← Chapters

ကျွန်တော်ရဲ့ မျိုးရိုးနာမည်ကလည်း ဝမ်ပါပဲ

Vol. 69 Ch. 955

ကျွန်တော်ရဲ့ မျိုးရိုးနာမည်ကလည်း ဝမ်ပါပဲ

Vol. 69 Ch. 955

သူ၏နှုတ်မှ ထိုစကားလုံးများ ထွက်ပေါ်လာသည်နှင့် အဆုံးမဲ့တာအိုနယ်မြေထဲမှ မဟုတ်သော အငွေ့အသက်တစ်မျိုးမှာ စကြဝဠာကြီး၏ အတွင်းပိုင်းထဲမှ ရုတ်တရက်ဆိုသလို ဆင်းသက်လာ၏။ ၎င်းမှာ ဟင်းလင်းပြင်ကြီးအား ထိုးခွင်းကာ စကြဝဠာကြီးအား ကျော်ဖြတ်လာကာ ကြယ်သုသာန်ထဲရှိ အနက်ရောင်စက္ကူပင်လယ်ကြီး၏ အောက်တွင် ရှိနေသော ဝမ်ပေါင်လဲ့၏ ရှေ့သို့ ရောက်ရှိလာပြီးနောက် အထူးတလည် ခမ်းနားထည်ဝါနေခြင်း မရှိသည့် ဝဲတစ်ခုအသွင် ပြောင်းလဲသွားသည်။

ထိုဝဲမှာ သုံးပေသာ ရှည်လျား၏။ သို့သော် ၎င်းမှာ ကမ္ဘာကြီးတစ်ခုလုံးထဲတွင် အတောက်ပဆုံးသော အရောင်ကို ပိုင်ဆိုင်ထားသည်။ ၎င်း ပေါ်ပေါက်လာသည်နှင့် အနက်ရောင်စက္ကူပင်လယ်ကြီးတစ်စင်းလုံးနှင့် ကြယ်သုသာန် တစ်ခုလုံးပင်လျှင် ချက်ချင်းဆိုသလိုပင် နေ့အချိန်သို့ ရောက်သွားသည့်အလား ဖြစ်သွားရ၏။

ထိုဝဲလေးမှာ ခမ်းနားထည်ဝါနေခြင်း မရှိပါသော်လည်း အလင်းရောင်များအားလုံး၏ မူလဇစ်မြစ် ဖြစ်နေသည့်အလားပင်။ ၎င်း၏ ပေါ်ပေါက်လာမှုကြောင့် ကမ္ဘာကြီးထဲရှိ အမှောင်ထုများမှာ ပျောက်ကွယ်သွားရ၏။ တစ်ချိန်ထဲမှာပင် ထို ဝဲလေး၏ အတွင်းပိုင်းမှာ ကမ္ဘာကြီးတစ်ခုနှင့် ချိတ်ဆက်ထားသည့်ပုံ ပေါက်နေသည်။ အကယ်၍ သေသေချာချာ ကြည့်ရှုလိုက်မည်ဆိုပါက ထိုဝဲထဲရှိ ကမ္ဘာထဲတွင် အရောင်မျိုးစုံဖြင့် ပြည့်နှက်နေသည်ကို မြင်နိုင်ပေမည်။

ထို့အပြင် အဆုံးမဲ့တာအိုနယ်မြေနှင့် လုံးဝမသက်ဆိုင်သည့် အားကောင်းသော အငွေ့အသက်တစ်ခုလည်း ရှိနေသေးသည်။ ၎င်းမှာ ဝဲထဲမှနေ၍ အရပ်မျက်နှာအနှံ့သို့ အဆက်မပြတ် ပျံ့နှံ့လာနေသောကြောင့် ကြယ်သုသာန်ထဲရှိ သက်ရှိများမှာ မည်သည့် ကျင့်ကြံခြင်းအဆင့်တွင် ရှိနေစေကာမူ တစ်ခေါင်းလုံး ထူပူသွားရပြီး အသိစိတ်များ ရီဝေဝေဖြစ်လာကြတော့သည်။ ဝမ်ပေါင်လဲ့၏ ဘေးတွင်ရှိနေသည့် ထူးဆန်းသော လူပုံစံစက္ကူရုပ်ကြီးပင်လျှင် ထိုသို့ခံစားလိုက်ရသည်သာ ဖြစ်သည်။ ထိုအခိုက်အတန့်တွင် ၎င်းမှာ သတိလစ်သွား၏။

၎င်းမှာ ခုခံနိုင်ရန် ကြိုးစားခဲ့ခြင်း မရှိသည်တော့မဟုတ်ပေ။ သို့သော် ၎င်းနှင့် ထိုဝဲလေး၏ ကြားရှိ စွမ်အားအဆင့်အတန်းမှာ မိုးနှင့်မြေလို ကွာခြားနေသည် မဟုတ်ပါလော။ သို့ဖြစ်ရာ ထို လူပုံစံစက္ကူရုပ်မှာ ခုခံတွန်းလှန်ရန်ပင် မတွေးနိုင်ခဲ့ဘဲ ချက်ချင်း သတိမေ့သွားရသည်သာ ဖြစ်သည်။

အနက်ရောင် စက္ကူပင်လယ်ကြီး၏ အထက်တွင်ရှိနေသည့် အနီရောင်မျဉ်းကြောင်းနှင့် လူပုံစံစက္ကူရုပ်မှာလည်း ထိုနည်းတူပင်။ ၎င်းမှာ ပင်လယ်ကြီး၏ အောက်ခြေသို့ဆင်းကာ ဖြစ်ပျက်နေသည့် အရာများကို စုံစမ်းချင်နေ၏။ ဝမ်ပေါင်လဲ့မှာ ထို လူပုံစံစက္ကူရုပ်ကြီးသည် မီးတောက်ခေါင်းဆောင်ကြီးနှင့် သူ၏ ဂိုဏ်းတူအစ်ကိုကြီးတို့နှင့် အဆင့်အတူတူတွင် ရှိသည်ဟု သတ်မှတ်ထားခဲ့၏။ သို့သော် ထိုနှစ်ယောက်ထက် သိသိသာသာပို၍ အားနည်းသည့် ထို လူပုံစံစက္ကူရုပ်ကြီးမှာလည်း ယခုတွင် တစ်ကိုယ်လုံး တုန်ရီနေရပြီ ဖြစ်သည်။ မည်သည့်နည်းနှင့်မှ ခုခံတွန်းလှန်၍ မရနိုင်သည့် အငွေ့အသက်ကြီးကြောင့် ၎င်းမှာ အသိစိတ်တစ်ခုလုံး ဖိနှိပ်ချုပ်တည်းခံထားရသလို ဖြစ်နေပြီး ပင်လယ်ရေမျက်နှာပြင်အထက်၌ မလှုပ်မယှက် ရပ်နေရ၏။

ထို လူပုံစံစက္ကူရုပ်နှစ်ရုပ်ပင်လျှင် ထိုကဲ့သို့ဖြစ်နေရသည်ဖြစ်ရာ ပင်လယ်ရေမျက်နှာပြင်ပေါ်ရှိ အခြား လူပုံစံစက္ကူရုပ်များဆိုလျှင် အထူးတလည်ဖော်ပြနေစရာပင် မလိုတော့ပေ။ ထို အခိုက်အတန့်တွင် ၎င်းတို့အားလုံး၏ အသိစိတ်များမှာ ရပ်တန့်သွားသကဲ့သို့ပင်။ ကြယ်သုသာန်တစ်ခုလုံး ထိုကဲ့သို့ ဖြစ်သွားခြင်းဖြစ်ပြီး ဝမ်ပေါင်လဲ့ တစ်ယောက်သာလျှင် သတိလစ်သွားခြင်း မရှိဘဲ ကျန်ရန်ရစ်ခဲ့၏။

သို့သော် သူသည် သတိလစ်မသွားသည့်တိုင်အောင် နှလုံးသားတစ်ခုလုံး ဗြောင်းဆန်နေရပြီ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် သူ၏ ခန္ဓာကိုယ်အား လှုပ်ရှားနိုင်စွမ်းမရှိတော့သလို မကြာသေးမီတုန်းက သူ၏ နှုတ်မှထွက်လာသည့် နောက်ဆုံးစာကြောင်းမှာလည်း... သူ့ကြောင့် ထွက်ပေါ်လာရခြင်း မဟုတ်ကြောင်း သိထားသောကြောင့်ပင်။

ပို၍ တိတိကျကျ ဆိုရမည်ဆိုလျှင် ထို စာကြောင်းမှာ သူ၏နှုတ်မှ ထွက်ပေါ်လာခဲ့သည့်တိုင်အောင် ထိုစကားသံမှာ... သူ၏ စကားသံ မဟုတ်ပေ။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ရင်ခုန်နှုန်းများ တစ်ခဏမျှ ရပ်တန့်သွားရပြီး အခြေအနေ မဟန်တော့ကြောင်း ရိပ်မိသွားတော့သည်။

" သွားပြီ။ ကုန်ပြီ။ သူ နိုးလာပြီကွ... "

အကယ်၍ အခြားတချိန်ချိန်တွင်သာ ဆိုပါက သူသည် သနားစရာကောင်းစွာ အော်ဟစ်မြည်တမ်းလိုက်မည်သာ ဖြစ်သည်။ သို့သော် လက်ရှိအခြေအနေများအရ သူသည် ထိုကိစ္စအား အာရုံစိုက်နေရန် အချိန်မရှိကြောင်း သိထား၏။ အဘယ်ကြောင့်ဆိုသော် ဤ ကမ္ဘာကြီးထဲတွင် သတိလစ်မသွားခဲ့သည့် နောက်ထပ် အရာတစ်ခု ရှိနေသေးသောကြောင့်ပင်။ ၎င်းမှာ ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည့် တစ္ဆေမျက်နှာကြီး ဖြစ်ပေသည်။ ၎င်းမှာ အသံကုန် အော်ဟစ်မြည်တမ်းနေရင်း ဝမ်ပေါင်လဲ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာနေ၏။

ထို တစ္ဆေမျက်နှာကြီးမှာ ဝမ်ပေါင်လဲ့အား ဝါးမျိုတော့မည့် အမူအရာဖြင့် သူ့ဆီသို့ ဦးတည်လာနေခြင်း ဖြစ်သည်။ သို့သော် ၎င်း သူ၏ အနီးသို့ ရောက်ရှိလာသည်နှင့် ဝဲလေးမှာ ဝမ်ပေါင်လဲ့၏ ရှေ့၌ ပေါ်ပေါက်လာ၏။ ထို့နောက် ကြယ်သုသာန်ထဲရှိ သက်ရှိများအားလုံး၏ အသိစိတ်များ ရပ်တန့်နေကြစဉ် ထို ဝဲထဲမှ အေးစက်စက် နှာမှုတ်သံတစ်သံ ထွက်ပေါ်လာတော့သည်။

ထို နှာမှုတ်သံမှာ တာအိုအသံတစ်နှင့် ဆင်တူနေ၏။ ထိုအသံ ထွက်ပေါ်လာသည်နှင့် ကြယ်သုသာန်ကြီး တစ်ခုလုံးမှာ အပြင်းအထန် တုန်ရီသွားပြီး ဝမ်ပေါင်လဲ့လည်း တစ်ခေါင်းလုံး ထူပူသွားတော့သည်။ မျက်လုံးဖြင့် မမြင်နိုင်သည့် ထိုအသံကြီး၏ စွမ်းအားများကို အရင်ဆုံး ခံစားလိုက်ရသည့် အရာမှာ တစ္ဆေမျက်နှာကြီး ဖြစ်ပေသည်။ ၎င်းမှာ ဝမ်ပေါင်လဲ့၏ ရှေ့သို့ ရောက်ရှိလာပြီးနောက် စူးရှကျယ်လောင်စွာ အော်ဟစ်မြည်တမ်းရင်း ပေါက်ကွဲပျက်စီးသွားကာ အနက်ရောင် အခိုးအငွေ့များအဖြစ် ပြောင်းလဲသွားပြီး လွင့်ပါးပျောက်ကွယ်သွားတော့မည့်အလား ဖြစ်သွားတော့သည်။

သို့သော် ထို အခိုက်အတန့်တွင် ၎င်း၏အောက်၌ ရှိနေသည့် ကြေးမုံ အချုပ်အနှောင်ကြီးမှာ ရုတ်တရက်ဆိုသလို တောက်ပလာ၏။ ထို့နောက် ထို အချုပ်အနှောင်ကြီးပေါ်ရှိ အက်ကွဲကြောင်းများထဲမှ အော်သံတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် ထိုအက်ကွဲကြောင်းများထဲမှ အနက်ရောင် အခိုးအငွေ့များ ထိုးထွက်လာ၏။ အကယ်၍ သေသေချာချာ ကြည့်ရှုလိုက်မည်ဆိုလျှင် ထို ကြေးမုံကြီး၏ မျက်နှာပြင်မှာ တွန့်လိမ်နေသည်ကို မြင်လိုက်ရပေမည်။ မျက်နှာကြီးတစ်ခုမှာ ထို ကြေးမုံအချုပ်အနှောင်ကြီး၏ အောက်မှနေ၍ အပြင်ဘက်သို့ ငေါထွက်လာခြင်း ဖြစ်၏။

ထို ကြေးမုံ မျက်နှာပြင်မှာ အလွှာတစ်လွှာကဲ့သို့ ဖြစ်နေပြီး ငေါထွက်လာသည့် မျက်နှာကြီးမှာမူ အဆုံးအစမရှိသော မိစ္ဆာများကို ကိုယ်စားပြုကာ အချုပ်အနှောင်ကြီးထဲမှ ဖောက်ထွက်ချင်နေသည့်ပုံ ပေါက်နေ၏။ ၎င်းမှာ အဆက်မပြတ် အော်ဟစ်မြည်တမ်းနေသောကြောင့် အက်ကွဲကြောင်းများ ထပ်၍ ပေါ်ပေါက်လာရသလို အနက်ရောင် အခိုးအငွေ့များမှာလည်း ပို၍ ထိုးထွက်လာတော့သည်။ ထို့အပြင် အပြင်ဘက်တွင်ရှိနေသည့် အနက်ရောင် အခိုးအငွေ့များပင်လျှင် နောက်သို့ ပြန်လည် မျောလွင့်လာသဖြင့် ထို အခိုးအငွေ့များမှာ အချုပ်အနှောင်ကြီးအား နှစ်ဖက်ညှပ်၍ တိုက်ခိုက်နေသကဲ့သို့ ဖြစ်နေတော့သည်။ ၎င်းမှာ ဤ အခြေအနေအား အခွင့်ကောင်းယူကာ အပြီးတိုင်း ဖောက်ထွက်လာနိုင်အောင် ကြိုးစားနေခြင်း ဖြစ်သည်။

သို့သော် ထို အမည်မသိအရာကြီးမှာ ထိုကဲ့သို့ ဖောက်ထွက်လာနိုင်မည် မဟုတ်ကြောင်း အထင်အရှား မြင်နိုင်ပေသည်။ ၎င်း၏ မျက်နှာကြီး ငေါထွက်လာပြီး ၎င်း၏ အော်ဟစ်သံများ ပဲ့တင်ထပ်နေစဉ် ဝမ်ပေါင်လဲ့၏ ရှေ့တွင်ရှိနေသည့် သုံးပေခန့် ရှည်လျားသော ဝဲထဲမှ ကြယ်အလင်းရောင်များဖြင့် ဖွဲ့စည်းထားသည့် လက်ချောင်းတစ်ချောင်း ထိုးထွက်လာ၏။

ထို လက်ချောင်းမှာ ဝဲလေးအား ကြားခံပစ္စည်းတစ်ခုအဖြစ် အသုံးချကာ အဆုံးမဲ့တာအိုနယ်မြေ အပြင်ဘက်မှနေ၍ ရောက်ရှိလာသည့်ပုံပင်။ ၎င်းမှာ ထိုသို့ ပေါ်ပေါက်လာသည်နှင့် အောက်တွင် ရှိနေသည့် အချုပ်အနှောင်ကြီးပေါ်သို့ ချက်ချင်းကျရောက်သွား၏။

ထိုအခါ စကားလုံးများနှင့် ဖော်ပြ၍မရနိုင်သည့် အငွေ့အသက်တစ်မျိုးမှာ မိုးကောင်းကင်ကြီး၏ စိတ်ဆန္ဒအား အစားထိုးလိုက်သကဲ့သို့ ဖြစ်သွားသည်။ ထို့နောက် အုန်းခနဲ မြည်သံကြီးတစ်သံ ထွက်ပေါ်လာပြီး အချုပ်အနှောင်ကြီး၏ အောက်တွင်ရှိနေသည့် မျက်နှာကြီးမှာ သနားစရာကောင်းစွာ အော်ဟစ်မြည်တမ်းလိုက်ရတော့သည်။ ထိုအချိန်တွင် အနက်ရောင် အခိုးအငွေ့များ အားလုံးမှာ အပြင်းအထန် တုန်ရီသွားပြီးနောက် လွင့်ပါးပျောက်ကွယ်သွားတော့သည်။ ထို အခြင်းအရာအားလုံးမှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်၏။ ကြယ်အလင်းရောင်များဖြင့် ဖွဲ့စည်းထားသည့်လက်ချောင်း အောက်သို့ ကျသွားပြီး အချုပ်အနှောင်ကြီးမှ ငေါထွက်လာနေသည့် မျက်နှာကြီး၏ နဖူးအား ထိသွားသောအခါ ထို မျက်နှာကြီးမှာ စတင် ရှုံ့တွလာပြီး တဖြည်းဖြည်းနှင့် ခြောက်ကပ်လာသလို ၎င်း၏ အော်သံများမှာလည်း ပို၍ စူးရှကျယ်လောင်လာတော့သည်။ ၎င်းမှာ အပြင်းအထန် ကြိုးစားရုန်းကန်နေပါသော်လည်း လက်ချောင်းကြီး၏ စွမ်းအားများကြောင့် အချည်းနှီးပင်။

အသက်ရှူကြိမ် သုံးကြိမ်မျှသာ ကုန်ဆုံးသွားပြီးနောက် ထို မျက်နှာကြီးမှာလည်း အုန်းခနဲမြည်အောင် ပေါက်ကွဲပျက်စီးသွား၏။ ထိုအခါ အချုပ်အနှောင်ကြီး၏ မျက်နှာပြင်မှာ ပြန်၍ ညီညာပြန့်ပြူးသွားသလို ၎င်းပေါ်ရှိ အက်ကွဲကြောင်းများမှာလည်း အလိုလိုပြန်ပိတ်လာတော့သည်။

ဝဲထဲမှ ထွက်ပေါ်လာသည့် လက်ချောင်းမှာလည်း တဖြည်းဖြည်းနှင့် လွင့်ပါးပျောက်ကွယ်သွားကာ ကြယ်အလင်းရောင်များအဖြစ် ပြောင်းလဲသွားပြီးနောက် ဝဲထဲသို့ ပြန်လည် စီးဝင်သွား၏။ အရာအားလုံးမှာ ပြီးဆုံးသွားသည့်ပုံ ပေါ်ပါသော်လည်း ထိုအချိန်တွင် အက်ကွဲကြောင်း တစ်ဝက်ကျော် ပြန်ပိတ်သွားပြီဖြစ်သည့် ကြေးမုံအချုပ်အနှောင်ကြီး၏ မျက်နှာပြင်ပေါ်တွင် လှိုင်းတွန့်တစ်ခု ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာသည်။

ထို လှိုင်းတွန့်လေးမှာ အရပ်မျက်နှာအနှံ့သို့ အလျင်အမြန် ပျံ့နှံ့သွားပြီး ကြေးမုံအချုပ်အနှောင်ကြီး၏ မျက်နှာပြင်အား အကြည်ရောင်ဖြစ်အောင် ပြောင်းလဲပေးလိုက်သဖြင့် အောက်တွင်ရှိနေသည့် အမည်မသိ နေရာကြီးနှင့် ချိတ်ဆက်နေသော မဟူရာချောက်နက်ကြီးအား မြင်လိုက်ရတော့သည်။ ထို့အပြင် လူရိပ်တစ်ခုမှာလည်း ထို မဟူရာချောက်နက်ကြီးထဲမှနေ၍ သူတို့ဆီသို့ တစ်လှမ်းချင်းစီ လှမ်းလာ၏။

ထို လူရိပ်ကြီး ပေါ်ပေါက်လာသောအခါ ဝဲထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားတော့မည့်ပုံ ပေါက်နေသည့် ကြယ်အလင်းရောင်များမှာ ရုတ်တရက်ဆိုသလိုရပ်တန့်သွားသည်။ ထို့နောက် ၎င်းတို့မှာ အတူတကွ ပြန်လည်စုဝေးသွားကာ တည်ကြည်မှုအပြည့်ရှိသော မျက်ဝန်းတစ်စုံအဖြစ် ပြောင်းလဲသွားပြီး အချုပ်အနှောင်ကြီး၏ အောက်တွင် ရှိနေသည့် လူရိပ်ကြီးအား စိုက်ကြည့်နေလိုက်တော့သည်။

" ရပ်လိုက်စမ်း " ထိုအချိန်တွင် ဝဲထဲမှ တည်ကြည်မှု အပြည့်ရှိသော စကားသံတစ်သံ ထွက်ပေါ်လာပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွား၏။ ဝမ်ပေါင်လဲ့မှာလည်း ထိုစကားသံကို ကြားလိုက်ရသဖြင့် တစ်ကိုယ်လုံး တုန်ရီသွားသည်။

ထို စကားသံကြီး ပဲ့တင်ထပ်နေစဉ် အချုပ်အနှောင်ကြီး၏ အောက်ရှိ လူရိပ်မှာလည်း အချုပ်အနှောင်ကြီး၏ အစွန်အဖျားပိုင်းနားသို့ ရောက်လာပြီး ရပ်တန့်သွား၏။ ထို့နောက် ၎င်းမှာ ခေါင်းမော့ကာ အချုပ်အနှောင်ကြီးအား ဖြတ်၍ ပြင်ပကမ္ဘာကြီးအား လှမ်းကြည့်နေလိုက်တော့သည်။

သူသည် ဝမ်ပေါင်လဲ့အား အရင်ဆုံးလှမ်းကြည့်လိုက်ပြီးနောက် ဝမ်ပေါင်လဲ့၏ ရှေ့တွင် ရှိနေသည့် ဝဲလေးအား လှမ်းကြည့်လိုက်၏။ သူနှင့် ကြယ်အလင်းရောင်များဖြင့် ဖွဲ့စည်းထားသည့် မျက်လုံးနှစ်လုံးမှာ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသည့်ပုံပင်။

ထို လူရိပ်မှာ မဟူရာချောက်နက်ကြီးထဲတွင်သာ ရှိနေခြင်း ဖြစ်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ သူ၏ ပုံပန်းသွင်ပြင်အား ရှင်းလင်းပြတ်သားစွာ မြင်နေရ၏။ သူသည် ခရမ်းရောင်ဆံပင်များနှင့် ပိန်သွယ်သွယ် ခန္ဓာကိုယ်တစ်ခုအား ပိုင်ဆိုင်ထားကာ ခရမ်းရောင် ဝတ်ရုံရှည်တစ်ခုအား ဆင်မြန်းထားသည်။ ထို့အပြင် အနက်ရောင်မီးတောက်များ တောက်လောင်နေသည့် မီးအိမ်ကိုးလုံးမှာလည်း သူ့အား ဝန်းရံထားသေးသည်။

သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာနေသည့် ရေခဲတမျှ အေးစက်သော အငွေ့အသက်များမှာလည်း ဖိနှိပ်ချုပ်တည်း၍ မရနိုင်လောက်အောင် အားကောင်းနေသည်။ ဝမ်ပေါင်လဲ့မှာ သူ၏ သက်တမ်းတစ်လျှောက်လုံးတွင် ထိုမျှလောက် အားကောင်းသည့် အငွေ့အသက်မျိုးနှင့် လုံးဝမကြုံဖူးပေ။ သူ၏ ဂိုဏ်းတူအစ်ကိုကြီး ချန်ရှင်းပင်လျှင် ၎င်းအား ယှဉ်နိုင်စွမ်းရှိမည် မဟုတ်ပေ။

ထို့အပြင် ထိုလူရိပ်မှာ သူ၏ ညာဘက်လက်ဖြင့် အဘိုးကြီးတစ်ယောက်အား အသာအယာ ဆွဲခေါ်လာသည့်ပုံပင်။ ထို အဘိုးကြီးမှာ တစ်ကိုယ်လုံးတုန်ရီနေ၏။ သူ၏ ပုံပန်းသွင်ပြင်အရဆိုလျှင် သူသည် မကြာသေးမီတုန်းက အချုပ်အနှောင်ကြီးထဲမှ ငေါထွက်လာခဲ့သည့် မျက်နှာကြီး၏ ပိုင်ရှင်ဖြစ်ပေသည်။

" စိတ်ဝင်စားစရာပဲ။ ငါ သဲ့လော့ကျစ်ကို သုံးလတိတိ လိုက်ရှာနေခဲ့ပြီးတော့ သူ့ရဲ့ ကိုယ်ပွားတစ်သန်းတိတိကို သတ်ဖြတ်ခဲ့ပြီးတာတောင် သူ့ရဲ့ ခန္ဓာကိုယ်အစစ်က ပြင်ပနယ်မြေနဲ့ ချိတ်ဆက်ထားတဲ့ လမ်းကြောင်းတစ်ခုကို ဖန်တီးထားလိမ့်မယ်လို့ လုံးဝထင်မထားခဲ့ဘူး "

" ပိုပြီး စိတ်ဝင်စားစရာကောင်းတဲ့ အချက်က... ဒီနေရာမှာ သူနဲ့ မျိုးစိတ် အတူတူပဲလို့ သတ်မှတ်လို့ရတဲ့ တာအိုရောင်းရင်း နောက်ထပ်တစ်ယောက်နဲ့ပါ ဆုံလိုက်ရတာပဲ "

ထို စကားလုံးများမှာ မည်သည့် ဘာသာစကားထဲတွင်မှ မပါဝင်ဘဲ နတ်ဘုရားအာရုံများအဖြစ်သာ ပျံ့လွင့်လာခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း ဝမ်ပေါင်လဲ့မှာ ထိုစကားများကို နားလည်သွားခြင်း ဖြစ်၏။ သူသည် တစ်ကိုယ်လုံး တုန်ရီနေရပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဤ အချုပ်အနှောင်ကြီးမှာ ထိုလူရိပ်ကြီး ပြောခဲ့သည့် သဲ့လော့ကျစ်ဆိုသည့် ပုဂ္ဂိုလ်အား တားဆီးနိုင်စွမ်းရှိပါသော်လည်း ထိုလူရိပ်ကြီးမှာမူ ခြေတစ်လှမ်း လှမ်းလိုက်ရုံဖြင့် ၎င်းအား အခက်အခဲမရှိ ကျော်ဖြတ်လာနိုင်လိမ့်မည်ဟု ခံစားနေရသောကြောင့်ပင်။

ကံကောင်းစွာဖြင့် ထို ခရမ်းရောင်ဆံပင်နှင့် လူငယ်လေးမှာ ကျော်ဖြတ်လာခဲ့ခြင်းမရှိဘဲ ဝဲကြီးထဲမှ မျက်လုံးနှစ်လုံးကိုသာ စိုက်ကြည့်နေလိုက်ပြီးနောက် နောက်သို့ပြန်လှည့်သွား၏။ ထို့နောက် သူသည် သူ၏ လက်ထဲမှ အဘိုးကြီးအား ဆွဲခေါ်သွားပြီး အဝေးသို့ ထွက်ခွာသွားတော့သည်။ သို့သော် သူ၏နောက်တွင် စကားသံတစ်သံ တိုးတိုးလေး ထွက်ပေါ်လာ၏။

" ငါ့ရဲ့ မျိုးရိုးနာမည်က ရှုပါ "

" ငါ့ရဲ့ မျိုးရိုးနာမည်က ဝမ်ပါ " ထိုအခါ ဝဲထဲမှလည်း အေးစက်စက် စကားသံကြီးတစ်သံ ထွက်ပေါ်လာသည်။

ထို စကားသံနှစ်သံ ပဲ့တင်ထပ်သွားပြီး ခရမ်းရောင်ဆံပင်နှင့် လူငယ်လေး တဖြည်းဖြည်း ပျောက်ကွယ်သွားချိန်တွင် ကြေးမုံ အချုပ်အနှောင်ကြီးမှာလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ ယခုတွင် ၎င်း၏ မျက်နှာပြင်ပေါ်မှ အက်ကွဲကြောင်းများအားလုံးမှာ ပြန်ပိတ်သွားပြီဖြစ်သည်။ ကြယ်သုသာန်ကြီး တစ်ခုလုံးမှာလည်း အားအင်ကုန်ခမ်းကာ မောပန်းနွမ်းနယ်နေခဲ့ရာမှ ခပ်ရေးရေးမျှ အသက်ပြန်ဝင်လာသည့်ပုံပင်။

ထိုအချိန်တွင် ဝမ်ပေါင်လဲ့၏ ရှေ့တွင် ရှိနေသည့် ဝဲလေးမှာလည်း တဖြည်းဖြည်းနှင့် ကျုံ့ဝင်သွားပြီး လုံးဝပျောက်ကွယ်သွား၏။ ၎င်းထဲမှ မည်သည့် စကားသံမှ ထပ်၍ ထွက်ပေါ်မလာတော့ပေ။ သို့သော် ထိုဝဲလေး လုံးဝပျောက်ကွယ်သွားချိန်တွင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ ထို့အပြင် သူသည် သူ၏ မျိုးရိုးနာမည်မှာ ' ဝမ် ' ဖြစ်သည်ဟု ဆိုခဲ့သည့် ပုဂ္ဂိုလ်ကြီးမှာ ပျောက်ကွယ်မသွားခင် သူ့အား တစ်ချက်လှမ်းကြည့်ခဲ့သည်ဟု ခံစားလိုက်ရ၏။

" ကျွန်တော့်ရဲ့ မျိုးရိုးနာမည်ကလည်း ဝမ်ပါပဲ... " ထိုအကြည့်ကြောင့် ဝမ်ပေါင်လဲ့မှာ နှလုံးသားတစ်ခုလုံး ဆတ်ခနဲတုန်ရီသွားရပြီး အလိုလို ပြန်ဖြေမိလိုက်တော့သည်။

All Chapters