ထုတ်ပယ်ခံရခြင်း
Vol. 69 Ch. 958
" စိတ်ဝင်စားစရာပဲ " အနီရောင်မျဉ်းကြောင်းနှင့် လူပုံစံစက္ကူရုပ်ကြီးမှာ ဝမ်ပေါင်လဲ့ တရားထိုင်နေသည့် နေရာကို လှမ်းကြည့်နေရင်း မျက်လုံးများ မှေးသွား၏။ ၎င်း၏
ကျင့်ကြံခြင်းအဆင့်နှင့် လက်ရှိအခြေအနေအား နားလည်နိုင်တော့မည်မဟုတ်ပေ။ သို့ဖြစ်ရာ ၎င်းမှာ ကြယ်ဆွဲငင်ခြင်း အခမ်းအနား စတင်မည့် နေ့ရက်ကိုသာ မျှော်လင့်တကြီးနှင့် စောင့်ဆိုင်းနေလိုက်တော့သည်။
၎င်းမှာ မိုးကောင်းကင်ပူဇော်ပွဲ ကျင်းပမည့်နေ့တွင် မည်သူက မောက်မာဝင့်ကြွားသော တာအိုဂြိုဟ်အား ရရှိပိုင်ဆိုင်သွားမည်နည်းဟု သိချင်နေ၏။ ထို့အပြင် ၎င်းမှာ ထို တာအိုဂြိုဟ်ကြီး ပိုင်ရှင်ရှိသွားသည့်အချိန်တွင် ဝမ်ပေါင်လဲ့တစ်ယောက် ရရှိပိုင်ဆိုင်သွားမည့် အခွင့်အရေးများကိုလည်း သိချင်နေသည်။
အနီရောင်မျဉ်းကြောင်းနှင့် လူပုံစံစက္ကူရုပ်ကြီးမှာ ထိုကဲ့သို့ အတွေးများထဲတွင် နစ်မျောနေရင်း သူ၏ အကြည့်အား ပြန်လည်ရုပ်သိမ်းလိုက်၏။ ထို့နောက် ၎င်းမှာ မျှော်စင်ပေါ်မှနေ၍ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့သည်။ ထိုသို့ဖြင့် အချိန်များ အလျင်အမြန် ကုန်ဆုံးသွား၏။ ကြယ်သုဿာန်အင်ပါယာကြီး တစ်ခုလုံးမှာ ပူဇော်ပွဲအတွက် ပြင်ဆင်နေကြပြီ ဖြစ်သည်။ တစ်ချိန်ထဲမှာပင် ဤကမ္ဘာကြီးထဲ၌ ပြောင်းလဲမှုများ ပေါ်ပေါက်လာသည်ကို သတိထားမိနေသည့် လူပုံစံစက္ကူရုပ် အရေအတွက်မှာလည်း တဖြည်းဖြည်းနှင့် ပိုများလာပြီ ဖြစ်သည်။
ယခင်တုန်းကဆိုလျှင် ကြယ်သုဿာန်အင်ပါယာထဲရှိ လူပုံစံစက္ကူရုပ်တိုင်းမှာ အအေးဓာတ်များနှင့် အဖျက်စွမ်းအား အငွေ့အသက်များကို အမြဲတမ်း ခံစားခဲ့ရသည်သာ ဖြစ်သည်။ ထိုဖြစ်ရပ်ကြီး စတင်ခဲ့သည့် အချိန်အား မှတ်မိသည့် လူပုံစံစက္ကူရုပ် အရေအတွက်မှာ မရှိသလောက် နည်းပေသည်။ လူပုံစံစက္ကူရုပ် အများစုမှာဆိုလျှင် ဤကမ္ဘာကြီးထဲ၌ စတင် ဖြစ်တည်လာခဲ့စဉ်ကတည်းက ထိုကဲ့သို့ ခံစားခဲ့ရခြင်းဖြစ်သည်။
အစွမ်းထက် ကျင့်ကြံသူ အချို့သာလျှင် အတိတ်တုန်းက ကြယ်သုဿာန်အင်ပါယာအား မှတ်မိကြပေသည်။ ထို့အပြင် ထို ကျင့်ကြံသူများသာလျှင် ထို အအေးဓာတ်များနှင့် အဖျက်စွမ်းအား အငွေ့အသက်များမှာ လွန်ခဲ့သည့် နှစ်ပေါင်းများစွာတုန်းက တိတ်တဆိတ် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ကြောင်း သိထားကြ၏။
၎င်းတို့မှာ အနက်ရောင်စက္ကူပင်လယ်ကြီးကြောင့် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပေသည်။
သို့သော် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းတွင် ထို အစွမ်းထက် ကျင့်ကြံသူများသာမက သာမန် လူပုံစံစက္ကူရုပ်များပင်လျှင် ပြောင်းလဲမှုများကို စတင်သတိထားမိခဲ့ကြ၏။ ယခင်တုန်းက ရှိနေခဲ့သည့် အအေးဓာတ်များနှင့် အဖျက်စွမ်းအား အငွေ့အသက်များ၏ နေရာတွင် နွေဦးရာသီ၏ လေပြည်လေညင်းလေးများ ဆောင်ကျဉ်းလာပေးသည့် အနွေးဓာတ်များ အစားထိုးဝင်ရောက်လာသကဲ့သို့ပင်။ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ပင်လျှင် စကားလုံးများနှင့် ဖော်ပြ၍ မရနိုင်လောက်အောင် ပြောင်းလဲသွားပြီဖြစ်သည်။
အကြီးမားဆုံးသော ပြောင်းလဲမှုမှာ အနက်ရောင်စက္ကူပင်လယ်ကြီးပေါ်မှ ငှက်များ ဖြစ်ကြပေသည်။ ပင်လယ်ကြီးတစ်စင်းလုံးမှာ မီးခိုးရောင် ပြောင်းသွားပြီ ဖြစ်ပါသော်လည်း အလွန်အင်မတန်မှ ကြီးမားကျယ်ပြန့်နေသောကြောင့် သာမန် မျက်စိနှင့်ကြည့်လိုက်ပါက သိပ်၍ မသိသာပေ။ သို့သော် ၎င်း၏ အထက်တွင် ပျံသန်းနေကြသည့် ငှက်များမှာမူ အဖျက်စွမ်းအားများ ပျောက်ကွယ်သွားသည်နှင့် အလျင်အမြန် ပြောင်းလဲသွားကြ၏။ ၎င်းတို့၏ အရောင်များမှာဆိုလျှင် တစ်ရက်ပြီးတစ်ရက် ပို၍ မှေးမှိန်လာသဖြင့် ငါးရက်တိတိ ကုန်ဆုံးပြီးသွားချိန်တွင် ၎င်းတို့အားလုံးမှာ အဖြူရောင် ပြောင်းသွားကြပြီဖြစ်သည်။
ထို ငှက်များမှာ ပင်လယ်ကြီး၏ အထက်၌ ပျံသန်းနေကြသဖြင့် ၎င်းတို့အား မြင်လိုက်ရသည့် လူပုံစံစက္ကူရုပ်တိုင်းမှာ နှလုံးသားများ တဆတ်ဆတ် တုန်ရီသွားရသည်သာ ဖြစ်သည်။
ထို့ကြောင့် မိုးကောင်းကင်ပူဇော်ပွဲအတွက် ပြင်ဆင်နေကြသည့် လူပုံစံစက္ကူရုပ် အားလုံးမှာ အလွန်အင်မတန်မှ စိတ်လှုပ်ရှားနေကြသလို ကျေးဇူးတင်နေကြ၏။ ပြင်ပနယ်မြေထဲမှ ပါရမီရှင်များမှာမူ အာရုံအပြည့်စိုက်ထားကြဆဲပင်။
အကယ်၍ တာအိုဂြိုဟ်ကြီး ပေါ်ပေါက်လာခဲ့ခြင်းမရှိဘဲ သူတို့အားလုံး ၎င်းနှင့် ရေစက်ပါနေသလို ခံစားခဲ့ရခြင်းမရှိပါက သူတို့မှာ ယခုလိုဖြစ်နေကြမည် မဟုတ်ပေ။ သို့သော် အခြေအနေများ ပြောင်းလဲသွားပြီဖြစ်ရာ သူတို့မှာလည်း မိုးကောင်းကင်ပူဇော်ပွဲ ကျင်းပမည့်နေ့တွင် အစွမ်းကုန်ထုတ်နိုင်ရန် အဆင်သင့် ပြင်ထားရတော့မည်ဖြစ်သည်။
ဤ ကိစ္စကြီးမှာ သူတို့၏ ဘဝတစ်ခုလုံးအပေါ် အကျိုးသက်ရောက်မှု ရှိနေမည်မဟုတ်ပါလော။ သို့ဖြစ်ရာ ပညာရှိပုံစံ ကျင့်ကြံသူပင်လျှင် အာရုံအပြည့်စိုက်ထားပြီး အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားသလို သူ၏စွမ်းအားများကို ပိုမိုတိုးတက်လာအောင် လေ့ကျင့်နေတော့သည်။
အကယ်၍ သူသာ တာအိုဂြိုဟ်တစ်လုံးအား ရရှိပိုင်ဆိုင်သွားပြီး ဂြိုဟ်အဆင့်သို့ တက်လှမ်းနိုင်သွားမည်ဆိုပါက အချိန်မတန်ခင် မတော်တဆမှုများနှင့် ကြုံတွေ့ရကာ သေဆုံးသွားခြင်း မရှိသရွေ့ အနာဂတ်တွင် သူ၏ တာအိုနယ်မြေထဲ၌ ဩဇာအာဏာကြီးမားသည့် အစွမ်းထက်ပုဂ္ဂိုလ်ကြီးတစ်ယောက် ဖြစ်သွားနိုင်သည် မဟုတ်ပါလော။ အခြားသူများမှာ ထိုကဲ့သို့ အချိန်မတန်ခင် သေဆုံးသွားရမည်ကို အထူးတလည် ဂရုစိုက်နေမည် မဟုတ်ပါသော်လည်း ကျောထောက်နောက်ခံအင်အား တောင့်တင်းသည့် သူ့လို ပါရမီရှင်များ၏ သက်ဆိုင်ရာ ဂိုဏ်းများနှင့် မိသားစုမျိုးနွယ်စု များမှာမူ ထိုသို့ ဖြစ်မလာနိုင်အောင် အစွမ်းကုန် ကြိုးစားကြမည်သာ ဖြစ်သည်။
သို့ဖြစ်ရာ အကယ်၍ သူသာ တာအိုဂြိုဟ်တစ်လုံးအား ရရှိပိုင်ဆိုင်သွားမည် ဆိုပါက သူ၏ အထောက်အပံ့များ၊ ရာထူးအဆင့်အတန်းများနှင့် အနာဂတ်များမှာ လက်ရှိအနေအထားနှင့် လုံးဝမတူလောက်အောင် ပြောင်းလဲသွားမည် ဖြစ်သည်။ သူသည် လက်ရှိတွင် အလွန်အင်မတန်မှ အဆင့်မြင့်မားနေပြီ ဖြစ်ရာ တာအိုဂြိုဟ်တစ်လုံးအား ပိုင်ဆိုင်သွားမည်ဆိုပါက အထွတ်အထိပ်သို့ ရောက်ရှိသွားမည်မှာ မလွဲဧကန်ပင်။
အဘယ်ကြောင့်ဆိုသော် ရှေးပဝေသဏီကတည်းကစ၍ ယခုအချိန်အထိ တာအိုဂြိုဟ်များမှာ ဒဏ္ဍာရီအဖြစ်သာ ရှိခဲ့သောကြောင့်ပင်။ သမိုင်းတစ်လျှောက်လုံးတွင် တာအိုဂြိုဟ်တစ်လုံးအား အမှန်တကယ် ရရှိပိုင်ဆိုင်ဖူးခဲ့သည့် ကျင့်ကြံသူ တစ်ယောက်သာရှိပေသည်။ ထိုကျင့်ကြံသူမှာ အဆုံးမဲ့တာအို နယ်မြေတစ်ခုလုံးထဲ၌ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ဖြစ်သည့် အဆုံးမဲ့မျိုးနွယ်စု၏ ပထမအဆင့် နတ်ဧကရာဇ်ကြီး ဖြစ်ပေသည်။ သူသည် အဆုံမဲ့မျိုးနွယ်စုအား တည်ထောင်ခဲ့သည့် ကျင့်ကြံသူကြီးဖြစ်ပြီး သူ၏အမည်မှာ ဝေ့ယန်ကျစ် ဖြစ်သည်။
ယခင်ခေတ်တုန်းက သူသည် အမှောင်ဂိုဏ်း၏ မဟာအကြီးအကဲ ကိုးယောက်ထဲမှ သုံးယောက်အား သတ်ဖြတ်ပစ်ခဲ့သည်ဆိုသည့် ကောလာဟလများပင် ရှိပေသည်။ သူသည် ချန်ရှင်း၏ သစ္စာဖောက်မှုအား အစမှအဆုံးအထိ စီစဉ်ခဲ့ခြင်းဖြစ်သလို အမှောင်ဂိုဏ်း၏ မိုးကောင်းကင်တာအိုကိုလည်း သူကိုယ်တိုင် တစ်စစီဆုတ်ဖြဲဖြစ်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် သူသည် မိုးကောင်းကင်တာအို၏ သွေးဖြင့် အမှောင်ဂိုဏ်းအား ကျိန်စာတိုက်ကာ ချုပ်နှောင်ခဲ့၏။ ထို့အပြင် သူသည် သံသရာစက်ဝန်းအား ဖျက်ဆီးခဲ့သဖြင့် ဂြိုဟ်အဆင့်သို့ ရောက်ရှိပြီးသည့် ကျင့်ကြံသူတိုင်းမှာ သေဆုံးသွားလျှင်တောင် အပြီးတိုင် ချေမှုန်းခံရခြင်း မရှိတော့ဘဲ သူတို့၏ ဝိညာဉ်များမှာ ထာဝစဉ် ရှင်သန်နေတော့သည်။ ထိုသို့ဖြင့် သူသည် ခေတ်သစ်တစ်ခေတ်အား စတင်တည်ထောင်နိုင်ခဲ့၏။
ထိုကဲ့သို့သော ကျင့်ကြံသူကြီးမှာ စံနမူနာအဖြစ် ရှိနေသည်ဖြစ်ရာ ထိုအကြောင်းအား သိထားကြသည့် ပါရမီရှင်တိုင်းမှာ တာအိုဂြိုဟ်အား လိုချင်တပ်မက်ကြပေသည်။
ဝမ်ပေါင်လဲ့မှာ ထိုအကြောင်းများကို မသိထားသည့်တိုင်အောင် ကိုယ်ပိုင် ရည်မှန်းချက်များ ပိုင်ဆိုင်ထားဆဲ မဟုတ်ပါလော။ ထို့ကြောင့်လည်း သူသည် တံခါးပိတ် တရားထိုင်ကာ အာရုံစုစည်းထားလိုက်တော့သည်။
ထိုသို့ဖြင့် နှစ်ရက်တိတိ ထပ်၍ ကုန်ဆုံးသွားပြီး ပူဇော်ပွဲ ကျင်းပမည့်နေ့သို့ ရောက်ရှိလာတော့သည်။
ထိုနေ့သို့ ရောက်သောအခါ တော်ဝင်နန်းတော်ထဲမှ ခေါင်းလောင်းသံတစ်သံ ထွက်ပေါ်လာ၏။ ထို ခေါင်းလောင်းသံမှာ ငါးမိနစ်လျှင် တစ်ကြိမ် ထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုသို့ ထွက်ပေါ်လာသည့် အကြိမ်တိုင်း ထို ခေါင်းလောင်းသံမှာ ကြယ်သုဿာန်အင်ပါယာတစ်ခုလုံးထဲ၌ ပြည့်နှက်သွားသောကြောင့် လူတိုင်းမှာ ထိုအသံအား ကြားနိုင်ပေသည်။
ပထမဆုံး ခေါင်းလောင်းသံ ထွက်ပေါ်လာချိန်တွင် ကြယ်သုဿာန်အင်ပါယာထဲမှ လူပုံစံစက္ကူရုပ်များ အားလုံးမှာ ၎င်းတို့၏ လုပ်ငန်းဆောင်တာများကို ရပ်တန့်လိုက်ကြပြီး တော်ဝင်နန်းတော်၏ အပြင်ဘက်၌ လာရောက်စုဝေးလိုက်ကြ၏။ သို့သော် ၎င်းတို့၏ အရေအတွက်မှာ အမြောက်အမြား ရှိနေကြသဖြင့် တမူထူးခြားသည့် ကျင့်ကြံခြင်းအဆင့်များအား ပိုင်ဆိုင်ထားသည့် လူပုံစံစက္ကူရုပ်များသာလျှင် နန်းတော်ကြီး၏ အပြင်ဘက်၌ စုဝေးခွင့် ရကြပေသည်။ အခြား လူပုံစံစက္ကူရုပ် အများစုမှာမူ အဝေးတစ်နေရာမှနေ၍သာ အစွမ်းထက် နတ်ဘုရားစွမ်ရည်််များကို အသုံးပြူ၍ အခမ်းအနားအား ကြည့်ရှုကြရပေသည်။
ခဏအကြာတွင် ဒုတိယမြောက် ခေါင်းလောင်းသံမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွား၏။ တစ်ချိန်ထဲမှာပင် ပြင်ပနယ်မြေထဲမှ ပါရမီရှင်များ ရှိနေသည့် စံအိမ်ကြီး၏ အပြင်ဘက်တွင်လည်း လူပုံစံစက္ကူရုပ်များ စောင့်ဆိုင်းနေကြပြီဖြစ်သည်။ ၎င်းတို့မှာ အချိန်အကြာကြီး မစောင့်လိုက်ရပေ။ ခဏအကြာတွင် ထို ပါရမီရှင်များအားလုံးမှာ အပြင်သို့ထွက်လာကြ၏။ သူတို့မှာ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ လူပုံစံစက္ကူရုပ်များအား အရိုအသေ ပေးလိုက်ကြပြီးနောက် ၎င်းတို့နှင့်အတူ တော်ဝင်မြို့တော်ဆီသို့ ဦးတည်သွားတော့သည်။
ထို အခြင်းအရာများအား ရေးသားဖော်ပြရသည်မှာ ကြာမြင့်ပါသော်လည်း လက်တွေ့တွင်မူ တတိယမြောက် ခေါင်းလောင်းသံ ထွက်ပေါ်လာချိန်တွင် ပါရမီရှင်ကိုးယောက်မှာ တော်ဝင်မြို့တော်၏ အပြင်ဘက်၌ ရောက်နေပြီဖြစ်ပြီး သူတို့အတွက် သတ်မှတ်ပေးထားသည့် နေရာတစ်ခု၌ စောင့်ဆိုင်းနေကြပြီဖြစ်သည်။ သူတို့အား ဤနေရာသို့ ခေါ်ဆောင်လာကြသည့် လူပုံစံစက္ကူရုပ်များမှာမူ တည်ကြည်မှု အပြည့်ရှိသော အမူအရာများဖြင့် ဘေးနားတွင် မလှုပ်မယှက် ရပ်နေကြ၏။
စည်းမျဉ်းများအရ စတုတ္ထမြောက် ခေါင်းလောင်းသံ ထွက်ပေါ်လာချိန်တွင် သူတို့မှာ တော်ဝင်နန်းတော်ထဲသို့ ဝင်ရမည်ဖြစ်သည်။
ထို ပါရမီရှင်ကိုးယောက်မှာ တည်ကြည်မှု အပြည့်ရှိသည့်ပုံ ပေါ်ပါသော်လည်း သူတို့၏ နှလုံးသားများထဲ၌ ခံစားချက်မျိုးစုံ ပြည့်နှက်နေ၏။ တစ်ဖက်တွင် သူတို့မှာ သူတို့အား စောင့်ကြိုနေမည့် အခွင့်အလမ်းများကို သိချင်နေကြပြီး အခြားတစ်ဖက်တွင်မူ သူတို့မှာ တစ်ယောက်နှင့်တစ်ယောက် မသိမသာ ယှဉ်ပြိုင်နေကြသည် မဟုတ်ပါလော။ ထို့အပြင် သူတို့၏ အတွေးများထဲ၌ မေးခွန်းတစ်ခုလည်း ရှိနေသေးသည်။ အဘယ်ကြောင့်ဆိုသော သူတို့မှာ ဝမ်ပေါင်လဲ့အား ရှာမတွေ့သေးသောကြောင့်ပင်။
သူတို့မှာ စံအိမ်အပြင်ဘက်သို့ ထွက်လာခဲ့စဉ်ကတည်းက ထိုအချက်အား သတိထားမိခဲ့ပြီးသားဖြစ်သည်။ ထို့ကြောင့် သူတို့အားလုံးမှာ အမျိုးမျိုး ခန့်မှန်းနေကြပါသော်လည်း လူနည်းစုမှ လွဲ၍ အခြားသူများမှာ အထူးတလည် ဂရုစိုက်နေကြခြင်း မရှိပေ။
အခြားသူများထဲတွင် ခေါင်းလောင်းနှင့် မိန်းမပျိုလေး၊ မျက်နှာဖုံးတပ်ထားသည့် အမျိုးသမီးနှင့် ဦးလေးဖြစ်သူအား လိုက်လံ ရှာဖွေနေသည့် မိန်းမငယ်လေးတို့ ပါပေသည်။ ခေါင်းလောင်းနှင့် မိန်းမပျိုလေးမှာ အေးစက်စွာပြုံးနေသည်တိုင်အောင် အခြား နှစ်ယောက်မှာမူ အနည်းငယ်ခန့် အံ့အားသင့်နေသည့်ပုံ ပေါက်နေကြ၏။
ထို့အပြင် ကျေနပ်အားရနေသည့် ပါရမီရှင်တစ်ယောက်လည်း ရှိနေသေးသည်။ ထို ပါရမီရှင်မှာ ဝမ်ပေါင်လဲ့၏ ငွေညှစ်ခြင်းကို ခံခဲ့ရသည့် ဖက်တီးလေး ဖြစ်ပေသည်။ သူသည် ဤ အခြေအနေအထိ ရောက်ရှိလာသည်ဖြစ်ရာ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ တမူထူးခြားနေရုံသာမက သူ၏ ကံကြမ္မာမှာလည်း တမူထူးခြားနေသည်ဟု ဆိုရပေမည်။
ထိုအချိန်တွင် ဖက်တီးလေးမှာ ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုလိုက်ပြီးနောက် မနေနိုင်တော့သဖြင့် ရယ်မောကာ ဆိုလိုက်တော့သည်။
" ဒီ ရှဲ့တလုဆိုတဲ့ကောင်က တကယ်ပျောက်သွားတာပါလား။ နှမြောစရာပဲ။ ကြယ်သုသာန်အင်ပါယာက စည်းမျဉ်းစည်းကမ်းတွေကို အမြဲတမ်း အလေးအထားတဲ့ အဖွဲ့အစည်းတစ်ခုကွ။ တကယ်လို့ စတုတ္ထမြောက် ခေါင်းလောင်းသံ ထွက်လာပြီးတော့မှ သူ ရောက်မလာသေးဘူးဆိုရင် သူ ပြိုင်ပွဲထဲကနေ ထုတ်ခံရတော့မှာ "
" စတုတ္ထမြောက် ခေါင်းလောင်းသံ ဟုတ်လား " ထိုအခါ ဘေးနားတွင်ရှိနေသည့် မိန်းမငယ်လေးမှာ ထို စကားများကို ကြားလိုက်ရသဖြင့် အထူးတဆန်းဖြစ်နေသည့် အမူအရာဖြင့် ထိုဖက်တီလေးအား လှမ်းကြည့်လိုက်၏။ ထို့နောက် သူမသည် ချိုသာစွာပြုံး၍ မျက်စိပေကလပ်ပေကလပ်နှင့် မေးမြန်းလိုက်တော့သည်။
" အစ်ကိုလေး။ အဲဒီ ခေါင်းလောင်းသံတွေရဲ့ အဓိပ္ပါယ်ကို ရှင်းပြလို့ရမလား "
ထို မိန်းမငယ်လေးစ ပုံစံမှာ နဂိုကတည်းက ချစ်စရာကောင်းနေသည် မဟုတ်ပါလော။ ယခုတွင် သူမသည် နူးညံ့သိမ်မွေ့မှု အပြည့်ရှိသော လေသံဖြင့် မေးမြန်းလိုက်သည်ဖြစ်ရာ ဖက်တီးလေးမှာ ထိုမိန်းမငယ်လေးသည် အန္တရာယ်ရှိကြောင်း သိထားသည့်တိုင်အောင် စိတ်အေးလက်အေး ဖြစ်သွားရပြီး ရှင်းပြလိုစိတ်များ ပေါ်ပေါက်လာဆဲပင်။
" ကြယ်သုသာန်အင်ပါယာရဲ့ စည်းမျဉ်းစည်းကမ်းတွေက ရာထူးအဆင့်အတန်းတွေကို အရမ်း အလေးထားတာ။ ပထမဆုံး ခေါင်းလောင်းသံက ပူဇော်ပွဲကျင်းပမယ့်နေ့ရောက်ပြီဆိုတာ ကမ္ဘာကြီးတစ်ခုလုံးကို အသိပေးတဲ့ အနေနဲ့ ထွက်ပေါ်လာရတာပဲ။ ဒုတိယမြောက် ခေါင်းလောင်းသံကတော့ လူတွေ တော်ဝင်မြို့တော်ဆီ လာပြီးတော့ အခမ်းအနားကို စောင့်ကြည့်ခွင့်ရတဲ့အချိန်ကို အသိပေးတဲ့သဘောပဲ။ တတိယမြောက် ခေါင်းလောင်းသံတော့ ပူဇော်ပွဲကျင်းပဖို့ အရာအားလုံး အဆင်သင့်ဖြစ်နေပြီလို့ ကြေညာတဲ့သဘောပဲ။ အဲဒီအချိန်ရောက်ရင် တော်ဝင်မြို့တော်ထဲကို ဝင်ခွင့်ရှိတဲ့သူတိုင်း သူတို့ရဲ့ ရာထူးအဆင့်အတန်းတွေအပေါ် မူတည်ပြီးတော့ မြို့တော်ထဲ ဝင်လာရမှာ။ ရာထူးအဆင့်အတန်း ပိုမြင့်လေလေ နောက်ကျမှ ဝင်ရလေလေပဲ "
"' ဥပမာ ပြရမယ်ဆိုရင်။ ကြယ်သုသာန်အင်ပါယာရဲ့ ဧကရာဇ်ကြီးက နဝမမြောက် ခေါင်းလောင်းသံ ထွက်ပေါ်လာတဲ့အချိန်မှ ရောက်လာမှာ။ ဧကရာဇ်ရဲ့ လက်အောက်မှာရှိနေတဲ့ ဘုရင်တွေကတော့ အဋ္ဌမမြောက် ခေါင်းလောင်းသံ ထွက်ပေါ်လာတဲ့ အချိန်ကျရင် ရောက်လာကြမှာ။ အဲလိုပဲ သတ္တမမြောက် ခေါင်းလောင်းသံနဲ့ ဆဋ္ဌမခေါင်းလောင်းသံ ထွက်ပေါ်လာမယ့် အလှည့်တွေမှာလည်း သက်ဆိုင်ရာကျင့်ကြံခြင်းအဆင့်တွေ ပိုင်ဆိုင်ထားကြတဲ့ အစွမ်းထက် ကျင့်ကြံသူ အမျိုးမျိုး ရောက်လာကြမှာပဲ။ ပဉ္စမမြောက် ခေါင်းလောင်းသံ အလှည့်မှာဆိုရင်က ကြယ်သုသာန်အင်ပါယာရဲ့ ပါရမီရှင်တွေ မြို့တော်ထဲ ဝင်လာရမှာပေါ့ "
" ပြင်ပနယ်မြေထဲကလာတဲ့ ကျင့်ကြံသူတွေက အဆင့်အတန်း မြင့်မားကြပေမဲ့ သမိုင်းတစ်လျှောက် ထုံးတမ်းစဉ်လာတွေအရဆိုရင် ပူဇော်ပွဲကျင်းပတဲ့နေ့မှာ သူတို့ရဲ့ ရာထူးအဆင့်အတန်းတွေက ကြယ်သုသာန်အင်ပါယာထဲက ပါရမီရှင်တွေလောက် အဆင့်မမြင့်ဘူးလေ။ အဲတာမလို့ သူတို့က စတုတ္ထမြောက် ခေါင်းလောင်းသံ ထွက်ပေါ်လာတာနဲ့ မြို့ထဲကို ဝင်ရတာ။ တကယ်လို့ ရှဲ့တလုသာ အဲဒီ အချိန်အထိ ပေါ်မလာသေးဘူးဆိုရင် သူ မြို့ထဲကို ဝင်ခွင့်ရမှာ မဟုတ်တော့ဘူး "
ဖက်တီးလေး ထိုသို့ရှင်းပြလိုက်စဉ်မှာပင် စတုတ္ထမြောက် ခေါင်းလောင်းသံကြီး ထွက်ပေါ်လာသဖြင့် မိုးကောင်းကင်ကြီးနှင့် ကမ္ဘာမြေကြီးတို့မှာ တုန်ရီသွားပြီး သူတို့၏ရှေ့တွင် အလင်းရောင် တံခါးပေါက်ကြီးတစ်ပေါက် ပေါ်ပေါက်လာတော့သည်။
ထိုအချိန်တွင် သူတို့အား ဤနေရာသို့ ခေါ်ဆောင်လာခဲ့သည့် လူပုံစံ စက္ကူရုပ်ကြီးမှာ ရုတ်တရက် ဆိုလိုက်၏။
" အခမ်းအနားကို ရှုစားဖို့အတွက် နန်းတော်ထဲ ကြွပါ "
၎င်း ထိုသို့ဆိုလိုက်သည်နှင့် ပါရမီရှင် ကိုးယောက်စလုံးမှာ အမူအရာများ တည်ကြည်သွားကြ၏။ ဖက်တီးလေးမှာမူ စိတ်ထဲတွင်ကျိတ်၍ ကျေနပ်နေပြီး တစ်ကိုယ်တည်း ရေရွတ်နေတော့သည် " ရှဲ့တလု၊ ရှဲ့တလု။ မင်း နောက်ကျနေရတဲ့ အကြောင်းရင်းကို ငါ မသိပေမဲ့ ဒီတစ်ခေါက်တော့ မင်း အမှားကြီး မှားသွားပြီကွ "
ဖက်တီးလေးမှာ ထိုသို့တွေးလိုက်ပြီးနောက် ပို၍ပင် စိတ်လက်ပေါ့ပါးလာ၏။ ထို့နောက် သူသည် ရှေ့သို့ ခြေတစ်လှမ်းလှမ်းကာ အခြားသူများနှင့်အတူ အလင်းရောင်တံခါးပေါက်ကြီးထဲသို့ ဝင်ရောက်သွားလိုက်သည်။ ထိုအခါ သူ၏ ခန္ဓာကိုယ်မှာ မျက်စိကျိန်းစရာကောင်းလောက်အောင် တောက်ပနေသည့် အလင်းရောင်များထဲ၌ ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားတော့သည်။