ပါရမီရှင်တွေ မှိုလိုပေါတဲ့မြေ
Vol. 14 Ch. 195
ဝိညာဉ်ကဝေ နယ်မြေ…
သည်နယ်မြေ ကိုတော့ ဝိညာဉ် ကဝေဂိုဏ်းက ထိန်းချုပ် ထားပါတယ်။
တစ်ကယ်လို့ လီဖူချန်းက တိုက်ပွဲတစ်ရာ နယ်မြေကို သွားချင်တယ် ဆိုရင် ပထမဆုံး ဖြတ်ကျော်ရမှာ ကတော့ ဝိညာဉ်ကဝေ နယ်မြေပါဘဲ။
မလိုလားအပ်တဲ့ ပြဿနာတွေကို ရှောင်ရှားဖို့ အတွက် လီဖူချန်းက အသက်၃၀ကျော် လူရွယ်တစ်ယောက် ပုံစံ ရုပ်ဖျက်ထား လိုက်ပါတယ်။ အတော်လေး ရည်မွန်ပြီး ခန့်ညားတဲ့ လူရွယ် တစ်ယောက် အဖြစ်ပေါ့။
အနက်ရောင်လ မြို့ဟာ ဝိညာဉ် ကဝေဂိုဏ်း အုပ်စိုးတဲ့ နယ်မြေမှာတော့ အဓိက မြို့ကြီးတစ်မြို့ ဖြစ်ပါတယ်။
သည်မြို့ရဲ့ လူဦးရေက သန်းနဲ့ချီပြီး ရှိပါတယ်။ မြို့ရဲ့ အကျယ်အဝန်း ကလည်း ယုံဝူးမြို့ရဲ့ ၁၀ဆလောက်ကို ကျယ်ဝန်း တယ်လေ။ မြို့တော်ရဲ့ အဝင်တံခါး ပေါက်ကလည်း မြင်း၁၆ကောင်လောက် ဘေးချင်းယှဉ်ပြီး ဝင်လို့ရတဲ့ အနေအထားပါဘဲ။
အနက်ရောင်လ မြို့တော်မှာ ခရီး တစ်ထောက် နားပြီး နောက်တစ်ရက်မှာတော့ လီဖူချန်းက သူ့ရဲ့ ခရီးကို ဆက်ခဲ့ပြန်ပါပြီ။
***
ပိန်းတိတ်အောင် မှောင်မိုက်နေတဲ့ ညအလယ် မှာတော့ ဆန်းသစ်ဆ လကလေးဟာ ခပ်မှိန်မှိန်လေး အလင်းပေး နေပြန်ရော့ထင့်…။ ကောင်းကင် အလယ်မှာ တစ်ကိုယ်တည်း အထီးကျန်နေတဲ့ လရောင် အောက်မှာတော့ ခရီးသွား တစ်ယောက်ဟာ သူ့ရဲမြင်းကို ဆွဲပြီး ခရီးနှင် နေပါတယ်။
အချိန် အတော်ကြာ ခရီးနှင်ပြီး နောက်မှာတော့ ထိုခရီးသွားက အနားယူဖို့ လိုအပ်လာသည့် ပုံပါပဲ။
ခရီးသွားက ပြန့်ပြူးတဲ့ ကွင်းပြင်ကြီး တစ်ခုမှာ စတည်းချဖို့ အတွက် မီးပုံတစ်ခုကို ခပ်မြန်မြန် မွှေးလိုက်ပါတယ်။
မီးပုံက အတော်လေး အားကောင်းလာသည့် နောက်မှာတော့ ထိုသူက သူ့ရဲ့ဓားကို ဆွဲပြီး ဓားသိုင်း လေ့ကျင့်နေ ပြန်ပါတယ်။ ထိုခရီးသွား ကတော့ ဇာတ်လိုက် ကျော်ကြီး လီဖူချန်းပါပဲ။
ရက်ပေါင်းများစွာ တစ်ကိုယ်တည်း ခရီးသွားပြီး နောက်မှာတော့ လီဖူချန်းက အတော်လေး အတွေ့အကြုံ ရှိလာပါပြီ။ သူက ဘယ်အချိန်မှာ အနားယူပြီး ဘယ်အချိန်မှာ လေ့ကျင့်ရမလဲ ဆိုတာကို ကောင်းကောင်းကြီး သိလာပါပြီ။
မတစ်ထောင် တစ်ကောင်ဖွား ဆိုသည့် ပါရမီရှင် တွေကလည်း အခုလို တစ်သီး တစ်သန့်နဲ့ အထီးကျန်စွာ နေတတ် ကြသည် မဟုတ်ပါလား။
အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ လီဖူချန်းက မွေးရာပါ ပါရမီရှင် တစ်ယောက် မဟုတ်ခဲ့ပါဘူး။ သူက ဒီအတိုင်း သာမန် ကောင်လေး တစ်ယောက်ပါပဲ။
ဒါပေမဲ့ ရွှေရောင်လက်ဖွဲ့ အဆောင်က သူ့ရဲ့ ခန္ဓာကိုယ်ထဲကို ဝင်ရောက် သွားခဲ့တဲ့ အချိန်ကစပြီး သူ့ဘဝ ကံကြမ္မာဟာ အပြောင်းလဲကြီး ပြောင်းလဲသွား ပါတော့တယ်။
ကံလမ်းကြောင်း ပေါ်က ဓားသမားဆိုတာ လီဖူချန်းလို လူမျိုးကိုပဲ ဆိုလိုတာ ဖြစ်ပါမည်။
သူ့ရဲ့ ကံလမ်းကြောင်းက ဘယ်ထိဘယ်ရွေ့ သွားနေနိုင်ဦးမည် ဆိုတာကိုတော့ လီဖူချန်း ကိုယ်တိုင်လည်း မခန့်မှန်း နိုင်ပါဘူး။
ရွှေရောင်လက်ဖွဲ့အဆောင်က ဘယ်အထိ သူ့ကို ခေါ်ဆောင်သွားနိုင်မလည်း ဆိုတာကိုလည်း သူကိုယ်တိုင်တောင် မသိပါဘူးလေ။
ဒီအကြောင်းတွေက သိပ်လည်း အရေးမကြီးပါဘူး။
သူကိုယ်တိုင် အစွမ်းထက်နေ သရွေ့တော့ အရာအားလုံးက အဆင်ပြေ နေသည်ပဲ မဟုတ်ပါလား…။
အဲနေ့ ညမှာတော့ ကြယ်တွေက အတော်လေးကို ကြွေနေခဲ့တာပါပဲ။ ကောင်းကင်ပြင် တစ်ခုလုံးမှာ ကြယ်မိုးတွေ ရွာသွန်း နေသလိုတောင် ခံစားနေရ ပါသေးသည်။
***
ဝိညာဉ်ကဝေ နယ်မြေကို ကျော်လွန်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းက နက္ခတ်တာရာဂိုဏ်း အုပ်စိုးသည့် နယ်မြေကို ရောက်ရှိ လာခဲ့ပါပြီ။
နက္ခတ်တာရာဂိုဏ်းက အတော်လေးကို အစွမ်းထက်တဲ့ ဂိုဏ်းတစ်ခုပါ။ လွန်ခဲ့သည့် နှစ်ပေါင်း များစွာတုန်းက ရတနာ ပစ္စည်း တစ်ခုအတွက် ဝိညာဉ်ကဝေ ဂိုဏ်းနဲ့ ကောင်းကင်နတ်ဆိုး ဂိုဏ်းတို့ ပူးပေါင်းပြီး နက္ခတ်တာရာ ဂိုဏ်းကို စစ်ကြေညာ ခဲ့ဖူးပါတယ်။ ဒါပေမဲ့ နောက်ဆုံး ရလဒ်ကတော့ ဝိညာဉ်ကဝေ ဂိုဏ်းနဲ့ ကောင်းကင်နတ်ဆိုး ဂိုဏ်းတို့ အကြီးအကျယ် စစ်ရှုံး ခဲ့တာပါဘဲ။
ကြားဝင် စေ့စပ်ပေးတဲ့ သူတွေသာ မရှိခဲ့ရင် နက္ခတ်တာရာ ဂိုဏ်းရဲ့ လက်ချက်ကြောင့် ထိုဂိုဏ်း နှစ်ခုလုံး ရစရာကို ရှိတော့မှာ မဟုတ်ပါဘူး။
အရှေ့ယူနီကွန်း တိုက်ကြီးမှာတော့ ဂိုဏ်းတွေက အများအပြား ရှိကြတယ်လေ။
တစ်ဂိုဏ်းနဲ့ တစ်ဂိုဏ်းကလည်း အမြဲတမ်း ဟာကွက်တွေကို ကျားချောင်းသလို ချောင်းနေ ကြတာပါ။ နက္ခတ်တာရာ ဂိုဏ်းက နောက်ကြောင်းကို စိတ်မချတဲ့ အတွက် ထိုဂိုဏ်း နှစ်ဂိုဏ်းကို လျှော်ပေး လိုက်သည့် ပုံပါပဲ။
ဘာမဟုတ်သည့် ကိစ္စလေး တစ်ခုအတွက်နဲ့ နက္ခတ်တာရာ ဂိုဏ်းက သူတို့ရဲ့ အင်အား အစစ်အမှန်ကို အခြားဂိုဏ်းတွေ သိအောင် မပြဖို့ ဆုံးဖြတ် လိုက်တာကပဲ ဝိညာဉ်ကဝေ ဂိုဏ်းနဲ့ ကောင်းကင် နတ်ဆိုးဂိုဏ်းကို ယနေ့ အခြေအနေအထိ ရောက်လာစေ ခဲ့တာပါ။
အဲဒီတိုက်ပွဲ ဖြစ်ပြီးသွား ကတည်းက နက္ခတ်တာရာ ဂိုဏ်းဆိုတဲ့ နာမည်က အထူးပင် ကျော်ကြား လာခဲ့သည်လေ။ တော်ရုံတန်ရုံ ကိစ္စလေးနဲ့တော့ မည်သည့် ဂိုဏ်းကမျှ နက္ခတ်တာရာ ဂိုဏ်းကို ပြဿနာ မရှာရဲတော့ပါဘူး။ နက္ခတ်တာရာ ဂိုဏ်းသားတွေ ရှိသည့် နေရာတွေ ကိုတောင် ရှောင်ကွင်းပြီး သွားလာကြ ပါတော့တယ်။
နက္ခတ်တာရာ နယ်မြေကို အဖြတ်မှာတော့ လီဖူချန်းက နက္ခတ်တာရာ ဂိုဏ်းရဲ့ နာမည်ကျော် ပါရမီတကယ့် ပါရမီရှင် ၈ယောက်အကြောင်းကို နားနဲ့မဆန့်အောင် ကြားခဲ့ရတယ်လေ။
နက္ခတ်တာရာ ဂိုဏ်းမှာက ဂြိုဟ်ခုနစ်လုံးဟု အမည်တွင်သည့် လူငယ် ပါရမီရှင်၇ယောက် ရှိပါတယ်။ သူတို့ ၇ယောက်စလုံးရဲ့ ပါရမီတွေက ကျားဓားရှင်နဲ့ ဓားအရူး သူတော်အောက် မနိမ့်ကျပါဘူး။
ဂြိုဟ်ခုနစ်လုံးရဲ့ အထက်မှာတော့ နက္ခတ်တာရာ သခင်လေး ရှိနေပါတယ်။ နက္ခတ်တာရာ သခင်လေး ကတော့ ရန်ချင်းဟူလိုပဲ ကြယ်၆ပွင့် အရိုး တည်ဆောက်ပုံနဲ့ပါ။
ကြယ်၆ပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင်တွေရဲ့ ပါရမီနဲ့ အလားအလာက ရန်ချင်းဟူလို ငယ်ရွယ်သေးသည့် သူတွေမှာတော့ သိပ်ပြီး မပြသ သေးပါဘူး။
ဒါပေမဲ့ နက္ခတ်တာရာ သခင်လေး ကတော့ ဒီနှစ်ဆိုရင် ၂၁နှစ်ရှိနေပါပြီ။ သူက ရန်ချင်းဟူ ထက်ကို အသက်၅နှစ်လောက် ပိုကြီးပါတယ်။ ပြီးတော့ သူက မြေကမ္ဘာနယ်ပယ် အဆင့်၈က ပညာရှင်ပါ။
သူရဲ့ အစွမ်းအစက ကောင်းကင်နယ်ပယ် ပညာရှင်ကိုတောင် သတ်နိုင်တယ်လို့ ကောလာဟလတွေ ထွက်နေပါ သေးတယ်။ဒါပေမဲ့ ကောလာဟလ ဆိုတာ ကတော့ ကောလာဟလပါဘဲ။ နက္ခတ်တာရာ သခင်လေးမှာ အဲလောက် အစွမ်း ရှိမရှိ ဆိုတာကိုတော့ ဘယ်သူမှ သေချာ မသိနိုင် ပါဘူးလေ။
“နက္ခတ်တာရာ သခင်လေး … ဂြိုဟ်ခုနစ်လုံး…”
လီဖူချန်းက သက်ပြင်း တစ်ချက် ချလိုက်ပါတယ်။
ဒီကမ္ဘာပေါ်မှာတော့ ပါရမီရှင်တွေက ပေါများလွန်း လှပါသည်လေ။ သည်လို အပြိုင်အဆိုင်တွေ ဖြစ်နေမှလည်း စိတ်ဝင်စား စရာတွေ ဖြစ်လာမည် မဟုတ်ပါလား။
***
နက္ခတ်တာရာ နယ်မြေကို ကျော်လွန်ပြီး နောက်မှာတော့ လီဖူချန်းက တိုက်ပွဲဝိညာဉ် နယ်မြေကို ရောက်ရှိ လာခဲ့ပါတယ်။
တိုက်ပွဲဝိညာဉ် နယ်မြေကို အစိုးရတာ ကတော့ ဂိုဏ်း မဟုတ်ပါဘူး။ တုံလင်ဟု ခေါ်သည့် ကလန် တစ်ခုပါ။
တုံလင် ကလန်က သူ့နယ်မြေ တစ်ဝိုက်မှာတော့ လုံးဝကို အရှင်သခင် တွေပါပဲ။ နက္ခတ်တာရာ ဂိုဏ်းကိုတောင် တုံလင်ကလန်က ဖိအားပေး နိုင်ပါတယ်။ နက္ခတ်တာရာ ဂိုဏ်းက ဝိညာဉ်ကဝေ ဂိုဏ်းနဲ့ ကောင်းကင် နတ်ဆိုးဂိုဏ်းကို အင်အား အကုန်အစင် သုံးပြီး အပြတ် မရှင်းရတဲ့ အကြောင်း အရင်းက တုံလင် ကလန်ကြောင့်ပါ။
တုံလင် ကလန်မှာက မျိုးရိုးအမွေခံ အရိုး တည်ဆောက်ပုံ ရှိပါတယ်။
လူတွေ ပြောကြတာ ကတော့ တုံလင်ကလန်ကို တည်ထောင်ခဲ့တဲ့ ဘိုးဘေးကြီးက တိုက်ပွဲဝင် ဝိညာဉ်ဟု ခေါ်သည့် အရိုး တည်ဆောက်ပုံကို ပိုင်ဆိုင် ခဲ့တယ်တဲ့။ မည်သည့် အကြောင်းကြောင့်မှန်း မသိဘဲ ထိုအရိုး တည်ဆောက်ပုံက သူ့ရဲ့ မျိုးဆက်တွေအထိကို ပါခဲ့ပါတယ်။ အချို့ကတော့ အားနည်းသည့် တိုက်ပွဲဝင် ဝိညာဉ်ကို ပိုင်ဆိုင်ပြီး အချို့ကတော့ သန်မာသည့် တိုက်ပွဲဝင် ဝိညာဉ်ကို အမွေဆက်ခံ ခဲ့ကြတယ်လေ။
ကံကောင်းတာ တစ်ခုကတော့ နောက်လာတဲ့ မျိုးဆက်တွေက တုံလင် ကလန်ကို တည်ထောင်ခဲ့တဲ့ ဘိုးဘေးကြီးလောက် အစွမ်း မထက်တာပါပဲ။ မဟုတ်လို့ ကတော့ အရှေ့ ယူနီကွန်း တိုက်ကြီး တစ်ခုလုံးကို တုံလင်ကလန်က အုပ်စိုးပြီး နေလောက်ပါပြီ။
နက္ခတ်တာရာ ဂိုဏ်းနဲ့ ယှဉ်ရင်တော့ တုံလင ်ကလန်မှာက ထိပ်သီး ပါရမီရှင် လူငယ်တွေ ပိုများပြားတယ်။
နက္ခတ်တာရာ ဂိုဏ်းမှာက နက္ခတ်တာရာ သခင်လေးနဲ့ ဂြိုဟ်ခုနစ်လုံးပဲ ရှိတာပါ။
တုံလင် ကလန်မှာက တိုက်ပွဲဝိညာဉ် စစ်သည်တော် ၁၀ပါးတောင် ရှိပါတယ်။
တိုက်ပွဲဝိညာဉ် စစ်သည်တော် ၁၀ပါးစလုံးက ဓားအရူး သူတော်နဲ့ ကျားဓားရှင်တို့ကို တန်းတူလိုက်နေတဲ့ ပါရမီရှင်တွေပါ။ ခံစားချက်မဲ့ဓား ရှုဖန်းတောင်မှ သူတို့ကို လိုက်မှီဖို့ လိုပါသေးတယ်။
လီဖူချန်းက ဘာဖြစ်လို့ အခုလို ခန့်မှန်း နိုင်သလဲဆိုတော့ ရှုဖန်းရဲ့ အရိုး တည်ဆောက်ပုံကို ကောင်းကာင်းကြီး သိနေလို့ပါဘဲ။
တိုက်ပွဲဝိညာဉ် စစ်သည်တော် ၁၀ပါးထဲက အားအနည်းဆုံး သူတောင်မှ မြေကမ္ဘာ နယ်ပယ် အထွတ်အထိပ် ပညာရှင်တွေကို အလွယ်တကူ သတ်ပစ်နိုင်စွမ်း ရှိပါတယ်။
ဒါပေမဲ့ ဒါကတော့ ခန့်မှန်းချက် သက်သက်ပါဘဲ။ ဘယ်သူက ပိုပြီး အစွမ်းထက်သလ ဲဆိုတာကိုတော့ လက်တွေ့ တိုက်ခိုက်မှပဲ သိနိုင်မှာပါ။
“လောကကြီးက တစ်ကယ်ကို ကျယ်ပြော လှတာပဲ။ ဂိုဏ်းတိုင်း ဂိုဏ်းတိုင်း မှာလည်း ထိပ်တန်း ပါရမီရှင် လူငယ်တွေကို ပိုင်ဆိုင်ထားတယ်။ သည်အရှေ့ ယူနီကွန်း တိုက်ကြီး တစ်ခုလုံးမှာ ဆိုရင် အစွမ်းထက်တဲ့ ပါရမီရှင် လူငယ်တွေ ဘယ်လောက်တောင် ပေါများလိုက်မလဲ”
တုံလင် ကလန်ရဲ့ နယ်မြေကို ကျော်အပြီးမှာတော့ လီဖူချန်းက တိုက်ပွဲတစ်ရာ နယ်မြေထဲကို ရောက်လာခဲ့ပါပြီ။
တိုက်ပွဲတစ်ရာ စစ်မြေပြင် ကတော့ တိုက်ပွဲတစ်ရာ နယ်မြေရဲ့ အစွန်အဖျားမှာ တည်ရှိပါတယ်။
တစ်ချိန်တုန်း ကတော့ ဒီစစ်မြေပြင်ဟာ တကယ့် မဟာ ပညာရှင်တွေရဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့တာပါ။
အဲဒီ မဟာ ပညာရှင်တွေက မည်မျှအထိ အစွမ်း ထက်သလဲ ဆိုတာကိုတော့ ဘယ်သူမှလည်း တိတိကျကျ မပြောနိုင်ပါဘူး။ ဒါပေမဲ့ တိုက်ပွဲတစ်ရာ စစ်မြေပြင်မှာ ကျန်နေခဲ့တဲ့ အပျက် အစီးတွေ ၊ လက်နက် အကျိုးအပဲ့တွေ ၊ စစ်ဘေး ဒဏ်ကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲ အရာတွေ ကတော့ တိုက်ပွဲ ဘယ်လောက် အထိ ပြင်းထန်ခဲ့သလဲ ဆိုတာကို ပြသနေ ပါတယ်လေ။
အခုကတော့ တိုက်ပွဲတစ်ရာ စစ်မြေပြင်က အရမ်းကို အန္တရာယ်များတဲ့ နေရာတစ်ခု ဖြစ်လာခဲ့ပါပြီ။ အချို့ နေရာတွေဆိုရင် ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေ ကိုတောင် အကျပ်အတည်း ကျရောက် စေသည်အထိ အန္တရာယ် များလွန်းပါတယ်။
တော်သေးတာ တစ်ခုက တိုက်ပွဲတစ်ရာ စစ်မြေပြင် ရဲ့ အဓိက နေရာတော်တော် များများကို အန္တရာယ် ကင်းတယ်လို့ သတ်မှတ်ထား လို့ပါဘဲ။
လီဖူချန်းက မားရှန်မြင်းကို အသားကျစီးပြီး မြက်ခင်းလွင်ပြင် တစ်ခုကို ဖြတ်သန်း နေပါတယ်။
“ဟီးဟီးဟီးဟီး…”
မားရှန်မြင်းက ပုံမှန် မဟုတ်ဘဲ ကဆုန်ပေါက်ပြီး ဟီလိုက်တဲ့ အတွက် လီဖူချန်းက အလျင်မြန် လေထဲကို ခုန်ထွက် လိုက်ပါတယ်။
ရွှစ်…
သွေးမိုးတွေ ရွာကျ လာပါပြီ။
မားရှန်မြင်း ကတော့ အဖြူရောင် အရိုးစု လက်ဝါးကြီး တစ်ခုရဲ့ အရှင်လတ်လတ် ဆုတ်ဖြဲခြင်းကို ခံလိုက်ရပါတယ်။
“အဖြူရောင် အရိုးစု လက်ဝါးကြီးပါလား… ။ ကြည့်ရတာတော့ အရိုးဖြူ ဝိညာဉ် ထင်တယ်”
အရိုးဖြူ ဝိညာဉ် ဆိုတာမျိုးက သဘာဝအတိုင်း ဖြစ်ပေါ်လာတဲ့ သက်ရှိမျိုး မဟုတ်ပါဘူး။ ပညာရှင် တစ်ယောက်ရဲ့ ကြွင်းကျန်ရစ် ခဲ့တဲ့ စိတ်ဝိညာဉ် အပိုင်းအစမျိုးပါ။ ပညာရှင်ရဲ့ ကျင့်ကြံခြင်း အပေါ် မူတည်ပြီး ဒီဝိညာဉ်တွေက အစွမ်းထက် ကြပါတယ်။
တိုက်ပွဲတစ်ရာ စစ်မြေပြင် တစ်ခုလုံးမှာ ဆိုရင်တော့ မရေမတွက် နိုင်အောင် များပြားလှတဲ့ အရိုးဖြူ ဝိညာဉ်တွေ ရှိတယ်လေ။
တကယ်လို့ မင်းက အားနည်းတဲ့ အရိုးဖြူ ဝိညာဉ်နဲ့ တွေ့ရင်တော့ တော်ပါသေးတယ်။ ကံဆိုးပြီး ပြန်လည် ဝင်စားခြင်း နယ်ပယ်ပညာရှင် တွေကိုတောင် ဆုတ်ဖြဲပစ် နိုင်တဲ့ အရိုးဖြူ ဝိညာဉ်နဲ့ တွေ့မယ်ဆိုရင် မင်းရဲ့ဘဝက ပြီးသွားပါပြီ။ ဘာမှ မျှော်လင့် နေစရာ မရှိတော့ပါဘူး။
မားရှန်မြင်းရဲ့ အောက်ဘက် မြေပြင် ကနေတော့ လူပုံစံ အရွယ်အစား ရှိသည့် အရိုးဖြူ ဝိညာဉ် တစ်ကောင်က ဟိန်းဟောက်ပြီး လီဖူချန်း ဆီကို ပြေးဝင် လာခဲ့ပါတယ်။
“သည်အရိုးဖြူ ဝိညာဉ်ကို ဘာအကြောင်းနဲ့မှ ထိပ်တိုက် ရင်ဆိုင်စရာ မလိုဘူး”
လီဖူချန်းက အရိုးဖြူ ဝိညာဉ်မှန်း သိတာနဲ့ ထိပ်တိုက် ရင်ဆိုင်ဖို့ မစဉ်းစားတော့ပဲ လေအရိပ် ခြေလှမ်းကို အသုံးပြုကာ ဖနောင့်နှင့် တင်ပါး တစ်သားတည်း ကျသည်အထိ ထွက်ပြေးသွား ခဲ့ပါပြီ။
အရိုးဖြူ ဝိညာဉ်ရဲ့ မျက်လုံး အခေါင်းပေါက် ထဲကနေ အစိမ်းရောင် မီးစုန်းတွေ ထွက်လာပြီး လီဖူချန်းရဲ့နောက်ကို ကြည့်နေပါတယ်။ ထို့နောက်မှာတော့ အရိုးဖြူဝိညာဉ်က လီဖူချန်းရဲ့ နောက်ကို အလွန် လျင်မြန်စွာ လိုက်လာခဲ့ပါတယ်။
“ငါ့လခွီး … မြန်လှချည်လားဟ…”
အစောပိုင်း တုန်းကတော့ လီဖူချန်းက သူ့ရဲ့ပြေးနှုန်းကို အတော်လေး မြန်သည်ဟု ယုံကြည် ထားခဲ့တာပါ။ ဒါပေမဲ့ အရိုးဖြူ ဝိညာဉ်ရဲ့ ယှဉ်လိုက်တဲ့ အခါမှာတော့ သူ့ရဲ့ ပြေးနှုန်းက အတော်လေးကို နှေးနေ ပါသေးသည်လေ။
လူမိုက် ကံကောင်းဟုပဲ ဆိုရပေမည်။ လီဖူချန်းရဲ့ အားကောင်းလှသည့် မျက်လုံး အစုံက သိပ်မဝေးတဲ့ နေရာတစ်ခုမှာ လူတစ်စု စခန်းချ နေတာကို တွေ့မြင် လိုက်တယ်လေ။ အဲဒီ လူစုကတော့ ကုန်သည် တစ်စု ဖြစ်မည့်ပုံပါပဲ။
သူတို့အုပ်စုရဲ့ အလံမှာတော့ နှင်းဆီပန်း တစ်ပွင့် ရှိနေပါတယ်။
အတန်ကြာ တွေဝေနေပြီး နောက်မှာတော့ လီဖူချန်းက အဲဒီဘက်ကို မပြေးတော့ဘူးဟု ဆုံးဖြတ်လိုက်ပြီး လမ်းကြောင်း ပြောင်းပြေး လိုက်ပါတယ်။ လီဖူချန်းက သူ့ကြောင့် အခြား သူတွေကို ပြဿနာ မဖြစ်စေချင်ဘူးလေ။
“ဟေး … ဟိုမှာ အရိုးဖြူ ဝိညာဉ်က လူတစ်ယောက်ကို လိုက်နေတယ်ကွ။ ဝိုင်းပြီး တိုက်ကြဟေ့”
အဲဒီ ကုန်သည်အဖွဲ့က လီဖူချန်း မထင်မှတ်တာ တစ်ခုကို လုပ်လိုက်ပါတယ်။ အဲဒါကတော့ ကုန်သည် အဖွဲ့ကလူတွေ ပြေးထွက်လာပြီး လီဖူချန်းကို လာရောက် ကူညီကြတာပါပဲ။
ထို့နောက်မှာတော့ မြေကမ္ဘာနယ်ပယ် ပညာရှင်တွေက အတွဲညီစွာနဲ့ အရိုးဖြူ ဝိညာဉ်ကို သတ်ဖြတ်ဖို့ အားထုတ် ပါတော့တယ်။
***