← Chapters

လီဝူရှုနဲ့ ပြန်တွေ့ပြီ

Vol. 15 Ch. 200

လီဝူရှုနဲ့ ပြန်တွေ့ပြီ

Vol. 15 Ch. 200

ယိုင်နဲ့နဲ့ ခုတင်လေးရဲ့ အပေါ် အိပ်ရာ ထက်မှာတော့ ကလေးမလေး တစ်ယောက် လဲလျောင်း နေတယ်လေ။ သူမကို ကြည့်ရသည်မှာ ၈နှစ် ဒါမှမဟုတ် ၉နှစ်သမီး ဝန်းကျင်လောက်သာ ရှိသေးသည့် ပုံပါပဲ။ သူမရဲ့ အသက်ရှူ သံတွေက အားရဖို့ မကောင်းသလို မျက်လုံးတွေကလည်း အသက်ကင်းမဲ့ နေသည်လေ။ သူမရဲ့ ပုံက ဒဏ်ရာ ရနေသည့် ကြောင်ပေါက်စလေး တစ်ကောင်နှင့်တောင် ဆင်တူ နေပါသေးသည်။

“မောင်လေး ... နင်ပြန်လာပြီလား ...”

အိမ်တံခါး ဖွင့်သံကို ကြားလိုက်ရတဲ့ အခါမှာတော့ သူမရဲ့ အသက် ကင်းမဲ့နေသည့် မျက်ဝန်း တစ်စုံက ပျော်ရွှင်မှု အရိပ်အယောင်တွေ ထင်ဟပ် လာခဲ့ပါပြီ။

“မောင်လေး ... နင်ဘယ်သူ့ကို ခေါ်လာတာလဲ”

ကလေးမလေးက လီဖူချန်းကို မြင်လိုက်ရတဲ့ အတွက် ရှောင်ကိုင်ကို တအံ့တသြဖြင့် မေးလိုက်ပါတယ်။

ရှောင်ကိုင်က အကြောင်းစုံကို ရှင်းပြမည် အလုပ်မှာပဲ လီဖူချန်းက ရှောင်ကိုင်ရဲ့ လက်ကို အသာအယာ ကုတ်လိုက်ပြီး မပြောဖို့ မျက်ရိပ်ပြ လိုက်တယ်လေ။

ထို့နောက်မှာတော့ လီဖူချန်းက ကလေးမလေးရဲ့ သွေးခုန်နှုန်းကို စမ်းသပ် စစ်ဆေးလိုက် ပါတယ်။

“အအေးမိတာ ကနေ စတာပဲ။ နှစ်ရှည်လများ ခံခဲ့ရတဲ့ အအေးဓာတ်တွေက ခန္ဓာကိုယ် ထဲမှာ စုနေပြီး ကိုယ်ခံအား မကောင်းတဲ့တဲ့ အချိန်မှာ ဝင်ဒုက္ခ ပေးနေတာ။ နောက်ထပ် တစ်ရက် နှစ်ရက်လောက် အထိ မကုသဘူး ဆိုရင် မင်းအစ်မကတော့ သေသွားနိုင်တယ်”

ကလေးငယ် လေးတွေရဲ့ ခန္ဓာကိုယ်ဟာ နူးညံ့လွန်း လှပါတယ်။ ကြာရှည် ခံစားခဲ့ရတဲ့ အအေးဒဏ်က ကလေးငယ်တွေကို သေစေတဲ့အထိ စွမ်းဆောင် နိုင်တယ်လေ။

“ကြီးမြတ်တဲ့ သိုင်းသမားကြီး ... ကျွန်တော့်ရဲ့ အစ်မကို ကယ်တင် ပေးပါဦးဗျာ။ ကျွန်တော့်မှာ သည်အစ်မ တစ်ယောက်တည်းပဲ ကျန်တော့တာပါ”

ရှောင်ကိုင်က လီဖူချန်းကို အားကိုးတကြီးနဲ့ အကူအညီ တောင်းခံနေပါတယ်။

လီဖူချန်းက ပြုံးလိုက်ပြီး …

”အရမ်း စိတ်မပူပါနဲ့ ရှောင်ကိုင်ရယ်။ မင်းအစ်မကို ကုသပေး ရတာက သိပ်ပြီး မခက်လှပါဘူးကွ”

ပြောနေရင်းနဲ့ လီဖူချန်းက အဝါရောင် အဆင့်မြင့် နာလန်ထူ ဆေးတစ်လုံးကို သိုလှောင်အိတ် ထဲကနေ ထုတ်ယူလိုက်ပါတယ်။

သူ့ရဲ့ လက်ချောင်းတွေကို အားနည်းနည်း စိုက်ပြီး ဖျစ်ညှစ်လိုက်တဲ့ အခါမှာတော့ ထိုဆေးလုံးက အပိုင်းအစ သေးသေးလေးတွေ ဖြစ်သွား ခဲ့ပါပြီ။

ထို့နောက်မှာတော့ လီဖူချန်းက အပိုင်းအစ သေးသေးလေး တစ်ခုကို ယူပြီး ကလေးမလေးရဲ့ ပါးစပ်ထဲကို ညင်ညင်သာသာ ခွံ့လိုက်ပါတယ်။ တစ်ဆက်တည်း ဆိုသလို ကလေးမလေးကို ထိုင်စေလိုက်ပြီး လီဖူချန်းက သူ့အတွင်းအား အနည်းငယ် သုံးကာ သွေးလည်ပတ်မှုကိုပါ ကူညီပေးလိုက် ပါသေးတယ်။

ကလေးတစ်ယောက် အတွက် ဆိုရင်တော့ အဝါရောင် အဆင့်မြင့် နာလန်ထူဆေး တစ်လုံးက အတော်ကြီး ပြင်းထန်ပါတယ်။

အဝါရောင် အဆင့်နိမ့် နာလန်ထူဆေး ကသာ ကလေးငယ်တွေ အတွက် အသင့်တော် ဆုံးပါပဲ။

ဒါပေမဲ့လည်း လီဖူချန်းဆီမှာက အဆင့်နိမ့် ဆေးဝါးတွေ မပါလာခဲ့ဘူးလေ။

အဲသည်အတွက် အဝါရောင် အဆင့်မြင့် ဆေးလုံးကို ချေပြီး အပိုင်းအစ သေးသေးလေး တစ်ခုကိုသာ တိုက်လိုက် ရပါတယ်။

သည်ကလေး မလေးက အဝါရောင် အဆင့်မြင့် နာလန်ထူ ဆေးရဲ့ အပိုင်းအစ သေးသေးလေးနဲ့တောင် ပြန်ကောင်းလာမယ် ဆိုတာကို သူယုံကြည်သည်လေ။

သိပ်မကြာခင်မှာပဲ ကလေးမလေးရဲ့ မှိန်ဖျော့နေတဲ့ မျက်လုံးတွေက ပြန်လည် တောက်ပ လာခဲ့ပါပြီ။ သူမရဲ့ ခန္ဓာကိုယ် အတွင်းမှာ ရှိနေတဲ့ အအေးဓာတ် တွေကိုလည်း လီဖူချန်းရဲ့ အတွင်းအားတွေက ချေဖျက် လိုက်တယ်လေ။

တစ်ချိန်တည်း လိုလိုမှာပင် ဆေးစွမ်းက ပြလာပြီ ဖြစ်တဲ့အတွက် သူမရဲ့ ဖျော့တော့နေတဲ့ ပါးပြင်ကလည်း သွေးရောင် လွှမ်းလာခဲ့ပါပြီ။ ကလေးမလေးရဲ့ ခန္ဓာကိုယ်ကလည်း အရင်လို ချည့်နဲ့နေဟန် မပေါ်တော့ပါဘူး။

၁၅မိနစ်မျှ အကြာမှာတော့ ကလေးမလေးဟာ လုံးဝကို အကောင်း ပကတိ ဖြစ်သွားခဲ့ပါပြီ။ သူမရဲ့ ပုံက အနည်းငယ် ပိန်လှီနေတာက လွဲရင် ဘာမှ ပြောစရာ မရှိတော့ပါဘူး။

အဖြစ်အပျက် တစ်ခုလုံးကို ဘေးကနေ စောင့်ကြည့်နေတဲ့ ရှောင်ကိုင်ကတော့ ဝမ်းသာ လွန်းလို့ကို နေပါပြီ။ သူက သူ့အစ်မ တစ်ယောက် သည်လို မြန်မြန်ဆန်ဆန်နဲ့ ပြန်နေကောင်း လာမယ်လို့ လုံးဝကို ထင်မထား ခဲ့ပါဘူး။ ဆေးဆိုင်က ပိုင်ရှင်တောင်မှ သူ့အစ်မ နာလန်ထူ လာဖို့အတွက် တစ်လလောက် စောင့်ရမည်ဟု ပြောခဲ့သည် မဟုတ်ပါလား။

ရှောင်ကိုင်လို ကလေးငယ်လေး တစ်ယောက်ကတော့ ဆေးဆိုင်က ပေးလိုက်သည့် သာမန်ရိုးရိုး ဆေးတွေနှင့် အဝါရောင်အဆင့် ဆေးတွေရဲ့ ကွာဟချက်ကို အဘယ်သို့ နားလည် နိုင်မည်နည်း။

လီဖူချန်း သုံးလိုက်တဲ့ ဆေးလုံးက ရွှေပြားထောင်ချီ တန်ဖိုး ရှိသည်လေ။ သည်ဆေးရဲ့ အာနိသင်က ကလေးမလေးကို ပြန်လည် ကျန်းမာလာစေ ရုံမျှမက အရင်ကထက်ကို ပိုပြီး ကြံ့ခိုင်သန်စွမ်း လာစေပါ လိမ့်မည်။

“သမီး ပိုနေလို့ ကောင်းလာသလိုပဲ”

ကလေးမလေးက ရွှင်ပြုံးစွာဖြင့် လီဖူချန်းကို ပြောလိုက်ပါတယ်။

သူမက သည်အဖျား ရောဂါကြောင့် သေတော့မည် ဟုတောင် ထင်နေခဲ့ တာလေ။ အခုတော့ မိုးပေါ်က ကျလာသလို နတ်သား အစ်ကိုကြီး တစ်ပါးက ရောက်လာပြီး သူမကို ဆေးကုပေး သွားခဲ့ပါပြီ။

သူမက အိပ်ရာ ပေါ်မှာတောင် ဆက်ပြီး မနေချင်တော့သည် အထိ အားတွေ ပြည့်နှက် နေပါတယ်။

“ကျေးဇူး အများကြီး တင်ပါတယ် ကြီးမြတ်သော သိုင်းသမားကြီး”

ရှောင်ကိုင်ကတော့ သူ့ရဲ့ အစ်မထက်ကို ပိုပြီး ပျော်နေသည့် ပုံပါပဲ။ သည်အတော အတွင်းမှာတော့ သူ့ရဲ့အစ်မ ဖြစ်သူကပဲ အေးစက်နေသည့် လမ်းမတွေပေါ်မှာ အအေးဒဏ်ခံ တောင်းရမ်းရင်းနဲ့ သူ့ကို ရှာဖွေ ကျွေးမွေးခဲ့သည် မဟုတ်ပါလား။ သူ့အစ်မ အခုလို ဖျားနာနေ ရတာကလည်း သူ့ပယောဂ မကင်းပါဘူးလေ။

“ရှောင်ကိုင် ... အရမ်း ပျော်မနေနဲ့ဦး။ သည်ကို လာခဲ့။ မင်းရဲ့ အခြေအနေ ကလည်း မင်းအစ်မနဲ့ သိပ်ထူးတာ မဟုတ်ဘူး။ မင်းရဲ့ ကိုယ်ထဲမှာလည်း အအေးဓာတ်တွေ ရှိနေတယ်”

လီဖူချန်းက ရှောင်ကိုင်ကိုပါ ခေါ်လိုက်ပြီး ခုတင်ထက်မှာ ထိုင်စေပါတယ်။ ထို့နောက်မှာတော့ အစောပိုင်းတုန်းက ခြေမွှထားတဲ့ ဆေးအပိုင်းအစလေး တစ်ခုကို သောက်စေလိုက်ပြီး အတွင်းအားနဲ့ အကူအညီ ပေးလိုက်ပါတယ်။

၁၅မိနစ် အတွင်းမှာတင် ရှောင်ကိုင်ရဲ့ အသားအရေတွေက အရင်လို မွဲခြောက် မနေတော့ပဲ စိုစိုပြည်ပြည် ဖြစ်လာခဲ့ပါပြီ။ အရင်လို ချည့်နဲ့နေပြီး အားပြတ် နေသည့်ဟန်လည်း မရှိတော့ပါဘူး။

“အား ... နေလို့ ကောင်းလိုက်တာ"

ရှောင်ကိုင်က သူ့ရဲ့ခန္ဓာကိုယ် အတွင်းမှာ အပူစီးကြောင်း တစ်ခု ဖြစ်ပေါ်လာပြီး ခန္ဓာကိုယ် တစ်ခုလုံးကို လှည့်ပတ်စီးဆင်း နေတာကို ခံစားလိုက် ရတယ်လေ။ အဲသည် အရသာက ဘာနဲ့တူသလဲ ဆိုတော့ သူ့မိဘနှစ်ပါး အိပ်မက်ထဲကို လာပြီး ပွေ့ဖက်နေသည့် အတိုင်းပါပဲ။

“ဂွီ…ဂွီ ... ဂရီ ...”

နေကောင်းလာပြီး နောက်မှာတော့ သည်မောင်နှမ နှစ်ယောက်ရဲ့ အစာအိမ်က ဆန္ဒပြလာ ချေပြီလေ။ အစာအိမ် အတွင်းကို ရောက်လာတဲ့ အရာမှန်သမျှကို မနားတမ်း ချေဖျက်ချင် နေသည့် ပုံပင်။

“ကဲ…ကဲ ... ထကြတော့ ... ပြီးရင် ခြေလက်မျက်နှာ သွားဆေးကြ။ မင်းတို့ နှစ်ယောက် စလုံးကို အစ်ကိုကြီးက ညစာ ကျွေးမယ်”

“ဟေး …”

မောင်နှစ်မ နှစ်ယောက်ရဲ့ ဝမ်းသာအားရ ဟစ်ကြွေးလိုက်တဲ့ အသံက သစ်ရွက်တောလမ်း တစ်ခုလုံးကိုပင် ဖုံးလွှမ်း သွားချေပြီ တကား။

လီဖူချန်းက ထိုမောင်နှမကို ခေါပြီး စားသောက်ဆိုင် တစ်ခုကို ရောက်လာ ခဲ့ပါတယ်။

ထိုမောင်နှမကို စိတ်ရှိတိုင်း စားသောက်စေပြီးမှ လီဖူချန်းက …

“မင်းတို့ မောင်နှမမှာ အခြား ဆွေမျိုးနီးစပ်တွေ မရှိတော့ဘူးလား။ သည်အတိုင်း နေသွားမယ် ဆိုရင်တော့ မင်းတို့ နှစ်ယောက်စလုံး သေသွားလိမ့်မယ်”

အစ်မဖြစ်တဲ့ ရှောင်ကျောင်းက …

“သမီးတို့မှာ အမေရဲ့ အစ်ကို အရင်းဖြစ်တဲ့ ဘကြီး တစ်ယောက်တော့ ရှိတယ်လို့ ကြားမိပါတယ်။ ဘကြီးနာမည်က ကျန်းအန်ဖတဲ့။ ဒါပေမဲ့လည်း ဘကြီးက သည်မြို့နဲ့ အရမ်းဝေးတဲ့ သွေးတစ်စက်မြို့မှာ နေတာလေ။ သူက သမီးတို့ ရှိနေတာကို သိမယ် မထင်ဘူး။ ပြီးတော့ သမီးတို့ကလည်း ဘကြီးဆီ သွားဖို့အတွက် အရမ်းကို ငယ်နေသေး တယ်လေ”

“ဘာ ... သွေးတစ်စက်မြို့ ဟုတ်လား ...”

လီဖူချန်းက သည်မောင်နှမ နှစ်ယောက်ကို လက်လွတ်စပယ် မပစ်ထား ခဲ့ချင်ပါဘူး။ တကယ်လို့ သူသာ သည်နှစ်ယောက်ကို ထားပြီး ထွက်သွားခဲ့မယ် ဆိုရင် ရှောင်ကျောင်းရော၊ ရှောင်ကိုင်ရော နှစ်ယောက် စလုံးက ငတ်လို့ သေရင်သေ ဒါမှမဟုတ် ဖျားနာပြီး သေသွားမှာပါပဲ။ ဒါက မြေကြီး လက်ခတ်မလွဲ ဖြစ်လာမည့် အရာတစ်ခုပါ။

ထို့အတူ သည်မောင်နှမ နှစ်ယောက် စလုံးကိုလည်း လီဖူချန်းက တစ်သက်လုံး စောင့်ရှောက် မသွားနိုင်ပါဘူးလေ။

အခုတော့ အရာအားလုံးက ကံဇာတ်ဆရာ ကြိုတင်စီစဉ် ထားသည့် အလားပါပဲ။

လီဖူချန်းက သူတို့ကို သွေးတစ်စက် မြို့အထိ ခေါ်သွားလို့ ရသည်လေ။

“မင်းတို့နှစ်ယောက် ငါနဲ့ သွေးတစ်စက် မြို့အထိ လိုက်မလား။ ငါမင်းတို့ကို သွေးတစ်စက် မြို့အထိ ခေါ်သွားမယ်”

လီဖူချန်းက ရှောင်ကိုင်တို့ နှစ်ယောက်ရဲ့ သဘောထားကို မေးမြန်းကြည့် လိုက်ပါတယ်။

“ဟုတ် ... လိုက်မယ်” ရှောင်ကျောင်းက ခေါင်းညိတ် လိုက်ပါတယ်။

“ကျွန်တော်ကော လိုက်မယ်” ရှောင်ကိုင်ကလည်း သဘောတူ ပါတယ်လေ။

လီဖူချန်းသာ ကူညီမယ် ဆိုရင် သူမတို့ရဲ့ ဘကြီး ကျန်းအန်ဖကို သေချာပေါက် ရှာတွေ့မယ် ဆိုတာ မလွဲဧကန်ပါပဲ။

ညစာကို စားသောက် ပြီးသွားတဲ့ နောက်မှာတော့ လီဖူချန်းက ကလေး နှစ်ယောက်ကို သူတည်းခိုရာ တည်းခိုခန်းကိုပဲ ခေါ်ဆောင် သွားခဲ့ပါတော့တယ်။

***

တတိယမြောက်နေ့ ...

ငါးပျံ တည်းခိုခန်း …

"ညီလေးချန်း ... ဘယ်ကနေ ဘယ်လိုလုပ်ပြီး ကလေးနှစ်ယောက် ပါလာခဲ့တာလဲ ...”

ဟောင်ပြောင်းက လီဖူချန်းကို တအံ့တသြဖြင့် မေးလိုက်ပါတယ်။

လီဖူချန်းက ရယ်လိုက်ပြီး …

“ကျွန်တော်က သည်ကလေး နှစ်ယောက်ကို သွေးတစ်စက်မြို့ကို လမ်းကြုံခေါ်သွား ပေးမလို့လေ။ သူတို့ရဲ့ ဘကြီးက သွေးတစ်စက်မြို့မှာ တည်းခိုခန်း ဖွင့်ထားတယ်တဲ့”

“ညီလေးချန်း ကတော့ တကယ် ကြင်နာတတ်တဲ့ လူပဲ။ လာပါ ... သူတို့ နှစ်ယောက်ကို သွေးတစ်စက်မြို့ကို ခေါ်သွားကြတာပေါ့”

ဟောင်ပြောင်းရဲ့ အမြင်မှာတော့ လီဖူချန်းက ဖြောင့်မတ်တဲ့ သိုင်းသမား တစ်ယောက် ဖြစ်နေပါပြီ။ လမ်းမှန် သိုင်းသမားတွေ ဆိုတာက အမြဲတမ်း သူတစ်ပါးကို ကူညီဖို့ အဆင်သင့် ဖြစ်နေကျတဲ့ သူတွေပင် မဟုတ်ပါလား။

သိပ်မကြာခင်မှာပဲ ကုန်လှည်းတွေကို တပ်ဆင်ပြီး သွားတဲ့အတွက် နှင်းဆီကုန်သည် အဖွဲ့ရဲ့ သွေးတစ်စက်မြို့ ခရီးကတော့ စတင်ခဲ့ပါပြီ။

ရထားလုံး တစ်ခုထဲမှာ ရှိနေတဲ့ ရှောင်ကျောင်းနဲ့ ရှောင်ကိုင်တို့ ကလည်း ရယ်မော ပျော်ရွှင်စွာဖြင့် အပြင် လောကကြီး တစ်ခုလုံးကို လေ့လာ နေခဲ့တယ်လေ။

သူတို့နှစ်ယောက် စလုံးအတွက် သည်ခရီးက အမှန်တကယ်ကို ဆန်းသစ်သည့် အတွေ့အကြုံပင် မဟုတ်ပါလား။ မွေးကတည်း ကနေ အခုချိန်အထိ သူတို့ နှစ်ယောက်က မြို့အပြင်ကိုတောင် ခြေတစ်လှမ်းမှ မလှမ်းခဲ့ ဖူးပါဘူး။

“ဝေါင်း”

ရုတ်တရက် ဝင်ရောက် တိုက်ခိုက်လာတဲ့ မိစ္ဆာသားရဲ တစ်ကောင်ကြောင့် ရှောင်ကိုင်နဲ့ ရှောင်ကျောင်းက အတော်ကြီးကို ထိတ်လန့် သွားခဲ့ပါသေးတယ်။ သိပ်မကြာခင်မှာပဲ နှင်းဆီ အစည်းအရုံး သိုင်းပညာရှင်တွေက ထိုမိစ္ဆာ သားရဲကြီး အလွယ်တကူ သုတ်သင်ပစ် လိုက်ပါတော့တယ်။

“ကြီးမြတ်သော သိုင်းသမားကြီး ... ကျွန်တော် ကြီးလာရင်လည်း သိုင်းသမား ဖြစ်ချင်တယ်။ ကျွန်တော်ကော သိုင်းသမားကြီးလို လူတွေကို ကူညီနိုင်မယ်လို့ ထင်လား ...”

ရှောင်ကိုင်က လီဖူချန်းကို လေးစား အားကျသည့် မျက်လုံး အစုံဖြင့် မေးလိုက်ပါတယ်။

“မင်းသိုင်းသမား ဖြစ်ချင်ရင်တော့ အစစ အရာရာမှာ သူများထက် ပိုကြိုးစားမှ ဖြစ်မယ်။ ပြီးတော့ စာရေးစာဖတ် တတ်အောင်လည်း သင်ယူရမယ်။ ဒါမှမင်းက သိုင်းကျမ်းတွေကို လေ့လာ နိုင်မှာလေ”

လီဖူချန်းက ရှောင်ကိုင်ရဲ့ ခေါင်းကို ခပ်ဖွဖွလေး ပုတ်လိုက်ပြီး အားပေး လိုက်ပါတယ်။

“စိတ်ချစမ်းပါ သိုင်းသမားကြီးရာ။ ကျွန်တော် ကြိုးစားပါ့မယ်”

“သမီးလည်း စာဖတ်တတ်အောင် သင်ပြီး သိုင်းသမားကြီး ဖြစ်ချင်တယ်”

ရှောင်ကျောင်းကလည်း သူမရဲ့ လက်ကို မြှောက်ပြီး စကားဝိုင်းထဲကို ဝင်ရောက် လာခဲ့ပါပြီ။

***

သွေးတစ်စက် မြို့ကို သွားတဲ့ ခရီးမှာတော့ ဘာမှ ထူးထူးခြားခြား မဖြစ်ခဲ့ပါဘူး။ နှင်းဆီ ကုန်သည် အဖွဲ့ဟာ ၆ရက်မြောက် နေ့မှာပဲ သွေးတစ်စက် မြို့တော်ကို ရောက်ရှိ လာခဲ့ပါပြီ။

နှင်းဆီ အစည်းအရုံးရဲ့ အကူအညီကြောင့် လီဖူချန်းဟာ သွေးတစ်စက် မြို့တော်ကို ရောက်ပြီး ၃ရက် အကြာမှာတော့ ကျန်းအန်ဖကို ရှာဖွေ တွေ့ရှိခဲ့တယ်လေ။

ကျန်းအန်ဖ ကလည်း ရှောင်ကျောင်းနဲ့ ရှောင်ကိုင်ကို လိုလိုလားလားပင် လက်ခံပါတယ်။

သူ့ရဲ့ ပခုံးပေါ်က တာဝန်ကြီးကို လက်လွှဲပြီး သွားတဲ့ အခါမှာတော့ လီဖူချန်းဟာ သက်ပြင်း ကောင်းကောင်း ချနိုင်သွား ပါပြီ။

***

“ညီလေးချန်း ... အစ်ကိုတို့ နှင်းဆီကုန်သည် အစည်းအရုံးထဲကို ဘာဖြစ်လို့ တိုက်ရိုက် မဝင်ခဲ့တာ လဲကွာ။ အခုတော့ တတိယတန်းစား ဧည့်သည်အ ဖြစ်ပဲ ဖြစ်သွားခဲ့ပြီ။ ဒါက ညီလေးအတွက် သိပ်ပြီး အဆင်မပြေလှ လောက်ဘူးနော် ...”

ဟောင်ပြောင်းက လီဖူချန်းကို အရမ်း အားနာနေ မိပါတယ်။

တတိယတန်းစား ဧည့်သည်တွေက လစာတွေ၊ လျှော့ဈေးတွေ ရမှာ မဟုတ်ပါဘူး။ သူတို့အတွက် တစ်ခုတည်းသော အားသာချက်က အစည်းအရုံးရဲ့ ကုန်ပစ္စည်းတွေကို ရောင်းဝယ်ခွင့် ရတာ တစ်ခုပါပဲ။

“ကျွန်တော်က လွတ်လပ်မှုကို မြတ်နိုး တယ်လေဗျာ။ တတိယ တန်းစား ဧည့်သည် ဖြစ်ရတာက ကျွန်တော့်အတွက် ပိုအဆင် ပြေပါတယ်”

လီဖူချန်းက ပြုံးပြီး ဟောင်ပြောင်းကိုတောင် ပြန်နှစ်သိမ့် နေလိုက်ပါ သေးတယ်။

နှင်းဆီကုန်သည် အစည်းအရုံးမှာက တရားဝင် ခွင့်ပြုထားတဲ့ ဧည့်သည် အမျိုးအစား ၃မျိုး ရှိပါတယ်။

ပထမတန်းစား ဧည့်သည်တွေက ကောင်းကင် နယ်ပယ် ပညာရှင်တွေ အတွက်ပါ။

ဒုတိယတန်းစား ဧည့်သည်တွေ ကတော့ လက်ရွေးစင် မြေကမ္ဘာနယ်ပယ် ပညာရှင်တွေ အတွက်ပါ။

တတိယတန်စား ဧည့်သည်တွေ ကတော့ သာမန်ထက် အနည်းငယ် ပါရမီ ပါလာတဲ့ မြေကမ္ဘာ ပညာရှင်တွေ အတွက်ပါပဲ။

ဟောင်ပြောင်းကတော့ ခေါင်းကိုသာ ခါယမ်း နေခဲ့တယ်လေ။ ဒါပေမဲ့လည်း ဘာမှတေ့ာ ဆက်မပြောတော့ပါဘူး။

အခုတော့ လီဖူချန်းက သွေးတစ်စက် မြို့ကို ရောက်လာပြီ ဖြစ်တဲ့အတွက် လုပ်စရာတစ်ခု ရှိလာပါပြီ။

အဲဒါကတော့ သွေးတစ်စက်မြို့ရဲ့ ရှေးဟောင်းပစ္စည်း လမ်းကြားကို သွားပြီး မွှေဖို့ပါပဲ။ အရင် တစ်ခါလိုများ ကံကောင်း မလားပေါ့လေ။

“အစ်ကိုလီ ... ဒါက သွေးတစ်စက်မြို့ရဲ့ ရှေးဟောင်းပစ္စည်း လမ်းကြားပဲ။ အစ်ကိုသာ မျက်စိရှင်ရှင်နဲ့ ရှာနိုင်မယ် ဆိုရင် တန်ဖိုးရှိတဲ့ ပစ္စည်း အချို့ကိုတောင် ရနိုင်သေးတယ်”

ရှေးဟောင်း ပစ္စည်းလမ်းကြားရဲ့ လမ်းမ ထက်မှာတော့ လူငယ် အုပ်စုတစ်စုက လမ်းသလား နေတယ်လေ။ အဲသည် လူငယ်တွေထဲက တစ်ယောက်ကတော့ ကောင်းကင် နတ်ဆိုးဂိုဏ်းရဲ့ လီဝူရှုနဲ့ အတော်လေးကို ဆင်တူပါတယ်။ သူ့ရဲ့ဘေးမှာ လျှောက်နေတဲ့ လူငယ်ကတော့ မားကလန်ရဲ့ သခင်လေး မာတင်းယန် ပါပဲ။

သည်သွေးတစ်စက် မြို့မှာတော့ မားကလန်က အစွမ်း အထက်ဆုံး အင်အားစု တစ်စု ဖြစ်ပေမဲ့လည်း ကောင်းကင် နတ်ဆိုးဂိုဏ်းနဲ့ ယှဉ်ရင်တော့ ဘာမှ မဟုတ်သေးပါဘူး။ အဲသည်အတွက် မားတင်းယန်က လီဝူရှုကို အသေကပ်ပြီး မြှောက်ပင့်ဖားရား နေတယ်လေ။

လီဝူရှုကတော့ အရင်အတိုင်း မာနထောင်လွှား နေတုန်းပါပဲ။ သူ့ရဲ့ ဦးခေါင်းက ဘယ်သူ့ကိုမှ အောက်ကျို့ မနေပါဘူး။ သူက သည်ရှေးဟောင်း ပစ္စည်းဆိုင်တွေက ပစ္စည်းတွေကိုလည်း လုံးဝကို အထင် မကြီးပါဘူး။ လီဝူရှုက အပျင်းပြေ သက်သက် ဟိုဟို သည်သည် လျှောက်သွားကြည့် နေတာပါ။

ရုတ်တရက် လီဝူရှုရဲ့ မျက်လုံးတွေက အရောင်တောက် သွားပြီး အမူအရာ ပြောင်းသွားပါတယ်။

“ဟိုအရှေ့က ကောင်ကို ဝိုင်းကြ”

“မအေပေး ... ခွေးသား လီဖူချန်း မပြေးနဲ့။ ကျွန်သဘောက်မသား ...”

***

All Chapters