မြေကမ္ဘာအဆင့် လက်နက် အပိုင်းအစ
Vol. 15 Ch. 198
‘ငါသည်လက်နက် အပိုင်းအစ ကို ဝယ်သွားတော့မယ်’
လီဖူချန်းက ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချလိုက်ပါတယ်။ ထို့နောက်မှာတော့ လီဖူချန်းက နောက်ထပ် လက်နက် အပိုင်းအစလေးများ ထပ်တွေ့ဦးမလား ဆိုပြီး ဆက်လက် ရှာဖွေနေပါပြီ။
နှစ်နာရီလောက် အကြာမှာတော့ လီဖူချန်းက နောက်ထပ် လက်နက် အပိုင်းအစ ၁၀ခုလောက်ကို ထပ်တွေ့ခဲ့ ပါတယ်။
သည်လက်နက် အပိုင်းအစတွေမှာ ဆန်းကြယ်အဆင့် လက်နက် အပိုင်းအစတွေ ကပဲ တန်ဖိုးရှိတာ ဖြစ်တဲ့အတွက် လီဖူချန်းက အဝါရောင် အဆင့်တွေကိုတော့ လုံးဝကို စိတ်မဝင်စား ခဲ့ပါဘူး။
ဒီလိုနဲ့ပဲ လီဖူချန်းက လက်နက် အပိုင်းအစ ၁၀ခုစလုံးကို ဝယ်ယူဖို့ ဆုံးဖြတ် လိုက်ပါပြီ။
“ကျုပ် သည်လက်နက် အပိုင်းအစ ၁၀ခုကို ယူမယ်”
လီဖူချန်းက ဆိုင်ဝန်ထမ်းလေးကို ပြောလိုက်ပါတယ်။
“ဟုတ်ကဲ့ပါ သခင်လေး။ ကျွန်တော် ဆိုင်မန်နေဂျာကို သွားပြောပေး ပါ့မယ်” ဆိုင်ဝန်ထမ်းလေးက အလျင်အမြန်ပဲ ဆိုင်မန်နေဂျာကို သွားရောက် ခေါ်ယူဖို့ ထွက်သွား ခဲ့ပါပြီ။
လီဖူချန်း ဝင်ရောက်ခဲ့တဲ့ ရှေးဟောင်း ပစ္စည်းဆိုင်ရဲ့ နာမည်ကတော့ မဟာလက်နက် ကိရိယာ ဆိုင်လို့ အမည် ရပါတယ်။ အစောပိုင်းတုန်းက လီဖူချန်းကို ဖိတ်ခေါ်ခဲ့တဲ့ ဆိုင်ပိုင်ရှင်ကိုတော့ မတွေ့ရတော့ပါဘူး။ ဆိုင်မန်နေဂျာကပဲ ရောင်းချတဲ့ အလုပ်ကို တာဝန်ယူထား ပုံပါပဲ။
သိပ်မကြာခင်မှာပဲ ဆိုင်မန်နေဂျာဟု ထင်ရသည့် လူတစ်ယောက်က ပျားရည် ဆမ်းထားသည့် အပြုံးများကို တန်ဆာဆင်ကာ လီဖူချန်းဆီကို ရောက်လာ ပါတော့တယ်။
“သခင်လေးက ၁၀ခုယူမယ် ဆိုတော့ တစ်ခုအပို ရပါလိမ့်မယ်။ အားလုံး စုစုပေါင်း ရွှေပြား တစ်သောင်း ကျသင့်ပါတယ် ခင်ဗျာ”
ဆိုင်မန်နေဂျာက ပြုံးရလွန်းလို့ မျက်စိတောင် ပျောက်နေပါပြီ။
ရွှေပြားတစ်သောင်း ဆိုတာက နည်းတဲ့ ပမာဏတော့ မဟုတ်ပါဘူးလေ။ သာမန်နေ့တွေမှာ ဆိုရင် မဟာ လက်နက် ကိရိယာဆိုင်ရဲ့ တစ်နေ့တာ ဝင်ငွေက ရွှေပြား ၂၀၀လောက်သာ ရှိပါတယ်။ ဒီလို လက်နက် အစုတ်အပဲ့တွေကို ရွှေပြားတစ်သောင်း ပေးပြီး ဝယ်တယ် ဆိုတာက ကြုံတောင့်ကြုံခဲ အခြေအနေ တစ်ခုပင် မဟုတ်ပါလား။
***
ရွှေပြားတွေကို ပေးချေပြီး နောက်မှာတော့ လီဖူချန်းက မဟာ လက်နက်ကိရိယာ ဆိုင်ကနေ ထွက်ခွာ လာခဲ့ပါတယ်။
‘ငါက သည်ပစ္စည်း အကျိုးအပဲ့ရဲ့ အဆင့်အတန်းကို အခုထိ သေချာ မခွဲခြားနိုင်သေးဘူး။ တခြား လက်နက် အရောင်းဆိုင် တစ်ဆိုင်ကို ရှာပြီး သွားပြကြည့်ရင် ကောင်းမယ်နဲ့ တူတယ်’ လီဖူချန်းက ရုတ်တရက် ဆိုသလို အကြံတစ်ခု ရလိုက်ပါတယ်။
လက်နက် အရောင်းဆိုင်တွေ ကတော့ ရှေးဟောင်းပစ္စည်း လမ်းကြားထဲမှာ တည်ရှိ မနေပါဘူး။ ဓားပျံတစ်ထောင် မြို့ရဲ့ လက်နက် အရောင်းဆိုင်တွေ ကိုတော့ ရှေးဟောင်းပစ္စည်း လမ်းကြားရဲ့ နောက်တစ်လမ်း ဖြစ်တဲ့ သံမဏိမြင်း လမ်းမမှာ တွေ့မြင်နိုင်ပါတယ်။
သံမဏိ မြင်းလမ်းမရဲ့ ထူးခြားချက် တစ်ခုကတော့ လမ်းရဲ့ အလယ်ကောင် တည့်တည့်မှာ သံမဏိ မြင်းရုပ်ကြီး တစ်ခု ရှိနေတာပါပဲ။
သံမဏိ မြင်းရုပ်ကြီးရဲ့ ညာဘက်မှာတော့ လက်ရွေးစင်ဟု အမည်ပေး ထားသည့် လက်နက် အရောင်းဆိုင် တစ်ဆိုင် ရှိနေပါတယ်။
“ဆရာ ... ဘယ်လို အမျိုးအစား လက်နက်တွေကို လိုအပ်နေပါသလဲ ခင်ဗျာ”
ဆိုင်မန်နေဂျာက လီဖူချန်းကို ယဉ်ကျေးစွာနဲ့ မေးလိုက်ပါတယ်။
လီဖူချန်းက ပြုံးလိုက်ပြီး …
“မင်းတို့ဆိုင်ရဲ့ ဈေးအကြီးဆုံး လက်နက် အဆင့်အတန်းက ဘာလဲ ...”
ဆိုင်မန်နေဂျာက မျက်ခုံး ပင့်လိုက်ပြီး …
“ကျွန်တော်တို့ လက်ရွေးစင် လက်နက် အရောင်းဆိုင်မှာတော့ အားလုံးက အရည်အသွေး ကောင်းတဲ့ လက်နက်တွေပါပဲ။ ဆိုင်မှာ ရှိတဲ့ အဆင့်အတန်း အမြင့်ဆုံး လက်နက်ကတော့ ဆန်းကြယ် အလယ်အလတ် အဆင့် လက်နက်တွေပါပဲ။ ဒါပေမဲ့ ဒီလက်နက် တစ်ခုကို ရွှေပြား တစ်သိန်းရှစ်သောင်း အတိနဲ့ ရောင်းတာပါ။ လုံးဝ ဈေးမလျော့ပါဘူး”
ဆန်းကြယ် အဆင့်မြင့် လက်နက်တွေ ကိုတော့ ပန်းပဲဆရာ သခင်တွေပဲ သွန်းလုပ်နိုင်တာပါ။ လက်ရွေးစင် လက်နက် အရောင်းဆိုင်မှာတော့ ပန်းပဲ ဆရာသခင်တွေ မရှိပါဘူး။ ဒါကလည်း သူတို့ အပြစ်တော့ မဟုတ်ပါဘူးလေ။ လူဦးရေ ၄သန်းလောက်ရှိတဲ့ ဓားပျံတစ်ထောင် မြို့တစ်ခုလုံး မှာတောင်မှ ဆန်းကြယ် အလယ်အလတ် အဆင့်ရှိတဲ့ လက်နက်တွေကို ဝယ်ယူတဲ့ အကြိမ် အရေအတွက်က သိပ်မရှိပါဘူး။ ဆန်းကြယ် အဆင့်မြင့် လက်နက်မျိုးဆို ပိုပြီးလို့တောင် ဆိုးပါသေးတယ်။ ဆန်းကြယ် အဆင့်မြင့် လက်နက်မျိုး ဆိုတာက မြေကမ္ဘာ ပညာရှင်တွေ တောင်မှ ဝယ်ယူဖို့ လုံလောက်တဲ့ အထိ မချမ်းသာ ကြွယ်ဝသေးပါဘူး။ ကောင်းကင်နယ်ပယ် ပညာရှင်တွေ မှသာ ဝယ်ယူနိုင်စွမ်း ရှိပါလိမ့်မယ်။
“အိုး ... ဆန်းကြယ် အလယ်အဆင့်ပဲ ရှိတာလား။ ဒါဆိုရင် မြို့ထဲမှာ ဆန်းကြယ် အဆင့်မြင့် လက်နက်တွေ ရောင်းတဲ့ဆိုင် မရှိတော့ဘူးပေါ့”
လီဖူချန်းက ဆန်းကြယ် အလယ်အလတ် လက်နက်တွေကိုတော့ စိတ်မဝင်စား ပါဘူးလေ။
ဆိုင်မန်နေဂျာက စိတ်ပျက် လက်ပျက်ကို ဖြစ်သွားခဲ့ ပါတယ်။ ဒါပေမဲ့လည်း သူက အတတ်နိုင်ဆုံး ပြုံးထားပြီး …
“ဓားပျံတစ်ထောင် မြို့ထဲမှာတော့ ဆန်းကြယ် အဆင့်မြင့် လက်နက်တွေကို ဝင်္ကပါ လက်နက် ကိရိယာ ဆိုင်တစ်ဆိုင်မှာပဲ ရနိုင်ပါတယ်။ ဒါပေမဲ့ ဆရာ့လို မြေကမ္ဘာအဆင့် ပညာရှင် တစ်ယောက်က ဆန်းကြယ် အဆင့်မြင့် လက်နက် တစ်ခုနဲ့ လျှောက်သွားနေမယ် ဆိုရင်တော့ သိပ်အဆင် မပြေနိုင်ပါဘူး။ အခြားသော ပညာရှင်တွေက ဆရာ့ကို သတိပြုမိ သွားပြီး လုယက်ကြပါ လိမ့်မယ်”
လီဖူချန်းက ပြန်မရှင်းပြ ချင်တော့တဲ့ အတွက် ရယ်ပဲရယ် နေလိုက် ပါတော့တယ်။
ဆိုင်မန်နေဂျာ ပြောတာကလည်း ဟုတ်တော့ ဟုတ်ပါသည်လေ။ ဒီတိုက်ပွဲ တစ်ရာ နယ်မြေမှာ မြေကမ္ဘာအဆင့် ပညာရှင် တစ်ယောက်က ဆန်းကြယ် အဆင့်မြင့် လက်နက်ကြီး တကားကားဖြင့် သွားနေသည်က အလွန်ပင် မျက်စိစပါးမွေး စူးစရာပင် မဟုတ်ပါလော။
ဒါပေမဲ့လည်း လီဖူချန်းရဲ့ ရည်ရွယ်ချက်က လက်နက်ဝယ်ဖို့ မဟုတ်ပါဘူး။ သူက ဆန်းကြယ် အဆင့်မြင့် လက်နက်တွေ ပေါ်မှာ ထွင်းထုထားသည့် အင်းကွက်တွေကို လေ့လာချင်ယုံ သက်သက်ပါပဲ။
ဝင်္ကပါ လက်နက် ကိရိယာဆိုင်ရဲ့ တည်နေရာကို မေးမြန်းခဲ့ အပြီးမှာတော့ လီဖူချန်း တစ်ယောက် ဓားပျံတစ်ထောင် မြို့ရဲ့ အဓိက လမ်းမကြီး ဖြစ်တဲ့ ဓားပျံလမ်းမကို ရောက်ရှိ လာခဲ့ပါပြီ။
ဓားပျံ လမ်းမကြီး တစ်ခုလုံးရဲ့ လူအစည်ကား ဆုံးနဲ့ အခမ်းနားဆုံး နေရာကတော့ ဝင်္ကပါ လက်နက်ကိရိယာ ဆိုင်ပါပဲ။
ဝင်္ကပါလက်နက် ကိရိယာဆိုင်ရဲ့ ထူးခြားချက် တစ်ခုကတော့ အဝါရောင် အဆင့်် လက်နက်တွေကို လုံးဝကို မရောင်းတာပါပဲ။
သည်ဆိုင်က ဆန်းကြယ်အဆင့် လက်နက်တွေကို သာလျှင် တသီးတသန့် ရောင်းချပါတယ်။
သည်ဆိုင် အတွင်းမှာတော့ မြေကမ္ဘာအဆင့် ပညာရှင်တွေ သာမက ကောင်းကင်အဆင့် ပညာရှင်တွေပါ လက်နက်တွေကို ဝယ်ယူဖို့ ရောက်ရှိ နေကြတယ်လေ။
“မင်္ဂလာပါ ဆရာလေး။ ဘယ်လို လက်နက် အမျိုးအစားကို ရှာနေပါလဲ ခင်ဗျာ”
လီဖူချန်းက ဆိုင်ထဲကို လှမ်းဝင် လိုက်တာနဲ့ ဝန်ထမ်း တစ်ယောက်က ပြေးလာပြီး ခရီးဦးကြို ပြုလိုက်ပါတယ်။
သည်ဆိုင်ရဲ့ မန်နေဂျာကတော့ ကောင်းကင်နယ်ပယ် ပညာရှင် တစ်ယောက်ကို ဝန်ဆောင်မှု ပေးနေသည့် ပုံပါပဲ။
လီဖူချန်းက ခေါင်းညိတ်လိုက်ပြီး လိုရင်းကို ပြောလိုက်ပါတယ်။
"ဆန်းကြယ် အဆင့်မြင့် လက်နက်”
ဆိုင်ဝန်ထမ်းလေးက လီဖူချန်းရဲ့ ဟိတ်ဟန်ကို မြင်ပြီး အနည်းငယ် ကြောက်ရွံ့ သွားသလို ခံစားလိုက် ရပါတယ်။
‘ကြည့်ရတာ သည်လူက အဓိက ကလန် တစ်ခုခုကနေ ဆင်းသက်လာတဲ့ သခင်လေး တစ်ယောက်များလား ...”
ဆန်းကြယ် အဆင့်မြင့် လက်နက်တွေ ဆိုတာက ရွှေပြား သိန်းသန်းချီ တန်ဖိုး ရှိတာလေ။ ကောင်းကင်နယ်ပယ် ပညာရှင်တွေကို ကျောထောက်နောက်ခံ ပြုထားတဲ့ အဓိက ကလန်တွေရဲ့ သခင်လေးတွေမှသာ ဒီလို စကားမျိုးကို ပြောရဲတာပါ။
“ဆရာလေး ခင်ဗျား ... ကျေးဇူးပြုပြီး ကျွန်တော့်နောက်က လိုက်ခဲ့ပေးပါ”
ဝင်္ကပါ လက်နက် ကိရိယာဆိုင်ရဲ့ ဆန်းကြယ် အဆင့်မြင့် လက်နက်တွေ ကိုတော့ ဒုတိယထပ်မှာပဲ ထားရှိတာပါ။
ဒုတိယထပ်ကို အရောက်မှာတော့ ဆိုင်ဝန်ထမ်းလေးက သေသေချာချာ ရှင်းပြပါတယ်။
“ကြည့်ပါ ဆရာလေး။ သည်လက်နက်တွေ အားလုံးက ဆန်းကြယ်အဆင့် လက်နက်တွေချည်းပါပဲ။ ဆေဘာတွေ၊ လှံတံတွေ၊ ဓားတွေနဲ့ ပုဆိန်တွေ အကုန်လုံးက ကျွန်တော်တို့မှာ ရှိတာ အကုန်ပါ”
“ဒါဆိုရင် ဒါတွေအားလုံးက ဆန်းကြယ် အဆင့်မြင့် လက်နက်တွေ ချည်းပဲပေါ့လေ။ သည်လက်နက်တွေ အားလုံးက တော်တော်ကို ထူးခြားမယ့် ပုံပဲ”
လီဖူချန်းက ဓားတစ်လက်ကို ကောက်ယူပြီး ဆန်းစစ်ကြည့် လိုက်ပါတယ်။ သည်ဓားကတော့ ငွေရောင်ရင့်ရင့် ရှိပြီး လက်ထဲမှာကို အလေးချိန် တော်တော်လေး စီးနေတယ်လေ။ ကြည့်ရတာတော့ ၂၅၀ ကီလိုဂရမ်လောက်ကို ရှိမည့်ပုံပါပဲ။ ဓားကို ဓားအိမ်ထဲ ကနေ ဆွဲထုတ် ကြည့်လိုက်တဲ့ အခါမှာတော့ ငွေရောင်ရင့်ရင့် အလင်းတန်း တစ်ခုက ထွက်ပေါ် လာခဲ့ပါပြီ။ လီဖူချန်းက ဆံစတစ်ခုကို နုတ်ယူပြီး လေနဲ့မှုတ် ကြည့်လိုက်တဲ့ အခါမှာတော့ ထိုဆံစက နှစ်ပိုင်းပြတ် သွားခဲ့သည်လေ။
“ထက်လိုက်တဲ့ ဓားချီပါလား ...”
လီဖူချန်းက ကျေနပ်နှစ်သိမ့် သွားပါတယ်။
သူ့ရဲ့နက်ရွှေမှော် ဓားတောင်မှ သည်ဓားရဲ့ ၃၀ရာခိုင်နှုန်းလောက်ကို မမီနိုင် သေးပါဘူး။
သည်လို လက်နက်မျိုးတွေ ကိုတော့ ဆရာသခင် ပန်းပဲပညာရှင် တွေမှသာ သွန်းလုပ် နိုင်မှာပါ။
သည်လက်နက်တွေမှာ လိုအပ်တဲ့ အင်းကွက်တွေက အတော်ကြီးကို အဆင့်မြင့်မှကို ဖြစ်နိုင်မည်လေ။
လီဖူချန်းက သူ့ရဲ့ အသိစိတ် အာရုံကို ဓားတစ်လျှောက် တွန်းပို့လိုက်ပြီး ကောင်းကောင်းကြီး လေ့လာ ဆန်းစစ် နေခဲ့ပါတယ်။
လီဖူလျန်းက အနည်းငယ်တောင် တုန်လှုပ် သွားသလိုပါပဲ။ သည်ဓားရဲ့ အဆင့်အတန်းက ဆန်းကြယ် အဆင့်မြင့် ဖြစ်ပေမဲ့လည်း ဓားမှာပါနေတဲ့ အင်းကွက်ကတော့ သူဝယ်လာတဲ့ လက်နက် အကျိုးအပဲ့ပေါ်က အင်းကွက်ထက်ကို အတော်များများ အဆင့်နိမ့် နေသေးတယ်လေ။
‘သည်အတိုင်း ဆိုရင်တော့ ငါဝယ်လာတဲ့ လက်နက် အပိုင်းအစက အနိမ့်ဆုံး အနေနဲ့ ဆန်းကြယ် အဆင့်မြင့် အဆင့်မှာရှိနေတဲ့ လက်နက်တစ်ခု ဆိုတာ သေချာနေပြီ’
လီဖူချန်းက သေသေချာချာ လေ့လာပြီး နောက်မှာတော့ သည်ဓားကို စိတ်မဝင် စားတော့ပါဘူး။
“ကျွန်တော့်ကို ဆန်းကြယ် အထွတ်အထိပ် အဆင့် လက်နက်တွေ ပြပေးပါလား ...”
ဆိုင်ဝန်ထမ်းလေးက မဝံ့မရဲဖြင့် …
“ဆန်းကြယ် အထွတ်အထိပ် လက်နက်တွေက ဝင်္ကပါ လက်နက် ကိရိယာဆိုင်ရဲ့ ရတနာတွေပါ။ သခင်လေးက လက်နက် တစ်ခုခုကို ဝယ်ဖို့ သေချာတယ် ဆိုရင်တော့ ကျွန်တော်က ဆိုင်မန်နေဂျာကို သွားပြောပေးလို့ ရပါတယ်။ ဒါပေမဲ့ သခင်လေးက ကြည့်ရုံတင် ကြည့်မယ် ဆိုရင်တော့ အဆင်မပြေ လောက်ပါဘူး”
“ဘာလဲ ... ငါက ကြည့်ရုံလေးတောင် ကြည့်လို့ မရဘူးလား။ ကိုယ်ဝယ်မယ့် လက်နက်ကို မကြည့်ဘဲနဲ့ ငါက ဘယ်လိုလုပ်ပြီး ဝယ်ရမှာလဲကွ”
လီဖူချန်းက လေသံမာမာဖြင့် ဆိုလိုက်ပါတယ်။
လီဖူချန်းကို အဓိက ကလန်ကြီး တစ်ခုက သခင်လေး တစ်ယောက်လို့ မှတ်ယူထားတဲ့ ဆိုင်ဝန်ထမ်းလေး ကတော့ ဆိုင်မန်နေဂျာကို သွားရောက် ခေါ်ဆောင်ဖို့ အပြေးလေး ထွက်သွား ခဲ့ပါပြီ”
သိပ်မကြာခင်မှာပဲ ဆိုင်မန်နေဂျာက လီဖူချန်းဆီကို ကမျောကသောဖြင့် ရောက်လာပါတယ်။
“သည်က သခင်လေး။ သခင်လေးက ဆန်းကြယ် အထွတ်အထိပ် လက်နက်တွေကို ကြည့်ချင် နေတယ်လို့ ဆိုင်ဝန်ထမ်း တစ်ယောက်က ပြောပါတယ်။ သခင်လေးရဲ့ မျိုးရိုး နာမည်ကို ကျွန်တော် သိခွင့်ရှိမလား ခင်ဗျာ”
ဆိုင်မန်နေဂျာက လီဖူချန်းက တရိုတသေဖြင့် မေးလိုက်ပါတယ်။
လီဖူချန်းက ခပ်ပြတ်ပြတ် လေသံဖြင့် …
“ငါ့ရဲ့ မျိုးရိုးနာမည် ကတော့ ချန်းပဲ”
လီဖူချန်းရဲ့ မျိုးရိုး နာမည်ကို ကြားသိပြီးတာနဲ့ တစ်ပြိုင်နက် ဆိုင်မန်နေဂျာရဲ့ ဦးနှောက်ကတော့ တော်တော်လေး အလုပ်လုပ်လိုက် ရပါပြီ။
ကြည့်ရတာ မုန်တိုင်းမြို့က ချန်းကလန် များလား။
ချန်းကလန် ဆိုတာက တိုက်ပွဲတစ်ရာ နယ်မြေမှာ တော်တော်လေး နာမည်ရှိတဲ့ ကလန်တစ်ခုပါ။
သူတို့ကလန် တည်ရှိရာ မုန်တိုင်းမြို့ ဆိုတာကလည်း လူဦးရေ ၁၀သန်းလောက်ကို ရှိပါတယ်။ မုန်တိုင်းမြို့ရဲ့ အကျော်ကြားဆုံး ကလန်ကတော့ ချန်းကလန်ပါပဲ။ ချန်းကလန်မှာက ကောင်းကင်နယ်ပယ် ပညာရှင် အယောက်၂၀ကျော်တောင် ရှိနေသည်လေ။
သူ့ရှေ့မှာ ရောက်နေတဲ့ လူရွယ်ကသာ ချန်းကလန်က သခင်လေး ဆိုရင်တော့ လုံးဝကို အရောင်းအဝယ်ကြီး တစ်ခု ဖြစ်လာမှာပါပဲ။
ဆိုင်မန်နေဂျာက ရိုသေ လေးစားစွာဖြင့် မေးလိုက်ပါတယ်။
“ဆရာလေးက မုန်တိုင်း မြို့တော်က ချန်းကလန်က များလား ခင်ဗျာ ...”
လီဖူချန်းက သူ့ရဲ့ မေးခွန်းကို တိုက်ရိုက် မဖြေဘဲ …
“ငါက ချန်းကလန်က မဟုတ်ဘူး ဆိုရင် ဆန်းကြယ် အထွတ်အထိပ် လက်နက်တွေကို ဝယ်လို့ မရဘူးလား ...”
“မဟုတ်ရပါဘူး ဆရာလေးရယ် ...။ ဆရာလေးကတော့ အထင်တွေ လွဲနေကုန်ပါပြီ။ ကျေးဇူးပြုပြီး ကျွန်တော့်နောက်က လိုက်ခဲ့ပါ ဆရာလေးရယ်”
လီဖူချန်းရဲ့ လေသံနဲ့ အသွင်အပြင်ကို ကောင်းကောင်းကြီး အကဲခတ်ပြီးတဲ့ နောက်မှာတော့ ဆိုင်မန်နေဂျာက လီဖူချန်းကို ချန်းကလန်ရဲ့ အရေးကြီး အဖွဲ့ဝင် တစ်ယောက်ဟု တထစ်ချ မှတ်ယူ လိုက်ပါပြီ။
ဆန်းကြယ် အထွတ်အထိပ် အဆင့် လက်နက်တွေကိုတော့ ဝင်္ကပါ လက်နက် ကိရိယာဆိုင်ရဲ့ တတိယထပ်မှာ ထားရှိပါတယ်။
တတိယထပ်ရဲ့ နံရံပေါ်မှာတော့ ဆန်းကြယ် အထွတ်အထိပ် အဆင့် လက်နက်၃ခုကို ခင်းကျင်း ပြသထားပါတယ်။
အဲသည် လက်နက် တစ်ခုချင်းစီ မှာတော့ သတ်ဖြတ်ပြီး အငွေ့အသက်တွေ တထောင်းထောင်း ထနေပြီး လက်နက်တွေကပဲ အသက် ဝင်လာပြီး အသက် ဝင်လာကာ သတ်ဖြတ်တော့မည့် အလားပါပဲ။
ဒါပေမဲ့ အဲသည် လက်နက်တွေ ထဲမှာတော့ ဓားတစ်စင်းမျှ မပါပါဘူး။
လီဖူချန်းက ဆန်းကြယ် အထွတ်အထိပ် အဆင့် လက်နက် တစ်ခုကို ရွေးယူလိုက်ပြီး အသိစိတ် အာရုံကို ပို့ဆောင် လိုက်ပါတော့တယ်။
‘အား ... သည်အင်းကွက်တွေက အတော်လေးကို အားကောင်း လှချည်လား ... '
လီဖူချန်းက ပါးစပ် အဟောင်းသား ဖြစ်သွားခဲ့ ရပါပြီ။
လီဖူချန်း ရွေးယူထားတဲ့ ဆန်းကြယ် အထွတ်အထိပ် လက်နက်ကတော့ ရဲတင်းကြီး တစ်လက်ပါပဲ။ သည်ရဲတင်းကြီးမှာ ပါတဲ့ အင်းကွက်တွေက လုံးဝကို လက်ဖျားခါ လောက်ပါတယ်လေ။
ဒါပေမဲ့လည်း သူဝယ်ယူလာတဲ့ လက်နက် အပိုင်းအစနဲ့ ယှဉ်ရင်တော့ အနည်းငယ်လောက် အဆင့်နိမ့် နေသေးသလိုပါပဲ။
လီဖူချန်း ဝယ်လာတဲ့ လက်နက် အပိုင်းအစပေါ်က အင်းကွက်တွေက ပိုပြီး အသေးစိတ် သလို ပိုပြီးလည်း လက်ရာ မြောက်ပါတယ်။ ဒါတောင် လက်နက် အပိုင်းအစလေး တစ်ခုပေါ်က အင်းကွက်လေးပဲ ရှိပါသေးတယ်။
အခုချိန်မှာတော့ လီဖူချန်းက သည်လက်နက် အပိုင်းအစရဲ့ မူလအဆင့်ကို ကောင်းကောင်းကြီး မှန်းဆ နိုင်ခဲ့ပါပြီ။ သည်လက်နက် အပိုင်းအစက မြေကမ္ဘာအဆင့် လက်နက်ရဲ့ အပိုင်းအစ တစ်ခုပါပဲ။
***