တာအိုဂြိုဟ်၏ စည်းမျဉ်းဥပဒေသများ
Vol. 69 Ch. 956
သူ၏ စကားလုံးများ အလုပ်ဖြစ်သွားသောကြောင့်လားတော့ မသိပေ။ ဝမ်ပေါင်လဲ့ စကားဆုံးသွားသည်နှင့် ထို ဝဲလေးမှာ အပြီးတိုင်ပျောက်ကွယ်သွားပြီး ၎င်းထဲရှိ မျက်ဝန်းတစ်စုံမှာလည်း ပျောက်ကွယ်သွားတော့သည်။ ထိုအခါမှသာ ဝမ်ပေါင်လဲ့မှာ စိတ်အေးသွားရပြီး သက်ပြင်းချနိုင်သွား၏။ သူသည် အနာဂတ်တွင် မဖြစ်မနေ လိုအပ်သည့်အချိန်မှလွဲ၍ အခြား အချိန်များတွင် တာအိုဂါထာတော်အား ထပ်၍ ရွတ်ဖတ်တော့မည်မဟုတ်ဟု သန္နိဋ္ဌာန်ချလိုက်၏။
" ကြောက်ဖို့ကောင်းလိုက်တာ... ဘာလို့များ တာအိုဂါထာတော်လို့ ခေါ်နေရသေးတာလဲ။ အစွမ်းထက် ပုဂ္ဂိုလ်ကြီးတစ်ယောက် ရောက်လာတာလေ "
တစ်ချိန်ထဲမှာပင် သူသည် အနက်ရောင်စက္ကူပင်လယ်ကြီး တစ်စင်းလုံး ပြောင်းလဲသွားသည်ကို ခံစားမိလိုက်၏။ ယခင်တုန်းက အနက်ရောင်စက္ကူပင်လယ်ကြီးမှာ အအေးဓာတ်များကို ထုတ်လွှတ်နေခဲ့ပါသော်လည်း ယခုတွင်မူ ထို အအေးဓာတ်များမှာ ရင်းမြစ် မရှိတော့သဖြင့် တဖြည်းဖြည်းနှင့် လွင့်ပါးပျောက်ကွယ်သွားနေကြပြီ ဖြစ်သည်။ ထို့အပြင် သိပ်မကြာခင်တွင် အနက်ရောင်စက္ကူပင်လယ်ကြီး တစ်စင်းလုံး၏ အရောင်မှာလည်း ပြောင်းလဲသွားတော့မည့်ပုံပင်။
ယခုတွင်ပင် အနက်ရောင်စက္ကူပင်လယ်ကြီး၏ အရောင်မှာ ယခင်တုန်းကနှင့် မတူတော့ပေ။ ၎င်းမှာ မည်းနက်နေခြင်း မရှိတော့ဘဲ မီးခိုရောင် ပြောင်းလာပြီ ဖြစ်သည်။ တစ်ချိန်ထဲမှာပင် အသက်စွမ်းအားများမှာလည်း ပို၍ သိသာထင်ရှားလာသဖြင့် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှာ နွေးခနဲ ဖြစ်သွားရ၏။ သူသည် အနက်ရောင်စက္ကူပင်လယ်ကြီးမှာ သူ့အပေါ် စေတနာရှိနေသည်ဟုပင် ခံစားနေရသည်။
" အပေါ်ယံဟန်ပြသက်သက် မဟုတ်လောက်ပါဘူး။ ငါက ဒီကမ္ဘာကြီးကို ကယ်တင်ပေးခဲ့တာလေ " သူ ထို အသက်စွမ်းအားများအား အပြည့်အဝခံစားရန် ပြင်လိုက်စဉ်မှာပင် သူ၏ ဘေးတွင် ရှိနေသည့် လူပုံစံစက္ကူရုပ်ကြီးမှာ ဆတ်ခနဲတုန်ရီသွားပြီး သတိပြန်ရလာ၏။ ပင်လယ်ရေမျက်နှာပြင်အထက်ရှိ အနီရောင်မျဉ်းကြောင်းနှင့် လူပုံစံစက္ကူရုပ်ကြီးနှင့် အခြား လူပုံစံစက္ကူရုပ်များမှာလည်း ထိုနည်းတူပင်။ ကြယ်သုဿာန် တစ်ခုလုံးထဲရှိ သက်ရှိများအားလုံးမှာ ချက်ချင်းဆိုသလိုပင် သတိပြန်ရလာကြ၏။
နေရာအနှံ့အပြားမှ အာမေဋိတ်သံများ ထွက်ပေါ်လာသောအခါ ဝမ်ပေါင်လဲ့မှာလည်း အလျင်အမြန် တုံ့ပြန်လိုက်၏။ သူသည် သူ၏ လျှာထိပ်အား ကိုက်ကာ သွေးတစ်ပွက် အန်ထုတ်ပြလိုက်သည်။ ထို့နောက် သူသည် တုန်လှုပ်ချောက်ချားကာ မောပန်းနွမ်းနယ်နေသည့် အမူအရာဖြင့် သူ၏ရှေ့တွင် ရှိနေသည့် လူပုံစံစက္ကူရုပ်ကြီးအား ကြည့်ကာ ပြောလိုက်တော့သည်။
" လူကြီးမင်း။ ကျွန်တော် အစွမ်းကုန်ကြိုးစားခဲ့ပြီးပြီနော် "
ထိုအခါ လူပုံစံစက္ကူရုပ်ကြီးမှာ တစ်ခုလုံးတုန်ရီသွားပြီး အချုပ်အနှောင်ကြီးအား ငုံ့ကြည့်လိုက်သဖြင့် ၎င်းပေါ်ရှိ အက်ကွဲကြောင်းများ ပျောက်ကွယ်သွားသည်ကို သတိထားမိလိုက်၏။ ထို့အပြင် ၎င်းမှာ ဘေးပတ်ပတ်လည်ရှိ အနက်ရောင် အခိုးအငွေ့များ ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်းကိုလည်း သတိထားမိလိုက်သဖြင့် မျက်ဝန်းများထဲ၌ စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။ ၎င်းမှာ တစ်ခဏမျှ သတိလစ်သွားခဲ့ပြီးနောက် မည်သည့်အရာများ ဆက်ဖြစ်သွားခဲ့မှန်းမသိပေ။ သို့သော် နောက်ဆုံးရလဒ်များမှာ မျှော်လင့်ထားသည့်ထက်ပင် ပို၍ကောင်းမွန်နေသည်မဟုတ်ပါလော။ သို့ဖြစ်ရာ ၎င်းမှာ စိတ်လှုပ်ရှားလွန်းနေသောကြောင့် ဝမ်ပေါင်လဲ့၏ စိတ်ထဲမှ အတွေးများကိုပင် ဂရုမစိုက်နိုင်လောက်အောင် ဖြစ်နေရတော့သည်။
သူသည် ဝမ်ပေါင်လဲ့မှာ အများကြီးပေးဆပ်ခဲ့ရခြင်းဖြစ်မည်ဟု မှတ်ယူလိုက်၏။ နောက်ဆုံးရလဒ်များမှာ အံ့ဩမှင်တက်ဖွယ်ရာ ကောင်းလွန်းနေသည် မဟုတ်ပါလော။ ဝမ်ပေါင်လဲ့မှာ ဂါထာများအား ရွတ်ဖတ်လိုက်ရုံနှင့် ထိုကဲ့သို့သော စွမ်းအားမျိုးကို ဆင့်ခေါ်နိုင်စွမ်း ရှိနေသည်ဖြစ်ရာ သူ၏ ကျောထောက်နောက်ခံများမှာလည်း အလွန်အင်မတန်မှ အဆင့်မြင့်နေလောက်သည်ဟု ၎င်းက သုံးသပ်လိုက်တော့သည်။
ထို့ကြောင့် ၎င်းမှာ ဝမ်ပေါင်လဲ့ သွေးတစ်ပွက် အန်ထွက်လာသည်ကို မြင်လိုက်ရသည်နှင့် ချက်ချင်းဆိုသလိုပင် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ဝမ်ပေါင်လဲ့အား တရိုတသေ ဦးညွှတ်အရိုအသေပေးလိုက်တော့သည်။ ၎င်း၏ မျက်ဝန်းများထဲ၌ ကျေးဇူးတင်လိုသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေ၏။ ထို့နောက် ၎င်းမှာ စကားပြောရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက်ဆိုသလို နောက်သို့ လှည့်ကြည့်လိုက်သဖြင့် အဝေးမှနေ၍ သူတို့ဆီသို့ ဦးတည်လာနေသည့် အနီရောင်မျဉ်းကြောင်းနှင့် လူပုံစံစက္ကူရုပ်ကြီးအား လှမ်းမြင်လိုက်ရတော့သည်။
ဝမ်ပေါင်လဲ့မှာလည်း ၎င်းအား လှမ်းမြင်လိုက်သဖြင့် ရင်ခုန်နှုန်းများ တစ်ခဏမျှ ရပ်တန့်သွားရ၏။ သို့သော် သူသည် ချက်ချင်းဆိုသလိုပင် ပြန်လည်တည်ငြိမ်သွားသည်။ သူသည် ကြယ်သုဿာန်အင်ပါယာကြီးအား ကူညီပေးခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် တည်ကြည်မှုအပြည့်ဖြင့် ထိုင်နေလိုက်ပြီးနောက် သူ့ဆီသို့ ဦးတည်လာနေသည့် အနီရောင်မျဉ်းကြောင်းနှင့် လူပုံစံစက္ကူရုပ်ကြီးအား လှမ်းကြည့်နေလိုက်တော့သည်။
အနီရောင်မျဉ်းကြောင်းနှင့် လူပုံစံစက္ကူရုပ်ကြီးမှာလည်း စိတ်နှလုံးလှုပ်ရှားနေ၏။ ၎င်းမှာ သတိပြန်ရလာပြီးနောက် အနက်ရောင်စက္ကူပင်လယ်ကြီးမှာ ပြောင်းလဲသွားပြီဖြစ်ကြောင်း ချက်ချင်း သတိထားမိခဲ့သည်။ ထို့ကြောင့် ၎င်းမှာ ပင်လယ်အောက်သို့ တအံ့တဩနှင့် ဆင်းသက်လာချိန်တွင် ဝမ်ပေါင်လဲ့နှင့် နောက်ထပ် လူပုံစံစက္ကူရုပ်တစ်ရုပ်အား မြင်လိုက်ရခြင်းဖြစ်သည်။
၎င်းသည် ဝမ်ပေါင်လဲ့မှာ မည်သူမည်ဝါမှန်း သိရှိထားပြီးသားဖြစ်သည်။ သူသည် ပြင်ပနယ်မြေထဲမှ ရောက်ရှိလာသည့် ပါရမီရှင် တစ်ယောက်ဖြစ်သလို ပြင်ပနယ်မြေထဲမှ လျှပ်စီးစိတ်ဆန္ဒကို အသုံးပြုကာ ပင်လယ်ကြီးအား အောင်မြင်စွာ ကျော်ဖြတ်ခဲ့သည့် ပါရမီရှင်လည်း ဖြစ်သည်။ အနီရောင်မျဉ်းကြောင်းနှင့် လူပုံစံစက္ကူရုပ်ကြီးမှာ သူ့အား မြင်လိုက်ရသဖြင့် နှလုံးသားထဲ၌ သံသယစိတ်များ ပေါ်ပေါက်လာ၏။ သို့သော် ၎င်းမှာ သူ၏ ဘေးတွင် ရှိနေသည့် လူပုံစံစက္ကူရုပ်ကြီးအား မြင်လိုက်ရသည်နှင့် တစ်ကိုယ်လုံး တုန်ရီသွားပြီး မျက်လုံးများ ပြူးသွားတော့သည်။ ၎င်းမှာ ထို လူပုံစံစက္ကူရုပ်ကြီးအား အချိန်အတော်အတန်ကြာအောင် သေသေချာချာ စိုက်ကြည့်နေလိုက်ပြီးနောက် ချီတုံချတုံနှင့် မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည့်ပုံဖြင့် မေးလိုက်၏။
" ခေါင်းဆောင်ကြီးလား "
ဝမ်ပေါင်လဲ့၏ ဘေးတွင်ရှိနေသည့် လူပုံစံစက္ကူရုပ်ကြီးမှာ အနီရောင်မျဉ်းကြောင်းနှင့် လူပုံစံစက္ကူရုပ်ကြီး၏ ကတုန်ကယင်စကားသံကို ကြားလိုက်ရသောအခါ ၎င်း၏ မျက်ဝန်းများထဲ၌ အတိတ်ကို ပြန်ပြောင်းသတိရနေသော အရိပ်အယောင်များ ပေါ်ပေါက်လာ၏။ ထို လူပုံစံစက္ကူရုပ်နှစ်ရုပ်မှာ တစ်ရုပ်နှင့်တစ်ရုပ် စိုက်ကြည့်ကာ ဝမ်ပေါင်လဲ့ နားမလည်သည့် နည်းလမ်းဖြင့် အပြန်အလှန် ဆက်သွယ်လိုက်ကြသည်။ သူသည် ၎င်းတို့ ထိုကဲ့သို့ အပြန်အလှန် ဆက်သွယ်နေရင်း အနီရောင်မျဉ်းကြောင်းနှင့် လူပုံစံစက္ကူရုပ်ကြီး တဖြည်းဖြည်းနှင့် ပို၍ တုန်ရီလာရသည်ကိုသာ သတိထားမိလိုက်၏။ နောက်ဆုံးတွင် ၎င်းမှာ အရာအားလုံးကို နားလည်သွားသည့် ပုံဖြင့် အချိန်အကြာကြီး အတွေးများထဲတွင် နစ်မျောသွားပြီးနောက် ဝမ်ပေါင်လဲ့အား စိုက်ကြည့်လိုက်သည်။ ထို့နောက် ၎င်းမှာ ရှေ့သို့ ခြေလှမ်းအနည်းငယ်ခန့် လှမ်းလာပြီး ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ဝမ်ပေါင်လဲ့အား ဦးညွှတ်အရိုအသေပေးလိုက်တော့သည်။
" ကျေးဇူးတင်ပါတယ် တာအိုရောင်းရင်း။ ကြယ်သုဿာန်က တာအိုရောင်းရင်းရဲ့ စေတနာကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ ကျွန်တော်တို့တွေ အနာဂတ်မှာ တာအိုရောင်းရင်းကို သေချာပေါက် ထိုက်ထိုက်တန်တန် ကျေးဇူးပြန်ဆပ်ပါ့မယ် "
ဝမ်ပေါင်လဲ့မှာလည်း ထိုစကားများကို ကြားရရန် စောင့်ဆိုင်းနေခြင်းဖြစ်သည်။ ထို့ကြောင့် သူသည် ကျေနပ်အားရသွား၏။ တစ်ချိန်ထဲမှာပင် သူသည် ထို လူပုံစံစက္ကူရုပ်ကြီး၏ ကျင့်ကြံခြင်းအဆင့်မှာ မြင့်မားကြောင်း သိထားသဖြင့် သူ့ဘက်မှ ကူညီပေးခဲ့ရုံလောက်နှင့် မောက်မာဝင့်ကြွားနေ၍ မဖြစ်ကြောင်း နားလည်ထားသည်။ ထို့ကြောင့် သူသည်လည်း မတ်တတ်ထလာပြီး ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ အရိုအသေ ပြန်ပေးလိုက်သည်။
ထို့နောက် သူသည် အနီရောင်မျဉ်းကြောင်းနှင့် လူပုံစံစက္ကူရုပ်ကြီး၏ အကူအညီဖြင့် အချုပ်အနှောင်ကြီးဆီမှ ထွက်ခွာလာပြီး ပင်လယ်မျက်နှာပြင်အထက်သို့ ပြန်တက်လာ၏။ ၎င်း ခေါင်းဆောင်ကြီးဟု ခေါ်ခဲ့သည့် လူပုံစံစက္ကူရုပ်ကြီးမှာမူ ပင်လယ်ထဲမှ ထွက်ခွာလာခြင်း မရှိပေ။ သူသည် ဝမ်ပေါင်လဲ့နှင့် အနီရောင်မျဉ်းကြောင်းနှင့် လူပုံစံစက္ကူရုပ်ကြီး ထွက်ခွာသွားသည်ကို ကြည့်နေလိုက်ပြီးနောက် ခေါင်းငုံ့ကာ ကြေးမုံ အချုပ်အနှောင်ကြီးပေါ်ရှိ အမျိုးသမီး ရုပ်အလောင်းအား လှမ်းကြည့်လိုက်၏။ ထို့နောက် ၎င်းမှာ နူးညံ့သိမ်မွေ့မှု အပြည့်ရှိသော မျက်ဝန်းများဖြင့် ထိုနေရာသို့ ဖြည်းညင်းစွာ လျှောက်လှမ်းသွားလိုက်သည်။ နောက်ဆုံးတွင် ၎င်းမှာ ထို ရုပ်အလောင်း၏ ရှေ့တွင် ထိုင်ချကာ မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်တော့သည်။
အစမှအဆုံးအထိ လူပုံစံစက္ကူရုပ်ကြီးနှစ်ရုပ်မှာ စကားတစ်ခွန်းမှ ပြောခဲ့ခြင်းမရှိပေ။ သို့ဖြစ်ရာ ၎င်းတို့မှာ ၎င်းတို့၏ ကိုယ်ပိုင် ဆက်သွယ်မှုနည်းလမ်းများမှတစ်ဆင့် အခြားတစ်ယောက်၏ အတွေးများကို အပြန်အလှန် နားလည်ခဲ့ကြသည့်ပုံပင်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အနီရောင်မျဉ်းကြောင်းနှင့် လူပုံစံစက္ကူရုပ်ကြီး၏ နောက်မှ လိုက်သွားနေရင်း နောက်သို့ တစ်ချက်လှည့်ကြည့်လိုက်ပြီးနောက် အနက်ရောင်စက္ကူပင်လယ်ကြီး၏ အပြင်ဘက်သို့ ပျံထွက်သွားတော့သည်။
သူသည် ပင်လယ်ရေမျက်နှာပြင်အထက်သို့ ရောက်လာသည်နှင့် အပြင်ဘက်တွင် လူပုံစံစက္ကူရုပ် အစွမ်းထက်ကျင့်ကြံသူအမြောက်အမြား စောင့်ဆိုင်းနေသည်ကို မြင်လိုက်ရသည်။ ၎င်းတို့မှာ နည်းလမ်းတစ်မျိုးမျိုးဖြင့် ဝမ်ပေါင်လဲ့အကြောင်း အစမှအဆုံးအထိ သိထားပြီးသားဖြစ်ကြောင်း သိသာထင်ရှားပေသည်။ ထို့ကြောင့် ၎င်းတို့မှာ ဝမ်ပေါင်လဲ့အား မြင်လိုက်ရသည်နှင့် မျက်ဝန်းများထဲ၌ ကျေးဇူးတင်လိုသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်သွားကြပြီး သူ့အား တစ်ပြိုင်နက်တည်း အရိုအသေပေးလိုက်ကြတော့သည်။
လူပုံစံစက္ကူရုပ်များ၏ အပြုအမူများကြောင့် ဝမ်ပေါင်လဲ့သည် ယခုအကြိမ် ကြိုးစားခဲ့ရခြင်းမှာ တန်သည်ဟု ခံစားလိုက်ရ၏။ တစ်ချိန်ထဲမှာပင် သူသည် ပင်လယ်ထဲမှ ပျံထွက်လာခဲ့ပြီးနောက် ကမ္ဘာကြီးတစ်ခုလုံးဆီမှ ထွက်ပေါ်လာနေသည့်ပုံ ပေါ်သော နွေးထွေးကြင်နာမှု အငွေ့အသက်များကိုလည်း ခံစားမိလိုက်သေးသည်။
ထိုသို့ဖြင့် ဝမ်ပေါင်လဲ့မှာ လူပုံစံစက္ကူရုပ်များ၏ ကာကွယ်စောင့်ရှောက်မှုဖြင့် ကြယ်သုဿာန်အင်ပါယာ မြို့တော်ထဲသို့ ပြန်လည်ရောက်ရှိလာ၏။ ၎င်းတို့မှာ သူ၏ နေအိမ်ကိုလည်း ပြောင်းလဲပေးလိုက်ပြီ ဖြစ်သည်။ သူသည် အခြား ပါရမီရှင်များကဲ့သို့ စံအိမ်ထဲ၌ နေစရာ မလိုတော့ပေ။ ကြယ်သုဿာန်အင်ပါယာမှာ သူ့အား တော်ဝင်နန်းတော်ထဲသို့ ဝင်ခွင့်ပေးလိုက်ပြီးနောက် အလွန်အင်မတန်မှ အားကောင်းသည့် ဝိညာဉ်ချီများ ရှိနေသော အကောင်းစား အဆောင်တစ်ဆောင်ထဲ၌ နေရာထိုင်ခင်း စီစဉ်ပေးလိုက်၏။
သူ တစ်ချက် လှမ်းခေါ်လိုက်ရုံနှင့် အစွမ်းထက် လူပုံစံစက္ကူရုပ် အမြောက်အမြား ရောက်ရှိလာကြပြီး သူ၏ လိုအင်ဆန္ဒများအားလုံးကို ဖြည့်ဆည်းပေးရန် အဆင်သင့် ရှိနေပြီ ဖြစ်သည်။ ခဏအကြာတွင် အနီရောင်မျဉ်းကြောင်းနှင့် လူပုံစံစက္ကူရုပ်ကြီးမှာလည်း သူ့ဆီသို့ ရောက်ရှိလာသည်။
အနီရောင်မျဉ်းကြောင်းနှင့် လူပုံစံစက္ကူရုပ်ကြီးမှာ ကျင့်ကြံခြင်းအဆင့် အလွန်အင်မတန်မှ မြင့်မားသည့်တိုင်အောင် ရိုသေမှုအပြည့် ရှိနေဆဲပင်။ သို့ဖြစ်ရာ ၎င်းသည် ဝမ်ပေါင်လဲ့၏ နောက်ကြောင်းရာဇဝင်မှာ လျှို့ဝှက်ဆန်းကြယ်ကြောင်း ခေါင်းဆောင်ကြီးဆီမှတစ်ဆင့် ကြားသိထားပြီးသား ဖြစ်ရပေမည်။ ထို့ကြောင့် ၎င်းသည် ဝမ်ပေါင်လဲ့အား တန်းတူသဘောထား၍ ပြောဆိုဆက်ဆံနေသဖြင့် ဝမ်ပေါင်လဲ့မှာလည်း သဘောတွေ့နေတော့သည်။ သူသည် ထို လူပုံစံစက္ကူရုပ်ကြီး၏ မေးခွန်းအား ပြန်ဖြေလိုက်၏။
" ကျွန်တော် ဒီကိုရောက်လာရတဲ့ အကြောင်းပြချက်က အဲဒီ ခေါင်းဆောင်ကြီးရဲ့ စေတနာတွေကြောင့်ပါ။ ရေစက်ပါလို့လည်း သူနဲ့ ဆုံတွေ့ခွင့် ရခဲ့တာပေါ့ဗျာ... " ဝမ်ပေါင်လဲ့မှာ သက်ပြင်းချကာ သူ လူပုံစံစက္ကူရုပ်ကြီးနှင့် ဆုံတွေ့ခဲ့ပုံအား အသေးစိတ် ရှင်းပြလိုက်၏။ သို့သော် သူသည် ဖြစ်ကြောင်းကုန်စင်အား ပြောပြခဲ့ခြင်းတော့ မရှိပေ။ သူသည် ဆုတောင်းပြည့်ပုလင်းလေးအကြောင်း တစ်ခွန်းမှ မဟခဲ့ပါသော်လည်း အခြားအရာများ အားလုံးကိုမူ အမှန်အတိုင်း ပြောပြလိုက်သည်။
အနီရောင်မျဉ်းကြောင်းနှင့် လူပုံစံစက္ကူရုပ်ကြီးမှာ ဝမ်ပေါင်လဲ့၏ စကားများကို ကြားလိုက်ရသောအခါ လေသံတိုးတိုးဖြင့် သက်ပြင်းချလိုက်၏။ ထို့နောက် ၎င်းမှာ ဝမ်ပေါင်လဲ့နှင့် တစ်ခဏမျှ ထပ်၍ စကားစမြည် ပြောဆိုနေလိုက်ပြီးနောက် မတ်တပ်ထလာပြီး ညာဘက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ဆိုလိုက်တော့သည်။
" ကျွန်တော် တာအိုရောင်းရင်း အနားယူမှာကို မနှောင့်ယှက်တော့ပါဘူး။ ကြယ်ဆွဲငင်ခြင်း အခွင့်အလမ်းက နောက် ခုနစ်ရက်နေရင် စတော့မှာ။ အဲဒီနေ့ ရောက်ရင် ကြယ်သုဿာန်အင်ပါယာက မိုးကောင်းကင်ပူဇော်ပွဲ ကျင်းပမှာလေ။ တာအိုရောင်းရင်း၊ အဲဒီပွဲကို ဆက်ဆက် လာခဲ့ပါ " အနီရောင်မျဉ်းကြောင်းနှင့် လူပုံစံစက္ကူရုပ်ကြီးမှာ ဝမ်ပေါင်လဲ့အား အဓိပ္ပါယ်ပါပါကြည့်ကာ ဆိုလိုက်ပြီးနောက် သူ၏ ညာဘက်လက်ကို မြှောက်ကာ ဝှေ့ယမ်းလိုက်သည်။ ထိုအခါ သူ၏ လက်ထဲ၌ စာရွက်တစ်ရွက် ပေါ်ပေါက်လာ၏။
" တာအိုရောင်းရင်း မိုးကောင်းကင်စည်ကြီးကို တီးတဲ့အချိန်ကျရင် ဒီ စာရွက်ကို တာအိုရောင်းရင်းရဲ့ အသက်စွမ်းအား မီးတောက်နဲ့ လောင်ကျွမ်းသွားအောင်လုပ်လိုက်ပါ။ အဲတာဆိုရင် တာအိုရောင်းရင်း ကြယ်သုဿာန်အင်ပါယာရဲ့ ကောင်းချီးမင်္ဂလာကို ပိုင်ဆိုင်သွားလိမ့်မယ်... ကြယ်သုဿာန်ထဲမှာ ဂြိုဟ်တွေက နေရာတိုင်းမှာရှိတယ်။ အထူးဂြိုဟ်တွေက ရှားပါးပေမယ့်လို့ တာအိုရောင်းရင်း ဒီ စာရွက်ကိုသာ မီးရှို့လိုက်မယ်ဆိုရင် အဲဒီ ဂြိုဟ်တွေထဲက တစ်လုံးကို သေချာပေါက် ဆင့်ခေါ်နိုင်သွားမှာပါ။ ပြီးတော့... တာအိုရောင်းရင်း ကံကောင်းရင် ဒီနေရာမှာရှိတဲ့ တစ်လုံးတည်းသော တာအိုဂြိုဟ်ကိုပါ ရရှိပိုင်ဆိုင်နိုင်ဖို့ ကြိုးစားရင် ကြိုးစားနိုင်လောက်တယ် "
" ဒါပေမဲ့ နှစ်တွေအများကြီး ကုန်ပြီးသွားတာတောင် ဘယ်သူကမှ ဒီဂြိုဟ်ကို မပိုင်ဆိုင်နိုင်ခဲ့ဘူး။ ဒါပေမဲ့ မရလည်း စိတ်ပျက်နေစရာမလိုပါဘူး။ တာအိုဂြိုဟ်ကလည်း အထူးဂြိုဟ်တစ်မျိုးပါပဲ။ အဲဒီ ဂြိုဟ်ထဲမှာ တမူထူးခြားတဲ့ စည်းမျဉ်းဥပဒေသတွေ ကိန်းအောင်းနေတာလောက်ပဲရှိတာပါ " အနီရောင်မျဉ်းကြောင်းနှင့် လူပုံစံစက္ကူရုပ်ကြီးမှာ ထိုသို့ဆိုလိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား ခေါင်းညိတ်ပြလိုက်ပြီး နောက်သို့လှည့်ကာ ထွက်ခွာသွားတော့သည်။
ဝမ်ပေါင်လဲ့မှာလည်း စာရွက်လေးအား လှမ်းယူလိုက်ပြီးနောက် ချက်ချင်းဆိုသလိုပင် မတ်တတ်ထလာပြီး ၎င်းအား လိုက်၍ နှုတ်ဆက်လိုက်၏။ သို့သော် တာအိုဂြိုဟ်နှင့် ပတ်သတ်၍ ၎င်း ပြောခဲ့သည့် စကားများမှာ သူ၏ အသိစိတ်ထဲ၌ ပဲ့တင်ထပ်ဆဲပင်။ သူသည် တာအိုဂြိုဟ်များ၏ တမူထူးခြားမှုများကို သိရှိထားပြီးဖြစ်သည်။ သူသည် ဤ ကြယ်သုဿာန်ထဲသို့ ရောက်မလာခဲ့ခင်တုန်းက တာအိုဂြိုဟ်အား လိုချင်တက်မက်နေခဲ့ပါသော်လည်း သူ ၎င်းအား ရရှိပိုင်ဆိုင်နိုင်ခြေမှာ လုံးဝနီးပါး မရှိကြောင်း နားလည်ထားခဲ့၏။ သို့သော် ယခုတွင်မူ အခြေအနေများမှာ မတူတော့ပေ။
သူသည် ကြယ်သုဿာန်၏ အကူအညီဖြင့် တာအိုဂြိုဟ်အား ပိုင်ဆိုင်နိုင်မည့် အခွင့်အရေးတစ်ခု ရရှိနိုင်လောက်သည်ဟု တွေးနေ၏။ ထို အတွေးကြောင့် သူသည် နှလုံးသားထဲ၌ မီးတောက်တစ်ခု တောက်လောင်နေသကဲ့သို့ ခံစားနေရသည်။ ထို့ကြောင့်လည်း သူသည် အနီရောင်မျဉ်းကြောင်းနှင့် လူပုံစံစက္ကူရုပ်အား စိုက်ကြည့်နေရင်း မနေနိုင်တော့သဖြင့် မေးမိလိုက်တော့သည်။
" လူကြီးမင်း။ ဒီနေရာမှာရှိတဲ့ တာအိုဂြိုဟ်ရဲ့ စည်းမျဉ်း ဥပဒေသက ဘာတွေလဲဗျ "
" ကြယ်သုဿာန်ထဲက ဘယ်အရာမဆို စက္ကူတွေ ဖြစ်နေရတဲ့ အကြောင်းရင်းကို မင်း သိလား။ ပြင်ပနယ်မြေထဲက ဘယ်သူမဆို ကြယ်သုဿာန်ရဲ့ နတ်ဘုရားစွမ်းရည်တွေကို လေ့လာခွင့် မရှိတဲ့ အကြောင်းရင်းကိုရော မင်း သိလား။ အဲဒီ ပညာရပ်တွေကို ငါတို့ကိုယ်တိုင် မင်းတို့ကို သင်ပေးရင်တောင် ပြင်ပကမ္ဘာထဲကို ပြန်ရောက်သွားရင် အသုံးမပြုနိုင်တော့ဘဲ ဒီ ကြယ်သုဿာန်ထဲမှာပဲ အသုံးပြုနိုင်တဲ့ အကြောင်းရင်းကိုရော မင်းသိလား " ထို လူပုံစံစက္ကူရုပ်ကြီးမှာ သူ၏ မေးခွန်းအား တိုက်ရိုက်ပြန်ဖြေခဲ့ခြင်း မရှိဘဲ ထိုကဲ့သို့ ဆိုလိုက်ပြီးနောက် နောက်သို့လှည့်ကာထွက်ခွာသွား၏။
သို့သော် ၎င်း၏ စကားများမှာ ဝမ်ပေါင်လဲ့အတွက် လုံလောက်ပေသည်။ သူသည် ၎င်း၏ စကားများကို ကြားလိုက်ရသည်နှင့် တစ်ကိုယ်လုံး တုန်ရီသွားရပြီး အသက်ရှူသံများ မြန်ဆန်လာရ၏။ ထို့နောက် သူသည် ချက်ချင်းဆိုသလိုပင် ခေါင်းမော့လာပြီး မိုးကောင်းကင်ကြီးအား လှမ်းကြည့်ရင်း မျက်ဝန်းများ ထူးဆန်းစွာ တောက်ပသွားတော့သည်။
" အဲဒီ တာအိုဂြိုဟ်ရဲ့ စည်းမျဉ်းဥပဒေသက စက္ကူပဲ "