← Chapters

ထူးဆန်းတဲ့ လက်နက် အကျိုးအပဲ့

Vol. 15 Ch. 197

ထူးဆန်းတဲ့ လက်နက် အကျိုးအပဲ့

Vol. 15 Ch. 197

ရှေးဟောင်းပစ္စည်း လမ်းကြားထဲကို ဝင်လာပြီး နောက်မှာတော့ ဒီလမ်းကြားက လီဖူချန်း ထင်ထားသလို မဟုတ်ခဲ့ဘူး ဆိုတာကို သိလာခဲ့ ရပါပြီ။

ဒီလမ်းကြားလေးက တရုတ်အက္ခရာ 丰 မျိုးနဲ့ သွားဆင်တူ နေပါတယ်။ အဝင်ဝ ကနေ ကြည့်လိုက်ရင်တော့ ရိုးရိုး လမ်းကြား အဖြောင့်လေး တစ်ခု ဖြစ်နေပေမဲ့ ချိုးကွေ့လို့ ရတဲ့ လမ်းသွယ်လေး ၆ခု ရှိနေပါ သေးတယ်။

အချိန်အတန် ကြာသည်အထိ လျှောက်ပတ် ကြည့်ခဲ့ပြီး နောက်မှာတော့ လီဖူချန်းက ရှေးဟောင်း ပစ္စည်းတွေ ရောင်းချတဲ့ ဆိုင်အချို့ကို စိတ်ဝင်စား လာခဲ့ပါပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီရှေးဟောင်း ပစ္စည်းဆိုင်တွေမှာ ချပြထားတဲ့ အရာတွေက အတော်လေးကို ထူးဆန်းပြီး စိတ်ဝင်စားစရာ ကောင်းနေလို့ပါပဲ။

ဥပမာ ပြောရမယ် ဆိုရင် သူတစ်ခါမှ မမြင်ဖူးသေးတဲ့ သတ္တုရိုင်းတွေ၊ လက်နက်အကျိုး အပိုင်းအစတွေနဲ့ ထူးဆန်းတဲ့ ဆေးပင်တွေ လိုမျိုးပေါ့။ ရှေးဟောင်း ပစ္စည်းဆိုင် တစ်ခုမှာဆိုရင် အဆင့်၆ မိစ္ဆာသားရဲ အဆင့်ကို တက်လုနီးပါး ဖြစ်နေပြီ ဖြစ်တဲ့ အဆင့်၅ မိစ္ဆာသားရဲ အရိုးတွေကိုတောင် မြင်ခဲ့ရပါ သေးတယ်။

“မောင်ရင်လေး ဘာရှာနေသလဲ မသိဘူး။ တစ်ချက်လောက် ဝင်ကြည့် သွားပါဦးလား။ ဦးလေးရဲ့ ဆိုင်မှာရှိတဲ့ ပစ္စည်းတွေက အခြား ဆိုင်တွေကထက် အများကြီး ပိုစုံပါတယ်။ ပြီးတော့ မဟာစစ် သင်္ချိုင်းဟောင်းတွေက ရှေးဟောင်း စစ်လက်နက် အပိုင်းအစတွေလည်း ရှိတယ်နော်” လက်နက် အမျိုးအစားတွေ ရောင်းတဲ့ ဆိုင်ပိုင်ရှင် တစ်ယောက်ရဲ့ အဆွယ် ကောင်းမှုကြောင့် လီဖူချန်းက စိတ်တောင် နည်းနည်း ပါချင်သလို ဖြစ်သွားပါတယ်။

“ကြီးမြတ်သော သိုင်းသမားကြီး ... မဝင်သွားလိုက်နဲ့။ ဒီဆိုင်ရှင်က တစ်နယ် ရပ်ခြားက လာတဲ့သူတွေကို ဂျင်းထည့်တဲ့ နေရာမှာ နာမည်ကြီးပဲ”

လီဖူချန်းကို လမ်းပြပေးတဲ့ လူငယ်လေးက လှမ်းပြီး သတိပေး လိုက်ပါတယ်။

လီဖူချန်းက အဲသည် အခါကျမှ သတိရ သွားဟန်ဖြင့် ခေါင်းကို နိမ့်လိုက်ပြီး …

“ဟုတ်သားပဲ ... ငါက မင်းရဲ့ နာမည်ကိုတောင် မမေးရသေးဘူး။ မင်းရဲ့ နာမည်က ဘယ်လိုခေါ်လဲ …”

“ကျွန်တော့် နာမည်က ရှောင်ကိုင်လို့ ခေါ်ပါတယ်” ကောင်လေးက ရိုသေစွာဖြင့် လီဖူချန်းရဲ့ အမေးကို ပြန်ဖြေ လိုက်ပါတယ်။

“ရှောင်ကိုင် တဲ့လား။ နာမည်လေးက လှသားပဲ။ မင်းက တစ်ကောက်ကြွက်လား …”

“ကျွန်တော့်မှာ အစ်မတစ်ယောက် ရှိပါသေးတယ်"

“ဒါဆို မင်းရဲ့ မိဘတွေကကော …”

“ကျွန်တော့်ရဲ့ မိဘတွေက အရမ်းကို အစွမ်း ထက်တာပေါ့။ ဒါပေမဲ့ အခုတော့ သေသွားကြပြီ။ ကျွန်တော့် အစ်မနဲ့ ကျွန်တော်ပဲ ကျန်ခဲ့တော့တယ်”

ရှောင်ကိုင်ရဲ့ အဖြေက အံ့သြစရာ ကောင်းလောက်အောင် တည်ငြိမ် နေပေမဲ့ သူ့မျက်လုံး ထဲက ဝမ်းနည်းမှု အရိပ်အယောင်တွေကိုတော့ ဖုံးကွယ် မထားနိုင်ခဲ့ပါဘူး။

လီဖူချန်းက သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ပါတယ်။ ဒါက ကျင့်ကြံခြင်း လောကမှာ ဖြစ်နေကျ အရာပါပဲလေ။ မြွေသမားက မြွေနဲ့ပဲ သေရသလို၊ သိုင်းသမားကလည်း သိုင်းနဲ့ပဲ သေရတာပါပဲ။ သာမန် အိမ်ထောင်စု တစ်ခုမှာတော့ မိဘတွေက လူသားနယ်ပယ် သိုင်းသမားတွေ ဆိုရင် သူတို့ရဲ့ သားသမီးတွေ ကလည်း သိုင်းလမ်းစဉ်ကိုပဲ လျှောက်လှမ်း ကြတာပါ။ သိုင်းပညာရှင်တွေ ဆိုတာက ဆူးခင်းလမ်းကို လျှောက်နေကြသည့် လူတွေပင် မဟုတ်ပါလား။ ဘယ်အချိန် သေမယ် ဆိုတာကို ဘယ်သူမှ ကြိုပြီး မသိနိုင်ပါဘူး။

“မင်းရဲ့ အစ်မက အိမ်မှာ တစ်ယောက်တည်း ဖြစ်ပါ့မလား။ စိတ်ကော ချရဲ့လား။ မင်းအိမ်ကို ပြန်ပြီး သွားမကြည့် တော့ဘူးလား ...”

လီဖူချန်းက ထပ်မေးလိုက် ပြန်ပါတယ်။

ရှောင်ကိုင်က ခေါင်းကို ခါယမ်းလိုက်ပြီး …

“စိတ်မပူပါနဲ့ သိုင်းသမားကြီး။ ကျွန်တော်အိမ်က ထွက်လာတုန်းက အိမ်တံခါးကို သေသေချာချာလေး ပိတ်ခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်က ရွှေတစ်စကို လက်ခံ ပြီးပြီလေ။ သိုင်းသမားကြီးကို နေရာ အနှံ့တောင် လိုက်မပြ ရသေးပဲ အိမ်ကို ပြန်လို့ မဖြစ်သေးပါဘူး”

ရှောင်ကိုင်က သူ့ရဲ့ အစ်မကို စိတ်ပူ ပေမဲ့လည်း လီဖူချန်းရဲ့ ရွှေတစ်စကို လက်ခံ ထားပြီးတဲ့အတွက် သူ့အလုပ်ကို ပြီးဆုံးအောင် တာဝန်ယူ သွားချင်သေးသည့် ပုံပါပဲ။

လီဖူချန်းက ရှောင်ကိုင်ရဲ့ စိတ်ဓာတ်ကို ကြိုက်နှစ်သက် သွားမိပါတယ်။ ကောင်လေးက ငယ်သေးပေမဲ့ တာဝန် ယူစိတ်တော့ အပြည့် ရှိနေသည် မဟုတ်ပါလား။

“ဟား ... ဟား။ သွား ... အိမ်ကိုပြန်ပြီး မင်းအစ်မကိုပါ ခေါ်လာခဲ့လိုက်။ အစ်ကိုကြီးက မင်းတို့ နှစ်ယောက် စလုံးကို နေရာ ကောင်းကောင်းမှာ ထမင်း လိုက်ကျွေးမယ်”

ရှောင်ကိုင်က မျက်နှာ ငယ်လေးဖြင့် …

“ကျွန်တော့် အစ်မက ဖျားနေတယ်ဗျ။ မဟုတ်ရင် ကျွန်တော်က အိမ်အပြင်ကို ထွက်ပြီး အခုလို ပိုက်ဆံ လိုက်တောင်းလို့ ရမှာ မဟုတ်ဘူး” သူ့ရဲ့စကား ဆုံးသွားတာနဲ့ ရှောင်ကိုင်က မျက်ရည် အဝဲသား ဖြစ်နေသည့် သူ့ရဲ့ ခေါင်းကို ငုံ့ပြီး လက်ခုံဖြင့် မျက်ရည်တွေကို ခပ်ကြမ်းကြမ်း သုတ်ပစ် လိုက်ပါတော့တယ်။

လီဖူချန်းက ရှောင်ကိုင်လေးရဲ့ ခံစားချက်ကို နားလည် ပါသည်လေ။

"ရှောင်ကိုင် ... မင်းရဲ့ အစ်မကို တကယ် ချစ်တယ်ဆိုရင် အခုပဲ ပြန်သွားလိုက်တော့။ သူမက ဖျားနေတယ် ဆိုတော့ မင်းကို မျှော်နေမှာပဲ။ ပြီးတော့ အစ်ကိုက ဒီမြို့ထဲမှာ သုံးရက်လောက် ကြာဦးမှာ။ မင်းတို့ ရှိမယ့် နေရာကိုသာ အစ်ကို့ကို ပြောထား။ အစ်ကို သွားချင်တဲ့ နေရာရှိရင် မင်းကို လာရှာလိုက်မယ်”

လီဖူချန်းက ရှောင်ကိုင်ကို အိမ်ပြန်ခွင့် ပေးလိုက်ပါတယ်။

“ကျွန်တော်တို့ အိမ်က ဓားပျံတစ်ထောင် မြို့ရဲ့ မြောက်ဘက် သစ်ရွက်တောမှာ ရှိပါတယ်။ အိမ်အမှတ်က ၉၅၂ပါ။ သိုင်းသမားကြီး ... ခင်ဗျားက တကယ်ကို သဘောကောင်းတဲ့ လူပဲ။ ရှောင်ကိုင်က သိုင်းသမားကြီးကို နောက်ထပ် နှစ်ရက်တိတိ အခကြေးငွေ မယူဘဲ မြို့အနှံ့ လိုက်ပြ ပေးပါ့မယ်။ သွားပြီဗျို့ …”

ရှောင်ကိုင်က လီဖူချန်းဆီက ခွင့်ပြုချက် ရတာနဲ့ နောက်ကိုတောင် လှည့်မကြည့်တော့ပဲ အိမ်ရှိရာဆီကို ပြေးပါတော့တယ်။ ရှောင်ကိုင်က သူ့ရဲ့ အစ်မကို တကယ်ပဲ စိတ်ပူ နေသည်လေ။ အစောပိုင်းတုန်း ကတော့ သူက ဆေးဝယ်ဖို့ ပိုက်ဆံ မရှိသည့်အတွက် မြို့ထဲမှာ ပိုက်ဆံရလိုရငြား လျှောက်သွားပြီး တောင်းနေရသည် မဟုတ်ပါလား။ အခုတော့ သူ့လက်ထဲမှာ လီဖူချန်း ပေးထားသည့် ရွှေတစ်စ ရှိနေပြီလေ။

“သဘောကောင်းတဲ့ လူဆိုပါလား ... ဟဟ”

လီဖူချန်းကတော့ ပြေးထွက်သွားသည့် ရှောင်ကိုင်ရဲ့ နောက်ကျောကို ငေးကြည့်ရင်းနဲ့ ကျန်နေခဲ့ ပါတော့တယ်။

သူ့မှာက တစ်လောကလုံးကို ကူညီနိုင်လောက်တဲ့ အထိတော့ မစွမ်းသေးပါဘူး။ ဒါပေမဲ့ အမှန်တကယ် အကူအညီ လိုအပ်တဲ့ သူတွေကိုတော့ တတ်နိုင်စွမ်း သလောက် ကူညီနိုင်ပါ သေးတယ်။

လောကပေါ်မှာ အသက်ရှင် နေထိုင်တယ် ဆိုတာက ကျင့်ကြံခြင်း တစ်ခုတည်းကိုပဲ ဇောက်ချ လေ့ကျင့် နေလို့လည်း မဖြစ်သေးပါဘူး။

ရှောင်ကိုင်တစ်ယောက် လီဖူချန်းရဲ့ မျက်လုံးထဲကနေ ပျောက်ကွယ်သွားတဲ့ အခါမှာတော့ လီဖူချန်းက ရှေးဟောင်း ပစ္စည်းဆိုင်ထဲကို လှမ်းဝင် သွားခဲ့ပါပြီ။

“သခင်လေး ... ကြွပါ ။ ဒီလမ်းကနေ ကြွပါ”

ရှေးဟောင်း ပစ္စည်းဆိုင်ရဲ့ ဝန်ထမ်း တစ်ယောက်က လီဖူချန်း ဆိုင်ထဲကို ဝင်လာတာနဲ့ တစ်ပြိုင်နက် အပြေးလေး ခရီးဦးကြို ပြုလိုက်ပါတယ်။

“ဒါတွေက အန္တရာယ် ရှေးဟောင်း နယ်မြေတွေကနေ ရလာတဲ့ လက်နက် အပိုင်းအစတွေလား …”

လီဖူချန်းက လက်နက် အကျိုးအပဲ့တွေ စုပုံထည့်ထားတဲ့ တောင်းကြီး တစ်လုံးကို လက်ညှိုးညွှန်ပြ လိုက်တယ်လေ။

ဆိုင်ဝန်ထမ်းလေးက တရိုတသေဖြင့် …

“ဟုတ်ပါတယ် သခင်လေး။ ဒီလက်နက် အပိုင်းအစ တစ်ခုချင်းစီကို ရွှေပြား တစ်ရာနဲ့ ဝယ်ယူလို့ ရရှိနိုင်ပါတယ်။ ဆယ်ခုဝယ်ရင် တစ်ခုအပို လက်ဆောင် ရပါမယ်။ သခင်လေး ဝယ်ယူတဲ့ ပစ္စည်း အရေအတွက် များလာတာနဲ့ အမျှ အပို လက်ဆောင်တွေ ပိုပြီး ရနိုင်ပါ သေးတယ်”

“ဟုတ်ပြီလေ။ ငါအရင် ကြည့်လိုက်ဦးမယ်”

လီဖူချန်းက လက်နက် အပိုင်းအစ တစ်ခုကို ကောက်ယူလိုက်ပြီး သေသေချာချာ ဆန်းစစ်ဖို့ ပြင်လိုက်ပါတယ်။

ဒီလက်နက် အပိုင်းအစတွေရဲ့ အဆင့်တွေကိုတော့ လက်နက် အပိုင်းအစတွေ ပေါ်မှာ ကျန်နေခဲ့တဲ့ အင်းကွက်တွေကို ကြည့်ရင်းနဲ့ သိနိုင်တယ်လေ။

လက်နက်ရဲ့ အဆင့်အတန်း ပိုမြင့် လာတာနဲ့အမျှ အင်းကွက်တွေက ပိုပြီး ထူးခြား ဆန်းကြယ်လေ့ ရှိတတ်တယ်ဆိုတဲ့ အချက်ကိုတော့ သိုင်းပညာရှင်တိုင်းက သဘောပေါက် ထားပြီးသားပါပဲ။

ဥပမာအားဖြင့် ဆိုရသော် လီဖူချန်းရဲ့ နက်ရွှေမှော်ဓားမှာ ပါတဲ့ အင်းကွက်တွေက ဆန်းကြယ် အလယ်အလတ် အဆင့် ရှိနေတယ်လေ။

အင်းကွက်တွေက လက်နက်တွေရဲ့ စွမ်းရည် အမျိုးမျိုးနဲ့ ထက်မြက်မှုကို ထောက်ပံ့ပေး နိုင်ပါတယ်။

လီဖူချန်း ကိုင်နေတဲ့ နက်ရွှေမှော်ဓားကို ဆိုရင် နက်ရွှေမှော် သတ္တုရိုင်းနဲ့ပဲ သွန်းလုပ် ထားတာပါ။ အင်းကွက်တွေ မပါတဲ့ နက်ရွှေမှော် ဓားတစ်လက်ကို ဆိုရင် ရွှေသား ထောင်ပိုင်းမျှသာ ပေးရပေမဲ့ ပန်းပဲပညာရှင် တစ်ယောက်က ရေးဆွဲထားတဲ့ အင်းကွက်တွေ ပါလာရင်တော့ ရွှေသား၅သောင်းနဲ့ အထက် ရှိသွားပါပြီ။

ဒီနက်ရွှေမှော်ဓား တစ်လက်ကို အပြင်ဘက် လောကမှာ လိုချင်ရင်တော့ ရွှေသား ၂သိန်းနီးပါး ပေးပြီး ဝယ်ရမှာပါ။

အရှေ့ ယူနီကွန်း တိုက်ကြီး တစ်ခုလုံးမှာ ဆိုရင်တော့ ဆရာသခင် ပန်းပဲပညာရှင် တွေကသာ ဆန်းကြယ် အဆင့်မြင့် လက်နက်တွေကို သွန်းလုပ်နိုင်လေ့ ရှိတာပါ။ ဆန်းကြယ် အထွတ်အထိပ် လက်နက်တွေကို သွန်းလုပ်နိုင်တဲ့ ပန်းပဲပညာရှင် တွေကိုတော့ လက်ရွေးစင် ဆရာသခင် ပန်းပဲ ပညာရှင်တွေလို့ ခေါ်ပါတယ်။ ထိုပညာရှင် တွေကိုတော့ မည်သည့် ဂိုဏ်းကမဆို လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်လေ့ ရှိတယ်လေ။

မြေကမ္ဘာအဆင့် လက်နက်တွေကို ဆိုရင်တော့ လက်ရွေးစင် ဆရာသခင် ပန်းပဲ ပညာရှင်တွေက မသွန်းလုပ် နိုင်တော့ပါဘူး။ အဲဒါကိုတော့ မဟာဆရာ သခင် ပန်းပဲ ပညာရှင်တွေ ကသာ တတ်နိုင်ပါတယ်။

နှမြောစရာ ကောင်းတာ တစ်ခုကတော့ အရှေ့ ယူနီကွန်း တိုက်ကြီး တစ်ခုလုံး မှာတောင်မှ မဟာဆရာ သခင်အဆင့် ပန်းပဲ ပညာရှင်တွေက တစ်ယောက်စ၊ နှစ်ယောက်စသာ ရှိတော့တယ်လို့ ထင်ရတော့ တာပါပဲ။

တစ်ယောက်မှ မရှိတော့တာလည်း ဖြစ်နိုင်ပါ သေးတယ်။

မိုးပြာရောင် ဂိုဏ်းမှာတော့ ပန်းပဲ ပညာရှင်ဆိုလို့ လက်နက်ပန်းပဲ ပညာရှင် တစ်ယောက်သာ ရှိသည်လေ။

မြေကမ္ဘာအဆင့် လက်နက် အကျိုးအပဲ့တွေက သိုင်းပညာရှင်တွေ အတွက်တော့ သိပ်ပြီး တန်ဖိုး မရှိလှပါဘူး။ ဒါပေမဲ့ လက်နက် ပန်းပဲပညာရှင်တွေ အတွက် ဆိုရင်တော့ အလွန်တရာမှကို တန်ဖိုးကြီးမားတဲ့ ရတနာတွေလို့ သတ်မှတ် နေနိုင်ပါပြီ။

လက်နက် အကျိုးအပဲ့တွေမှာ ကျန်နေခဲ့တဲ့ အင်းကွက်တွေကို လေ့လာရင်းနဲ့ သူတို့ရဲ့ ပန်းပဲ အတတ်ပညာကို တိုးတက်လာအောင် လေ့လာနိုင်တဲ့ အားသာချက်ကြောင့် သည်မြေကမ္ဘာ အဆင့် လက်နက် အကျိုးအပဲ့တွေက ပန်းပဲ ပညာရှင်တွေ အတွက်တော့ တန်ဖိုး မဖြတ်နိုင်တဲ့ ရတနာတွေ ဖြစ်နေရ တာပါပဲ။

လက်နက် အကျိုးအပဲ့ အပိုင်းအစ တစ်ခုကို ကောက်ယူပြီး လီဖူချန်းက စိတ်အာရုံ အသိနဲ့ စစ်ဆေးကြည့် လိုက်ပါတယ်။

လီဖူချန်းက အကျယ်ကြီး အော်ရယ်ချင် စိတ်ကိုတောင် ထိန်းမထား နိုင်တော့ပါဘူး။

ဒီလက်နက် အပိုင်းအစက အဝါရောင် အထွတ်အထိပ် လက်နက်ရဲ့ အပိုင်းအစ တစ်ခုလေ။ ဒါက ဘယ်လိုလုပ်ပြီး ရှေးဟောင်း နယ်မြေတွေက ရလာတဲ့ လက်နက် အပိုင်းအစတွေ ဖြစ်နိုင်မှာတုန်း။ ဒီလက်နက်ရဲ့ အပေါ်မှာတော့ ရိုးရှင်းတဲ့ အင်းကွက်လေးပဲ ရှိနေတာပါ။ ဒါကို ဆိုင်ရှင်က အပေါ်ကနေ ထပ်ပြီး လူရှိန်အောင် ထူးဆန်းတဲ့ အင်းကွက်တွေကို ပြန်ထပ်ရေး ထားတယ်လေ။ အပြင်ပန်းကနေ ကြည့်လိုက်ရင်တော့ လုံးဝကို ထူးဆန်းတဲ့ လက်နက် အပိုင်းအစပေ့ါလေ။ တကယ့် တကယ်တမ်းမှာတော့ အဝါရောင် အထွတ်အထိပ် အဆင့် လက်နက် အပိုင်းအစလေး တစ်ခုပါပဲ။

ရိုးသားပြီး တုံးအတဲ့ သိုင်းပညာရှင်တွေ အတွက်ကတော့ ဒါကြီးက အတော်လေး တန်ဖိုး ရှိတယ်လို့ ထင်မြင် သွားစေနိုင် ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အပေါ်ကနေ ထပ်ပြီး ဆွဲထားတဲ့ အင်းကွက် အတုကို သူတို့တွေက သတိမပြုမိ နိုင်လောက်တဲ့ အထိ လက်ရာမြောက် နေလို့ပါပဲ။

ဒါပေမဲ့ သည်အင်းကွက် အတုက လီဖူချန်းရဲ့ အသိစိတ် အာရုံကိုတော့ မကျော်လွှား နိုင်ခဲ့ပါဘူး။ လီဖူချန်းရဲ့ အသိစိတ် အာရုံက ကောင်းကင်နယ်ပယ် ပညာရှင်တွေ ကိုတောင် ယှဉ်နိုင်တဲ့ အဆင့် အထိကို ရောက်နေပါပြီ။ ဘယ်လောက် အထိ အစွမ်းထက် နေပြီလဲ ဆိုတာကိုတော့ လီဖူချန်း ကိုယ်တိုင်လည်း သေသေချာချာ မသိသေး ပါဘူးလေ။

တစ်ချက် စစ်ဆေး လိုက်တာနဲ့ လီဖူချန်းကတော့ အင်းကွက် နှစ်ခုရဲ့ ကွာခြားမှုကို သတိပြုမိ လိုက်ပါတယ်။ အဲသည်အတွက် သူက ရှောင်ကိုင်ပြောတဲ့ စကားကို ယုံသွားပါပြီ။

လီဖူချန်းက သူ့လက်ထဲက လက်နက် အကျိုးအပဲ့ကို ချပြီး နောက်ထပ် နှစ်ခုကို စစ်ဆေးကြည့် ပြန်ပါတယ်။

ဒီတစ်ခါမှာတော့ ပထမဆုံး အကြိမ်ထက်ကို ပိုဆိုးနေ ပါသေးတယ်။ တစ်ခုက အဝါရောင် အဆင့်မြင့် လက်နက် အကျိုးအပဲ့ တစ်ခုဖြစ်ပြီး နောက်တစ်ခုကဆို ဘာပြောလို့ ပြောရမှန်း မသိတဲ့ အထိတောင်ပါပဲ။ ရေးထိုးထားတဲ့ အင်းကွက်တွေ ကလည်း တော်တော် ဆိုးဆိုးဝါးဝါးကို ဖြစ်နေတယ်လေ။

စိတ်အသိ အာရုံက အသုံးပြုထားတဲ့ လီဖူချန်းက သိပ်ပြီး အားစိုက်စရာ မလိုဘဲ လက်နက် အပိုင်းအစ တော်တော်များများကို စစ်ဆေးပြီး သွားပါပြီ။ စိတ်ပျက် စရာပါပဲ။ အခုထက်ထိကို ဆန်းကြယ်အဆင့် လက်နက် အကျိုးအပဲ့တွေ မတွေ့သေးပါဘူး။

“မအေပေး ဆိုင်ရှင် ... ငါ့ကို အချဉ်ဆိုပြီး လာဂျင်းထည့်ချင် နေတာပဲ။ ဝင်လာပြီး မှတော့ မထူးပါဘူးကွာ။ နောက်ထပ် နည်းနည်းလောက်တော့ ထပ်စစ်ဆေး ကြည့်လိုက်ဦးမယ်”

လီဖူချန်းက 'ငါးမရ ရေချိုးပြန်’ဆိုသလို မျက်လုံးထဲတွေ့ရာ လက်နက် အပိုင်းအစ တစ်ခုကို ကောက်ယူ လိုက်ပါတယ်။

သည်လက်နက် အပိုင်းအစ ကတော့ ဒီဆိုင်ထဲကို ရောက်နေတာ အတော်လေး ကြာနေတဲ့ ပုံပါပဲ။ ဖုန်တွေတောင် တက်လို့ နေပါပြီ။

“ငါ့လခွီး ... ဒါက ဆန်းကြယ် အဆင့်ပဲဟ”

သည်ပစ္စည်း ကိုယ်တိုင်ကိုက ဆန်းကြယ်အဆင့် လက်နက်ပါ။ အပေါ်မှာ ထွင်းထားတဲ့ အင်းကွက်ကတော့ ဘယ်အဆင့် အထိ ရှိနေမှန်းကို သေသေချာချာ မခန့်မှန်း နိုင်သေးပါဘူး။ ဒါပေမဲ့ သေချာတာ တစ်ခုကတော့ သည်ပစ္စည်းနဲ့ အင်းကွက်က လုံးဝကို လူတစ်ယောက်တည်းက သွန်းလုပ် ထားတာပါ။ ဒီအရာနှစ်ခုက လုံးဝကို သဟဇာတ ဖြစ်နေပါတယ်။

လီဖူချန်းက သူ့ရဲ့ အသိစိတ် အာရုံကို အသုံးပြုပြီး နောက်ထပ်တစ်ဖန် သေသေချာချာ ပြန်စစ်ဆေး လိုက်ပါသေးတယ်။

သေချာပါပြီ။

လုံးဝကို သေချာပေါက်ပါပဲ။ သည်လက်နက်က သာမန် လက်နက်မျိုး မဖြစ်နိုင်ပါဘူး။ သည်အပိုင်းအစရဲ့ အပေါ်မှာ ရှိနေတဲ့ အင်းကွက်တွေက နက်ရွှေမှော် ဓားမှာ ရှိနေတဲ့ အင်းကွက်တွေ ထက်ကို ပိုထူးခြား ဆန်းကြယ်နေပါတယ်။

"ဒါကြီးက ဆန်းကြယ် အဆင့်မြင့် ဒါမှမဟုတ် ဆန်းကြယ် အထွတ်အထိပ် လက်နက်ရဲ့ အစိတ်အပိုင်း တစ်ခု ထင်တယ်”

လီဖူချန်း ကိုယ်တိုင်ကလည်း မသေချာ မရေရာ ပါပဲလေ။

***

All Chapters