← Chapters

ဂြိုဟ်များ၏ အားပြိုင်မှု

Vol. 69 Ch. 957

ဂြိုဟ်များ၏ အားပြိုင်မှု

Vol. 69 Ch. 957

ဝမ်ပေါင်လဲ့မှာ နန်းတော်အဆောင် အပြင်ဘက်တွင် ရပ်ရင်း ကောင်းကင်ကြီးအား အချိန်အကြာကြီး မော့ကြည့်နေလိုက်၏။ သူသည် သူ ကြယ်သုသာန်ထဲသို့ ရောက်ရှိလာပြီးနောက် ဖြစ်ပျက်ခဲ့သည့် အရာများကို ပြန်တွေးကြည့်လိုက်သည်။ သူ၏ မျက်ဝန်းများထဲတွင် မျှော်လင့်ချက်မီးလျှံများ တောက်လောင်နေ၏။

သူသည် တာအိုဂြိုဟ်အကြောင်းအား ကျောက်ယမုန့်ဆီမှတစ်ဆင့် ကြားသိခဲ့ရစဉ်တုန်းက ထိုဂြိုဟ်အား ရယူပြီး ဂြိုဟ်အဆင့်သို့ တက်လှမ်းပြမည်ဟု စနောက်၍ ပြောဆိုခဲ့၏။ သို့သော် သူသည် ကျီစယ်နေခြင်းသာဖြစ်ကြောင်း သူ့ကိုယ်သူ သိထားသည်။

အစတုန်းက သူသည် ကြယ်သုသာန်ထဲ၌ အင်မော်တယ်ဂြိုဟ်အား အခြေပြုကာ အထူးဂြိုဟ်တစ်လုံးအား ရရှိပိုင်ဆိုင်နိုင်အောင် ကြိုးစားရန် ကြံရွယ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုတွင်မူ သူ၏ အတွေးများမှာ ပြောင်းလဲသွားပြီ ဖြစ်သည်။။

" ဒါ ကြယ်သုသာန်ထဲမှာ နှစ်ပေါင်းများစွာရှိနေတဲ့ တာအိုဂြိုဟ်ကို သိမ်းပိုက်နိုင်မယ့် တစ်ခုတည်းသော အခွင့်အရေး ဖြစ်ရင်ဖြစ်နေနိုင်တယ် " ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်တည်း ရေရွတ်လိုက်၏။ အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးနောက် သူသည် သူ၏ အကြည့်အား ပြန်လည်ရုပ်သိမ်းကာ နန်းတော်အဆောင်ထဲသို့ ပြန်ဝင်သွားလိုက်သည်။ ထို့နောက် သူသည် တင်ပျဉ်ခွေ ထိုင်ချကာ မျက်လုံးများမှိတ်လိုက်ပြီး သူ၏ စိတ်ကို တည်ငြိမ်အောင်ထား၍ အဆင်သင့်ဖြစ်နေစေရန် ပြင်ဆင်နေလိုက်တော့သည်။

ထိုညတွင် ဝမ်ပေါင်လဲ့တစ်ယောက်သာ မျှော်လင့်ချက်များ ကြီးထွားလာခဲ့သည်တော့ မဟုတ်ပေ။ မဟာလက်ဝဲတာအိုနယ်မြေထဲမှ အဆင့်တစ်ဂိုဏ်း၏ ပါရမီရှင်ဖြစ်သူ ပညာရှိပုံစံလူငယ်လေးမှာလည်း ထိုနည်းတူပင်။ သူသည် အထူးဂြိုဟ်များကို အခြေပြုကာ တာအိုဂြိုဟ်အား ရယူပိုင်ဆိုင်နိုင်ရန် ကြံရွယ်ထားခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် သူ၏ အကြံအစည်မှာ အောင်မြင်နိုင်ခြေ ဆယ်ရာခိုင်နှုန်းမှ နှစ်ဆယ်ရာခိုင်နှုန်းအထိသာ ရှိပေသည်။ သို့သော် တာအိုဂြိုဟ် ပေါ်ပေါက်လာမှုကြောင့် သူသည် ၎င်းနှင့် ရေစက်ပါနေသည်ဟု ခံစားလိုက်ရ၏။

ထို ခံစားချက်ကြီးမှာ အလွန်အင်မတန်မှ ထူးဆန်းပေသည်။ သူသည် ထိုအကြောင်းအား အခြားမည်သူ့ကိုမှ မပြောပြခဲ့ပါသော်လည်း သူ၏ နှလုံးသားထဲတွင်မူ ဗြောင်းဆန်နေပြီ ဖြစ်သည်။

အကယ်၍ လက်ရိုက်တံများ ရရှိပိုင်ဆိုင်ခဲ့သည့် ပါရမီရှင်များ အားလုံးသာ တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် ဆက်သွယ်၍ ပွင့်ပွင့်လင်းလင်း ဆွေးနွေးလိုက်ကြမည်ဆိုပါက သူတို့အားလုံးမှာ ပြဿနာတစ်ခု ရှိနေကြောင်း သိလိုက်ရမည်သာ ဖြစ်သည်။

ထိုကဲ့သို့ တာအိုဂြိုဟ်နှင့် ရေစက်ပါနေသည်ဟု ခံစားနေရသည့် ပါရမီရှင်မှာ ပညာရှိပုံစံလူငယ်လေး တစ်ယောက်တည်း မဟုတ်ပေ။ မျက်နှာဖုံးတပ်ထားသည့် အမျိုးသမီး၊ အနက်ရောင်ဝတ်ရုံနှင့် လူငယ်လေးနှင့် ခေါင်းလောင်းနှင့် မိန်းမပျိုလေးတို့လည်း ရှိနေသေးသည်။ အမှန်အတိုင်း ဆိုရလျှင်ထို ပါရမီရှင် ဆယ်ယောက်ထဲတွင် ဝမ်ပေါင်လဲ့မှ လွဲ၍ တာအိုဂြိုဟ်ကြီး ပေါ်ပေါက်လာသည်ကို မြင်လိုက်ရသည့် အခြား ပါရမီရှင်များအားလုံးမှာ သူတို့သည် ထို တာအိုဂြိုဟ်ကြီးနှင့် ရေစက်ပါနေသည်ဟု ခံစားလိုက်ကြရသည်သာဖြစ်သည်။

" ဒီ တာအိုဂြိုဟ်က ငါ့နဲ့ပေါင်းစည်းဖို့ ကံပါလာပြီးသား။ ဒီတစ်ခေါက် ငါ အဲဒီဂြိုဟ်ကို သေချာပေါက် ပိုင်ဆိုင်သွားစေရမယ် " ခေါင်းလောင်းနှင့် မိန်မပျိုလေးမှာ သူမ၏ အခန်းထဲ၌ စိတ်လှုပ်တရှား ဖြစ်နေ၏။ သူမသည် ကြယ်သုဿာန်အင်ပါယာထဲ၌ ပေါ်ပေါက်လာခဲ့သည့် ပြောင်းလဲမှုများ၏ အကြောင်းရင်းအား သိရှိထားခြင်း မရှိပါသော်လည်း ၎င်းတို့မှာ အလွန်အင်မတန်မှ ကြီးကျယ်ခမ်းနားနေမည်ဖြစ်ကြောင်း သိထားသည်။ သို့သော် ထိုပြောင်းလဲမှုများမှာ သူမအတွက် အရေးမပါပေ။ သူမသည် ထို ပြောင်းလဲမှုများနှင့်အတူ ပေါ်ပေါက်လာခဲ့သည့် တာအိုဂြိုဟ်ကြီးကိုသာ စိတ်ဝင်စားနေသည်။

" တာအိုဂြိုဟ်... မင်းသာ ငါ့ကို ရွေးချယ်မယ်ဆိုရင် ငါ မင်းနဲ့အတူ ကြယ်အဖွဲ့အစည်းတစ်ခုလုံးကို သုတ်သင်ရှင်းလင်းပြီးတော့ တာအိုဂြိုဟ်ဆိုတဲ့ ဂုဏ်ပုဒ်ကို မညှိုးငယ်ရအောင် ထိန်းသိမ်းပေးမယ် " အခြား အခန်းတစ်ခန်းထဲတွင်မူ အနက်ရောင်ဝတ်ရုံနှင့် လူငယ်လေးမှာ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည့် မျက်ဝန်းတစုံဖြင့် ရေရွတ်နေသည်။

တစ်ချိန်ထဲမှာပင် အမှောင်ပညာရပ်အား အသုံးပြုခဲ့သည့် မိန်မငယ်လေးမှာလည်း ဒွိဟ ဖြစ်နေရ၏။ သူမသည် ပြတင်းပေါက်ဘေးတွင်ထိုင်ရင်း ခေါင်းမော့ကာ စကြဝဠာကြီးအား လှမ်းကြည့်နေသည်။ ထို့အပြင် သူမသည် အကျင့်ပါနေသောကြောင့် ဆံပင်များကို လက်ဖြင့်ဆုပ်ကာ ပါးစပ်နားသို့ ကပ်၍ အဆက်မပြတ် ကိုက်နေ၏။

" ဟူး.... ဘာလို့ ဒီ တာအိုဂြိုဟ်က ငါနဲ့ ရေစက်ပါနေရတာလဲ။ ငါနဲ့မှ မလိုက်ဖက်တာကို။ ငါက အမှောင်ဂြိုဟ်ပဲ လိုချင်တာ... ပြီးတော့ ဒီခရီးစဉ်ကရော ဘယ်တော့မှ ပြီးမှာလဲ။ ငါ ငါ့ရဲ့ ဦးလေးကို သွားရှာဖို့ လိုသေးတယ်လေ " ထို မိန်မငယ်လေးမှာ သက်ပြင်းချလိုက်ပြီးနောက် တစ်စုံတစ်ခုအား သတိရသွားသည်ပုံပင်။ ထို့ကြောင့် သူမသည် ရုတ်တရက်ဆိုသလို ဝမ်ပေါင်လဲ့၏

အခန်း ရှိနေသည့် ဘက်သို့ လှမ်းကြည့်လိုက်၏။ ထိုအခန်းထဲတွင် မည်သူမှမရှိသည့်တိုင်အောင် သူမသည် ၎င်းအား အချိန်အကြာကြီး စိုက်ကြည့်နေဆဲပင်။

" ဒီ ရှဲ့တလုဆိုတဲ့ကောင်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ... အမှောင်ဂိုဏ်းရဲ့ အငွေ့အသက်တွေ ရှိနေတယ်။ သူက ငါ လုံးဝမတွေ့ဖူးတဲ့ ငါ့ရဲ့ဦးလေးနဲ့များ ဆုံခဲ့ဖူးတာများလား "

ထို မိန်းမငယ်လေး အတွေးများထဲ၌ နစ်မျောနေစဉ် ကောင်းရှုံ့နှင့် ဖက်တီးလေးတို့ကဲ့သို့သော အခြားပါရမီရှင်များမှာ စိတ်လှုပ်ရှားနေကြပြီ ဖြစ်သည်။ သူတို့မှာ သူတို့၏ စိတ်ခံစားချက်များကို ဖုံးကွယ်ထားနိုင်ရန် အကောင်းဆုံး ကြိုးစားနေကြ၏။ သူတို့ တစ်ယောက်ချင်းစီတိုင်းမှာ သူတို့သည် ထို တာအိုဂြိုဟ်နှင့် ရေစက်ပါနေသည်ဟု ယုံကြည်ထားကြသည်။

သူတို့အားလုံး ထိုကဲ့သို့ အထင်လွဲနေကြခြင်းမှာ အပြစ်မဆိုသာပေ။ တာအိုဂြိုဟ်ကြီး ပေါ်ပေါက်လာခဲ့စဉ်တုန်းက သူတို့အားလုံးမှာ ရင်ထဲ၌ ဗြောင်းဆန်သွားခဲ့ရသည် မဟုတ်ပါလော။ ထိုစဉ်တုန်းက တာအိုဂါထာတော်အား ရွတ်ဖတ်နေခဲ့သည့် ဝမ်ပေါင်လဲ့တစ်ယောက်သာလျှင် ထိုဂြိုဟ်ကြီးအား မမြင်ခဲ့ရခြင်း ဖြစ်သည်။

တာအိုဂြိုဟ်ကြီး ပေါ်ပေါက်လာမှုကြောင့် ထိုပါရမီရှင်ကိုးယောက် သူတို့ကိုယ်သူတို့ ရေစက်ပါသည့် လူများဟု အထင်မှားသွားကြသလို ကြယ်သုသာန်အင််ပါယာမှာလည်း စိတ်ဝင်တစားဖြစ်သွားရ၏။ အဘယ်ကြောင့်ဆိုသော အင်ပါယာကြီးထဲရှိ လက်ရှိမျိုးဆက်ထဲတွင်လည်း ထာဝရဝိညာဉ်ထိပ်ဆုံးအဆင့်သို့ ရောက်နေသည့် အစွမ်းထက်ကျင့်ကြံသူများ ရှိနေကြသောကြောင့်ပင်။

" တာအိုဂြိုဟ်ရဲ့ စိတ်ဆန္ဒ... " ကြယ်သုသာန်အင်ပါယာ၏ လက်ရှိမျိုးဆက်၏ ဧကရာဇ်ကြီးဖြစ်သော အနီရောင်မျဉ်းကြောင်းနှင့် လူပုံစံစက္ကူရုပ်ကြီးမှာ တော်ဝင်နန်းတော်ထဲရှိ မျှော်စင်ထဲတွင်ရပ်နေရင်း တစ်ကိုယ်တည်း ရေရွတ်နေ၏။ သူသည် ခေါင်းမော့ကာ ကောင်းကင်ယံကြီးအား စိုက်ကြည့်နေသည်။

ထို့နောက် ၎င်းမှာ ခေါင်းယမ်းလိုက်၏ " တာအိုဂြိုဟ်နဲ့ ရေစက်ပါနေတယ်လို့ ခံစားနေရတဲ့ လူတိုင်း တကယ် ရေစက်ပါနေတာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ နှစ်တွေအများကြီး ရှိနေပြီမလို့ တာအိုဂြိုဟ်ကလည်း အောက်ကို ဆင်းသက်လာဖို့ စိတ်ဆန္ဒပြင်းပြနေလို့ပဲ။ လှုံ့ဆော်ခံလိုက်ရလို့ အခုလို ဖြစ်သွားတာလည်း ဖြစ်ရင်ဖြစ်နေနိုင်တယ်... "

ယခုလို ဖြစ်နေရခြင်းမှာ ထို တာအိုဂြိုဟ်သည် ၎င်း၏ ကံကြမ္မာစွမ်းအားများကို ထုတ်လွှတ်ခဲ့သောကြောင့်သာ ဖြစ်ကြောင်း ထို လူပုံစံစက္ကူရုပ်ကြီးက သိထား၏။ ထို့ကြောင့်လည်း ပါရမီရှင်အားလုံးမှာ သူတို့သည် ၎င်းနှင့် ရေစက်ပါနေခြင်း ဖြစ်သည်ဟု ခံစားနေရခြင်းဖြစ်သည်။ သို့သော် ထို လူပုံစံစက္ကူရုပ်ကြီးကိုယ်တိုင်ပင်လျှင် တာအိုဂြိုဟ်ကြီး နောက်ဆုံးတွင် အမှန်တကယ် ဆင်းသက်လာနိုင်ခြေ ရှိမရှိဆိုသည့် အချက်ကို သိရှိထားခြင်း မရှိသလို ထိုသို့ ဆင်းသက်လာပါက ၎င်း ရွေးချယ်မည့် ကျင့်ကြံသူကိုလည်း သိရှိထားခြင်းမရှိပေ။

" ဘယ်သူ့ကိုများ ရွေးမလဲမသိဘူး... " အနီရောင်မျဉ်းကြောင်းနှင့် လူပုံစံစက္ကူရုပ်ကြီးမှာ ကောင်းကင်ကြီးအား စိုက်ကြည့်နေရာမှ သူ၏ အကြည့်အား ပြန်လည် ရုပ်သိမ်းလိုက်ပြီးနောက် ကြယ်သုသာန် မြို့တော်အား လှမ်းကြည့်လိုက်၏။ ၎င်းမှာ တစ်ခဏမျှ အတွေးများထဲတွင် နစ်မျောသွားပြီးနောက် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်သဖြင့် သူ၏ရှေ့တွင် အင်းကွက် အမြောက်အမြား ပေါ်ပေါက်လာတော့သည်။ ထို အင်းကွက်များမှာ တစ်ခုပေါ်တစ်ခု ထပ်သွားကြပြီး ကောင်းကင်ယံထဲ၌ ဝင်းလက်တောက်ပသည့် အလင်းရောင်များ ဖြည်းဖြည်းချင်း ပေါ်ပေါက်လာ၏။ တစ်အောင့်ခန့် အကြာတွင် အနီရောင်မျဉ်းကြောင်းနှင့် လူပုံစံစက္ကူရုပ်ကြီး၏ မျက်ဝန်းများထဲ၌ ထူးဆန်းသော အလင်းရောင်တစ်မျိုး ပေါ်ပေါက်လာပြီး ၎င်းမှာ လက်နှစ်ဖက်စလုံးကို မြှောက်ကာ ဝှေ့ယမ်းလိုက်တော့သည်။

" အသင် ဘယ်သူ့ကို ရွေးချယ်မလဲဆိုတာ သိပါရစေ "

ထိုအခါ ထို အင်းကွက်များမှာ ချက်ချင်းဆိုသလိုပင် ကြယ်အလင်းရောင်များကဲ့သို့ စကြဝဠာကြီး တစ်ခွင်လုံး၌ ပျံ့နှံ့သွား၏။ ၎င်းတို့အားလုံး ပျောက်ကွယ်သွားချိန်တွင် အနီရောင်မျဉ်းကြောင်းနှင့် လူပုံစံစက္ကူရုပ်ကြီးမှာ အခြားမည်သူမှ မြင်နိုင်စွမ်းမရှိသော အရာများကို မြင်လိုက်ရတော့သည်။

ကောင်းကင်ယံထဲရှိ မရေမတွက်နိုင်လောက်အောင်များပြားသော ကြယ်များထဲတွင် ကြယ်တစ်လုံးမှာ ဘုရင်တစ်ပါးကဲ့သို့ ငွားငွားစွင့်စွင့် ရှိနေ၏။ ၎င်းမှာ ကြယ်များအားလုံးကို ဖိနှိပ်ချုပ်တည်းထားသဖြင့် အခြား ကြယ်များအားလုံးမှာ ၎င်း၏ ပတ်ပတ်လည်၌ ဝန်းရံနေရသည်။ အထူးကြယ်များပင်လျှင် အခြားရွေးချယ်စရာမရှိပေ။

ထို အထူးကြယ်များထဲတွင် တာအိုဂြိုဟ်ထက် တစ်ဆင့်သာ ပိုနိမ့်သည့် အထူးဂြိုဟ်ကိုးလုံး ရှိနေသည့်တိုင်အောင် ၎င်းတို့မှာလည်း ရုန်းကန်နေရဆဲပင်။ သို့သော် ၎င်းတို့၏ ကြားမှ ခြားနားချက်မှာ ကြီးမားလွန်းနေသောကြောင့် ထို အထူးဂြိုဟ်များ၏ ရုန်းကန်မှုများမှာ တာအိုဂြိုဟ်၏ ရှေ့တွင် အချည်းနှီးပင်။

တာအိုဂြိုဟ်ကြီး၏ ဖိနှိပ်ချုပ်တည်းမှုများကြောင့် အခြားကြယ်များ၏ အရောင်များမှာ မှေးမှိန်သွားရ၏။ တစ်ချိန်ထဲမှာပင် ထိုဂြိုဟ်ကြီး၏ အလင်းရောင်များမှာ အလင်းတန်း ဒါဇင်ပေါင်းများစွာအဖြစ် ကွဲထွက်သွားပြီး ကြယ်သုဿာန် မြို့တော်ထဲသို့ ဆင်းသက်လာကြ၏။ ထို အလင်းတန်း တစ်ခုချင်းစီတိုင်းမှာ ၎င်းနှင့် ရေစက်ပါသည့် လူတစ်ယောက်ချင်းစီ ရှိနေသည့် နေရာသို့ ရောက်ရှိသွားကြသည်သာ ဖြစ်သည်။

ထို အလင်းတန်းများထဲမှ ကိုးခုမှာ ပြင်ပနယ်မြေထဲမှ ပါရမီရှင်များ ရှိနေသည့် စံအိမ်ကြီးထဲသို့ ဆင်းသက်သွား၏။ အခြား အလင်းတန်းများမှာမူ နေရာအနှံ့ပြားတွင် ရှိနေပြီး ကြယ်သုသာန်အင်ပါယာထဲမှ ပါရမီများဆီသို့ ရောက်ရှိသွားကြသည်။ သို့သော် ကြယ်သုသာန်အင်ပါယာထဲမှ ပါရမီရှင်များဆီသို့ ရောက်ရှိသွားသည့် အလင်းတန်းများမှာ ပြင်ပနယ်မြေထဲမှ ပါရမီရှင်များဆီသို့ ရောက်ရှိသွားသည့် အလင်းတန်းများလောက် ဝင်းလက်တောက်ပနေခြင်းမရှိပေ။

အလားတူပင် ပြင်ပနယ်မြေထဲမှ ပါရမီရှင်များ နေထိုင်နေသည့် စံအိမ်ထဲရှိ အလင်းတန်းကိုးခု၏ ဝင်းလက်တောက်ပမှုမှာလည်း အဆင့်ဆင့်ရှိနေကြသည်။ ၎င်းတို့ထဲမှာ နှစ်ခုမှာ အလင်းလက်ဆုံးဖြစ်ပြီး ထို အလင်းတန်းနှစ်ခုကြောင့် အခြား အလင်းတန်းများပင်လျှင် အတိုင်းအတာတစ်ခုအထိ မှေးမှိန်သွားရသည်ဟု ဆိုနိုင်ပေသည်။

ထို့ကြောင့် အနီရောင်မျဉ်းကြောင်းနှင့် လူပုံစံစက္ကူရုပ်ကြီးမှာ အထူးတဆန်းဖြစ်သွားရပြီး မျက်လုံးများမှေးကာ သေသေချာချာ လှမ်းကြည့်လိုက်၏။ ထိုအခါ ၎င်း၏ မျက်ဝန်းများထဲတွင် သူတို့၏ ကိုယ်ပိုင်အခန်းများထဲ၌ တင်ပျဉ်ခွေ ထိုင်နေကြသည့် လူနှစ်ယောက် ပေါ်ပေါက်လာသည်။

ထိုနှစ်ယောက်မှာ အမျိုးသားတစ်ယောက် အမျိုးသမီးတစ်ယောက် ဖြစ်သည်။ အမျိုးသားဖြစ်သူမှာ နောက်ကျောတွင် ဓားရှည်ကြီးတစ်လက် လွယ်ထားသည့် အနက်ရောင်ဝတ်ရုံနှင့်လူငယ်လေး ဖြစ်သည်။

အမျိုးသမီးဖြစ်သူမှာ... ခေါင်းလောင်းနှင့် မိန်းမပျိုလေး ဖြစ်ပေသည်။

ထိုနှစ်ယောက်၏ ပတ်ပတ်လည်တွင် ရှိနေသည့်အလင်းတန်းနှစ်ခုမှာ အချိန်နှင့်အမျှ ပို၍ ဝင်းလက်တောက်ပလာနေ၏။ အခြားသူများ၏ အလင်းတန်းများမှာမူ ပို၍ ဝင်းလက်တောက်ပလာခြင်းမရှိသလို မှေးမှိန်သွားခြင်းလည်း မရှိဘဲ နဂို အနေအထားအတိုင်းသာ ရှိနေသည်။

" ဒီနှစ်ယောက်က... " အနီရောင်မျဉ်းကြောင်းနှင့် လူပုံစံစက္ကူရုပ်ကြီးမှာ မျက်လုံးများ မှေးသွားပြီး သူတို့နှင့်ယောက်အား အချိန်အကြာကြီး စိုက်ကြည့်နေလိုက်၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့ ရှိနေသည့် နန်းတော်အဆောင်အား ရုတ်တရက်ဆိုသလို လှမ်းကြည့်လိုက်၏။ သို့သော် သူသည် မည်သည့် အလင်းတန်းကိုမှ မမြင်ခဲ့ရပေ။

" ဘာ ကံကြမ္မာအလင်းတန်းမှ မရှိပါလား... " ထိုအခါ အနီရောင်မျဉ်းကြောင်းနှင့် လူပုံစံစက္ကူရုပ်ကြီးမှာ လေသံတိုးတိုးဖြင့် သက်ပြင်းချမိသွား၏။ ၎င်းမှာ ဝမ်ပေါင်လဲ့အား ကူညီပေးချင်ပါသော်လည်း ယခုကဲ့သို့သော ကံကြမ္မာမျိုးအား ပြောင်းလဲပေးနိုင်လောက်အောင် စွမ်းဆောင်ပေးနိုင်မည် မဟုတ်ပေ။ ထို့အပြင် ထို လူပုံစံစက္ကူရုပ်ကြီးမှာ မိုးကောင်းကင်ကြီးနှင့် ပေါင်းစည်းကြည့်လိုက်သောအခါ ကြယ်သုဿာန်အား အများကြီး ကူညီပေးခဲ့သည့် ပုဂ္ဂိုလ်နှင့် တာအိုဂြိုဟ်ကြီး ရေစက်မပါဘဲ ဖြစ်နေရသည့် အကြောင်းရင်းကိုလည်း ခပ်ရေးရေးမျှ ခန့်မှန်းမိလိုက်သည်။

" ဘာလို့လဲဆိုတော့ သူ အသုံးပြုခဲ့တဲ့ နတ်ဘုရားစွမ်းရည်ကြောင့်ပဲ။ အဲဒီ နတ်ဘုရားစွမ်းရည်ကြောင့် ခေါင်းဆောင်ကြီးပါ သတိလစ်သွားခဲ့ရတာ။ သူ အဲဒီ စွမ်းရည်ကို အသုံးပြုပြီးတော့ ဆင့်ခေါ်ခဲ့တဲ့ ပြင်ပနယ်မြေထဲက ဖန်ဆင်းရှင်ရဲ့စွမ်းအားက တာအိုဂြိုဟ်ကြီးကို လှုံ့ဆော်ပေးခဲ့တာမလို့ အဲဒီ တာအိုဂြိုဟ်ကြီးက မာန်မာနထောင်လွှားလာပြီးတော့ အောက်ကိုဆင်းသက်လာပြီး သူ့ရဲ့ဂုဏ်သိက္ခာအတွက် ယှဉ်ပြိုင်ဖို့ စိတ်ဆန္ဒပြင်းပြနေတာ။ အဲတာကြောင့်မလို့လည်း အဲဒီ တာအိုဂြိုဟ်က သူ့ကို မရွေးတာပဲ။ အမှန်အတိုင်း ပြောရမယ်ဆိုရင် သူ့ကို အထင်သေးနေတဲ့ပုံတောင် ပေါက်နေသေးသလားလို့ "

တစ်ခဏမျှ ကြာပြီးနောက် ထို လူပုံစံစက္ကူရုပ်ကြီးမှာ စိတ်မကောင်းသည့် အမူအရာအဖြင့် ခေါင်းယမ်းလိုက်ပြီး ကောင်းကင်ကြီးနှင့် ပေါင်းစည်းနိုင်ရန် အသုံးပြုခဲ့သည့် မန္တန်အား ရပ်တန့်ရန် ပြင်လိုက်၏။ သို့သော် ထိုအချိန်တွင် သူသည် လေသံတိုးတိုးဖြင့် တအံ့တဩ ရေရွတ်မိလိုက်ပြီးနောက် မျက်ဝန်းများ ထူးဆန်းစွာတောက်ပသွားရတော့သည်။

အဘယ်ကြောင့်ဆိုသော် သူသည် ကောင်းကင်ယံထဲရှိ အထူးဂြိုဟ်ကိုးလုံးမှာ ကြိုးစားရုန်းကန်နေဆဲဖြစ်ကြောင်း မြင်လိုက်ရသောကြောင့်ပင်။ ၎င်းတို့မှာ အရှုံးမပေးကြသေးဘဲ ဖိနှိပ်ချုပ်တည်းခံနေရသည့်တိုင်အောင် အလင်းရောင်များ ထုတ်လွှတ်နေကြဆဲပင်။ ၎င်းတို့ဆီမှ ထွက်ပေါ်လာနေသည့် ကြယ်အလင်းရောင်များမှာ ကမ္ဘာကြီးထဲသို့ ပျံ့လွင့်လာပြီးနောက် ဝမ်ပေါင်လဲ့ ရှိနေသည့် တော်ဝင်နန်းတော်ထဲသို့ ဆင်းသက်လာ၏။

" ဒါ လူသားတွေရဲ့ အားပြိုင်မှုမဟုတ်ဘဲ ဂြိုဟ်တွေရဲ့ အားပြိုင်မှု ဖြစ်နေတာပါလား " အနီရောင်မျဉ်းကြောင်းနှင့် လူပုံစံစက္ကူရုပ်ကြီးမှာ တစ်ကိုယ်လုံး တုန်ရီသွားရပြီး မျက်ဝန်းများ ဝင်းလက်တောက်ပလာတော့သည်။ ၎င်းမှာ အထူးဂြိုဟ်ကိုးလုံး၏ စိတ်ဆန္ဒများကို အာရုံခံမိလိုက်သည့် ပုံပင်။

All Chapters