ပြေးရပြန် လေပြီ
Vol. 15 Ch. 201
လီဖူချန်းက ရှေးဟောင်းပစ္စည်း လမ်းကြားထဲမှာ လျှောက်မွှေ နေရင်းနဲ့ ရုတ်တရက် လီဝူရှုတို့ အုပ်စုကို တွေ့လိုက်ရပါတယ်။
လီဖူချန်းက ရုပ်ဖျက်ထားတဲ့ အတွက် သူ့ကို လီဝူရှု မှတ်မိမှာ မဟုတ်ဘူး ဆိုတာက သိနေပေမဲ့လည်း ပိုပြီး စိတ်ချရဖို့ အတွက် လီဝူရှုကို ကျောပေးလိုက်ပြီး ခပ်သုတ်သုတ် ထွက်သွား လိုက်ပါတယ်။
ဒါပေမဲ့လည်း လီဝူရှုရဲ့ ဆဲရေး တိုင်းထွာမှုတွေကို ကြားလိုက်ရပြီး သိပ်မကြာခင်မှာပဲ လူငယ်တစ်စုက သူ့ကို ဝိုင်းထား လိုက်ပါပြီ။
လီဖူချန်းက ဘာမှ မသိသည့်ဟန်ဖြင့် …
“ဘာဖြစ်တာလဲဗျ။ ကျွန်တော်ဘာများ အကူအညီ ပေးရမလဲ”
သည်မြို့ထဲ မှာတော့ သူ့ရဲ့ဇာတိရုပ် အစစ်အမှန်က မပေါ်လျှင် ပိုကောင်း ပါသည်လေ။ လီဝူရှုနဲ့ ပါလာသည့် လူငယ်တွေကလည်း ခေမယ့်ပုံ မပေါ်ပါဘူး။
လီဝူရှုကလည်း အနည်းငယ် ကြောင်အ နေပါတယ်။ အနောက်ကနေ မြင်လိုက်ရတဲ့ အနေအထားက လီဖူချန်းနဲ့ အရမ်းကို ဆင်နေသည့် အတွက် သူက သည်လူကို လီဖူချန်းဟု ထင်ပြီး ဝိုင်းထားခိုင်း လိုက်တာပါ။
ဒါပေမဲ့ အရှေ့ကနေ ကြည့်တဲ့ အခါမှာတော့ ထိုလူက လီဖူချန်းနဲ့ တစ်စက် ကလေးမျှကို မတူပါဘူး။ ပြီးတော့ အသက်အရွယ် ကလည်း တခြားစီ ပါပဲလေ။
မားတင်းယန်က ကပ်ပါးရပ်ပါးဖြင့် …
“အစ်ကိုလီ ... သည်ကောင်က အစ်ကို့ကို စော်ကား ဖူးတာလား။ သည့်ကောင်ကို ဖမ်းခေါ်သွားပြီး ကောင်းကောင်းကြီး နှိပ်စက်လိုက် ရအောင်လေ။ ပြီးမှ ထောင်သွင်း အကျဉ်းချထား လိုက်ကြတာပေါ့”
“သည့်ကောင်ကို ဝါးဆစ်ထိုင်ခုံ အကြောင်း မြည်းခိုင်း လိုက်ရအောင်”
(ဝါးဆစ်ထိုင်ခုံ ဆိုတာက ရှေးတုန်းက နှိပ်စက်နည်း တစ်ခု ဖြစ်ပါတယ်။)
လီဝူရှုက သူ့ရဲ့လက်ကို ဝှေ့ယမ်းလိုက်ပြီး …
”သွားတော့"
သည်ကောင်က လီဖူချန်း မဟုတ်မှတော့ သူကဆက်ပြီး ပြဿနာ မရှာချင်တော့ ပါဘူးလေ။
“ဟုတ် ... ဟုတ်”
လီဝူရှုဆီက အမိန့်သံ ကြားပြီးတာနဲ့ လီဖူချန်းကလည်း အမြန်ပဲ လစ်ပြေး ပါတော့တယ်။
မဟုတ်သေးဘူးနော်။
တစ်ခုခုတော့ မှားနေသလိုပဲ။
လီဖူချန်းရဲ့ နောက်ကျောကို ကြည့်ရင်းနဲ့ လီဝူရှုက တစ်ခုခု ထူးဆန်းနေ သလို ခံစားနေ ရပါတယ်။
“လူတစ်ယောက်နဲ့ တစ်ယောက်က ခန္ဓာကိုယ် အချိုးအစား သည်လောက် မတူပါဘူးကွာ။ သည်ကောင်က ရုပ်ဖျက်ထားတာ များလား ...”
သိပ်မကြာခင်မှာပဲ လီဝူရှုက အဓိက လွဲမှားနေတဲ့ အချက်ကို ရှာဖွေတွေ့ရှိ သွားပါပြီ။
“တောက် သည်ခွေးမသား ငါ့ကို လိမ်သွားပြီ”
“မြန်မြန်ဟေ့ ... အစောပိုင်းတုန်းက လူကို အမြန်လိုက်ရှာကြ။ အဲသည်လူကို ရှာတွေ့ရင် ငါလီဝူရှုက ကျေးဇူး ပြန်ဆပ်မယ်"
လီဝူရှုက အသံနက်ကြီးဖြင့် ကြိမ်းဝါးရင်း လီဖူချန်း ထွက်သွားရာ နောက်ကို ပြေးလိုက် သွားပါတော့တယ်။
မားတင်းယန်နဲ့ သူ့လူတွေကတော့ ကြောင်အပြီး ရပ်ကျန်နေ ခဲ့ပါပြီ။ သူတို့ရဲ့ စိတ်ထဲမှာတော့ …
“ငါတို့ကို ငါတို့ ထူးဆန်းလှပြီ ထင်နေတာ။ သည်ကောင် လီဝူရှုက ငါတို့ထက်တောင် ပိုထူးဆန်း သေးတယ်။ အစောပိုင်းကပဲ ဟိုလူကို သွားခွင့်ပေး လိုက်တယ်။ အခုတစ်ခါ ထပ်ပြီးတော့ ပြန်ရှာခိုင်း နေပြန်ပြီ။ သည်ကောင်က ငါတို့ကို လာဆော့ကစား နေတာများလား ...”
ဒါပေမဲ့လည်း မားတင်းယန်က သူ့လူတွေကို လိုက်ရှာဖို့ အတွက် စေလွှတ် လိုက်ပါတယ်။ လီဖူချန်းကို ရှာဖို့အတွက်ပေါ့။
လီဝူရှုရဲ့ မြင်ကွင်းကနေ ထွက်သွား ပြီးတာနဲ့ လီဖူလျန်းက လျင်မြန် သွက်လက်စွာဖြင့် ရှေးဟောင်းပစ္စည်း လမ်းကြားထဲ ကနေ ထွက်သွား ခဲ့ပါပြီ။
“လီဝူရှုက ငါ့ကို အနောက်ကနေ ကြည့်ပြီးတောင် မှတ်မိနေတာလား။ သည်ကောင်ကတော့ တကယ့် ပြဿနာကောင် ပဲကွာ။ သည်အတိုင်း ဆိုရင်တော့ ငါရုပ်ဖျက် ထားတာကိုလည်း မကြာမီ သိသွားမှာပဲ။ အဲသည်အခါ ကျရင် သည်ကောင်က ငါ့ကိုလိုက်ရှာဖို့ လူတွေ လွှတ်လိုက်လိမ့်မယ်”
လီဖူချန်းရဲ့ မှန်းဆချက်တွေက သွေးထွက်အောင်ပင် မှန်ပါတယ်။
“မဖြစ်တော့ဘူး။ ငါသည် မြို့ထဲကနေ အမြန်ဆုံး ထွက်သွားမှသာ ဖြစ်တော့မယ်”
လီဖူချန်းက သူ့ရဲ့ ဦးနှောက်ကို အဆက်မပြတ် အလုပ်ပေး နေသလို ခန္ဓာကိုယ်ကလည်း တရစပ် လှုပ်ရှား နေဆဲပါပဲ။ သူက သူ့ကိုယ်သူ လီဝူရှုနေရာမှာ ထားပြီး စဉ်းစား နေပါတယ်။ သူသာ လီဝူရှုဆိုရင် ရန်သူကို ဘယ်လို လိုက်ဖမ်းမလဲ ဆိုပြီးတော့ပေါ့။
သူသာ လီဝူရှု ဆိုရင်တော့ တစ်မြို့လုံးမှာ ပုံတွေ ချိတ်ဆွဲပြီး ဆုကြေး ထုတ်တော့မှာပါ။ အဲဒါဆိုရင် လီဖူချန်းက အပြင်ကိုတောင် ထွက်လို့ရတော့မှာ မဟုတ်ဘူးလေ။ မြို့ထဲကနေ ထွက်ပြေးမယ် ဆိုရင်လည်း မြို့စောင့် တပ်သားတွေနဲ့ ပက်ပင်း တိုးမိနိုင်ပါ သေးတယ်။
ပြောမည့်သာ ပြောရတာပါ။ လီဝူရှုက မြို့တံခါးကိုတောင် ပိတ်ရင် ပိတ်ပြီးနေ လောက်ပါပြီ။
အခုချိန်မှာ လီဖူချန်း လုပ်နိုင်တာ ကတော့ သူ့ရဲ့ အသွင်အပြင်ကို အမြန် ပြောင်းရင်ပြောင်း ဒါမှမဟုတ် အခု ချက်ချင်း မြို့ထဲကကနေ ပြေးရင် ပြေးပါပဲ။
အသွင် ပြောင်းတာက အနည်းငယ် စိုးရိမ် နေရဦးမှာ ဖြစ်သည့်အတွက် လီဖူချန်းက ဒုတိယ အကြံကိုပဲ အကောင်အထည် ဖော်ဖို့ ဆုံးဖြတ် လိုက်ပါတယ်။
ထို့နောက်မှာတော့ လီဖူချန်းက မြို့တံခါးဆီကို ဦးတည်ပြီး ပြေးထွက် သွားပါတော့တယ်။
၁၅ မိနစ်မျှ အကြာမှာတော့ မားတင်းယန်ရဲ့ လက်အောက်ခံတွေက အကုန်လုံး ပြန်ရောက်လာ ကြပါပြီ။ တစ်ဦး တစ်ယောက်ကမှ လီဖူချန်းကို ရှာဖွေ မတွေ့ခဲ့ပါဘူး။
လီဝူရှုကတော့ သည်ရလဒ်ကို လုံးဝ လက်မခံ နိုင်ပါဘူးလေ။ လီဝူရှုက မားတင်းယန်ကို ပြောလိုက်ပါတယ်။
“မြို့အဝင်အထွက် တံခါးတွေကို ပိတ်ပြီး ဝရမ်း ထုတ်လိုက်။ သူ့ရဲပုံကို တစ်မြို့လုံး အနှံ့ ကပ်ထား။ သည်ခွေးမသားကို ငါ့လက်ထဲက ထွက်ပြေးခွင့်ပေးလို့ မရဘူး”
လီဝူရှုက လုံးဝကို ယူကျုံးမရ ဖြစ်နေပါတယ်။ သူက ဘာဖြစ်လို့ ထိုလူကို မဖမ်းထားပဲ အလျင်စလို လွှတ်ပေး လိုက်မိပါလိမ့်။ အနည်းဆုံးတော့ ရုပ်ဖျက်ထားလား ... မထားဘူးလား ဆိုတာကို စစ်ဆေး ကြည့်ခဲ့သင့်သည် မဟုတ်ပါလား …”
“အစ်ကိုလီ ... မြို့အဝင်အထွက် တံခါးတွေကို ပိတ်ခိုင်းရ လောက်တဲ့အထိတော့ ကျွန်တော့်မှာ လုပ်ပိုင်ခွင့် မရှိဘူးလေ”
မားတင်းယန်က ရှက်ကိုး ရှက်ကန်းဖြင့် လီဝူရှုကို ပြန်ပြော လိုက်ပါတယ်။ မားကလန်ရဲ့ ခေါင်းဆောင်ကြီးမှာ သာလျှင် ထိုကဲ့သို့ အခွင့်အာဏာ ရှိသည်လေ။ သူလုပ်နိုင်တာ ဆိုလို့ လီဖူချန်းရဲ့ ပုံတွေကို မြို့အနှံ့ ကပ်ထားတာပဲ ရှိပါတယ်။
လီဝူရှုက စိတ်မရှည်စွာဖြင့် …
“ဒါဆိုရင်လည်း သည်လို အခွင့်အာဏာ ရှိတဲ့ တစ်ယောက်ယောက်ကို သွားပြောလိုက်။ ငါလီဝူရှု ... ကောင်းကင် နတ်ဆိုးဂိုဏ်းရဲ့ သခင်လေးက မြို့တံခါးတွေကို ပိတ်ထား စေချင်တယ်လို့။ ငါတို့ကောင်းကင် နတ်ဆိုးဂိုဏ်းရဲ့ ရန်သူတစ်ယောက် သည်မြို့ထဲမှာ ရောက်နေတယ်လို့ပါ ပြောလိုက် ...”
သူတို့ ကောင်းကင် နတ်ဆိုးဂိုဏ်းက အရှေ့ ယူနီကွန်း တိုက်ကြီး တစ်ခုလုံးရဲ့ အစွမ်း အထက်ဆုံး ဂိုဏ်းတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သည်လို မြို့လေး တစ်မြို့ကိုတော့ ကောင်းကောင်းကြီး ဖျက်ဆီး နိုင်စွမ်း ရှိပါတယ်။ တကယ်လို့ တစ်စုံတစ်ယောက် ကသာ သူ့ရဲ့ တောင်းဆိုမှုကို ငြင်းပယ်မယ် ဆိုရင်တော့ ကောင်းကင် နတ်ဆိုးဂိုဏ်းရဲ့ အမျက်ဒေါသကို ကောင်းကောင်းကြီး ခံစားသွား စေရမည်လေ။
သိပ်မကြာခင်မှာပဲ ... မီးရှူးမီးပန်း တစ်ခုက ထွက်ပေါ်လာပြီး မြို့အဝင် အထွက် တံခါးတွေ အကုန်လုံးကို ပိတ်ပစ် လိုက်ပါတော့တယ်။
“ဘာတွေဖြစ် နေတာလဲ ... ဘာဖြစ်လို့ မြို့တံခါးတွေက ပိတ်ကုန်တာ တုန်းဟ”
“မသိဘူးဟေ့ ... ငါလည်း အခုမှ ရောက်တာ”
“သေလိုက် ပါတော့ကွာ ... ငါ့အမေက မြို့ပြင်မှာဟ”
မြို့ထဲမှာ ပိတ်မိနေတဲ့ လူတွေကတော့ မချိတင်ကဲ ဖြစ်နေ ကြပါပြီ။
တစ်ချိန်တည်းမှာပဲ မြို့စောင့် တပ်သားတွေက နေရာအနှံ့မှာ အလိုရှိကြောင်း ကြော်ငြာတွေ လိုက်ကပ် နေပါတယ်။ ကြော်ငြာထဲမှာ ပါတဲ့ ပုံတွေကတော့ နှစ်မျိုးပါပဲ။ ပထမပုံက လီဖူချန်းရဲ့ နဂိုမူလ မျက်နှာ ဖြစ်ပြီး ဒုတိယပုံကတော့ ရုပ်ဖျက်ထားတဲ့ လီဖူချန်းရဲ့ မျက်နှာ ဖြစ်ပါတယ်။
“အားယား ... ဘာဖြစ်လို့ သည်လူက ညီလေးချန်းနဲ့ ရုပ်အရမ်း ဆင်နေရတာလဲ”
နှင်းဆီကုန်သည် အစည်းအရုံးရဲ့ တံခါးပေါက် အပြင်မှာတော့ ဟောင်ပြောင်းက ကြော်ငြာ စာရွက်ကို ကြည့်ရင်းနဲ့ စဉ်းစားခန်း ဝင်နေပါတယ်။
“မင်းအဖေကို ဆင်နေပါလား ... အဲသည်ပုံက ညီလေးချန်းပဲဟ”
ကျန်းတကျင်းက ဟောင်းပြောင်းကို လှမ်းဆဲ လိုက်ပါတယ်။
ထို့နောက်မှာတော့ နှစ်ယောက်စလုံးက တိတ်တဆိတ်နဲ့ နှင်းဆီ အစည်းအရုံးထဲကို ပြန်ဝင်သွား ကြတယ်လေ။
အဲသည် အချိန်မှာတော့ လီဖူချန်းက သွေးတစ်စက်မြို့ရဲ့ အပြင်ကို ရောက်နေပါပြီ။
“သည်စောက်ရူး လီဝူရှုက ငါ့ကို အခုထက်ထိ ပြဿနာ ရှာချင်နေတာပဲ။ နေနှင့်ဦးပေါ့ကွာ ... တစ်နေ့ အခွင့်အရေးကြုံမှ မင်းကို ယမမင်းဆီ အလည် ပို့လိုက်ဦးမယ်”
လီဖူချန်းက တောက်တခေါက်ခေါက်ဖြင့် မကျေမနပ် ကြိမ်းဝါး နေပါတယ်။ သူက သွေးတစ်စက် မြို့ထဲကနေ လက်မတင်လေး ထွက်နိုင်ခဲ့ တာလေ။ နည်းနည်းလေးသာ နောက်ကျ သွားလို့ကတော့ လီဝူရှုရဲ့ လက်ထဲမှာ ကွိခနဲ မိသွားမှာပါပဲ။
လီဖူချန်းက လီဝူရှုကို တစ်ခါတည်း သတ်သွားချင် ပေမဲ့လည်း လီဝူရှုရဲ့ အနောက်မှာ ကောင်းကင်နယ်ပယ် အစောင့်အရှောက် တစ်ယောက် လိုက်လံ စောင့်ရှောက် နေတာကို သိနေတဲ့ အတွက် ကျိန်ဆဲနေရုံ လွဲပြီး ဘာမှ မတတ်နိုင်ပါဘူးလေ။
***
နောက်ထပ် ရက်အနည်းငယ် အကြာမှာတော့ ...
ဝုန်း ... ဝုန်း ...
လီဝူရှုက ဒေါသတကြီးဖြင့် အခန်းထဲက ပစ္စည်းတွေ အကုန်လုံးကို ပေါက်ခွဲနေ ပါတယ်။
“မအေပေး ... ကျွန်သဘောက်မသား သည်မျိုးမစစ်က မြို့ထဲမှာပဲ ရှိရဦးမယ်။ ဒါကို အခုထက်ထိ သည်ခွေးမသားရဲ့ အရိပ်အယောင်တောင် မတွေ့ရသေးတာလဲ …”
ပြောမယ့်သာ ပြောရပါတယ်။ လီဝူရှုရဲ့ မသိစိတ်ကတော့ လီဖူချန်း တစ်ယောက် အစောကြီး ကတည်းက သွေးတစ်စက် မြို့ထဲကနေ ထွက်သွား လောက်ပြီဟု ထင်မြင် နေပါပြီ။
တစ်ဖက်လူက သူ့ရဲ့ မျက်စိ အောက်ကနေ ထွက်ပြေးသွားတာ ဖြစ်တဲ့အတွက် လီဝူရှု တစ်ယောက် ပိုပြီး မချိတင်ကဲ ခံစားနေ ရပါတယ်။
ဝုန်း ...
မားကလန်ရဲ့ တံခါးမကြီးက ခြင်္သေ့ ရုပ်တုကြီး ၂ခုနဲ့အတူ အပိုင်းပိုင်း အစစ ဖြစ်သွား ခဲ့ပါပြီလေ။
“ဘယ်သူက မားကလန်ကို လာစော်ကား နေတာလဲကွ”
အော်သံနဲ့အတူ ကောင်းကင်နယ်ပယ် ပညာရှင်၃ဦးက မားကလန်ထဲ ကနေ ထွက်လာခဲ့ တယ်လေ။
“ငါက မိုးပြာရောင် ဂိုဏ်းရဲ့ အတွင်းစည်း အကြီးအကဲပဲကွ။ မင်းတို့ မားကလန်က အရမ်းတွေ သတ္တိရှိ နေတယ်ပေါ့ ဟုတ်လား ...”
မားကလန်ကို အလည်အပတ် ရောက်လာတဲ့ သူကတော့ သက်လတ်ပိုင်း အရွယ် လူကြီး တစ်ယောက်ပါပဲ။ ထိုလူကြီးက ဝေဟင်ထက်မှာ ကိုယ်ယောင်ကိုယ်ဝါ တောက်ပစွာဖြင့် ရပ်နေသည်လေ။
တကယ်လို့သာ လီဖူချန်း တစ်ယောက် သည်နေရာမှာ ရောက်နေခဲ့မယ် ဆိုရင်တော့ ထိုလူကြီးကို ကောင်းကောင်း သိမှာပါ။
ထိုလူက အတွင်းစည်း တပည့်အဖြစ် စစ်ဆေးတဲ့ စစ်ဆေးမှုတွေမှာ အဓိက တာဝန်ယူခဲ့တဲ့ ချီဟွာပါပဲ။ အကြီးအကဲ ချီဟွာက ကောင်းကင်နယ်ပယ် အဆင့်၆က ပညာရှင် ဖြစ်ပါတယ်။
တိုက်ရိုက် တပည့်တွေက စွန့်စားခန်း ခရီးတွေ ထွက်ကြသလို အတွင်းစည်း အကြီးအကဲ တွေကလည်း တစ်ခါတစ်ရံမှာ အပြင်လောကကို လျှောက်သွား တတ်ကြတယ်လေ။ ချီဟွာက သည်မြို့ကို ရောက်လာတဲ့ အခါမှာ လီဖူလျန်းကို ဖမ်းဝရမ်း ထုတ်ထားတာကို မြင်တွေ့လိုက် ရပါတယ်။ ထို့ကြောင့် သူက ဒေါသတကြီးနဲ့ မားကလန်ကို ရောက်လာတာပါ။
“မိုးပြာရောင် ဂိုဏ်းလား ...”
မားကလန်ရဲ့ မူလအဖွဲ့ဝင် ၃ယောက်က အမူအရာ ပြောင်းသွားပါတယ်။
“ကျုပ်တို့ မားကလန်က မိုးပြာရောင်ဂို ဏ်းအပေါ် ဘာများ ကျူးလွန်မိလို့ မားကလန်ရဲ့ တံခါးမကြီးကို ဖျက်ဆီးလိုက် ရတာလဲ”
ကောင်းကင်နယ်ပယ် ပညာရှင် တစ်ယောက်က ဒေါသတွေကို ပြန်သိမ်းဆည်း လိုက်ပြီး မေးလိုက်ပါတယ်။
ချီဟွာက အေးစက်စက် လေသံဖြင့် …
“မြို့ထဲမှာ မင်းတို့ မားကလန်က အလိုရှိသည် ဆိုပြီး ကပ်ထားတဲ့ ပုံပိုင်ရှင်က ငါတို့ မိုးပြာရောင်ဂိုဏ်းရဲ့ ရွှေအဆင့် တိုက်ရိုက် တပည့်ကွ။ မင်းတို့ မားကလန် တစ်ခုလုံးကို မြေလှန်မပစ် စေချင်ရင် အခုချက်ချင်း အဲသည်ပုံတွေကို ပြန်သိမ်းလိုက်။ ပြီးတော့ သွေးတစ်စက် တစ်မြို့လုံးမှာ မားကလန်က မိုးပြာရောင်ဂိုဏ်းရဲ့ ခွင့်လွှတ်မှုကို တောင်းခံကြောင်း ကပ်ထား။ သုံးရက်ကြာရင် ငါပြန်လာခဲ့မယ်။ အဲသည် အချိန်အထိ ငါပြောတဲ့ အတိုင်း မလုပ်ထားရင်တော့ မင်းတို့ မားကလန် တစ်ခုလုံးကို မြေလှန်ပစ်မယ်”
ချီဟွာရဲ့ အေးစက်စက် စကားသံက မားကလန်ရဲ့ မူလအဖွဲ့ဝင် ၃ယောက်ကို တုန်လှုပ် ချောက်ချား သွားစေခဲ့ ပါတယ်။
မားကလန်က အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးမှာ ရှိတဲ့ ဘယ်ဂိုဏ်းကို မဆို အာခံနိုင်လောက်တဲ့ အင်အား မရှိသေးပါဘူး။
တကယ်လို့သာ မိုးပြာရောင်ဂိုဏ်းက မားကလန်ကို မြေလှန်ပစ်မယ် ဆိုရင် ကောင်းကင် နတ်ဆိုးဂိုဏ်းကလည်း လာရောက် ကာကွယ်ပေးမှာ မဟုတ်ပါဘူးလေ။
ပြောပြီးတာနဲ့ ချီဟွာက လှည့်ထွက် သွားခဲ့ပါပြီ။
ချီဟွာ ထွက်သွားပြီး သိပ်မကြာခင်မှာပဲ လီဖူချန်းကို အလိုရှိတဲ့ ကြော်ငြာစာတွေ အားလုံး စုတ်ဖြဲခံ လိုက်ရပြီး တောင်းပန်စာတွေက အစားထိုး ဝင်ရောက် လာခဲ့ပါတယ်။
တောင်းပန်စာမှာ ပါရှိတဲ့ အကြောင်းအရာတွေ ကတော့ မားကလန်က အခြေအနေကို မသိဘဲ လူမှားခဲ့ကြောင်း။ ဖမ်းဝရမ်း ထုတ်ခံရသည့် လူကြီးမင်းအား တောင်းပန်ပါကြောင်း။ လူကြီးမင်းကလည်း သဘောထား ကြီးစွာဖြင့် ခွင့်လွှတ်ပေးစေ လိုကြောင်းတို့ ဖြစ်ပါတယ်။
မားကလန် မှာတော့ ...
ဖြန်း ...
မားကလန်ရဲ့ လက်ရှိခေါင်းဆောင် မားရှန်ဘက မားတင်းယန်ရဲ့ မျက်နှာကို ဖြတ်ရိုက်ပစ် လိုက်ပါတယ်။
“မင်းကို ဘယ်သူက ကောင်းကင် နတ်ဆိုးဂိုဏ်း သခင်လေးရဲ့ အလိုဆန္ဒ အတိုင်း လိုက်လုပ်ပါလို့ ပြောထားလို့လဲ ...”
“အဖေ ... အဖေပဲ ပြောခဲ့တာလေ။ ဂိုဏ်းတော်က တပည့်တွေနဲ့ ခင်မင်ရင်းနှီးမှု ရှိအောင် နေရမယ်ဆို။ လီဝူရှုက ကောင်းကင်နတ်ဆိုး ဂိုဏ်းချုပ်ရဲ့ သားဗျ။ ဒါက ကျွန်တော်တို့ မားကလန် အတွက် အခွင့်အလမ်းကောင်းပဲ”
ဖြန်း ...
မားရှန်ဘက မားတင်းယန်ကို နောက်ထပ်တစ်ချပ် ထပ်ရိုက်လိုက် ပြန်ပါတယ်။
“မင်းဘကြီးကို အခွင့်အရေး ပါလားကွ။ ခုနလေးတင်ပဲ မိုးပြာရောင်ဂိုဏ်းရဲ့ အတွင်းစည်း အကြီးအကဲ တစ်ယောက်က လာပြီး ငါတို့ကို ရာဇသံ ပေးသွားပြီးပြီ။ မင်း မဆင်မခြင် လုပ်လိုက်တဲ့ အပြုအမူက ငါတို့ မားကလန် တစ်ခုလုံးကို ပြုတ်ပြုတ်ပြုန်းသွား စေနိုင်တယ် ဆိုတာကိုကော သိရဲ့လား ...”
ထို့နောက်မှာတော့ မားရှန်ဘက စိတ်လျှော့လိုက်ပြီး …
“ဒီမှာ ငါ့သား ... ဂိုဏ်းနှစ်ဂိုဏ်း ကြားက ပြဿနာထဲ ဘယ်တော့မှ မဝင်သွားမိ စေနဲ့။ မင်းယောင်မှားပြီး ဝင်သွားမိရင် ကလန် တစ်ခုလုံး မြေလှန်ခံ လိုက်ရလိမ့်မယ်။ ကြားလား ...”
“ဟုတ် ... ဟုတ်ကဲ့ပါ အဖေ”
မားတင်းယန်က မျက်နှာ ငယ်လေးဖြင့် ခေါင်းညိတ် လိုက်ပါတယ်။
မြို့ထဲက အဖြစ်အပျက်တွေကို သိသွားပြီးတဲ့ နောက်မှာတော့ လီဝူရှုက မားကလန်ကို ရောက်ချ လာပါတယ်။
မားရှန်ဘ အပြုံးလေးဖြင့် ဆီးကြိုနေပြီး …
“သခင်လေးလီ ... ကျွန်တော်တို့ မားကလန်ကို ခက်ခဲအောင် မလုပ်ပါနဲ့ဗျာ။ အစောပိုင်းတုန်း ကပဲ မိုးပြာရောင်ဂိုဏ်းရဲ့ အတွင်းစည်း အကြီးအကဲ တစ်ယောက် ရောက်လာပြီး ကျွန်တော်တို့ကို ရာဇသံ ပေးသွားခဲ့ပြီ။ ကျွန်တော်တို့သာ သည်ဖမ်းဝရမ်း ကြော်ငြာတွေကို မရုပ်သိမ်း ပေးဘူးဆိုရင် မိုးပြာရောင်ဂိုဏ်းက မားကလန် တစ်ခုလုံးကို မြေလှန်ပစ်မှာဗျ”
“သည်ကောင်တွေက လုပ်ရဲလို့လား ... ငါ … ငါ …”
လီဝူရှုက ဆက်ပြီးတော့ ပြောချင်ပေမဲ့လည်း အချည်းနှီးပဲ ဆိုတာကို နားလည် သဘောပေါက်တဲ့ အတွက် ဘာမှ ဆက်မပြောတာ့ပဲ မားကလန်ကနေ ထွက်သွား ခဲ့ပါပြီ။
***