← Chapters

မြူခိုးတို့ ကြီးစိုးရာမြေ

Vol. 15 Ch. 207

မြူခိုးတို့ ကြီးစိုးရာမြေ

Vol. 15 Ch. 207

“ဖူချောင်းရှန် ... သည်ကိစ္စကို နောက်မှ ရှင်းလည်း ရတာပဲကွာ။ သင်္ချိုင်းဂူကို ရှာတာက ငါတို့အားလုံး အတွက် အခုအချိန်မှာ အရေးအကြီးဆုံး မဟုတ်ဘူးလား။ အလုပ်ကြီး လုပ်မယ့်သူက အဓိကနဲ့ သာမညကို ခွဲခြားတတ်ဖို့ လိုတယ်ကွ။ သင်္ချိုင်းဂူကို ရှာတွေ့ပြီးတဲ့ အချိန်ကျရင်တော့ မင်းတို့ဘာသာ မင်းတို့ သတ်ပဲသတ်သတ် ဖက်ပဲဖက်ဖက် ဘယ်သူမှ တားမနေတော့ဘူးကွ”

ဆောင်ကျန်းဟီကလည်း ဝင်ပြီး ဖျောင်းဖျ ရှာပါတယ်။

ဖူချောင်းရှန်တို့ တစ်သိုက်ဟာ မျက်နှာကြီး မည်းမှောင်နေပြီး အေးစက်စက် ဖြစ်သွားပါပြီ။ အထူးသဖြင့် လီဝူရှုပေါ့လေ။ သူက စုမုယူကို တူးတူးခါးခါးကို မုန်းတီး သွားပါတယ်။

လီဝူရှုရဲ့ ဆဋ္ဌမအာရုံ လှုံ့ဆော်မှု အရ လီဖူချန်းကို သည်တစ်ခေါက်မှာ မသတ်နိုင်ဘူး ဆိုရင် နောက်ဆိုရင် ပိုပြီး ခက်ခဲ သွားလိမ့်မယ် ဆိုတာ ကောင်းကောင်းကြီး သိနေတယ်လေ။

’ဟုတ်ပြီလေ ... ထားလိုက်ပါတော့။ ငါလီဝူရှု သန်မာလာတဲ့ တစ်နေ့ကျရင် မင်းတို့ အားလုံးကို ငရဲပြည် ပို့ပစ်မယ်”

လီဝူရှုကတော့ စိတ်ထဲက ကြုံးဝါးနေရုံက လွဲပြီး ဘာမှ မတတ်နိုင်တော့ပါဘူး။

“ဟူး ...”

ဟူဟိုင်းရှန်က စိတ်ပျက်သည့် ဟန်ဖြင့် သက်ပြင်းတစ်ချက် ချလိုက်ပြီး …

“ခွေးမသားလေး ... မင်းသည်နေ့ ကံကောင်း သွားတယ်လို့ မှတ်လိုက် ငါ တို့ သင်္ချိုင်းဂူကို ရှာတွေ့ပြီး တော့မှပဲ မင်းကို သတ်တော့မယ်”

အခုအချိန်မှာ ထပ်ပြီး တိုက်ခိုက်ဖို့ကို စိုင်းပြင်းမယ် ဆိုရင် ရူးမိုက်တာပဲ ဆိုတာ သူကိုယ်တိုင်လည်း သိပါတယ်။ သူတို့သုံးယောက် ပေါင်းလိုက်ရင်တောင် သည်နေရာမှာ ရှိသမျှ လူတွေရဲ့ ဝိုင်းဝန်း တိုက်ခိုက်မှုကို ဘယ်လောက်မှ ခံနိုင်မှာ မဟုတ်ပါဘူး။

ရွှမ်း ...

ဖူချောင်းရှန်က သူ့ရဲ့ ဆေဘာရှည်ကြီးကို ဓားအိမ်ထဲ ပြန်ထည့်လိုက်ပြီး …

”မင်းသည်တစ်ကြိမ် ကံကောင်းသွားတယ်။ ငါ့ရဲ့ ဆေဘာက ဆွဲထုတ်ပြီးပြီ ဆိုရင် တစ်ယောက်ယောက် သွေးမြေမကျဘဲ ပြန်သိမ်းလေ့ မရှိဘူး။ င့ါဆေဘာက သွေးရဲ့ အရသာကို ကြိုက်နှစ်သက် နေပြီ။ ဒါပေမဲ့ သည်တစ်ခေါက်မှာတော့ ခြွင်းချက် အနေနဲ့ ထားပေးလိုက်မယ်။ နောက်မှ မင်းဆီက အတိုးကော အရင်းပါ ပေါင်းပြီး ယူမယ်”

သူ့ရဲ့ မျက်လုံးထဲမှာတော့ လီဖူချန်းက သေလူပါပဲ။ နည်းနည်းလောက် အသက်ဆက်ရှင် ခိုင်းလိုက် ရတာက သူ့အတွက် ဘာပြဿနာမှ မရှိပါဘူး။

လီဖူချန်းကတော့ ဘာမှပြန် မပြောဘဲ ဓားကိုသာ ပြန်သိမ်းလိုက် ပါတယ်။ သည်ဂူသင်္ချိုင်း ခရီးမှာ လီဝူရှုတို့ သုံးယောက် စလုံးကို သတ်ဖို့ အခွင့်အရေး ရမယ်လို့ သူက ယုံကြည် ထားတယ်လေ။ အဲဒါကို အပိုတွေလုပ်ပြီး ပြောနေဖို့လည်း အကြောင်း မရှိပါဘူး။

သူက မျက်လုံးတွေ မှိတ်လိုက်ပြီး ချီအရှိန်အဝါတွေကို ပြန်လျှော့ချ လိုက်ပါတယ်။ ပြီးတဲ့ အခါမှာတော့ အစောပိုင်းတုန်းက ဘာမှ မဖြစ်ခဲ့သည့် အလား ပုံစံဖြင့် ဖန်ကျင်းဆောင်တို့ကို ခေါ်ပြီး တတိယထပ်ကို ပြန်တက်လာ ခဲ့ပါပြီ။

လီဖူချန်းရဲ့ အမူအကျင့်ကို သတိပြုမိ လိုက်တဲ့ စုမုယူကတော့ နှုတ်ခမ်းလေး တွန့်ရုံမျှ ပြုံးလိုက်မိ ပါတယ်။

ဟူဟိုင်းရှန်၊ ဖူချောင်းရှန်နဲ့ လီဝူရှုတို့ သုံးယောက်စလုံး ကံဆိုးတော့မယ် ဆိုတာကို သူမက ကြိုတင် ခံစားမိနေတယ်။

လီဖူချန်းလို လူက မပိုင်သေးပဲနဲ့တော့ ဘာမှ လုပ်ဦးမှာ မဟုတ်ပါဘူး။ လီဖူချန်း တကယ် လှုပ်ရှားလာတဲ့ အခါကျရင် သူမ ကိုယ်တိုင်တောင် တားဆီးနိုင် မလား ဆိုတာကို ဝေခွဲ မရသေးပါဘူး။ စုမုယူက ဘာဖြစ်လို့ အခုလို သိနေရသလဲ ဆိုတော့ သူမက တကယ့် ပါရမီရှင်တွေရဲ့ အမူအကျင့်တွေကို ကောင်းကောင်းကြီး နားလည်နေတဲ့ အတွက်ပါပဲ။ သူမ ကိုယ်တိုင်မှာလည်း သည်လို အမူအကျင့်မျိုး ရှိနေသည် မဟုတ်ပါလား။

လီဖူချန်းက တစ်နေ့မှာ သည်သုံးယောက် စလုံးကို သေချာပေါက် သတ်ဖြတ် နိုင်ပါလိမ့်မည်။

“ကောင်းပြီ။ အားလုံးလည်း စုံနေပြီဆိုတော့ မြေပုံတွေကို ထုတ်လိုက်ရအောင်”

စုမုယူက ဝေရှန်းဟီကို မျက်ရိပ်တစ်ချက် ပြလိုက်ပါတယ်။

စုမုယူရဲ့ စကားအဆုံးမှာတော့ ဝေရှန်းဟီက မြေပုံတစ်ပိုင်းကို ထုတ်ယူ လိုက်ပါပြီ။

“သည်မြေပုံ အရမ်းကို ရှုပ်ထွေးလွန်းတယ်။ ဒါကို ဘယ်သူမှ မှတ်မိနိုင်မယ် မထင်ဘူး။ ငါတို့ အကုန်လုံး အတူတူ ဝိုင်းပြီး ခန့်မှန်းကြ ရအောင်”

ထို့နောက်မှာတော့ မြေပုံကို ပိုင်ဆိုင်ထားတဲ့ လူတွေကလည်း သူတို့ရဲ့ မြေပုံတွေကို ထုတ်ပြီး ပြီးပြည့်စုံတဲ့ မြေပုံတစ်ခုအောင် ဆက်လိုက်ပါတယ်။

အဲသည် အချိန်မှာပဲ မြို့စောင့်တပ်သား တစ်စုက သူတို့ဆီကို ရောက်လာခဲ့ပါတယ်။ သူတို့ထဲက လေးယောက် ကတော့ မြေကမ္ဘာနယ်ပယ် အထွတ်အထိပ်ကို ရောက်နေပါပြီ။

“သည်မှာ ရှိနေတဲ့ လူတွေအကုန်လုံး နားထောင်ကြစမ်း ...။ မင်းတို့ကောင်တွေ ဘာတွေပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး။ စိတ်လည်း မဝင်စားဘူး။ မင်းတို့က မြူခိုးမြို့ရဲ့ အဆောက်အဦ တွေကို ဖျက်ဆီးခဲ့တဲ့ အတွက် လျော်ကြေး ပြန်ပေးရမယ်။ မဟုတ်ဘူး ဆိုရင်တော့ ငါတို့ အံ့ဖွယ်ကိရိယာ ဂိုဏ်းအကြောင်း ကောင်းကောင်းကြီး သိစေရမယ်”

မြေကမ္ဘာနယ်ပယ် အထွတ်အထိပ် ပညာရှင် တစ်ယောက်က အမိန့်ပေး လိုက်ပါတယ်။

တိုက်ပွဲတစ်ရာ နယ်မြေ ထဲမှာတော့ အချို့သော မြို့တွေက ကာကွယ် စောင့်ရှောက်ပေးတဲ့ ဂိုဏ်းတွေ ရှိနေပြီး အချို့မြို့တွေမှာတော့ မရှိပါဘူး။

ကြည့်ရတာတော့ သည်မြူခိုးမြို့ကို အံ့ဖွယ် ကိရိယာဂိုဏ်းက စောင့်ရှောက် နေသည့် ပုံပါပဲ။

အံဖွယ် ကိရိယာဂိုဏ်းကို စောင့်ရှောက်ခံ အဖြစ် မြူခိုးမြို့က ထိုက်သင့်သည့် အဖိုးအခတော့ ပြန်ပေးရမှာပါ။

“ဘယ်လောက် လျော်ရမလဲ ပြောလိုက်”

ဖန်ကျင်းဆောင်က မေးလိုက်ပါတယ်။

မြေကမ္ဘာ အထွတ်အထိပ် ပညာရှင်တွေက အထိအခိုက် အပျက်အစီးတွေကို သေသေချာချာ စစ်ဆေးလိုက်ပြီး …

“တည်းခိုခန်းကို ပျက်စီးစေတဲ့ အတွက် ရွှေပြား၅သောင်း ၊ လမ်းမကို ပျက်စီးစေတဲ့ အတွက် ရွှေပြား၅သောင်း”

“ရော့ ... သည်မှာ ရွှေပြား၅သောင်း …”

လီဖူချန်းက ရွှေပြား ၅သောင်းနှင့် ညီမျှသည့် ရွှေရောင် ကတ်ပြားလေး တစ်ခုကို သိုလှောင်အိတ် ထဲက ထုတ်ယူလိုက်ပြီး မြို့စောင့် တပ်ဘက်ကို ပစ်ပေး လိုက်ပါတယ်။

“ရော့သည်မှာ နောက်ထပ်၅သောင်း”

ဟူဟိုင်းရှန်ကလည်း ရွှေကတ်ပြား တစ်ခုကို ထုတ်ပေး လိုက်ပါတယ်။

“သွားစို့”

လျော်ကြေး ရပြီးတဲ့ နောက်မှာတော့ မြို့စောင့်တပ်က ပြန်ထွက် သွားခဲ့ပါပြီ။

လူသတ်မှု မဖြစ်သေး သရွေ့တော့ သည်တိုက်ရိုက် တပည့်တွေက ဂုဏ်ထူးဆောင် ဧည့်သည်တွေပင် မဟုတ်ပါလား။

တကယ်လို့သာ တခြား သူတွေ ဆိုရင်တော့ မြို့စောင့်တပ်က ဖမ်းပြီး အချုပ်ထဲ ၂ရက်လောက် ထည့်ထား လိုက်မှာပါ။

***

သိပ်မကြာခင်မှာတော့ တိုက်ရိုက်တပည့် တစ်သိုက်ဟာ မြူခိုးမြို့ရဲ့ အနောက်ဘက်ကို ဦးတည်ပြီး ထွက်လာ ခဲ့ပါပြီ။ သည်ဘက်မှာတော့ မြူခိုးတွေက ပိုပြီး ထူထပ် သိပ်သည်း နေပါတယ်။ ဘယ်သူကမှ သူတို့ရဲ့ လက်တစ်ကမ်း အကွာလောက်ထက် ပိုပြီး မမြင်နိုင် တော့ပါဘူး။ မြူခိုးငွေ့တွေ ကြားမှာ တည်ရှိနေတဲ့ တောင်ကြီးတွေ ကလည်း သားကောင်ကို ဝါးမျိုဖို့ အတွက် စောင့်ကြိုနေသည့် မိစ္ဆာ သားရဲကြီးတွေ အလားပါပဲ။

တောင်တစ်တောင် အပေါ်ကို အရောက်မှာတော့ ဝေရှန်းဟီက …

“မြူခိုးတွေက အရမ်းကို ထူထပ် လွန်းနေတယ်။ သည်အတိုင်း ဆိုရင်တော့ မြေပုံမှာ ဖော်ပြထားတဲ့ နေရာကို ရှာနိုင်တော့မှာ မဟုတ်ဘူး”

“အားမလျှော့ စမ်းပါနဲ့ကွာ ... မြေပုံ တစ်ခုလုံး ရှိနေမှတော့ ငါတို့ ဂူသင်္ချိုင်းကို ရှာတွေ့မှာပါ”

ဆန်ကျန်းဟီက အားပေး လိုက်ပါတယ်။

မြေပုံပေါ်မှာ ပြထားတဲ့ ပထမဆုံး အမှတ်အသား ကတော့ သည်တောင်ကို ရည်ညွှန်း ထားတာပါပဲ။

အခုသူတို့ လုပ်စရာ ဆိုလို့ ဒုတိယ အမှတ်အသားကို ရှာတွေ့ဖို့ပဲ လိုတာပါ။

အမှတ်အသား ၅ခုကို ရှာတွေ့တာနဲ့ သည်ဂူသင်္ချိုင်းက ပေါ်လာတော့မည် မဟုတ်ပါလား။

“ဒုတိယ အမှတ်အသားက ရေကန် တစ်ကန်ပဲ။ တကယ်လို့သာ ငါတို့ သည်စမ်းချောင်း အတိုင်း လိုက်သွားမယ် ဆိုရင် သေချာပေါက် ရေကန်ကို ရှာတွေ့မှာပဲ”

စုမုယူက တောင်ခါးပန်းလောက်မှာ ရှိနေတဲ့ ရေတံခွန် တစ်ခုကို တစ်ချက်ကြည့်ပြီး ပြောလိုက်ပါတယ်။ သည်ရေတံခွန် ကနေ ဖြစ်ပေါ်လာတဲ့ စမ်းချောင်းလေး တစ်ခုက အခြား တစ်နေရာကို စီးဆင်း နေတယ်လေ။ မြူခိုးတွေ အုံ့ဆိုင်းနေသည့် အတွက် သေသေချာချာ မပြောနိုင်ပေမဲ့ သူမရဲ့ အသိစိတ် အာရုံကတော့ ခံစားမိ နေသည်လေ။

သည်စမ်းချောင်းလေးက ဟိုးအဝေး တစ်နေရာမှာ ရှိနေတဲ့ ထူးဆန်းသည့် စွမ်းအင်တွေကို ညွှန်ပြနေ သလိုပါပဲ။

ဖန်ကျင်းဆောင်၊ ဖန်ကျင်းယုနဲ့ လီဖူချန်းတို့ကတော့ တိတ်တဆိတ် တိုင်ပင်နေ ကြပါပြီ။

“လီဖူချန်း ... ငါတို့ သင်္ချိုင်းဂူကို ရှာတွေ့တာနဲ့ သည်ကောင်တွေ ထဲက တစ်ယောက်ကို သုံးယောက်ပေါင်းပြီး အမြန် သတ်လိုက်ရအောင်”

“ညီမအစ်ကို ပြောတာမှန်တယ်။ သူတို့ သုံးယောက်က ညီမတို့ထက် သာနေတယ်။ တိုက်ပွဲစတာနဲ့ တစ်ယောက်ကို အရင် ရှင်းထားနိုင်မှ တော်ကာ ကျလိမ့်မယ်"

လီဖူချန်းက လက်ကာပြ လိုက်ပြီး …

“အမှန်အတိုင်း ပြောရမယ် ဆိုရင် မင်းတို့နှစ်ယောက် သည်ကိစ္စထဲ ဝင်မပါတာ ပိုကောင်းမယ် ထင်တယ်။ မင်းတို့အပေါ်မှာ တင်ရှိနေတဲ့ ကျေးဇူးကြွေးက သည်သင်္ချိုင်းဂူ ခရီးကို ခေါ်လာတာနဲ့တင် ကျေနေ ပါပြီကွာ”

“မင်းဘာတွေ ပြောနေတာလဲ လီဖူချန်း။ ငါဖန်ကျင်းဆောင်က သေရမှာ ကြောက်တဲ့ ငနုံတစ်ကောင်လို့ ထင်နေတာလား။ သည်ကိစ္စက မင်းငါ့ကို ကယ်တင်ထားတဲ့ ကျေးဇူးကြောင့် လုပ်နေတာ မဟုတ်ဘူးကွ။ ငါက မင်းကို ရဲဘော်ရဲဘက်လို သဘော ထားတာကွ။ မင်းအတွက် ငါက အသက် စွန့်ပြီးတောင် တိုက်ခိုက်ရဲတယ်”

“ဟမ့် ရဲဘော်ရဲဘက်လား ... ရပါပြီ။ နေပါစေတော့ ... ကျေးဇူးပါ”

လီဖူချန်းက သည်မောင်နှမ နှစ်ယောက်ကို ဘယ်လိုမှ မစွန့်စား စေချင်တဲ့အတွက် ခပ်ပြတ်ပြတ်ပဲ ငြင်းလိုက်ပါတယ်။

တစ်ချိန်တည်းမှာပဲ ဟူဟိုင်းရှန်တို့ သုံးယောက်ကလည်း ကျိတ်ပြီး တိုင်ပင် နေကျပါပြီ။

“ငါတို့ သင်္ချိုင်းဂူကို ရှာတွေ့တာနဲ့ ပထမဆုံး လုပ်ရမယ့် အလုပ်က ဖန်ကျင်းယုကို သတ်ဖို့ပဲ။ သူမက အဲသည် သုံးယောက်ထဲမှာ အားအသန်ဆုံး။ ပြီးရင်တော့ ကျန်တဲ့ နှစ်ယောက်ကို အေးအေးဆေးဆေး သတ်လို့ရပြီ”

ဟူဟိုင်းရှန်က အကြံပြုပါတယ်။

ဖူချောင်းရှန် ကလည်း ခေါင်းညိတ်လိုက်ပြီး …

“မင်းပြောတာကို ငါလက်ခံတယ်။ အဲဒါ အကောင်းဆုံးပဲ။ တစ်ယောက်ချင်း ယှဉ်ရင်တောင် ငါတို့ဘက်က အများကြီး သာနေသေးတယ်”

သူတို့က ဖန်ကျင်းဆောင်နဲ့ လီဖူချန်းကို တစ်ကွက်တည်းနဲ့ သတ်နိုင်လိမ့်မယ်လို့ မယူဆထားပါဘူး။ ဒါကြောင့် သူတို့က သေချာတဲ့ လူကိုပဲ အရင် ရှင်းပစ်မှာပါ။

စမ်းချောင်းလေးရဲ့ အဆုံးမှာတော့ တကယ်ပဲ ရေကန်ကြီး တစ်ခု တည်ရှိနေပါတယ်။

ရေကန် မျက်နှာပြင် တစ်ခုလုံးကိုတော့ မြူခိုးတွေက ဖုံးလွှမ်းထားတဲ့ အတွက် ရေကန် အကျယ်အဝန်းကို သေသေချာချာ မခန့်မှန်းနိုင်သေးပါဘူး။

“မြေပုံအရ ဆိုရင်တော့ တတိယ အမှတ်အသားက ရေတံခွန်ကြီး တစ်ခုပဲ။ ကြည့်ရတာ ရေကန်ရဲ့ ဟိုဘက် အခြမ်းမှာ ရှိနေတာများလား ...”

မြေပုံထဲမှာ ဖော်ပြထားတာ ကတော့ အမှတ်အသားတွေဟာ တစ်ခုနဲ့တစ်ခု အစဉ်လိုက် ဆက်စပ် နေပါတယ်တဲ့။ အခု သည်စမ်းချောင်းလေးက ရေကန်နဲ့ ထိစပ်နေသလို ပေါ့လေ။ ရေကန်နဲ့ ရေတံခွန်ကလည်း လုံးဝကို ထိစပ် နေမှာပါပဲ။

“သည်ရေကန်ကို ဖြတ်ကူးဖို့ လှေအရင် လုပ်လိုက်ရအောင်”

သည်တိုက်ရိုက် တပည့် အဖွဲ့ထဲမှာ ထုံအနေတဲ့သူ တစ်ယောက်မှ မပါပါဘူး။ လူတွေအားလုံးက လှေတစ်စင်း ဘယ်လို ဆောက်ရမလဲ ဆိုတာကို ကောင်းကောင်းကြီး သိပါတယ်။

အချိန်တိုလေး အတွင်းမှာပဲ လှေလေးစင်း ဖြစ်ပေါ်လာ ခဲ့ပါပြီ။

လီဖူချန်းကတော့ ဖန်ကျင်းဆောင်၊ ဖန်ကျင်းယုတို့နဲ့ အတူ လှေတစ်စင်းပေါ်မှာ နေရာယူ ထားပါတယ်။

သိပ်မကြာခင်မှာပဲ လှေလေးစင်းက ရေကန်ရဲ့ အနက်ရှိုင်းဆုံး အပိုင်းဘက်ကို ဦးတည် သွားနေပါပြီလေ။

နာရီ အနည်းငယ်မျှ အကြာမှာတော့ လူတိုင်းက မိုးခြိမ်းသံကဲ့သို့ ကျယ်လောင် လွန်းသည့် ရေတံခွန်မှ ရေကျနေ သံတွေကို ကြားလိုက် ရပါတယ်။

သူတို့ရဲ့ အသိစိတ် အာရုံတွေအရ ဆိုရင်တော့ သည်ရေကန်ရဲ့ အဆုံးမှာ ရေတံခွန်ကြီး တစ်ခု စောင့်ကြိုနေတယ် ဆိုတာကို သိနေ ကြတယ်လေ။

ဒါပေမဲ့ ရေတံခွန်က ဘယ်လောက်အထိ နက်ရှိုင်းလဲ ဆိုတာကို မခန့်မှန်းနိုင်သည့် ချောက်နက်ကြီး တစ်ခု လိုပါပဲ။

“ဆင်းလိုက်ရအောင်”

စုမုယူကတော့ သူမရဲ့ လှေကို လုံးဝ အရှိန် မလျော့ပါဘူး။

ဝုန်း…ဝုန်း ... ဝုန်း ...

လှေလေးစင်းလုံး ကတော့ ရေတံခွန်ရဲ့ အောက်ခြေဆီကို ထိုးဆင်း သွားပါပြီ။

သူတို့ရဲ့ အောက်ခြေမှာ ရှိနေတဲ့ ရေထုကို ခန့်မှန်း နိုင်သွားတဲ့ အခါမှာတော့ တိုက်ရိုက် တပည့်တွေ အကုန်လုံးက လှေကို အားယူပြီး ခုန်ထွက် လိုက်ကြပါတယ်။

ကမ်းစပ်ကို အရောက်မှာတော့ လျှိုမြောင်ကြီး တစ်ခုကို လူအားလုံး မြင်တွေ့လိုက် ရပါပြီ။ သည်လျှိုမြောင် ကတော့ စတုတ္ထမြောက် အမှတ်အသားပါပဲ။

“ဒါ့ကြောင့်လည်း သည်နေရာကို မြုခိုးမြေလို့ ခေါ်ကြတာကိုး။ သည်နေရာမှာ ဘယ်လောက်အထိ လျှို့ဝှက်ချက်တွေ ရှိနေဦးမလဲ မသိဘူး” လီဖူချန်းကတော့ မှတ်ချက်တစ်ခု ချလိုက်ပါတယ်။

မြူခိုးမြို့ရဲ့ အနောက်ဘက် အပိုင်းကိုတော့ မြူခိုးတို့ ကြီးစိုးရာမြေ ဆိုပြီး လူတိုင်းက သိကြပါတယ်။ သည်နေရာရဲ့ လျှို့ဝှက် ဆန်းကြယ်မှုတွေ ကိုတော့ အခုထက်ထိ တစ်ယောက်မှ မဖော်ထုတ် နိုင်သေးပါဘူး။ ပြီးခဲ့တဲ့ ရာစုနှစ်တွေမှာ သည်ဘက် အပိုင်းကို လူစွန့်စားတွေ ထောင်နဲ့ချီပြီး လာရောက်ခဲ့ ပေမဲ့လည်း အခုအချိန်ထိ ဘာတစ်ခုမှ ရေရေရာရာ မသိနိုင် သေးပါဘူးလေ။ သည်အချက်ကပဲ လူတွေကို ကြောက်လန့် နေစေတာပါ။

***

All Chapters