← Chapters

သေမင်းနှင့် လက်တစ်ကမ်းအလို

Vol. 14 Ch. 190

သေမင်းနှင့် လက်တစ်ကမ်းအလို

Vol. 14 Ch. 190

လီဖူချန်း တွက်ထားခဲ့သည့် အတိုင်းပါဘဲ။ ကောင်းကင်နယ်ပယ် ပညာရှင်က  သူ့ကိုပဲ ပစ်မှတ်ထားပြီး လိုက်နေပါတယ်။

ကောင်းကင်နယ်ပယ် ပညာရှင်က အခြားသော မိုးပြာရောင်ဂိုဏ်း အဖွဲ့ဝင်တွေကိုဆိုရင် သာမန်လက်ဝါးလေး တစ်ချက်နှစ်ချက် ရိုက်ချလိုက်ပြီး  သူ့ရဲ့ရိုက်ချက် ထိသလား မထိဘူးလား ဆိုတာကိုတောင် ပြန်မစစ်ဆေးပါဘူး။

ထိုသူက လီဖူချန်းရဲ့ အနောက်ကိုပဲ သည်းကြီးမဲကြီး လိုက်နေတာပါ။

ကောင်းကင်နယ်ပယ် ပညာရှင်တွေရဲ့ ပျံသန်းနှုန်းက အဆင့်(၃) မိစ္ဆာသားရဲငှက်ကြီးတွေ ဒါမှမဟုတ် အဆင့်(၃) ဝိညာဉ်သားရဲ ငှက်ကြီးတွေနဲ့တောင် ယှဉ်နိုင်ပါတယ်။

သိပ်မကြာခင်မှာဘဲ သူက လီဖူချန်းကို လိုက်မှီ သွားခဲ့ပါပြီလေ။

“ကောင်လေး  ... မင်းရဲ့ပြေးနှုန်းက အရမ်းကို မြန်နေပါလား ... ။ ကြည့်ရတာ မင်းက ရွှေအဆင့် တိုက်ရိုက်တပည့် ထင်တယ်။ ကောင်းလိုက်တာကွာ ... ငါ့ဘဝမှာ တစ်ခါမှ ရွှေအဆင့် တိုက်ရိုက် တပည့်တွေကို မသတ်ဖူးသေးဘူးကွ။ ဟား ... ဟား ...”

သွေးတောင်တန်းက အားရပါးရကို ရယ်မော လိုက်ပါတယ်။ ထို့နောက်မှာတော့ သူက လီဖူချန်းဆီကို လက်ညှိုးအား လှိုင်းတစ်ခု ပစ်လွှတ်လိုက်ပါတယ်။

ရွှီး ...

ဥက္ကာခဲတစ်ခု ပြုတ်ကျလာသလို အပူချိန်မျိုးနဲ့ လက်ညှိုးအားလှိုင်းဟာ မြေပြင်ပေါ်ကို ကျရောက်လာခဲ့ပါပြီ။ လီဖူချန်းကတော့ အစောကြီးကတည်းက လက်ညှိုးအားလှိုင်းနဲ့ ဝေးရာကို လှိမ့်ထွက် သွားခဲ့တယ်လေ။

“ကောင်းလိုက်တဲ့ တုံ့ပြန်မှုပါလား ... ဟား…ဟား ... ။ ဒါကြောင့်လည်း မင်းက ရွှေအဆင့် တိုက်ရိုက်တပည့် ဖြစ်နေတာ ထင်တယ်”

သွေးတောင်တန်းက ကြောင်က ကြွက်ကို ကျီစားနေသည့်ပုံဖြင့် လီဖူချန်းကို ကောင်းကောင်းကြီး ဆော့ကစား နေပါတယ်။

“ဒါကိုကော ရှောင်ကြည့်ပါဦး ...”

ရွှီး…ရွှီး…ရွှီး… ရွှီး ...

သွေးတောင်တန်းရဲ့ လက်ညှိုးက ထွက်လာတဲ့ အားလှိုင်းတွေကတော့ ဥက္ကာခဲမိုးတွေ ရွာကျလာသည့် အလားပါဘဲ။ လီဖူချန်းက အသက်ကိုတောင် မရှူအားတော့ပါဘူး။ ။ သူ့ရဲ့ လေအရိပ် ခြေလှမ်းနဲ့ အရိပ်မဲ့ ခြေကွက်တို့ကို အစွမ်းကုန်သုံးပြီး ခုန်လိုက်၊ငုံ့လိုက်၊ ကျော်လိုက်၊ခွလိုက်နဲ့ မရပ်မနားကို အသည်းအသန် ရှောင်တိမ်း နေရတယ်လေ။

သူ့ရဲ့ခန္ဓာကိုယ်က မြေဆွဲအားကနေ လွတ်ထွက်နေတဲ့ တစ္ဆေ တစ်ကောင်အလား အလိုရှိရာ နေရာကို ရွှေ့ပြောင်းသွားလာ နိုင်လို့သာ တော်ပါသေးသည်။ မဟုတ်လို့ကတော့ ယခုလောက်ဆို သေနေလောက်ပါပြီ။

ပြီးတော့ နောက်ထပ် ပြောစရာတစ်ခုကတော့  သူ့ရဲ့ ခန့်မှန်းချက်တွေက လုံးဝကို မှန်ကန်နေတာပါဘဲ။ သွေးတောင်တန်းရဲ့ လက်ညှိုး လှုပ်လိုက်တာနဲ့ ဘယ်နေရာကို တိုက်ခိုက်လိုက်သလည်း ဆိုတာကို လီဖူချန်းက ကွက်တိကို ခန့်မှန်း မိနေတယ်လေ။

“ဟင်”

သွေးတောင်တန်းက အတော်ကြီးကို အံ့အား သင့်သွားပါတယ်။ သူ့ရဲ့ တိုက်ခိုက်မှု တစ်ခုနှစ်ခုကို ရှောင်နိုင်ရင်ကို အတော်လေးတော်တဲ့ လူတစ်ယောက်လို့ သတ်မှတ်လို့ ရနေပါပြီ။ ဒါကို လီဖူချန်းက အကုန်လုံးကို လွတ်လွတ်ကျွတ်ကျွတ် ရှောင်ပြသွားခဲ့ပါတယ်။

“ဒီတစ်ကြိမ်မှာကော မင်းက ရှောင်နိုင်ဦး မလားဆိုတာ ကြည့်ရသေးတာပေါ့”

သွေးတောင်တန်းက သူ့ရဲ့ သိုလှောင် အိတ်ထဲကနေ လက်နက်တစ်ခုကို ထုတ်ယူ လိုက်ပါပြီ။ ဒီလက်နက်ကိုတော့  တောင်တန်းပြာတူ လို့ ခေါ်ပါတယ်။ ဒီတူရဲ့ ခေါင်းပိုင်းကကို ကြိတ်ဆုံ တစ်ခုလောက်နီးပါး ရှိပြီး  ဆန်းကြယ်အဆင့် သတ္တုရိုင်းတွေနဲ့ သွန်းလုပ် ထားတာပါ။ ဒီတူတစ်ခုလုံးရဲ့ အလေးချိန်က (၂၄၀၀၀) ကီလိုဂရမ်အတိ ရှိပါတယ်။ အတွင်းအားတွေ မထည့်သုံးဘဲနဲ့ ထုချလိုက်ရင်တောင် အထုခံရတဲ့သူက အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားစေ နိုင်တယ်လေ။

“သေပေတော့”

သွေးတောင်တန်းက လီဖူချန်းကို ကောင်းကင် ပေါ်ကနေ အားရပါးရ ထုချ လိုက်ပါပြီ။ တောင်တန်းပြာတူရဲ့ အရှိန်အဝါတွေက တစ်ကယ့်ကို တောင်ပူစာလေး တစ်လုံးပမာ လီဖူချန်းကို ဖိနှိပ်လာခဲ့တယ်လေ။

“အန္တရာယ်"

လီဖူချန်းရဲ့ ခန္ဓာကိုယ်ပေါ်က အမွှေးအမျှင်တွေ တစ်ခုမကျန်ကို ထောင်ထလာပြီး ဒူးတွေကလည်း တစ်ဆက်ဆက်ကို တုန်ယင် လာခဲ့ပါတယ်။ဒါကတော့ လူတွေရဲ့ အလိုအလျောက် ပြုမူတဲ့ တုံ့ပြန်မှု တစ်ခုပါဘဲ။

“လီဖူချန်း ... မင်းသေလို့ မရသေးဘူး။ မင်းက ကောင်းကင်ဘုံ ကိုးဆင့်ရဲ့ ထိပ်မှာနေပြီး တစ်လောကလုံးကို ငုံ့ကြည့်ရဦးမှာ  ... ။ မင်းသေလို့ လုံးဝ မဖြစ်သေးဘူး။”

လီဖူချန်းက သူ့ကိုယ်သူ အားပေးလိုက်ပြီး နတ်ဘုရား ခြေလှမ်းကို ထုတ်သုံး   လိုက်ပါတော့တယ်။

သူ့ရဲ့ခန္ဓာကိုယ်က မူလ ရပ်နေရာ နေရာကနေ ရုတ်ချည်း ပျောက်ကွယ် သွားပြီး ဗလာနယ် ဟင်းလင်းပြင်ထဲကို ရောက်သွား သလိုပါဘဲ။ဒီအမြန်နှုန်းကတော့ လီဖူချန်းရဲ့ ဘဝမှာ အမြန်ဆုံးလို့တောင် သတ်မှတ်လို့ ရနေပါပြီ။

ဝုန်း ... …

တူကြီးက မြေပြင်ကို ကျလာတဲ့ အခါမှာတော့ လီဖူချန်းက စက်ကွင်း ဗဟိုချက်မနဲ့ (၁၀)မီတာလောက် အကွာအထိကို ရောက်နေပါပြီလေ။ တောင်တန်းပြာတူရဲ့ ရိုက်ချက်ကို ခံလိုက်ရတဲ့ မြေပြင်ကြီးကတော့ လုံးဝကို စုတ်ပြတ်သတ်သွားပြီး အက်ကြောင်း ကြီးတွေကို ပေါ်လာပါတော့တယ်။

လီဖူချန်းကတော့ ကောင်းကင်နဲ့ မြေကြီးတစ်ခုလုံး ပျက်စီးသွားပြီလားလို့တောင် ခံစားနေရပါတယ်။ တောင်တန်းပြာတူနဲ့ မဟာမြေကြီးရဲ့ တွေ့ဆုံမှုကြောင့် ဖြစ်ပေါ်လာတဲ့ အားလှိုင်းတွေက လီဖူချန်းကို ဆောက်တည်ရာမရ ဖြစ်စေတယ်လေ။

ဝေါ့ ...

လီဖူချန်းက မြေပြင်ပေါ်ကို ဒူးထောက်ကျသွားပြီး  သွေးစိမ်းရှင်ရှင် အန်ထုတ် လိုက်ရပါတယ်။သူ့ရဲ့ မျက်နှာကလည်း စက္ကူစသဖွယ် ဖြူဖွေးဆွတ် နေခဲ့ပါပြီ။ လီဖူချန်းက နောက်ထပ်တစ်ခါ ရှောင်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒီတစ်ခါကတော့ လုံးဝကို သေမှာပါဘဲ။

“ဟား ... ဟား ... ငါဆိုတဲ့ လီဖူချန်းက သည်လိုနဲ့ဘဲ သေသွားရတော့ မှာပါလား ...”

တစ်ကယ် သေရတော့မယ် ဆိုတာကို လက်ခံလိုက်ရတဲ့ အချိန်မှာတော့ လီဖူချန်းရဲ့ ဘာမထီ အမူအကျင့်တွေက ပြန်လည် ပေါ်ပေါက်လာခဲ့ပြီ။

သူက မဲ့ပြုံးပြုံးလိုက်ရင်းနဲ့  လက်စွဲတော် နက်ရွှေမှော်ဓားကို ဆွဲထုတ်လိုက်ပြီး သွေးတောင်တန်းကို စိန်ခေါ်သလို အကြည့်မျိုးနဲ့  ကြည့်လိုက်ပါတယ်။ သူ့ရဲ့ အကြည့်တွေကတော့ ' ငါ့ကို သတ်နိုင်ရင် လာသတ်လှည့်စမ်း' လို့ ဖိတ်ခေါ်နေသည့် ပုံပါဘဲ။

“ရှောင်ပါဦးလား ... ရှောင်ဦးလေ ...  ဘာလို့ မရှောင်တော့တာလဲ”

သွေးတောင်တန်းက သူ့ရဲ့ တောင်တန်းပြာတူကို မြှောက်လိုက်ပြီး လီဖူချန်းကို အားရပါးရ ထုချ လိုက်ပါတော့တယ်။

“အောက်တန်းကျလိုက်တဲ့ မိစ္ဆာကောင် ... ။ မင်းက ငါတို့ဂိုဏ်းရဲ့ ရွှေအဆင့် တပည့်ကိုတောင် သတ်ဖို့ ကြံရွယ် ရဲတယ်ပေါ့လေ။ ဒီကောင့်ကို ဝိုင်းသတ်စမ်း ...”

တောင်တန်းပြာတူက လီဖူချန်းကို ထိတော့မည့် ဆဲဆဲမှာဘဲ  ကောင်းကင်ပေါ်ကနေ လူရိပ်သုံးရိပ် ခုန်ဆင်းလာခဲ့ပါတယ်။တစ်ယောက်သော သူကတော့ လီဖူချန်း ရှေ့ကနေ မားမားမတ်မတ်ရပ်ပြီး တောင်တန်းပြာတူကို ရိုက်ထုတ် ပစ်လိုက်ပါတယ်။

သည်လောက် အချိန်မြန်မြန်နဲ့ ရောက်လာနိုင်ပုံ ထောက်ရင်တော့ ဒီလူတွေက အဖွဲ့ခွဲ(၆)ရဲ့ ခေါင်းဆောင်တွေ ဖြစ်မည့်ပုံပါဘဲ။

ထန် ...

မီးပွားတွေက ထွက်ပေါ်လာပြီး သွေးတောင်တန်း အနောက်ကို ဆုတ်လိုက်ရပါတယ်။

အခြားသူ နှစ်ယောက်ကတော့ သွေးတောင်တန်းကို ပြင်ဆင်ချိန်မပေးဘဲ အဆက်မပြတ် လိုက်လံ တိုက်ခိုက်နေပါပြီ။

အား ...

သွေးတောင်တန်းက အသံနက်ကြီးဖြင့် အော်လိုက်ပြီး အနောက်ကို တစ်ရစပ် ဆုတ်နေရပါတယ်။သူ့ကို ကြည့်ရတာတော့ ဒဏ်ရာ ကြီးကြီးမားမား ရသွားသည့် ပုံပါဘဲ။

“အဖွဲ့ခွဲ(၆)က စစ်ကူတွေ လာနေကျပြီ ကောင်လေး ... ။ မင်းစိတ်ကို လျော့ချလိုက်တော့ ...”

အဖွဲ့ခွဲ(၆)ရဲ့ ခေါင်းဆောင်ဖြစ်ဟန် တူသူက လီဖူချန်းကို ပြုံးပြီး ပြောလိုက်ပါတယ်။

လီဖူချန်းက ခေါင်းညိတ် ပြလိုက်ပြီး  မြေပြင်ပေါ်မှာ ထိုင်ချလိုက်ပါပြီ။ အစောပိုင်းတုန်းက ရခဲ့တဲ့ အတွင်း ဒဏ်ရာတွေက အတော်လေးကို ပြင်းထန်ပါတယ်။ ဒီအတွင်း ဒဏ်ရာကို မြန်မြန်ကုမှဘဲ ဖြစ်မှာပါ။

အိတ်ထဲက ဒဏ်ကျေဆေး တစ်လုံးကို ထုတ်သောက်လိုက်ပြီး နောက်မှာတော့  သူ့ရဲ့ဒဏ်ရာတွေက  နည်းနည်းနေလို့ ကောင်းလာ သလိုပါဘဲ။

ဒီဆေးလုံးက ထောက်ပံ့ရေးရမှတ် တစ်သိန်းတိတိ ပေးထားရတာပါ။ စစချင်းကတော့ လိုရမယ်ရ ဝယ်ထားခဲ့တာပါပဲ။ ဒါပေမဲ့ အခုချိန်မှာတော့ ဒါက အတော်ကြီးကို ဉာဏ်ရှိတဲ့ လုပ်ရပ်တစ်ခု ဖြစ်လာခဲ့ပြီလေ။

အဝါရောင် အထွတ်အထိပ် ဆေးလုံး ဒါမှမဟုတ် ဆန်းကြယ်တစ်ဝက် ဆေးလုံးတွေကတောင် မယုံနိုင်စရာ ကောင်းတဲ့ အစွမ်းတွေကို ပေးနိုင်ပါတယ်။

အခု လီဖူချန်း ဝယ်လာတဲ့ ဆေးလုံးက ဆန်းကြယ် အဆင့်နိမ့် ဆေးလုံးပါ။ ကဲ ... စဉ်းစားသာ ကြည့်ကျပါတော့…။

လီဖူချန်းက အတွင်းအားကို လည်ပတ်လိုက်ပြီး ဆေးလုံးရဲ့ အာနိသင်တွေကို  စတင် စုပ်ယူနေပါပြီ။

ဆန်းကြယ် အဆင့်နိမ့်  ဆေးလုံးက တစ်ကယ်ကိုဘဲ နာမည်နဲ့ လိုက်အောင် အစွမ်းထက်လွန်း လှပါတယ်။ ဆေးလုံးကို သောက်ပြီး (၁၅)မိနစ်လောက် အကြာမှာတင် လီဖူချန်းရဲ့ အတွင်းဒဏ်ရာတွေက (၃၀) ရာခိုင်နှုန်းလောက်ကို ပြန်ကောင်းလာပါပြီ။

သူ့ရဲ့ ပျက်စီးနေတဲ့ အသွေးအသားတွေနဲ့ ကိုယ်တွင်း အင်္ဂါတွေကလည်း ပုံမှန်အတိုင်း ပြန်လုပ်ဆောင် လာပါတယ်။

သူ့ရဲ့ခန္ဓာကိုယ် အခြေအနေ (၅၀)ရာခိုင်နှုန်းအထိ ပြန်ကောင်းလာတဲ့  အခါမှာတော့  လီဖူချန်းက သူ့ရဲ့ အတွင်းအားတွေကို ပြန်ရုတ်သိမ်းလိုက်ပြီး မတ်ထပ် ထရပ်လိုက်တော့တယ်။

ကျန်ရှိနေတဲ့ ဒဏ်ရာ အနည်းအကျဉ်းကိုတော့ ဆန်းကြယ်အဆင့်နိမ့် ဆေးလုံးက ပျောက်ကင်းသည်အထိ တာဝန်ယူသွားမှာပါ။

“နှမြောစရာကြီးကွာ ... ငါရဲ့အမှတ်တစ်သိန်းက ဘာမှလည်း မလုပ်လိုက်ရဘဲ ကုန်သွားတယ်။ ခွေးမသားတွေ ... တစ်နေ့ကျမှ တွေ့ကျသေးတာပေါ့ကွာ ...”

လီဖူချန်းက သူ့ရဲ့ ထောက်ပံ့ရေးရမှတ် တစ်သိန်းအတွက် ဖြေမဆည်နိုင်အောင် ဒေါသထွက် နေပါတယ်။တွေးလေ တွေးလေ ပိုပြီး ဒေါသထွက် လေလေပါဘဲ။ ဒီမိစ္ဆာလမ်းစဉ် ပညာရှင်တွေကိုတော့ တစ်နေ့ကျရင် အမျိုးဖြုတ်ပစ်ဦးမှာပါ။

အခုဆိုရင် လီဖူချန်းဆီမှာ ကျန်နေတဲ့ ထောက်ပံ့ရေး ရမှတ်တွေက (၇)သန်းလောက်ဘဲ ရှိနေပါတော့တယ်။

လီဖူချန်းက သူ့အသက်ကို ရှင်ကျန်နေအောင် လုပ်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေ တော်တော်များများကို ဝယ်ထားပြီးပါပြီ။

ဥပမာ ပြောရရင် မိုးကြိုးဗုံးတို့၊ ဆန်းကြယ်အဆင့် ဆေးလုံးတို့ပေါ့။ သူရဲ့အရင်က အဆင့်(၃) မိစ္ဆာသားရဲသားရေ ကိုယ်ကျပ်အင်္ကျီ  အဆင့်(၄) မိစ္ဆာသားရဲသားရေ ကိုယ်ကျပ်အင်္ကျီနဲ့ ပြန်လဲပြီးပါပြီ။

ဒီအင်္ကျီအတွက် လီဖူချန်းက ထောက်ပံ့ရေးရမှတ် တစ်သိန်းခွဲတောင် ပေးခဲ့ရပါတယ်။

လီဖူချန်းက စပ်မိစပ်ရာ တိုလီမုတ်စ ပစ္စည်းတွေလည်း တော်တော်များများ ဝယ်ထားသေးပါတယ်။ အဲဒါတွေ အတွက်ကလည်း ထောက်ပံ့ရေးရမှတ် (၂)သန်းလောက် သုံးခဲ့ပြီးပါပြီ။

ဒါပေမဲ့လည်း အဲဒါတွေကို သုံးဖြုန်း လိုက်တယ်လို့ တစ်ခါမှ သူမထင်ခဲ့ပါဘူး။ လူတစ်ယောက်ရဲ့ အသက်ဆိုတာက အလွန်ပင် အရေးကြီးသည် မဟုတ်ပါလား ... ။

အသက်မရှိတော့ဘူး ဆိုရင်တော့ ... မင်းရဲ့ ထောက်ပံ့ရေး ရမှတ်တွေကလည်း အလကားပါဘဲလေ။

အခုဆိုရင် အဖွဲ့ခွဲ(၅)နဲ့ အဖွဲ့ခွဲ(၆)က  ခေါင်းဆောင်တွေလည်း ရောက်လာနေပြီ ဖြစ်တဲ့အတွက် လီဖူချန်းက မြေကမ္ဘာ ပညာရှင်တွေရဲ့ တိုက်ပွဲထဲကို ပြန်ဝင်ရင် ကောင်းမလား၊ မကောင်းဘူးလား ဆိုတာ ဝေခွဲမရ ဖြစ်နေပါတယ်။

အဲဒီ အချိန်မှာဘဲ နောက်ထပ် ကောင်းကင်နယ်ပယ် ပညာရှင်(၃)ယောက် ထပ်ရောက်လာပြီး  မိုးပေါ်မှာ တိုက်ခိုက်နေကျ ပြန်ပါပြီ။

“ခွေးမသားတွေ ... မင်းတို့ရဲ့ ကောင်းကင် နယ်ပယ်က ကောင်တွေကတော့  အလုပ်များနေပြီ။ ဒီတစ်ခါတော့ ငါ့အလှည့်ဘဲကွ"

လီဖူချန်းက သူ့ရဲ့ နက်ရွှေမှော်ဓားကို ဆွဲကိုင်ကာ မြေပြင်ပေါ်က တိုက်ပွဲထဲကို အပြေးလေး ဦးတည်သွားပါတယ်။

သူက အပိုင်ကို တွက်ထားပြီး ပါပြီလေ။ မိစ္ဆာအစည်းအရုံးရဲ့ ကျန်နေတဲ့ သူတွေက မြေကမ္ဘာ အဆင့်နဲ့ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်က သူတွေချည်းပါဘဲ။ ဒီလိုကောင်တွေကိုတော့ လီဖူချန်းက သတ်နိုင်ပါသေးသည်။

တိုက်ပွဲကတော့ လုံးဝကို အထွတ်အထိပ်ကို ရောက်နေပါပြီ။ နေရာ အနှံ့မှာလည်း လူသေကောင်တွေနဲ့ သွေးညှီနံ့တွေ ဖုံးလွှမ်းလို့ နေပါတယ်။

ကောင်းကင်ယံထက်က တိုက်ပွဲမှာတော့ ...

အဖွဲ့ခွဲ(၇)ရဲ့ ခေါင်းဆောင် ဝမ်ကန်းကတော့  တိုက်ခိုက်နေဆဲပါဘဲ။ သူ့ရဲ့ လက်ထောက် အဖွဲ့ခွဲမှုး နှစ်ယောက်ကတော့ သေဆုံးသွားခဲ့ပါပြီ။ အဖွဲ့ခွဲ(၅)နဲ့ အဖွဲ့ခွဲ(၆)က ခေါင်းဆောင်တွေ ရောက်လာသလို မိစ္ဆာလက်ဝါး အစည်းအရုံးဘက်မှာလည်း နောက်ထပ် ကောင်းကင်နယ်ပယ် ပညာရှင်(၃)ယောက် စစ်ကူ ရောက်လာပါတယ်။

နတ်ဘုရားလေ ဂိုဏ်းခွဲ ဘက်ကတော့ အခုထက်ထိ အရေးမသာ သေးပါဘူး။

မြေပြင်ပေါ်မှာတော့ မိစ္ဆာလက်ဝါး အစည်းအရုံး အဖွဲ့ဝင်တွေက ဒဏ်ရာရနေတဲ့ အဖွဲ့ခွဲ(၇)က အဖွဲ့သားတွေကို အညှာအတာ ကင်းမဲ့စွာ သတ်ဖြတ် နေပါတယ်။

တိုက်ပွဲ တစ်နေရာမှာတော့  ရှုဖန်းရဲ့ နောက်ကျောကို လီဖူချန်းက လှမ်းမြင်လိုက်ရပါတယ်။

ရှုဖန်းက ဒဏ်ရာရနေပေမဲ့လည်း အရင်လို ရဲရင့်စွာနဲ့ နောက်မဆုတ်စတမ်း တိုက်ခိုက် နေနိုင်တုန်းပါဘဲ။  မြေကမ္ဘာ အထွတ်အထိပ် ပညာရှင် လေးယောက်ကို ရှုဖန်းကို ဝိုင်းဝန်းပြီး တိုက်ခိုက် နေကြပါတယ်။  ရှုဖန်းက အောက်စည်းမှာ ရောက်နေပေမယ့်လည်း အသက်အန္တရာယ်နဲ့ မကြုံအောင်တော့ ထိန်းထား နေနိုင်ပါသေးတယ်။

“ခွေးမသားတွေ ... မင်းတို့ရဲ့ အဖေ လာပြီကွ”

လီဖူချန်းက စစ်သွေးကြွလာပြီး သူ့ရဲ့ နက်ရွှေမှော် ဓားကို ဝှေ့ယမ်းကာ တိုက်ပွဲထဲကို ဝင်လာပါပြီ။

ကောင်းကင် နယ်ပယ် ပညာရှင်တွေက သူ့ကို ပစ်မှတ် မထားတော့တဲ့ နောက်မှာတော့ ဘယ်သူ့ကို ကြောက်နေရဦး မှာလည်းလေ ... ။

လီဖူချန်းက တိုက်ပွဲထဲကို ဝင်လာပေမယ့်လည်း ဘာတစ်ခုမှ ကြီးကြီးမားမား မပြောင်းလဲ သွားစေခဲ့ပါဘူး။

ဒီတိုက်ပွဲ ဖြစ်နေတဲ့ နေရာက (၈)မိုင်လောက်ကို ကျယ်နေတဲ့အတွက် ဘယ်နေရာမှာ ဘာတွေ ဖြစ်နေမှန်းကိုတောင် မသိတော့ပါဘူးလေ။

နောက်ထပ် တစ်နာရီမျှ အကြာမှာတော့ အဖွဲ့ခွဲ(၇) တစ်ခုလုံးမှာ အသက်ရှင်ကျန်တဲ့ လူဆိုလို့ လက်တစ်ဆုပ်မျှသာ ရှိနေပါတော့တယ်။

ရှုဖန်း၊လီဖူချန်းနဲ့ အသက်ရှင် ကျန်ရစ်နေသူ အချို့က အနောက်ကို ဆုတ်ပြီးရင်း ဆုတ်နေရပါပြီ။

“မိစ္ဆာကောင်တွေ  ... မင်းတို့က ငါတို့ မိုးပြာရောင် ဂိုဏ်းကိုတောင် အလစ်ဝင်တိုက်ရဲတယ်ပေါ့လေ။ အဖွဲ့၆က ညီအစ်ကိုတို့ ... သတ်ကြဟေ့ ... ။ တစ်ယောက်မှ အသက်ရှင် ကျန်မနေစေနဲ့ ...”

နောက်ဆုံးမှာတော့ အဖွဲ့ခွဲ၆ရဲ့ အဖွဲ့ဝင်တွေက ရောက်ရှိလာခဲ့ပါပြီ။

အဖွဲ့ခွဲ၆က အဖွဲ့ခွဲ၇ရဲ့ ကင်းသမား ပစ်လွှတ်လိုက်တဲ့ မီးရှူးမီးပန်းတွေကို ကောင်းကင်ပေါ်မှာ မြင်လိုက်ကတည်းက အမြန်ဆုံး လာခဲ့တာပါ။

အဖွဲ့ခွဲ၆နဲ့ အဖွဲ့ခွဲ၇က သိပ်မဝေးလို့ တော်ပါသေးသည်။ မဟုတ်လို့ကတော့ အဖွဲ့ခွဲ၇ တစ်ခုလုံးကို အမြစ်ပြတ်ကို သုတ်သင်ခံလိုက် ရတော့မှာပါ။

“သတ်…”

အဖွဲ့ခွဲ(၆)ရဲ့ တိုက်ပွဲ ခေါ်သံကတော့ ပတ်ဝန်းကျင် တစ်ခုလုံးကိုပါ  တုန်ဟည်း သွားစေပါပြီ။

***

All Chapters