← Chapters

လျို့ဝှက်ချက်

Vol. 7 Ch. 36

လျို့ဝှက်ချက်

Vol. 7 Ch. 36

နှာခေါင်းကနေ အနံသင်းသင်းလေးရနေတဲ့အတွက်

မျက်လုံးဖွင့်ကြည့်လိုက်တော့ အရင်ဆုံးမြင်လိုက်ရတာက လင်ဒါရဲ့ရင်ဘတ်ကိုပါ။ သူ့ခေါင်းကတော့

ခေါင်းအုံးပေါ်မှာ ရှိမနေတော့ဘဲ လင်ဒါ့လက်မောင်းကို အုံးထားမိလျက်သား။ လင်ဒါကတော့ အားနေတဲ့ လက်တစ်ဖက်နဲ့ ခေါင်းကိုထောက်ထားရင်း သူ့ကိုပြုံးပြုံးကြီး စိုက်ကြည့်နေလေရဲ့။

“ကောင်းသောနံနက်ခင်းပါ၊ မက်ဒါနာ။ နင်နိုးလာတာကို ငါစောင့်နေတာ။”

မက်ဒါနာ သတိဝင်လာပြီး သူ့ကိုယ်သူပြန်ကြည့်တော့ လင်ဒါရဲ့ခါးကို ဖက်ထားလျက်သား အိပ်ပျော်နေခဲ့မှန်း သတိထားမိပြီး အိပ်ရာပေါ်ကနေ ခုန်ထလိုက်မိတယ်။ မနေ့ညက အလယ်မှာလီဆာရှိနေခဲ့တာပါ၊ အခုတော့ အိပ်ရာပေါ်မှာ သူတို့နှစ်ယောက်ပဲရှိတော့တာဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက်ပူးကပ်နေကြတယ်လေ။

“မ... မနေ့ညက ဘာတွေဖြစ်ကုန်တာလဲ။”

လင်ဒါကတော့ သူ့ကိုရဲရဲကြီးစိုက်ကြည့်ရင်း နားချိတ်လုမတတ် ပြုံးပြရှာတယ်။ “ဘယ်သူသိမှာလဲ။ တို့နိုးလာတော့ ဒါလင်က တို့ကိုဖက်ပြီးအိပ်နေတာလေ။”

“.....” ကြည့်ရတာ အခြေအနေကောင်းပုံမရဘူး။ ပြီးတော့ တခွိခွိရယ်သံကြားလို့ မျက်နှာကျက်ကိုမော့ကြည့်တော့ တန်ဖိုးကြီးမီးဆိုင်းကြီး ပြိုကျမှာကို မစိုးရိမ်တဲ့အလား အမြီးနဲ့မီးဆိုင်းကိုချိတ်ပြီး ဇောက်ထိုးအနေအထားနဲ့ သူတို့ကိုစိုက်ကြည့်နေတဲ့ လီဆာကိုတွေ့လိုက်ရတယ်။ လီဆာက သူတို့နှစ်ယောက်ကို လက်ညိုးနဲ့ညွန်ပြရင်း

“မေမေတို့ ညကလုပ်နေတာတွေမှန်သမျှ သမီးအကုန်မြင်တယ်နော်။ မေမေမက်ဒါနာက ဗိုက်ဆာတယ်ဆိုပြီး မေမေ့လင်ဒါပန်းသီးကို ကိုက်လိုက်သေးတယ်။”

“.....” မက်ဒါနာကတော့ တိတ်ဆိတ်စွာနဲ့ပဲ သမီးဖြစ်သူနဲ့ ကြင်ဖော်ကြင်ဖက်လင်ဒါကို ကြောင်စီစီလေး လိုက်ကြည့်နေတယ်။ ညက အဲဒီလိုတကယ်ဖြစ်သွားတာလား။ သူတကယ်ပဲ မမှတ်မိဘူး။

လီဆာပြောလိုက်တာ အသံကျယ်သွားလို့လားမသိဘူး အပြင်ကအုပ်စု တံခါးကိုအတင်းဖွင့်ဖို့ကြိုးစားနေလို့ တံခါးကြီးက ဒဏ်မခံနိုင်တော့ဘဲ ပြိုကျသွားတယ်။ ပထမဆုံးပြေးဝင်လာတာက အေမီဖြစ်ပြီး အခန်းတွင်းက အခြေအနေကို ကြည့်ပြီး တအီအီနဲ့စငိုတော့တာပဲ။ မျက်ရည်မထွက်ပေမဲ့ပေါ့။

“အီဟီးဟီး၊ မမလေးတော့ အပျိုဘဝရဲ့နောက်ဆုံးညကို ဖြတ်သန်းလိုက်ရပြီလားမသိဘူး။”

နောက်တော့ ကျန်တဲ့သူတွေပါ တစ်ယောက်ပြီးတစ်ယောက် အလျှိုအလျှိုပေါက်ကွဲကုန်တော့တာပဲ။ ဖရာလီတာက လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး နားထဲကနေ မီးခိုးတွေထွက်လာလုမတတ် နီရဲနေတယ်။

“ငါတော်တော်အသုံးမကျတာပဲ၊ အိမ်ကွင်းမှာ ဂိုးသွင်းခံရတယ်လို့။”

ဖရက်ကတော့ နံရံကိုလက်သီးနဲ့ထိုးမိလို့ နံရံကြီး ထုတ်ချင်းပေါက်ပြီး ပြိုကျသွားပြီ။ မက်ဒါနာက ဒီလူတွေ ဘာလို့ဒီလောက်အဖြစ်သည်းနေတာလဲ နားမလည်တဲ့အတွက် ခေါင်းလေးကိုစောင်းပြီး ညကဖြစ်သမျှကို ပြန်တွေးမိတယ်။

“ညတုန်းက ရုတ်တရက်ကြီးချမ်းလာလို့ဆိုပြီး ဖက်ခေါင်းအုံးရှာဖက်မိရုံပါ။ တခြားဘာမှမဖြစ်ခဲ့ပါဘူး။”

“အဲဒီဖက်ခေါင်းအုံးက ဟိုအခွင့်အရေးသမားလင်ဒါလေလို့ မမလေးရဲ့။” အေမီရှင်းပြတော့ မက်ဒါနာ တစ်ဖက်ကိုလှည့်ပြီး လင်ဒါကို ကြည့်လိုက်တယ်။ လင်ဒါက အတည်ပြုတဲ့အနေနဲ့ ခေါင်းညိတ်ပြလေရဲ့။ နောက်တော့ မက်ဒါနာတစ်ယောက် မျက်နှာပျက်သွားပြီး ခြုံထားတဲ့စောင်ကို မြှောက်ပြီးအထဲချောင်းကြည့်လိုက်တယ်။ နောက်တော့ နှုတ်ခမ်းလေးပေါ် လက်ချောင်းတင်ပြီး စဥ်းစားခန်းဖွင့်တော့တယ်။

ဒါပေမဲ့ တခြားသူတွေကတော့ မက်ဒါနာသူ့ကိုယ်သူ စစ်ဆေးဖို့လုပ်နေတာကိုကြည့်ပြီး သေချာပါပြီဆိုတဲ့ ပုံစံမျိုးနဲ့ ပိုပြီးငိုရှိုက်နေကြပြီ။ ဆိုဖီယာဆိုရင် “အောင်မလေး၊ ငါမခံနိုင်တော့ဘူး။”ဆိုပြီး အခန်းထဲကနေ ထွက်ပြေးသွားတယ်။ အေမီကတော့ သူ့သခင်မလေးနားကို ပြေးလာပြီး အတတ်နိုင်ဆုံး ဖျောင်းဖျဖို့ ကြိုးစားနေလေရဲ့။

“မမလေး၊ စိတ်ကိုထိန်းနော်။ ဒါမျိုးဆိုတာက ဖြစ်ပြီးရင် ဘာမှလုပ်လို့မရတော့ဘူး။ ဖြစ်နိုင်သမျှ စိတ်ကို အေးအေးထားပြီး ဘဝကိုရှေ့ဆက်လျှောက်...”

မက်ဒါနာကတော့ အေမီကို မကျေမနပ်နဲ့ကြည့်လိုက်ပြီး ခေါင်းကိုခေါက်လိုက်တယ်။ “ကောင်မစုတ်လေး၊

နင်ကငါ့ကို အနိုင်ကျင့်ခံရတဲ့သူတစ်ယောက်ကို နှစ်သိမ့်သလို နှစ်သိမ့်ဖို့ကြိုးစားနေတာလား။ လွဲနေပြီဟဲ့။”

လီဆာကလည်း မီးဆိုင်းပေါ်တွဲလွှဲခိုရင်းက ရယ်ပြီးအေမီကို လှောင်တယ်။ “ဟုတ်တယ်၊ ဟုတ်တယ်။ မေမေလင်ဒါနဲ့မေမေမက်ဒါနာက အစကတည်းက ယူပြီးသားတွေလေ။”

“လီဆာ၊ အဲဒါနင့်လက်ချက်မဟုတ်လား။” မက်ဒါနာက ပြောလိုက်ရင်း အိပ်ရာကနေ ထလိုက်တယ်။ သူ့အဝတ်အစားတွေည အိပ်ရာဝင်တုန်းကအတိုင်းရှိနေသေးတယ်။ မက်ဒါနာက စိတ်ဆိုးတာလည်းမဟုတ်၊

မဆိုးတာလည်းမဟုတ်တဲ့ လေသံနဲ့ပြောလိုက်တာမလို့ လီဆာလန့်သွားပြီး မီးဆိုင်းပေါ်ကနေ ပြန်ဆင်းလိုက်တယ်။ ခေါင်းလေးကိုငုံ၊ အမြီးလေးကို ကုပ်လို့ပေါ့။

“သမီးက မေမေတို့ကို ကောင်းစေချင်လို့ပါ။” လီဆာဒီလိုပြောလာတော့ မက်ဒါနာလီဆာ့ခေါင်းကို အားနဲ့ခေါက်လိုက်တဲ့အတွက် လီဆာခေါင်းလေးကိုပွတ်ပြီး

နောက်ဆုတ်သွားလေရဲ့။

“မဟုတ်ကဟုတ်ကတွေ၊ နင်ဘယ်ကနေ ဘယ်လို အကြံရလာတာလဲ။”

အေမီကတော့ ဒေါသထွက်နေတဲ့ သခင်မလေးကို အလယ်မှာထားပြီး ခန္ဓာကိုယ်ကို တစ်ပတ်ပတ်ကြည့်ကာ လေ့လာရေးဆင်းနေပါတယ်။ “မနေ့ကနဲ့ ဘာမှမထူးသလိုပဲနော်။ အဝတ်အစားတွေ ဖရိုဖရဲဖြစ်နေတာလဲမရှိဘူး။”

အဝတ်တွေကြည့်ရုံနဲ့တင် စိတ်မချသေးပုံပေါ်တဲ့ အေမီက မက်ဒါနာရဲ့လည်ပင်းနားကိုကပ်ပြီး နှာခေါင်းနဲ့အနံခံကြည့်လိုက်သေးတယ်။ “ဟိုဟာမကြီးအနံနည်းနည်းစွဲနေပေမဲ့ မမလေးပင်ကိုယ်ရနံက ပြောင်းမသွားဘူးဆိုတော့ ဟော်မုန်းအတက်အကျလည်း ပုံမှန်ပဲ။ ညက တအားစိတ်လှုပ်ရှားထားတာမျိုး ရှိပုံမရဘူး။”

ဆေးပညာအရ သံဝသဆက်ဆံပြီးရင် တစ်ခဏတာ ကိုယ်သင်းရနံပြင်းလာတာမျိုး ဖြစ်တတ်တယ်လေ။ အေမီက အဲဒါကိုသိရဖို့စစ်ဆေးနေတာ။ မက်ဒါနာကတော့ သီးမခံနိုင်တော့ဘဲ အေမီကို အားနဲ့သုံးချက်ဆင့်ပြီး ခေါင်းခေါက်ပစ်လိုက်တယ်။

ဂေါက်... ဂေါက်... ဂေါက်....

“ကောင်မစုတ်လေး၊ နင့်ခေါင်းထဲမှာ အဲဒါတွေနဲ့ချည်းပြည့်နေတာလား။ ခုချက်ချင်း ငါအဝတ်လဲဖို့ ပြင်ပေးတော့ ငါဘာမှမဖြစ်ဘူးဟဲ့။”

“ဟုတ်မမလေး၊ ကျွန်မက မမလေးကို စိတ်ပူလို့ပါ။”

အေမီက အခန်းထဲကနေ ကုပ်ချောင်းကုပ်ချောင်းနဲ့ ထွက်သွားတယ်။ မက်ဒါနာက ခုထိအိပ်ရာထဲမှာ သူ့ကိုယ်ငွေ့နဲ့ဇိမ်ယူဖို့လုပ်နေတဲ့ လင်ဒါကိုမျက်စောင်းထိုးပြီး ပြောလိုက်တယ်။

“ပြီးတော့ နင်ကလည်း နင့်သမီးနဲ့ပေါင်းပြီးတော့ ချောလဲရောထိုင်လုပ်ဖို့ ကြိုးစားတယ်ပေါ့လေ။”

လင်ဒါက ပခုံးတွန့်ပြလိုက်ရင်း မက်ဒါနာအုံးထားတဲ့

ခေါင်းအုံးကို ရင်ခွင်ထဲယူပိုက်လိုက်ရင်း ပြောလိုက်လေရဲ့။ “ပထမတော့ ငါလည်းအခွင့်အရေးကို အမိအရဖမ်းမလို့ပဲ။ ဒါပေမဲ့ နင်စိတ်ဆိုးမှာစိုးတာနဲ့ ဖက်ထားရုံလေးနဲ့ပဲ ကျေနပ်လိုက်တာ။ ဒါပေမဲ့ တချို့များတော့ အဲဒီလိုအခွင့်အရေးလေးတောင်မရဖူးလို့ မနာလိုဖြစ်နေကြတာလေ။”

လင်ဒါက အခန်းထဲမှာ ကျန်နေသေးတဲ့ ဖရာလီတာ၊

ဖလေရာနဲ့ ဖရက်တို့ကို ရည်ရွယ်ပြီးစောင်းပြောတာ။

ဖရာလီတာကတော့ သည်းမခံနိုင်တော့ဟန်နဲ့ ခြေဆောင့်ပြီး အခန်းထဲကနေ ထွက်သွားတယ်။

“ဟွန့်၊ ကောင်မစုတ်။ ဒီနေ့မနက်စာ ငါ့အိမ်မှာစားလို့ရမယ်မထင်နဲ့။ ငါ့စားဖိုမှူးတွေကို နင့်ကိုဘလက်လစ်သွင်းဖို့ သွားပြောမယ်။”

လင်ဒါကတော့ ခပ်ဆတ်ဆတ်ကိုယ်ကိုခါရမ်းပြီး

ထွက်သွားတဲ့ ဖရာလီတာကို ပြုံးပြုံးပြီးကြည့်ရင်း နောက်တစ်ယောက်ကို ထပ်ရန်စလိုက်ပြန်တယ်။

“အာလေ၊ ဖလေရာရေ။ နင်က အခုမှ အေမီဆီမှာပဲ အသွင်းခံရသေးတာမဟုတ်လား။ အခုငါက အေမီဆီကရော ဖရာလီတာဆီကနေပါ ဘလက်လစ်သွင်းခံရပြီဆိုတော့ နင့်ထက်ပိုသာသွားပြီမဟုတ်လား။”

ဖလေရာက လင်ဒါကို မျက်မှောင်ကြီးကြုတ်ပြီး ကြည့်တယ်။ နောက်တော့ အခုလိုတုံးတိပဲပြောလိုက်ပြီး အခန်းထဲကနေ ထွက်သွားလေရဲ့။ “ငါလည်း နင့်ကိုဘလက်လစ်သွင်းတယ်။”

ဖရက်ကတော့ အသိစိတ်မရှိသလိုမျိုး ကောင်းကင်ကြီးကို မော့ကြည့်ရင်း ပြောလိုက်လေရဲ့။

“ကံကောင်းလို့ မင်းသမီးလေးဘာမှမဖြစ်တာပဲ။ မဟုတ်ရင် ကျွန်တော်မျိုးရင်ကွဲရမှာဗျ။”

“ဟုတ်ပါပြီ ဟုတ်ပါပြီ။ အခုငါဘာမှမဖြစ်တာ သိရပြီမဟုတ်လား။ ငါ့အခန်းထဲက ထွက်တော့လေ။ နောက်ထပ်နံရံတွေ မဖျက်ဆီးမိစေနဲ့ဦး။”

“ဟုတ်ကဲ့ပါ၊ မင်းသမီးလေး။” ဖရက် ပျော်ပျော်ကြီး

အိပ်ခန်းထဲကနေ ပြေးထွက်သွားတယ်။ သူ့မင်းသမီးလေး အဆင်ပြေနေသေးတာကိုး။ မက်ဒါနာကတော့ လေပူတွေကို မှုတ်ထုတ်လိုက်ပြီး လင်ဒါနဲ့လီဆာကို ပြောလိုက်လေရဲ့။

“နင်တို့နောက်တစ်ခါ မဟုတ်ကဟုတ်ကလုပ်လို့ကတော့ ငါနဲ့သေခန်းပြတ်ပြီနော်။”

....

“ဒီနေ့အတွက် မနက်စာကတော့ Kedgeree ဒံပေါက်ထမင်းပါ။ အိန္ဒိယအစားအစာဆိုပေမဲ့ အခုမြင်နေရတဲ့ဟင်းပွဲက ဗစ်တိုးရီးယားခေတ်ဗားရှင်းမလို့ ဟင်းခတ်အမွှေးအကြိုင် သိပ်မကဲပါဘူး။ နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

ပန်ဒရာဂွန်မိသားစုရဲ့စားဖိုမှူးက ကိုယ်တိုင်ထွက်လာပြီး သူတို့ကို မနက်စာနဲ့မိတ်ဆက်ပေးတယ်။ မက်ဒါနာက သူ့ရှေ့မှာရှိနေတဲ့ ဟင်းပွဲကိုကြည့်ရင်း အတော်လေးစိတ်ဝင်စားသွားတယ်။ အေမီက သူ့ကိုဟင်းပွဲအထူးအဆန်းတွေ ချက်ကျွေးနေကျဖြစ်နေလို့လားမသိပေမဲ့ ဘာဟင်းလာလာစားချင်နေတဲ့ အစားပုပ်သခင်မလေးလိုဖြစ်လာနေပြီ။

ဟင်းပွဲကို ကြွေပန်းကန်အပြန့်ထဲမှာ ထည့်ထားတာဖြစ်ပြီး ထောပတ်နဲ့ချက်ထားတဲ့ ဆန်ထမင်းက ရွှေရောင်ဝင်းပြီး ဟင်းခတ်အမွှေးအကြိုင်နံ သင်းသင်းကိုရနေပါတယ်။

အပြည့်ကျက်အောင်ပြုတ်ထားတဲ့ ကြက်ဥကိုလေးစိတ်စိတ်ပြီး ဒံပေါက်ရဲ့အလယ်မှာ တင်ပေးထားတယ်။ ဒါ့အပြင် ကျပ်တိုက်နံသင်းသင်းထွက်နေတဲ့ ငါးကျပ်တိုက်ကင်လည်းပါပြီး အတုံးသေးသေးလေးတွေ မွှထားပေးတယ်။

“အွန်း...” ဟင်းပွဲအေးသွားမှာစိုးတဲ့အတွက် မက်ဒါနာက မြန်မြန်သွက်သွက်ပဲ ဇွန်းနဲ့ထမင်းကို ခပ်ပြီးစစားတယ်။ ပထမဆုံးတစ်လုပ်ကို ပါးစပ်ထဲသွင်းမိတာနဲ့ မနေနိုင်ဘဲ ညည်းညူမိသွားလေရဲ့။

ကျန်တဲ့သူတွေလည်း စစားကြပြီ။ ဒါပေမဲ့ လင်ဒါရဲ့ရှေ့မှာတော့ ဘာဟင်းခွက်မှရှိမနေဘဲ ရေခွက်လေးတစ်ခွက်ပဲ ရှိနေလေရဲ့။ လင်ဒါက စားဖိုမှူးကို မော့ကြည့်ပြီး မေးကြည့်တာပေါ့။

“စားဖိုမှူးကြီး၊ ကျွန်မအတွက်ကရော။”

စားဖိုမှူးကလည်း ပြုံးပြုံးနဲ့ပဲ သူ့ကိုပြန်ဖြေပေးပါတယ်။ “ကျွန်တော်တို့မိသားစုရဲ့သခင်မလေးက လေဒီဂရီဂိုရီကို ဧည့်ခံဖို့မထိုက်တန်သူအဖြစ် သတ်မှတ်ထားလို့ မနက်စာကျွေးလို့မဖြစ်ပါဘူး။ အဆင်မပြေမှုအတွက် တောင်းပန်ပါတယ်ခင်ဗျာ။”

လင်ဒါက မျက်မှောင်ကြုတ်လိုက်ပြီး ဒံပေါက်ကို အားရပါးရစားနေတဲ့ ဖရာလီတာကို ဒေါသနဲ့ကြည့်လိုက်တယ်။ “ဒီမလောက်လေးမလောက်စားဟာမလေးကတော့၊ ငါ့ကိုတကယ်လုပ်ရဲတယ်ပေါ့လေ။”

သူတို့မနက်စာစားလို့ပြီးသွားတော့ ခန်းမထဲကို လေဒီဖလောရင့်ဝင်လာပြီး မက်ဒါနာကို လာတွေ့ပါတယ်။

“မင်းသမီးလေး မက်ဒါနာ။ လေဒီအာသာရီယာနဲ့တခြား အထွတ်အမြတ်သားရဲတွေက ရှင့်ကိုတွေ့ချင်နေပါတယ်။”

မက်ဒါနာလည်း တခြားသူတွေကို ကြည့်လိုက်မိတယ်။ သူတို့လည်း အံ့ဩနေပုံပဲ။ သားရဲလေးကောင်က အကြီးအကျယ်ဆွေးနွေးနေမှန်း သူတို့သိပေမဲ့ အကြောင်းအရာကိုတော့ လူတိုင်းကို ပေးသိစေချင်ပုံမပေါ်ဘူး။ ပြောရရင် အတွင်းစည်းထဲက လူတွေကိုတောင်မှ မပြောပြချင်တဲ့ပုံပဲ။

“ကောင်းပြီလေ၊ ကျွန်မလိုက်ခဲ့ပါမယ်။” မက်ဒါနာလည်း ခေါင်းညိတ်ပြပြီး နောက်ကနေ လိုက်လာခဲ့တယ်။ လေဒီဖလောရင့်က မက်ဒါနာကို အိမ်ကြီးရဲ့အပေါ်ထပ်စီ ခေါ်သွားတယ်။ အစည်းအဝေးခန်းမကြီးတစ်ခုရဲ့တံခါးလို့ ယူဆရတဲ့နေရာကိုရောက်တော့ သူက တံခါးဖွင့်ပေးတယ်။ အထဲကနေ လေဒီအသာရီယာရဲ့အသံက ကျယ်လောင်စွာထွက်ပေါ်နေတယ်။

“ကျွန်မပြောရဲတယ်၊ သူ့ကို အဲဒီစွမ်းအားတွေလွှဲပေးလိုက်ရင်တောင် သုံးနှစ်အတွင်း သေချာပေါက်သေသွားမှာပဲ။ ကျွန်မတို့ဘာသာ ဒီကမ္ဘာကြီးကို ကာကွယ်နိုင်တယ်။”

သူတို့ဘာတွေဆွေးနွေးနေမှန်းမသိပေမဲ့ အတော်ကို ပြင်းထန်တဲ့ပုံပဲ။ လေဒီဖလောရန့်က ကြောင်ကြည့်နေတဲ့ မက်ဒါနာသတိဝင်လာအောင် ချောင်းဟန့်ပြီး ပြောလိုက်တယ်။

“ဝင်သွားလေ၊ သူတို့နင့်အကြောင်းဆွေးနွေးနေကြတာ။”

သားရဲလေးကောင်က သူ့အကြောင်းဆွေးနွေးနေတယ်ဆိုတာ သိလိုက်ရတော့ အံ့ဩသွားပေမဲ့ တခြားရွေးစရာမရှိတာကြောင့် အခန်းထဲဝင်လိုက်တယ်။ အခန်းထဲမှာ လေဒီအော်သာရီယာအပြင် ကြောင်နက်၊ ကိုင်းတိုနဲ့ ဖရန့်တို့ကို တွေ့ရတယ်။ ကျန်တဲ့သူတွေက စားပွဲဝိုင်းရဲ့ခုံတွေမှာ ထိုင်နေကြတာဖြစ်ပေမဲ့

လေဒီအော်သာရီယာက ခုံကနေထပြီး အော်ဟစ်ပြောဆိုနေခဲ့တာပါ။

“နေဦး၊ ဒီစားပွဲဝိုင်းက။” မက်ဒါနာရဲ့အကြည့်က အစည်းအဝေးခန်းထဲမှာရှိနေတဲ့ စားပွဲဝိုင်းအပေါ်ကို အကြည့်ရောက်သွားတယ်။ အတော်လေးရှေးကျပုံပေါ်ပြီး ရှေးဟောင်းအင်္ဂလိပ်စာတွေရေးထွင်းထားတာကို တွေ့နိုင်တယ်။ ခုံစုစုပေါင်း ၁၂ ခုံရှိပြီးတော့ ခုံတစ်ခုကတော့ ရွှေရောင်ပါ။ ပြီးတော့ သားရဲလေးကောင်က ရွှေရောင်ခုံနဲ့အနီးဆုံးနေရာတွေမှာ ထိုင်နေကြပေမဲ့ ရွှေရောင်ခုံကို တမင်ရှောင်နေကြပုံပဲ။

“ဟုတ်တယ် Silver Knight၊ ဒါက ဒဏ္ဍာရီထဲက အာသာရဲ့စားပွဲဝိုင်းပဲ။” ကိုင်းတိုက သူအခန်းထဲရောက်လာတာကို သတိထားမိသွားပြီး လှည့်ပြောလိုက်တယ်။ သူက ရွှေရောင်ခုံကြီးကို လက်ညိုးညွန်ပြလိုက်ပြီး ထပ်ပြောတယ်။

“မင်းက ဒီနေရာမှာထိုင်ရမှာ။”

“အာကိုင်းဂါမီ၊ ကျွန်မတို့ပြောထားပြီးပြီနော်။ သူက အဲဒီနေရာနဲ့ ထိုက်တန်မတန် ကျွန်မတို့သိရသေးတာမဟုတ်ဘူး။”

“.....” မက်ဒါနာကတော့ သူတို့ပြောနေတာတွေကို နားမလည်တော့ဘူး။ ဒါပေမဲ့ မနက်က ဖြစ်ခဲ့တာတွေကြောင့် စိတ်ရှုပ်နေပြီးသား ဖြစ်တဲ့အတွက် စားပွဲဝိုင်းဆီ ပြေးသွားလိုက်ပြီး စားပွဲဝိုင်းကို လက်နှစ်ဖက်နဲ့ ဆောင့်ချလိုက်တယ်။

ဘုန်း....

“အားလုံးပဲ၊ ကျွန်မကို ဘာတွေဖြစ်နေလဲ အရင်ရှင်းပြပြီးမှ ဆက်ရန်ဖြစ်လို့မရဘူးလား။”

ဒီတော့မှ သားရဲလေးကောင်လည်း တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း သက်ပြင်းချလိုက်ကြတယ်။

ပထမဆုံး အဖြစ်အပျက်ကို စရှင်းပြဖို့ ကြိုးစားတဲ့သူက ကြောင်နက်ပါ။

“ငါတို့က ပိုးကောင်ဘုရင်မကို ရင်ဆိုင်ဖို့အတွက် ဒီကမ္ဘာရဲ့အိုမီဂါဖြစ်တည်မှု ထားရစ်ခဲ့တဲ့ အန္တိမမှော်လက်နက်ကို အသက်သွင်းဖို့ ကြိုးစားနေကြတာ။”

“အန္တိမလက်နက်...” မက်ဒါနာလည်း စိတ်ဝင်စားသွားပြီး ခုံတစ်ခုံမှာ ဝင်ထိုင်ဖို့ကြိုးစားပေမဲ့ အော်သာရီယာက ချက်ချင်းဆန့်ကျင်တယ်။

“ကောင်မလေး၊ တရားဝင်အဖွဲ့ဝင်မဖြစ်သေးဘဲ ဒီခုံတွေမှာ ဘယ်သူမှဝင်ထိုင်လို့မရဘူး။” ဒါကြောင့် မက်ဒါနာလည်း ဒီအတိုင်းပဲ ဆက်ရပ်နေရတာပေါ့။ ကိုင်းတိုက ဆက်ရှင်းပြတာပေါ့။

“အဲဒီလက်နက်က ဘုရင်အာသာရဲ့Excalibur ပေါ့။

ဒါပေမဲ့ အဲဒီလက်နက်က ဒဏ္ဍာရီတွေမှာဆိုထားတာထက် ပိုအစွမ်းထက်တယ်။ ကမ္ဘာကိုတောင်ဖျက်ဆီးနိုင်တဲ့ စွမ်းအားမျိုးရှိနေတာ။ ဘုရင်အာသာတောင် ဘယ်တုန်းကမှ စွမ်းအားအစစ်အမှန်ကို ထုတ်မသုံးနိုင်ခဲ့ဘူး။”

“အကြောင်းက အဲဒီဓားကို အစွမ်းကုန်သုံးလို့ရဖို့ဆိုရင် ငါတို့လေးယောက်လုံးရဲ့စွမ်းအားတွေကို ဓားထဲမှာ ထည့်ပြီးချိပ်ပိတ်ပေးဖို့လိုလို့ပဲ။” အော်သာရီယာက ပြောလိုက်တယ်။ သူကပဲ ဆက်ရှင်းပြပါတယ်။

“အဲဒီဓားကို စွမ်းအားပြည့်သုံးနိုင်တဲ့သူက ပိုးကောင်ဘုရင်မနဲ့အဆင့်တူစွမ်းအားရှိလိမ့်မယ်လို့ ငါတို့ယူဆတယ်။ ဒါပေမဲ့ ဓားကိုသုံးဖို့ဆိုရင် ငါတို့ရဲ့စွမ်းအားတွေကို လက်လွှတ်ရမယ်။ ငါတို့က ကမ္ဘာကြီးကို ဆက်ကာကွယ်နိုင်တော့မှာမဟုတ်ဘဲ ဓားကိုင်ထားသူတစ်ယောက်ကိုပဲ လောကရဲ့ကံကြမ္မာကို ပုံအပ်ရတော့မှာ။”

တစ်နည်းအားဖြင့် သားရဲလေးကောင်လုံးက သူတို့စွမ်းအားကို ဆုံးရှုံးသွားမှာပါ။ ကိုင်းတိုက မက်ဒါနာကို ကြည့်လိုက်တယ်။ သူက ပြုံးလိုက်ပြီး...

“အဲဒီဓားကို ကိုင်တွယ်ဖို့သင့်တော်တဲ့သူက မင်းလို့ငါထင်တယ်။”

“ဒါပေမဲ့ ဘာလို့ကျွန်မလဲ။” ကမ္ဘာကြီးတစ်ခုလုံးကို ကာကွယ်ဖို့ စိတ်ကူးမယဥ်ဖူးတာ မဟုတ်ပေမဲ့ မက်ဒါနာအနေနဲ့ အခုလိုအဖြစ်မျိုးနဲ့ တကယ်ကြုံရမယ်လို့ မတွေးမိခဲ့ဖူးဘူး။ ပြီးတော့ ဘာလို့သူမှလဲ။ ငွေရောင်စစ်သည်က အင်အားကြီးဟီးရိုးတစ်ယောက်ဖြစ်ပေမဲ့ အကြီးမြတ်ဆုံးတစ်ယောက်မဟုတ်တာတော့ သေချာတယ်။ သေချာပေါက် အကြီးမြတ်ဆုံးသူသာ အဲဒီအခွင့်အရေးကို ရသင့်တာပါ။ ကိုင်းတိုမှာတော့ မက်ဒါနာရဲ့မေးခွန်းကိုဖြေဖို့ အဖြေရှိပြီးတဲ့ပုံပဲ။

“မင်းရဲ့စွမ်းအားက အရှင်သခင်သုံးပါးထဲက တစ်ယောက်ရဲ့စွမ်းအားဖြစ်နေလို့ပါ။ ငါ့ရဲ့မှတ်ဉာဏ်တွေက အဲဒီအရာတွေထဲက တစ်ခုဆိုတာကို ငါသိနေတယ်။”

“အရှင်သခင်သုံးယောက်....”

“မင်းအန်းနပ်စ်ကို တိုက်တုန်းက ထွက်ပေါ်လာတဲ့စွမ်းအားက အဲဒီသုံးယောက်ထဲက တစ်ယောက်ရဲ့ဟာပဲ။” ကိုင်းတိုက ပြောလိုက်တယ်။ ကြောင်နက်ကလည်း ဝင်ပြောတယ်။ “ကောင်လေးဖရက်ဆီမှာလည်း အဲဒီလိုအရှိန်အဝါမျိုးရှိတယ်။ ဒါပေမဲ့ သူ့ဟာက အားနည်းလွန်းပြီး မပြည့်စုံဘူး။”

အော်သာရီယာနဲ့ဖရန့်လည်း ခေါင်းညိတ်လိုက်တယ်။

“မြန်မာဘုရင်ဆီမှာလည်းရှိပေမဲ့ သူက အဲဒီကံကြမ္မာကို စွန့်လွှတ်ခဲ့တာ။” အော်သာရီယာက အခုလိုစကားကို အဆုံးသတ်လိုက်တယ်။

“အဲဒီလိုအရှိန်အဝါရှိတဲ့သူတွေပဲ အိုမီဂါအဆင့်စွမ်းအားကို တောင့်ခံနိုင်တာ။ ဒီတော့ ငါတို့စွမ်းအားတွေပါတဲ့ Excaliburကိုကိုင်နိုင်မယ့်သူက မင်းတစ်ယောက်ပဲ။”

အော်သာရီယာကတော့ ခေါင်းခါလိုက်တယ်။ “ဒါပေမဲ့ ငါကတော့ အခုမှနို့နံတောင်မစင်သေးတဲ့ ကလေးတစ်ယောက်လက်ထဲ အဲဒီစွမ်းအားကို မအပ်လိုက်ချင်ဘူး။ စွမ်းအားရဲ့သွေးဆောင်မှုက ကြီးလွန်းတယ်။ စွမ်းအားကြီးလေ လမ်းမှာကိုရောက်နိုင်လေပဲ။ ပြီးတော့ ငါတို့ကိုယ်တွေထဲက သားရဲတစ်ကောင်ချင်းစီကပေးတဲ့ ဖိအားကတင် များလှပြီ။ လေးကောင်လုံးကိုသာ ပေါင်းစုပြီးထိန်းကျောင်းရမယ်ဆိုရင် မြန်မြန်သေမှာပဲ။”

“ဖီးနစ်က မင်းရဲ့အသက်ဓာတ်ကို ဝါးမျိုသွားလိမ့်မယ်။ လိပ်နက်ကတော့ မင်းရဲ့အသိဉာဏ်ကိုဝါးမျိုမယ်။ နဂါးပြာက မင်းရဲ့ခံစားချက်တွေကို ဝါးမျိုမယ်။ ကျားဖြူကတော့ မင်းရဲ့ဝိညာဥ်ကိုဝါးမျိုလိမ့်မယ်။”

“အဆုံးသတ်ကျရင် မင်းမှာ လူလို့ဆိုနိုင်တဲ့ ဘယ်လက္ခဏာကိုမှ တွေ့ရတော့မှာမဟုတ်ဘူး။ ပြီးတော့ မင်းက ဓားရဲ့အခွံသက်သက်ကိုတောင် ထိုက်တန်တယ်လို့ သက်သေမပြရသေးဘူးလေ။”

All Chapters