အထွတ်ခေါင်ချုပ် အကြီးအကဲရှီ
Vol. 14 Ch. 192
အသက်ရှင် ကျန်ရစ်သူတွေကို စာရင်းပြုစု ပြီးသွားတဲ့ နောက်မှာတော့ အဖွဲ့ခွဲ(၇)မှာ အသက်ရှင် ကျန်ခဲ့တဲ့ တိုက်ရိုက် တပည့်တွေက (၃)ယောက်ပဲ ဆိုတာ သေချာသွားခဲ့ပါပြီ။
သူတို့တွေကတော့ ခံစားချက်မဲ့ဓား ရှုဖန်း ၊လီဖူချန်းနဲ့ ရှန်ထန်ကျင်း တို့ပါဘဲ။
ရှန်ထန်ကျင်းကတော့ အတော်လေးကို ကံကောင်းတဲ့လူပါ။
သူတို့နောက်ကို လိုက်လာတဲ့ ပထမဆုံး ကောင်းကင်နယ်ပယ် ပညာရှင်က ရှုဖန်းကို အာရုံစိုက်ပြီး တိုက်ခိုက်ခဲ့သလို ဒုတိယ လိုက်လာတဲ့ ကောင်းကင်နယ်ပယ် ပညာရှင်ကလည်း လီဖူချန်းကို ပစ်မှတ်ထား ခဲ့တယ်လေ။
ရှန်ထန်ကျင်းက တိုက်ပွဲဖြစ်ရာ နေရာနဲ့ အတော်ဝေးဝေးကို ရောက်သွားသည်အထိ ထွက်ပြေး သွားနိုင်ခဲ့ပါတယ်။
“ဂိုဏ်းတော်က ဒီကိစ္စကို ဘယ်လိုတုံ့ပြန်မလဲ မသိဘူး ...”
တိုက်ရိုက်တပည့် (၁၁)ယောက် သေဆုံးသွားတဲ့ ကိစ္စကို ဂိုဏ်းတော်က လွယ်လွယ်နဲ့တော့ သဘောထားမှာ မဟုတ်ပါဘူး။
ဘာမှမဟုတ်တဲ့ မိစ္ဆာလက်ဝါး အစည်းအရုံးလေးက တိုက်ရိုက်တပည့် (၁၁)ယောက်ကို သတ်သွားခဲ့တယ်။
မိစ္ဆာလမ်းစဉ် အဖွဲ့အစည်းတွေထဲက ထိပ်ဆုံး(၁၀)ဖွဲ့ စုပေါင်းပြီး လာတိုက်ခိုက်ရင်တောင် ဒီလို အဖြစ်ဆိုးနဲ့ မကြုံလောက်ပါဘူး။
အဖွဲ့ခွဲ(၇)က လုံးဝကို ပျက်စီးသွားပြီ ဖြစ်တဲ့အတွက် လီဖူချန်းနဲ့ အသက်ရှင် ကျန်ခဲ့တဲ့ သူတွေဟာ အဖွဲ့ခွဲ(၆)မှာဘဲ ယာယီအားဖြင့် နေနေရပါတယ်။
နောက်ထပ် ရက်အနည်းငယ် ကြာမှာတော့ အဖွဲ့ခွဲ(၇)ရဲ့ သတင်းတွေဟာ မိုးပြာရောင် ဂိုဏ်းအထိကို ရောက်လာခဲ့ ပါပြီလေ။
မိုးပြာရောင်ဂိုဏ်းရဲ့ ထိပ်ပိုင်းက အကြီးအကဲ တွေကတော့ အကြီးအကျယ်ကို ဒေါသူပုန် ထနေပါတယ်။
မိုးပြာရောင်ဂိုဏ်းရဲ့ ညီလာခံ ခန်းမထဲမှာတော့ ဂိုဏ်းချုပ် အပါအဝင် ဂိုဏ်းစည်းကမ်း ထိန်းသိမ်းရေးမှူးတွေ၊ အဆင့်မြင့် အတွင်းစည်း အကြီးအကဲတွေက စုဝေးရောက်ရှိ နေကျပါပြီ။
“တောက် ... ဒီမိစ္ဆာကောင်တွေ ... ။ ဒီတစ်ခါတော့ ငါတို့တွေ သူတို့ကို အမြစ်ကနေ မကျန် မြေလှန်ပြီး ရှင်းပစ်သင့်တယ်”
“မင်းပြောတာကို ငါလည်း ထောက်ခံတယ်။ ငါတို့တွေ ဒီကောင်တွေကို အပြတ်ရှင်းသင့်နေပြီ။ နောက်ဆုံးတစ်ခေါက် သုတ်သင် ရှင်းလင်းပွဲကတောင် (၁၂)နှစ်လောက် ကြာနေခဲ့ပြီ မဟုတ်လား ... ။ ငါတို့ရဲ့ လျို့ဝှက်သတင်းဌာနက သတင်းတွေ လုံလုံလောက်လောက် စုံစမ်းထားနိုင်မယ်လို့ ငါထင်တယ်”
“ငါကတော့ သတင်း အချက်အလက်တွေကို သိပ်မယုံချင်ဘူး။ ဒီမိစ္ဆာအဖွဲ့အစည်းတွေရဲ့ ဌာနချုပ်တွေက အမြဲတစေ ပြောင်းလဲနေတာလေ။ တချို့ အဖွဲ့အစည်းတွေဆိုရင် ဌာနချုပ် (၄)ခုလောက်ကို ရှိနေတာ။ ဘယ်ဟာက အတု ဘယ်ဟာက အစစ်မှန်းတောင် သိနိုင်မှာ မဟုတ်ဘူး”
“ဘယ်လိုဘဲ ဖြစ်ဖြစ်ကွာ ... ။ ဒီတစ်ခါတော့ မိစ္ဆာ အဖွဲ့အစည်းတွေကို ငါတို့အကြောင်း ပြရမယ်။ မဟုတ်ရင် သည်ကောင်တွေက ငါတို့ကို သွေးတိုး စမ်းနေဦးမှာဘဲ။ တစ်နှစ်နဲ့ ရှင်းလို့ မရရင် နှစ်နှစ်နဲ့ ရှင်းမယ်ကွာ။ နှစ်နှစ်နဲ့ မရရင် သုံးနှစ်ပေါ့။သည်ကောင်တွေကို တစ်ခါတည်းနဲ့တော့ အမြစ်ပြတ် ရှင်းလို့ရမှာ မဟုတ်ဘူး။ လုံးဝကို အချိန်ယူပြီး ဖြည်းဖြည်းချင်း ရှင်းပစ်ရမယ်။ နောက်ဆုံးမှာတော့ ငါတို့မိုးပြာရောင်ဂိုဏ်း နယ်နိမိတ်ထဲမှာ မိစ္ဆာလမ်းစဉ် ကျင့်ကြံသူတွေက ငါတို့နယ်မြေထဲက ထွက်သွားပြီး မျိုးတုန်း ကုန်မှာဘဲ”
“ချီးတဲ့မှဘဲ ... ဘယ်လိုလုပ်ပြီး ဒီကောင်တွေက မျိုးတုန်းကုန်မှာလည်း။ ဒီကောင်တွေက အခြားဂိုဏ်း နယ်နိမိတ်ထဲမှာ သွားပုန်းပြီး အစွမ်းထက်မှ ပြန်လာမှာဘဲ။ ငါတို့လို လမ်းမှန်ကျင့်စဉ်က သူတွေက အထောက်အပံ့ ရင်းမြစ်တွေ ရှာရခက်ပေမယ့် သူတို့ အတွက်ကတော့ လွယ်လွယ်လေးဘဲလေ။ လူသားတွေ ရှိနေသေးသရွေ့ သူတို့ရဲ့ အစွမ်းတွေက ထက်လာဦးမှာ ။ သူတို့ရဲ့ ကျင့်စဉ် မြန်ဆန်မှုမျိုးနဲ့ ဆိုရင် နှစ်ပေါင်း(၃၀)လောက် အတွင်းမှာကို ကောင်းကင်နယ်ပယ် အဆင့် ပညာရှင်တွေ မနည်းမနောကို ပြန်ပေါ်လာမှာဘဲ”
ဒီစကားကို ပြောလိုက်တဲ့ အတွင်းစည်း အကြီးအကဲက အတော်လေး စဉ်းစားဆင်ခြင် နိုင်စွမ်း ရှိသည့်ပုံပါဘဲ။ ပြီးတော့ သူက မိစ္ဆာလမ်းစဉ် ပညာရှင်တွေအကြောင်း တော်တော်လေးကို နားလည်ဟန် တူပါတယ်။
“အကြီးအကဲဂူ ပြောတာ မှန်တယ်။ မိစ္ဆာလမ်းစဉ် ပညာရှင်တွေက ကျင့်ကြံမှုနှုန်းမှာ အလွန်ဘဲ မြန်နေတတ်တယ်။ ပြီးတော့ ကျင့်ကြံနေစဉ် လမ်းတစ်ဝက်မှာလည်း ရူးသွပ်နေတဲ့ မိစ္ဆာကောင်တွေ အဖြစ် ပြောင်းလဲသွားနိုင် သေးတယ်။ကျင့်စဉ်အဆင့် မြင့်လာတာနဲ့အမျှ မိစ္ဆာအဖြစ် ပြောင်းလဲသွားနိုင် နှုန်းကလည်း ပိုများလာတတ်တာဘဲ။ ဒီကောင်တွေက ကပ်ပါးကောင်တွေလိုဘဲ ဘယ်လိုမှ ပျောက်ကွယ်သွားမှာ မဟုတ်ဘူး။ သူတို့ရဲ့ လေ့ကျင့်မှုအတွက် အပြစ်ကင်းမဲ့တဲ့ လူတွေရဲ့ အသက်ပေါင်းများစွာကို လိုအပ်တယ်။ သူတို့တွေက အခြား ပိုင်နက်တွေထဲကိုသာ ထွက်ပြေး သွားမယ်ဆိုရင် နယ်မြေ မကျွမ်းတဲ့အတွက် သိပ်အဆင်ပြေမှာ မဟုတ်ဘူး။ နောက်ဆုံးတော့ ဒီမိစ္ဆာကောင်တွေက ငါတို့ နယ်မြေထဲကိုဘဲ ပြန်ဝင်လာကြမှာဘဲ”
အခြားသော အတွင်းစည်း အကြီးအကဲ တစ်ယောက်ကလည်း အကြီးအကဲဂူ ရဲ့ သုံးသပ်မှုကို ထောက်ခံလိုက်ပါတယ်။
အမျိုးမျိုးသော ထင်မြင် ယူဆချက်တွေကို နားထောင်လို့ အပြီးမှာတော့ ဝတ်ရုံအဖြူ ဝတ်ဆင်ထားတဲ့ လူလတ်ပိုင်းအရွယ် လူကြီးက လက်ကာပြလိုက်ပြီး”အခြေအနေကို တိတိကျကျ မသိသေးဘဲ ငြင်းခုံ နေလို့ကတော့ ဘာမှထူးမှာ မဟုတ်ဘူး။ လျို့ဝှက်သတင်းဌာန ခေါင်းဆောင်ကို အရင်စောင့်ပြီးမှ ကျန်တာကို ဆက်ဆွေးနွေးတာ အကောင်းဆုံးပဲ။”
“ဂိုဏ်းချုပ်ကြီးခင်ဗျား ... လျှို့ဝှက် သတင်းဌာန ခေါင်းဆောင် ရောက်ရှိနေပါပြီ။”
အပြင်ဘက်က အစောင့် တစ်ယောက်က လှမ်းပြီး အကြောင်းကြား လိုက်ပါတယ်။
“သူမကို ဝင်ခွင့်ပြုလိုက်”
ဝတ်ရုံဖြူနဲ့ လူက အမိန့်ပေး လိုက်ပါတယ်။
လျို့ဝှက်သတင်း အချက်အလက်ဌာန ရဲ့ ခေါင်းဆောင်ကတော့ အသက်(၄၀)အရွယ် မိန်းမကြီး တစ်ယောက်ပါဘဲ။ သူမရဲ့ မျက်လုံးတွေက စူးရှတောက်ပြောင်နေပြီး ခံစားချက်မဲ့ နေပါတယ်။ သူမက ကောင်းကင်နယ်ပယ် အဆင့်(၉)က ပညာရှင် တစ်ယောက်ပါ။
“စီးမာလျူက ဂိုဏ်းချုပ်ကြီးကို ဂါဝရ ပြုပါတယ်ရှင် ...”
ထိုမိန်းမကြီးက လက်နှစ်ဖက်ကို ဆုပ်ပြီး အရိုအသေ ပေးလိုက်ပါတယ်။
“ဌာနာမှူး စီးမာ ... မိစ္ဆာဂိုဏ်းတွေရဲ့ ဌာနချုပ်တည်နေရာ ဘယ်နှစ်နေရာလောက်ကို လျှို့ဝှက်သတင်းဌာနက စုံစမ်းထားနိုင်ပြီလဲ ... ။ ကျေးဇူးပြုပြီး ကျုပ်ကို ပြောပြပါလား ...”
ဝတ်ရုံဖြူနဲ့လူကြီးက လိုရင်းကို တစ်ခါတည်း မေးလိုက်ပါတယ်။
စီးမာလျူက ဂုဏ်ယူ ဝံ့ကြွားစွာဖြင့်
“၁၂နှစ်တိတိ ကြိုးကြိုးစားစား ထောက်လှမ်း အပြီးမှာတော့ လျှို့ဝှက် သတင်းဌာနဟာ မိစ္ဆာဂိုဏ်း (၁၅)ဂိုဏ်းရဲ့ ဌာနချုပ် တည်နေရာတွေကို စုံစမ်းနိုင်ခဲ့ပါပြီ။ သူတို့ထဲက (၃)ခုကတော့ ထိပ်ဆုံး မိစ္ဆာဂိုဏ်း (၁၀)ဂိုဏ်းထဲမှာ ပါဝင်ပါတယ်။အဲဒါတွေကတော့ အဆိပ်တစ်ရာ အစည်းအရုံး ၊ မရဏတောင်ကြားနဲ့ အဆိပ်(၅)ပါး ဂိုဏ်းတို့ပါဘဲ”
“ဝိုး ... အဆိပ်(၅)ပါးဂိုဏ်းရဲ့ ဌာနချုပ်ကိုတောင် မင်းတို့က စုံစမ်းထောက်လှမ်း နိုင်ခဲ့တာလား”
ဝတ်ရုံဖြူဝတ်နဲ့ လူကြီးက မျက်ခုံးတွေတောင် ပင့်လိုက်ပါတယ်။
အဆိပ်ငါးပါး ဂိုဏ်းဆိုတာက မိုးပြာရောင်ဂိုဏ်းရဲ့ နယ်နိမိတ်ထဲမှာ ရှိနေတဲ့ ထိပ်ဆုံး မိစ္ဆာဂိုဏ်း (၃)ဂိုဏ်းထဲမှာ အပါအဝင်ပါ။ သူတို့ဂိုဏ်းထဲမှာက ကောင်းကင်နယ်ပယ် ပညာရှင်တွေ အမြောက်အများ ရှိနေတယ်လေ။ အဆိပ်(၅)ပါးဂိုဏ်းရဲ့ ခေါင်းဆောင်တွေက (၅)ယောက်ရှိပါတယ်။ သူတို့အားလုံးကတော့ ကောင်းကင်နယ်ပယ် အဆင့်(၉)မှာ ရောက်နေပါပြီ။ သူတို့(၅)ယောက်ကို ကြီးမြတ်သော ခေါင်းဆောင် (၅)ပါးလို့ ခေါ်ဝေါ်ကျပါတယ်။ အဲဒီခေါင်းဆောင် (၅)ပါးကတော့
၁ ။ အပြာရောင် ကင်းမြီးကောက်
၂။ ရွှေဖားပြုပ်
၃။ သံကြိုးနီ
၄။ ခြေလှမ်းတစ်ထောင်နဲ့
၅။ တောက်တဲ့ တို့ပါဘဲ။
“ သတင်းအချက်အလက် ဌာနကတော့ တကယ်ဘဲ ကြိုးကြိုးစားစား ဆောင်ရွက်ခဲ့တာဘဲ။ ကြည့်ရတာ ငါတို့ရဲ့ အရင်တုန်းက အစီအစဉ်က တကယ်ဘဲ အလုပ်ဖြစ်ခဲ့ပြီ”
မိုးပြာရောင်ဂိုဏ်းရဲ့ ထိပ်ပိုင်းက အကြီးအကဲတွေကတော့ ဒီရလဒ်ကို လုံးဝကို ကျေနပ်နှစ်သိမ့် နေကြတယ်လေ။
“ဟူး… ...”
သက်ပြင်းရှည်ကြီး တစ်ချက် ချအပြီးမှာတော့ မိုးပြာရောင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်က တည်ကြည် လေးနက်စွာဖြင့်
“ မိစ္ဆာလမ်းစဉ် ဂိုဏ်းတွေရဲ့ ဌာနချုပ် (၁၅)ခုကို သိရတာနဲ့တင် အတော်လေး လုံလောက်နေပြီ။ ဒီတစ်ခါ မိစ္ဆာ သတ်ပွဲမှာတော့ ငါတို့က မိစ္ဆာလမ်းစဉ် ပညာရှင်တွေရဲ့ (၈၀)ရာခိုင်နှုန်းလောက်ကို သုတ်သင် ပစ်နိုင်လိမ့်မယ်လို့ ငါထင်တယ်”
“ငါတို့အားလုံး ဒီကိစ္စကို အမြန် ဆောင်ရွက်ရမယ်။ မမျှော်လင့်ဘဲ သတင်းပေါက်ကြားသွားနိုင်တဲ့ အခြေအနေတွေ မဖြစ်လာအောင် တစ်ခါတည်း သွားကြစို့ ... .။ တစ်ယောက်ယောက်က အထွတ်ခေါင်ချုပ် အကြီးအကဲတွေကို သွားဖိတ်ခေါ်လိုက်…"
"ငါ့ကို ဖိတ်ခေါ်ဖို့ မလိုတော့ဘူး။ ငါက ရောက်နှင့်နေပြီ”
မီးခိုးရောင်ဆံပင်နဲ့ အဘိုးအိုတစ်ယောက်က ညီလာခံ ခန်းမထဲကို ဝင်လာခဲ့ပါတယ်။ သူ့ရဲ့ ချီအရှိန်အဝါတွေက ခန်းမထဲမှာ ရှိနေတဲ့ အကြီးအကဲ မှန်သမျှထက်ကို ပိုသန့်စင်ပြီး သိပ်သည်းနေပါတယ်။ ဒီခန်းမထဲမှာ ရှိနေတဲ့ လူတွေထဲမှာတော့ ဝတ်ရုံဖြူနဲ့ လူတစ်ယောက်တည်းက သာလျှင် ဒီအကြီးအကဲရဲ့ ချီအရှိန်အဝါတွေကို ယှဉ်နိုင်မည့်ပုံပါဘဲ။
“ထွတ်ခေါင် အကြီးအကဲ ရှီ ပါလား ... ။ အကြီးအကဲက အချိန်ကိုက်ကို ရောက်လာတာဘဲ။ သည် အဆိပ်(၅)ပါးဂိုဏ်းကို ဝင်စီးတဲ့အခါမှာ အကြီးအကဲရှီ ရဲ့ အကူအညီကို လုံးဝ လိုအပ်နေတာဗျ။”
ဝတ်ရုံဖြူနဲ့ လူက ထွတ်ခေါင်အကြီးအကဲတွေကို တိုက်ရိုက် အမိန့်ပေးခွင့် မရှိပါဘူး။ အကူအညီ တောင်းလို့ဘဲ ရပါတယ်။ အဲဒီအတွက် သူက အထွတ်ခေါင်ချုပ် အကြီးအကဲတွေကို သွားဖိတ်ခေါ် ခိုင်းလိုက်တာပါ။ အခု ထွတ်ခေါင်အကြီးအကဲ ရှီ ကိုယ်တိုင် ရောက်လာပြီ ဆိုမှတော့ အခြားသော အထွတ်ခေါင်ချုပ် အကြီးအကဲတွေကို လှမ်းပြီး ဖိတ်ခေါ်နေစရာ မလိုတော့ပါဘူး။
“ဟား ... ဟား ... ငါကလည်း အသက်ကြီးပြီ ဆိုတော့ အညောင်းပြေ အညာပြေ လေ့ကျင့်ခန်းလေး လုပ်ချင်တယ်လေကွာ”
အထွတ်ခေါင်ချုပ် အကြီးအကဲရှီ က လိုလိုလားလားနဲ့ဘဲ ခေါင်းညိတ်လိုက်ပါတယ်။
တစ်ခဏ အကြာမှာတော့ အတွင်းစည်းအကြီးအကဲ အယောက်(၂၀၀)ကျော်ဟာ အဖွဲ့(၁၅)ဖွဲ့အဖြစ် ခွဲသွားပြီး သက်ဆိုင်ရာ တာဝန်အလိုက် ပျံသန်း ထွက်ခွာသွားခဲ့ပါပြီ။
အဲဒီ အကြီးအကဲတွေထဲမှာတော့ အထွတ်ခေါင်ချုပ် အကြီးအကဲရှီ ကို မတွေ့ရပါဘူး။ ကြည့်ရတာတော့ အကြီးအကဲရှီက လူမြင်ကွင်းကို ထွက်လာချင်စိတ် မရှိဘူးနဲ့ တူပါတယ်။
ပထမရက်မှာတော့ မိစ္ဆာဂိုဏ်း လေးခုဟာ မိုးပြာရောင်ဂိုဏ်းရဲ့ လက်ချက်ကြောင့် ပြိုကွဲ ပျက်စီးသွားခဲ့ပါပြီ။
ဒုတိယ နေ့မှာတော့ နောက်ထပ် ဂိုဏ်း(၈)ဂိုဏ်းကို ဖြိုခွဲ လိုက်ပြန်ပါတယ်။
တတိယမြောက် နေ့မှာတော့ ...
“အထွတ်ခေါင်ချုပ် အကြီးအကဲခင်ဗျား ... အဆိပ်(၅)ပါးဂိုဏ်းရဲ့ ဌာနချုပ်က ဒီတောင်ခြေမှာ အခြေစိုက်ထားတာပါ”
လျှို့ဝှက်သတင်းအချက်အလက် ဌာနရဲ့ အကြီးအကဲ တစ်ယောက်က ထွတ်ခေါင်အကြီးအကဲရှီ ကို အစီရင် ခံလိုက်ပါတယ်။
အထွတ်ခေါင်ချုပ် အကြီးအကဲရှီက ခေါင်းညိတ်လိုက်ပြီး ဇောင်ဝူကျင်းကို” ဒီတောင်တစ်ခုလုံးကို သေသေချာချာ ပိတ်ဆို့ထားလိုက် ... ။ ယင်ကောင် တစ်ကောင်တောင် လွတ်ထွက်မသွားစေနဲ့”ဟု အမိန့်ပေးလိုက်ပါတယ်။
“ဟုတ်ကဲ့ပါ”
ဇောင်ဝူကျင်းနဲ့ အခြားသော အတွင်းစည်း အကြီးအကဲတွေက တောင်တစ်ခုလုံးကို ဖြန့်ကျက်ပြီး နေရာယူထား လိုက်ပါပြီ။
“ဒီတောင်က တော်တော်လေးကို ကြီးတာဘဲ။ ကြည့်ရတာတော့ ငါ့ရဲ့ လျို့ဝှက်နည်းစနစ်ကို ထုတ်သုံးရတော့မယ် ထင်တယ်”
အထွတ်ခေါင်ချုပ် အကြီးအကဲရှီ က အသက်ကို တစ်ဝကြီး ရှုသွင်းလိုက်ပါတယ်။ ရှူသွင်းလိုက်တဲ့ လေတွေကို ပြန်ထုတ်လိုက်တဲ့ အခါမှာတော့ လေမုန်တိုင်းကြီး တစ်ခု ဖြစ်ပေါ်လာခဲ့ပါပြီ။ ဒီလေမုန်တိုင်းကြီးက အထွတ်ခေါင်ချုပ် အကြီးအကဲရှီရဲ့ ချီအရှိန်အဝါကနေ ဖြစ်လာခဲ့တာပါ။
ကောင်းကင်ယံထက်က တိမ်တွေကလည်း မည်းမှောင်ပြီး အုံ့ဆိုင်း လာခဲ့တယ်လေ။
“မူလဘူတဓား ... အားလုံး စုစည်းစမ်း”
ပတ်ဝန်းကျင်လေထု တစ်ခုလုံး ဓားချီတွေနှင့် ပြည့်နှက်လာပြီး သိပ်မကြာခင်မှာဘဲ ကောင်းကင် တစ်ခုလုံးမှာပါ ထောင်သောင်းချီတဲ့ ဓားချီတွေ ပေါ်ပေါက် လာခဲ့ပါပြီ။
“သွားတော့ ...”
ထွတ်ခေါင် အကြီးအကဲရှီ ရဲ့ အမိန့်ပေးသံ နောက်မှာတော့ ထောင်သောင်းချီတဲ့ ဓားချီတွေက အဆိပ်ငါးပါးဂိုဏ်း ဌာနချုပ် တည်ရှိရာ တောင်ပေါ်ဆီသို့ ဆင်းသက် သွားပါတော့တယ်။
မီတာတစ်ထောင်လောက် မြင့်တဲ့ တောင်ကြီးဟာ နှစ်ပိုင်း ပြတ်သွားခဲ့ပါပြီ။ တောင်ကြီး တစ်ခုလုံးရဲ့ မျက်နှာပြင်တွေကလည်း ဓားချီတွေကြောင့် ရစရာ မရှိအောင်ကို ဖြစ်သွားခဲ့ပါပြီ။
အဆိပ်(၅)ပါးဂိုဏ်းရဲ့ ကြီးမြတ်သော ခေါင်းဆောင် ငါးပါးကတော့ ဘာဖြစ်လို့ ဖြစ်နေမှန်းကို မသိလိုက်ပါဘူး။ သူတို့က ဌာနချုပ်ထဲကနေ လှမ်းထွက် လာခဲ့တယ်လေ။
“ဒါက ပြန်လည်ဝင်စားခြင်း နယ်ပယ်က ပညာရှင် တစ်ယောက်ရဲ့ လက်ချက်ဘဲ။ ဘယ်သူက သူ့ကို ရန်သွား စလိုက်တာလည်းဟ”
အပြာရောင် ကင်းမြီးကောက်က ကြောက်ရွံ့စွာနဲ့ သူ့မိတ်ဆွေကို မေးလိုက်ပါတယ်။
***