← Chapters

မင်းက လီဖူချန်းလား

Vol. 15 Ch. 205

မင်းက လီဖူချန်းလား

Vol. 15 Ch. 205

ဖူချန်းရှန် တစ်ယောက် ကောင်းကင် နတ်ဆိုးဂိုဏ်းကို ဖိတ်ခေါ်ခဲ့တယ် ဆိုတာကလည်း အကြောင်း ရှိပါတယ်။ သူက ကောင်းကင်နတ်ဆိုး ဂိုဏ်းသားတွေနဲ့ ခင်မင် ရင်းနှီးချင်လို့ မဟုတ်ပါဘူး။

သူ့လို မာနကြီးတဲ့ သူတစ်ယောက် ကသာ သည်လို ဖားရားတတ်မယ် ဆိုရင် ဒါက ရယ်စရာ အလွန်ကောင်းတဲ့ ပြက်လုံးတစ်ခု ဖြစ်လာမှာပါပဲ။

တစ်ဂိုဏ်းနဲ့ တစ်ဂိုဏ်းအကြား ဆက်သွယ်မှုတွေ ဆိုတာက သူ့အကျိုး၊ ကိုယ့်အကျိုး အတွက် မျှော်ကိုးပြီး ဖြစ်ပေါ် လာတာမျိုးပါ။ တကယ့် စိတ်ရင်းသက်သက်နဲ့ ခင်မင် ရင်းနှီးတဲ့အမျိုး မဟုတ်ပါဘူး။ ပြီးတော့ ခရမ်းရောင် ဆေဘာဂိုဏ်းနဲ့ ကောင်းကင် နတ်ဆိုးဂိုဏ်းက ဆက်ဆံရေး ကလည်း သိပ်ကောင်းလှတာမှ မဟုတ်တာလေ။ မိုးပြာရောင်ဂိုဏ်းနဲ့ ကောင်းကင် နတ်ဆိုးဂိုဏ်းရဲ့ အခြေအနေထက် သာပြီး ထူးမနေပါဘူး။

ဖူချန်းရှန် တစ်ယောက် ဘာဖြစ်လို့ ကောင်းကင် နတ်ဆိုးဂိုဏ်း တပည့်တွေကို ဖိတ်ခေါ်ရလဲ ဆိုတော့ သူတို့က ကြယ်ကျောက်တုံး တစ်တုံးနဲ့ ကမ်းလှမ်း လာလို့ပါပဲ။

ကြယ်ကျောက်တုံးတွေက ကြယ်တာရာ လမ်းမ လျှို့ဝှက် နယ်မြေကို ဝင်ရောက်ဖို့ အတွက် အဓိကသော့ ဖြစ်ပါတယ်။ သည်နယ်မြေက အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးမှာ အထူးဆန်းဆုံးနဲ့ အလျှို့ဝှက်ဆုံး နယ်မြေ တစ်ခုပါပဲ။

အခြား လျှို့ဝှက် နယ်မြေတွေကတော့ အထဲကို ဝင်ရောက်ဖို့အတွက် တိကျတဲ့ နေရာနဲ့ တိကျတဲ့ အချိန် လိုအပ်ပါတယ်။ ကြယ်တာရာ လမ်းမ လျှို့ဝှက်နယ်မြေ ကတော့ ကြယ်ကျောက်တုံး တစ်တုံးပဲ လိုအပ်ပါတယ်။ ကြယ်ကျောက်တုံး တစ်တုံးကို ခြေမွှလိုက်တာနဲ့ ကြယ်တာရာ လမ်းမပေါ်ကို ရောက်သွားမှာပါ။

ကြယ်တာရာလမ်းမ လျှို့ဝှက် နယ်မြေကို ဝင်ရောက်ဖို့ အတွက်ကတော့ သတ်မှတ်ထားတဲ့ ကျင့်ကြံမှု နယ်ပယ်နဲ့ ကန့်သတ်ထားတဲ့ အသက်အရွယ် အောက်မှာ ရှိနေရပါမယ်။ အသက် ၃၅နှစ်အောက် မြေကမ္ဘာ ပညာရှင်တွေကပဲ သည်ကြယ်တာရာ လမ်းမ လျှို့ဝှက် နယ်မြေထဲကို ဝင်ခွင့်ရရှိမှာပါ။

သည်ကြယ်တာရာ လမ်းမ လျှို့ဝှက် နယ်မြေကို ဝင်လေ့ ရှိကြတာ ကတော့ ဂိုဏ်းအသီးသီးက တိုက်ရိုက် တပည့်တွေပဲ များပါတယ်။

ဒါကြောင့်လဲ ကြယ်တာရာ လမ်းမ လျှို့ဝှက် နယ်မြေကို ပါရမီထွတ်ခေါင် လျှို့ဝှက်နယ်မြေလို့ ခေါ်ဝေါ် ကြတာပါ။

ကြယ်တာရာ လမ်းမ လျှို့ဝှက် နယ်မြေထဲကို ဝင်ဖူးတဲ့ လူတွေ ပြောကြားချက် အရ ဆိုရင်တော့ သည်လျှို့ဝှက် နယ်မြေက ကြယ်ရောင်စုံ လင်းလက်နေတဲ့ နဂါး ငွေ့တန်းပေါ်က လမ်းမကြီး တစ်ခုနဲ့ ဆင်တူ ပါတယ်တဲ့။ မင်းရဲ့ အလားအလာနဲ့ ပါရမီက ပိုကောင်းလေလေ ပိုဝေးဝေး သွားနိုင်လေလေ ပါပဲ။

သတ်မှတ်ထားတဲ့ အကွာအဝေး တစ်ခုကို ရောက်သွားတိုင်းမှာ အနှောင့်အယှက် အတားအဆီး စမ်းသပ်ချက် တစ်ခုက စောင့်ကြိုနေ ပါလိမ့်မယ်။ မင်းက အဲသည် အတားအဆီး စမ်းသပ်ချက်ကို ကျော်လွှားနိုင်မှာ ရှေ့ဆက်သွားခွင့် ရမှာပါ။

စမ်းသပ်ချက် တစ်ခုကို ကျော်လွှား နိုင်တိုင်းမှာလည်း မင်းကို ကြယ်တာရာ လမ်းမက ဆုတွေ ပေးဦးမှာပါ။ အဲဒါကတော့ ကြယ်တာရာ လမ်းမ လျှို့ဝှက် နယ်မြေရဲ့ မူပိုင်ဖြစ်တဲ့ ကျင့်ကြံမှုကို တိုးတက်စေတဲ့ အရာ တစ်ခုပါပဲ။ အဲဒါကိုတော့ ကြယ်တာရာ လမ်းမ လျှို့ဝှက် စွမ်းအင်လို့ ခေါ်ပါတယ်။ အဲသည် စွမ်းအင်က မင်းရဲ့ ကျင့်ကြံမှုကို အလွန်တရာမှပင် မြန်စေ နိုင်တယ်လေ။

ဒါပေမဲ့ ကြယ်တာရာ လမ်းမကနေ ဆင်းသွားပြီ ဆိုရင်တော့ အဲသည် စွမ်းအင်က ပြန်ပျောက်ကွယ် သွားမှာပါ။

သည်တိုက်ပွဲ တစ်ရာ နယ်မြေကို လာတဲ့ ဂိုဏ်းအသီးသီးမှ တပည့်တွေ တော်တော်များများက ကြယ်တာရာ လမ်းမ လျှို့ဝှက် နယ်မြေထဲကို ဝင်ဖူးပြီး ကြပါပြီ။ ကြယ်တာရာ လမ်းမ လျှို့ဝှက် နယ်မြေထဲမှ ပြန်ထွက်လာတဲ့ တပည့်တိုင်း လိုလိုက ကျင့်ကြံခြင်း အဆင့်တွေ တက်လာ ကြတယ်လေ။ တချို့ဆိုရင် နောက်ထပ် ကျင့်ကြံခြင်း နယ်ပယ် တစ်ခုကိုတောင် ရောက်သွား ပါသေးတယ်။

ကြယ်တာရာလမ်းမ လျှို့ဝှက် နယ်မြေရဲ့ လျှို့ဝှက် ဆန်းကြယ်မှုက ဒါတင်လား ဆိုတော့ မဟုတ်သေးပါဘူး။ တကယ့် ထိပ်တန်း ပါရမီရှင်တွေက ကြယ်တာရာ လမ်းမရဲ့ ဟိုးအနက်ရှိုင်းဆုံး နေရာတွေ အထိပါ ရောက်ခဲ့ ပါသေးတယ်။ ဒါပေမဲ့လည်း သည်လူတွေက သူတို့ ကြုံတွေ့ခဲ့ ရတာတွေကို အခြား လူတွေကို မပြောပြ ချင်ခဲ့ဘူးလေ။

ဖူချန်းရှန် ကိုယ်တိုင်ကလည်း ကြယ်တာရာ လမ်းမ လျှို့ဝှက် နယ်မြေထဲကို တစ်ကြိမ် ဝင်ရောက်ဖို့ စဉ်းစားခဲ့ပါ သေးတယ်။ ဒါပေမဲ့လည်း သူက လုံလောက်တဲ့ အဆင့်တစ်ခု အထိ လျှောက်လှမ်း နိုင်မယ်လို့ မယုံကြည်မှု မရှိတဲ့အတွက် သည်ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်ရဲ့ ဂူသင်္ချိုင်းထဲကို အရင်ဝင်ဖို့ ကြံစည် ထားခဲ့တာပါ။

ပထမဆုံး တတိယထပ်ကို တက်လာတဲ့ ကောင်းကင် နတ်ဆိုးဂိုဏ်းက အနက်ရောင် ဝတ်စုံနဲ့ လူကတော့ ဟူဟိုင်းရှန်လို့ ခေါ်ပါတယ်။ ငွေအဆင့် တိုက်ရိုက်တပည့် တစ်ယောက်ပါ။ ကြယ်ကျောက်တုံး တစ်တုံး ဖူချန်းရှန်ကို ပေးခဲ့သူက သူကိုယ်တိုင်ပါပဲ။ သူက အစောပိုင်းတုန်းက တစ်ယောက်တည်း သွားဖို့ ကြံစည်ထား ပေမဲ့လည်း လမ်းတစ်ဝက်မှာ မမျှော်လင့်ပဲ လီဝူရှုနဲ့ တွေ့ဆုံ ခဲ့တယ်လေ။ သွေးတစ်စက်မြို့မှာ ဒေါသူပုန် ထနေတဲ့ လီဝူရှုက အကြောင်းစုံကို သိရပြီး နောက်မှာတော့ သူနဲ့ လိုက်ချင်သည်ဟု တောင်းဆိုလာ ခဲ့ပါတယ်။

လီဝူရှုရဲ့ ကျင့်ကြံခြင်း နယ်ပယ်က အရမ်းနိမ့် နေသည့်အတွက် ဟူဟိုင်းရှန်က မခေါ်သွား ချင်ပါဘူး။ ဒါပေမဲ့လည်း လီဝူရှုက ဂိုဏ်းသခင်လေး တစ်ယောက် ဖြစ်နေသည့် အတွက် ငြင်းရလည်း ခက်နေပါတယ်။ နောက်ဆုံးမှာ လီဝူရှုက သူ့အဖေ ပေးထားသည့် အသက်ကယ် ပစ္စည်းတွေကို ထုတ်ပြလိုက်မှပဲ သူက လက်ခံ လိုက်တာပါ။

လီဖူချန်း ကိုယ်တိုင်ကလည်း သည်ကျက်သတုံး ကောင်ကို တွေ့ရ လိမ့်မယ်လို့ လုံးဝ မမျှော်လင့် ထားခဲ့ပါဘူး။

သိပ်မကြာခင်မှာပဲ လီဝူရှုက ရုပ်ဖျက်ထားတဲ့ လီဖူချန်းကို တွေ့သွား ပါတော့တယ်။

“ခွေးမသား ... လီဖူချန်း ။ မင်းယောကျာ်း မဟုတ်ဘူးလား ... ရုပ်ဖျက်ထားတာ ဖျက်လိုက်စမ်း …”

လီဝူရှုက လီဖူချန်းကို တွေ့တာနဲ့ ဆဲပြီး ဆဲဆိုပါ တော့တယ်။

အရင် တစ်ခေါက်တုန်းက လီဖူချန်း တစ်ယောက် သူ့လက်ထဲနေ ထွက်ပြေး လွတ်မြောက် သွားတဲ့အတွက် သူက လုံးဝကို မခံချိ၊ မခံသာ ဖြစ်နေခဲ့ တာလေ။ အခုတော့ မိုးနတ်မင်းကြီးက သူ့ဘက်မှာ ရှိနေသည့် ပုံပါပဲ။ သည်ခွေးမသားက သူ့ရှေ့မှာ ပြန်ပေါ်လာ ခဲ့ပြန်ပါပြီ။

“မတွေ့တာကြာပြီ လီဝူရှု …”

အခုချိန်မှတော့ လီဖူချန်းက သူ့ရဲ့ ဇာတိရုပ် အစစ်အမှန်ကို ဖုံးနေလို့လည်း မထူးတော့ ပါဘူးလေ။

သူ့ရဲ့ မျက်နှာပေါ်က ရုပ်ဖျက် ထားတာတွေကို ပြန်သိမ်း လိုက်ပါတယ်။

“ဟင် ... အစ်ကိုချန်း ...”

ဖန်ကျင်းဆောင်နဲ့ ဖန်ကျင်းယုတို့ ကတော့ အံ့သြလွန်းလို့ ပါးစပ် အဟောင်းသား ဖြစ်နေပါပြီ။ သူတို့နှစ်ယောက် အမြဲတစေ အစ်ကိုချန်း ဆိုပြီး ရိုရိုသေသေ ဆက်ဆံခဲ့သူက အသက်၂၀ပင် မပြည့်တတ် သေးသည့် ကောင်လေးတစ်ယောက် ဖြစ်နေခဲ့တယ်လေ။ လီဖူချန်း၏ နုနယ်သည့် မျက်နှာလေးက ဘယ်လိုပဲ ကြည့်ကြည့် အသက်၂၀ အရွယ်ထက်ကို မကျော်လောက် သေးပါဘူး။ သည်လောက်အရွယ် ငယ်ငယ်လေးနှင့် မြေကမ္ဘာ အဆင့်ကို ရောက်နေသည် ဆိုတော့ သေချာပေါက်ကို လက်ရွေးစင် တပည့် တစ်ယောက်ပါပဲ။

အဲသည်ထက် ပိုကျောချမ်းစရာ ကောင်းတာ တစ်ခုကတော့ လီဖူချန်းက လျူကောင်းဖန်ကို တစ်ကွက်တည်းနဲ့ သတ်ပစ် လိုက်တာလေ။

လီဖူချန်းက ထူးဆန်းသည့် လက်နက် တစ်ခုခုဖြင့် သတ်ပစ် လိုက်တယ်ဆိုတာ သေချာ နေပေမဲ့လည်း အဲသည် ထူးဆန်းသည့် လက်နက် ပိုင်ရှင်ကလည်း လီဖူချန်းပင် မဟုတ်ပါလား။

လီဖူချန်းရဲ့ အစစ်အမှန် ရုပ်သွင်ကို တွေ့လိုက်ရတဲ့ အခါမှာတော့ ဆောင်ကျန်းဟီနဲ့ ဖူချန်းရှန်တို့တောင် အံ့သြသွားခဲ့ ပါတယ်။

အသက်၂၀တောင် မပြည့်သေးသည့် မြေကမ္ဘာ အဆင့်၂ ပညာရှင်။ ထိုအမျိုးအစား တပည့်တွေ ဆိုတာ မည်သည့် ဂိုဏ်းတွင်မဆို သေချာပေါက် ထိပ်တန်း လက်ရွေးစင် တပည့်တွေ ဖြစ်မှာပါပဲ။ ကြယ်၅ပွင့် အရိုး တည်ဆောက်ပုံနဲ့ ပါရမီရှင်တွေသာ သူနဲ့ ယှဉ်လို့ ရမည်လေ။

ကံကောင်းတာ တစ်ခုကတော့ ဖူချန်းရှန်တစ်ယောက် ခရမ်းရောင် ဆေဘာဂိုဏ်း ကနေ ထွက်လာခဲ့တာ တစ်နှစ် မကတော့လို့ပါပဲ။ လီဖူချန်းသာ ဆေးပင်တစ်ရာ လျှို့ဝှက် နယ်မြေထဲမှာ ခရမ်းရောင် ဆေဘာဂိုဏ်းရဲ့ ထိပ်တန်း တပည့်တွေကို သတ်ခဲ့တယ် ဆိုတာ သိရင်တော့ လီဖူချန်း တစ်ယောက် အခုချိန်ဆို ပိုပြီး ရန်သူတွေ များလာမှာပါ။

ဝေရှန်းဟီနဲ့ စုမုယူ ကလည်း လီဖူချန်းကို စိုက်ကြည့် နေပါတယ်။

ဝေရှန်းဟီရဲ့ အကြည့်တွေမှာတော့ မနာလိုမှုတွေ ပါနေပြီး စုမုယူရဲ့ အကြည့်တွေ မှာတော့ စူးစမ်း လိုမှုတွေ ပါဝင်နေခဲ့ တယ်လေ။

အစောပိုင်းတုန်း ကတော့ စုမုယူက လီဖူချန်းရဲ့ တည်ရှိနေမှုကို လုံးဝ စိတ်မဝင် စားခဲ့ပါဘူး။ အခုတော့ လီဖူချန်းကို ကြည့်နေရင်းနဲ့ သူမရဲ့ ရိုးတွင်းခြင်ဆီ ထဲကနေ အေးစိမ့်မှုတွေ ဖြစ်လာခဲ့ပါပြီ။

သည်ကောင်လေးရဲ့ ချီအရှိန်အဝါက သူများနဲ့မတူဘဲ တစ်မူ ထူးခြားနေတယ်လေ။ တစ်ခါတစ်ရံမှာ ဆိုရင် ပူပြင်းတဲ့ နေလုံးကြီးလို အပူဓာတ်တွေ ထွက်နေပြီး တစ်ခါတစ်ရံမှာတော့ အေးစက်ပြီး အထီးကျန်နေတဲ့ ရတနာဓား တစ်လက်ရဲ့ အရှိန်အဝါကို ခံစားစေ ရပါတယ်။

ကြယ်၆ပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင်တွေရဲ့ အာရုံ ခံစားမှုက မည်သူနှင့်မျှ နှိုင်းယှဉ်လို့ မရတဲ့ အဆင့် တစ်ခုမှာ ရှိပါတယ်။

တိတိကျကျ ပြောရမယ် ဆိုရင် ကောင်းကင်နယ်ပယ် ပညာရှင်တွေ တောင်မှ ကြယ်၆ပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင်တွေလောက် အာရုံခံစားမှု အပိုင်းမှာ မကောင်းသေးပါဘူး။

ပြီးတော့ တကယ့် ထွတ်ခေါင် ပါရမီရှင်တွေက သူတို့ အချင်းချင်း တည်ရှိ နေတာကို ခံစားမိ ပါတယ်။

ဥပမာအားဖြင့် သံလိုက် တွေလိုပေါ့။ မျိုးတူ အချင်းချင်းဆို တွန်းကန် ကြသည်လေ။

“မင်းက လီဖူချန်းလား ...”

ဟူဟိုင်းရှန်က သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် မေးလိုက်ပါတယ်။

လီဖူချန်းက ကောင်းကင် နတ်ဆိုးဂိုဏ်းရဲ့ ဖြူနက်မိစ္ဆာ နှစ်ဖော်ထဲက မိစ္ဆာဖြူကို သတ်ခဲ့သည်လေ။ မိစ္ဆာဖြူ ဆိုတာက သူ့ဝမ်းကွဲညီ မိစ္ဆာနက်ရဲ့ အချစ်ဆုံး သူငယ်ချင်းပင် မဟုတ်ပါလား။

“အေး ... ဟုတ်တယ်”

အခြေအနေက သည်လို ဖြစ်လာမှတော့လည်း လီဖူချန်းက ဘာကိုမှ ဖုံးကွယ် မနေတော့ပါဘူး။ သည်ကောင်တွေက တိုက်ချင်တယ် ဆိုရင်လည်း တိုက်ရုံပေါ့လေ။ မြေကမ္ဘာ အဆင့်၈သော ဘာသော ကြောက်နေမှာ မဟုတ်ပါဘူး။

"မင်းက ငါတို့ ကောင်းကင် နတ်ဆိုးဂိုဏ်းရဲ့ မိစ္ဆာဖြူကို သတ်ခဲ့တယ်။ အခု ငါက မင်းရဲ့ အသက်ကို ပြန်ယူမယ်”

ထူးဆန်းတဲ့ အသွင်အပြင် ရှိသည့် လက်နက် တစ်ခုက ဟူဟိုင်ရှန်းရဲ့ လက်ထဲမှာ ထွက်ပေါ် လာခဲ့ပါပြီ။

ဆူးသီး တပ်ထားတဲ့ သံတုတ် တစ်ချောင်းပါပဲ။ တုတ်လို ရိုက်လို့လည်း ရသလို တင်းပုတ်လိုလည်း ထုလို့ ရပါတယ်။ ပြီးတော့ ချိန်းကြိုး တစ်ခုက လွှဲရိုက်လို့လည်း ရသေးသည့် ပုံပါပဲ။

ဘုန်း ...

လက်နက် အရင်းပိုင်းကနေ ကိုင်ပြီး ဟူဟိုင်းရှန်က သူ့ရဲ့လက်ကို မြှောက်ကာ ရိုက်ချ လိုက်ပါပြီ။

ဆူးသီးတပ် တုတ်ရဲ့ ထိပ်ဖျားက ဆူးသီးက လီဖူချန်းဆီကို အရှိန်အဟုန် ပြင်းစွာနဲ့ ဝင်ရောက် လာပါတယ်။ ဆူးသီးနဲ့ တုတ်ကိုတော့ ချိန်းကြိုးက ချိတ်ဆက်ပေး ထားပါသေးတယ်။

လီဖူချန်း ကလည်း လုံးဝ ပျာမသွားဘဲ တည်ငြိမ်စွာနဲ့ သူ့ဓား စက်ကွင်းထဲကို ဆူးသီး ဝင်လာသည် အထိ စောင့်ဆိုင်း နေဆဲပါပဲ။

ဗလာနယ် လက်ဝါးကို ထုတ်ဖော် အသုံးပြုထားတဲ့ သူ့ရဲ့ လက်တွေက နက်ရွှေမှော် ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင် ထားပါတယ်။

ဝုန်း ...

လီဖူချန်းက သူ့ရဲ့ဓားကို အချိန်ကိုက်ပင် အသုံးပြုကာ ဆူးသီးကို ရိုက်ထုတ်လိုက် နိုင်ပါသည်လေ။

တတိယထပ်ရဲ့ ကြမ်းပြင်က ပွင့်ထွက်သွား သလို လီဖူချန်း ကိုယ်တိုင်ကလည်း လမ်းမထဲကို ဆင်းလိုက် ရပါတယ်။

မည်သည့် ဂိုဏ်းကပင် မဆို တိုက်ရိုက် တပည့်တွေ ဆိုတာက လျှို့ဝှက် နည်းစနစ်တွေကို လေ့ကျင့် ထားကြသည့် သူတွေပါပဲ။ လီဖူချန်းက ကြယ်၃ပွင့် လျှို့ဝှက် နည်းစနစ်ကို လေ့ကျင့်ထား သလို ဟူဟိုင်းရှန်ကလည်း လေ့ကျင့် ထားမည်သာ။

ဒါပေမဲ့လည်း မြေကမ္ဘာ အဆင့်၈ ဟူဟိုင်းရှန်က မြေကမ္ဘာ နယ်ပယ် အဆင့်၂က လီဖူချန်းကို ဖိအားမပေး နိုင်ခဲ့ပါဘူး။ ဒါက အလွန် ရှက်စရာ ကောင်းသည့် အရာ တစ်ခုပါပဲ။ သူတို့ နှစ်ယောက် ကြားမှာက အဆင့်၅ ဆင့်တောင် ကွာဟနေသည် မဟုတ်ပါလား။

“လီဖူချန်း ... မင်းရဲ့ ကံကို လက်ခံလိုက်တော့" ဟူဟိုင်းရှန်က လီဖူချန်းရဲ့ နောက်ကို ထက်ကြပ်မကွာ လိုက်လာခဲ့ပါပြီ။

“မျောလွင့်ဓားသိုင်း”

တရစပ် ဖိအားပေးနေတဲ့ ချီအရှိန်အဝါတွေကို ခုခံဖို့အတွက် လီဖူချန်း ကလည်း သူ့ရဲ့ ချီအရှိန်အဝါတွေကို ထုတ်ဖော် လိုက်ပါတော့တယ်။ ပြီးတာနဲ့ ဆန်းကြယ် အလယ်အလတ် ဓားသိုင်း တစ်ခုကို အသုံးပြုကာ တိုက်ခိုက် လိုက်ပါတယ်။

လီဖူချန်းရဲ့ ဓားချက်တွေက အဆက်မပြတ် ထွက်ပေါ်လာပြီး ဆူးသီးတပ် တုတ်ကို ခုခံနေပါပြီ။

ဝုန် ...

ပေါက်ကွဲသံ တစ်ခုနဲ့အတူ လမ်းပေါ်မှာ ချိုင့်ကြီးတစ်ခု ဖြစ်ပေါ်လာ ခဲ့တယ်။

သည်တစ်ကြိမ် မှာတော့ လီဖူချန်းက နောက်ကို၃လှမ်းပဲ ဆုတ်လိုက် ရပါတယ်။

ဟူဟိုင်းရှန် ကလည်း ကြယ်၃ပွင့် လျှို့ဝှက် နည်းစနစ်ကို အသုံးပြု ထားပေမဲ့ နည်းစနစ်ကို ထဲထဲဝင်ဝင် နားလည်တဲ့ အပိုင်းမှာတော့ လီဖူချန်းကို မီဖို့ မဖြစ်နိုင်သေးပါဘူး။

ဆန်းကြယ် အလယ်အလတ် အဆင့် ဓားဆန္ဒကိုပါ ပေါင်းထည့်လိုက်တဲ့ အခါမှာတော့ ဟူဟိုင်းရှန်ကို ကောင်းကောင်းကြီး ခုခံနိုင်သွား ခဲ့ပါပြီ။

ဒါက တကယ့် အစစ်အမှန် ပါရမီရှင် တစ်ယောက်နဲ့ သာမန် ပါရမီရှင်တို့ ကြားက ကွာခြားမှုပါပဲ။

“မဖြစ်နိုင်ဘူး။ သည် ... သည်ကောင်က ဘယ်လိုလုပ်ပြီး အခုလောက်အထိ အစွမ်းထက် လာတာလဲ”

လီဝူရှုက ပါးစပ် အဟောင်းသား ဖြစ်နေခဲ့ပါပြီ။ အရင်တုန်းက ဆေးပင်တစ်ရာ လျှို့ဝှက် နယ်မြေထဲက လီဖူချန်းကတောင် ကြောက်စရာ ကောင်းလှပါပြီ ဆိုနေမှ အခုတော့ သည်လီဖူချန်းက အရင်က ထက်တောင် ပိုကြောက်စရာ ကောင်းလာ ပါရောလား။

ဒါပေမဲ့ လီဖူချန်းတစ်ယောက် ပိုပြီး ကြောက်စရာ ကောင်းလာလေလေ လီဝူရှုရဲ့ သတ်ပစ်ချင် စိတ်တွေက ပိုပြီး ပြင်းထန်လာ လေလေပါပဲ။ လီဖူချန်းကို အခုချိန်မှာ မသတ်ပစ် နိုင်ဘူးဆိုရင်တော့ နောက်ဆို ပိုလို့တောင် မဖြစ်နိုင်တော့ ပါဘူးလေ။

လီဖူချန်းက သူ့နှလုံးသားရဲ့ နတ်ဆိုး တစ်ကောင် ဖြစ်လာ တော့မှာပါ။

“ဆန်းကြယ် အလယ်အလတ် ဓားဆန္ဒပါလား ... ငါထင်ထားတဲ့ အတိုင်းပဲ”

တတိယထပ် မှာတော့ ထိုင်စရာနေရာ အနည်းအကျဉ်းပဲ ရှိနေပါတော့တယ်။ စုမုယူ ထိုင်နေတဲ့ နေရာကတော့ ကံကောင်းစွာဖြင့် အကောင်းပကတိ ရှိနေပါ သေးသည်။ ထို့ကြောင့် သူမက တိုက်ပွဲကို ကောင်းကောင်းကြီး မြင်နေ ရတယ်လေ။

လီဖူချန်း၏ ဓားသိုင်းကို မြင်ရ အပြီးမှာတေ့ာ စုမုယူရဲ့ စိတ်ဝင်စား မှုတွေက ပိုပြီး မြင့်တက် လာခဲ့ပါပြီ။

သူမက ငွေအဆင့် တိုက်ရိုက် တပည့်တွေ မပြောနှင့် ရွှေအဆင့် တိုက်ရိုက်တပည့် တော်တော်များများ ကိုတောင် မျက်လုံးထဲမှာ ထည့်ထားတာ မဟုတ်ပါဘူး။ သူမ တကယ့် ထွတ်ခေါင် ပါရမီရှင်တွေကိုသာ စိတ်ဝင်စားတာပါ။ အခုတော့ လီဖူချန်းက သူမရဲ့ စိတ်ဝင်စား မှုတွေကို ညှို့ယူထား ခဲ့ပြီလေ။ လီဖူချန်းရဲ့ ကျင့်ကြံမှု နယ်ပယ်က အဆင့်နိမ့် နေသေး ပေမဲ့လည်း အခြား ပညာရပ်တွေ ဘက်မှာတော့ တကယ့်ထွတ်ခေါင် ပါရမီရှင် တွေနဲ့တောင် ယှဉ်လို့ရတယ် ဆိုတာ ယုံမှားစရာ မရှိပါဘူး။

***

All Chapters