← Chapters

ကပ်ဆိုး

Vol. 14 Ch. 188

ကပ်ဆိုး

Vol. 14 Ch. 188

သူ့ရဲ့ စိတ်ဝိညာဉ်က အပြာနုရောင် ဘက်ကို လုံးဝကူးပြောင်း ပြီးသွားတဲ့ နောက်မှာတော့ လီဖူချန်းရဲ့ ထိုးထွင်း သိမြင်မှုတွေက လုံးဝကို ကြောက်စရာ ကောင်းနေခဲ့ပါပြီ။

လွန်ခဲ့တဲ့ တစ်လကပဲ သူ့ရဲ့ အစစ်အမှန် ငရဲမီးတောက် အတွင်းအား ကျင့်စဉ်က အဆင့်၁၄ကို ရောက်ခဲ့တာလေ။ အခုတစ်ခါ ထပ်ပြီး အဆင့်၁၅ကို ချိုးဖောက် ဝင်ရောက်တော့မယ့်ပုံ ပြနေပြန်ပါပြီ။

ဆန်းကြယ် အထွတ်အထိပ် အတွင်းအား ကျင့်စဉ်ဖြစ်တဲ့ ငရဲမီးတောက် ကျင့်စဉ်ဟာ အဆင့်တစ်ဆင့် တက်ဖို့အတွက် အချိန်အတော်လေး ပေးရတာ ဖြစ်ပါတယ်။ အဆင့် တစ်ဆင့်ကို တစ်နှစ် အတွင်းမှာ တက်လှမ်းနိုင်မယ် ဆိုရင်ကို အတော်လေး ပါရမီ ကောင်းတဲ့လူလို့ သတ်မှတ်လို့ ရတဲ့ အနေအထားပါ။ အဲဒါကို လီဖူချန်းက တစ်လတည်းနဲ့ နောက်တစ်ဆင့်ကို တက်လှမ်း တော့မယ် ဆိုတော့ ဒါကြီးက လုံးဝကို နိယာမ တရားတွေနဲ့ ဆန့်ကျင် နေပါပြီလေ။

တောက်ပနေတဲ့ နေရောင်ခြည် အောက်မှာတျော့ လီဖူချန်း တစ်ယောက်  နေပူဆာ လှုံနေရင်းနဲ့ သူ့ကိုယ်သူ ပြန်သုံးသပ် နေပါတယ်။

သူ့ရဲ့ခန္ဓာကိုယ် ထဲမှာတော့ အစစ်အမှန် ငရဲမီး အတွင်းအား လှိုင်းတွေက  အစီအစဉ်တကျ လှည့်ပတ် စီးဆင်းနေပြီး  ကောင်းကင်နဲ့ မြေကြီးထဲမှာ ရှိနေတဲ့ အပူစွမ်းအင်တွေကို စုပ်ယူ နေပါတယ်။

အတွင်းအား ကျင့်စဉ်တွေကလည်း စွမ်းအင်တွေကို စုပ်ယူဖို့ လိုအပ်တာပါပဲ။ ဒါပေမဲ့ ဒီကျင့်စဉ်တွေက စွမ်းအင် အနည်းငယ်လောက်ပဲ လိုအပ်တယ်လေ။ ဒီကျင့်စဉ်တွေက အရည်အသွေးပိုင်း ကိုဘဲ အဓိက ထားတာပါ။

ခန္ဓာငါးပါး စလုံးက ကောင်းကင်ကို မျက်နှာမူနေပြီး နောက်မှာတော့ သူ့ရဲ့ ဒျန့်တျန်(စွမ်းအင် ဗဟိုချက်မ ပင်လယ်) ထဲမှာလည်း နေတစ်စင်း ပေါ်လာသလို ခံစားနေရပါတယ်။  ကောင်းကင်ပေါ်က နေတစ်စင်းနဲ့  သူ့ရဲ့ ဒန့်တျန်ထဲက နေတစ်စင်းဟာ အလွန် သဟဇာတ ဖြစ်စွာနဲ့ ဆက်သွယ်လျက် ရှိနေပါတယ်။ အဲဒါက အရမ်းကို ထူးခြား ဆန်းကြယ်တဲ့ ဆက်နွယ်နေမှု တစ်ခုပါဘဲ။

( ခန္ဓာငါးပါး ဆိုတာက လက်ဖဝါးနှစ်ခု ခြေဖဝါးနှစ်ခုနဲ့ ငယ်ထိပ်ကို ဆိုလိုတာပါ။)

သိုင်းပညာရပ် အမျိုးအစား တိုင်းစီမှာ (အတွင်းအား ကျင့်စဉ် အပါအဝင်) ကောင်းကင်နဲ့ မြေကြီးရဲ့ လျှို့ဝှက် ဆန်းကြယ်မှုတွေ ပါဝင်ပါတယ်။ တစ်ချို့ကတော့ အနည်းငယ်ပဲ ပါဝင်ပြီး အချို့က အများကြီး ပါဝင်တာပဲ ကွာသွားတာပါ။ ပညာရပ်တွေက ပိုပြီး အဆင့်မြင့်လာလေလေ  ကောင်းကင်နဲ့ မြေကြီးရဲ့ လျှို့ဝှက် ဆန်းကြယ်မှုတွေက ပိုပြီး ပါဝင်လာ လေလေပါဘဲ။

ဒဏ္ဍာရီတွေ ပါးစပ် ပုံပြင်တွေ ထဲမှာတော့  ကောင်းကင်အဆင့် ပညာရပ်တွေကို အဆုံးစွန်ဆုံး အဆင့်အထိ လေ့ကျင့်နိုင် ခဲ့မယ်ဆိုရင် အဲသည် ဖြစ်ပေါ်လာတဲ့ ပညာရပ် ဆန္ဒက ကောင်းကင်နဲ့ မြေကြီး ဘယ်လို ဖြစ်တည် နေသလဲ ဆိုတာကိုပါ သိနိုင်လိမ့်မည်တဲ့။

ဒါပေမဲ့ အဲဒါက တကယ် ဟုတ်မဟုတ် ဆိုတာကို ဘယ်သူမှ မသိကြပါဘူး။

သေချာတာ တစ်ခုကတော့ မြေကမ္ဘာအဆင့် ပညာရပ် တွေကို အဆုံးစွန်ထိ လေ့ကျင့်ပြီး ဖြစ်ပေါ်လာတဲ့  ပညာရပ် ဆန္ဒကတောင်  အတော်လေး အစွမ်းထက်နေပြီ ဆိုတာပါဘဲ။

အတွေးလေး တစ်ခုနဲ့တင် တစ်ဖက်လူကို လှမ်းပြီး သတ်ပစ်လို့ ရနေပါပြီ။

တကယ့် ထိပ်သီး ပညာရှင်တွေရဲ့ သင်္ချိုင်းဂူ တွေထဲမှာ ချန်ရစ်ခဲ့တဲ့ အကြွင်းအကျန် အမွေတွေ ဆိုတာဟာ ပညာရပ် ဆန္ဒတွေပဲ ဖြစ်ပါတယ်။ သင်္ချိုင်းဂူထဲကို ကျူးကျော် ဝင်ရောက်တဲ့ သူတွေကတော့ ဒီဆန္ဒတွေရဲ့ တိုက်ခိုက်မှုကို ခံရမှာပါဘဲ။ ကျူးကျော် ဝင်ရောက်သူ ၁၀ယောက်မှာဆိုရင် ၉ယောက်က  ဒီတိုက်ခိုက်မှုတွေကြောင့် သေဆုံးသွား နိုင်ပါတယ်။

အဲဒီထက် ပိုဆိုးတာက ထူးခြားခွဲပြားတဲ့ ဆန္ဒ အမျိုးမျိုးက မတူညီတဲ့ သက်ရောက်မှု အမျိုးမျိုးကို ဖြစ်ပေါ်စေတာပါဘဲ။

တချို့ပညာရပ် ဆန္ဒတွေက တိုက်ခိုက်မှု အပိုင်းကို ပိုဦးစားပေးပြီး တချို့ ပညာရပ် ဆန္ဒတွေက ခုခံမှု အပိုင်းကို ဦးစားပေးပါတယ်။

ဥပမာအားဖြင့် သင်္ချိုင်းဂူ တစ်ခုဟာ ခုခံမှုဘက်ကို ဦးစားပေးတဲ့ ပညာရပ်ဆန္ဒတွေ ရှိနေခဲ့မယ် ဆိုပါစို့။ တော်ရုံတန်ရုံ အရည်အချင်း လောက်နဲ့တော့ အဲဒီဂူထဲကို  ဘယ်လိုမှ ဝင်နိုင်မှာ မဟုတ်ပါဘူး။

***

လီဖူချန်း လေ့ကျင့်နေတဲ့ အစစ်အမှန် ငရဲမီးတောက် အတွင်းအား ပညာရပ်က မြေကမ္ဘာ အဆင့် မဟုတ်သေး ပေမဲ့လည်း  အရမ်းကို နီးစပ်လွန်း နေပါပြီ။ ဒါ့ကြောင့် ဒီပညာရပ် ဆန္ဒက ကောင်းကင်ပေါ်က နေမင်းကြီးနဲ့ တစ်နည်းနည်းအားဖြင့် ဆက်သွယ် နေနိုင်ပုံ ရပါတယ်။

စွမ်းအင်ပင်လယ် ဗဟိုချက်မ ထဲမှာ တည်ရှိနေတဲ့  နေလုံးကြီးက တဖြည်းဖြည်းနဲ့ ပိုကြည်လင် ပြတ်သားလာပြီး မီးတောက်မီးလျှံ တစ်ခုတောင် စတင်ဖြစ်ပေါ် လာပါပြီ။

လီဖူချန်းရဲ့ အစစ်အမှန် ငရဲမီးတောက် ဆန္ဒက ပိုပိုပြီး အားကောင်းလာသည့် ပုံပါဘဲ။

ဒီ အစစ်အမှန် ငရဲမီးတောက် ဆန္ဒလေးက အခုချိန်မှာတော့ မီးတောက်ဆန္ဒလို့ ပြောလို့ရရုံဘဲ ရှိနေပါသေးတယ်။ လုံးဝ ပြီးပြည့်စုံတဲ့ ဆန္ဒတစ်ရပ်တော့ မဖြစ်နိုင်သေးပါဘူး။ ဒီပညာရပ် ဆန္ဒလေးကို ပိုးလေးတစ်ကောင် မွေးသလို တယုတယနဲ့ မွေးထားရဦးမှာပါ။

တစ်နေ့မှာ လီဖူချန်း တစ်ယောက် အစစ်အမှန် ငရဲမီးတောက် အတွင်းအား ပညာရပ်ရဲ့ အဆင့်၂၁ကို ချိုးဖောက်ဝင်ရောက် သွားနိုင်ရင်တော့ ဒီမီးတောက်ဆန္ဒဟာ ကြောက်မက်ဖွယ်ရာကို ဖြစ်လာပါလိမ့်မယ်။ အဲဒီ အခါကျရင်တော့ သူဟာ ပညာရပ်ဆန္ဒကို အသုံးပြုပြီး သတ်ဖြတ်နိုင်စွမ်း ရှိလာမှာပါ။

နေဝင်ဆည်းဆာ အချိန်ကို ရောက်တဲ့ အခါမှာတော့ လီဖူချန်းက သူ့ရဲ့ အတွင်းအား လေ့ကျင့်နေမှုကို ရုတ်သိမ်း လိုက်ပါပြီလေ။

ဟူး ...

သက်ပြင်းရှည်ကြီး တစ်ခုက ချလိုက်တဲ့ အခါမှာတော့ ပူပြင်းလှတဲ့ အငွေ့တွေက လီဖူချန်းရဲ့ ပါးစပ်ထဲကနေ ထွက်လာ ခဲ့ပါတယ်။

နောက်တစ်နေ့မှာလည်း လီဖူချန်းက သူ့ရဲ့ အတွင်းအား လေ့ကျင့်မှုကို နေထွက်မှ နေဝင်သည်အထိ လေ့ကျင့်နေ ပြန်ပါတယ်။

တတိယနေ့ကို အရောက်မှာတော့ ...

သည်ကနေ့ နေကတော့ သာမန်နေ့တွေ ထက်ကိုပိုပြီး ပူပြင်းလှပါတယ်။ ကြည့်ရတာ နေမင်းကြီးက တစ်လောကလုံးကို အငြိုးတကြီးနဲ့ ပူလောင် နေစေချင်သည့် ပုံပါဘဲ။

ပူပြင်းလှတဲ့  နေရောင် အောက်မှာတော့ လေပူတွေနှင့် ဖုန်မှုန့် တွေကသာ ဝဲပျံနေသည်လေ။

လီဖူချန်းရဲ့ စွမ်းအင် ဗဟိုချက်မ ပင်လယ်ထဲမှာ ရှိနေတဲ့ နေ အသေးစား လေးကလည်း အရင်နှစ်ရက်က ထက်ကို ပိုမြန်တဲ့ အရှိန်တွေနဲ့ လည်ပတ်နေပြီး   အပူဓာတ်တွေကို စုပ်ယူ နေပါတယ်။

အချိန်တွေ ဘယ်လောက် ကြာသည်အထိ စုပ်ယူနေ မိမှန်းတောင် မသိတော့တဲ့ အချိန်မှာတော့ လီဖူလျန်းရဲ့ စွမ်းအင်ဗဟိုချက် ပင်လယ်နဲ့ သွေးကြောတွေက အပူဒဏ်တွေကို တောင့်ခံနိုင်စွမ်း မရှိတော့ပါဘူး။ သူ့ရဲ့ သွေးကြောတွေက လောင်ကျွမ်းပြာကျ သွားတော့မည့် အလားပါပဲ။ ထို့နောက်မှာတော့ အစစ်အမှန် ငရဲမီး အတွင်းအားတွေက တစ်ဟုန်ထိုး အရှိန်ဖြင့် လီဖူချန်းရဲ့ ရင်ခေါင်း နားမှာရှိတဲ့ ဒန့်တျန်ထဲကို ဦးတည် ဝင်ရောက် သွားပါတော့တယ်။

ခရက် ... ခရက် ... ဝုန်း ...

လီဖူချန်းရဲ့ ငရဲမီးတောက် အတွင်းအားတွေက  အတားအဆီး တစ်ခုခုကို ချိုးဖျက် လိုက်သည့် ပုံပါဘဲ။

“နောက်ဆုံးမှာတော့ နောက်တစ်ဆင့်ကို ချိုးဖောက် နိုင်ခဲ့ပြီလား ...”

လီဖူချန်းရဲ့ မျက်လုံး တွေထဲမှာက ဝမ်းသာမှု အရိပ်အယောင်တွေ ဖြစ်ပေါ်နေပါတယ်။

အစစ်အမှန် ငရဲမီးတောက် အတွင်းအား ကျင့်စဉ်ရဲ့ အဆင့်၁၅က သူ့ရဲ့ စွမ်းအားတွေကို အကျိုးသက်ရောက် စေသည်လေ။ လီဖူချန်းက သူ့ရဲ့ အသိစိတ် အာရုံကို စွမ်းအင် ဗဟိုချက်မ ပင်လယ်ထဲကို လွှတ်လိုက်တဲ့ အခါမှာတော့ သူ့ရဲ့ နေ အသေးစားလေးက အရင်ကထက် ပိုတောက်ပ နေတာကို သိလိုက်ရပါတယ်။ ဒီနေ အသေးစားလေးက ကျောက်ရည်ပူတွေ စုထားတဲ့ အလုံးလေး တစ်လုံးလိုပါပဲ။

“အစောပိုင်းတုန်းက ငါ့ရဲ့ စွမ်းအင်ဗဟိုချက်မ ပင်လယ်နဲ့ သွေးကြောတွေက လောင်ကျွမ်း သွားတော့မလိုပဲ။ ကြည့်ရတာ ငါ့ရဲ့ ကျင့်ကြံခြင်း အဆင့်က အရမ်းနိမ့် နေလို့ထင်တယ်”

အစစ်အမှန် ငရဲမီးတောက် ပညာရပ်ကို အောင်မြင်အောင် လေ့ကျင့်နိုင်ဖို့ ဆိုရင် လေ့ကျင့်တဲ့ သူရဲ့ သွေးကြောတွေက အပူဒဏ်ကို ကောင်းကောင်း ခံနိုင်ရည် ရှိနေရပါမယ်။ အခြားနည်းဖြင့် ပြောရမယ် ဆိုရင်တော့  ခန္ဓာကိုယ် ကြံ့ခိုင်မှု ကောင်းရမယ် ဒါမှမဟုတ် လိုအပ်တဲ့ ကျင့်ကြံမှု အဆင့်အတန်းမှာ ရှိနေရမယ်ပေါ့။ ဒါမှသာ အပူဒဏ်တွေကို ခံနိုင်မှာပါ။

လီဖူချန်းရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုက မိုးပြာဂိုဏ်း တစ်ခုလုံးမှာတောင် ထိပ်တန်း အဆင့်မှာ ရှိနေတယ်လို့ ပြောလို့ရနေပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ မိုးပြာရောင်ဂိုဏ်းမှာ ရှိနေတဲ့ ခန္ဓာကိုယ် သန့်စင်မှု ကျမ်းတွေက ဆန်းကြယ် အဆင့်မြင့် အထိသာ ရှိနေသည်လေ။

ဒါပေမဲ့လည်း လီဖူချန်းရဲ့ ကျင့်ကြံမှု အဆင့်ကတော့ အရမ်းကို နိမ့်နေပါသေးသည်။ လီဖူချန်း နေရာမှာသာ အခြားသော မြေကမ္ဘာအဆင့်၁ ပညာရှင်ဆိုရင်  အစစ်အမှန် ငရဲမီးတောက် အတွင်းအား ပညာရပ် အဆင့်၁၅ကို ချိုးဖောက်ဖို့ ကြိုးစား နေတုန်းမှာပဲ အသက်ကို စတေးလိုက် ရနိုင်ပါတယ်။

ဒီကိစ္စ အတွက်ကတော့ လီဖူချန်းရဲ့  ထိုးထွင်း သိမြင်နိုင်မှုကို ကောင်းစေတဲ့ စိတ်ဝိညာဉ်ကိုပဲ ကျေးဇူးတင်ရမှာပါ။

“ရေခဲမီးလျှံ ကြာပန်းက ငါ အဆင့်၁၇ကို ချိုးဖောက် ဝင်ရောက်တဲ့ အခါမှာ အကူအညီ ပေးနိုင်ဖို့ပဲ မျှော်လင့် ရတော့မယ်။ အဆင့် ၁၆ကိုတော့ ငါ ကြိုးကြိုးစားစားနဲ့ လေ့ကျင့်လိုက်ရင် အောင်မြင်နိုင် ပါသေးတယ်”

လီဖူချန်းက ဆေးပင်တစ်ရာ လျှို့ဝှက်နယ်မြေ မှာတုန်းက ရေခဲမီးလျှံ ကြာပန်းကို ရခဲ့တယ်လေ။ ဒီကြာပန်းက အပူဓာတ်နဲ့ အအေးဓာတ်ကို လေ့ကျင့်တဲ့ သူတွေကို ကောင်းကောင်းကြီး အထောက်အကူ ပေးနိုင်ပြီး  လေ့ကျင့်တဲ့ သူရဲ့ သွေးကြောတွေကို  မထိခိုက်အောင်  ကောင်းကောင်းကြီး အကာအကွယ် ပေးထားနိုင်ပါတယ်။

သူ့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုက အဆင့်၁၆ကို ချိုးဖောက် ဝင်ရောက်တဲ့ အခါမှာတော့ ကောင်းကောင်းကြီး ခံနိုင်လိမ့်မယ်လို့ လီဖူချန်းက ယုံကြည် ထားပါတယ်။ အနည်းအကျဉ်းတော့ နာကျင်မှုဒဏ်နဲ့ အပူဒဏ်တွေကို ခံရမှာပေါ့လေ။

အစစ်အမှန် ငရဲမီးတောက် အတွင်းအား ကျင့်စဉ်က အဆင့်၁၅ကို ရာက်ပြီးတဲ့ အခါမှာတော့ လီဖူချန်းရဲ့ အတွင်းအားတွေက ပိုပြီး သန့်စင် လာခဲ့ပါပြီ။ သူ့ရဲ့ ငရဲမီးတောက် ဆန္ဒကလည်း ပိုပြီး အားကောင်း လာသလို ကျင့်ကြံခြင်း နယ်ပယ်မှာလည်း အဆင့်တက် လုနီးပါး ဖြစ်လာတယ်။ ကြည့်ရတာတော့ သိပ်မကြာခင်မှာဘဲ မြေကမ္ဘာအဆင့်၂ကို ရောက်တော့မည့် ပုံပါပဲလေ။

“ဒါက နောက်ဆက်တွဲ အကျိုးသက်ရောက်မှုပဲ ဖြစ်ရမယ်”

လီဖူချန်းက အဆင့်တက်ဖို့ကို သိပ်မလော သေးပါဘူး။ သူက အစစ်အမှန် ငရဲမီးတောက် အတွင်းအား ကျင့်စဉ်ရဲ့ အဆင့်၁၅ကို အခြေတကျ ဖြစ်အောင် လုပ်ဆောင် ရပါဦးမယ်။

***

နောက်ထပ် နှစ်ရက် အကြာမှာတော့ ...

လီဖူချန်းက ဝင်လေ ထွက်လေကို တစ်ဝကြီး ရှူလိုက်ပြီး  မြေကမ္ဘာအဆင့်၂ကို ချိုးဖောက် ဝင်ရောက်ဖို့ အတွက် စတင်ပြင်ဆင် ပါတော့တယ်။

အစစ်အမှန် ငရဲမီးတောက် အတွင်းအားတွေကို လှည့်ပတ် စေလိုက်ပြီး ကောင်းကင်နဲ့ မြေကြီးက စွမ်းအင် ပမာဏ အမြာက်အမြားကို စုပ်ယူနေပါပြီ။

အဲဒါက ချီဝိညာဉ် မုန်တိုင်း တစ်ခုကို အစပျိုးလာဖို့ ကြိုးစား နေတယ်လေ။

“ငါက ဆေးဝါး အကူအညီ ယူမှပဲ ဖြစ်လိမ့်မယ်”

သည်နေရာက ဆေးပင်၁၀၀ လျှို့ဝှက်နယ်မြေ မဟုတ်တဲ့ အတွက် ကောင်းကင်နဲ့ မြေကြီးက စွမ်းအင်တွေက လုံလောက်တဲ့ သန့်စင်မှုမျိုးမှာ ရှိမနေပါဘူး။

ကြည့်ရတာတော့ လီဖူချန်းက ဆေးဝါး အကူအညီ မပါနဲ့ မြေကမ္ဘာအဆင့်၂ကို ချိုးဖောက် ဝင်ရောက်နိုင်ဖို့ မလွယ်ပါဘူးလေ။

အဝါရောင် အထွတ်အထိပ် ဆေးလုံး တစ်လုံးကို ထုတ်ယူ သောက်သုံးလိုက်ပြီး လီဖူချန်းက ဆေးလုံးရဲ့ အာနိသင်တွေကို စုပ်ယူ လိုက်ပါတယ်။

မရသေးပါဘူး။ အတော်လေးကို လိုနေပါသေးတယ်။

လီဖူချန်းက နောက်ထပ် ဆေးလုံး တစ်လုံးကို ထုတ်သောက် လိုက်ပြန်ပါပြီ။

ဒီလိုနဲ့ပဲ နှစ်နာရီ အတွင်းမှာ အဝါရောင် အထွတ်အထိပ် ဆေးလုံး ၅လုံးကို လီဖူချန်းက သောက်ပြီးသွား ခဲ့ပါပြီ။ ထောက်ပံ့ရေး ရမှတ်နဲ့ ဆိုရင်တော့ အမှတ်ပေါင်း ၅၀၀၀၀ နီးပါးကို သုံးလိုက် သလိုပါပဲ။

တော်သေးတာ တစ်ခုက လီဖူချန်းဆီမှာ ထောက်ပံ့ရေး ရမှတ်တွေ အတော်လေး ပေါနေတာပါ။

***

မြေပြင်ကနေ မီတာထောင်ပေါင်း များစွာ မြင့်တဲ့ ကောင်းကင် တစ်နေရာမှာတော့  အဆင့်၂ ဝိညာဉ်သားရဲ တစ်ကောင်ဖြစ်တဲ့ တိမ်ညွှန့်စား သိမ်းငှက်ဟာ လေဟုန်စီးပြီး ပျံသန်း နေပါတယ်။

တိမ်ညွှန့်စား သိမ်းငှက်ရဲ့ ကျောပေါ်မှာတော့ မြေကမ္ဘာအဆင့် ပညာရှင် တစ်ယောက်က  မတ်တတ်ရပ်လျက် ရှိနေတယ်လေ။ သူ့ရဲ့ အသွင်အပြင်နဲ့ ဝတ်စုံကို ကြည့်ရသလောက် ကတော့ မိုးပြာရောင် ဂိုဏ်းသား တစ်ယောက် ဆိုတာ အသေအချာပါပဲ။

သူကတော့ အဖွဲ့ခွဲ၇ရဲ့ ကင်းထောက်သမား ဖြစ်ပါတယ်။ ကင်းထောက် သမားတွေက အဖွဲ့ခွဲ၇ရဲ့ ပတ်ဝန်းကျင် အခြေအနေ တစ်ခုလုံး ဘေးကင်းမှု ရှိမရှိကို အမြဲမပြတ် စောင့်ကြည့် နေရသူတွေပါ။

မိစ္ဆာလက်ဝါး ဂိုဏ်းရဲ့ အဖွဲ့ခွဲ တစ်ခုလုံးက ဘာဖြစ်လို့ အမြစ်ပြတ် သုတ်သင် ခံလိုက်ရသလဲ ဆိုတော့ သူတို့မှာ  ပျံသန်းနိုင်တဲ့ ဝိညာဉ်သားရဲတွေ ရှိမနေလို့ပါပဲ။  ဒီပျံသန်းနိုင်တဲ့ သားရဲတွေက ဂိုဏ်းကြီးတွေမှာဘဲ မွေးမြူ ထားနိုင်တာလေ။ ဒါက ဂိုဏ်းတော်တွေရဲ့ အဓိက အားသာချက်ပါပဲ။ ကောင်းကင်ကနေ ကင်းထောက်လှမ်းတာက မြေပြင်ကနေ ထောက်လှမ်းတာထက် အများကြီး အားသာချက်တွေ ရှိပါတယ်။

ကင်းသမားက အရည်ရွှမ်းနေတဲ့ သစ်သီး တစ်လုံးကို ကိုက်နေရင်းနဲ့ မြေပြင် အခြေအနေတွေကို  စစ်ဆေး နေပါတယ်။

“ဟင်”

သူ့ရဲ့အောက် တစ်နေရာမှာတော့ အနက်ရောင် လူအုပ်စုကြီး တစ်အုပ်ဟာ အဖွဲ့ခွဲ၇ဆီကို တိတ်တဆိတ် ချီတက် နေကြတယ်လေ။

“ဒါ ... ဒါက …ရန်သူတွေပဲ”

ကင်းသမားက သူ့ရဲ့ သိမ်းငှက်ကြီးကို နောက်ပြန်လှည့် စေလိုက်ပြီး သတင်းပေးဖို့ အတွက် ပြင်ဆင် လိုက်ပါတယ်။

“သေစမ်း”

အဲဒီ အချိန်မှာဘဲ အနက်ရောင် ဝတ်စုံနဲ့ လူတစ်ယောက်က တိမ်တွေ ကြားထဲကနေ ထွက်ပေါ်လာပြီး ကင်းသမားကို ရိုက်ချ လိုက်ပါတယ်။

အဲဒါကတော့ ကောင်းကင်နယ်ပယ် ပညာရှင်ပါပဲ။

ဝေါ့ ...

ကင်းသမားနဲ့ သိမ်းငှက်ကြီးဟာ မြေပြင်ပေါ်ကို တစ်ဟုန်ထိုး ပြုတ်ကျ သွားခဲ့ပါပြီ။

ရွှီး ... ဒိုင်း ...

အနီရောင် မီးပန်းတစ်ခုက ထွက်ပေါ်လာပြီး ကောင်းကင် တစ်ခုလုံးကို နီရဲသွား စေခဲ့ပါတယ်။

အနက်ရောင် ဝတ်စုံနဲ့လူက ကြောင်အပြီး ငေးကြည့် နေမိတယ်လေ။ ဒီကင်းသမားက နောက်ဆုံး အချိန်လေးမှာတောင် အချက်ပြသွား ခဲ့မယ်လို့ ဘယ်သူက ထင်မိမှာလဲ။

“အရေးမကြီး တော့ပါဘူးလေ…။ နောက်ထပ် နေ့တစ်ဝက် ဆိုရင်ဘဲ အဖွဲ့ခွဲ၇ကို ရောက်တော့မှာဘဲ။ ငါတို့ လာနေတာကို သိရင်တောင် ဒီကောင်တွေ ဘာမှ မတတ်နိုင် တော့ပါဘူး ...”

နောက်ထပ် ဝတ်စုံနက် လူတစ်ယောက်က ပေါ်လာပြီး သွေးအေးအေးဖြင့် ပြောလိုက်ပါတယ်။

***

- အဖွဲ့ခွဲ၇ -

“အဖွဲ့ခွဲမှူး ... တစ်ယောက်ယောက်က အနီရောင် အမှတ်အသား  မီးပန်းကို အချက်ပြ သွားခဲ့တယ်”

ကင်းသမား တစ်ယောက်က ခန်းမထဲကို အလျင်စလိုနဲ့ ဝင်ရောက် လာခဲ့ပါတယ်။

“အနီရောင် အမှတ်အသားလား ...”

ဝမ်ကန်းရဲ့ မျက်နှာက အကြီးအကျယ် ပျက်သွား ခဲ့ပါပြီ။ အနီရောင် အမှတ်အသားရဲ့ အဓိပ္ပာယ်က ရန်သူတွေ ကျူးကျော် ဝင်ရောက် လာတယ်ဆိုတဲ့ သဘောပါဘဲ။

“ငါ့အမိန့်ကို အဖွဲ့ခွဲ တစ်ခုလုံးကို ဖြန့်လိုက်။ လူအားလုံးက အခုချက်ခြင်း အဖွဲ့ခွဲ၆ကို သွားရမယ်”

ဒီကိစ္စက အဖွဲ့ခွဲ၇ရဲ့ သေရေး ရှင်ရေးနဲ့ သက်ဆိုင် နေပါတယ်။ ဝမ်ကန်းက ရန်သူတွေ အဖွဲ့ခွဲ၇ကို ဝိုင်းမိသွားမဲ့ အဖြစ်မျိုးကို မလိုချင်ပါဘူး။

***

All Chapters