဘာမှ အရေးမပါ တော့ပါဘူးလေ။ သူဒီကို လာခဲ့တယ် ဆိုတာက အတွေ့အကြုံ ရဖို့ သက်သက်ပါဘဲ။
***
မိစ္ဆာလက်ဝါး အစည်းအရုံးရဲ့ ဌာနချုပ်ဖြစ်တဲ့ မြေအောက် တစ်နေရာမှာတော့ ...
အနက်ရောင် ဝတ်စုံတွေနဲ့ လူတစ်စုဟာ အရေးကြီး ကိစ္စတစ်ခုကို တိုင်ပင်ဆွေးနွေး နေကြဟန် တူပါတယ်။
“ငါတို့ရဲ့ အဖွဲ့ခွဲတစ်ခုက မိုးပြာရောင်ဂိုဏ်းရဲ့ အဖွဲ့ခွဲ၇ကြောင့် ပျက်စီး သွားခဲ့ရပြီ။ ငါတို့ ဒီအတိုင်း ငြိမ်နေလို့တော့ မရဘူး။ ငါတို့ ညီနောင်တွေ အတွက် တစ်ခုခု လက်တုံ့ပြန်မှ ဖြစ်တော့မယ်။
“ဒါပေါ့…။ ဒီခွေးမသားတွေကို ကျောင်းမှန်းကန်မှန်း သိအောင် ဆုံးမမှကို ဖြစ်တော့မယ်။ ဒါပေမဲ့ ငါတို့ အချိန်အကြာကြီး လုပ်လို့တော့ မဖြစ်ဘူး။ ဒီခွေးမသားတွေရဲ့ စစ်ကူတွေ မလာခင် အပြတ်ရှင်းနိုင်ဖို့ လိုတယ်”
“ချကွာ ... မိုးပြာရောင်ဂိုဏ်းက မအေလိုးတွေကို သင်ခန်းစာ ပေးကြမယ်။ ငါတို့ မိစ္ဆာလက်ဝါး အစည်းအရုံးကို ရန်လာစရင် ဘယ်လို ပြန်ပေးဆပ် ရမလဲဆိုတာကို ပြလိုက်ရအောင်”
“ငါတို့ ဘယ်အချိန် စကြမလဲ”
“နောက်ထပ်သုံးရက် နေရင် ချမယ်ကွာ။ ဒီသုံးရက် အတွင်းမှာ ငါတို့ အစည်းအရုံးက လူတွေကို ရနိုင်သလောက် စုကျ။ ပြီးတာနဲ့ အဖွဲ့ခွဲ၇ကို အမျိုးဖြုတ် ပစ်မယ်။ တကယ်လို့ အချိန်တွေ ပိုနေရင် အဖွဲ့ခွဲ၆နဲ့ အဖွဲ့ခွဲ၅ကိုပါ ရှင်းမယ်ကွာ ...”
“ဟုတ်ပြီလေ …။ အဖွဲ့ခွဲ၇ကို ရှင်းပြီးတာနဲ့ ငါတို့က အဆိပ်၅ပါး ဂိုဏ်းနဲ့ ပူးပေါင်း လိုက်ကြတာပေါ့။ အဆိပ်၅ပါးဂိုဏ်းက အစောကြီး ကတည်းက ငါတို့ကို ဖိတ်ခေါ်နေတာ။ သူတို့နဲ့ ပူးပေါင်း ပြီးသွားရင် မိုးပြာရောင် ဂိုဏ်းကို ကြောက်စရာ မလိုတော့ဘူး။”
အစည်းအဝေးက လျင်မြန်စွာဘဲ ပြီးဆုံး သွားပါတယ်။ အဖွဲ့ခွဲ၇က လူတွေကတော့ ကပ်ဆိုးကြီး တစ်ခု သူတို့ဆီကို သုံးရက် အကြာမှာ ရောက်လာတော့မယ် ဆိုတာကို မသိကြသေး ပါဘူးလေ ... ။
***