စုမုယူ
Vol. 15 Ch. 204
နောက်ထပ်၄ရက် အကြာမှာတော့ မြူခိုးမြို့ရဲ့ မြောက်ပိုင်းကြယ် တည်းခိုခန်း တစ်ခုလုံးဟာ ကြိုတင်စာရင်း ပေးသွင်းတဲ့ သူတွေနဲ့ ပြည့်နှက် နေခဲ့ပါပြီ။
တည်းခိုခန်းရဲ့ တတိယထပ် ထောင့်တစ်နေရာက စားပွဲမှာတော့ လီဖူချန်းတို့ သုံးယောက် ရှိနေတယ်လေ။
သူတို့က လက်ဖက်ရည် ကြမ်းကို စိမ်ပြေနပြေ သောက်နေပြီး အခြား တိုက်ရိုက် တပည့်တွေ ရောက်လာတာကို စောင့်နေပါတယ်။
ဖျတ် ... ဖျတ် ...
ခြေသံတွေနဲ့ အတူ လူငယ်၃ယောက်က လှေကား ထိပ်ကနေ ပေါ်လာခဲ့ပါပြီ။
သူတို့ သုံးယောက်က အနီရောင်ရင့်ရင့် ဝတ်စုံကို ဝတ်ဆင်ထားပြီး ရင်ဘတ်ပေါ် မှာတော့ မီးလျှံ အမှတ်အသား ပါရှိပါတယ်။
သူတို့တွေကတော့ မြေကမ္ဘာ မီးလျှံဂိုဏ်းက တိုက်ရိုက် တပည့်တွေပါပဲ။
ခေါင်းဆောင် လူငယ်ကတော့ ဖန်ကျင်းဆောင်နဲ့ သက်တူ ရွယ်တူလောက်ပဲ ထင်ရပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ကျင့်ကြံမှု နယ်ပယ်ကတော့ မြေကမ္ဘာ အဆင့်၆ကို ရောက်နေပါပြီ။ ကျန်တဲ့ နှစ်ယောက်ကတော့ အသက်၃၀ ဝန်းကျင် ဖြစ်ပြီး တစ်ယောက်က မြေကမ္ဘာနယ်ပယ် အဆင့်၇နဲ့ နောက်တစ်ယောက်က မြေကမ္ဘာနယ်ပယ် အဆင့်၈ပါ။
ဒါပေမဲ့လည်း သည်လူ နှစ်ယောက်ရဲ့ ပုံစံတွေက နောက်လိုက်တွေမှန်း သိသာလွန်း နေပါတယ်။
“ဖန်ကျင်းဆောင်”
ခေါင်းဆောင်ဖြစ်သူ လူငယ်က ခံစားချက်မဲ့သည့် လေသံဖြင့် နှုတ်ဆက် လိုက်ပါတယ်။
“ဆောင်ကျန်းဟီ”
ဖန်ကျင်းဆောင် ကလည်း တစ်ဖက် လူငယ်၏ နာမည်ကို ခေါပြီး အသိအမှတ် ပြုလိုက်ပါတယ်။
“အစ်ကိုချန်း ... သူက ဆောင်ကျန်းဟီလေ။ မြေကမ္ဘာ မီးလျှံဂိုဏ်းရဲ့ ရွှေအဆင့် တိုက်ရိုက် တပည့်ပေါ့။ သူက ညီမရဲ့ အစ်ကိုထက်တောင် အစွမ်း ထက်သေးတယ်”
ဖန်ကျင်းယုက လီဖူချန်းကို လျှို့ဝှက်စွာ ရှင်းပြနေပါတယ်။
လီဖူချန်းကလည်း သဘောပေါက်သည့် ဟန်ဖြင့် ခေါင်းညိတ် လိုက်ပါတယ်။
မည်သည့်ဂိုဏ်းက ရွှေအဆင့် တိုက်ရိုက် တပည့်ကိုမဆို အထင်သေးလို့ မရပါဘူး။ သူတို့ရဲ့ အဆင့်က မြေကမ္ဘာနယ်ပယ် အဆင့်၆နဲ့ အထက် ဆိုရင်တော့ ပိုလို့တောင် ဆိုးပါသေးသည်လေ။
“သူကကော မင်းတို့ အပူအပင်မဲ့ ဂိုဏ်းရဲ့ တိုက်ရိုက် တပည့်ပဲလား …”
ဆောင်ကျန်းဟီက လီဖူချန်းကို လက်ညှိုးထိုးပြီး မေးလိုက်ပါတယ်။
ဖန်ကျင်းဆောင်က …
”သူက အစ်ကို ချန်းဖူလီပါ။ အစ်ကိုချန်းက မိုးပြာရောင်ဂိုဏ်း တပည့်လေ”
“ဒါက ငါတို့ သဘော တူညီချက်ထဲမှာ မပါဘူးနော်"
ဆောင်ကျန်းဟီက နှာခေါင်းရှုံ့ လိုက်ပါတယ်။
ဖန်ကျန်းဆောင်က ပြုံးလိုက်ပြီး …
“ငါတို့ ဂိုဏ်းလေးခု သဘောတူ ထားတာက ကောင်းကင် ပညာရှင်တွေ မခေါ်လာဖို့ပဲလေ။ မြေကမ္ဘာအဆင့် ပညာရှင် မခေါ်လာရဘူးလို့မှ မပြောထားတာ။ ဒါမှမဟုတ် မင်းတို့ မြေကမ္ဘာ မီးလျှံဂိုဏ်းက သူ့ကို ကြောက်နေတာလား ...”
“ကြောက်တယ် ... ဟုတ်လား။ မင်းမေကြီးတော်ကို ကြောက်ပါလား။ သည်လို သာမန် မြေကမ္ဘာ အဆင့်၂ ပညာရှင်လောက်ကိုတော့ ငါတို့က မျက်လုံးထဲတောင် မထည့်ထားဘူးကွ”
ဆောင်ကျန်းဟီက အထက်စီး ကနေ ပြန်တုံ့ပြန် လာပါတယ်။
လီဖူချန်းလို မြေကမ္ဘာနယ်ပယ် အဆင့်၂ လောက်ကိုတော့ သူက အသာအယာပင် အနိုင် ယူနိုင်သည် မဟုတ်ပါလား။ လီဖူချန်းက ရွှေအဆင့် တိုက်ရိုက် တပည့် ဖြစ်နေရင်တောင် ဆောင်ကျန်းဟီက အဖက် မလုပ်ပါဘူး။ သူကိုယ်တိုင် ကလည်း ရွှေအဆင့် တိုက်ရိုက်တပည့် တစ်ယောက်ပါပဲလေ။
ဆောင်ကျန်းဟီက လီဖူချန်းကို အမှုမထားတော့ပဲ စားပွဲလွတ် တစ်လုံး ရှာလိုက်ပြီး သွားရောက် ထိုင်နေပါ တော့တယ်။
နောက်ထပ် တစ်နာရီလောက် အကြာမှာတော့ လှေကားကနေ တက်လာသံကို ထပ်ကြားလိုက် ရပြန်ပါတယ်။
လှေကားထိပ်ကို မရောက်ခင် မှာတောင်မှ သူရဲ့ အားကောင်းသည့် ချီအရှိန်အဝါတွေက တတိယထပ်ကို ကြိုရောက်နှင့် နေပါပြီ။
“ခရမ်းရောင် ဆေဘာဂိုဏ်း"
လီဖူချန်းက သည်လို ချီအရှိန်အဝါတွေကို ကောင်းကောင်းကြီး ရင်းနှီးပါတယ်။ သည်ကောင်ကတော့ သေချာပေါက်ကို ခရမ်းရောင် ဆေဘာဂိုဏ်းကပါပဲ။
အသက် အနည်းငယ် ရှူချိန် အတွင်းမှာပဲ ခရမ်းရောင် ဆေဘာ ဂိုဏ်းသား တစ်ယောက်က တတိယထပ်ကို ရောက်လာခဲ့ပါတယ်။
သည်တိုက်ရိုက် တပည့်ကတော့ မြေကမ္ဘာနယ်ပယ် အဆင့်၇ကိုတောင် ရောက်နေပါပြီ။ သူ့ရဲ့ သိပ်သည်းပြီး အားကောင်းလှသည့် ဆေဘာချီတွေက တစ်ခန်းလုံးကိုတောင် ဖိအားပေး နေပါတယ်။
‘အားပါးပါး ... သည်ကောင်က တကယ် အစွမ်းထက်မယ့် ပုံပဲဟ"
လီဖူချန်းက မျက်မှောင်ကြုတ်ပြီး သေသေချာချာ အကဲခတ် နေပါပြီ။
သည်ခရမ်းရောင် ဆေဘာ ဂိုဏ်းသားက ခံစားချက်မဲ့ဓား ရှုဖန်းလောက် ကြောက်စရာ မကောင်းသေး ပေမဲ့ သိပ်ပြီးတော့လည်း မနိမ့်ကျနေပါဘူး။
“ဖူချောင်းရှန် ... မင်းတစ်ယောက်တည်း လာခဲ့တာလား”
ဆောင်ကျန်းဟီက အရင်တစ်ခေါက် တွေ့တုန်းကတော့ ဖူချောင်းရှန်ဘေးမှာ နောက်ထပ် ခရမ်းရောင်ဆေဘာ ဂိုဏ်းသားတစ်ယောက် ရှိနေတာကို မှတ်မိသည်လေ။
“ငါတစ်ယောက်တည်းနဲ့ လုံလောက်ပြီ” ဖူချောင်းရှန်က ဝင့်ကြွားစွာဖြင့် ပြန်ဖြေ လိုက်ပါတယ်။
“ဟုတ်ပြီလေ ... နောက်မှ နောင်တ မရစေနဲ့”
ဆောင်ကျန်းဟီက ဘာမှ ဆက်မပြောတော့ပါဘူး။
သူက ဖူချောင်းရှန်ရဲ့ အစွမ်းအစကို အသိအမှတ် ပြုပါတယ်။ ဒါပေမဲ့ အခုလို ဂူသင်္ချိုင်းထဲကို ဝင်မယ့် အချိန်မှာတော့ လူတစ်ယောက် ပိုလာတာက ပိုပြီး အားရှိသေး စေတယ်လေ။ သူသာ ဆိုရင်တော့ ရသမျှ ဂိုဏ်းသားတွေကို ခေါ်လာခဲ့မှာပါ။ အချိန်က သိပ်မလောက်လို့သာ နှစ်ယောက်ပဲ ခေါ်လာရတာပါ။ အခု ဖူချောင်းရှန်က သူတစ်ယောက်တည်းနဲ့ ဖြစ်တယ် ဆိုတော့လည်း ဘာတတ်နိုင် မည်နည်း။
ဖူချောင်းရှန် ကတော့ ဘယ်သူ့ကိုမှ အဖက်မလုပ်ဘဲ ချောင်တစ်ချောင်မှာ သွားထိုင် နေပါတယ်။
***
အချိန်တွေက တစ်ရွေ့ရွေနဲ့ ကုန်ဆုံး နေခဲ့ပါပြီ။
သည်လိုနဲ့ပဲ နောက်ထပ် အချိန်တစ်နာရီ ကြာသွားခဲ့ ပါတယ်။
“သည် နတ်စမ်းရေ တောင်ကြားက တပည့်တွေက တော်တော်ကို အချိန် မလေးစားတဲ့ ကောင်တွေပဲ။ သည်ကောင်တွေက ငါတို့ကို အရေး မစိုက်တာလား ဒါမှမဟုတ် တမင်သက်သက် လုပ်နေတာလား။ ငါတို့ ချိန်းထားတာက မနက်ပိုင်းလေ။ အခုက နေ့လယ်ကိုတောင် ရောက်နေပြီ”
ဆောင်ကျန်းဟီ ကတော့ တော်တော်လေးကို စိတ်မရှည်တော့သည့် ပုံပင်။
“သည်မြေကမ္ဘာ မီးလျှံဂိုဏ်းသားက အတော်လေးကို စိတ်မရှည်တာပဲ။ ကြည့်ရတာ သူ့ရဲ့ အနာဂတ်ကတော့ သိပ်မကောင်းနိုင်ဘူး”
ဆိုင်အောက်ထပ် ကနေ အသံတစ်သံ လွင့်ပျံ လာခဲ့ပါတယ်။
ဆောင်ကျန်းဟီ ကတော့ ဒေါသကို မနည်းမျိုသိပ် ထားနေ ရပါပြီ။ တကယ်လို့သာ တခြားလူတွေ ဆိုရင် သူက မှတ်လောက်သားလောက် ရှိအောင် ပညာပေး လိုက်မှာပါ။ ဒါပေမဲ့ အခုတော့ နောက်ကျတဲ့ သူတွေက နတ်စမ်းရေ တောင်ကြား တပည့်တွေလေ။
ပင်လယ်၊ သမုဒ္ဒရာတွေလို တည်ငြိမ်ပြီး နက်ရှိုင်းတဲ့ ချီအရှိန်အဝါ တစ်ခုနဲ့အတူ လူတစ်ယောက်က လှေကားထိပ်မှာ ပေါ်လာပါတယ်။
သည်လူက လူလတ်ပိုင်း အရွယ်ကိုတောင် ရောက်ပါပြီ။ လီဖူချန်းရဲ့ လက်ရှိ အသွင်အပြင် ထက်ကို ကြီးရင့်နေပြီး အနည်းဆုံးတော့ အသက် ၃၅နှစ်လောက် ရှိနေသည့် ပုံပါပဲ။
သူ့ရဲ့ အပြုံးက လုံးဝကို မောက်မာဝင့်ကြွား နေပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့ အပြုံးမှာက ယုံကြည်ချက် အပြည့် ပါဝင် နေပါတယ်။ ဖူချောင်းရှန်လို အလကား နေရင်း ဇွတ်ဘဝင် မြင့်နေသည့် ပုံမျိုး မဟုတ်ပါဘူး။ သည်မောက်မာ ဝင့်ကြွားမှုမျိုးက သူ့ရဲ့ အဆင့်အတန်း ကနေ ပေါက်ဖွားလာသည့် ပုံပါပဲ။
နတ်စမ်းရေ တောင်ကြားဂိုဏ်းက အရှေ့ ယူနီကွန်း တိုက်ကြီးရဲ့ ထိပ်တန်း ဂိုဏ်းတွေထဲက တစ်ဂိုဏ်းဆိုတာ လုံးဝကို အံ့သြစရာ မရှိပါဘူးလေ။ သည်လူက နတ်စမ်းရေ တောင်ကြားရဲ့ သာမန် တိုက်ရိုက်တပည့် တစ်ယောက် ဖြစ်နေတာ တောင်မှ တတိယထပ် တစ်ခုလုံးကို သူ၏ အရှိန်အဝါတွေဖြင့် လွှမ်းခြုံစေ နိုင်သည် မဟုတ်ပါလား။
ထိုလူရဲ့ ကျင့်ကြံမှု အဆင့်ကတော့ မြေကမ္ဘာ နယ်ပယ် အဆင့်၈ပါ။
ဖန်ကျင်းယုက လီဖူချန်းကို လျှို့ဝှက် ရှင်းပြနေ ပါတယ်။
“သည်လူက ဝေရှန်းဟီတဲ့။ နတ်စမ်းရေ တောင်ကြားရဲ့ ငွေအဆင့် တိုက်ရိုက် တပည့်ပဲ။ သူက ရွှေအဆင့် တိုက်ရိုက်တပည့် မဟုတ်ပေမဲ့လည်း အတော်ကြောက်ဖို့ ကောင်းတယ်”
လီဖူချန်းက လှေကား ထိပ်ကိုပဲ စောင့်ကြည့် နေပါတယ်။
ဖူချောင်းရှန် ကလည်း လီဖူချန်းနဲ့ အလားတူပင် လှေကားကို စောင်ကြည့် နေဆဲပါပဲ။
ပေါ့ပါးပြီး ညင်သာတဲ့ ခြေသံအချို့က နွေဦး စမ်းချောင်းလေး တစ်စင်းထဲကို သစ်သီးတွေ ကြွေကျနေသည့် အလား။
သိပ်မကြာခင်မှာပဲ မြစိမ်းရောင် နတ်သမီးလေး တစ်ပါးက တတိယထပ်မှာ ပေါ်ပေါက်လာ ခဲ့ပါပြီ။
သူမရဲ့ အလှက ရန်ချင်းဟူထက် မည်သည့် နေရာမှာမျှ နိမ့်ကျ မနေပါဘူး။ ကောင်းကင်ပေါ်က လနတ်သမီးလေး တစ်ပါး မတော်တဆ မြေပြင်ပေါ်ကို ဆင်းလာသည် ဟုတောင် ထင်မှတ် ရပါတယ်လေ။
ဖန်ကျင်းဆောင်၊ ဆောင်ကျန်းဟီနဲ့ ဖူချောင်းရှန်တို့ရဲ့ မျက်လုံးတွေ ကတော့ ပြူးထွက်လာ ပါတယ်။
လီဖူချန်း တစ်ယောက်တည်း သာလျှင် ပုံမှန်အတိုင်း ထူးမခြားနား မျက်နှာပေးဖြင့် ရှိနေခဲ့တာပါ။
မြစိမ်းရောင် မိန်းမပျိုလေးရဲ့ ကျင့်ကြံမှု နယ်ကယ်ကတော့ အဆင့်၄မှာပဲ ရှိနေပါ သေးတယ်။ ဒါပေမဲ့လည်း လီဖူချန်းရဲ့ မသိစိတ်ထဲ မှာတော့ သည်မိန်းမပျိုက ဖူချောင်းရှန် ထက်တောင် ပိုအန္တရာယ် များနိုင်သေးသည်ဟု ခံစားနေ ရပါတယ်။
သူမက တတိယထပ် ထဲကို ဝင်လာတဲ့ အခါမှာတော့ သူမရဲ့ ကိုယ်ယောင် ကိုယ်ဝါတွေက တင်းမာနေတဲ့ ပတ်ဝန်းကျင် လေထု တစ်ခုလုံးကို ပြေလျော့ သွားစေခဲ့ပါပြီ။
“ကြယ်၆ပွင့် အရိုး တည်ဆောက်ပုံလား"
တစ်ချက်ကြည့် လိုက်တာနဲ့ လီဖူချန်းက ထူးဆန်းသလို ခံစားနေ ရတယ်လေ။
သေချာပါပြီ။ သည်မိန်းမပျိုလေးက သေချာပေါက် ကြယ်၆ပွင့် အရိုး တည်ဆောက်ပုံပါပဲ။ ဒါကြောင့် လီဖူချန်းက စိတ်ထဲမှာ မသိုးမသန့် သလို ခံစားနေ ရတာပါ။
ဖန်ကျင်းယု ကတော့ မနာလိုသည့် လေသံဖြင့် ရှင်းပြနေ ဆဲပါပဲ။
“ညီမထင်တာ မမှားဘူး ဆိုရင် အခုဝင်လာတဲ့ မိန်းကလေးက နတ်စမ်းရေ တောင်ကြားဂိုဏ်းရဲ့ ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ နှစ်ယောက်ထဲက စုမုယူပဲ ဖြစ်ရမယ်”
ကြယ်၆ပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင်တွေဆိုတာ သည်လောကကြီးပေါ်မှာ အလွန်ပင် ရှားပါးသည့် လူတွေလေ။ လီဖူချန်းနဲ့ ရန်ချင်းဟူ တွေ့ဆုံတုန်း ကတော့ သူမက အရမ်းကို ငယ်ရွယ် နေသေးတဲ့ အတွက် ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေရဲ့ အစွမ်းအစကို အစွမ်းကုန် ထုတ်မသုံး နိုင်သေးပါဘူး။ တကယ်လို့သာ ရန်ချင်းဟူနှင့် နောက်ထပ်တစ်ခါ ပြန်ဆုံတွေ့မယ် ဆိုရင် သေချာတာ တစ်ခုကတော့ သူမမှာလည်း စုမုယူလို ကိုယ်ယောင် ကိုယ်ဝါတွေ ရှိနေလောက် မှာပါ။
“အားလုံးပဲ ... ဒါကတော့ ငါတို့ နတ်စမ်းရေ တောင်ကြားရဲ့ အလှနတ်သမီး စုမုယူပဲ။ မင်းတို့တွေ ညီမလေး စုကို အခုလို တွေ့ရတာ ဘယ်လောက် ကံကောင်းလိုက် သလဲ”
ဝေရှန်းဟီ ကိုယ်တိုင်က စုမုယူကို အလွန်တရာမှ လေးစား အားကျနေသည် ဆိုတာ သိသာလွန်း လှပါတယ်။
ဆောင်ကျန်းဟီ ကတော့ မတ်တတ်ရပ်ပြီး စုမုယူကို နှုတ်ဆက် လိုက်ပါတယ်။
“တွေ့ရတာ ဝမ်းသာပါတယ် မိန်းကလေး စု”
စုမုယူကတော့ သူ့ကို အဖက်မလုပ်ဘဲ နေရာလွတ် တစ်ခု ရှာလိုက်ကာ ထိုင်ချ လိုက်ပါပြီ။
အဲသည် အခြေအနေကြောင့် ဆောင်ကျန်းဟီက မျက်နှာကြီး နီပြီး ဘာလုပ်လို့ လုပ်ရမှန်း မသိ ဖြစ်နေ ပါတယ်လေ။
ဖန်ကျင်းဆောင် ကတော့ ထိုအဖြစ်အပျက်ကို ကျိတ်ပြီး သဘောကျနေသည့် ပုံပါပဲ။ ထို့နောက်မှာတော့ သူက …
“လူတွေ အားလုံးလည်း စုံပြီဆိုတော့ စလိုက်ရအောင်”
“ခဏစောင့်ဦး” ဖူချောင်းရှန်က တားလိုက်ပါတယ်။
“ဘာဖြစ်လို့လဲ” လူအချို့ ကတေ့ာ ဖူချောင်းရှန်ကို ကြည့်ပြီး ရှင်းပြတာကို စောင့်နေသည်လေ။
ဖူချောင်းရှန်က အေးစက်စက်ဖြင့် …
“ငါက ခရမ်းရောင် ဆေဘာဂိုဏ်းရဲ့ တစ်ဦးတည်းသော တိုက်ရိုက်တပည့် ဖြစ်နေတဲ့ အတွက် အခြားဂိုဏ်းက တပည့် နည်းနည်းကို ဖိတ်ထားတယ်။ သူတို့ကို ခဏလောက် စောင့်ရအောင်”
ထိုအခိုက်မှာပင် လူအချို့က လှေကားထိပ်မှာ ပေါ်လာပါတယ်။
ပထမဆုံး ပေါ်လာတဲ့ လူကတော့ အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး အသက်၃၀နီးပါး ရှိပါတယ်။ သူ့ရဲ့ ရင်ဘတ်မှာတော့ နတ်ဆိုး တစ်ကောင်ပုံ ရှိနေတယ်လေ။ လီဖူချန်းက အဲသည် နတ်ဆိုးပုံကို မြင်လိုက်တာနဲ့ ကောင်းကင် နတ်ဆိုးဂိုဏ်းရဲ့ အမှတ်တံဆိပ် ဆိုတာကို မှတ်မိ လိုက်ပါတယ်။
နောက်ထပ် တစ်ယောက်ကလည်း အနက်ရောင် ဝတ်ရုံနဲ့ လူငယ် တစ်ယောက်ပါပဲ။
အဲသည် လူငယ်ကို မြင်လိုက်တာနဲ့ လီဖူချန်းက သူ့ရဲ့ ကံဆိုးဝါးပုံကို ကျိတ်ပြီး ကျိန်ဆဲလိုက် မိပါပြီ။
ထိုလူငယ်ကတော့ တခြားသူ မဟုတ်ပါဘူး။
လီဝူရှုမှ လီဝူရှု စစ်စစ်ပါပဲ။
***