ဝင်္ကပါဆရာမ၏ နည်းလမ်း
Vol. 33 Ch. 455
ဂျုန်း ဂျုန်း
ဧရာမဝါးမြို့ကြီး ရှေ့သို့ လမ်းလျှောက်နေပြီး ချင်မူနှင့် ဟယ့်ရီရီက မြို့မျှော်စင်ထက်တွင် ဘေးချင်းယှဉ်လျက် ရပ်နေကြသည်။ မြို့ကြီး လမ်းလျှောက်နေသည့် မြင်ကွင်းကို မြင်ခဲ့ဖူးသော်ငြား ချင်မူ မအံ့ဩဘဲ မနေနိုင် ဖြစ်မိ၏။
နှစ်တစ်သောင်းကြာသည့်တိုင်အောင် အနောက်ကမ္ဘာမြေ၏ ကောင်းကင်နတ်သိုင်းများက တိုးတက်မလာခဲ့သော်လည်း ‘အရာရာတိုင်းတွင် ဝိညာဉ်ရှိသည်’ ဆိုသော သဘောတရားက သူမတူစွာ ထူးခြားနေသေးသည်။
သူ နောက်လှည့်ကြည့်ပြီး မြို့ထဲတွင် လမ်းလျှောက်နေသူများကို မြင်သည့်အခါ တလေးတစား စုပ်သပ်လိုက်မိသည်။
ဝင်္ကပါဆရာမ ဟယ့်ရီရီက အရှုံးပေးပြီးနောက်တွင် ဝါးမြို့သူမြို့သားများကို ပြန်ခေါ်လိုက်၍ လူတစ်သိန်းခန့် ပြန်ရောက်လာကြသည်။ လူပေါင်းများစွာကို သယ်လျက် လမ်းလျှောက်နေသော မြို့ကြီးမှာ မယုံနိုင်စရာကောင်းပါသော်လည်း မျက်စိရှေ့တည့်တည့်၌ အမှန်စင်စစ် ဖြစ်ပျက်နေချေသည်။
“အစစ်အမှန်ကောင်းကင်နန်းတော်ရဲ့ နန်းဆောင်သခင်မယွီကို တွန်းလှန်ဖို့က လွယ်ကူမှာမဟုတ်ဘူး” ဟယ့်ရီရီက ပြောလာသည်။ “ကျွန်မတို့ ဟယ့်မိသားစုအပြင် ဩဇာလွှမ်းမိုးမှုရှိတဲ့ ကျန်တဲ့မိသားစုတွေရဲ့ အထောက်အပံ့ကိုလည်း လိုအပ်သေးတယ်။ အနောက်ကမ္ဘာမြေမှာ ရှုန်းမိသားစုနဲ့ ယွီမိသားစုက ဩဇာအကြီးမားဆုံးမိသားစုတွေ ဖြစ်သလို၊ အင်အားအကြီးဆုံးတွေလည်း ဟုတ်တယ်။ ဒါပေမဲ့ ရှုန်းမိသားစုက ယွီမိသားစုရဲ့ လက်ချက်နဲ့ ပျက်စီးသွားရပြီ
“ဒါပေမဲ့ အဆိပ်ဆရာမမုယင်ရွှယ်ရဲ့ မုမိသားစုနဲ့ ဓားသခင်မလော့ယင်ယွီရဲ့ လော့မိသားစု၊ ဖန်းမိသားစု၊ လျိုမိသားစု၊ ကုန်းမိသားစု၊ ရှီမိသားစုနဲ့ ဖုမိသားစုတို့ ကျန်သေးတယ်။ စုစုပေါင်း အာဏာပိုင်မိသားစုဆယ်စု။ သူတို့အပြင် ကယ်ခဲ၊ မြောင်ချီ၊ ကာရှန့်ကာတို့ရဲ့ မိသားစုတွေကလည်း အစွမ်းအစမသေးကြဘူး”
ချင်မူ စဉ်းစားပြီးနောက် မေးလိုက်သည်။ “ဘာလို့ ရှုန်းမိသားစုက အစစ်အမှန်ကောင်းကင်နန်းတော်ရဲ့ နန်းဆောင်သခင်မနေရာကို အမွေဆက်ခံရတာလဲ။ ကျန်တဲ့အာဏာပိုင်မိသားစုတွေမှာလည်း ဆက်ခံပိုင်ခွင့် မရှိဘူးလား”
“ရှုန်းမိသားစုက နန်းဆောင်သခင်မနေရာကို ဘာကြောင့် ဆက်ခံရတာလဲဆိုရင် အစစ်အမှန်ကောင်းကင်နန်းတော်ရဲ့ ပထမမျိုးဆက်သခင်မက ရှုန်းမျိုးရိုးဖြစ်ခဲ့လို့ပါ။ အဲဒါကြောင့် နောက်ပိုင်းဆက်ခံတဲ့ သခင်မအများစုကလည်း ရှုန်းမျိုးနွယ် ဖြစ်လာခဲ့တယ်။ တခြားမျိုးရိုးတွေ နန်းဆောင်သခင်မဖြစ်လာတဲ့ အခါမျိုးလည်း ရှိပေမယ့် ရှုန်းမိသားစုလက်ထဲ ပြန်ရောက်သွားတာပါပဲ။ ပြောကြတာတော့...”
မိန်းကလေးက ချင်မူ့ဘေးရှိ ရှုန်းချီအာကို ကြည့်လိုက်သည်။ “ပြောကြတာတော့ ရှုန်းမိသားစုရဲ့ ဘိုးဘေးတွေက နတ်ဘုရားတစ်ပါးရဲ့ အထောက်အပံ့ ရထားတာကြောင့် နန်းဆောင်သခင်နေရာကို ထိန်းထားနိုင်တာတဲ့။ ဒါပေမဲ့ ဒီတစ်ခေါက်တော့ မတူဘူး။ နတ်ဘုရားက နိုင်းခွေကို သဘောမကျလို့ ၊ ယွီမိသားစုကို ဆက်သွယ်လိုက်တာတဲ့။ ဒါကြောင့် ယွီမိသားစုအနေနဲ့ ရှုန်းမိသားစုကို လွယ်လွယ်ဖျက်စီးနိုင်ခဲ့တာပဲ”
‘နတ်ဘုရားတဲ့လား။ မီးကန္တာရထဲမှာ ငါ တွေ့ခဲ့တဲ့ သစ်သားနတ်ဘုရားရုပ်တုရဲ့ ပိုင်ရှင်များလား’
ချင်မူ စိတ်ထဲ မရှင်းသေး၍ ထပ်မေးလိုက်မိသည်။ “ဒီနတ်ဘုရားက ရှုန်းမိသားစုကို အမြဲထောက်ပံ့ခဲ့တာဆိုရင် ဘာကြောင့် ရုတ်တရက်ကြီး ယွီမိသားစုဘက် လှည့်သွားတာလဲ”
“ပါ့ကော်ကြောင့်” ဟယ့်ရီရီက ဖြေလိုက်သည်။ “ပါ့ကော်ရဲ့ ဇစ်မြစ်က သာမန်မဟုတ်ဘူး။ သူက အထက်ဘုံကနေ ဆင်းသက်လာတဲ့ အဆင့်မြင့်သိုင်းသမားတစ်ယောက်လို့ ပြောကြတယ်။ သူ့ကြောင့် ယွီမိသားစုက နတ်ဘုရားနဲ့ အဆက်အသွယ် ရသွားတာတဲ့”
“ပါ့ကော် ဟုတ်လား”
ချင်မူ မျက်တောင်ပုတ်ခတ်လိုက်သည်။ ပါ့ကော်သည် နိုင်းခွေကဲ့သို့ တလေးတစား ခေါ်ဝေါ်ရသော အသုံးဖြစ်၏။ နိုင်းခွေက မင်းသမီး၏မယ်တော် ဖြစ်ကာ၊ ပါ့ကော်က မင်းသမီး၏ခမည်းတော် ဖြစ်သည်။ သို့သော် သူ နားလည်ထားသလောက် ရှုန်းချီအာ၏ ခမည်းတော်မှာ တိုက်ပွဲထဲတွင် ကျဆုံးခဲ့သူဖြစ်ရာ ဟယ့်ရီရီ ပြောသည့် ပါ့ကော်ဆိုသူက နန်းဆောင်သခင်မယွီ၏ လင်ယောက်ျားဖြစ်လိမ့်မည်။
သို့သော် နန်းဆောင်သခင်မယွီက သမီးတော်တစ်ပါး မဖွားမြင်ထားသည့်အတွက် သူမယောက်ျားဖြစ်သူအား ပါ့ကော်ဟု မခေါ်သင့်ပေ။
“ဒီပါ့ကော်အနေနဲ့ နတ်ဘုရားနဲ့ ဆက်သွယ်ဖို့ သူများနဲ့မတူတဲ့ နေရာတစ်ခုရဖို့ လိုတယ်” ဟယ့်ရီရီက ပြောသည်။ “သူက အင်မတန်မှ လျှို့ဝှက်တဲ့လူတစ်ယောက်ပဲ။ ကောလဟာလတွေအရတော့ အထက်ကောင်းကင်ဘုံကနေ လူ့ပြည်ဆင်းလာတဲ့ ဧည့်သည်လို့ ပြောတယ်။ သူက နန်းဆောင်သခင်မနဲ့ အတူနေပြီး နန်းဆောင်သခင်မှာ ကိုယ်ဝန်တောင် လွယ်ထားရပြီလို့ ကြားတယ်။ သူမလွယ်ထားတဲ့ ကလေးက အစစ်အမှန်ကောင်းကင်နန်းတော်ရဲ့ မင်းသမီးဖြစ်လာမယ့်သူလို့ ပါ့ကော်က သတင်းဖြန့်ထားပြီးပြီ”
အစစ်အမှန်နန်းတော်၏ သခင်မသည် နေရာမြဲစေရန် မိန်းကလေးတစ်ယောက် မွေးဖွားပေးရမည်။ ချင်မူ တစ်ခါမှ မကြားခဲ့ဖူးသော စည်းမျဉ်းတစ်ခု ဖြစ်၏။ သို့သော် အနောက်ကမ္ဘာမြေက အမျိုးသမီးများကို ဦးစားပေးသည့်အတွက် သူတို့၏ဓလေ့ထုံးတမ်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာနှင့် ကွာခြားခြင်းဖြစ်လိမ့်မည်။
ထို့အပြင် ကောင်းကင်မျက်လုံးကို ကျင့်ကြံနိုင်သရွေ့ ကလေးက ယောကျ်ားလေးလား၊ မိန်းကလေးလား ဆုံးဖြတ်ရန် မခက်ပေ။
နန်းဆောင်သခင်မ လွယ်ထားသည့် ကိုယ်ဝန်က မိန်းကလေးဖြစ်ကြောင်း ပါ့ကော်က အတည်ပြုထားသည့်အတွက် မမှားနိုင်ပေ။ အစစ်အမှန်ကောင်းကင်နန်းတော်သခင်ယွီသည် သေချာပေါက် မင်းသမီးလေး မွေးဖွား၍ ခြေကုပ်ယူထားလိမ့်မည်။
“ဒီပါ့ကော်ရဲ့ မျိုးရိုးက ဘာလဲ”
“ယွီ”
ချင်မူ မှင်သက်သွားမိသည်။ “ယွီတဲ့လား။ ယွီမိသားစုနဲ့ ဘယ်လိုပတ်သက်နေတာလဲ”
ဟယ့်ရီရီက ပြုံးလိုက်သော်လည်း အပြုံးတွင် နွေးထွေးမှုမရှိပေ။ “ကျွန်မတို့အားလုံးလည်း ပါ့ကော်က ယွီမိသားစုနဲ့ ဘယ်လိုပတ်သက်နေတာလဲ သိချင်နေကြတာပါ။ အနောက်ကမ္ဘာမြေမှာ ကောလဟလတွေ အများကြီးရှိတယ်။ တချို့က ပါ့ကော်က ယွီမိသားစုရဲ့ ဘိုးဘေးလို့ ပြောတယ်။ အထက်ကောင်းကင်ဘုံက ကျောက်စိမ်းဧကရာဇ်ရဲ့ သားတော်လို့လည်း ပြောပြန်တယ်။ ယွီမိသားစုရဲ့ ဇစ်မြစ်ကလည်း အထက်ကောင်းကင်ဘုံကနေ အရင်းခံတယ်တဲ့။ ကောလဟာလတွေ အများကြီးဆိုတော့ ဘယ်ဟာက အမှန်မှန်း မသိရဘူး”
ချင်မူက ထူးဆန်းသောအမူအရာဖြင့် သူမကို ကြည့်လိုက်သည်။
“ရှုန်းရှီယွီက ပါရမီမရှိတဲ့အပြင် ဘုရင်မတစ်ပါးဖြစ်လောက်တဲ့အထိ မသန်မာတာကြောင့် နန်းဆောင်သခင်မနေရာက ယွီမိသားစုလက်ထဲ ရောက်သွားတာလို့ ပြောကြတယ်။ ဒါပေမဲ့ ကျွန်မအမြင်အရတော့ နန်းဆောင်သခင်မရှုန်းက ပါရမီသိပ်မရှိတာ မှန်ပေမယ့် ဒီကိစ္စအားလုံးကို ကစားနေတဲ့လူက ပါ့ကော်ပဲ”
ချင်မူ ခေါင်းညိတ်လိုက်သည်။
ရှုန်းချီအာက ဘေးတွင်ဖြစ်သော်လည်း ဟယ့်ရီရီ၏စကားက မှန်နေကြောင်း သူ ဝန်ခံရပေမည်။ ဤကလေးမ၏ မိခင်သည် အထွတ်အမြတ်တစ်မြေ၏ ခေါင်းဆောင်တစ်ယောက်တွင် ရှိသင့်သည့် ဉာဏ်ရည်ဉာဏ်သွေးနှင့် အစွမ်းအစများ မရှိပေ။
နန်းဆောင်သခင်မနေရာကို မဆက်ခံရခင် သူမသည် သွေးထွက်သံယိုတိုက်ပွဲများကိုသော်လည်းကောင်း၊ ဉာဏ်ချင်းယှဉ်ပြိုင်ရသည့် ကစားပွဲများကိုသော်လည်းကောင်း မကြုံတွေ့ခဲ့ရဖူးရာ ယွီမိသားစုနှင့် ပါ့ကော်ကို မတွန်းလှန်နိုင်သည်မှာ သဘာဝပင် ဖြစ်၏။
ချင်မူလည်း ငယ်ငယ်ရွယ်ရွယ်ဖြင့် ကောင်းကင်နတ်ဆိုးဂိုဏ်းသခင် ဖြစ်လာခဲ့သော်လည်း သူ့ကို ဆုံးမသင်ကြားပေးမည့် ဒုက္ခိတအဘိုးအဘွားကိုးဦး ရှိခဲ့သည်။ သူတို့ဆီမှ လှည့်ကွက်၊ လျှိုကွက်များကို သင်ခဲ့ရပြီး ဉာဏ်များကောက်ကျစ်တတ်အောင် ထိန်းကျောင်းခံခဲ့ရသည်။ သို့သော် အဘိုးအဘွားကိုးဦး၏ မျက်လုံးထဲတွင် သူက သူငယ်နှာမစင်သေးသော လူရိုးလူအလေး ဖြစ်နေဆဲပင်။
သူတို့၏အဆုံးအမများကြောင့် ချင်မူသည် ဂိုဏ်းသခင်နေရာတွင် မြဲမြဲမြံမြံ ထိုင်နိုင်ခဲ့ပြီး နတ်ဂိုဏ်းသားအားလုံး၏ စိတ်လိုလက်ရ လက်ခံပေးမှုကိုလည်း ရရှိခဲ့၏။
ဝါးမြို့က တောတောင်များကြားမှ ဖြတ်ပြေးရင်း အနောက်အရပ်သို့ ဦးတည်နေသည်။ သို့သော် အစစ်အမှန်ကောင်းကင်နန်းတော်ဆီသို့ သွားခြင်းမဟုတ်ပေ။ ဟယ့်မိသားစု၏ ပင်မဌာနချုပ်ရှိရာ အထွတ်အမြတ်မြေ ဓားမြစ်ဝှမ်းဆီသို့ သွားနေခြင်းဖြစ်သည်။
ဟယ့်မိသားစုသည် ဩဇာကြီးမားသော မိသားစုတစ်စု ဖြစ်သည်နှင့်အညီ အင်အားတောင့်တင်း၏။ ယွီမိသားစုနှင့် ရှုန်းမိသားစုတို့အား မယှဉ်နိုင်သော်လည်း လျှော့တွက်၍မရပေ။
ဝါးမြို့က နေ့ဝက်ကြာ ပြေးပြီးနောက် နေဝင်ခါနီးတွင် ဓားမြစ်ဝှမ်းသို့ ရောက်လာသည်။ ချင်မူ အဝေးသို့ လှမ်းကြည့်လိုက်သည့်အခါ ဓားတစ်လက်သဖွယ် ဖြောင့်ဖြောင့်တန်းနေသော မြစ်ကြီးတစ်စင်းအား မြင်လိုက်ရ၏။ ဓားလက်ကိုင်ရိုးနေရာတွင် မြို့တစ်မြို့ ထူထောင်ထားသည်။ တောင်တန်းများက မြို့၏ဘေးနှစ်ဖက်တွင် သွယ်တန်းလျက်ရှိပြီး တံတိုင်းများကိုလည်း ဓားမြစ်ကြောင်းတစ်လျှောက် စိုက်ထူထားကာ မြို့အား ကာကွယ်ထားစေသည်။
ချင်မူ့အတွက် ထိုမြို့မှာ အလွန်အံ့အားသင့်ဖွယ်ကောင်း၏။ ဝါးမြို့ ထိုနေရာသို့ ရောက်သည့်အခါ တောင်ကြီးတစ်လုံးက မတ်တပ်ထပြီး လမ်းတစ်လမ်း ဖွင့်ပေးသည်။ ကျောက်တုံးများဖြင့် ဖွဲ့စည်းထားသော တံတားရှည်ကြီးတစ်စင်းလည်း မြစ်ကြမ်းပြင်မှ မြောက်လာသည်။ ကျောက်တုံးဘီလူးကြီးများက ထလာပြီး ဝါးမြို့ ဓားမြစ်အား ဖြတ်သွားနိုင်အောင် ကျောခင်းပေးထားကြခြင်း ဖြစ်ပေသည်။
“အနောက်ကမ္ဘာမြေက သိပ်ဆန်းကြယ်လိုက်တာဗျာ။ မယုံနိုင်စရာတွေ ပြည့်နေတာပဲ” ချင်မူမှာ ချီးကျူးမဆုံးဖြစ်နေတော့သည်။
ဟယ့်ရီရီသည် နူးညံ့ညင်သာစွာ ပြုံးလိုက်၏။ သူ့အကြည့်လေးက ဆောင်းဦးရေပြင်လေးသဖွယ် ရွှန်းလဲ့လျက် ရှိနေသည်။ “ဂိုဏ်းသခင် ဒီနေရာကို သဘောကျရင် မပြန်ပါနဲ့လား။ ဒီမှာပဲ အမြဲနေလို့ ရပါတယ်။ အနောက်ကမ္ဘာမြေရဲ့ အံ့ဖွယ်ရှုခင်းတွေကို ရီရီ လိုက်ပြပြီး ဂိုဏ်းသခင်ကို အဖော်ပြုပေးပါ့မယ်”
ချင်မူ ဝမ်းသာသွားသည်။ “မမရီရီလို မိန်းမလှလေးတစ်ယောက်သာ ကျွန်တော့်ကို အဖော်ပြုပေးနိုင်ရင် သိပ်ပျော်စရာကောင်းမှာပေါ့ဗျာ။ ဒါပေမဲ့ ကျွန်တော့်ကို ချုပ်နှောင်ထားတဲ့ လောကီကိစ္စရေးရာတွေ များလွန်းတာပဲ ခက်တယ်။ အနောက်ကမ္ဘာမြေရဲ့ ကိစ္စကို ဖြေရှင်းပြီးရင် အထက်ကောင်းကင်ဘုံကိုလည်း သွားရှင်းရဦးမယ်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာလည်း မပြီးပြတ်သေးတာတွေ တစ်ပုံကြီး ရှိသေးတယ် ... ဒီလိုလုပ်ပါလား”
ချင်မူက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ “အနောက်ကမ္ဘာမြေကိစ္စတွေ ပြီးရင် မမရီရီ ကျွန်တော်နဲ့အတူ ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ လိုက်ခဲ့ပါ့လား။ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ အံ့ဩဖွယ်ကောင်းတဲ့အချက်တွေကို မမရီရီ မြင်တွေ့နိုင်အောင် ကျွန်တော် လိုက်ပြပေးမယ်လေ။ မမရီရီ သဘောကျသွားမှာ သေချာတယ်”
ဟယ့်ရီရီက စိတ်ဝင်စားဟန်ပြသော်လည်း ခေါင်းယမ်းလိုက်သည်။ “မဖြစ်နိုင်လောက်ဘူး ထင်ပါတယ်။ ဟယ့်မိသားစုမှာ ကျွန်မ ရှိဖို့ လိုတယ်။ သူတို့ကို ထားခဲ့လို့မရဘူး”
ဝါးမြို့က ဓားမြစ်ဝှမ်းသို့ ဝင်ကာ ရပ်လိုက်သည်။
ထိုအခိုက်အတန့်တွင် ဓားမြစ်ဝှမ်းရှိ မြို့အားလုံး လင်းထိန်လာ၍ အလွန်လှပနေ၏။ တောင်တန်းမြစ်ချောင်းများပင် တောက်ပလာသည်။
“ပင်မနန်းဆောင်ကို သွားကြစို့” ကျောက်တုံးကြီးတစ်တုံးက မြောက်တက်လာပြီး ဟယ့်ရီရီနှင့် ချင်မူတို့ကို ပင်မနန်းဆောင်ဆီသို့ ခေါ်သွားသည်။ “ဟယ့်မိသားစုရဲ့ ခေါင်းဆောင်တွေ မကြာခင် ရောက်လာပါလိမ့်မယ်”
များစွာမကြာလိုက်ဘဲ ဟယ့်မိသားစု၏ အကြီးအကဲများစွာ ရောက်လာကြသည်။ ယောက်ျားများ၊ မိန်းမများ ပါသော်လည်း အများစုက မိန်းမများသာ ဖြစ်၏။ သူတို့က ဟယ့်ရီရီအား နှုတ်ဆက်ကြသည်။
သူမက အကြီးအကဲများကို ထိုင်နေပြီး ချင်မူက သူမနှင့်အတူ ရပ်နေသည်။ “အားလုံးပဲ ဒါက အလယ်ကမ္ဘာမြေရဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာက ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်ချင်ပါ”
ခန်းမထဲရှိ အားလုံး အုတ်အုတ်ကျက်ကျက် ဆူညံသွားပြီး အဘွားအိုတစ်ယောက်က တုန်ရီနေသောအသံဖြင့် သူမကို ချီးကျူးလိုက်သည်။ “ဝင်္ကပါဆရာမက ဒီနတ်ဆိုးဂိုဏ်းသခင်ကို ဖမ်းနိုင်ခဲ့တာ အင်မတန် တော်လှပါပေတယ်။ အခု ငါတို့ အစစ်အမှန်ကောင်းကင်နန်းတော်ကနေ ဆုကြေးလှမ်းတောင်းလို့ ရပြီ”
“ဆုကြေးလှမ်းတောင်းမယ် ဟုတ်လား” ဟယ့်ရီရီက ရယ်ပြီး ခေါင်းယမ်းလိုက်သည်။ “နန်းဆောင်သခင်မယွီ ဉာဏ်များပြီး ကောက်ကျစ်တဲ့ အပျက်မတစ်ယောက်ထက် မပိုဘူး။ သူ့လိုလူက ဂိုဏ်းသခင်ချင်ကို ဖမ်းဖို့ တန်တောင်တန်ရဲ့လား။ စကားရိုင်းသွားရင် ခွင့်လွှတ်ပါ။ ပါ့ကော်ကြောင့်သာ မဟုတ်ရင် သူက နန်းဆောင်သခင်နေရာတောင် ရမှာမလို့လား။ သန္ဓေမကောင်းလို့ သားယောကျ်ားလေးပဲ မွေးပေးနိုင်ခဲ့တာလေ။ သမီးမိန်းကလေးမမွေးနိုင်တဲ့ သူလိုလူက ဘယ်လောက်တော်နိုင်မှာမလို့လဲ”
ခန်းမထဲရှိ လူတိုင်း တစ်ယောက်ကိုတစ်ယောက် တုန်လှုပ်ချောက်ချားစွာ ကြည့်လိုက်ကြသည်။
ဟယ့်ရီရီက ချင်မူ့ကို လှည့်ကြည့်၍ ချင်မူ ပြုံးလိုက်သည်။ ရှုန်းချီအာ၏ လက်ကလေးကို ဆွဲကာ သူ ကျယ်လောင်စွာ ပြောလိုက်၏။ “ဟယ့်မိသားစုရဲ့ အကြီးအကဲတို့ ဒါက အစစ်အမှန်ကောင်းကင်နန်းတော်ရဲ့ မင်းသမီးလေးပါ”
ဟယ့်ရီရီက ပြုံးလျက် ဆက်ပြောသည်။ “အစစ်အမှန်ကောင်းကင်နန်းတော်ရဲ့ မင်းသမီးလေးက ဒီမှာဆိုတော့ နန်းဆောင်သခင်ရှုန်းလည်း သိပ်မဝေးလောက်တော့ဘူး။ ဟယ့်မိသားစုသာ နန်းဆောင်သခင်မရှုန်းကို ကူညီပြီး ယွီမိသားစုရဲ့ အပျက်မကို ရှင်းပစ်နိုင်ရင် ဆုကြေးက ဂိုဏ်းသခင်ကို သူ့လက်ထဲ အပ်လိုက်တဲ့ဆုကြေးထက် အဆတစ်ရာ မများသွားဘူးလား။ အကြီးအကဲတို့အနေနဲ့ ဘယ်လိုထင်လဲ”
ခန်းမထဲရှိ လူတိုင်း တိတ်ဆိတ်သွားကြ၏။ ဟယ့်မိသားစု၏ ယောက်ျားသားများက စကားမပြောဝံ့သော်လည်း မိန်းမများက လွန်စွာရဲတင်းကြသည်။ တစ်ယောက်က ထ၍ ကန့်ကွက်၏။ “ဝင်္ကပါဆရာမ သုံးကြိမ်သုံးခါ စဉ်းစားပါ။ ယွီမိသားစုက အခုအင်အားအကြီးဆုံးပါ။ ကျုပ်တို့ ဟယ့်မိသားစုအနေနဲ့ ဘယ်နှယ့်တွန်းလှန်နိုင်မှာလဲ။ ပိုဆိုးတာက ပါ့ကော်က သူ့ကို ထောက်ပံ့ပေးနေတာနော်”
“အပြောကောင်းတယ်” ဟယ့်ရီရီက တခစ်ခစ် ရယ်သည်။ “ဒါကြောင့် ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ မဟာမိတ်ဖွဲ့မှာပါ။ ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ အကူအညီနဲ့ဆို ယွီမိသားစုကို ကြောက်စရာလား။ ဒီလောက်နဲ့ မလုံလောက်သေးဘူးထင်ရင် မုမိသားစုနဲ့ လော့မိသားစုနဲ့လည်း မဟာမိတ်ဖွဲ့မယ်။ သူတို့လည်း အမှန်တရား၊ ဂုဏ်သိက္ခာနဲ့ မျှတမှုကို တန်ဖိုးထားကြတဲ့အတွက် ယွီမိသားစုကို ကြာကြာထောက်ခံကြမှာမဟုတ်ဘူး”
သက်လတ်ပိုင်းအမျိုးသမီးနောက်တစ်ယောက်က ငေါက်ခနဲ ထရပ်ပြီး ဒေါသတကြီး ပြောသည်။ “အခု ယွီမိသားစုက အစစ်အမှန်ကောင်းကင်နန်းတော်ကို ထိန်းချုပ်ထားတာလေ။ သူတို့အင်အား ဘယ်လောက်ကြီးလဲ နင် မစဉ်းစားတတ်ဘူးလား။ ဝင်္ကပါဆရာမ နင်က မိသားစုရဲ့ ခေါင်းဆောင်ဆိုပေမယ့် နင် ရူးနေပြီလို့ ငါ မြင်တယ်”
“ဝင်္ကပါဆရာမ၊ သုံးကြိမ်သုံးခါ စဉ်းစားပါ” အဘွားအိုနောက်တစ်ယောက်က တောင်ဝှေးကို အားပြု၍ ထရပ်လိုက်သည်။ “ဟယ့်မိသားစုရဲ့ ကံတရားကို လောင်းကြေးမထပ်ပါနဲ့”
နောက်တစ်ယောက်ကလည်း ထပြောသည်။ “ငါတို့ဟယ့်မိသားစုရဲ့ နှစ်တစ်သောင်းသက်တမ်းကို မဖျက်စီးပစ်နိုင်ဘူး။ ဝင်္ကပါဆရာမ အခုလို ဆက်လုပ်မယ်ဆို၊ မိသားစုခေါင်းဆောင်နေရာကို ပြန်အပ်ပါ”
“ဟုတ်တယ် ခေါင်းဆောင်နေရာ ပြန်အပ်”
....
ဟယ့်ရီရီက သူတို့အားလုံးကို ကြည့်ကာ ကြည်လင်စွာ ဆိုလိုက်သည်။ “ပြောချင်တဲ့ အကြီးအကဲတွေ ရှိသေးလား။ ဒါက ကျွန်မတို့မိသားစုရဲ့ အတွေးရေးကိစ္စဆိုတော့ လွတ်လွတ်လပ်လပ်သာ ပြောကြပါ။ အကြီးအကဲတို့က ကျွန်မဒေါ်လေးတွေ၊ ဘွားဘွားတွေ၊ ဘွားဘွားကြီးတွေပဲ မဟုတ်လား။ ကျွန်မက အငယ်ဆိုတော့ ဒီကိစ္စကို ဆွေးနွေးသင့်ပါတယ်”
အကြီးအကဲများ ထရပ်လာကြပြီး သူမကို အပြစ်တင်ကြသည်။
ဟယ့်ရီရီက ကန့်ကွက်သူများ ထပ်မထွက်လာတော့သည့်အချိန်အထိ စောင့်ပြီးနောက် ပြုံးလိုက်သည်။ “ကြည့်ရတာ ကျွန်မ ဘယ်လိုအခြေအနေမျိုးနဲ့ ဒီမိသားစုရဲ့ ခေါင်းဆောင်၊ ဝင်္ကပါဆရာသခင် ဖြစ်လာတာလဲဆိုတာ အားလုံး မေ့သွားကြပြီထင်တယ်”
ထရပ်ထားကြသော လူတိုင်း၏အမူအရာများ အကြီးအကျယ် ပြောင်းလဲသွားကြသည်။ သူတို့ ခန်းမထဲမှ ပြေးမထွက်နိုင်ခင် ဝါးမြို့ကြီး၏ မြေကြီးဆီမှ လှောင်အိမ်များ ထွက်လာကာ ဟယ့်ရီရီကို ကန့်ကွက်သူများအား ဖမ်းဆီးလိုက်၏။ ထို့နောက် လှောင်အိမ်များက မြေကြီးထဲ နစ်မြုပ်သွားကြသည်။
ဟယ့်ရီရီက လက်ဝါးနှစ်ဖက်ကို ပွတ်သက်ကာ ပြုံးလိုက်သည်။ “ယွီမိသားစုကို ရှင်းပြီးရင် အကြီးအကဲတို့ကို ပြန်ထုတ်ပေးပါ့မယ်။ ကန့်ကွက်ချင်တဲ့သူ ရှိသေးလား”
ခန်းမထဲရှိ လူတိုင်း ထရပ်ပြီး ခေါင်းညိတ်အရိုအသေပေးကာ တစ်ပြိုင်တည်း ပြောလိုက်ကြသည်။ “ဝင်္ကပါဆရာမ ခိုင်းတဲ့အတိုင်း လုပ်ပါ့မယ်”
ဟယ့်ရီရီ ချင်မူ့ကို လှမ်းကြည့်ကာ ပြုံးပြလိုက်၏။ “ဒါက ကျွန်မရဲ့ နည်းလမ်းတွေပဲ ၊ ဂိုဏ်းသခင်ချင် ဘယ်လိုသဘောရလဲ”
ချင်မူလည်း သူမအား ပြန်ပြုံးပြလိုက်သည်။ “မမရီရီက တကယ် ထူးဆန်းတဲ့ မိန်းမတစ်ယောက်ပဲ”
ဟယ့်ရီရီ၏အကြည့်များ လှုပ်ရှားသွားပြီး သူမက သူ့ကို စေ့စေ့မကြည့်ရဲဘဲ ရှက်ရွံ့နေသောအသံဖြင့် ခပ်တိုးတိုး ပြောလိုက်သည်။ “ဒီနေ့ည၊ ကျွန်မပြတင်းပေါက်တွေ ဖွင့်ထားမှာပါ။ ဂိုဏ်းသခင်ချင် တက်လာမယ်ဆိုရင်၊ ဝင်္ကပါသိုင်းအကြောင်း ညလုံးပေါက် ပြောလို့ရပါတယ်...”