← Chapters

သစ်ရွက် တောလမ်းကြား

Vol. 15 Ch. 199

သစ်ရွက် တောလမ်းကြား

Vol. 15 Ch. 199

“သည်ဆိုင်က တခြားသူတွေ ညွှန်းတာနဲ့ တကယ်ပဲ ထိုက်တန်တာပဲ။ အရှေ့ ယူနီကွန်း တိုက်ကြီး တစ်ခုလုံးမှာ ဆိုရင်တော့ အံ့ဖွယ် ကိရိယာ ဂိုဏ်းသာလျှင် သည်လို လက်နက်တွေကို ရောင်းနိုင်တယ်”

ဝင်္ကပါ လက်နက် ကိရိယာဆိုင်က သီးခြား ရပ်တည်နေတဲ့ ဂိုဏ်းတစ်ဂိုဏ်း မဟုတ်ပါဘူး။ သည်ဆိုင်ရဲ့ နောက်မှာ ကျောထောက် နောက်ခံပြုထားတဲ့ ဂိုဏ်းကြီးတစ်ခု ရှိနေပါတယ်။ အဲသည် ဂိုဏ်းကတော့ အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးမှာ ကျော်ကြားတဲ့ အံ့ဖွယ် ကိရိယာ ဂိုဏ်းပါပဲ။

အံ့ဖွယ် ကိရိယာဂိုဏ်းက လက်နက် ပစ္စည်းတွေ သွန်းလုပ်တဲ့ နေရာမှာ နာမည် ကျော်ကြားပါတယ်။

ပုံမှန် ဂိုဏ်းတစ်ဂိုဏ်း မှာတော့ လက်ရွေးစင် ဆရာသခင် ပန်းပဲပညာရှင် တစ်ယောက် ရှိနေရင်တောင် အတော်လေး ကံကောင်းလှပြီလို့ ဆိုနိုင်ပါတယ်။

ဒါပေမဲ့ အံ့ဖွယ် ကိရိယာ ဂိုဏ်းမှာတော့ လက်ရွေးစင် ဆရာသခင် ပန်းပဲပညာရှင် တစ်ယောက်လောက်နဲ့ မလုံလောက်ပါဘူး။ သူတို့မှာက လက်ရွေးစင် ဆရာသခင် ပန်းပဲပညာရှင် ဒါဇင်နဲ့ ချီပြီး ရှိနေသည်လေ။ သူတို့ကိုသာ လုံလောက်တဲ့ ပါဝင်ပစ္စည်းတွေ ပေးနိုင်မယ် ဆိုရင် သင့်အတွက် ဆန်းကြယ် အထွတ်အထိပ် လက်နက်တွေကို သွန်းလုပ်ပေး နိုင်စွမ်း ရှိပါတယ်။

တိုက်ပွဲတစ်ရာ နယ်မြေထဲမှာ ရှိသမျှ မြို့တိုင်းမှာတော့ အံ့ဖွယ်ဂိုဏ်းက ဖွင့်လှစ်ထားတဲ့ လက်နက် ကိရိယာဆိုင်တွေ ရှိနေကြသည်လေ။

ဆိုင်တိုင်း ဆိုင်တိုင်းမှာလည်း ဆန်းကြယ် အထွတ်အထိပ် လက်နက်တွေကို အနည်းဆုံး တစ်ခုကနေ အများဆုံး ငါးခုအထိ ခင်းကျင်း ပြသထားပါတယ်။

ဒါပေမဲ့ တစ်ခု သတိပြုရမှာက သည်ဆန်းကြယ် အထွတ်အထိပ် လက်နက်တွေရဲ့ ဈေးက အလွန်တရာမှ ခေါင်ခိုက်နေတယ် ဆိုတာပါပဲ။

လီဖူချန်းအခု တွေ့မြင်နေရတဲ့ ဆန်းကြယ် အထွတ်အထိပ် အဆင့် လက်နက် ၃ခုမှာဆိုရင် ဈေးအနည်း ကတောင် ရွှေပြား ၆သန်းနီးပါး ရှိပါတယ်။ ဈေးအကြီးဆုံး ကတော့ ရွှေပြား၈သန်း ပေါ့လေ။ ဒါကြီးက နေ့ခင်းကြောင်တောင် အေးဓားပြ တိုက်နေသလား လို့တောင် ခံစားသွားစေ ရမှာပါ။

ရွှေပြား ၈သန်းကိုသာ ပုံချလိုက်မယ် ဆိုရင် တောင်ပူစာ တစ်လုံးမျှတောင် ဖြစ်သွားနိုင်သည် မဟုတ်ပါလား။

လီဖူချန်းရဲ့ အံ့ဖွယ်ဂိုဏ်း အပေါ် ချီးကျူးမှုကို ကြားလိုက်ရတဲ့ အခါမှာတော့ ဆိုင်မန်နေဂျာက ဂုဏ်ယူမှု အပြည့်ဖြင့် …

“အမှန်အတိုင်း ပြောရမယ် ဆိုရင် ကျွန်တော်တို့ရဲ့ အံ့ဖွယ်ကိရိယာ ဂိုဏ်းက ဘယ်တော့မှ လက်ရွေးစင် ဆရာသခင် ပန်းပဲ ပညာရှင်တွေ မချို့တဲ့ ခဲ့ပါဘူး။ နောက်ဆိုရင် မဟာဆရာ သခင်အဆင့် ပန်းပဲပညာရှင် တစ်ယောက်စ နှစ်ယောက်စတောင် ပေါ်လာဦးမှာ”

မဟာဆရာ သခင်အဆင့် ပန်းပဲပညာရှင်တွေ ဆိုတာက လုံးဝကို ကြီးမြတ်တဲ့ အဆင့်အတန်းမျိုးနဲ့ သူတွေပါ။

တိတိကျကျ ပြောရမယ် ဆိုရင် ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေ ထက်ကို ပိုပြီး ကြီးမြတ် ပါသေးတယ်။

တကယ်လို့သာ မဟာဆရာ သခင်အဆင့် ပန်းပဲပညာရှင် တစ်ယောက်က ဂိုဏ်းတစ်ဂိုဏ်းကို သဘောမကျဘူး ဆိုပါစို့။

ပါးစပ်ကနေသာ စကားတစ်ခွန်း ပြောလိုက်ရုံပါပဲ။ သူကိုယ်တိုင်တောင် ဝင်ပါစရာ မလိုပါဘူး။ အခြားသော ဂိုဏ်းတွေအားလုံးက ထိုဂိုဏ်းကို ဝိုင်းပြီး အမဲဖျက်ပါ လိမ့်မယ်။

လီဖူချန်းက မေးလိုက်ပါတယ်။

“ဆိုင်မန်နေဂျာကြီး ... ကျွန်တော်က ဓားသမားပါ။ သည်ဆိုင်မှာ ဆန်းကြယ် အထွတ်အထိပ်အ ဆင့် ဓားတစ်လက်လောက်များ မရှိဘူးလားဗျာ”

လီဖူချန်းက ဆန်းကြယ် အထွတ်အထိပ် အဆင့် ဓားပေါ်မှာရှိတဲ့ အင်းကွက်တွေကို လေ့လာချင်လို့ပါ ဆိုပြီး တောင်းဆိုမယ် ဆိုရင် ဆိုင်မန်နေဂျာက သူ့ကို ဆိုင်ထဲကနေ ကန်ထုတ်မှာ မလွဲမသွေပါပဲ။

လီဖူချန်းက မလိုလားအပ်တဲ့ ပြဿနာတွေကို မဖြစ်စေချင်ဘူးလေ။

ဆိုင်မန်နေဂျာက အချိန် တစ်ခဏလောက် ကြောင်အ သွားပါတယ်။ ထို့နောက်မှာတော့ သူက နှစ်ခါပြန်ကို စဉ်းစား မနေတော့ပဲ …

"သခင်လေး ချန်း ... ။ အရှေ့ ယူနီကွန်းတိုက်ကြီး တစ်ခုလုံးမှာက ဓားနဲ့ဆေဘာတွေကို အသုံးပြုတဲ့ သူတွေ အရမ်း များလွန်းတယ်လေ။ သခင်လေးက ဆန်းကြယ် အထွတ်အထိပ် ဓားတစ်လက်ကို လိုချင်ရင်တော့ ကြိုတင် မှာယူမှပဲ ဖြစ်နိုင်ပါ လိမ့်မယ်။ ဒါတောင်မှ သေချာလား၊ မသေချာဘူးလား ဆိုတာကို ကျွန်တော် အာမမခံ နိုင်ပါဘူး”

ချန်းကလန်က အဓိက ကလန်ကြီး တစ်ခု ဖြစ်နေ ပေမဲ့လည်း အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးနဲ့ ယှဉ်ရင်တော့ သာမန် အင်အားစု သာသာ ပါပဲလေ။ ရှစ်နှစ် ဒါမှမဟုတ် ဆယ်နှစ်လောက် ကြိုတင်မှာယူ ထားမယ်ဆိုရင်တော့ ဖြစ်နိုင်ပါ လိမ့်မည်။ ဒါမှမဟုတ် တစ်သက်လုံး နီးပါး စောင့်နေရတာ မျိုးလည်း ဖြစ်သွားနိုင် ပါသေးသည်။

“အိုး ... အဲသည်လိုကြီး လုပ်မှဖြစ်မှာလား။ သည်အတိုင်း ဆိုရင်တော့ အခြား မြို့တွေမှာ သွားပြီးတော့ ကံစမ်းကြည့်မှပဲ တူပါတယ်လေ”

လီဖူချန်းက စိတ်ဓာတ် အကြီးအကျယ် ကျသွားသည့် ပုံမျိုး ဖမ်းလိုက်ပြီး ဝင်္ကပါ ဆိုင်ထဲနေ ထွက်ဖို့ ပြင်လိုက် ပါတော့တယ်။

“ဖြည်းဖြည်းကြွပါ သခင်လေး။ နောက်လမ်း ကြုံရင်လည်း ဆိုင်ကို လာရောက် လည်ပတ်လို့ ရပါတယ် ခင်ဗျာ”

ဆိုင်မန်နေဂျာက လီဖူချန်းကို ဆိုင်ပေါက်ဝ အထိ လိုက်ပို့လိုက် ပါသေးတယ်။

လီဖူချန်းက မျက်နှာကသာ စိတ်ပျက် နေသည့်ပုံမျိုး ဟန်ဆောင် နေတာပါ။ ရင်ထဲမှာတော့ တရုတ်နဂါး ၁၀ကောင်လောက် ကနေပါပြီ။

သည်မြေကမ္ဘာ အဆင့် လက်နက် အပိုင်းအစက လုံးဝကို တန်ဖိုး ဖြတ်လို့ မရတဲ့ အရာတစ်ခု ဖြစ်နေပါ ရောလား။ သည်အပိုင်းအစ ကိုသာ အံ့ဖွယ် ကိရိယာဂိုဏ်းမှာ သွားရောင်း လိုက်မယ်ဆိုရင် ရွှေပြား၁၀သန်းနဲ့ အထက်တောင် ရနိုင်သည်လေ။

ဒါပေမဲ့လည်း သူက အဲသည်လို ရူးမိုက်တဲ့ ကိစ္စမျိုးကို လုပ်ဖို့ မစဉ်းစား ထားပါဘူး။

တရုတ်ရိုးရာ စကားပုံလေး တစ်ခုကို သူ ဖတ်ခဲ့ဖူးပါသည်။ အဲဒါကတော့ …

“ဆင်းရဲတဲ့သူ တစ်ယောက်အဖြစ် မွေးဖွား လာခဲ့တာက သူ့အပြစ် မဟုတ်ပါဘူး။ အေး ... အဲသည် ဆင်းရဲသားက တော်ဝင် ကျောက်စိမ်း တစ်တုံးကို ရုတ်တရက် ပိုင်ဆိုင်သွားမယ် ဆိုရင်တော့ သူ့အပြစ် ဖြစ်သွားပါပြီ”

မြေကမ္ဘာအဆင့် လက်နက် အစိတ်အပိုင်း ဆိုတာက ကြီးမားတဲ့ ပြဿနာမျိုးကို ဖြစ်ပျက် သွားစေနိုင်ပါတယ်။ မိုးပြာရောင် ဂိုဏ်းကို ရောက်မှ လက်ရွေးစင် ဆရာသခင် ပန်းပဲပညာရှင် တစ်ယောက်ကို လေ့လာခိုင်းတာက ပိုပြီး အကျိုးရှိပါ လိမ့်မည်လေ။

တကယ်လို့သာ မိုးပြာရောင် ဂိုဏ်းက လက်ရွေးစင် ဆရာသခင် ပန်းပဲပညာရှင်က သည်လက်နက် အစိတ်အပိုင်းပေါ်က အင်းကွက်တွေကို လေ့လာပြီး ဉာဏ်အလင်း ပွင့်သွားခဲ့မယ် ဆိုရင် မဟာဆရာသခင် ပန်းပဲပညာရှင် အဆင့်ကိုတောင် ရောက်သွား နိုင်သည်လေ။

အဲသည်အခါ ဆိုရင်တော့ဖြင့် မိုးပြာရောင် ဂိုဏ်းက အရှေ့ ယူနီကွန်း တိုက်ကြီးမှာ နေရာ တစ်နေရာ ရလာနိုင်သလို လီဖူချန်းရဲ့ အဆင့်အတန်း ကလည်း တော်တော်လေး မြင့်သွား နိုင်ပါတယ်။

(အထက်ပါ စကားပုံကတော့ တရုတ်ပြည်မှာ ရှေးယခင်က ဖြစ်ပွားခဲ့ ဖူးသည့် ပါးစပ် ရာဇဝင်လေး တစ်ခုပါ)

(တစ်ခါတုန်းက လယ်သမား တစ်ယောက်က သူ့ရဲ့ လယ်ထဲကနေ ကျောက်စိမ်းတုံး တစ်တုံး ကောက်ရခဲ့ ပါတယ်။ အဲသည် ကျောက်စိမ်းတုံးက အလွန်ကို အရည်အသွေး ကောင်းလှတာကြောင့် မြို့စားမင်းကလည်း အဲသည် ကျောက်စိမ်းတုံးကို မျက်စိကျ လာတယ်လေ။ အဲသည် အတွက်ကြောင့် သည်လယ်သမားက ကျောက်စိမ်းတုံးကို ခိုးလာတယ် ဆိုပြီး အကွက်ဆင် ဖမ်းပါတော့တယ်။ အဲသည် ကိစ္စအပေါ် မူတည်ပြီး သည်စကားပုံလေးက ဖြစ်ပေါ်လာတာပါ။ )

“နောင်ခါလာ နောင်ခါဈေးပဲကွာ။ သည်လက်နက် အပိုင်းအစကိုတော့ လောလောဆယ် သိမ်းထား လိုက်တော့မယ်။ နောက်မှ ဝှက်ဖဲ တစ်ချပ်အနေနဲ့ အသုံးပြုရမယ်”

သည်မြေကမ္ဘာ လက်နက် အကျိုးအပဲ့လေးက တိုက်ခိုက်တဲ့ နေရာမှာတော့ သိပ်မကောင်း လှပါဘူး။ ဒါပေမဲ့ သည်လက်နက် အပိုင်းအစလေးက အတော်လေးကို ထက်ရှပါတယ်။ သည်အရာက လီဖူချန်းရဲ့ ချီအကာအကွယ်ကို တောင်မှ အလွယ်တကူ ထိုးဖောက် သွားနိုင်တယ်လေ။ ထက်ရှမှု အပိုင်းမှာတော့ အကြီးအကဲဇောင် ပေးလိုက်တဲ့ နတ်ဆိုးသတ် မြားတွေနဲ့တောင် ယှဉ်လို့ ရပါသေးသည်။

***

ကောင်းကင်ကြီး တစ်ခုလုံးက မှောင်မည်းသထက် မှောင်မည်း လာခဲ့သလို ရှင်နေမင်း ကလည်း အနောက် ဂေါယာကျွန်းသို့ မေးတင်စ ပြုလာခဲ့ပါပြီ။

လီဖူချန်းက စဉ်းစားရင်း၊ တွေးရင်းနဲ့ သစ်ရွက်တော ဘက်ကို ဦးတည် လာခဲ့ပါတယ်။

ဓာပျံတစ်ထောင် မြို့ဟာ အတော်လေးကို ကြီးမားလှပြီး လမ်းမ၊ လမ်းသွယ် အလျှိုလျှိုဖြင့် ပြည့်နှက် နေပါတယ်။

နှစ်နာရီနီးပါး လမ်းလျှောက် အပြီးမှာတော့ လီဖူချန်းက မြို့မြောက်ဘက် ပိုင်းကို ရောက်လာ ခဲ့ပါပြီ။

သည်အချိန်လောက် ဆိုရင်တော့ ရှောင်ကိုင်လည်း သူ့အိမ်ကို ပြန်ရောက်နေ လောက်ပါပြီ။

သူပေးလိုက်တဲ့ ရွှေတစ်စနဲ့ ဆိုရင်တော့ ရှောင်ကိုင်က ဆေးဝါးတွေ သာမက ပေါက်စီတွေ ဒါမှမဟုတ် အခြားသော စားစရာတွေကိုပါ ဝယ်နိုင်မည် မဟုတ်ပါလား။

အမှန် တကယ်လည်း ရှောင်ကိုင်က လီဖူချန်း တွက်ထားခဲ့သလို ဆေးဝါးတွေနဲ့ မုန့်တွေကို ဝယ်လာခဲ့ ပါတယ်။

ပေါက်စီတွေ သာမက သူရဲ့အစ်မ ကြိုက်နှစ်သက်တဲ့ သစ်သီးတွေတောင် ဝယ်လာခဲ့ သေးသည်လေ။ လိုအပ်တာတွေ ဝယ်ပြီး ပိုလျှံနေတဲ့ ငွေစ ငါးပြားကိုတောင် နောက်နေ့တွေမှာ သုံးဖို့အတွက် သူက သိမ်းထား လိုက်ပါသေးတယ်။

သူ့ရဲ့ အားနည်းပြီး ပိန်လှီ ဖျော့တော့နေတဲ့ ခန္ဓာကိုယ်က မြို့မြောက်ဘက်ကို ရောက်ဖို့အတွက် အချိန် ၆နာရီလောက် ယူစေခဲ့တယ်လေ။

သူ့ရဲ့ အသားအရေက ဝါကြင့်ကြင့် ဖြစ်နေပြီး ချွေးတွေနဲ့ စို့နေခဲ့ ပေမဲ့လည်း ရှောင်ကိုင်က ပင်ပန်းတယ်လို့တောင် မခံစားရပါဘူး။

သူ့ရဲ့ အာခေါင်တွေက ခြောက်ကပ်ပြီး ရေဆာနေ ပေမဲ့လည်း ရှောင်ကိုင်က အိမ်ရှိရာဆီကို အားသွန်ခွန်စိုက် ပြန်နေဆဲပါပဲ။

အိမ်မှာက ဖျားနာနေသည့် သူ့အစ်မ ရှိနေသေးသည် မဟုတ်ပါလား။

“အိုး ... ဒါက ရှောင်ကိုင် မဟုတ်ဘူးလား။ မင်းက ပေါက်စီတွေနဲ့ စားစရာတွေတောင် ဝယ်လာတာပဲ။ ကြည့်ရတာ မင်းသည်နေ့ ပွပေါက် တိုးလာတယ် ထင်တယ်”

အသက်၂၀လောက် ရှိပုံရသည့် ကလေကချေ တစ်သိုက်က ရှောင်ကိုင်ရဲ့ သွားလမ်းကို ပိတ်ရပ်ထား လိုက်ပါတယ်။

ရှောင်ကိုင်က အန္တရာယ် ရနံ့ကို ရသွားသည့် ယုန်ငယ်လေး တစ်ကောင်လိုပါပဲ။ သူက ချာခနဲလှည့်ပြီး လမ်းကြို လမ်းကြားလေး တစ်ခုထဲကို ဝင်ပြေးပါ တော့တယ်။

“ခွေးမသားလေး ... မင်းက အစ်ကိုလျူကို တွေ့တာတောင်မှ ထွက်ပြေးရဲ သေးတယ်ပေါ့လေ”

ထိုကလေကချေ တစ်သိုက်က ဒေါသ ထွက်သွားပြီး ရှောင်ကိုင်နောက်ကို ပြေးလိုက် သွားပါတော့တယ်။

သိပ်မကြာခင်မှာပဲ ရှောင်ကိုင်က မြေကြီးပေါ်မှာ လူးလိမ့် နေပါပြီလေ။

ကလေကချေ အုပ်စုထဲမှ တစ်ယောက်သော သူကတော့ ရှောင်ကိုင်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ရှာဖွေ အပြီးမှာတော့ ငွေစ ၅ပြားကို တွေ့သွား ခဲ့တယ်လေ။

“သည်မှာ ကြည့်ပါဦး အစ်ကိုလျူ ... သည်ခွေးသားလေးက ငွေစ ၅ပြားတောင် ရှိနေသေးတယ်”

အစ်ကိုလျူဟု ခေါ်သူက ငွေစ၅ပြားကို လှမ်းယူလိုက်ပြီး …

“မင်းဆီက ငွေစ၅ပြားကို ငါသိမ်းထား ပေးမယ်။ မင်းလို ကလေးတစ်ယောက်က သည်လို ငွေစ၅ပြား ကိုင်ပြီး လျှောက်သွား မနေသင့်ဘူး မဟုတ်လား။ ပြီးတော့ မင်းက ငါ့ကို တွေ့တာနဲ့ ထွက်ပြေးတဲ့ အတွက် နည်းနည်းတော့ သင်ခန်းစာ ပေးရဦးမယ်”

အစ်ကိုလျူ ဆိုသူက ရှောင်ကိုင်ရဲ့ ကျောပေါ်မှာ ခြေထောက်တစ်ဖက် တင်ထားပြီး ပေါက်စီ တစ်လုံးကို စိမ်ပြေနပြေ ဝါးနေပါတယ်။

ရှောင်ကိုင်က သတိမေ့ချင် သလိုလိုတောင် ဖြစ်နေပါပြီ။ ဒါပေမဲ့ သူက တောင်းပန် တိုးလျှိုးသည့် အသံတစ်စက်မှ ထွက်မလာ ခဲ့ပါဘူး။ ရှောင်ကိုင်က အံကို တင်းတင်း စေ့ထားပြီး တောင့်ခံ နေသည်လေ။

“သြော် ... မင်းက တော်တော်လေးကို အကြော မာတယ်ပေါ့လေ။ မှန်းစမ်း ... ဒါက မင်းအစ်မ အတွက် ဝယ်လာတဲ့ ဆေးတွေ မဟုတ်လား”

အစ်ကိုလျုက ရှောင်ကိုင် ဝယ်လာသည့် ဆေးတွေကို မြေကြီးပေါ် ပစ်ချလိုက်ပြီး ခြေထောက်ဖြင့် စိစိညက် ကြေအောင် ဖိနင်း လိုက်ပါတယ်။

“မင်းတို့တွေ ငါ့ကို ကြိုက်သလို လုပ်ပါ။ ဒါပေမဲ့ သည်ဆေးတွေ ကိုတော့ မလုပ်ပါနဲ့” ရှောင်ကိုင်က အသည်းအသန် ဆေးတွေကို ကာကွယ် နေပါတယ်။

“ငါလုပ်ချင်လို့ လုပ်တာကွာ ... မင်းဘာတတ်နိုင်လဲ”

အစ်ကိုလျူက အကောင်း ပကတိ ကျန်နေသေးသည့် ဆေးတွေကိုပါ နင်းခြေ ပစ်လိုက်ပါတယ်။

ရှောင်ကိုင်ကတော့ ရှိုက်ကြီး တငင်ငင် ငိုကြွေးနေရုံက လွဲပြီး ဘာမှ မတတ်နိုင်တော့ ပါဘူးလေ။ သူက အခုမှ အသက် ၆နှစ်ကျော် ၇နှစ် နီးပါးမျှသာ ရှိနေသေးသည် မဟုတ်ပါလား။

အစ်ကိုလျူ ဆိုသူက ရှောင်ကိုင်တစ်ယောက် ငိုယိုနေသည်ကို မြင်ပြီးမှသာ ကျေနပ် သွားသည့်ပုံဖြင့် …

“ဟား…ဟား ... ညီအစ်ကိုတို့ သွားကြမယ်ဟေ့”

ငွေစ၅ပြား ဆိုတာက သူတို့ အတွက်တော့ တစ်နေ့စာ ကောင်းကောင်းကြီး ဖူလုံ သွားပါပြီလေ။ ရှောင်ကိုင်သေတာပဲ ဖြစ်ဖြစ် သူ့အစ်မ သေတာပဲ ဖြစ်ဖြစ် ဘာမှ သနားစရာ မရှိပါဘူး။

“ယုတ်မာလိုက်တဲ့ အောက်တန်းစား ကောင်တွေပါလား။ မင်းတို့က သည်လို ဆင်းရဲသား အချင်းချင်းတောင် အနိုင်ကျင့်ချင် သေးတယ်ပေါ့လေ”

အေးစက်စက် အသံတစ်ခုက လမ်းကြားလေးထဲကို ပျံ့နှံ့လာ ခဲ့ပါတယ်။

“ဘယ်သူလဲကွ"

အစ်ကိုလျူနဲ့ အပေါင်းအပါ တစ်သိုက်က အသင့် အနေအထား ပြင်ဆင်လိုက်ပြီး အသံပိုင်ရှင်ကို လိုက်လံရှာဖွေ နေကြပါပြီ။

လီဖူချန်းက အမှောင်ရိပ် တစ်ခုထဲကနေ ဖြည်းညင်းစွာ ထွက်လာခဲ့ တယ်လေ။

ရှောင်ကိုင်က လီဖူလျန်းကို တွေ့လိုက်တာနဲ့ အားကိုး တကြီးဖြင့် …

“ကြီးမြတ်သော သိုင်းသမားကြီး ... သူတို့တွေက ကျွန်တော့်ရဲ့ ဆေးတွေကို ဖျက်ဆီးလိုက်ပြီ။

လီဖူချန်းက ခေါင်းတစ်ချက် ညိတ်လိုက်ပြီး အစ်ကိုလျူ ဆိုသူကို စိုက်ကြည့် လိုက်ပါတယ်။

အစ်ကိုလျူရဲ့ ခြေထောက်တွေ ကတော့ တဆတ်ဆတ် တုန်ယင် နေခဲ့ပါပြီ။ သူ့လို သာမန်လူ တစ်ယောက်က ဘယ်လိုလုပ်ပြီး သိုင်းပညာရှင် တစ်ယောက်ကို ယှဉ်နိုင်ပါ မည်နည်း။

သူတို့က သာမန် လူသားတွေပါပဲ။ သူတို့ဘဝ တစ်လျှောက်လုံးမှာ ကျင့်ကြံဖို့ ဆိုတာ တစ်ခါမှတောင် အခွင့်အရေး မရခဲ့ဖူးဘူးလေ။ သာမန်လူသား နယ်ပယ်က ပညာရှင် တစ်ယောက်ကတောင် သူတို့ကို အသေသတ် နိုင်ပါတယ်။

“ကြီးမြတ်တဲ့ သိုင်းပညာရှင်ကြီး ခင်ဗျား ... ကျွန် ... ကျွန်တော်တို့က ရှောင်ကိုင်လေးကို ချစ်လို့ စနေတာပါ။ အထင်မလွဲ လိုက်ပါနဲ့ ခင်ဗျာ။ ရှောင် ... ရှောင်ကိုင် ... ရော့ရော့ ... မင်းရဲ့ ငွေစ၅ပြားကို ပြန်ယူလိုက်။ ပြီးတော့ နောက်ထပ်ငွေစ အပိုတွေပါ ပေးလိုက်မယ်နော်။ ဒါတွေနဲ့ ဆိုရင်တော့ မင်းရဲ့ ဆေးတွေကို ပြန်ဝယ်လို့ ရမှာပါ။ ကြီးမြတ်သော သိုင်းပညာရှင်ကြီး ခင်ဗျား ... ကျွန်တော်တို့ သွားလိုက်ပါဦးမယ်”

အစ်ကိုလျူက သူ့မှာပါလာတဲ့ ငွေစတွေကိုပါ ရှောင်ကိုင် လက်ထဲကို အတင်း ထိုးထည့်ပေးပြီး ထွက်သွားဖို့ ပြင်ပါတော့တယ်။

သူတွေးထားတာ ကတော့ ရှင်းပါတယ်။ သည်သိုင်းပညာရှင်က ရှောင်ကိုင်ကို တစ်သက်လုံး ကာကွယ် ပေးထားနိုင်မှာ မဟုတ်ပါဘူး။ အဲသည်အခါ ကျမှ သူက ရှောင်ကိုင်ကို ပြန်ပြီး ဆုံးမမည်လေ။

“မင်းကို ထွက်သွားဖို့ ဘယ်သူက ခွင့်ပြုလိုက်လို့လဲ"

လီဖူချန်းက သူ့ရဲ့လက်ကို ဝှေ့ယမ်း လိုက်ပါတယ်။

ဘုန်း …ဘုန်း ... ဘုန်း ... …

အစ်ကိုလျူနဲ့ အပေါင်းအပါ တစ်သိုက်ဟာ ဘေးနားက အိမ်နံရံတွေနှင့် တိုက်မိပြီး သွေးပွက်ပွက် အန်ကုန်ပါပြီလေ။ အနည်းတော့ သူတို့ရဲ့ အရိုး တစ်ဝက်လောက်က ကျိုးသွားပြီ ဆိုတာ သေချာလွန်း နေပါတယ်။

သူတို့ပြန်လည် သက်သာ လာရင်တောင်မှ ဘဝ တစ်လျှောက်လုံးကို ဒုက္ခိတ ဘဝနဲ့ပဲ ဖြတ်သန်း ရတော့မှာပါ။

“ရှောင်ကိုင် ... သွားကြမယ်”

လီဖူချန်းက လေဟာနယ် လက်ဝါးကို အသုံးပြုပြီး ရှောင်ကိုင်ကို ဆွဲယူလိုက် ပါတယ်။

“ကြီးမြတ်သော သိုင်းသမားကြီး ... ကျွန်တော့် ဆေးတွေက ပျက်စီး ကုန်ပြီလေ။ အဲဒါ …”

“စိတ်မပူ စမ်းပါနဲ့ကွာ။ ငါ့မှာဆေးတွေ ပါလာပါတယ်”

လီဖူချန်းက ရှောင်ကိုင်ကို စကားတောင် ပြီးအောင်ပြောခွင့် မပေးလိုက် ပါဘူးလေ။

သစ်ရွက် တောအုပ်က ဓားပျံတစ်ထောင် မြို့တော်ရဲ့ ဆင်ခြေဖုံး ရပ်ကွက် တစ်ခုပါပဲ။ သည်မှာ ရှိနေတဲ့ အိမ်တွေက တစ်လုံးနဲ့ တစ်လုံး ပြည့်သိပ်နေပြီး အသက် ရှူလို့တောင် မဝသလိုပါပဲ။ အိမ်သေးသေးလေး တစ်ခုမှာတောင် အိမ်ထောင်စု ၃စုလောက် စုပေါင်းပြီး နေရသည်လေ။

ရှောင်ကိုင်ရဲ့ အိမ်လေးကတော့ တကယ်ကို သေးသေးလေးပါပဲ။ အိမ်ရဲ့ အရှည်က ၂မီတာလောက်သာ ရှိပါသည်။ လှောင်အိမ် တစ်လုံးနှင့်တောင် သိပ်မကွာလှပါဘူး။

ရှောင်ကိုင်က တံခါးကို ဖွင့်လိုက်ပြီး လီဖူချန်းကို ဦးဆောင် လာပါတယ်။

အိမ်အတွင်း ထဲမှာတော့ အလင်းရောင် မှိန်ပျပျမျှသာ ရှိနေပါတယ်။

ပရိဘောဂ ဆိုလို့လည်း ခုတင် တစ်လုံးနှင့် စားပွဲ အစုတ်အပဲ့ တစ်ခုသာ ရှိနေသည်လေ။

ခုတင်တိုင်တွေက ယိုင်နဲ့နဲ့ ဖြစ်နေသည် သာမက အချိန်မရွေး ပြိုကျ သွားတော့မည့် ဟန်ပါပဲ။

စားပွဲပေါ်မှာလည်း အပေါက်ကြီး တစ်ခုက ရှိနေပါ သေးတယ်။

ကြည့်ရတာတော့ ဒါတွေက သည်မောင်နှမ နှစ်ယောက် ပိုင်ဆိုင်ထားသည့် ပစ္စည်းတွေ ထဲမှာ တန်ဖိုး အကြီးဆုံး ဖြစ်နေမည့် ပုံပင်။

***

All Chapters