ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်၏ အစွမ်းအစ
Vol. 33 Ch. 453
ယွီပိုချွမ်၏ အမူအရာ အကြီးအကျယ် ပြောင်းလဲသွားသည်။ သူက ကပျာကယာ နောက်ဆုတ်ပြီး အော်ဟစ်လိုက်၏။ “ဒီကောင် မသေသေးဘူး။ အစစ်အမှန်ကောင်းကင်နန်းတော်က သိုင်းသမားတို့၊ ငါတို့ ဒီပန်းချီကို ဖျက်စီးပြီး သူတို့ကို သတ်ရမယ်”
အစစ်အမှန်ကောင်းကင်နန်းတော်မှ အမျိုးသမီးများက တမုဟုတ်ချင်း ရှေ့တက်၍ ပန်းချီကားကို တိုက်ခိုက်ကြသည်။ တစ်ချိန်တည်းမှာပင် ‘တောင်တန်းများနှင့် မြစ်ပြင်ကြားမှ ဖြတ်လျှောက်သွားသောဓားကွက်’ မှ ဓားရောင်က ဖြာထွက်လာ၏။ ကြီးကျယ်ခမ်းနားသည့် ပြောင်းလဲမှုအား အားလုံး မြင်တွေ့လိုက်ကြရသည်။ ဓားရောင်သည် ဓားရောင်မဟုတ်တော့ဘဲ တောင်တန်းမြစ်ပြင်များ ဖွဲ့တည်လာသည်။
အမျိုးသမီးများမှာ တောင်တန်းမြစ်ပြင်များဖြင့် ရုတ်ခြည်း လွှမ်းခြုံခံလိုက်ရ၏။ သူတို့၏ခန္ဓာကိုယ်များမှာ ရေခဲရိုက်ခံလိုက်ရသကဲ့သို့ တောင့်တင်းအေးခဲသွားပြီးနောက်တွင် သဲမှုန်များသဖွယ် လွင့်ဖြာသွားတော့သည်။
တောင်တန်းမြစ်ပြင်များ ဖြာထွက်လာသော အမြန်နှုန်းက ကြောက်မက်ဖွယ်ရာကောင်းပြီး ရထားလုံးနှင့်တကွ ယွီပိုချွမ်ကို တမုဟုတ်ချင်း ဖုံးလွှမ်းသွား၏။
ဝင်္ကပါဆရာမ ဟယ့်ရီရီက မလှုပ်သော်လည်း အံ့အားသင့်နေမှုအား သူမမျက်နှာထက်တွင် မြင်ရနိုင်သည်။ “ထူးခြားလိုက်တဲ့ ဓားသိုင်းပါလား။ ဓားဆရာမ လော့ယင်ယွီအောက် မနိမ့်ကျဘူး”
သူမအနောက်ရှိ ဝါးမြို့၏ မြို့မျက်နှာဖုံး သိုင်းသမားများက ချင်မူ့ကို သတ်ရန် ပြင်နေကြသော်လည်း ဟယ့်ရီရီက လက်ကာလိုက်သည်။ “ကူညီစရာမလိုဘူး။ သခင်လေးယွီက ငါတို့ကို အလယ်ကမ္ဘာမြေသား ဂိုဏ်းသခင်ချင်ကို ချုပ်ပေးဖို့ ဝင်္ကပါတစ်ခုပဲ ခင်းခိုင်းခဲ့တာ။ ဒါကြောင့် ထပ်ကူညီပေးစရာမလိုဘူး”
အားလုံး ငြိမ်ငြိမ်ရပ်လိုက်ကြသည်။
ချင်မူ၏ ‘တောင်တန်းများနှင့် မြစ်ပြင်ကြားမှ ဖြတ်လျှောက်သွားသောဓား’ သူတို့ဆီသို့ ရောက်မလာသည့်အခါ ဟယ့်ရီရီက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “သူလည်း ထိန်းထိန်းသိမ်းသိမ်း ရှိတာပဲ...”
တောင်တန်းများနှင့် မြစ်ပြင်ကြားမှ ဖြတ်လျှောက်သွားသောဓားက အစစ်အမှန်ကောင်းကင်နန်းတော်၏ မိန်းမလှလေးဆယ်ယောက်ကျော်ကို သတ်ဖြတ်လိုက်သည်။ ယွီပိုချွမ် ကြောက်လန့်သွားပြီး ကျယ်လောင်စွာ အော်ပြောလိုက်၏။ “ဂိုဏ်းသခင်ချင်၊ ငါတို့ စကားပြောကြမလား”
သူ့အဝတ်များ တဖတ်ဖတ် လှုပ်ခတ်နေသည်။ ယောက်ျားသား ဖြစ်လင့်ကစား သူ့ကိုယ်ပေါ်တွင် အဆင်တန်ဆာအမျိုးမျိုး ရှိ၏။ ငွေလက်ကောက်၊ ကျောက်စိမ်းလက်ကောက်များနှင့် ကျောက်စိမ်းလည်ဆွဲများ၊ လက်စွပ်များ၊ ဆွဲသီးများ၊ ဆံထိုးများနှင့် အသက်စောင့်ဆွဲပြားများပင် ပျံထွက်လာကြသည်။
ဤအရာများက သူ၏ဝိညာဉ်လက်နက်များ ဖြစ်ပြီး သူတို့၏စွမ်းအားက အလွန်ပြင်းထန်သည်။ ယွီပိုချွမ်ကိုယ်တိုင် သွန်းလုပ်ထားခြင်းမဟုတ်ဘဲ ဘေးအန္တရာယ်ကောင်းအောင် သူ၏အကြီးအကဲများမှ ပေးထားခြင်းဖြစ်သည်။
ဝိညာဉ်လက်နက်များတွင် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအား ကိန်းဝပ်နေ၏။ နဂါးစိမ်းဆံထိုးတစ်ခုက ခပ်သာသာ တုန်ခါပြီး နဂါးစိမ်းတစ်ကောင်အသွင် ပြောင်းသွားသည်။ နဂါးတွန်သံ ထွက်လာသည့်အခါ တောင်တန်းများနှင့်မြစ်ပြင်ပုံရိပ်တွင် အပေါက်ကြီးတစ်ပေါက် ပေါက်သွား၏။
ယွီပိုချွမ် ဝမ်းသာအားရဖြင့် အပေါက်ထဲမှ ခုန်ထွက်လိုက်သည်။ သို့သော် ရုတ်တရက် နဂါးစိမ်းဆံထိုးနှင့် အဆက်အသွယ် ပြတ်သွားသည်။
ထို့နောက် ကျန်ရတနာများကိုလည်း ခံစားမရတော့ပေ။ ချင်မူ၏ ဓားကွက်က သူနှင့် ရတနာများအကြားရှိ ချီစွမ်းအင်ဆက်သွယ်မှုကို ဖြတ်တောက်ပစ်လိုက်၏။ သူ မည်သည့်ရတနာကိုမှ မသုံးနိုင်တော့ပေ။
ဤဓားကွက်ကား အမှန်တကယ်ပင် ကြောက်စရာကောင်းပေသည်။
သူ တောင်တန်းများနှင့် မြစ်ပြင်ကြားမှ ဖြတ်လျှောက်သွားသော ဓားပုံရိပ်ထဲမှ ခုန်ထွက်လိုက်သည့်အချိန်မှာပင် နဂါးချီလင်က လက်ဝါးကြီးကို မြှောက်လျက် သူ့ဆီ လာနေသည်ကို မြင်လိုက်ရ၏။ ယွီပိုချွမ် ချက်ချင်း အပေါ်ဝတ်များကို ချွတ်လိုက်သည့်အခါ အဝတ်စများက လေပေါ် မြောက်တက်သွားသည်။ ထို့နောက် တဖြည်းဖြည်း ကြီးမားလာကာ တိမ်တိုက်အသွင် ဖွဲ့တည်သွား၏။
နဂါးချီလင်၏ လက်ဝါးက အဝတ်စများကို ရိုက်ချလိုက်သော်လည်း အိစက်နေသော တိမ်တိုက်အသွင် အဝတ်စများထဲ နစ်မြုပ်သွားသည်။
ယွီပိုချွမ်က ကိုယ်အပေါ်ပိုင်းဗလာဖြင့် လှည့်ထွက်ရန် ပြင်သော်လည်း သူ့အနောက်ရှိ နဂါးချီလင်ဆီမှ အလွန်ကျယ်လောင်သော ဟိန်းသံကြီးအား ကြားလိုက်ရသည်။ မီးတန်းကြီးတစ်တန်းက အဝတ်စများကို တမုဟုတ်ချင်း ပြာချပစ်လိုက်၏။
“ဝင်္ကပါဆရာမ ငါ့ကို ကယ်ပါဦး” ယွီပိုချွမ်က အော်သည်။ “ဝါးမြို့ထဲမှာ ငါ သေသွားရင် မင်းတို့တွေ အပြစ်မလွတ်ဘူး”
သူ့စကားကို ကြားသည့်အခါ ဝင်္ကပါဆရာမအနောက်ရှိ သိုင်းသမားအားလုံး မျက်မှောင်ကြုတ်သွားကြသည်။
အမျိုးသမီးတစ်ယောက်က ခပ်တိုးတိုး ပြော၏။ “သခင်လေးယွီက အစစ်အမှန်ကောင်းကင်နန်းတော်ရဲ့ သားတော် ဖြစ်နေသေးတယ်နော်။ သူ ဒီမှာ သေသွားရင် ကျွန်မတို့ သေချာပေါက် အပြစ်လွတ်မှာမဟုတ်ဘူး။ အစစ်အမှန်ကောင်းကင်နန်းတော်ပဲ ဖြစ်ဖြစ်၊ ပါ့ကော်ဖြစ်ဖြစ် သည်းခံမှာမဟုတ်ဘူး။ ဝင်္ကပါဆရာမ ၊ သုံးကြိမ်သုံးခါ စဉ်းစားပါ”
ဟယ့်ရီရီက ခေါင်းယမ်းလိုက်သည်။ “မကယ်နဲ့”
အား လုံးတစ်ယောက်ကိုတစ်ယောက် တုန်လှုပ်ချောက်ချားစွာ ကြည့်လိုက်ကြသည်။ သူမ အဘယ်ကြောင့် ယခုလိုပြုမူနေမှန်း သူတို့ နားမလည်နိုင်တော့ပေ။
“အလယ်ကမ္ဘာမြေရဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်ကို ငါ မသတ်နိုင်ခဲ့ပေမယ့် သူ့ကို ရန်ပြုခဲ့ပြီးပြီ။ ငါသာ သခင်လေးယွီကို ကယ်လိုက်ရင် ဂိုဏ်းသခင်ချင်နဲ့ ငါ့ကြားက ရန်ကြွေးကို ဖြေရှင်းလို့ရမှာ မဟုတ်တော့ဘူး” ဟယ့်ရီရီက ခပ်အေးအေး ပြောလိုက်သည်။
“အလယ်ကမ္ဘာမြေရဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာက ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတဲ့အကြောင်း ငါ ကြားထားတာ ကြာပြီ။ သူတို့က တစ်နေ့ထက်တစ်နေ့ အင်အားကြီးမားလာတဲ့အပြင် နယ်မြေတွေလည်း သိမ်းပိုက်ထားပြီးပြီ။ မြက်ခင်းလွင်ပြင်နဲ့ နှင်းတောင်တန်းတွေလည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ လက်အောက်ကို ရောက်နေပြီ။ ဒါပေမဲ့ သူတို့ရဲ့နောက်ပစ်မှတ်က မဟာမြို့ပျက်မဟုတ်ဘူး။ ငါတို့ အနောက်ကမ္ဘာမြေပဲ။ အစစ်အမှန်ကောင်းကင်နန်းတော်သာ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ရှုံးသွားရင် ကောင်းကင်နတ်ဆိုးဂိုဏ်း အနောက်ကမ္ဘာမြေထဲ ဝင်လာတာနဲ့ ငါတို့အဆုံးသတ်ရလိမ့်မယ်”
အားလုံး ကျောထဲစိမ့်အေးသွားကြသည်။
သို့သော် ဟယ့်ရီရီက မပြီးသေးပေ။ “ဒါ့အပြင် အစစ်အမှန်ကောင်းကင်နန်းတော်ရဲ့ သခင်လေးအနေနဲ့ ယွီပိုချွမ်မှာ သူ့အသက်သူ ကာကွယ်နိုင်တဲ့နည်းလမ်းတွေ မရှိဘဲ နေမလား။ သခင်လေးယွီက နိုင်းခွေကို လိုက်ပြီး သတ်နိုင်လုဆဲဆဲ ဖြစ်ခဲ့တာလေ။ အဲဒါက တော်ရုံလူ လုပ်နိုင်တဲ့အရာ မဟုတ်ဘူး”
သူမ ထိုသို့ပြောလိုက်သည့်အချိန်မှာပဲ ယွီပိုချွမ်၏ လက်ကောက်ဝတ်မှ ကျောက်စိမ်းလက်ပတ်တစ်ခု ပျံထွက်သွားပြီး မြွေကြီးတစ်ကောင်အသွင် ဖွဲ့တည်ကာ နဂါးချီလင်အား ရစ်ပတ်လိုက်သည်။
ယွီပိုချွမ်က ကမျောသောပါး ထွက်ပြေးသည်။ သို့သော် ဓားရောင်သုံးချက် ဖျတ်ဖျတ်လက်သွား၏။ ယွီပိုချွမ်၏ ခန္ဓာကိုယ်မှာ လေလယ်တွင် လေးပိုင်းပြတ်ထွက်သွားပြီး သူ့ခြေထောက်များက ပြေးနေဆဲဖြစ်သော်လည်း ခေါင်းက ရပ်လျက် ကျန်ခဲ့သည်။
ရင်ဘတ်လည်း နှစ်ပိုင်းကွဲထွက်သွား၏။
ချင်မူ ဓားပြန်ရုတ်လိုက်သည်။ ထိုအချိန်တွင် လေးပိုင်းပြတ်သွားသော ယွီပိုချွမ်မှာ သစ်သားတုံးလေးတုံးအဖြစ် လေထဲမှ ပြတ်ကျလာသည်။
“အစားထိုးလိုက်တာလား”
ချင်မူ အံ့အားသင့်သွားသည်။ သူက သိုလှောင်အိတ်ထဲမှ ထွက်လာသော ဓားစက်လုံးကို ဆုပ်ဖမ်းကာ အားဖြင့် ပစ်လွှတ်လိုက်၏။
ဓားစက်လုံးက တဝီးဝီး လည်လျက်ထွက် သွားသည်။ ဓားစက်လုံးအတွင်းရှိ ဓားပျံများက အေးစက်သောအရောင်အဝါများ ထုတ်လွှတ်ကာ မြေကြီးဆီ ထိုးဆင်း၍ ဝင်ရောက်သွားကြ၏။
လူရိပ်တစ်ခုက မြေအောက်မှ ပေါ်လာသည်။ သူကား ယွီပိုချွမ်ပင် ဖြစ်၏။ သူ့အနောက်မှ ဓားရောင်များ ထွက်လာပြီး သူ့နောက် လိုက်လာသည်။
ယွီပိုချွမ် မော့ကြည့်လိုက်သည့်အခါ သူ့ဦးခေါင်းဆီ လာနေသော ဓားစက်လုံးကို တွေ့လိုက်ရ၍ မျက်နှာပျက်သွားသည်။ ထိုဧရာမဓားစက်လုံးကြီးသာ ထိမှန်လိုက်လျှင် သူ့မျက်နှာမှာ ဦးနှောက်ထဲ နစ်ဝင်သွားလိမ့်မည်။ တစ်ခေါင်းလုံးပင် ရင်ဘတ်ရောက်သည်အထိ နစ်ဝင်သွားလောက်၏။
ရုတ်တရက် သူ့ခန္ဓာကိုယ်က မြေကြီးအသွင် ပြောင်းကာ ကောင်းကင်ယံမှ ဆင်းလာသည်။
ချင်မူ့မျက်လုံးထဲတွင် ဝင်္ကပါအမှတ်အသားများ ဖွဲ့တည်လာပြီး သူက မြေကြီးကို စိုက်ကြည့်နေသည်။ သူ့မျက်လုံးများက လျင်မြန်စွာ ရွေ့လျားနေ၏။ ရုတ်တရက် သူက ဝါးမြို့ထဲမှ ပျံထွက်သွားပြီး မြို့အရှေ့ရှိ ကျောက်တုံးပုံကြီးတစ်ပုံအား ခုတ်ချလိုက်သည်။ ကျောက်ပုံကြီးမှာ ဝုန်းခနဲ ပေါက်ကွဲသွားကာ ကြေမွနေသော ကျောက်တုံးကျောက်ခဲများအကြား၌ ယွီပိုချွမ်၏ခန္ဓာကိုယ် ပေါ်လာသည်။
“ဝင်္ကပါဆရာမ၊ ခင်ဗျားအပြစ်လွတ်အောင် ကျွန်တော် သူ့ကို မြို့ပြင်မှာ သတ်ပေးမယ်”
ချင်မူ့အသံ ဟိန်းထွက်လာသည့်အခါ ဟယ့်ရီရီ မျက်မှောင်ကြုတ်သွားသည်။ သူမ လှမ်းကြည့်လိုက်သည့်အချိန်တွင် ချင်မူ လက်အား ပင့်မြှောက်လိုက်သည်ကို မြင်လိုက်ရ၏။ ဝက်ခုတ်ဓားမသည် အလိုအလျောက် ပျံတက်လာပြီး သူက နောက်ပြန်ဖမ်းလိုက်သည်။
လူငယ်နှစ်ယောက်သည် လေလယ်တွင် ရှောင်တိမ်းဝိုက်ကန်ရင်း သူတစ်ပြန်ကိုယ်တစ်ပြန် တိုက်ခိုက်နေကြ၏။
ရွှစ်...
သွေးရောင် ဖြာထွက်သွားပြီး ချင်မူက ခေါင်းပြတ်တစ်လုံးကို ကိုင်လျက် ဆင်းလာသည်။ ကျန်တစ်လက်ရှိ ဝက်ခုတ်ဓားမဆီမှ သွေးများ တစက်စက် ကျနေဆဲရှိသေး၏။
ဘုတ်
သူ့အနောက်တွင် ယွီပိုချွမ်၏အလောင်းက မြေကြီးပေါ် ပြုတ်ကျလာပြီး နှစ်ချက် ခုန်သွားသည်။
မြို့ထဲတွင် ဟယ့်ရီရီ နှင့် ကျန်ရှိသူများမှာ ခေါင်းပြတ်သယ်လာသည့် လူငယ်ကို ငေး၍ ကြည့်နေမိကြသည်။
တားမြစ်နယ်မြေမှ ဓားမကို ပင့်မြှောက်ခြင်း...။
တားမြစ်နယ်မြေမှ ဓားမကို ပင့်မြှောက်၍ မြင်းခွာသံများနှင့် လှည်းဘီးသံများက မိုးခြိမ်းသံကဲ့သို့ ဂျိုးဂျိုးဂျိမ့်ဂျိမ့် ညံနေ၏။ နန်းတော်အတွင်းသို့ တစ်ကိုယ်တည်း ဝင်၍ ဘုရင်၏ ခေါင်းပြတ်ကို လက်တစ်ဖက်ဖြင့် ဆွဲ၍ ထွက်လာသည်။
သားသတ်သမား၏ ဓားမသိုင်းသည် သူ၏ကဗျာစာသားများကဲ့သို့ ရဲတင်းပြီး မောက်မာ၏။
ထိုအခိုက်အတန့်တွင် ချင်မူလည်း မောက်မာဝင့်ကြွားသောဟန် ရှိနေသည်။ သူက ဟယ့်ရီရီ သေမည်မဟုတ်ဟု ထင်ခဲ့သော ယွီပိုချွမ်ကို အသေသတ်ပစ်ခဲ့၏။
“အစစ်အမှန်ကောင်းကင်နန်းတော်ရဲ့ သခင်လေး သေသွားပြီ...”
အားလုံး မျက်ခုံးလှုပ်သွားကြပြီး စိတ်လေးလံလာကြသည်။
နတ်ဂိုဏ်းသခင်ချင်သည် နဂါးချီလင်တစ်ကောင်နှင့် မင်းသမီးပေါက်စလေးကိုသာ ခေါ်လာခဲ့သော်လည်း အနောက်ကမ္ဘာမြေသို့ တိုးဝင်လာပြီး လမ်းပိတ်ထားသူမှန်သမျှအား သတ်ဖြတ်ရဲ၏။ ဓားမကို ပင့်မြှောက်၍ အစစ်အမှန်ကောင်းကင်နန်းတော်၏ သားတော်ကိုပင် သတ်ပစ်ဝံ့ခဲ့ရာ ဆာလောင်နေသော ကျားတစ်ကောင်ကဲ့သို့ မောက်မာပြီး ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်ဆိုသည့် နာမည်နှင့် လိုက်ဖက်လှပေသည်။
အစစ်အမှန်ကောင်းကင်နန်းတော်၏ လက်ရှိနန်းဆောင်သခင်မနှင့် ပါ့ကော်တွင် တစ်ဦးတည်းသောသားဖြစ် သခင်လေးယွီသာ ရှိသည်။ သို့သော် ဝါးမြို့အပြင်၌ သူ သေသွားချေပြီ။ အလယ်ကမ္ဘာမြေမှ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းသခင်ချင်က အမှန်တကယ် ရက်စက်ပြီး ပြတ်သား၏။ အသေးငယ်ဆုံး အခွင့်အရေးလေးကိုပင် လက်လွှတ်မခံသလို၊ ရန်သူကိုလည်း မျှော်လင့်ချက်မပေးပေ။
သူ့လက်ထဲမှ လွတ်အောင် ပြေးရန်ကား ခက်ခဲလှသည်။ လိုလန်ရွှေနန်းတော်၏ မကောင်းဆိုးဝါးအိုကြီး ပန်ကုန်းစုန်သာ သူ့လက်ကြားထဲမှ ငါးရှဉ့်တစ်ကောင်လို ရအောင် ပြေးနိုင်၏။
အစစ်အမှန်ကောင်းကင်နန်းတော်၏ နန်းဆောင်သခင်မနှင့် ပါ့ကော်၏ တစ်ဦးတည်းသောသားပင် ဖြစ်လင့်ကစား ယွီပိုချွမ်၏ ပြေးနိုင်စွမ်းက နှစ်တစ်သောင်း အသက်ရှင်ခဲ့သော ထိုမကောင်းဆိုးဝါးအိုကြီး ပန်ကုန်းစုန်အား မယှဉ်နိုင်ပေ။
ဟယ့်ရီရီ မြို့ပြင်သို့ ထွက်လိုက်သည့်အခါ ချင်မူ ယွီပိုချွမ်၏ခေါင်းပြတ်အား အောက်ချနေသည်ကို တွေ့ရသည်။ သူက ဝိုင်တစ်ပုလင်းနှင့် ဝိုင်ခွက်တစ်ခွက် ထုတ်ကာ အလောင်းဘေး၌ ချလိုက်သည်။
“မင်းက ရန်သူကို သတ်ပြီးရင် စကားပြောရတာ ကြိုက်တယ်” ချင်မူ ဝိုင်တစ်ခွက် မော့သောက်ပြီး ခွက်အား ယွီပိုချွမ်၏အလောင်းဘေးသို့ ပြန်ချကာ အေးအေးလူလူ ပြောလိုက်သည်။ “ဒါပေမဲ့ ငါကတော့ မကြိုက်ဘူး။ နှုတ်ဆက်ပါတယ်” ထိုသို့ပြောပြီးနောက် သူက ထရပ်ပြီး ဟယ့်ရီရီဆီ လျှောက်လာသည်။
“ဂိုဏ်းသခင်ချင်” ဟယ့်ရီရီက နှုတ်ဆက်သည်။
ချင်မူလည်း ချိုချိုသာသာ ပြန်နှုတ်ဆက်လိုက်သည်။ “ဝင်္ကပါဆရာမ၊ ကျွန်တော် မမကြီးကို ဘယ်လိုခေါ်ရမလဲ မသိဘူး”
ဟယ့်ရီရီ က သူ့ကို ထူးဆန်းစွာ ကြည့်ပြီးနောက် သိချင်စိတ်ဖြင့် မေးလိုက်သည်။ “ဂိုဏ်းသခင်က ကျွန်မနာမည် မသိဘူးလား။ ကျွန်မမျိုးရိုးက ဟယ့်၊ နာမည်က ရီရီပါ။ ဟယ့်က အနောက်ကမ္ဘာမြေမှာ မျိုးရိုးကြီးတစ်ခု ဖြစ်ပါတယ်။ မိဘတွေ၊ ဘိုးဘွားတွေ သင်ကြားပေးလို့သာ ကျွန်မက ဝင်္ကပါဆရာမဖြစ်လာတာပါ”
“ဪ အဲဒီလိုလား” ချင်မူက ပြောလိုက်သည်။ “မမကြီးရီရီရဲ့ ဝင်္ကပါစွမ်းရည်က မဆိုးဘူး။ ကျွန်တော်တောင် အချိန်တိုတိုအတွင်း မဖြေရှင်းနိုင်ခဲ့တာနဲ့ လွတ်အောင် ပန်းချီကမ္ဘာကို သုံးခဲ့ရတယ်။ မမကြီးရီရီက မိသားစုကနေ အမွေဆက်ခံခဲ့ရတာကိုး။ ဟယ့်မိသားစုက အမှန်တကယ်ပဲ ဝင်္ကပါပညာမှာ တော်လှပါတယ်။ မမကြီးရီရီက တစ်လောကလုံးမှာ နံပါတ်သုံးလို့ ပြောလို့ရတယ်”
ဟယ့်ရီရီ အနောက်ရှိ လူတိုင်း ဒေါသထွက်သွားကြသည်။ ဟယ့်မိသားစု၏ ဝင်္ကပါပညာသည် တစ်လောကလုံးတွင် နံပါတ်တစ်ဖြစ်သည့်အကြောင်း ကလေး,မက ခွေးပင် သိ၏။ သို့တိုင်အောင် ချင်မူကြောင့် နံပါတ်သုံးဖြစ်ရချေရာ သူတို့ စိတ်မတိုဘဲ ရှိမည်လော။
ဟယ့်ရီရီ က ရှုန်းချီအာကို ကြည့်ကာ ကလေးမလေးအား မှတ်မိသွားဟန်တူသည်။ သူမက ပြုံးလိုက်ပြီး မေးလိုက်၏။ “နံပါတ်သုံးဖြစ်ဖြစ်၊ နံပါတ်တစ်ဖြစ်ဖြစ် ကျွန်မ ဂရုမစိုက်ပါဘူး။ ဂိုဏ်းသခင်ချင် မင်းသမီးလေးကို အစစ်အမှန်ကောင်းကင်နန်းတော်ဆီ ခေါ်သွားနေတာက တော်တော်လေး အထင်ကြီးစရာကောင်းပါတယ်။ ကျွန်မမျက်လုံးထဲမှာတော့ အစစ်အမှန်ကောင်းကင်နန်းတော်မှာ လည်စင်းခံပေးဖို့ သွားနေတာနဲ့ တူပေမယ့် ဂိုဏ်းသခင်ကြည့်ရတာ လက်လွတ်စပယ် လုပ်တတ်တဲ့ပုံလည်း မရပါဘူး။ ကျွန်မကို ရှင်းပြပေးနိုင်မလား”
“မမကြီးရီရီ၊ ဒီမှာ စကားပြောချင်လို့လား”
ဟယ့်ရီရီက သူ့ကို မြို့ထဲရှိ ခန်းမဆောင်ဆီ ဖိတ်ခေါ်လိုက်သည်။ ချင်မူက ထိုင်ပြီး အလေးအနက် ပြောလိုက်၏။ “ကျွန်တော် ဘာကြောင့် ဒီရောက်နေလဲ ဝင်္ကပါဆရာမ သိတယ်မဟုတ်လား”
ဟယ့်ရီရီ ရင်ထဲတွင် လှုပ်ခတ်သွားပြီး ပြောလိုက်သည်။ “ဂိုဏ်းသခင်က နိုင်းခွေကို နန်းပြန်လုနိုင်အောင် ကူညီပေးနေတာမလား။ နိုင်းခွေလည်း ဒီမှာ ရှိလိမ့်မယ်။ တစ်နေရာရာမှာ ပုန်းနေတာပဲ နေမှာ”
ချင်မူက ရယ်၍ ခေါင်းယမ်းလိုက်သည်။ “မမကြီးရီရီက ကျွန်တော့်ကို အထင်သေးနေတာပဲ။ ဒီတစ်ခေါက် ကျွန်တော် လာရတာက အနောက်ကမ္ဘာမြေကို သိမ်းခိုင်းလိုက်တဲ့ ဧကရာဇ်ရဲ့ အမိန့်တော်ကြောင့်ပဲ”
ခန်းမထဲရှိ ဝါးမြို့၏ အာဏာပိုင်မိသားစုများမှ ခေါင်းဆောင်အားလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်မိလိုက်ကြသည်။
ဧကရာဇ်၏ အမိန့်တော်ကြောင့်တဲ့လော
ချင်မူ့အား တစ်ယောက်တည်း သိမ်းခိုင်းလိုက်သည်လော
ဟယ့်ရီရီ၏ အကြည့်များ လှုပ်ခတ်သွားသည်။ “ဂိုဏ်းသခင်ချင်ရဲ့စကားက သိပ်မကြီးကျယ်လွန်းဘူးလား။ ဘယ်လိုအရည်အချင်းတွေနဲ့ အနောက်ကမ္ဘာမြေကို သိမ်းမှာလဲ”
ချင်မူက ပြုံးလိုက်သည်။ “ကျွန်တော်က ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းသခင်ပါ။ အဲ့ဒါလည်း အရည်အချင်းတစ်ခုပဲ။ ကောင်းကင်နတ်ဆိုးဂိုဏ်းမှာ ကောင်းကင်နတ်သိုင်းပညာရှင်တစ်သန်း ရှိတယ်။ ကျွန်တော်သာ အမိန့်ထုတ်လိုက်ရင် တစ်သန်းလုံး ရောက်လာလိမ့်မယ်။ ကျွန်တော် လက်ညှိုးတစ်ချက်ထိုးလိုက်တာနဲ့ အဲဒီကောင်းကင်းနတ်သိုင်းပညာရှင်စစ်တပ်ကြီးက လမ်းမှာရှိသမျှ အကုန်လုံးကို ဖျက်စီးနင်းခြေသွားလိမ့်မယ်
“ခင်ဗျားတို့အနောက်ကမ္ဘာမြေက ငြိမ်းငြိမ်းချမ်းချမ်းနေခဲ့ရတာ ကြာလှပြီ။ စစ်ပွဲအတွေ့အကြုံ မရှိကြဘူး။ ဧကရာဇ်ရဲ့ သိုင်းစွမ်းရည်ကို အသာထား၊ ကျွန်တော်တို့ ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ကောင်းကင်နတ်သိုင်းပညာရှင်တစ်သန်းက ခင်ဗျားတို့ကို တစ်ချက်လေးတောင် အရိုက်မခံနိုင်တဲ့ ကြက်ကလေး၊ ငှက်ကလေးတွေလိုပဲ မြင်လိမ့်မယ်”
သူက ထရပ်ပြီး လက်နှစ်ဖက်အား နောက်ပစ်လိုက်သည်။ “အထက်ကောင်းကင်ဘုံရဲ့ ကျောက်စိမ်းဧကရာဇ်ကို ပစ်ချနိုင်ခဲ့တဲ့ နေသူရိန်ခွင်းကောင်းကင်အမြှောက်ကိုလည်း ကျွန်တော် ဖန်တီးထားတယ်။ နဂါးထိန်းဧကရာဇ်ကိုလည်း အညံ့ခံခိုင်းပြီး မာန်ဟုန်မြစ်ကို စောင့်ရှောက်ခိုင်းထားတယ်။ အထက်ကောင်းကင်ဘုံရဲ့ နတ်ဘုရားပိုင်ရှီကိုလည်း နှစ်တစ်ရာတောင်ကို စောင့်ခိုင်းထားပြီးပြီ
“ကျွန်တော်တို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာက နတ်သက်ကြွေတောင်ကြောမှာ တိုက်ခိုက်ပြီး အထက်ကောင်းကင်ဘုံရဲ့ နတ်ဘုရားအားလုံးကို သတ်ပစ်နိုင်ခဲ့တယ်” လျှပ်စီးသဖွယ် စူးရှသော သူ့အကြည့်က အားလုံးကို စေ့စေ့ကြည့်လိုက်သည်။ “ခင်ဗျားတို့ အနောက်ကမ္ဘာမြေကို ရှင်းပစ်ချင်ရင် လက်ဖျောက်တီးသလို အလွယ်လေးပဲ”
အားလုံး၏မျက်နှာများမှာ စက္ကူရွက်များသဖွယ် ဖျော့တော့သွားကြသည်။
ထို့နောက် ချင်မူက ပြုံးလိုက်၏။ “ဒါပေမဲ့ အနောက်ကမ္ဘာမြေက လူတွေကို မရှင်းပစ်ချင်ပါဘူး။ ငြိမ်းငြိမ်းချမ်းချမ်း နေ,နေတာကိုလည်း ပိုလို့တောင် မဖျက်စီးချင်သေးတယ်။ နိုင်းခွေ နန်းဆောင်သခင်မနေရာကို ပြန်ယူနိုင်ရင် အစစ်အမှန်ကောင်းကင်နန်းတော်ကို ဦးဆောင်ပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ လက်အောက်ဝင်လိမ့်မယ်။ စစ်သည်တွေလည်း တိုက်ခိုက်စရာမလိုဘူး။ အသက်တွေလည်း စတေးစရာမလိုဘူး။ ဒါကြောင့် ကျွန်တော်လည်း ဘာကြောင့် ကိုယ့်ကိုယ်ကို အန္တရာယ်အဖြစ်ခံရမှာလဲ။ ကျွန်တော့်ရဲ့ ဘေးကင်းလုံခြုံမှုက အနောက်ကမ္ဘာမြေသူကမ္ဘာမြေသားတွေရဲ့ အသက်လောက်မှ အရေးမကြီးတာလေ မဟုတ်ဘူးလား။ ဒါကြောင့် မမကြီးရီရီ၊ ကျွန်တော့်ကို ကူညီပေးမယ်မလား”
ဟယ့်ရီရီ က ဝါးမြို့၏ အာဏာပိုင်မိသားစုများမှ ခေါင်းဆောင်များအား ကြည့်လိုက်သည့်အခါ သူတို့အားလုံး ထိတ်လန့်နေကြသည်ကို မြင်လိုက်ရ၏။
သူမ မျက်မှောင်ကြုတ်သွားပြီးနောက် အပြုံးတစ်ပွင့် သူမနှုတ်ခမ်းထက်တွင် ပွင့်လန်းလာသည်။ “ကျွန်မဝင်္ကပါစွမ်းရည်က တစ်လောကလုံးမှာ နံပါတ်သုံးလို့ ဂိုဏ်းသခင်ချင် ပြောခဲ့တယ်နော်။ ဒါဆို နံပါတ်တစ်က ဘယ်သူလဲ မေးလို့ရမလား။ နံပါတ်နှစ်ကရော ဘယ်သူများလဲ။ ရီရီ သိချင်မိပါတယ်”