← Chapters

နတ်ဆိုးသတ် မြား

Vol. 14 Ch. 194

နတ်ဆိုးသတ် မြား

Vol. 14 Ch. 194

လီဖူချန်းရဲ့ မြေကမ္ဘာနယ်ပယ် အဆင့်(၂)ရယ်၊ ဆန်းကြယ် အလယ်အလတ် ဓားဆန္ဒ(၃) ခုရယ်ကြောင့် အမွေခံမျှော်စင်ရဲ့ ဒုတိယထပ်ကို အသာအယာဘဲ ဖြတ်သန်း လိုက်နိုင်ပါတယ်။

အခုဆိုရင်တော့ လီဖူချန်းက အမွေခံမျှော်စင်ရဲ့ ဒုတိယထပ်ကို ကျော်ဖြတ် သွားနိုင်ပြီ ဖြစ်တဲ့အတွက် အစစ်အမှန် ပညာရပ်တစ်ခု ယူခွင့် ရသွားပါပြီ။

လီဖူချန်းရဲ့ ပစ်မှတ်ကတော့ ကြယ်(၃)ပွင့် လျှို့ဝှက်နည်းစနစ်ပါဘဲ။

သူက ကြယ်(၄)ပွင့် လျှို့ဝှက်နည်းစနစ်တွေ ရယူချင်ပေမယ့်လည်း အဲဒီ လျှို့ဝှက် နည်းစနစ်တွေက အမွေခံမျှော်စင်ရဲ့ စတုတ္ထထပ်ကို ကျော်ဖြတ်နိုင်မှ ရယူခွင့် ရှိတာလေ။

ကြယ်(၅)ပွင့် လျှို့ဝှက်နည်းစနစ်တွေ အတွက် ဆိုရင်တော့  အမွေခံ မျှော်စင်ရဲ့ သတ္တမ အဆင့်ကို ကျော်ဖြတ်နိုင်မှာ ရမှာပါ။ အဲဒါကတော့ လီဖူချန်းရဲ့ လက်ရှိအစွမ်းအစနဲ့ အတော်ကြီးကို အလှမ်းဝေး နေပါသေးသည်။

လီဖူချန်း ရွေးချယ်လိုက်တဲ့ လျို့ဝှက် နည်းစနစ်ကတော့  ဗလာနယ် လက်ဝါးလို့ ခေါ်ပါတယ်။ ဒီနည်းစနစ်က အတွင်းအားတွေကို လက်မှာ စုစည်းစေပြီး  ဗလာနယ်အတွင်းအားတွေ အဖြစ် ထုတ်လွှတ်ပေးတာပါ။ ဒီနည်းစနစ်ရဲ့ ချီပေါက်ကွဲနှုန်းက မီးနဂါး လျှို့ဝှက် နည်းစနစ်ထက်ကို ပြင်းထန်ပါတယ်။ မီးနဂါးလျှို့ဝှက် နည်းစနစ်က ချီပေါက်ကွဲမှုကို (၂)ဆလောက်ဘဲ မြှင့်တင်ပေးနိုင်ပြီး ဗလာနယ်လက်ဝါး လျှို့ဝှက်နည်း စနစ်ကတော့ ချီပေါက်ကွဲမှုတွေကို (၂)ဆထက်မက ပိုမြှင့်တင်ပေး နိုင်ပါတယ်။

ဒါပေမဲ့ မီးနဂါးလျှို့ဝှက် နည်းစနစ်က ခန္ဓာကိုယ် တစ်ခုလုံးက အတွင်းအား ပို့လွှတ်နိုင်ပြီး ဗလာနယ်လက်ဝါး နည်းစနစ်ကတော့ လက်ဝါးကိုဘဲ ပို့လွှတ်နိုင်ပါတယ်။

ကြယ်(၃)ပွင့် လျို့ဝှက်နည်းစနစ်အပြင် နောက်ထပ် ဆန်းကြယ်အဆင့်မြင့် ဓားသိုင်း တစ်ခုကိုလည်း လီဖူချန်းက  ရွေးချယ်ခဲ့ပါသေးတယ်။

မိုးပြာရောင်ဂိုဏ်းရဲ့ သတ်မှတ်ချက် စည်းကမ်း အရဆိုရင် ဆန်းကြယ်အဆင့်မြင့် ဓားသိုင်းတွေကို  အစစ်အမှန် ပညာရပ်တွေအဖြစ် သတ်မှတ်လို့ မရပါဘူး။ ဆန်းကြယ် အထွတ်အထိပ်အဆင့် ဓားသိုင်းတွေကိုဘဲ အစစ်အမှန် ပညာရပ်တွေအဖြစ် သတ်မှတ်ထားပါတယ်။

ဟုတ်ပါတယ်။ ခင်ဗျား တွေးနေတဲ့ အတိုင်းပါဘဲ ... ။

ဆန်းကြယ် အဆင့်မြင့် ဓားသိုင်းတွေကို တွေ့ကရာ ပေါက်ပန်းလေးဆယ် လူတွေက လဲယူခွင့် မရှိပါဘူး။ တိုက်ရိုက် တပည့်တွေနဲ့ အတွင်းစည်း အကြီးအကဲတွေသာ ရွေးချယ် ရယူခွင့် ရှိတာပါ။ ချွင်းချက် အနေနဲ့ကတော့ ရှိကောင်း ရှိနိုင်ပါလိမ့်မယ်။

လီဖူချန်းက မိစ္ဆာနှင်ဓားသိုင်းဟု ခေါ်သည့် ဆန်းကြယ် အဆင့်မြင့် ဓားသိုင်းကို ရွေးချယ်ခဲ့ပါတယ်။

ဒီဓားသိုင်းက တစ်ကယ်ကို ကြောက်စရာ ကောင်းလောက်အောင် အစွမ်းထက်တဲ့ ဓားသိုင်းပါဘဲ။ တစ်ဖက်ကမ်းခတ်တဲ့အထိ တတ်မြောက်သွားခဲ့မယ်ဆိုရင်  မိစ္ဆာတွေ ၊ တစ္ဆေသရဲတွေကိုတောင် သတ်ဖြတ်နိုင်စွမ်း ရှိတယ်လေ။

လီဖူချန်းက မိစ္ဆာနှင် ဓားဆန္ဒကိုတော့ အချိန်တိုတို အတွင်းမှာ နားလည် အသုံးချနိုင်မယ်လို့ မထင်ထားခဲ့ပါဘူး။ သူ့ရဲ့ အပြာနုရောင် စိတ်ဝိညာဉ်က ထိုးထွင်း သိမြင်နိုင်မှု ဘယ်လောက်ပင် ကောင်းနေပါစေလေ။ သူ့ရဲ့ ကျင့်ကြံမှု နယ်ပယ်က အရမ်းကို အဆင့်နိမ့်နေသေးသည် မဟုတ်ပါလား။

လီဖူချန်းက ဒီဓားသိုင်းကို ရေရှည်အတွက် စဉ်းစားပြီး ရွေးယူထားတာပါ။ သူ့ရဲ့ အပြင်လောက အတွေ့အကြုံ ခရီးစဉ်ကနေ ဘယ်အချိန်မှ ပြန်လာနိုင်မလဲ ဆိုတာကို  သူကိုယ်တိုင်လည်း မသိနိုင်သေးပါဘူးလေ။ သူမျှော်လင့်ထားတာကတော့ အဲဒီ ခရီးစဉ်မှာ မိစ္ဆာနှင် ဓားဆန္ဒကို နားလည် သဘောပေါက်ပါစေပေါ့။

လီဖူချန်းက သူ့ရဲ့ ခရီးစဉ်ကို စဖို့အတွက် လိုအပ်တာ လေးတွေကို အသေးစိတ် စီစဉ်နေပါတယ်။ သူ့အနေနဲ့ အရမ်းကြီး လောလိုက်လို့လဲ မရပါဘူး။ ပထမဦးဆုံးအနေနဲ့ သူ့ရဲ့ ဗလာနယ် လက်ဝါးကို အောင်မြင်အောင် လေ့ကျင့်ဖို့ လိုအပ်နေသေးသည် မဟုတ်ပါလား။

လီဖူချန်းက ဗလာနယ်လက်ဝါးကို ပိုပြီး နက်နက်ရှိုင်းရှိုင်း နားလည်လာလေလေ သူ့ရဲ့ အစွမ်းသတ္တိတွေကို ပိုပြီး အံ့သြလာလေလေပါဘဲ။ ဒီဗလာနယ်လက်ဝါး လျှို့ဝှက်နည်းစနစ်က မီးနဂါး လျို့ဝှက်နည်း စနစ်ထက်ကို လုံးဝ မနိမ့်ကျပါဘူး။

မီးနဂါးလျှို့ဝှက် နည်းစနစ်လိုတော့ ခန္ဓာကိုယ် တစ်ခုလုံးမှာ  အသုံးမချ နိုင်ပေမယ့် ဒီဗလာနယ်လက်ဝါးက အသုံးပြုသူရဲ့ လက်တွေကို အင်မတန်မှ မာကျော သွားစေပါတယ်။ ပြီးပြည့်စုံခြင်း အဆင့်မှာတောင်မှ လီဖူချန်းရဲ့ လက်တွေက အဝါရောင် အထွတ်အထိပ်အဆင့် လက်နက်တွေနှင့် ယှဉ်လို့ ရနေပါပြီ။

ဗလာနယ်လက်ဝါး လျှို့ဝှက်နည်းစနစ်ကတော့ အဆင့်(၂)ဆင့်ဘဲ ရှိပါတယ်။ ပထမအဆင့်ကို အောင်မြင်သွားရင်တော့ လေ့ကျင့်သူရဲ့ လက်ဖဝါးက ပန်းနုရောင် တောက်ပနေမှာပါ။

ဒုတိယအဆင့်ကို လေ့ကျင့်နေတုန်းမှာတော့  လေ့ကျင့်သူရဲ့ လက်ဝါးက အဝါရောင်ဖျော့ဖျော့ ဖြစ်နေမှာပါဘဲ။

ဒုတိယအဆင့်ကို အောင်မြင်ပြီးသွားမှသာ  ပုံမှန်လက်ဖဝါး အရောင်အတိုင်း ပြန်လည် ပြောင်းလဲသွားမည်လို့ နည်းစနစ်ကို တီထွင်ခဲ့သူက ရှင်းပြထားခဲ့ပါတယ်။

သူ့ရဲ့ ပန်းနုရောင် လက်တွေကို ငုံ့ကြည့်လိုက်ရင်း လီဖူချန်းက ရယ်ရမလို ငိုရမလို ခံစားနေရပါပြီ။

သူ့ရဲ့လက်တွေက မိန်းမပျိုလေးတွေ ထက်တောင် နူးညံ့ပြီး ချောမွတ်နေတယ်လေ။ ဒါကြီးကိုသာ တစ်ယောက်ယောက် သိသွားလို့ကတော့ ဘယ်လောက်တောင် အရှက်ကွဲလိုက်မလဲ ဆိုတာကို တွေးတောင် မကြည့်ရဲတော့ပါဘူး။

တော်သေးတာ တစ်ခုက သူ့ရဲ့လက်တွေက မိန်းမပျိုလေးတွေရဲ့ လက်တွေလို ပျော့ပြောင်း မနေတာပါဘဲ။ သူ့ရဲ့လက်တွေက အရင်ကထက်တောင် ပိုပြီး သန်မာလာပါတယ်။ ကျောက်စိမ်းတုံး တစ်တုံးကနေ ထွင်းထုထားတယ်လို့ ထင်ရအောင် ချောမွတ်နေတဲ့  လက်တစ်စုံက  သူဖမ်းချုပ်လိုက်တဲ့ အရာမှန်သမျှကို လွှတ်ထွက် မသွားအောင် မြဲမြံစွာ ဆုပ်ကိုင်ထားနိုင်ဆဲပါဘဲ။

ဖတ် ...

အတွင်းအားကိုတောင် မသုံးဘဲနဲ့ လီဖူချန်းက သူ့ရဲ့ ညာဘက်လက်ကို  အဝါရောင် အလယ်အလတ် သတ္တုရိုင်းတုံးကြီးဆီသို့ ရိုက်ချလိုက်ပါတယ်။

ဖတ် ... ဖတ်…ဖတ် ...

သူ့ရဲ့ လက်နှစ်ဖက်စလုံးကို အဆက်မပြတ် ရိုက်ချလိုက်တဲ့ အခါမှာတော့  အဝါရောင် အလယ်အလတ် သတ္တုရိုင်းတုံးကြီးဟာ ပိန်ရှုံ့တွသွားပြီး ပျားအုံတစ်ခု သာသာမျှ ဖြစ်သွားခဲ့ပါပြီ။

' ဒါကြီးက လက်ကိုအထူးပြုတဲ့ ခန္ဓာကိုယ် သန့်စင်နည်းဘဲ မဟုတ်လား ... '

လီဖူချန်းက သူ့ဟာသူ တွေးနေမိပါတယ်။

နောက်ထပ် ရက်အနည်းငယ် အကြာမှာတော့ လီဖူချန်းရဲ့ လက်တွေက အဝါရောင် ဖျော့ဖျော့ကို ပြောင်းသွားခဲ့ပါပြီ။

သူ့ရဲ့  အဝါရောင် လက်ဝါးက  အေးစက်တဲ့ အငွေ့အသက်တွေ ထွက်နေတဲ့အပြင်  အလွန်ပြင်းထန်တဲ့ ရက်စက်ခြင်း အငွေ့အသက်တွေပါ ရောနှောပါဝင် နေပါသေးတယ်။

ကြည့်ရတာတော့ ဒီလက်အစုံက လူတစ်ယောက်ရဲ့ အသက်ကို အချိန်မရွေး နုတ်ယူသွားနိုင်မည့် ပုံပါဘဲ။

လီဖူချန်းက သူ့ရဲ့ ထူးခြားတဲ့ လက်အစုံကို သေသေချာချာကို ပိုင်းခြား စိတ်ဖြာနေပါတယ်။

ဗလာနယ်လက်ဝါး လျို့ဝှက်နည်းစနစ်ရဲ့ ဒုတိယအဆင့်ကို ရောက်အပြီးမှာတော့ ထူးဆန်းတဲ့ ဆေးမှင်ကြောင်တွေက လီဖူချန်းရဲ့ လက်ပေါ်မှာ ပေါ်လာခဲ့ပါပြီ။

“ဒီလျို့ဝှက် နည်းစနစ်က ငါထင်ထားတာထက်ကို ပိုပြီး လျှို့ဝှက် ဆန်းကြယ်နေတာဘဲ။”

လျှို့ဝှက်နည်းစနစ် ဆိုတာကလည်း သိုင်းပညာရပ် အမျိုးအစားခွဲ တစ်ခုပါဘဲလေ။ ဒါပေမဲ့ ဒီပညာရပ်တွေက အခြား သိုင်းပညာရပ်တွေနဲ့ အတော်လေး ကွဲပြား ခြားနားပါတယ်။

သိုင်းပညာရပ်တွေရဲ့ နောက်ဆုံးပန်းတိုင်က ပညာရပ် ဆန္ဒတွေကို နားလည်အသုံးပြု နိုင်ဖို့ပါ။

လျှို့ဝှက် နည်းစနစ်တွေကတော့ အဲဒီလို မဟုတ်ပါဘူး။  လျှို့ဝှက်နည်းစနစ်တွေက သတ္တလောကကြီး တစ်ခုလုံးရဲ့ လျှို့ဝှက်ချက်တွေကို နားလည်အောင် ရှာဖွေရတာပါ။

ဒီပညာရပ် အမျိုးအစားနှစ်ခုရဲ့ လားရာက လုံးဝကို ကွဲပြားခြားနား လွန်းပါတယ်လေ။

တစ်ခုက  ဖန်တီးရတာဖြစ်ပြီး နောက်တစ်ခုက ဖုံးကွယ်ထားတာတွေကို ရှာဖွေရတာ ဖြစ်ပါတယ်။

“ငါ့ရဲ့စွန့်စားခန်းဖွင့်ဖို့ အချိန်တန်ပြီ"

ဗလာနယ် လက်ဝါးရဲ့ ဒုတိယအဆင့်ကို အောင်မြင်ဖို့က ထင်သလောက် မလွယ်ကူတာကို သဘောပေါက်ပြီး နောက်မှာတော့ လီဖူချန်းက ထပ်ပြီး အချိန်မဖြုန်း လိုတော့ပါဘူး။စွန့်စားခန်းတွေ ဖွင့်နေရင်းနဲ့လည်း  လေ့ကျင့်လို့ ရနေတာဘဲ မဟုတ်ပါလား။

တစ်ခါတရံမှာတော့  ထိုးထွင်းသိမြင်မှုက အရာရာ ကို အောင်မြင်နိုင်တာ မဟုတ်ပါဘူးလေ။ အချို့သော အရာတွေက အချိန်နှင့် အတွေ့အကြုံ ကို လိုအပ်ပါသေးသည်။

***

“မင်းက အပြင်လောကကို ထွက်ပြီး လေ့ကျင့်ချင်တာလား ...”

ဇောင်ဝူကျင်းက အံ့သြစွာဖြင့် မေးလိုက်ပါတယ်။

လီဖူချန်းက ခေါင်းညိတ်လိုက်ပြီး

“ဟုတ်ပါတယ် ... အကြီးအကဲခေါင်ချုပ်”

“မင်းအရမ်းကို လောလွန်းနေတယ်လို့ မထင်ဘူးလား… လီဖူချန်း ... ။ မင်းက အခုမှ မြေကမ္ဘာအဆင့်(၂)ဘဲ ရှိနေသေးတာလေ။ မြေကမ္ဘာနယ်ပယ် အဆင့်(၆)ကို ရောက်ပြီးမှ အပြင်လောကကို သွားတာက ပိုပြီး ကောင်းလိမ့်မယ်လို့ ငါထင်တယ်။  ငါ့အမြင် ပြောရမယ်ဆိုရင် နောက်ထပ်နှစ် အနည်းငယ်လောက်တော့ လေ့ကျင့်နေသင့်သေးတယ်”

ဇောင်ဝူကျင်းက လီဖူချန်းကို ဖြောင်းဖျဖို့ ကြိုးစား နေပါတယ်။

အပြင်ဘက်လောကကို ထွက်ပြီး လေ့ကျင့်တယ်ဆိုတာက အင်မတန်မှ အန္တရာယ်များတဲ့ အရာတစ်ခုပါ။ အပြင်လောကကို ထွက်ပြီး လေ့ကျင့်တဲ့ တိုက်ရိုက်တပည့် (၁၀)ယောက်ရှိရင် တစ်ယောက်၊နှစ်ယောက်လောက် ကတော့ အမြဲ သေသွားကြတာပါဘဲ။

အပြင်လောကကြီးကို ထွက်ပြီး စွန့်စားခန်း ဖွင့်တဲ့သူတွေက လုံလောက်တဲ့ စွမ်းဆောင်ရည် ရှိရဦးမည့်အပြင် ကံကောင်းဖို့လည်း လိုအပ်ပါသေးသည်လေ။ မတော်တစ်ဆ ကံများ ဆိုးခဲ့မယ်ဆိုရင် ခရီးအစမှာဘဲ ကောင်းကင်နယ်ပယ် ပညာရှင်တွေနှင့် တွေ့ပြီး ဇာတ်လမ်း ပြတ်သွားနိုင်ပါတယ်။

လီဖူချန်းက စိတ်ပိုင်းဖြတ်ပြီးဟန်ဖြင့်”ကျွန်တော်က ဒီထက်ပိုပြီး လျင်လျင်မြန်မြန်နဲ့ အစွမ်းထက်ချင်တယ်။ မိုးပြာရောင်ဂိုဏ်း နယ်နိမိတ်က ကျွန်တော့်ကို  စိတ်ကျေနပ်မှု မပေးစွမ်း နိုင်တော့ဘူး”

“ပိုပြီး လျင်လျင်မြန်မြန် အစွမ်းထက် လာချင်တာလား ...”

ဇောင်ဝူကျင်းက ခေါင်းကိုသာ ခါယမ်း နေလိုက်ပါတယ်။

'မင်းဘကြီးကို  အစွမ်းထက် ချင်တာလား။ မိုးပြာရောင်ဂိုဏ်း နယ်နိမိတ်က မင်းကို စိတ်ကျေနပ်မှု မပေးစွမ်းနိုင်တော့ဘူး ဆိုတာကို မင်းအဖေက မှာလိုက်တာလား။ အသက်မရှိတော့တဲ့ လူက ဘယ်လိုလုပ်ပြီး အစွမ်းထက် လာဦးမှာလဲ။'

ဇောင်ဝူကျင်းက လီဖူချန်းကို စိတ်ထဲကနေ ဆဲရေး တိုင်းထွာလိုက်ပါတယ်။

ရွှေအဆင့်တိုက်ရိုက် တပည့်တွေကတော့ အမြဲတမ်း ဒီလိုတွေချည်းပါဘဲ။ သည်ကောင်တွေရဲ့ စိတ်ထဲမှာ ဘာတ ွေတွေးနေသလဲ ဆိုတာကို ဘယ်သူမှ နားလည်နိုင်မယ် မထင်ပါဘူးလေ။

ဒီကောင်တွေက  အရှေ့ကို ဆက်လျှောက်မယ်လို့ ဆုံးဖြတ်ပြီးသွားပြီဆိုရင်  မြင်းဆယ်ကောင်နဲ့ ပြန်ဆွဲထားရင်တောင် အနောက်ကို ပြန်ပါလာတော့မှာ မဟုတ်ပါဘူး။ အကြီးအကဲတွေကလည်း ရွှေအဆင့် တိုက်ရိုက် တပည့်တွေကြောင့် အမြဲတစေ ဆိုသလို ခေါင်းကိုက် နေရဆဲပါဘဲ။

ရွှေအဆင့် တိုက်ရိုက် တပည့်တွေထဲမှာတော့ ဓားအရူးသူတော် တစ်ယောက်သာ အဆင်ပြေပါတယ်။

ဓားအရူး သူတော်က သူ့ခြံဝင်းထဲကကို ထွက်မလာဘဲ ဓားသိုင်းကိုသာ အပတ်တကုပ် လေ့ကျင့်နေတတ်သည်လေ။ သူက အပြင်လောကကို ထွက်ဖို့ မပြောနှင့်။ ဂိုဏ်းတော်ထဲကိုတောင် မလာပါဘူး။ သူ့ရဲ့ ဓားကမ္ဘာလေး ထဲမှာသာ ပျော်မွေ့နေတာပါ။

ဇောင်ဝူကျင်းက ရွှေအဆင့် တပည့်တွေကိုသာ အပြစ်တင်နေတာပါ။ သူကိုယ်တိုင်ကလည်း ငယ်ရွယ်စဉ် အချိန်တုန်းက ရွှေအဆင့် တိုက်ရိုက် တပည့်တစ်ယောက်ပါဘဲ။ သူ့တုန်းကဆိုရင် လီဖူချန်းထက်တောင် ဆိုးသေးသည်ဆိုတာ ကိုတော့ မေ့ပစ်လိုက်ပုံ ရပါတယ်။

နောက်ဆုံးမှာတော့ ဇောင်ဝူကျင်းက သက်ပြင်းတစ်ချက် ချလိုက်ပြီး

“မင်းစိတ်က ဆုံးဖြတ်ပြီးသွားပြီ ဆိုရင်တော့လည်း ငါမတားတော့ပါဘူးကွာ။  ရော့  ... ဒီနတ်ဆိုး သတ်မြှားသုံးစင်းနဲ့  လေး ကို ယူသွားလိုက်။ ဒါတွေက ငါကိုယ်တိုင် ပြုလုပ်ထားတဲ့ လက်နက်တွေဘဲ။ ဒါက မင်းကို ကာကွယ်ပေးနိုင်မယ်လို့ ငါမျှော်လင့်ပါတယ်။  မင်းဘယ်လိုမှ မနိုင်တော့တဲ့ ရန်သူတွေနဲ့ ကြုံလာခဲ့ရင်သာ ဒီမြားတွေကို ထုတ်သုံးဖို့ မမေ့နဲ့။”

“နတ်ဆိုးသတ်မြားလား"

လီဖူချန်းက  အလျား တစ်မီတာလောက် ရှည်ပြီး  အနံ ထမင်းစားတူမျှ ရှိသည့် မြားသုံးစင်းကို လက်ခံရယူလိုက်ပါတယ်။

ဒီမြားတွေရဲ့ ကိုယ်ထည်ကိုတော့  ဆန်းကြယ် အလယ်အလတ် နက်ရွှေမှော် သတ္တုရိုင်းနဲ့ ပြုလုပ်ထားတာပါ။ မြားရဲ့ ဦးခေါင်းပိုင်းကိုတော့ အနက်ရောင် မှော်သလင်းကျောက်နဲ့ တန်ဆာဆင်ထားပြီး အလွန်အမင်းကို အန္တရာယ် ရှိသည့်ဟန် ပေါ်ပါတယ်။

ဇောင်ဝူကျင်းက ဂုဏ်ယူသည့် လေသံဖြင့် “ဒီမြားတွေရဲ့ ကိုယ်ထည်ကတော့ သာမန် နက်ရွှေသတ္တုရိုင်းဘဲ။ ဒါပေမဲ့ မြားခေါင်းပိုင်းက သလင်းကျောက်ကို မိစ္ဆာသတ် သလင်းကျောက်လို့ ခေါ်တယ်။ ဒီသလင်းကျောက်တွေကို ရွှေပြား တစ်သိန်းပေးပြီးတော့ ဝယ်လို့တောင် မရနိုင်ဘူး။ ဒီသလင်းကျောက်တွေက  ချီအကာအကွယ်တွေကို ဖျက်ဆီးနိုင်စွမ်း ရှိတယ်။မင်း မယုံရင် စမ်းကြည့်လေ ...”

ဇောင်ဝူကျင်းရဲ့ ရှင်းပြမှုကို နားထောင် အပြီးမှာတော့ လီဖူချန်း အစစ်အမှန် ငရဲမီး အတွင်းအားကို အသုံးပြုပြီး ချီအကာအကွယ် တစ်ခုကို ဖန်တီး လိုက်ပါတယ်။ ထို့နောက်မှာတော့ သူ့ရဲ့ ညာဘက်လက်နဲ့ မိစ္ဆာသတ်မြားကို လှမ်းယူပြီး သူ့ရဲ့ ခန္ဓာကိုယ်ကို ထိုးစိုက်လိုက်ပါပြီ။

မိစ္ဆာသတ်မြားက သူ့ရဲ့ ချီအကာအကွယ်ကို အလွယ်တကူဘဲ ကျော်ဖြတ် သွားခဲ့ပါတယ်။

“ကြောက်စရာ ကောင်းလှချည်လား"

လီဖူချန်းက မျက်လုံး အပြူးသားဖြင့် မိစ္ဆာသတ်မြားကို ကြောင်ကြည့် နေမိပါတယ်။

တစ်ကယ်လို့သာ တစ်စုံတစ်ယောက်က ဒီမိစ္ဆာသတ်မြားကို အသုံးပြုပြီး တိုက်ခိုက်ခဲ့မယ်ဆိုရင် လီဖူချန်း တစ်ယောက် ဘာမှတတ်နိုင်တော့မှာ မဟုတ်ပါဘူး။ မြားတစ်စင်းတည်းနဲ့ သေသွားနိုင်ပါတယ်။

ဒါပေမဲ့ အဲဒီမြားက သူ့ကို ထိဖို့တော့ အရင်ဆုံး လိုအပ်တာပေါ့လေ။

“ကျေးဇူးတင်ပါတယ် ... အကြီးအကဲဇောင် ...”

လီဖူချန်းက ရိုသေစွာဖြင့် အရိုအသေ ပေးလိုက်ပါတယ်။

ဇောင်ဝူကျင်းက လက်ကာပြလိုက်ပြီး

“ပြန်လာမှ ကျေးဇူးတင်တော့ ...”

သည် မိစ္ဆာသတ်မြား သုံးစင်းက လီဖူချန်း အတွက်တော့ အသက်ကယ်ဆေး ပါဘဲလေ။

တိုက်ရိုက်တပည့် ခန်းမထဲက ထွက်လာပြီး နောက်မှာတော့ လီဖူချန်းက အရင်းအမြစ် ဌာနကို ဦးတည် သွားပါတော့တယ်။ သူက အရင်းအမြစ်ဌာနမှာ ထောက်ပံ့ရေးရမှတ် (၂)သန်းဖိုးလောက် ပစ္စည်းတွေ ဝယ်ယူ လိုက်ပါသေးတယ်။

နောက်တစ်နေ့ မနက်မှာတော့ လီဖူချန်းက မားရှန်မြင်းကို စီးပြီး မိုးပြာရောင် ဂိုဏ်းကနေ ထွက်သွားခဲ့ပါပြီ။

ဇောင်ဝူကျင်းကတော့ လီဖူချန်းကို စိတ်မချတဲ့အတွက် ကောင်းကင်ပေါ်ကနေ တိတ်တဆိတ် လိုက်ပါ စောင့်ရှောက် နေပါသေးတယ်။ နှစ်ပတ်လောက် အကြာအထိ လိုက်ပါ စောင့်ရှောက် အပြီးမှာတော့ လီဖူချန်းက မိုးပြာရောင်ဂိုဏ်းရဲ့ နယ်နိမိတ်ထဲကနေ ထွက်သွား ခဲ့ပါပြီလေ။ ဇောင်ဝူကျင်း ကလည်း အဲဒီအချိန်မှ မိုးပြာရောင်ဂိုဏ်းကို  ပြန်လာခဲ့ပါတော့တယ်။

***

All Chapters