လှပသော မြင်ကွင်း
Vol. 33 Ch. 454
ဟယ့်ရီရီမှာ နံပါတ်တစ်ဖြစ်စေ၊ နံပါတ်သုံးဖြစ်စေ ဂရုမစိုက်ကြောင်း ပြောခဲ့သော်လည်း သိချင်စိတ်ကိုတော့ မငြင်းဆန်နိုင်ပေ။ အနောက်ကမ္ဘာမြေတွင် သူမက နံပါတ်တစ် ဝင်္ကပါဆရာသခင်ဟု ထင်ရှားကျော်ကြားသော်လည်း တစ်လောကလုံး၌ နံပါတ်တစ်ဖြစ်ကြောင်း မခံယူဝံ့ပေ။
သို့ရာတွင် နှစ်ပေါင်းများစွာ နံပါတ်တစ်ဖြစ်လာသည့်အလျောက် သူမတွင်လည်း ယှဉ်ပြိုင်တတ်သော စိတ်လေး ရှိနေသေးသည်။
ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်၏ ဂိုဏ်းသခင်၊ ချင်မူက ပိုမိုအတွေ့အကြုံရှိပြီး ဗဟုသုတလည်း နှံ့စပ်သည့်အတွက် သူ့မျက်လုံးထဲတွင် မည်သူက နံပါတ်တစ်၊ မည်သူက နံပါတ်နှစ် ဖြစ်နေသည်ကို သူမ သိချင်မိ၏။
“မမရီရီက မသိလောက်ပေမယ့် ကျွန်တော်က ဝင်္ကပါပညာမှာ နံပါတ်တစ်ဖြစ်တဲ့ မဟာမြို့ပျက်ရဲ့ မိသားစုကပါ” ချင်မူ့မျက်နှာက ရိုးသားဖြူစင်နေသည်။ “တစ်လောကလုံးမှာ နံပါတ်တစ် ဝင်္ကပါပညာရှင်ကတော့ ကျွန်တော့်ဘိုးဘိုးမျက်ကန်းကလွဲပြီး တခြားလူမဟုတ်ပါဘူး”
ဟယ့်ရီရီ သူ့ကို စိုက်ကြည့်မိလိုက်သည်။
သူက ဝင်္ကပါပညာတွင် နံပါတ်တစ်ဖြစ်သော မိသားစုမှတဲ့လော။ တစ်လောကလုံးတွင် နံပါတ်တစ်ဝင်္ကပါပညာရှင်က မျက်ကန်းတစ်ယောက်တဲ့လော။
“ဂိုဏ်းသခင် ဝင်္ကပါပညာအပေါ် နားလည်မှုလွဲနေတာများလား” ဟယ့်ရီရီက တည်တည်ငြိမ်ငြိမ် မေးလိုက်သည်။ “ဝင်္ကပါပညာဆိုတာ သင်္ချာတွက်ရသလိုပါပဲ။ အလွယ်ဆုံးက အလျားလိုက်သုံးတန်း၊ ဒေါင်လိုက်သုံးတန်းရှိတဲ့ လော့ရှိုစတုရန်းကွက်တွက်နည်းပါ။ ခန်း၊ ခွန်၊ ကျန့်၊ ရွှန်၊ ကျုံး၊ ချန်း သွေ့၊ ကန်း နဲ့ လီတို့က တစ်ကနေ ကိုးအထိ ဂဏန်းကိုးလုံးကို ကိုယ်စားပြုတယ်။ အလျားလိုက်၊ ဒေါင်လိုက်နှင့် ဒေါင့်ဖြတ်အတန်းတစ်တန်းစီ ပေါင်းခြင်းရလဒ်ဟာ ဆယ့်ငါး ဖြစ်နေရမယ်။ ဂဏန်းကိုးလုံးကလည်း ထပ်နေလို့မရဘူး။ အားလုံးရဲ့ ပေါင်းခြင်းရလဒ်ကတော့ ၄၅ ရှိတယ်
“အဲဒီ့ထက် နည်းနည်းခက်တာကတော့ ပါကွတွက်နည်းပါ။ အဋ္ဌကိန်းစနစ်ကနေ အက္ခရာခြောက်ဆယ့်လေးလုံးကို အခြေပြုထားတဲ့စနစ်အထိ ပြောင်းလဲနိုင်တယ်။ ဒါကြောင့် ရလဒ်တွေက အမျိုးမျိုးဖြစ်နိုင်တယ်။ ပါကွတွက်နည်းထက် ပိုခက်တာကတော့ ဓာတ်ကြီးငါးပါးပဲ။ ဓာတ်ကြီးငါးပါးပါကွတွက်နည်းမှာ စတုကိန်းစနစ်၊ အဋ္ဌကိန်းစနစ်နဲ့ အက္ခရာခြောက်ဆယ့်လေးလုံးကို အခြေပြုထားတဲ့စနစ်တွေ ပါတယ်
“ပိုပြီးက်တာကတော့ ထိုက်ကျိနဲ့ ဝူကျိအင်းကွက်ပဲ။ ရလဒ်တွေက အဆုံးမရှိတဲ့အပြင် တွက်နည်းဘယ်လောက်ပဲ တိကျတိကျ အမှားတွေ ပါနေနိုင်သေးတယ်။ ဆိုတော့ မျက်ကန်းတစ်ယောက်ရဲ့ သင်္ချာစွမ်းရည်က ဘယ်အဆင့်မှာပါလဲ”
“ကျွန်တော့်မျက်လုံးထဲ ကြည့်လိုက်ပါ” ချင်မူက အလေးအနက် ပြောလိုက်သည်။
ဟယ့်ရီရီမှာ သူဆိုလိုသည်ကို နားမလည်သော်လည်း သူ၏သူငယ်အိမ်များကို ဂရုတစိုက် ကြည့်လိုက်သည်။ သူမ စိတ်နှလုံး တုန်လှုပ်သွားမိ၏။
အရှေ့ရှိ ကောင်လေး၏ မျက်လုံးထဲတွင် ဝင်္ကပါအမှတ်အသားများ အထပ်ထပ် တည်ဆောက်ပြီး ပထမကောင်းကင်အသွင် ဖွဲ့တည်သွားသည်ကို မြင်လိုက်ရသည်။ ဝင်္ကပါ၏ သင်္ချာအပြောင်းအလဲများက သူမကို နစ်မျောသွားစေသည်။
သို့သော် သူမ မစဉ်းစားနိုင်ခင် ဒုတိယကောင်းကင် ဖွဲ့တည်လာပြီး သင်္ချာအပြောင်းအလဲများက ပို၍ နက်နဲရှုပ်ထွေးလာသည်။
ထို့နောက် တတိယကောင်းကင်၊ စတုတ္ထကောင်းကင်၊ ပဉ္စမကောင်းကင်၊ အလင်းကောင်းကင်မျက်လုံးသို့ ရောက်မှ ချင်မူ့မျက်လုံးထဲရှိ ဝင်္ကပါအမှတ်အသားများ ရပ်တန့်သွားသည်။
ပထမကောင်းကောင်၌ ကိန်းဝပ်နေသော သင်္ချာသဘောတရားများကိုပင် ပြီးပြည့်စုံသည်ထက် ပိုသည်ဟု သတ်မှတ်နိုင်နေပြီဖြစ်သည်။
ဝင်္ကပါအမှတ်အသားများ ရပ်တန့်သွားသော်လည်း ပြောင်းလဲမှုများက မရပ်တန့်သေးပေ။ ၎င်းတို့အထဲတွင် နေတစ်စင်းနှင့် ကြယ်များ မွေးဖွားလာသည်။ ကြယ်များက နဂါးငွေ့တန်းတစ်ခုကို ဖွဲ့၍ နေ၏နောက်ဖက်မှ လှည့်ပတ်နေ၏။
ခန်းမထဲရှိ အကြီးအကဲများမှာ တစ်ယောက်ကို တစ်ယောက် စိတ်ရှုပ်ထွေးစွာ ကြည့်နေကြသည်။
ဟယ့်ရီရီ၏ မျက်နှာက ချင်မူ့မျက်နှာထဲပင် ဝင်ပေတော့မည်။ သူတို့နှစ်ယောက်က ချစ်သူများသဖွယ် တစ်ယောက်ကိုတစ်ယောက် ရွှန်းရွှန်းစားစား ကြည့်နေကြပြီး အကြည့်မလွှဲနိုင် ဖြစ်နေကြ၏။
“အဟမ်း အဟမ်း”
ဆံဖြူအဘွားအိုတစ်ယောက်က ချောင်းဟန့်၍ မိန်းမောနေသော မြို့အရှင်မကို သတိပေးလိုက်သည်။
ဟယ့်ရီရီ စိတ်နှင့်ကိုယ်ပြန်ကပ်သွားသည့်အခါ မျက်နှာလေး နီရဲသွား၏။ သူမက ကပျာကယာ နောက်ဆုတ်ကာ အလေးအနက် ပြောလိုက်သည်။ “ဒီဘိုးဘိုးမျက်ကန်းက အမှန်တကယ်ပဲ တစ်လောကလုံးမှာ နံပါတ်တစ် ဝင်္ကပါပညာရှင်ဖြစ်ထိုက်ပါတယ်။ သံသယဝင်မိလို့ ကျွန်မ ရှက်ရွံ့မိပါတယ်”
ချင်မူ့မျက်နှာလည်း အနည်းငယ် နီရဲနေသည်။ ဟယ့်ရီရီနှင့် နီးနီးကပ်ကပ် ရှိနေရခြင်းက သူ့ရင်ခုန်သံများကို မြန်စေခဲ့၏။
“ဘိုးဘိုးမျက်ကန်းဆီကနေ မျက်လုံးကျင့်စဉ်ကို သင်ခဲ့ရတုန်းက ဝင်္ကပါအပြောင်းအလဲတွေကို ကျွန်တော် နားမလည်ခဲ့ဘူး။ ဘိုးဘိုးမျက်ကန်းရဲ့ ကောင်းကင်မျက်လုံးတွေက အဝတ်အစားတွေ၊ နေရာဟင်းလင်းပြင်၊ ဝင်္ကပါတွေနဲ့ သိုင်းကွက်ပြောင်းလဲမှုတွေကို ထိုးဖောက်မြင်နိုင်တယ်။ တာအိုဂိုဏ်းရဲ့ သင်္ချာကျမ်းကို လေ့လာပြီးမှ ကိန်းဝပ်နေတဲ့ သင်္ချာအပြောင်းအလဲတွေကို နားလည်ခဲ့တာပါ
“တာအိုဂိုဏ်းက သင်္ချာနည်းနဲ့ သဘာဝဖြစ်တည်မှုတွေ၊ စကြဝဠာကြီးလည်ပတ်ပုံတွေ နားလည်အောင် လုပ်တယ်။ ဘိုးဘိုးမျက်ကန်းရဲ့ ကောင်းကင်မျက်လုံးတွေ အရာရာတိုင်းကို ဖောက်ထွင်းမြင်နိုင်တာ ဘာကြောင့်လဲဆိုရင် သင်္ချာက ဒီစကြဝဠာကြီးရဲ့ အမှန်တရား ဖြစ်နေလို့ပဲ။ ဒါကြောင့် ဘိုးဘိုးမျက်ကန်းက ဝင်္ကပါပညာမှာ နံပါတ်တစ်ဆိုတာ ကျွန်တော် သဘောပေါက်လိုက်တာ”
ဟယ့်ရီရီက တခြားအတွေးများကို မြိုသိပ်ကာ ပြောလိုက်သည်။ “သူသာ ဝါးမြို့ရဲ့ ကုဗဝင်္ကပါလှောင်အိမ်ကနေ ထွက်ချင်ရင် အလွယ်လေးဖြစ်မှာပဲ။ တကယ် နံပါတ်တစ် ဖြစ်ထိုက်ပါပေတယ်။ ဒါဆို ဘယ်သူက နံပါတ်နှစ်လဲ”
ချင်မူက သူမကို ရှက်ကိုးရှက်ကန်း ပြုံးပြလိုက်သည်။
ဟယ့်ရီရီ နက်မှောင်သော မျက်ဝန်းလေးများဖြင့် သူ့ကို ကြည့်ကာ တအံ့တဩ အော်လိုက်မိ၏။ “ဂိုဏ်းသခင်က တစ်လောကလုံးမှာ နံပါတ်နှစ် ဝင်္ကပါပညာရှင်လား”
ချင်မူက ရှက်ရှက်ဖြင့် ပြောလိုက်သည်။ “အရင်တုန်းကတော့ ကိုယ့်ကိုယ်ကို နံပါတ်နှစ်လို့ မခေါ်ဝံ့ခဲ့ပေမယ့် မမကြီးရီရီရဲ့ ဝင်္ကပါစွမ်းရည်ကို ကြည့်ပြီး နံပါတ်နှစ် ဖြစ်နိုင်ပါသေးတယ်လို့ တွေးမိလိုက်တာပါ”
ဟယ့်ရီရီ အမျက်တချောင်းချောင်း ထွက်လာသော်လည်း အံကြိတ်၍ ပြုံးလိုက်ပြီး ပြောလိုက်သည်။ “နံပါတ်တစ်နေရာကိုတော့ မလုရဲပေမယ့် နံပါတ်သုံးတော့ အဖြစ်မခံချင်ပါဘူး။ ဂိုဏ်းသခင်က အဆိပ်ပညာမှာ နံပါတ်သုံးဆိုပြီး မုယင်ရွှယ်ကို အနိုင်ယူခဲ့တယ်။ မုယင်ရွှယ်က အရှုံးကို လက်ခံပြီး တစ်လောကလုံးမှာ နံပါတ်လေးဆိုတာ ဝန်ခံခဲ့တယ်
“အခု ဂိုဏ်းသခင်က ဝင်္ကပါပညာမှာလည်း နံပါတ်နှစ်ဆိုတာ့ နည်းနည်းမထူးဆန်းဘူးလား။ ကျွန်မတို့ ပြိုင်ကြည့်ကြတာပေါ့”
“ဘယ်လိုပြိုင်မှာလဲ” ချင်မူ စိတ်ဝင်တစား မေးလိုက်မိသည်။
ဟယ့်ရီရီက တစ်ယောက်တည်း တိုးတိုးရေရွတ်နေပြီးနောက် သူ့ကို ပြုံးပြသည်။ “ဒီဝါးမြို့နဲ့ပဲ ပြိုင်တာပေါ့။ ဂိုဏ်းသခင်က အပြင်မှာ နေ၊ ကျွန်မက ဒီမှာ မလှုပ်မယှက် နေမယ်။ ဂိုဏ်းသခင် မြို့ထဲ ဝင်လာပြီး ကျွန်မကို ရှာနိုင်ရင် ကျွန်မ နံပါတ်သုံးလို့ ဝန်ခံမယ်
“ဒါ့အပြင် ကျွန်မရှုံးရင် ဒီနေ့ကစပြီး ဟယ့်မိသားစုက ဂိုဏ်းသခင်ရဲ့စကားကို လိုက်နာမယ်။ နိုင်းခွေ နန်းဆောင်သခင်မနေရာ ပြန်သိမ်းနိုင်အောင် ကူညီချင်ရင်လည်း ဟယ့်မိသားစုက အပြည့်အဝ ထောက်ပံ့ပေးမယ်”
ချင်မူ တဟားဟား ရယ်လိုက်ပြီး မြို့အပြင်သို့ လှည့်ထွက်လာသည်။
ခန်းမထဲရှိ အစွမ်းထက်ဆုံး ဝါးမြို့သိုင်းပညာရှင်များမှာ အချင်းချင်း ကြောင်တောင်တောင် ကြည့်နေမိကြသည်။ အဘွားအိုတစ်ယောက်က စကားပြောရန် ပါးစပ်ဟလိုက်သော်လည်း ဟယ့်ရီရီက လက်ကာပြလိုက်သည်။ “ဘာမှမပြောကြနဲ။ ကျွန်မ ဒီအခွင့်အရေးကို အသုံးချပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဝင်္ကပါပညာကို စမ်းသပ်ချင်တယ်
“ကျွန်မဝင်္ကပါပညာ ရှုံးသွားရင်လည်း ဝါးမြို့က ထာဝရငြိမ်းချမ်းရေးအင်ပါယာ ကျူးကျော်လာတဲ့အခါ အရှုံးပေးရမှာပဲ မဟုတ်လား။ ဒါကြောင့် ကြိုအရှုံးပေးထားလည်း မထူးပါဘူး။ ဂိုဏ်းသခင်ချင် နိုင်ရင်လည်း အနောက်ကမ္ဘာမြေကို ကွပ်မျက်သုတ်သင်တဲ့နေ့ ရောက်လာရင် အသက်ချမ်းသာရာပေးဖို့ တောင်းဆိုနိုင်သေးတယ်။ နောက်ဆုတ်ကြပါ။ ကျွန်မနဲ့ ဂိုဏ်းသခင်ချင်ရဲ့ ပြိုင်ပွဲက ဝါးမြို့ရဲ့ ကံကြမ္မာတင်မကဘူး၊ အနောက်ကမ္ဘာမြေရဲ့ ကံကြမ္မာကိုတောင် ဆုံးဖြတ်ပေးနိုင်လောက်တယ်”
အားလုံး ဝါးမြို့ထဲမှ ဆုတ်ခွာသွားကြသည်။
မြို့မုခ်ပေါက်က ဟောင်းလောင်းပွင့်နေ၏။
ချင်မူက နဂါးချီလင်နှင့် ရှုန်းချီအာကို ခေါ်၍ အပြင်ထွက်လာသည်။ သူ မြို့ထဲ ပြန်ဝင်လိုက်သောအခါ မြို့တစ်မြို့လုံး ပြောင်းလဲသွား၏။ ထိုးထိုးထောင်ထောင် အဆောက်အအုံအားလုံး မြေကြီးထဲ နစ်မြုပ်သွားပြီး အစအနပင် မမြင်ရတော့ပေ။ ကျောက်တုံးကြီး လေပေါ် မြောက်တက်လျက် ရှိကာ ဝင်္ကပါဖွဲ့နေကြသည်။
ဝါးမြို့၏အသွင်အပြင်မှာ အဆက်မပြတ် ပြောင်းလဲနေသဖြင့် တခြားသူများ၏ မျက်လုံးထဲတွင် ကျောက်တုံးများ ရွေ့လျားကူးပြောင်းနေသည်မှာ ထူးဆန်းနေလိမ့်မည်။ ရွေ့လျားနေသည့် ကျောက်တုံးများမှတစ်ဆင့် ဝင်္ကပါအပြောင်းအလဲများကို နားလည်ကြမည်မဟုတ်ပေ။ သို့သော် ချင်မူကတော့ နားလည်သည်။ သူ့မျက်လုံးထဲတွင် ဝင်္ကပါအပြောင်းအလဲများက ကြီးကျယ်ခမ်းနားပြီး သောင်းပြောင်းစုံလင်နေ၏။
လေးထောင့်ကျောက်တုံးများ၏ ရွေ့လျားမှုတိုင်းက အလွန်လေးစားအံ့ဩဖွယ်ကောင်းသည်။ အချင်းချင်း ချိတ်ဆက်နေသည့် အမှတ်အသားများက သူ့အတွက် လှပသောမြင်ကွင်းတစ်ခု ဖြစ်နေသည်။
အတားအဆီးများဖြစ်စေ၊ လူသတ်ဝင်္ကပါများဖြစ်စေ၊ အားလုံးတွင် သင်္ချာသဘောတရားများ ကိန်းဝပ်နေသည်။
ချင်မူ၏သူငယ်အိမ်ထဲ၌ ဝင်္ကပါအမှတ်အသားများ ဖွဲ့တည်လာပြီး သူ့ခြေလှမ်းများက သွက်လာသည်။ သူက တစ်ခါတရံ ရပ်၍ စုတ်တံကို မြှောက်ကာ ဝင်္ကပါအမှတ်အသားများကို ပြောင်းလဲတတ်ပြီး တစ်ခါတရံ ရှေ့တစ်လှမ်းတက်၍ အရက်မူးသမားလို ဒယိမ်းဒယိုင်ဖြင့် နောက်သုံးလှမ်းပြန်ဆုတ်တတ်၏။ လေလှိုင်းထိပ်ဖျားကို စီးနေသကဲ့သို့ ရွေ့လျားနေသော ကျောက်တုံးများအပေါ် ခုန်ပျံကျော်လွှားသည့်အခါများလည်း ရှိသည်။
ချင်မူသည် ကြိုးကြာဖိုကဲ့သို့ ကြောရှင်းခံ့ညားစွာ ပျံသန်းရင်း အတားအဆီးကို ဖြတ်ကျော်ကာ အားအဟုန်နှင့် တိုးဝင်သွားနေသကဲ့သို့ ထင်ရ၏။ သက်စွန့်ဆံဖျား သွားလာနေသည့်အလား မြင်ရသော်လည်း သူနှင့် မထိခင်မှာပင် ကျောက်နံရံများက နှစ်ခြမ်းကွဲသွားပြီး သူ့ကို ဖြတ်သွားခွင့်ပေးနေသည်။
ခက်ခဲသော သင်္ချာပုစ္ဆာများကို ဖြေရှင်း၍ မနှေးလွန်းမမြန်လွန်း လှုပ်ရှားရင်း ဝါးမြို့၏ အလယ်နှင့် သူ နည်းသထက် နည်းလာသည်။
မြို့လယ်ရှိ အရာအားလုံးက ပြောင်းလဲနေသည်။ စောစောက သူတို့ ဆွေးနွေးနေခဲ့သော ခန်းမဆောင်ပင် ပြိုကွဲပျောက်ကွယ်သွား၏။ မပြောင်းလဲသည်က ဟယ့်ရီရီ၏တည်နေရာ ဖြစ်သည်။
သူမက ကျောက်တိုင်တစ်တိုင်ပေါ်တွင် ငြိမ်သက်စွာ ထိုင်နေပြီး ဝင်္ကပါများစွာ ခင်းကျင်းလျက် ချင်မူ့အား ဟန့်တားနေသည်။
သို့သော် သူတို့၏အခြေအနေက ပထမတစ်ခေါက်နှင့် မတူပေ။ ထိုအချိန်တုန်းက ချင်မူမှာ အငိုက်ဖမ်းတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်၍ မျှတသောတိုက်ပွဲ မဟုတ်ခဲ့ပေ။
ယခုတွင် သူက ဝင်္ကပါပညာပြိုင်ပွဲကို ယှဉ်ပြိုင်နေခြင်းဖြစ်သည်။
အတန်ကြာသော် ဟယ့်ရီရီမှာ ချင်မူ တဖြည်းဖြည်း နီးကပ်လာသည်ကို မြင်ရသည့်အခါ စိုးရိမ်လာသည်။ သူမက ကျောက်တုံးကြီးများကို ထိန်းချုပ်၍ ဝင်္ကပါအသစ် ခင်းကျင်းလိုက်သော်လည်း ချင်မူက ဖြေးဖြေးမှန်မှန် ချဉ်းကပ်လာနေဆဲပင်။
ဟယ့်ရီရီ ရပ်နေသောနေရာက ဝါးမြို့၏ အလယ်ဗဟိုဖြစ်ပြီး ဝါးမြို့ဝင်္ကပါ၏ မျက်လုံးနေရာလည်း ဖြစ်သည်။ ချင်မူက ဝင်္ကပါမျက်လုံးထံမှ ကိုက်သုံးဆယ်သာ ဝေးတော့သဖြင့် ဝင်္ကပါ၏နောက်ဆုံးအလွှာအနေဖြင့် သူ့ကို တားနိုင်တော့မည်မဟုတ်ပေ။
ဟယ့်ရီရီ အံတင်းတင်းကြိတ်လိုက်ပြီး ဝါးမြို့က ရုတ်တရက် ပြောင်းလဲသွားသည်။ သူမရှေ့တူရူရှိ ဝင်္ကပါကွက်များ အသက်ဝင်လာပြီး အသတ်အဖြတ်ဝင်္ကပါများအဖြစ် အချင်းချင်း ချိတ်ဆက်သွား၏။ ၎င်းတို့၏စွမ်းအားက အဆများစွာ ပြင်းထန်လာပြီး ဟယ့်ရီရီဆီသို့ တရှိန်ဝင်း ပြေးဝင်သွားလေသည်။
သူမသည် ဝင်္ကပါ၏နောက်ဆုံးအလွှာကို အသက်သွင်း၍ နှစ်ယောက်လုံး အသတ်အဖြတ်ဝင်္ကပါထဲ ရောက်သွားအောင် လုပ်လိုက်ခြင်းဖြစ်၏။
ချင်မူ့အမူအရာ အနည်းငယ်ပြောင်းလဲသွားပြီး အသတ်အဖြတ်ဝင်္ကပါ သူတို့ဆီ မရောက်ခင် ဟယ့်ရီရီဘေးသို့ သွားလိုက်သည်။ သူက လက်တစ်ဖက်ဖြင့် သူမခါးကို ဖက်၍ ကျန်လက်တစ်ဖက်ဖြင့် စုတ်တံကို မြှောက်ကာ လေထဲတွင် ပန်းချီရေးလိုက်သည်။
အသတ်အဖြတ်ဝင်္ကပါက နှစ်ယောက်လုံးကို လွှမ်းခြုံသွားသဖြင့် ဟယ့်ရီရီ မျက်လုံးများ ပိတ်ပစ်လိုက်၏။
မည်သည့်အရာမှ မဖြစ်၍ သူမမျက်လုံး ပြန်ဖွင့်လိုက်သည့်အခါ ဝါးမြို့ထဲတွင် မဟုတ်တော့မှန်း မြင်လိုက်ရသည်။ ထိုအစား နေရာဟင်းလင်းပြင်၏ အတွင်းထဲ ရောက်သွား၏။ သို့သော် အသတ်အဖြတ်ဝင်္ကပါစွမ်းရည်က ပန်းချီကားကို ဖြဲ၍ သူတို့ဆီသို့ ဦးတည်လာသည်။
ထိုအခါ သူတို့နှစ်ယောက် ရောက်နေသော ပန်းချီကားကမ္ဘာမှာ တွန့်လိမ်ရှုံ့တွပြီး ပျက်စီးလုဆဲဆဲ ဖြစ်လာသည်။
ချင်မူက အလေးအနက်အမူအရာဖြင့် ပန်းချီရေးလိုက်ရာ စုတ်ချက်များက နဂါးများသဖွယ်၊ မြွေများသဖွယ် ရွေ့လျားပြောင်းလဲသွား၏။ ရုတ်တရက် သူမခါးအား ဖက်ခံလိုက်ရသည်ကို ဟယ့်ရီရီ ခံစားလိုက်ရပြီး ပန်းချီကားနောက်တစ်ခုထဲ ဆွဲခေါ်ခံလိုက်ရသည်။
အထဲဝင်လိုက်သည်နှင့် လှပသော တောင်တန်းများ၊ မြစ်ပြင်များနှင့် ငွားငွားစွင့်စွင့် ပွင့်လန်းနေသည့် ပန်းများကို ဟယ့်ရီရီ မြင်လိုက်ရသည်။ မြင်ကွင်းက အလွန်ပင် မျက်စိပသာဒ ရှိလှ၏။
သို့တိုင်အောင် မည့်သည့်အရာကိုမဆို ဖျက်စီးနိုင်သော အသတ်အဖြတ်ဝင်္ကပါစွမ်းရည်က ထိုကမ္ဘာထဲ ကျူးကျော်လာပြီး သူတို့ထံသို့ လိမ့်ထွက်လာသည်။
“ရှင်က ကျွန်မဝင်္ကပါပညာကို ဝင်္ကပါပညာသုံးပြီး ဖြေရှင်းနေတာ မဟုတ်ဘူး” ဟယ့်ရီရီက သူမဘေးရှိ ကောင်လေးကို အလေးအနက် ကြည့်လိုက်သည်။ “ရှင် ဝါးမြို့ရဲ့ အသတ်အဖြတ်ဝင်္ကပါကနေ လွတ်သွားရင်တောင်မှ ကျွန်မ ရှုံးကြောင်း ဝန်မခံဘူး
ချင်မူက ကျယ်လောင်စွာ ရယ်လိုက်ပြီး ကျောင်းတော်သားတစ်ယောက် စာရေးနေသကဲ့သို့ ဆေးခြယ်နေသည်။ ဝါးမြို့၏ အသတ်အဖြတ်ဝင်္ကပါ သူတို့၏ပန်းချီကမ္ဘာကို မဖျက်စီးနိုင်ခင် သူက ဟယ့်ရီရီကို နောက်ကမ္ဘာတစ်ခုထဲသို့ ခေါ်သွား၏။
ထိုကမ္ဘာ၏ ကောင်းကင်ယံတွင် ကြယ်စင်တာရာများ ဝင်းလက်နေသည်။ ကျောက်သံပတ္တမြားများ အမှောင်ထဲတွင် တောက်ပနေသည့်အလား ထင်ရပေသည်။
ချင်မူက ဟယ့်ရီရီကို ကြယ်များအပေါ်သို့ ခေါ်သွားပြီး ကြယ်တာရာကောင်းကင်တစ်လျှောက် ပျံသန်းနေသည်။ သူ့စုတ်တံက နဂါးငွေ့တန်းတစ်ခုကို ရေးဆွဲလိုက်ပြီး သူတို့အနောက်တွင် အသတ်အဖြတ်ဝင်္ကပါစွမ်းအား ရှိသော်လည်း နှစ်ယောက်သား ဂရုမစိုက်ဘဲ နဂါးငွေ့တန်းထဲ ခုန်ဆင်းကာ အဝေးသို့ လွင့်မျောသွားကြသည်။
နဂါးငွေ့တန်းက အောက်သို့စီးဆင်းနေသဖြင့် ချင်မူက ဟယ့်ရီရီ၏ခါးကို တင်းတင်းဖက်ကာ ထိန်းပေးထားသည်။
နောက်ဆုံး ခြေစုံရပ်လိုက်နိုင်သည့်အခါ ဟယ့်ရီရီမှာ ငေးငိုင်နေသေး၏။ ချင်မူ စုတ်တံများ ဟိုဟိုသည်သည် လွှဲယမ်းနေသည်ကို သူမ မြင်လိုက်ရပြီး သူက သူမကို ဆုပ်ကိုင်ကာ ယခုလေးတင် ရေးဆွဲလိုက်သော နတ်မြင်းတစ်ကောင်အပေါ် ခုန်တက်လိုက်သည်။
နတ်မြင်းက ပန်းချီကား၏အပြင်သို့ ခုန်ထွက်ပြီး တကယ့်မြင်းတစ်ကောင် ဖြစ်လာသည်။ အသတ်အဖြတ်ဝင်္ကပါကား အဝေး၌ ကျန်ခဲ့ချေပြီ။
ချင်မူ စုတ်တံကို မြှောက်ကာ စိတ်တိုင်းကျ ဆွဲလိုက်ပြန်သည်။ သူတို့အရှေ့တွင် တံခါးတစ်ချပ် ပေါ်လာပြီး တံခါးပွင့်လာသည့်အချိန်တွင် တခြားနေရာမှ တောက်ပသောရောင်ခြည်တန်းများ ဖြာထွက်လာ၏။ နတ်မြင်းက တံခါးထဲ ပြေးဝင်သွားသည်။
ဟယ့်ရီရီမှာ ဝါးမြို့အပြင်ရှိ တောင်ထိပ်တစ်ခုအပေါ် ရောက်သွားကြောင်း သတိထားမိလိုက်၍ မှင်သက်သွား၏။
ချင်မူက သူမခါးကို ဖက်ထားဆဲဖြစ်ပြီး နတ်မြင်းပေါ်မှ ခုန်ဆင်းလာသည်။ နတ်မြင်းက ရှေ့ခြေနှစ်ချောင်းကို မြှောက်လျက် တောင်တဖျတ်ဖျတ် ခတ်၍ တဟီးဟီး အော်မြည်ပြီးနောက် မှင်စက်များအဖြစ် မြေပြင်ပေါ် ကျသွားသည်။
ဝါးမြို့၏ ခေါင်းဆောင်များမှာ သူတို့ဆီသို့ အပြေးအလွှား လာနေကြသည်။
အကြီးအကဲတစ်ယောက်က စကားပြောရန် ပြင်လိုက်သော်လည်း ဟယ့်ရီရီက ပြုံးလိုက်ပြီး နူးညံ့သိမ့်မွေ့သောအသံဖြင့် ပြောလိုက်သည်။ “ကျွန်မ ရှုံးသွားပါပြီ။ ဂိုဏ်းသခင်ချင်ရဲ့ ဝင်္ကပါပညာက တစ်လောကလုံးမှာ နံပါတ်နှစ် ဟုတ်ပါတယ်။ ကျွန်မတို့ ဟယ့်မိသားစုနဲ့ ဝါးမြို့မှာ ရှိတဲ့လူတိုင်း ဂိုဏ်းသခင်ချင်ရဲ့ ဦးဆောင်ရာနောက် လိုက်ပါ့မယ်”
ချင်မူ သူမကို ကြည့်လိုက်သည်။
ဟယ့်ရီရီ၏မျက်ဝန်းထဲတွင် နူးညံ့ကြင်နာသောခံစားချက်များ အစပျိုးနေပြီး သူမအကြည့်လေးသည် ဆောင်းဦး၏နှင်းစက်လေးသဖွယ် ကြည်လင်လှ၏။