← Chapters

နယ်မြေစစ်ဆေးရေးမှုး အကြီးအကဲ

Vol. 14 Ch. 191

နယ်မြေစစ်ဆေးရေးမှုး အကြီးအကဲ

Vol. 14 Ch. 191

နောက်ထပ် (၂)နာရီလောက် အကြာမှာတော့ အဖွဲ့ခွဲ(၅)ရဲ့ အဖွဲ့ဝင်တွေကလည်း တိုက်ပွဲ ဖြစ်နေရာကို ရောက်လာ ခဲ့ပါတယ်။

အဖွဲ့ခွဲ(၂)ခုရဲ့ စစ်ကူတွေကြောင့် တိုက်ပွဲက တစ်ဖက်စောင်းနင်း အခြအနေကနေ  အနည်းငယ် ရှူသာကယ်သာ အခြေအနေ တစ်ခုကို ပြောင်းလဲ သွားခဲ့ပါပြီ။ယာယီအားဖြင့်ပေါ့။

လီဖူချန်းနဲ့ ရှုဖန်းကတော့ သူတို့အတွက် စံပြ ပုဂ္ဂိုလ်တွေ ဖြစ်လာမှန်းမသိ ဖြစ်လာခဲ့တယ်လေ။ ဒီ လူငယ်လေး နှစ်ယောက်က ရှေ့ဆုံးကနေ မိစ္ဆာလက်ဝါး အစည်းအရုံး အဖွဲ့သားတွေကို ရွပ်ရွပ်ချွံချွံ  တိုက်ခိုက်နေဆဲပါဘဲ။

သူတို့ နှစ်ယောက်က နတ်ဘီလူး စစ်သည်တော်တွေအလား အညှာအတာ ကင်းမဲ့စွာ သတ်ဖြတ် နေပါတယ်။သူတို့ နှစ်ယောက်စလုံးရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာဒဏ်ချက်တွေက တစ်ခုပြီးတစ်ခု ပိုများလာပေမဲ့လည်း ဒီလူငယ်လေး နှစ်ယောက်က မျက်နှာ တစ်ချက်တောင် မတွန့်သွားဘဲ မားမားမတ်မတ် ရှိနေဆဲပါဘဲ။

သူတို့နဲ့ ထိပ်တိုက်တွေ့မိတဲ့ ရန်သူတွေကတော့ သိုးငယ်လေးတွေလို လည်စင်းပေးပြီး အသေခံရုံက လွဲလို့ ဘာမှ မတတ်နိုင်တော့ပါဘူးလေ။

အဖွဲ့ခွဲ(၇)က သေဆုံးသွားကြတဲ့ အဖွဲ့ဝင်တွေကတော့ ဒီနတ်ဘီလူး စစ်သည်တော်တွေအလား တိုက်ခိုက်နေတဲ့ လူငယ်လေး နှစ်ယောက်အတွက် တမလွန်ဘဝကနေ ဂုဏ်ယူနေကြမှာ အမှန်ပါဘဲ။

“ဒါမှ မိုးပြာရောင် ဂိုဏ်းတော်သားကွ”ဟု  ချီးကျူးနေလေမည်လား ဆိုတာကိုတော့  ဘယ်သူမှ မသိနိုင် တော့ပါဘူးလေ ... ။

တိုက်ပွဲ ထဲမှာတော့ လီဖူချန်းနဲ့ ရှုဖန်းထက် အစွမ်းထက်တဲ့သူတွေ အများကြီး ရှိနေပါတယ်။ ဒါပေမဲ့လည်း မည်သူ တစ်ဦးတစ်ယောက်ကမျှ သူတို့နှစ်ယောက်ထက် ပိုပြီး ရဲဝံ့စွာ တိုက်ခိုက် နိုင်တော့မှာ မဟုတ်ပါဘူး။

နှမြောစရာပါဘဲ ... .။ လီဖူချန်းနဲ့ ရှုဖန်းရဲ့ ပြောင်မြောက်တဲ့ စွမ်းဆောင်မှုတွေက တိုက်ပွဲအခြေအနေကို ပြောင်းလဲနိုင်လောက်တဲ့ အထိတော့ မလုံလောက်ခဲ့ပါဘူး။ မိစ္ဆာလက်ဝါး အစည်းအရုံးရဲ့ တပ်ဖွဲ့တွေက လှိုင်းလုံးကြီးတွေလို တစ်လုံးပြီးတစ်လုံး ဆင့်ကဲ တိုက်ခိုက်နေပါတယ်။ သူတို့ရဲ့ အရေအတွက်က အဖွဲ့ခွဲ(၅)နဲ့ အဖွဲ့ခွဲ(၆)က စစ်ကူတွေထက်တောင် နှစ်ဆလောက် များနေဆဲပါဘဲ။

အဖွဲ့ခွဲ(၅)နဲ့ အဖွဲ့ခွဲ (၆)ကလည်း ဘာမှ မတတ်နိုင်တော့ဘဲ အနောက်ကို ပြန်ဆုတ်ခွာ နေရပါပြီ။

“တစ်ယောက် ... နောက်ထပ် တစ်ယောက် ...  လာခဲ့စမ်း။ ငါမသေသေး သရွေ့ကတော့ မင်းတို့ကို ရသလောက် သတ်သွားဦးမယ်”

လီဖူချန်းရဲ့ တစ်ကိုယ်လုံးက သွေးတွေနဲ့ စိုရွှဲနေပြီး  တစ်ကယ့် နတ်ဆိုး တစ်ကောင်အလား ဖြစ်နေပါပြီ။  သူ့ရဲ့ မျက်လုံးအစုံကလည်း သွေးတွေကဲ့သို့ ရဲရဲနီနေပြီး သတ်ဖြတ်ခြင်း အငွေ့ အသက်တွေကလည်း ပြင်းထန်စူးရှစွာ ထွက်ပေါ် နေတယ်လေ။

သူ့ရဲ့ ဒဏ်ရာတွေကလည်း (၈၀)ရာခိုင်နှုန်းလောက်ကို ပြန်ကောင်းစ ပြုနေပါပြီ။

ဆန်းကြယ် အဆင့်နိမ့် ဆေးလုံးကလည်း သူ့ရဲ့ခန္ဓာကိုယ်ကို ကောင်းသထက် ကောင်းလာအောင် သန့်စင်ပေးနေတယ်လေ။

လီဖူချန်းရဲ့ စိတ်နဲ့ ခန္ဓာက တစ်ထပ်တည်း ကျနေပြီး  လက်ထဲက နက်ရွှေမှော် ဓားကလည်း  ရန်သူ့  လည်ချောင်း သွေးတွေကို  အငမ်းမရ ဆာလောင်နေပါပြီ။

ရွှစ် ...

လီဖူချန်းရဲ့ နက်ရွှေမှော်ဓားက မြေကမ္ဘာအဆင့်  မိစ္ဆာလမ်းစဉ် ပညာရှင်ရဲ့  လည်ချောင်းထဲကို ထိုးစိုက်သွားပြန်ပါတယ်။

ဒီတစ်ယောက်နဲ့ ဆိုရင်တော့ လီဖူချန်းသတ်ခဲ့တဲ့ မိစ္ဆာလမ်းစဉ် ပညာရှင် အရေအတွက်က တစ်ဒါဇင်လောက်ကို ရှိနေပါပြီ။

တစ်ဖက်မှာလည်း ရှုဖန်းက လီဖူချန်းထက် နှစ်ဆလောက်ကို သတ်ဖြတ်ထားခဲ့ပါတယ်။

မြေကမ္ဘာအဆင့်(၉) က ပညာရှင်တွေတောင်မှာ ရှုဖန်းရဲ့ ဓားချက်အောက်က လွတ်အောင် ထွက်မပြေးနိုင်ပါဘူး။

' ဓားတစ်ချက် သွေးတစ်စက် အသက်တစ်သက်' ဆိုတဲ့ ဆိုရိုးစကားက  ရှုဖန်းကို ရည်ညွှန်းဟန် တူပါသည်လေ။

ခံစားချက်မဲ့ဓားက  လျင်မြန်ပြီးတော့ ညှာတာခြင်းအလျင်း မရှိပါဘူး။

ဒါကြောင့်လည်း ရှုဖန်းရဲ့ ဘွဲ့နာမည်က  ခံစားချက်မဲ့ဓား ဖြစ်နေဟန် တူပါတယ်။

ဒီနတ်ဘီလူး စစ်သည်တော် နှစ်ယောက် ရောက်သွားတဲ့ နေရာတိုင်းက သတ်ဖြတ်ခြင်းတွေနဲ့ဘဲ လွှမ်းခြုံနေခဲ့ပါတယ်။

ဒါပေမဲ့လည်း အဲသည်အချက်က မိစ္ဆာလမ်းစဉ် ပညာရှင်တွေရဲ့ အာရုံစိုက်မှုကို ပိုရစေခဲ့တယ်လေ။

လီဖူချန်းကိုတော့ မြေကမ္ဘာအဆင့်(၈)နဲ့ အဆင့်(၉)ရှိတဲ့ မိစ္ဆာလမ်းစဉ် ပညာရှင် နှစ်ယောက်က ညှပ်ပူးညှပ်ပိတ် တိုက်ခိုက်နေပါပြီ။ တစ်ကယ်လို့သာ တစ်ယောက်ချင်း တိုက်ပွဲဆိုရင်တော့ လီဖူချန်းက တစ်ဖက်ရန်သူကို သူတင်ကိုယ်တင် တိုက်နိုင်ဖို့အတွက် ယုံကြည်မှု အပြည့် ရှိပါတယ်။ ဒါပေမဲ့ အခုတော့ လီဖူချန်းက သက်စွန့်ဆံဖျားကို ခုခံနေရပါပြီ။

သူက အခုမှ မြေကမ္ဘာနယ်ပယ် အဆင့်(၂)ဘဲ  ရှိပါသေးသည်။ သူ့ရဲ့ အစစ်အမှန် ငရဲမီးတောက် အတွင်းအားပညာရပ် အဆင့်(၁၅)နဲ့ မီးနဂါး လျို့ဝှက်နည်းစနစ်ရဲ့ အကူအညီကို ရယူထားရင်တောင်မှ မြေကမ္ဘာနယ်ပယ် အဆင့်(၆)က ပညာရှင်နဲ့ဘဲ သွားညီမှာလေ။ အခုတော့ မြေကမ္ဘာ အဆင့်(၈)နဲ့ အဆင့်(၉)တဲ့လား ... ။ ကွာဟချက်က တစ်ကယ်ကို ကြီးမား လွန်းလှပါတယ်။

“သေစမ်း”

ပထမဆုံး စတင်လှုပ်ရှားတာကတော့ မြေကမ္ဘာနယ်ပယ် အဆင့်(၉) ပညာရှင်ပါဘဲ။ အသက်လေးဆယ်လောက် အရွယ်ရှိပြီး ဆိတ်တစ်ကောင်လို မုတ်ဆိတ်မွေးတွေကို ပိုင်ဆိုင်ထားပါတယ်။

သူ့ရဲ့ လက်နက်ကတော့ ဓားပျော့ တစ်ချောင်းပါ။ မြွေတစ်ကောက်လို တွန့်လိမ်နေတဲ့ ဓားပျော့ တစ်ချောင်း ပါပဲ။

သူ့ရဲ့ ဓားဆန္ဒက ပုဝါပါးလေးတစ်ခုလို ပျော့ပြောင်းစွာဖြင့် လီဖူချန်းဆီကို ချဉ်းကပ် လာခဲ့ပါတယ်။

လီဖူချန်းရဲ့ မျက်လုံး ထဲမှာတော့ အဆိပ်ပြင်းလှတဲ့ မြွေဆိုး တစ်ကောင်က သူ့ဆီကို ဦးတည် လာနေသည်ဟု ထင်မြင်နေပါပြီ။

ကြည့်ရတာ ဒီဓားသိုင်းက မြွေတွေရဲ့ သဘာဝကို အမှီပြုပြီး တီထွင်ထားတဲ့ ဓားသိုင်း တစ်ခု  ဖြစ်မည့်ပုံပါဘဲ။

ဓားဆန္ဒကို နားလည်ပြီးသွားတဲ့ နောက်မှာတော့ ထိုသူက သူ့ဓားဆန္ဒကို မြွေတစ်ကောင်အလား အသုံးချ နေနိုင်တာဘဲ ဖြစ်ပါမည်။

လီဖူချန်းက ဒီဓားချက်ကို တိုက်ရိုက်ကြီးတော့ မခုခံရဲပါဘူး။ အဲဒီအတွက် သူက ပြောင်းလဲခြင်း(၉)ကွက် ဓားသိုင်းကို အသုံးပြုပြီး တစ်ဖက်လူရဲ့ ဓားကွက်ကို အရှိန်လျော့ စေလိုက်ပါတယ်။

ထန် ...

တစ်ဖက်လူရဲ့ ဓားကွက် အရှိန်က နဂိုမူလကထက် ယုတ်လျော့သွားပြီး နောက်ဆုံးမှာတော့ (၃၀)ရာခိုင်နှုန်းသာ ကျန်ရှိပါတော့တယ်။ ကျန်ရှိနေတဲ့ ဓားကွက် အရှိန်ကိုတော့ လီဖူချန်းက ကောင်းကောင်း ကိုင်တွယ်နိုင်စွမ်းရှိပါတယ်လေ။

“ဓားကွက် အာနိသင် လျော့ပါးစေတဲ့ ဓားသိုင်းပါလား ...”

မုတ်ဆိတ်မွှေးတွေနှင့် လူကြီးက လီဖူချန်းကို မယုံနိုင်စွာဖြင့် ကြောင်ကြည့် နေဆဲပါဘဲ။

“ရေခဲမြွေ ကကြိုး”

ထို့နောက်မှာတော့ ထိုလူကြီးက နောက်ထပ်ဓားကွက် တစ်ခုကို ထုတ်ဖော် လိုက်ပါတယ်။ မြောက်မြားလှတဲ့ ဓားရိပ်တွေက လီဖူချန်းကို ပတ်ဆို့ထား လိုက်ပါပြီ။

“ပြောင်းလဲခြင်းတစ်ရာ ဓားစက်ဝိုင်း”

လီဖူချန်းကလည်း သူ့ရဲ့ ပြောင်းလဲခြင်းကိုးကွက် ဓားသိုင်းကို အလွန် ပြောင်မြောက်စွာနဲ့  ထုတ်ပြနေဆဲပါဘဲ။ သူ့ဆီဝင်လာတဲ့ ဓားရိပ်တိုင်းက အရှိန်လျော့သွားပြီး သူ့ကို အန္တရာယ် မပေးနိုင်သေးပါဘူး။

“အန္တိမ သွေးလက်ဝါး"

ကျန်ရှိနေတဲ့ မြေကမ္ဘာနယ်ပယ် အဆင့်(၈)က ပညာရှင်ကလည်း လီဖူချန်းကို အလစ်ဝင်ရောက် တိုက်ခိုက်လိုက်ပါပြီ။

သူက အချိန်ကောင်းကို စောင့်နေပြီး တိုက်ခိုက် လိုက်တာပါ။

လီဖူချန်းရဲ့ နောက်ကျော ကြွက်သားတွေက တစ်ဆတ်ဆတ် တုန်လာခဲ့တဲ့အတွက် တစ်စုံ တစ်ယောက်ကတော့ သူ့ကို အလစ်တိုက်ပြီး အကောက်ကြံပြီ ဆိုတာကို သတိထားလိုက် မိတယ်လေ။

သူက ဒီတိုက်ခိုက်မှုကို လွယ်လွယ်နဲ့ သဘောထားလို့တော့ မရပါဘူး။ မိစ္ဆာလမ်းစဉ် ပညာရှင်တွေ အများစုက အဆိပ်ကိုလည်း အသုံးပြုလေ့ ရှိတတ် ကြပါတယ်။ ဒီလက်ဝါးကို ပြန်မခုခံဘဲ အလွတ်ရှောင် လိုက်တာက အကောင်းဆုံးပါဘဲ။

ဖတ် ... ဖတ် ... ဝှစ် ...

လီဖူချန်းက သူ့ရဲ့ အရိပ်မဲ့ ခြေကွက်ကို အသုံးပြုပြီး လက်ဝါးရိုက်ချက် စက်ကွင်းထဲက တစ္ဆေတစ်ကောင်လို ပျောက်ကွယ် သွားခဲ့ပါပြီ။

ဒီမိစ္ဆာလမ်းစဉ် ထိပ်သီး နှစ်ယောက်ရဲ့ တိုက်ခိုက်မှုတွေကို လီဖူချန်းက ခုခံနေရုံကလွဲပြီး ဘာမှ မတတ်နိုင်ပါဘူးလေ။ ပြောင်းလဲခြင်းကိုးကွက် ဓားသိုင်းနဲ့ အရိပ်မဲ့ခြေကွက်ကို အားကိုးပြီး အချိန်ဆွဲ နေရုံဘဲ ရှိပါတော့တယ်။

ရှုဖန်းရဲ့ အခြေအနေကလည်း လီဖူချန်းနဲ့ သိပ်မထူးလှပါဘူး။  ပိုပြီးတော့ ဆိုးနေတယ်လို့တောင် ပြောလို့ရတဲ့ အနေအထားပါဘဲ။ အဖွဲ့ခွဲ(၅)နဲ့ အဖွဲ့ခွဲ(၆)က စစ်ကူ တွေ မရောက်လာခင် တုန်းကတောင်  မြေကမ္ဘာနယ်ပယ် အဆင့်(၉) အထွတ်အထိပ် ရန်သူ(၃)ယောက်ရဲ့ ဝိုင်းဝန်း တိုက်ခိုက်ခြင်းကို ခံနေရတာလေ ။ အခုတော့ နောက်ထပ် ရန်သူ(၃)ယောက် ထပ်တိုး လာပါသေးတယ်။ နှစ်ယောက်ကတေ့ မြေကမ္ဘာနယ်ပယ် အဆင့်(၉) အထွတ်အထိပ်ဖြစ်ပြီး တစ်ယောက်က မြေကမ္ဘာနယ်ပယ် အစကနဦး အဆင့်ပါ။

ရှုဖန်းတတ်နိုင်တာ တစ်ခုကတော့ နောက်ထပ်စစ်ကူတွေ ရောက်လာသည်အထိ တောင့်ခံထားတာပါဘဲ။

“ဘယ် ခွေးသူတောင်းစားတွေက ငါပတ္တရောင် လှည့်ရတဲ့ နယ်မြေထဲမှာ လာသောင်းကျန်း နေတာလည်း”

သြဇာအာဏာနဲ့ ပြည့်စုံလှတဲ့ အသံဝါကြီး တစ်ခုက လူတိုင်းရဲ့ နားထဲကို ဝင်ရောက် လာခဲ့ပါပြီ။ အဲဒီ အသံက မိုးခြိမ်းသံထက်တောင် ကျယ်လောင် နေပါသေးတယ်။

ကောင်းကင်ယံထက်က တိမ်တိုက်တွေပေါ်မှာတော့ အကြီးအကဲ (၅)ယောက် ပေါ်လာခဲ့ပါတယ်။

သူတို့ထဲက ခေါင်းဆောင်ဖြစ်ဟန် သူတူရဲ့ ချီအရှိန်အဝါတွေက ကောင်းကင်ကြီး တစ်ခုလုံးကိုတောင် လွှမ်းခြုံ နေသလိုလို ပါဘဲ။

သေချာတာ တစ်ခုကတော့ ဒီအကြီးအကဲက အဆင့်မြင့်  ကောင်းကင် နယ်ပယ် ပညာရှင်ပါ။

“ဟေး ... ဟေး ...  နယ်မြေစစ်ဆေးရေးမှုး ရောက်လာပြီကွ။ ဒီမအေလိုးတွေကို သတ်ပစ်ကြစို့ ညီအစ်ကိုတို့ရေ ...”

အကြီးအကဲ (၅)ယောက် ရောက်လာမှုက မြေပြင်ပေါ်မှာ တိုက်ခိုက်နေတဲ့  မိုးပြာရောင ်ဂိုဏ်းသားတွေရဲ့ စိတ်ဓာတ်တွေကို အကြီးအကျယ် မြှင့်တက် သွားစေပါတယ်။

မိုးပြာရောင်ဂိုဏ်းရဲ့ နယ်နိမိတ်က အလွန်ကို ကြီးမားကျယ်ပြန့် လွန်းပါတယ်။ နတ်ဘုရားလေ ဂိုဏ်းခွဲနဲ့ သွေးကွန်ချာ ဂိုဏ်းခွဲ နှစ်ခုတည်းနဲ့တော့ ဒီနယ်မြေတွေကို ငြိမ်ဝပ် ပိပြားအောင် ထိန်းချုပ်နိုင်စွမ်း ရှိမှာ မယုတ်ပါဘူး။ အဲဒီအတွက် ဂိုဏ်းတော်က နယ်မြေ အပိုင်းအခြားကြီး (၈)ခု ခွဲထားပြီး  နယ်မြေတစ်ခုချင်းစီ အလိုက် နယ်မြေ စစ်ဆေးရေးမှုးတွေ ခန့်အပ် ထားပါသေးတယ်။

နယ်မြေ တစ်ခုချင်းစီရဲ့ နယ်မြေ စစ်ဆေးရေးမှုးတွေက အဆင့်မြင့် ကောင်းကင်နယ်ပယ် ပညာရှင်တွေ ဖြစ်ကျပြီး သူတို့ရဲ့ လက်အောက်မှာ လက်ထောက် နယ်မြေ စစ်ဆေးရေးမှုး လေးယောက် ရှိပါသေးတယ်။ လက်ထောက်နယ်မြေ စစ်ဆေးရေးမှူးတွေကတော့  အလယ်အလတ် ကောင်းကင်နယ်ပယ် ပညာရှင်တွေပါဘဲ။

“ လီးဘဲဟေ့ ... ကံဆိုးပြီဟ ... နယ်မြေ စစ်ဆေးရေးမှူးပါ ရောက်လာပြီ”

မိစ္ဆာလက်ဝါး အစည်းအရုံး ခေါင်းဆောင်ကတော့ သူ့ရဲ့ ဆိုးလှတဲ့ ကံကိုဘဲ အပြစ်ပုံချ နေရပါပြီ။

တစ်ကယ်လို့သာ နတ်ဘုရားလေ ဂိုဏ်းခွဲရဲ့ အဖွဲ့ခွဲ(၁၀)ခုက အမဲလိုက် ခွေးတွေဆိုရင် နယ်မြေ စစ်ဆေးရေးမှူးတွေက အမဲလိုက် သိမ်းငှက်တွေပါဘဲ။ ဒီနယ်မြေ စစ်ဆေးရေးမှူးတွေက အမဲလိုက် ခွေးတွေထက်ကို ကြောက်စရာ ကောင်းလှပြီး  အနံ့ခံလည်း ပိုကောင်းပါသေးတယ်။  မိစ္ဆာလမ်းစဉ် ဂိုဏ်းတွေ အတွက်တော့ ဒီနယ်မြေ စစ်ဆေးရေးမှူးတွေက  အိပ်မက်ဆိုးတွေပါ။

“ပြေးစို့”

မိစ္ဆာလက်ဝါး အစည်းအရုံး ခေါင်းဆောင်က အချက်ပြလိုက်ပြီး ဖနောင့်နှင့်တင်ပါး တစ်သားတည်း ကျအောင် ပြေးထွက်သွားပါပြီ။  သူ့ရဲ့ နောက်မှာ ဘာတွေ ဖြစ်ပြီး ကျန်ခဲ့သလဲ ဆိုတာကိုတောင် လှည့်မကြည့်တော့ပါဘူး။

သွေးတွေနဲ့ ရေချိုးထားသလို ဖြစ်နေတဲ့ ဝမ်ကန်းကလည်း အခုမှ သက်ပြင်းရဲရဲ ချနိုင်ပါတော့တယ်။ ကြည့်ရတာတော့ မိုးနတ်မင်းကြီးက သူ့ကို လွယ်လွယ်နှင့် မသေစေချင်သေးသည့် ပုံပါဘဲ။ သူ့ရဲ့လက်ထောက်တွေ သေသွားတာကတော့ တစ်ကယ်ကို နှမြောစရာ ကောင်းလှသည်လေ။

“ထွက်ပြေးမှာလား ... ။ မင်းကို ဘယ်သူက ခွင့်ပြုလိုက်တာလဲ"

နယ်မြေ စစ်ဆေးရေးမှူးက သူ့ရဲ့ ရတနာဓားကို ထုတ်ပြီး တစ်ချက် ဝှေ့ယမ်း လိုက်ပါတယ်။ ကောင်းကင် တစ်ခုလုံးကနေ ဓားမိုးတွေ ရွာကျလာခဲ့ပါပြီ။

ဘုန်း ... ဘုန်း ... ဝုန်း ... ဝုန်း ... ဝုန်း ...

ထွက်ပြေးနေတဲ့ မိစ္ဆာလက်ဝါး အစည်းအရုံး ခေါင်းဆောင်က ဓားမိုးတွေအောက်က လွတ်အောင် မပြေးနိုင်ခဲ့ပါဘူးလေ။ သူ့ရဲ့ခန္ဓာကိုယ် တစ်ခုလုံးက ဇကာပေါက်တွေလို အပေါက်ပေါက်တွေ ဖြစ်ပေါ်လာပြီး သေဆုံး သွားပါတော့တယ်။

ကျန်နေတဲ့ ကောင်းကင်နယ်ပယ်က မိစ္ဆာလမ်းစဉ် ပညာရှင် (၇)ယောက်ကလည်း ထွက်ပြေးဖို့ ကြိုးစားသေးပေမဲ့လည်း လုံးဝ မဖြစ်နိုင်ခဲ့ပါဘူးလေ။ သူတို့အားလုံးဟာ ဟင်းသီးဟင်းရွက်တွေ အလှီးခံလိုက်ရသလို အပိုင်းပိုင်းပြတ်ပြီး သေဆုံး ကုန်ကျပါတယ်။

ကောင်းကယ်နယ်ပယ် ပညာရှင်တွေ အကုန်လုံး အသတ်ခံလိုက်ရပြီး နောက်မှာတော့ ကျန်နေတဲ့ မြေကမ္ဘာ ပညာရှင်တွေကတော့ ဆက်ပြီး မတိုက်ရဲတော့ပါဘူး။ သူတို့အားလုံးဟာ ကြောက်ရွံ့စွာနဲ့ ခြေဦးတည့်ရာကို ပြေးကုန်ကျပါပြီ။ တချို့ကဆိုရင် သူတို့ရဲ့ မိဘတွေကိုတောင် အပြစ်တင် နေလိုက်ပါသေးတယ်။

"ငါတို့မိဘတွေက ငါတို့ကို ဘာဖြစ်လို့ ခြေနှစ်ချောင်းဘဲ မွေးပေး လိုက်ရတာလဲ။ ခြေ(၄)ချောင်းဆို ပြေးတဲ့နေရာမှာ ပိုပြီး မမြန်ဘူးလား”ဆိုပြီးတော့ပေါ့လေ။

“မိုးပြာရောင်ဂိုဏ်းရဲ့ နယ်နိမိတ်ထဲမှာတော့ ငါတို့ ဂိုဏ်းတော်သာလျှင် ဘုရင်ဘဲကွ။”

ထွက်ပြေးနေတဲ့ မိစ္ဆာလက်ဝါး အစည်းအရုံး ဂိုဏ်သားတွေကို ကြည့်ပြီး လီဖူချန်းက  အတွေးတစ်ခုတောင် တွေးမိ လိုက်ပါသေးတယ်။

သူ့ရဲ့ ဓားကိုင်လက်ကတော့ သွေးတွေနဲ့ စေးကပ်နေတဲ့အတွက် ဓားကိုတောင် လွှတ်ချလို့ မရတော့ပါဘူး။

မိုးပြာရောင်ဂိုဏ်းရဲ့ တစ်ကယ့်အစစ်အမှန် အင်အားကိုတော့ သူကိုယ်တိုင်လည်း မခန့်မှန်း နိုင်သေးပါဘူးလေ။ နတ်ဘုရားလေ ဂိုဏ်းခွဲနဲ့ နယ်မြေ ကြီးကြပ်ရေးမှူးတွေ ဆိုတာက မိုးပြာရောင်ဂိုဏ်းရဲ့ အပေါ်ယံ အင်အားစုလေးဘဲ ရှိနေပါသေးတယ်။ တစ်ကယ့် အစစ်အမှန် အင်အားသာဆိုရင်တော့  မိစ္ဆာလက်ဝါး အစည်းအရုံး (၁၀၀၀) လာလည်း လောက်မှာ မဟုတ်ပါဘူး။

တစ်နာရီ အတွင်းမှာဘဲ မိစ္ဆာလက်ဝါး အစည်းအရုံးက မြေပေါ်ကနေ ပျောက်ကွယ် သွားခဲ့ပါပြီ။ လွတ်မြောက်သွားခဲ့သူ အနည်းငယ် ရှိခဲ့ပေမယ့်လည်း သာမန် နယ်ရုပ်လေးတွေ သာသာမို့ စကားထဲ ထည့်ပြောရလောက်သည်အထိ မတန်ပါဘူးလေ။

“ကျေးဇူးတင်ပါတယ် အကြီးအကဲလင်း  ...”

အဖွဲ့ခွဲ(၇) ခေါင်းဆောင် ဝမ်ကန်းက နယ်မြေ စစ်ဆေးရေးမှူးကို ကျေးဇူးတင် စကားပြောပြီး အရိုအသေ ပေးလိုက်ပါတယ်။

အကြီးအကဲလင်းက တိုက်ပွဲမြေပြင်ကို တစ်ချက် ငုံ့ကြည့်လိုက်ပြီး ဝမ်ကန်းကို မေးလိုက်ပါတယ်။

“အခြေအနေ ဘယ်လို ရှိလဲ ...”

ဝမ်ကန်းက အလွန် စိတ်ထိခိုက်နေသည့် လေသံဖြင့်

“ကျွန်တော့်ရဲ့ အဖွဲ့ခွဲ(၇)ကတော့ တစ်ဖွဲ့လုံးနီးပါး အသတ်ခံ လိုက်ရပါပြီ။ လက်ထောက်ခေါင်းဆောင် နှစ်ယောက်လည်း သေသွားပြီး တိုက်ရိုက် တပည့် တော်တော်များများလည်း အသတ်ခံရပါတယ်။တိုက်ရိုက် တပည့်တွေ ဘယ်လောက် အသက်ရှင်ကျန် နေခဲ့သလည်း ဆိုတာကိုတော့ ကျွန်တော်လည်း တိတိကျကျ မပြောနိုင်သေးပါဘူး”

လက်ထောက်ခေါင်းဆောင် နှစ်ယောက် အသတ်ခံလိုက်ရတာကို ကြားတုန်းကတောင် အကြီးအကဲလင်းက သိပ်ပြီး ထူးထူးခြားခြား ခံစားရပုံ မပြပါဘူး။ ဒါပေမဲ့ တိုက်ရိုက် တပည့်တွေ တော်တော်များများ အသတ်ခံလိုက်ရတာကို ကြားအပြီးမှာတော့ အကြီးအကဲလင်းက စပြီး ဒေါသထွက်လာခဲ့ပါပြီ။

"ငါလခွီးဘဲကွာ  ... ဒီခွေး သူတောင်းစားတွေက ငါတို့ မိုးပြာရောင်ဂိုဏ်းရဲ့ အနာဂတ် ကြယ်ပွင့်တွေကိုတောင် သတ်ရဲတယ်လား ... ။ ဒီမိစ္ဆာကောင်တွေကတော့ ဆယ်ခါပြန်ကို သတ်ပစ်သင့်တယ်”

ဆယ်စုနှစ် တစ်ခုလောက်အကြာ  ဒါမှမဟုတ် နှစ်တော်တော်များများ မှာဆိုရင်  မိစ္ဆာလမ်းစဉ် အဖွဲ့အစည်းတွေက မိုးပြာရောင်ဂိုဏ်းကို သွေးတိုး လာစမ်းလေ့ ရှိတတ်ပါတယ်။

ဒီတစ်ခါမှာတော့ မိုးပြာရောင်ဂိုဏ်းက တော်တော်လေးကို အထိနာသွားခဲ့ပါပြီ။ မိုးပြာရောင်ဂိုဏ်းရဲ့ တိုက်ရိုက် တပည့်တွေဆိုတာက  နောင်တစ်ချိန်မှာ အနည်းဆုံးတော့ ကောင်းကင်နယ်ပယ် အဆင့်ကို တက်လှမ်းနိုင်မဲ့ သူတွေပါဘဲ။တစ်ချို့ဆိုရင် ကောင်းကယ် နယ်ပယ်ကို ကျော်လွန်ပြီး ပြန်လည်ဝင်စားခြင်း နယ်ပယ်ကိုတောင် တက်လှမ်းနိုင်ရင် တက်လှမ်း သွားနိုင်မှာပါ။

မိုးပြာရောင် ဂိုဏ်းကတော့ ဒီအဖြစ်အပျက်အတွက် မိစ္ဆာလမ်းစဉ် အဖွဲ့အစည်းတွေကို ကောင်းကောင်းကြီး ပြန်လက်တုံ့ပြန်မှာတော့ အသေအချာပါဘဲ။

***

All Chapters