ငွေဝတ်ရုံဂိုဏ်း
Vol. 15 Ch. 202
တိုက်ပွဲတစ်ရာ နယ်မြေရဲ့ နေရာတိုင်းမှာတော့ သတ်ဖြတ်မှုတွေက ရှိနေတတ်တာပါပဲ။
သိုင်းပညာရှင် အချင်းချင်း တိုက်ခိုက်တာတွေ ရှိနိုင်သလို မိစ္ဆာ သားရဲတွေနဲ့ သိုင်းပညာရှင်တွေ အကြား တိုက်ပွဲတွေလည်း ရှိနိုင်တယ်လေ။
နေရာအနှံ့မှာ သွေးမြေကျ တိုက်ပွဲတွေ ရှိနေတတ်လို့သာ တိုက်ပွဲတစ်ရာ နယ်မြေဟု သမုတ်ကျသည် မဟုတ်ပါလော။
အခုဆိုရင် လီဖူချန်းတစ်ယောက် သွေးတစ်စက် မြို့ကနေ ထွက်ပြေးလာတာ ၁၀ရက် တင်းတင်းကို ပြည့်ခဲ့သလို သွေးတစ်စက် မြို့နဲ့လည်း အတော် ဝေးဝေးကို ရောက်နေပါပြီ။
လီဖူချန်းအခု ရောက်နေတဲ့ နေရာက တောင်ကြားချိုင့်ဝှမ်း နေရာလေး တစ်ခုပါပဲ။ ချိုင့်ဝှမ်းရဲ့ အလယ် တည့်တည့်မှာတော့ စမ်းချောင်းလေး တစ်ခု ဖြတ်စီးဆင်း နေပါတယ်။
လီဖူချန်းက စမ်းချောင်းဘေး တစ်နေရာမှာ ထိုင်နေရင်းနဲ့ စားရန်အလို့ငှာ ရိက္ခာအချို့ကို ထုတ်ယူ လိုက်ပါတယ်။
ထွက်လာတဲ့ ရိက္ခာတွေကတော့ အစုံပါပဲ။ ဆန်အရက်တွေ၊ အသားတွေတင် မက အချိုပွဲတွေတောင် ပါလိုက် ပါသေးသည်။
သိုလှောင်အိတ်တွေ ရှိနေသမျှတော့ လီဖူချန်းက ငတ်မှာ မပူရသေးပါဘူး။ သူက စားနပ်ရိက္ခာ တော်တော်များများကို သိုလှောင်အိတ်ထဲမှ ထည့်ယူလာ ခဲ့တယ်လေ။
စားသာက်လို့ အပြီးမှာတော့ လီဖူချန်းက ထပြီး အညောင်းပြေ၊ အညာပြော လမ်းလျှောက်ဖို့ ပြင်လိုက်ပါတယ်။
အဲသည် အချိန်မှာပဲ လူရိပ်၃ရိပ်က လီဖူချန်း ရှိရာဘက်ကို ပြေးလာခဲ့ပါတယ်။
ပထမဆုံး ရောက်လာတဲ့ သူနှစ်ယောက် ကတော့ အတော်လေးကို ဒဏ်ရာ ပြင်းထန်ပါတယ်။ သူတို့ နှစ်ယောက်ထံ ကနေ စီးကျနေသည့် သွေးတွေက စမ်းချောင်း တစ်ခုလုံး ကိုတောင် နီရဲသွားစေသည့် အထိပါပဲ။ သူတို့နှစ်ယောက် နောက်ကနေ လိုက်လာသည့် လူကတော့ ငွေရောင်ဝတ်ရုံကို ဝတ်ဆင် ထားပါတယ်။ သူ့ရဲ့ ရင်ဘတ်ပေါ်မှာ အနက်ရောင် လက်သည်းရာ ၃ခု ရှိနေတယ်လေ။
“ငွေဝတ်ရုံ ဂိုဏ်းသားလား ...”
ပထမဆုံး နှစ်ယောက်က သာမန် အဝတ်အစားတွေသာ ဝတ်ဆင် ထားသည့်အတွက် မည်သည့် ဂိုဏ်းကလဲ ဆိုတာကို လီဖူချန်းက မခန့်မှန်း နိုင်ပါဘူး။ ဒါပေမဲ့ အနောက်ကနေ လိုက်လာတဲ့ လူကတော့ လုံးဝကို သေချာပေါက် ငွေဝတ်ရုံ ဂိုဏ်းကပါပဲ။
ငွေဝတ်ရုံဂိုဏ်းရဲ့ အဖွဲ့ဝင်တွေ အကုန်လုံးက ငွေရောင် ဝတ်ရုံကိုသာ ဝတ်ဆင် ကြသည်လေ။ ဂိုဏ်းချုပ်ကြီးနဲ့ အကြီးအကဲတွေ အပါအဝင်ပေါ့။ သူတို့ရဲ့ အဆင့်အတန်းကိုတော့ ရင်ဘတ်ပေါ်က လက်သည်းရာတွေကို ကြည့်ပြီး သိနိုင်ပါတယ်။
လက်သည်းရာ တစ်ခုပဲ ရှိနေမယ် ဆိုရင်တော့ အပြင်စည်း တပည့် ဖြစ်ပါတယ်။ လက်သည်းရာ နှစ်ခုဆိုရင်တော့ အတွင်းစည်း တပည့်တွေပါ။ လက်သည်းရာ သုံးခု ဆိုရင်တော့ တိုက်ရိုက် တပည့်တွေပါပဲ။ ရွှေအဆင့် တိုက်ရိုက် တပည့်တွေရဲ့ ရင်ဘတ်ပေါ် မှာတော့ ရွှေရောင် လက်သည်းရာ ၃ခု ရှိပါတယ်။
အခု လီဖူချန်းရှေ့မှာ ရောက်နေတဲ့ သူကတော့ ငွေဝတ်ရုံဂိုဏ်းရဲ့ တိုက်ရိုက်တပည့် ဖြစ်မည့်ပုံပါပဲ။
“ဖန်ကျင်းဆောင်၊ ဖန်ကျင်းယု ... မင်းတို့ နှစ်ယောက်အတွက် ပြေးစရာမြေ မရှိတော့ဘူး။ ငါ လျူကောင်းဖန် တာဝန်ယူထားတဲ့ ကိစ္စတွေက ဘယ်တော့မှ မှားယွင်း ချွတ်ချော်တယ် ဆိုတာ မရှိဘူးကွ”
ငွေရောင်ဝတ်ရုံနှင့် လူငယ်က ဂုဏ်ယူ ဝင့်ကြွားစွာဖြင့် ပြောလိုက်ပါတယ်။
ဖန်ကျင်းဆောင်ဟု အမည်ရသည့် လူငယ်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ...
“မင်းရဲ့ ယုတ်ညံ့တဲ့ အဆိပ်အကူအညီ မပါရင် ငါဖန်ကျင်းဆောင်က မင်းကို ရှုံးနိမ့်လိမ့်မယ် ထင်နေလား ...”
အရည်အချင်း သက်သက် ယှဉ်မယ် ဆိုရင်တော့ ဖန်ကျင်းဆောင်က လျူကောင်းဖန်နဲ့ သူမသာ၊ ကိုယ်မသာ အခြေအနေမှာ ရှိပါတယ်။ ဒါပေမဲ့ လျူကောင်းဖန်က အဆိပ် လက်နက်ပုန်းတွေ သုံးခဲ့တယ်လေ။ အဲသည် အဆိပ် လက်နက်ပုန်းတွေက ဖန်ကျင်းဆောင်နဲ့ သူ့ညီမ ဖန်ကျင်းယုတို့ကို အတော်လေး အထိနာစေ ခဲ့ပါတယ်။
“ဟား…ဟား ... ရှုံးရင် ရှုံးတယ်ပေါ့ကွာ ... အခုထက်ထိ ဝန်မခံချင် သေးဘူးလား။ ဒါကို ဉာဏ်ကူတယ်လို့ ခေါ်တယ်ကွ”
လျူကောင်းဖန်က လှောင်ပြောင် နေတယ်လေ။
‘ငါဝင်ပါသင့်လား ...”
သစ်ပင်ကြီး တစ်ပင်ရဲ့ အပေါ်မှာတော့ လီဖူချန်း တစ်ယောက် ရှိနေပါတယ်။ သူက ဝင်ပါသင့်၊ မပါသင့်ကို အခုထက်ထိ ဝေခွဲမရ သေးပါဘူး။
လျူကောင်းဖန်က မြေကမ္ဘာ အဆင့်၈ ပညာရှင် ဖြစ်သည့်အပြင် အတော်လေးလည်း အစွမ်းထက်မည့် ပုံပါပဲ။
ကောလာဟလတွေ အရဆိုရင်တော့ ငွေဝတ်ရုံ ဂိုဏ်းက ကောင်းကင် နတ်ဆိုးဂိုဏ်းနှင့် အတော်လေး ရင်းနှီးမှု ရှိပါတယ်။
ကောင်းကင် နတ်ဆိုးဂိုဏ်းချုပ်ရဲ့ ဇနီးမယားက ငွေဝတ်ရုံ ဂိုဏ်းကပါ။ ပြောကြတာ ကတော့ ငွေဝတ်ရုံဂိုဏ်းရဲ့ အထွတ်ခေါင်ချုပ် အကြီးအကဲ တစ်ယောက်က ကောင်းကင် နတ်ဆိုးဂိုဏ်းနှင့် နက်နက်ရှိုင်းရှိုင်းကို ပတ်သက် နေသည်တဲ့လေ။
"ရန်သူရဲ့ မိတ်ဆွေ ဆိုတာက လုံးဝကို ရန်သူပဲ။ ဒါပေမဲ့ ရန်သူရဲ့ ရန်သူကတော့ မိတ်ဆွေ ဖြစ်လာနိုင်တယ်”
“င့ါရဲ့ မြေကမ္ဘာအဆင့် လက်နက် အပိုင်းအစကို စမ်းသပ်ဖို့ အချိန်ကျပြီနဲ့ တူတယ်”
သေသေချာချာ စဉ်းစားပြီး နောက်မှာတော့ လီဖူချန်းက ဝင်ပါဖို့ ဆုံးဖြတ် လိုက်ပါတော့တယ်။
လျူကောင်းဖန်က အသက်၃၀နီးပါး ရှိနေပါပြီ။ ဖန်ကျင်းဆောင် ကတော့ အသက် ၂၅နှစ်လောက်သာ ထင်ရပါတယ်။ အစောပိုင်းတုန်းက ဖန်ကျင်းဆောင် ပြောခဲ့တဲ့ စကားအရ ဆိုရင်တော့ လျူကောင်းဖန်က ဖန်ကျင်းတောင်ကို အနိုင်ယူဖို့ မသေချာတဲ့ အတွက် အဆိပ်ကို အသုံးပြုခဲ့ ပုံပါပဲ။ သည်အတိုင်း ဆိုရင်တော့ ဖန်ကျင်းဆောင်က ဂိုဏ်းတစ်ခုခုရဲ့ ရွှေအဆင့် တိုက်ရိုက် တပည့်တစ်ယောက် ဖြစ်နိုင်သည်လေ။
ရွှေအဆင့် တိုက်ရိုက်တပည့် တစ်ယောက်နှင့် ရင်းနှီးသည် ဆိုတာက ကောင်းသည့် အရာပင် မဟုတ်ပါလား။
လျူကောင်းဖန်က သူ့ရဲ့ အားအထားရဆုံး သိုင်းကွက်ကို စတင် ဖော်ထုတ်လိုက် ပါပြီ။ မြောက်မြား လှစွာသော ငွေရောင် အလင်းတန်းတွေက ဖန်ကျင်းဆောင်ကို ချောင်ပိတ်ထား လိုက်ပါတယ်။
ဖန်ကျင်းဆောင်ရဲ့ လက်နက်ကတော့ ၂မီတာမျှ ရှည်သည့် သံမဏိ တုတ်တစ်ချောင်းပါပဲ။ သူက သံမဏိတုတ်ကို အဆက်မပြတ် ဝှေ့ယမ်းလိုက်ပြီး ငွေရောင် အလင်းတန်းတွေကို ရိုက်ချလိုက် နိုင်ပေမဲ့လည်း ငွေအလင်းတန်းတွေရဲ့ အရှိန်က ဖန်ကျင်းဆောင်ကို ထိခိုင်သွားစေ ပါသေးသည်လေ။ ဖန်ကျင်းဆောင်က ဘာမှ မတတ်နိုင်ပဲ သွေးတစ်လုတ် အန်ထုတ်လိုက် ရပါတယ်။
ရွှမ်း ...
လေထု ထဲမှာတော့ အနက်ရောင် အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ပြန်ပျောက်ကွယ် သွားပါတယ်။
“မကောင်းတော့ဘူး ...”
လျုကောင်းဖန်က သူ့ရဲ့ မသိစိတ် ကနေ အန္တရာယ် ကြီးကြီးမားမား တစ်ခုရဲ့ အနံ့ကို ရနေပါတယ်။ အဲဒါက သူ့ခန္ဓာကိုယ် တစ်ခုလုံးကိုပါ တုန်လှုပ် ချောက်ချား သွားစေပါတယ်။
လျူကောင်းဖန်က သူ့ရဲ့ ငွေရောင် ဆေဘာကို ဝှေ့ယမ်း လိုက်ပါတယ်။
ရွပ် ...
ဆေဘာ ခုခံမှုက မအောင်မြင်သည့် ပုံပါပဲ။ အနက်ရောင် အလင်းတန်းက လျူကောင်းဖန်ရဲ့ ရင်ဘတ်ကနေ ဖောက်ဝင်သွာပြီး နောက်ကျောကနေ ပြန်ဖောက်ထွက် လာခဲ့ပါတယ်။
အနက်ရောင် အလင်းတန်းက သွေး၊ အတွင်းကလီစာ အချို့နဲ့ အရိုးစ အနည်းငယ် တို့ကိုပါ သယ်ဆောင် သွားပါသေးတယ်။
“ရလဒ်က ငါထင်ထားတာ ထက်ကို ပိုကောင်းနေပါလား ...”
လီဖူချန်းက သည်မြေကမ္ဘာ အဆင့် လက်နက် အပိုင်းအစလေးရဲ့ အစွမ်းအစကို ဘယ်တုန်းကမှ ယုံမှား သံသယ မဝင်ခဲ့ပါဘူး။ သည်အပိုင်းအစ လေးက လေထဲကို ပစ်လွှတ် လိုက်တာနဲ့ တစ်ခါတည်း ပျောက်ကွယ် သွားခဲ့တယ်လေ။ အဲသည်အချက်က လီဖူချန်းကို အံ့အားသင့် စေခဲ့တာပါ။
သူထင်တာ မမှားဘူး ဆိုရင်တော့ သည်အစွမ်း သတ္တိက သည်မြေကမ္ဘာ လက်နက် အပိုင်းအစရဲ့ ဝိသေသထူး တစ်ရပ် ဖြစ်မည့်ပုံပါပဲ။
သည် အထူးပြု စွမ်းရည်သာ မရှိခဲ့ဘူးဆိုရင် လျူကောင်းဖန်က လက်နက် အပိုင်းအစလေးကို ရိုက်ထုတ်ပစ် လိုက်နိုင်မှာပါ။
လျူကောင်းဖန်က သေသာ သေသွား ရပါတယ်။ အခုထက်ထိတော့ သူ့ရဲ့ သေခြင်းတရားကို လက်မခံ လိုသေးသည့် ပုံပါပဲ။
သေဖို့ကို ပြင်ဆင်ထားတဲ့ ဖန်ကျင်းဆောင်နဲ့ ဖန်ကျင်းယုတို့ နှစ်ယောက်စလုံးရဲ့ မျက်လုံးတွေက အသက်ရှင်ပြီ ဆိုတာ သိလိုက်တဲ့ အတွက် ဝမ်းသာမှု အရိပ်အယောင်တွေ ထွက်လာပါတယ်။
လောကမှာ မည်သူက အသက် ရှင်ရတာကို မကြိုက်မည်နည်း။
“အခုလို ကယ်တင်တဲ့ အတွက် ကျေးဇူး တင်ပါတယ် ... ကယ်တင်ရှင်ကြီး။ ဖန်ကျင်းဆောင်နဲ့ ဖန်ကျင်းယုတို့က သည်ကျေးဇူးကို အသက်နဲ့ရင်းပြီး ပြန်ဆပ်ပါမယ်” သူတို့ နှစ်ယောက်ဟာ လက်နက် အပိုင်းအစလေး ထွက်ပေါ်လာရာ ဘက်ကို လက်နှစ်ဖက်ဆုပ် ခါးကိုင်းပြီး အရိုအသေ ပြုလိုက်ပါတယ်။
လီဖူချန်းက သစ်ပင်ပေါ် ကနေ ခုန်ဆင်း လာခဲ့ပါပြီ။
“မင်းတို့ နှစ်ယောက်က ဘယ်ဂိုဏ်းကလဲ …”
ဖန်ကျင်းယုက နူးညံ့သည့် လေသံဖြင့် …
“ညီမတို့က အပူအပင်မဲ့ ဂိုဏ်းကပါ ကျေးဇူးရှင်ကြီး ...”
“အပူအပင်မဲ့ ဂိုဏ်းကကိုး ...”
လီဖူချန်းက အခုမှပဲ ဇာတ်ရည်လည် သွားပါတော့တယ်။
အပူအပင်မဲ့ ဂိုဏ်းဆိုတာက မိုးပြာရောင် ဂိုဏ်းနဲ့ အဆင့်တူ လောက်ပါပဲ။ နိမ့်ကျမယ် ဆိုရင်တောင် မဆိုစလောက်လေး နိမ့်ကျမှာပါ။ ဒါပေမဲ့ သည်ဂိုဏ်းက အတော်လေးကို ကျော်ကြားပါတယ်။
‘အပူအပင် ကင်းမဲ့မှုနဲ့ အချုပ်အနှောင် ကင်းမဲ့မှု'
ဒါကတော့ အပူအပင်မဲ့ ဂိုဏ်းရဲ့ ဆောင်ပုဒ်ပါပဲ။ ဂိုဏ်းနာမည်ကို ကြားလိုက်တာနဲ့ သည်ဂိုဏ်းက အခြားသော ဂိုဏ်းတွေနဲ့ မတူဘဲ တစ်မူ ထူးခြားနေတယ်လို့ ခံစားရ စေပါတယ်။
ဟုတ်ပါတယ်။ သည်ဂိုဏ်းက လောကီရေးရာ ကိစ္စတွေကို သိပ်ပြီး ဂရုမစိုက်တဲ့ ဂိုဏ်းတစ်ခုပါပဲ။
အပူအပင်မဲ့ဂိုဏ်း နာမည်ကျော် ရတာကတော့ သူတို့ရဲ့ နှောင်ဖွဲ့ခြင်းကင်း ရတနာနဲ့လည်း သက်ဆိုင်ပါတယ်။ သည်နှောင်ဖွဲ့ခြင်းကင်း ရတနာက သည်ဂိုဏ်းကို တည်ထောင်ခဲ့တဲ့ မဟာပညာရှင် နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်က လက်ဆင့် ကမ်းခဲ့တဲ့ ရတနာ အမွေအနှစ် တစ်ခုဆိုရင်လည်း မမှားပါဘူး။ သည်ရတနာကြောင့်လည်း အပူအပင်မဲ့ ဂိုဏ်းဟာ ကျော်ကြား နေတာပါပဲ။
“မင်းတို့ နှစ်ယောက်စလုံးက အဆိပ်မိ နေတယ်။ အဲဒါကို အရင် ကုလိုက်ရင် ကောင်းမယ်နဲ့ တူတယ်”
လီဖူချန်းက အကြံပြု လိုက်ပါတယ်။
“ကျေးဇူးရှင်ကြီး ပြောတာ မှန်ပါတယ်”
ဖန်းကျင်ယုနဲ့ ဖန်ကျင်းဆောင်တို့က လီဖူချန်း တစ်ယောက် သူတို့မအပါ်မှာ မကောင်းတဲ့စိတ် တစ်စက် မရှိဘူးဆိုတာ သိနေတယ်လေ။
လီဖူချန်းမှာသာ မကောင်းတဲ့စိတ် ရှိနေမယ်ဆိုရင် သူတို့ကို ဘယ်ကယ်တင် တော့မှာလဲ။
သူတို့ နှစ်ယောက်ဟာ အလျင်အမြန်ပဲ ကြာပန်းပုံ သဏ္ဌာန် ထိုင်လိုက်ပြီး အဆိပ်ဖြေဆေး တစ်လုံး ထုတ်သောက်လိုက်ကာ အဆိပ်ကို အတွင်းအားနဲ့ တွန်းထုတ်ဖို့ ကြိုးစားနေပါပြီ။
လီဖူချန်း ကတော့ လျုကောင်းဖန်ဆီ ကနေ ဘာများရမလဲ ဆိုပြီး သွားရောက် ရှာဖွေနေပါတယ်။
သူက လျုကောင်းဖန် လက်ထဲက ငွေရောင် ဆေဘာကို အတင်းအကျပ် ဖြုတ်ယူကာ သိုလှောင်အိတ်ထဲကို ထည့်လိုက်ပါတယ်။
သည်ဆေဘာက ဆန်းကြယ် အလယ်အလတ် အဆင့် ရတနာဓားပါ။ ပြန်ရောင်းမယ် ဆိုရင်တောင် ရွှေပြား ၂သိန်းလောက်တော့ အသာလေး ရနိုင်သည်လေ။ ဒါပေမဲ့ ဓားပေါ်မှာ ငွေဝတ်ရုံဂိုဏ်းရဲ့ အမှတ်အသား ပါနေတဲ့အတွက် အလွယ်တကူတော့ ရောင်းလို့ ရမည့်ပုံ မပေါ်သေးပါဘူး။
နောက်ထပ် ရှာတွေ့တာကတော့ သိုလှောင်အိတ် တစ်လုံးပါပဲ။
သည်သိုလှောင်အိတ် ထဲမှာတော့ အမျိုးအစား စုံစုံလင်လင် ရှိနေပါတယ်။ ရွှေကတ်ပြား ၃ကတ်၊ ရွှေစ တစ်ထောင်ကျော်နဲ့ ဆေးအမျိုးမျိုး။ ပြီးတော့ တခြား အမျိုးအမည် မသိရသေးတဲ့ ပစ္စည်းတွေ ပါနေပါသေးတယ်။
သည်ရွှေကတ်ပြား ၃ခုကတော့ ငွေတိုက် တစ်ခုခုကနေ ရွှေပြား ၅သိန်းခွဲလောက် ပြန်ထုတ်လို့ ရသည်လေ။
ဆေးဝါးတွေကတော့ ငွေဝတ်ရုံဂိုဏ်းက သမားတော်တွေ ထုတ်လုပ်ထားသည့် ပုံပါပဲ။ ဆေးအချို့ဆိုရင် မိုးပြာရောင် ဂိုဏ်းက ဆေးဝါးတွေနှင့် လုံးလုံးကြီးကို ကွဲပြားနေပါ သေးတယ်။
အခြား ပစ္စည်းတွေကတော့ အသက်ကယ် ပစ္စည်းတွေပါပဲ။ အဆိပ်ဗုံး၊ မီးခိုးဗုံးနဲ့ အမျိုးအမည် မသိသေးတဲ့ လက်နက်ပုန်း တွေပေါ့လေ။
“ထောပြီ"
ဒါက လီဖူချန်း စိတ်ထဲကနေ ရေရွတ် လိုက်တာပါ။ လျူကောင်းဖန်ရဲ့ ပစ္စည်းတွေကို ရောင်းချနိုင်မယ် ဆိုရင် ရွှေပြား ၂သန်းလောက်ကို ရနိုင်သည်လေ။ ဒါက လီဖူချန်းရဲ့ ကြွယ်ဝမှုလောက် မရှိသေး ပေမဲ့လည်း အတော်လေး များပြားသည့် ငွေပမာဏပင် မဟုတ်ပါလား။
လီဖူချန်းက သိုလှောင်အိတ်ကို သိမ်းဆည်းလိုက်ပြီး ဖန်းကျင်းယုတို့ ဘက်ကို အာရုံပြန်ပြောင်း လိုက်ပါတယ်။
သည်နှစ်ယောက် ကတော့ သိပ်ပြီး အခြေအနေ ကောင်းသည့်ဟန် မပေါ်ပါဘူး။ ကြည့်ရတာ အဆိပ်မိ ထားတာက အတော်လေး ကြာသွားဟန် တူပါတယ်။ အဆိပ်က သူတို့ရဲ့ အတွင်းပိုင်း ကလီစာတွေ ထဲကို ရောက်လုနီးပါး ဖြစ်နေသည့် အတွက် အဆိပ်ဖြေဆေး ကလည်း အစွမ်းပြရ ခက်နေသည် များလေလား။
“ငါကူညီပေး ရမလား”
လီဖူချန်းက မေးမြန်း လိုက်ပါတယ်။
သူ့ရဲ့ ငရဲမီးတောက် အတွင်းအားတွေက အဆိပ်တွေကို လောင်ကျွမ်းစေ နိုင်တယ်လေ။
ဖန်ကျင်းဆောင်က မျက်လုံးကို အသာအယာ ဖွင့်လိုက်ပြီး …
“ကျွန်တော်က တောင့်ခံနိုင် ပါသေးတယ်။ ကျွန်တော့် ညီမလေး ကိုယ်ထဲက အဆိပ်တွေကို အရင်ထုတ်ကူ ပေးလိုက်ပါ ကျေးဇူးရှင်ကြီး”
“ရတယ်လေ”
လီဖူချန်းက မိန်းမပျိုလေးရဲ့ အနောက်မှာ ထိုင်လိုက်ပြီး သူမရဲ့ နောက်ကျောကို လက်ဝါးဖြင့် အသာအယာ ဖိကပ် လိုက်ပါတယ်။ ထို့နောက်မှာတော့ သူ့ရဲ့ ငရဲမီးတောက် အတွင်းအားတွေကို သူမရဲ့ ခန္ဓာကိုယ်ထဲ ပို့ဆောင် လိုက်ပါပြီ။
အစစ်အမှန် ငရဲမီးတောက် အတွင်းအားရဲ့ အကူအညီကြောင့် အဆိပ်ဖြေဆေး ကလည်း သူ့ရဲ့ အစွမ်းသတ္တိတွေကို စတင် ပြလာပါတယ်။ အဆိပ်ဖြေဆေးနဲ့ ငရဲမီးတောက် အတွင်းအားတွေရဲ့ အစွမ်း သတ္တိတွေက ဖန်ကျင်းယုရဲ့ ရိုးတွင်း ခြင်ဆီတွေ အထိတောင် ပျံ့နှံ့သွားသည့် ပုံပါပဲ။
“ဟူး …”
သက်ပြင်းရှည်ကြီး တစ်ချက်နဲ့အတူ ဖန်ကျင်းယုက မျက်လုံးဖွင့် လာခဲ့ပါပြီ။
သူမက ရှက်သွေးဖြာလျက် ရှိနေပြီး …
“ကူညီပေးတဲ့ အတွက် ကျေးဇူး တင်ပါတယ် ကျေးဇူးရှင်ကြီး ...”
သူမလို ယင်ဖိုတောင် မသန်းဖူးသေးသည့် မိန်းမပျိုလေး တစ်ယောက်ရဲ့ နောက်ကျော အတွင်းသားကို သူစိမ်း ယောကျာ်းလေး တစ်ယောက်က ထိထားသည် မဟုတ်ပါလား။
လီဖူချန်းကလည်း ထိုအချက်ကို သတိပြုမိ လိုက်တယ်လေ။ သူက အလျင်အမြန်ပဲ သူ့လက်ကို ပြန်ရုပ်လိုက် ပါတယ်။ ထို့နောက်မှာတော့ လီဖူချန်းက ဖန်ကျင်းဆောင်ရဲ့ အနောက်ကို သွားလိုက်ပြီး အဆိပ်ကို ကူညီတိုက်ဖျက် ပေးလိုက်ပါတယ်။
သိပ်မကြာခင်မှာပဲ ဖန်ကျင်းဆောင်က သတိပြန်လည်စ ပြုလာပါပြီ။
သတိပြန်ရ လာလာချင်း ဖန်ကျင်းဆောင် တွေးမိသည့် အရာကတော့ …
"သေမင်းနဲ့ လက်တစ်ကမ်းလေး အလိုပါပဲလား”
သူတို့က အဆိပ်မိ ထားသည့်အချိန် အတော်လေး ကြာသွားသည့် အတွက် အဆိပ်တွေက သူတို့ရဲ့ ရိုးတွင်းခြင်ဆီ တွေထဲအထိ နက်နက်ရှိုင်းရှိုင်း ရောက်သွား ခဲ့တာလေ။ လီဖူချန်းသာ မရှိလို့ကတော့ နောက်နှစ် သည်အချိန်ဟာ သူတို့ သေဆုံးတာ တစ်နှစ်ပြည့် ပါပဲ။ အခုချိန် အထိတောင် သူတို့ရဲ့ လက်တွေ၊ ခြေတွေက လှုပ်ရှားလို့ မရနိုင်သေးပဲ အားနည်း နေပါသေးတယ်။
***