← Chapters

သေပြေးရှင်ပြေး

Vol. 14 Ch. 189

သေပြေးရှင်ပြေး

Vol. 14 Ch. 189

ရုတ်တရက် ရောက်လာတဲ့ အမိန့်တော်က လူတိုင်းကို သို့လောသို့လော ဖြစ်သွားစေပါတယ်။

အဖွဲ့ခွဲ၇ တစ်ခုလုံးတောင် ပြောင်းပြေး ရတယ်ဆိုတော့ ရန်သူတွေက အတော်လေး ကြောက်စရာ ကောင်းမည့် ပုံပါဘဲလေ။

“ရန်သူတွေက မိစ္ဆာလက်ဝါး အစည်းအရုံး ဌာနချုပ်ပဲ ဖြစ်ရမယ်”

လီဖူချန်းက အဖြစ်နိုင်ဆုံးကို ခန့်မှန်း လိုက်နိုင်ပါတယ်။

မိုးပြာရောင်ဂိုဏ်းရဲ့ နယ်နိမိတ်ထဲမှာ ရှိနေတဲ့ ကြောက်စရာ အကောင်းဆုံး မိစ္ဆာ အဖွဲ့အစည်း ၁၀ခုမှာ တစ်ခု အပါအဝင် ဖြစ်တဲ့ မိစ္ဆာလက်ဝါး အစည်းအရုံးဟာ ခေတဲ့ အဖွဲ့တစ်ခုတော့ မဟုတ်ပါဘူး။ မိစ္ဆာလက်ဝါး အစည်းအရုံးက အင်တိုက်အားတိုက် တိုက်ခိုက်လာပြီ ဆိုရင်တော့  အဖွဲ့ခွဲ၇က ဘယ်လိုမှ ခုခံနိုင်မှာ မဟုတ်ပါဘူးလေ။

မိစ္ဆာ အဖွဲ့အစည်း တွေရဲ့ အင်အားကို အထင်မသေးတာ အကောင်းဆုံးပါဘဲ။

ကောလာဟလတွေ အရ ဆိုရင်တော့ မိစ္ဆာ အဖွဲ့အစည်း တွေရဲ့ တကယ့် အစစ်အမှန် အင်အားတွေက ဂိုဏ်းတစ်ခု ကိုတောင် အမြစ်ပြတ် ချေမှုန်းလို့ ရပါတယ်တဲ့။

ဒါပေမဲ့လည်း မိစ္ဆာ အဖွဲ့အစည်းတွေက သူတို့ရဲ့ အစစ်အမှန် အင်အားကို  ဘယ်တော့မှ  အတိအလင်း ထုတ်ပြလေ့ မရှိပါဘူး။ သူတို့ဟာ အမှောင်တွေ ထဲမှာပဲ ပုန်းအောင်းနေလေ့  ရှိပါတယ်။ သူတို့သာ အတိအလင်း ကြော်ငြာ လိုက်မယ်ဆိုရင် မြောက်မြားစွာသော လမ်းမှန်ဂိုဏ်း တွေက လက်တွဲပြီး တိုက်ခိုက် လာကြမှာပါ။ အတိတ်တုန်းက မကောင်းဆိုးဝါး လက်သီးဂိုဏ်းကို တိုက်ခိုက် ခဲ့သလိုပေါ့။

အဖွဲ့ခွဲ၇က အဖွဲ့ဝင်တွေ အားလုံးဟာ မားရှန်မြင်း ကိုယ်စီနဲ့ အဖွဲ့ခွဲ၆ ရှိရာဆီကို အလျင်အမြန် ဆုတ်ခွာ သွားကြပါပြီ။

အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးမှာတော့  မားရှန်မြင်းတွေဟာ တစ်နေရာ ကနေ တစ်နေရာကို သွားလာဖို့ အတွက် အကောင်းဆုံးပါပဲ။ ဂိုဏ်းတိုင်း ဂိုဏ်းတိုင်းဟာ မားရှန်မြင်းပေါင်း သောင်းနဲ့ချီပြီး မွေးမြူထားပါတယ်။

မားရှန်မြင်းတွေဟာ အလွန် လျင်မြန်တဲ့ အရှိန်အဟုန်နဲ့ ပြေးလွှား နိုင်တဲ့အပြင် သက်လုံပိုင်း မှာလည်း အတော်လေး ကောင်းမွန်လှတဲ့ မြင်းမျိုးပါပဲ။

မားရှန်မြင်း တွေဟာ ဘယ်လောက်ဘဲ လျင်လျင်မြန်မြန် ပြေးနိုင်ပါစေဦး။ ပျံသန်းပြီး လိုက်ပါလာတဲ့ ကောင်းကင် နယ်ပယ်က ပညာရှင်တွေရဲ့ အမြန်နှုန်း ကိုတော့ မယှဉ်နိုင် သေးပါဘူးလေ။

ကောင်းကင် နယ်ပယ် အဆင့်မှာ ရှိနေတဲ့ မိစ္ဆာလမ်းစဉ် ပညာရှင် ၅ဦးဟာ အဖွဲ့ခွဲ၇ရဲ့ ဆုတ်ခွာလမ်းကို ပိတ်ထား လိုက်ပါပြီ။

အဖွဲ့ခွဲ ၇မှာတော့ ကောင်းကင် နယ်ပယ်ပညာရှင် ၃ဦးပဲ ရှိတာပါ။

တစ်ယောက်က  အဖွဲ့ခွဲ၇ ခေါင်းဆောင် ဝမ်ကန်း ဖြစ်ပြီး ကျန်နှစ်ယောက် ကတော့ လက်ထောက် အဖွဲ့ခွဲမှူး နှစ်ယောက် ဖြစ်ပါတယ်။

မိစ္ဆာလမ်းစဉ် ပညာရှင် ငါးဦးထဲမှာ တစ်ယောက်က အလယ်အလတ် အဆင့်ကို ရောက်နေခဲ့ပါပြီ။ အဲဒါက အဖွဲ့ခွဲ၇ကို အခြေအနေ ပိုဆိုးသွား စေပါတယ်။ ထိုသူက ကောင်းကင်နယ်ပယ် အဆင့်၄ ဆိုပေမဲ့  အတော်လေးကို အစွမ်းထက် မယ်ဆိုတာ ယုံမှားစရာ မရှိပါဘူး။

“မင်းတို့ အားလုံး ပြေးနိုင်သလောက် ပြေးကြပေတော့ ... နောက်ဆံ လုံးဝ တင်းမနေနဲ့ …”

ဝမ်ကန်းက အော်ဟစ်ပြီး အမိန့်ပေး လိုက်ပါတယ်။

ဒါက သေခြင်းနဲ့ ရှင်ခြင်းကြားက ကစဉ့်ကလျား ကပ်ဆိုး တစ်ခုပါဘဲ။ တစ်ခြားသူကို ကယ်ဖို့ မပြောနဲ့။ ကိုယ့်အသက်ကို ကိုယ်တောင် အစိုးမရ တော့ပါဘူး။ သူ သေတာက  ပြဿနာ မရှိပါဘူး။ တကယ့် ပြဿနာက တိုက်ရိုက် တပည့်တွေပါ။ အဖွဲ့ခွဲ၇မှာ တိုက်ရိုက် တပည့် တော်တော်များများ ရှိနေပါ သေးတယ်။ သူတို့တွေက မိုးပြာရောင် ဂိုဏ်းရဲ့ အနာဂတ် ကြယ်ပွင့်တွေပါ။ သူတို့ အသက်ရှင် ကျန်နေဖို့ကို ဝမ်ကန်းတို့က အသက်ကို စတေးပြီး အချိန်ဆွဲမှကို ဖြစ်တော့မှာလေ။ အဲဒီအတွက် ဝမ်ကန်းနဲ့ လက်ထောက် အဖွဲ့ခွဲမှူး နှစ်ယောက်က  ဒီနေရာမှ ကျန်ရစ်နေခဲ့ ရပါတော့မယ်။

“ပြေးစို့”

လီဖူချန်းက မားရှန်မြင်းရဲ့ ဝမ်းဗိုက်ကို ဖနောင့်ဖြင့် ပေါက်လိုက်ပြီး တစ်ဟုန်ထိုး ဒုန်းစိုင်း သွားခဲ့ပါပြီ။

သူ့ရဲ့ ဘေးမှာတော့ ရှန်ထန်ကျင်းနဲ့ အခြားသော တိုက်ရိုက် တပည့်တွေ  ပါလာပါတယ်။

လီဖူချန်းက ကိုယ်ဖော့ပညာကို အသုံးပြုပြီး ထွက်ပြေးမယ် ဆိုရင် မားရှန်မြင်းထက် ပိုမြန်နိုင် ပေမဲ့လည်း ထုတ်မသုံး ရဲပါဘူး။ အခုချိန်မှာ ရန်သူတွေရဲ့ အာရုံစိုက်မှုကို ရတဲ့သူက အရင်ဆုံး သေမှာပါဘဲ။

“ငါတို့ အဖွဲ့ခွဲ၆ကို အမြန် ရောက်ရင်တော့ အသက်ရှင် နိုင်သေးတယ်။ ခွေးမသားတွေ ... ဒီကောင်တွေကို ငါ ကောင်းကင် နယ်ပယ်ရောက်မှ ပြန်ဆုံးမရမယ်”

တိုက်ရိုက် တပည့်တွေထဲက တစ်ယောက် ကတော့ မြင်းကို  ဒုန်းစိုင်း စီးနေရင်းနဲ့ ကျိန်ဆဲလိုက် ပါသေးတယ်။

“ဟမ့် ... စောင့်ကြည့် ကြသေးတာပေါ့။ ဒီကိစ္စကို ဂိုဏ်းတော်က လွယ်လွယ် သဘောထားမှာ မဟုတ်ဘူး။ ဂိုဏ်းတော်က ထိပ်သီး ပညာရှင်တွေကို စေလွှတ်ပြီး ဒီကောင်တွေကို အမျိုးဖြုတ် ပစ်လိမ့်မယ်”

နောက်ထပ် တိုက်ရိုက်တပည့် တစ်ယောက် ကလည်း ဒေါသတကြီးနဲ့ ရွေတ်လိုက်ပါတယ်။

လီဖူချန်းက ရှေ့ဆုံးကနေ မြင်းကို ဒုန်းစိုင်း စီးနေရင်းနဲ့ တစ်ခုခုကို သတိရသွားပုံပါပဲ။ သူက အရှိန်ကို မသိမသာလေး လျှော့ချလိုက်ပြီး တဖြည်းဖြည်းနဲ့ နောက်မှာ ချန်နေ ခဲ့ပါတယ်။

ရှန်ထန်ကျင်း ကလည်း ပါးနပ်တဲ့ လူတစ်ယောက်ပါဘဲ။ လီဖူချန်းက အရှိန် လျှော့ချ လိုက်တာကို သတိပြုမိ လိုက်တာနဲ့ သူကလည်း လိုက်ပြီး မသိမသာနဲ့ နောက်မှာကျန် နေလိုက်ပါတယ်။

ဘုန်း ...

ကောင်းကင် ပေါ်ကနေ လက်ဝါး ရိုက်ချက်ကြီး တစ်ခုက ကြောက်စရာ ကောင်းလှတဲ့ အရှိန်အဝါတွေနဲ့ လူအုပ်ကြားထဲကို ရိုက်ချလာပါပြီ။ အနည်းဆုံးတော့ မြေကမ္ဘာ အဆင့်က ပညာရှင် ၈ယောက်မက သေဆုံး သွားခဲ့ပုံပါပဲ။ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်က ဂိုဏ်းသားတွေ ဆိုရင် ရာနဲ့ချီပြီး သေကုန်ပါတယ်။

လက်ဝါး ရိုက်ချက်ရဲ့ ပိုင်ရှင်ကတော့ ကောင်းကင် နယ်ပယ်က မိစ္ဆာလမ်းစဉ် ပညာရှင် တစ်ယောက်ပါပဲ။ သူ့ရဲ့ အစွမ်းအစနဲ့ ဆိုရင်တော့ မြေကမ္ဘာ ပညာရှင်တွေနဲ့ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်က ပညာရှင်တွေကို သတ်ရတာက ကြက်ကလေး၊ ငှက်ကလေးတွေကို သတ်ရ သလိုပါပဲ။

“သီသီလေးကို လွတ်သွားတာပါလား”

ရှန်ထန်ကျင်းသာ ထိုအုပ်စုထဲမှာ ရှိနေမယ် ဆိုပါက သေသွားသည့် လူတွေ ထဲမှာတောင် ပါသွား နိုင်သည်လေ။ ဒါက ဘယ်လိုမှကို ရှောင်လွဲလို့ မရတော့မဲ့ ကပ်ဆိုး တစ်ခုလိုပါပဲ။ ပတ်ဝန်းကျင် တစ်ခုလုံးက လူသေကောင်တွေ၊ မြင်းသေကောင်တွေရဲ့ သွေးတွေနှင့် ဖုံးလွှမ်း နေပါတယ်။

ရှန်ထန်ကျင်းက ကြောက်ကြောက်လန့်လန့်ဖြင့် လီဖူချန်းကို လှမ်းကြည့် လိုက်ပါတယ်။

သူ့ရဲ့ မျက်လုံးတွေ ထဲမှာတော့ လေးစားမှု အပြည့်ပါပဲ။

အမှန်အတိုင်း ပြောရမယ် ဆိုရင် လီဖူချန်းက ဘာဖြစ်လို့ အရှိန်ကို လျှော့လိုက်သလဲ ဆိုတာကို သူ မသိပါဘူး။ ဒါပေမဲ့လည်း လီဖူချန်းက အကြောင်းအရင်း မရှိဘဲ လုပ်မှာ မဟုတ်ဘူး ဆိုတာကို သဘောပေါက်တဲ့ အတွက် ရှန်ထန်းကျင်းက အရှိန်လျှော့ချ လိုက်တာပါ။ အဲဒီ အချက်ကပဲ သူ့ရဲ့အသက်ကို ကယ်နိုင်လိုက်တယ် ဆိုရင်လည်း မမှားပါဘူး။

အစောပိုင်း တုန်းကတော့ လီဖူချန်းရဲ့ တိုးတက်မှု နှုန်းကို ရှန်ထန်ကျင်းက လေးစားအားကျ ခဲ့ပါတယ်။ အခု တစ်ခါမှာတော့ စဉ်းစား ဆင်ခြင်နိုင်မှု  ဉာဏ်ရည် အပိုင်းကိုပါ လေးစား သွားခဲ့ပါပြီ။

ဒီကောင်က လူ မဟုတ်ပါဘူး။ ကောင်းကင်ဘုံက ချီးမြှောက်လိုက်တဲ့ သားတော် တစ်ပါးပါပဲ။

“ငါ့နားကပ်ပြီး လိုက်မလာနဲ့ ... ။ ငါတို့ နှစ်ယောက်စလုံးက အရမ်းငယ်နေ လွန်းတယ်။ ရန်သူတွေက ငါတို့ နှစ်ယောက်ကို ကြည့်လိုက်တာနဲ့ တိုက်ရိုက် တပည့်တွေ ဆိုတာ တန်းသိ သွားလိမ့်မယ်”

လီဖူချန်းက အေးစက်စက် ပြောလိုက်ပြီး  အခြားလမ်းကြောင်း တစ်ခုကို ဒုန်းစိုင်း ထွက်သွားပါတယ်။

“အေး”

ရှန်ထန်ကျင်း ကလည်း လီဖူချန်းရဲ့ ဆိုလိုရင်းကို သဘောပေါက်ပါတယ်။ သူကလည်း အခြား လမ်းကြောင်း တစ်ခုကို ရွေးလိုက်ပြီး ဒုန်းစိုင်း ထွက်သွားခဲ့ပါပြီ။

ကောင်းကင် နယ်ပယ်က မိစ္ဆာလမ်းစဉ် ပညာရှင် တစ်ချက် လှုပ်ရှား လိုက်တိုင်းမှာ သေဆုံးသွားကြတဲ့ လူတွေကတော့ မနည်းမနောပါပဲ။

အခုချိန်မှာတော့ အသက်ရှင် ကျန်ရစ်တဲ့ တိုက်ရိုက် တပည့်တွေဆိုလို့  သုံးယာက်ပဲ ရှိနေပါတော့တယ်။

သူတို့တွေ ကတော့ ခံစားချက်မဲ့ဓား ရှုဖန်း၊ လီဖူချန်းနဲ့  ရှန်ထန်ကျင်းတို့ပါဘဲ။

သိပ်မကြာခင်မှာဘဲ မိစ္ဆာလမ်းစဉ် ပညာရှင်က ခံစားချက်မဲ့ဓား ရှုဖန်းကို အာရုံစိုက်မိ သွားခဲ့ပါပြီ။

သူ့ရဲ့ ကောင်းကင်နယ်ပယ် အသိစိတ် အာရုံက ရှုဖန်းရဲ့ ခန္ဓာကိုယ်က  သန့်စင်တဲ့ ချီအရှိန်အဝါ တွေကို ခံစားမိ နေတယ်လေ။

“ဒီကောင်လေးက  ရွှေအဆင့် တိုက်ရိုက် တပည့်ပဲ ဖြစ်ရမယ်”

သူက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ရှုဖန်းကို ရိုက်ချ လိုက်ပါတယ်။

မားရှန်မြင်းနဲ့ ရှုဖန်းကတော့ တစ်ကွဲ တစ်ပြားစီ လွှင့်ထွက် သွားခဲ့ပါပြီ။

မိစ္ဆာလမ်းစဉ် ပညာရှင်ရဲ့ လက်ဝါးရိုက်ချက် ရှုဖန်းကို ထိမိသွားပုံ မပေါ်ပါဘူး။

သေရေးရှင်ရေး ကြုံတဲ့ အခါမှာတော့ ရှုဖန်းက နတ်ဘုရား ခြေလှမ်းကို သုံးပြီး အရှေ့ကို တစ်ဟုန်ထိုး ခုန်သွား သွားတယ်လေ။

ရှုဖန်းရဲ့ နတ်ဘုရား ခြေလှမ်း ပညာရပ်က ကြယ်၂ပွင့် လျှို့ဝှက်နည်းစနစ် ဖြစ်ပြီး လီဖူချန်း လေ့ကျင့်ထားတဲ့ လျို့ဝှက်နည်း စနစ်နဲ့ အတူတူပါပဲ။

“အိုး ... မင်းက ငါ့လက်ဝါးကို ရှောင်လိုက် နိုင်တယ်ပေါ့လေ။ ရတယ် ... ရတယ်… ။ ငါဆိုတဲ့ သွေးဇီးကွက်က မင်းနဲ့ နည်းနည်းပါးပါးလေး အချိန်ဖြုန်း ရသေးတာပေါ့”

သွေးဇီးကွက်က နောက်ထပ် လက်ဝါးရိုက်ချက် တစ်ချက် ရိုက်ချ လိုက်ပြန်ပါတယ်။

ရှုဖန်းက သူ့ရဲ့ လက်တစ်ဖက်ကို မြှောက်လိုက်ပြီး ...  လက်တစ်ဆုပ်စာ မိုးကြိုး ဗုံးတွေကို ပစ်လွှတ်ကာ ခုခံလိုက်ပါတယ်။

ဒီမိုးကြိုး ဗုံးတွေက အတော်လေး ပေါက်ကွဲအား ပြင်းထန်တဲ့ လက်နက်ဗုံး တွေပါ။ ဗုံးတစ်ခုကို ထောက်ပံ့ရေး ရမှတ် တစ်သောင်း ပေးရပါတယ်။ ဒီဗုံးတစ်လုံးက မြေကမ္ဘာ နယ်ပယ်အဆင့်က ပညာရှင် တွေကိုတောင် သေစေနိုင်တဲ့ အထိ ပြင်းထန် လွန်းပါတယ်။

ဒီလို မိုးကြိုး ဗုံးတွေကို လက်တစ်ဆုပ်စာ ပစ်လွှတ် လိုက်တယ် ဆိုတာက ထောက်ပံ့ရေး ရမှတ် တစ်သိန်းလောက်နဲ့ ပစ်ပေါက်လိုက်တဲ့ အလားပါပဲ။

ရွှေအဆင့် တိုက်ရိုက် တပည့်ဖြစ်တဲ့ ရှုဖန်းလို လူမျိုးကသာ ဒီလို လက်နက်ဗုံးတွေ အတွက် ထောက်ပံရေး ရမှတ်တွေ အကုန်ခံ နိုင်တာပါ။

မိုးကြိုး ဗုံးတွေက သွေးဇီးကွက်ရဲ့ လက်ဝါး ရိုက်ချက်ကို ဟန့်တား နိုင်လောက်သည် အထိတော့ မတတ်နိုင်ပါဘူး။ ဒါပေမဲ့ ရှုဖန်း ထွက်ပြေးဖို့ အချိန် အနည်းငယ်ကိုတော့ ရှာပေးနိုင်ပါတယ်။

ရှုဖန်းက ရလာတဲ့ အခွင့်အရေးကို လက်လွှတ်မခံဘဲ တိတိကျကျ အသုံးချ လိုက်ပါတယ်။ သူက လေထဲကို နှစ်ဆင့်ခုန် ခုန်တက်သွားပြီး လက်ဝါးရိုက်ချက် စက်ကွင်းထဲက ခုန်ထွက် သွားခဲ့ပါပြီ။

ဝုန်း ...

ရှုဖန်း တစ်ယောက် မူလက ရှိနေခဲ့တဲ့ နေရမှာတော့  ချိုင့်ကြီးတစ်ခု ဖြစ်ပေါ် လာခဲ့တယ်လေ။

“စိတ်ရှုပ်စရာ ကောင်းလိုက်တဲ့ ကောင်ပဲကွာ။ မင်းဆီမှာ နောက်ထပ်ဝှက်ဖဲ ဘယ်နှစ်ချပ် ကျန်နေသေးလဲ ဆိုတာကို ကြည့်ကြသေးတာပေါ့”

သွေးဇီးကွက်က သူ့ရဲ့လက်ချောင်းတွေကို အဆက်မပြတ် လှုပ်ရှားလိုက်တဲ့ အခါမှာတော့ မြားလေးတွေလို ချွန်ထက်တဲ့ အတွင်းအား လှိုင်းအချို့ဟာ ရှုဖန်းဆီကို ပြေးဝင် လာခဲ့ပါပြီ။

ဖောက် ... ဖောက် ... ဖောက် ...

ရှုဖန်းရဲ့ ခန္ဓာကိုယ်က အဝတ်စတစ်ခု အဖြစ် ပြောင်းလဲသွားပြီး လေထဲမှာ လွင့်မျော နေပါတယ်။ သွေးဇီးကွက် ပစ်လွှတ်လိုက်တဲ့ အတွင်းအား လှိုင်းတွေကတော့ ထို အဝတ်စကိုဘဲ ဖောက်ဝင်သွား ခဲ့တယ်လေ။

ဒီပညာရပ်က ပုစဉ်းရင်ကွဲ အခွံချွတ်နည်းလို့ ခေါ်ပါတယ်။ ရှုဖန်းက သူ့ရဲ့ အပေါ်ဝတ်ရုံကို  ယောင်ပြ ထားခဲ့ပြီး သူကိုယ်တိုင် ကတော့ အခြား တစ်နေရာကို ထွက်ပြေးသွား ခဲ့တာပါ။

“ကံကောင်းလိုက်တာ ... ရှုဖန်းက ငါထွက်ပြေးဖို့ အချိန်ပေးနေတဲ့ အတိုင်းပဲ”

သွေးဇီးကွက်က ရှုဖန်းကို အာရုံထား နေတုန်းမှာ လီဖူချန်း ကတော့ သူတို့နဲ့ ဝေးရာကို လစ်ထွက်သွား ခဲ့ပါပြီ။

အဖွဲ့ခွဲ၇ကို လာတိုက်တဲ့ ကောင်းကင်နယ်ပယ် ပညာရှင် ၅ယောက်မှာ ၄ယောက်က ဝမ်ကန်းတို့နဲ့ တိုက်ခိုက်နေရင်း ကျန်ခဲ့တာက အတော်လေးကို သက်သာရာ ရစေခဲ့ပါတယ်။ သွေးဇီးကွက်နဲ့ အတူ နောက်တစ်ယောက်သာ ပါလာခဲ့မယ် ဆိုရင်တော့ လီဖူချန်း ကလည်း ပြေးလို့ လွတ်တော့မှာ မဟုတ်ပါဘူး။

အား ...

ကြောက်စရာ ကောင်းတဲ့ အသံနက်ကြီး တစ်ခုက စူးစူးရှရှကို ထွက်ပေါ် လာခဲ့ပါတယ်။

အသံပိုင်ရှင် ကတော့  လက်ထောက် အဖွဲ့ခွဲမှူး တစ်ယောက်ဖြစ်တဲ့ လျူကန်းပါပဲ။

လေးယောက် သုံးယောက် တိုက်ခိုက်တယ် ဆိုတဲ့နေရာမှာ တစ်ယောက် ကတော့ ရန်သူ နှစ်ယောက်ကို မလွဲမသွေ ယှဉ်ဆိုင် ရမှာပါပဲ။

အဖွဲ့ခွဲ၇ရဲ့ ကောင်းကင် နယ်ပယ် ပညာရှင် ၃ယောက်ထဲမှာ အားအနည်းဆုံးက လျူကန်းပါ။ ရန်သူတွေ ကလည်း အဲဒီအချက်ကို ကောင်းကောင်းကြီး သိထားတဲ့ အတွက် လျူကန်းကို နှစ်ယောက် ညှပ်ပြီး အရင်ဆုံး ရှင်းပစ်ဖို့ ကြံရွယ် ခဲ့တယ်လေ။ သူတို့ရဲ့ အစီအစဉ်က လုံးဝကို အထမြောက် ခဲ့ပါပြီ။

တိုက်ကွက်ပေါင်း ၁၀၀ကျော်မှာဘဲ လျုကန်းက သေဆုံးသွား ခဲ့တယ်လေ။

“မင်းက သွေးဇီးကွက်ကို ကူပြီး ကျန်နေခဲ့တဲ့ လူတွေကို လိုက်သတ်လိုက်”

မိစ္ဆာလက်ဝါး အစည်းရုံး ခေါင်းဆောင်က  ကောင်းကယ်နယ်ပယ်  ပညာရှင် တစ်ယောက်ကို စိတ်နဲ့ လှမ်းပြော လိုက်ပါတယ်။

“ဟုတ်”

မိစ္ဆာလမ်းစဉ် ပညာရှင်က ဖျက်ခနဲ ပျောက်ကွယ် သွားပြီး လီဖူချန်းတို့ရဲ့ နောက်ကို လိုက်လာခဲ့ပါပြီ။

“ မကောင်းတော့ဘူး ... နောက်ထပ် ကောင်းကင်နယ်ပယ် ပညာရှင် တစ်ယောက်က ငါတို့နောက်ကို လိုက်လာပြီ ထင်တယ်။”

လီဖူချန်းက သူတို့ရဲ့ အနောက်ကနေ လိုက်လာတဲ့  ချီအရှိန်အဝါ တွေကို ခံစားလိုက်မိ ပါတယ်။ သူက အနောက်ကိုတောင် လှည့်မကြည့်ရဲဘဲ  မြင်းကိုသာ ဒုန်းစိုင်းနှင် နေတယ်လေ။ သူ သေဖို့အတွက် အဆင်သင့် မဖြစ်သေးပါဘူး။

“ပြေးထား ... ပြေးထား ... ငါ ဒီနေရာမှာ သေလို့ လုံးဝကို မဖြစ်သေးဘူး”

လီဖူချန်းက သူ့ရဲ့  အခြေအနေကို ကောင်းကောင်းကြီး ရိပ်မိပါတယ်။ သူ့အတွက် ကတော့ ကံတရားရဲ့ ဖေးမမှု ဆိုတာလည်း ရှိလာတော့မှာ မဟုတ်ပါဘူး။

လီဖူချန်းရဲ့ ငယ်ရွယ်တဲ့ အသွင်အပြင်ကို တစ်ချက် ကြည့်လိုက်တာနဲ့ ရွှေအဆင့် တိုက်ရိုက် တပည့်ဆိုတာ တန်းသိသွား နိုင်ပါတယ်။

“ဖတ် ... ဖတ် ... ဖျတ် …ဖျတ် ...”

လီဖူချန်းက မြင်းပေါ်ကနေ ခုန်ဆင်းပြီး လေအရိပ် ခြေလှမ်းနဲ့  မီးနဂါး လျှို့ဝှက်နည်း စနစ်ကို အသုံးပြုကာ စတင် ပြေးနေပါပြီ။ သူ့ရဲ့ ပြေးနှုန်းက မားရှန်မြင်းထက်ကို မြန်ကာ ရှုဖန်းရဲ့ ပြေးနှုန်းနဲ့ အတူတူလောက် ရှိနေပါတယ်။

***

All Chapters