ဂူသင်္ချိုင်းရှေ့က ပရမ်းပတာ တိုက်ပွဲ
Vol. 15 Ch. 208
..
အရှေ့အရပ်မှ ရှင်နေမင်း ကတော့ ရောင်ခြည်တစ်ထောင် အလင်းကို ဆောင်နေပါပြီ။
နေအလင်းရောင်က မြူခိုးတွေကို လုံးဝ ပြတ်သား ကြည်လင်နေအောင် မထိုးဖောက် နိုင်ပေမဲ့လဲ အနည်းငယ်တော့ မှုန်ဝါးဝါး မြင်လာစေ နိုင်ပါတယ်။
နောက်ဆုံးမှာတော့ တိုက်ရိုက်တပည့် အုပ်စုတစ်စုဟာ လျှိုမြောင်ရဲ့ အဆုံးကို ရောက်ရှိ သွားကြပါပြီ။
သည်နေရာက လျှိုမြောင်ရဲ့ အဆုံးဆိုတာ တကယ် ဟုတ်လား၊ မဟုတ်ဘူးလား ဆိုတာကိုတော့ ဘယ်သူမှ သေချာ မသိပါဘူးလေ။
ဒါပေမဲ့ သူတို့အားလုံး သိတာကတော့ သူတို့ရဲ့ အရှေ့မှာ မြူခိုးတွေ ဖြစ်ပေါ်နေတဲ့ ဝဲသြဃကြီး တစ်ခု ရှိနေတယ် ဆိုတာပါပဲ။
အဲသည် မြူခိုး ဝဲသြဃကြီးက အလွန် သိပ်သည်းနေပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို ပိတ်ဆို့ထား ပါတယ်။ ကြည့်ရတာတော့ အဲသည်နားကို သွားဖို့ကို မနည်း ကြိုးစားရမည့် ပုံပါပဲ။
“သည်မြူခိုး မြေမှာ ရှိနေတဲ့ မြူခိုးတွေက သည်ဝဲသြဃ ကနေ ဖြစ်လာတာ များလား ... "
လီဖူချန်းက ထင်မြင်ချက် တစ်ခု ပေးလိုက်ပါတယ်။
ဖန်ကျင်းဆောင် ကတော့ ခေါင်းခါလိုက်ပြီး ...
“သည်မြူခိုးတို့ ကြီးစိုးရာမြေက မင်းထင်ထား တာထက် ပိုပြီး လျှို့ဝှက် ဆန်းကြယ် ... သည်နယ်မြေထဲမှာ အခုလို ဖြစ်ပေါ်နေတဲ့ မြူဝဲသြဃတွေ အများကြီးပဲ။ အကြီးဆုံး ဝဲသြဃတွေက အိမ်တစ်အိမ် လောက်ကို ရှိတယ်တဲ့”
သည်မြူတွေ ဘယ်လိုလုပ် ပေါ်လာသလဲ ဆိုတာကို ဘယ်သူမှ မသိပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သည်မြူခိုးမြေ ဖြစ်ပေါ် လာတာက နှစ်ရာစုနဲ့ ချီပြီး ကြာမြင့်နေခဲ့တာ မဟုတ်ပါလား။
တိုက်ရိုက်တပည့် တစ်စုကတော့ တွန့်ဆုတ် တွန့်ဆုတ်ဖြင့် မြူဝဲသြဃ ထဲကို ဝင်သွား ကြပါပြီ။
မြူဝဲသြဃရဲ့ အခြား တစ်ဖက်မှာတော့ လုံးဝကို မြူခိုးတွေ ကင်းစင်နေတဲ့ လောကကြီးတစ်ခု ရှိနေပါတယ်။
အနောက်ကို လှည့်ကြည့်လိုက်တဲ့ အခါမှာတော့ ထူထပ် သိပ်သည်းနေတဲ့ မြူခိုး ထုကြီးပဲ ရှိနေပြီး မြူဝဲသြဃ ကတော့ လုံးဝကို ရှာမတွေ့တော့ ပါဘူး။
“ထူးဆန်း အံ့သြဖို့ ကောင်းလိုကိတဲ့ နေရာပဲ”
လီဖူချန်းကတော့ တိတ်တခိုး ရေရွတ် လိုက်မိပါတယ်။
ဂစ် ... ဂစ် ...
အဲသည် အချိန်မှာပဲ စူးရှတဲ့ အော်သံတစ်ခုက ထွက်ပေါ် လာပါတယ်။ အဲသည် အော်သံက ဘယ်လောက်အထိ စူးရှသလဲ ဆိုတော့ တိုင်ရိုက် တပည့်တွေရဲ့ ဒွါရ ၅ပေါက်ကနေ သွေးတွေ ယိုစီးလာလု မတတ်ပါပဲ။
လူတွေ အားလုံးကတော့ သူတို့ရဲ့ အတွင်းအားတွေကို ထုတ်ပြီး ကာကွယ်လိုက် ရပါတယ်။
အပေါ်ကို မော့ကြည့်လိုက်တဲ့ အခါမှာတော့ လင်းနို့ တစ်ကောင်နှင့် ဆင်တူလှသည့် မိစ္ဆာသားရဲကြီး တစ်ကောင်က သူတို့ဆီကို ရှေးရှုပြီး ပျံသန်း လာတာကို တွေ့လိုက် ရပါပြီ။
"အဆင့်၃ ထိပ်တန်းသားရဲ ဖြစ်တဲ့ မဟာသွေး လင်းနို့လား"
တိုက်ရိုက် တပည့်တွေ အားလုံးက ထိတ်လန့် တုန်လှုပ်သွား ပါတယ်။
အဆင့်၃ ထိပ်တန်း သားရဲကြီးတွေရဲ့ အဆင့်တွေ ကလည်း အမျိုးအစားပေါ် မူတည်ပြီး စွမ်းဆောင်ရည် ပြောင်းသွားပါတယ်။
လူသားတွေ ထဲမှာ ရိုးရိုး သာမန်လူနဲ့ ပါရမီရှင်တွေ ကွာခြားသလိုပေါ့။
သည်မဟာသွေး လင်းနို့ မိစ္ဆာသားရဲတွေက အဆင့်၃ ထိပ်တန်း သားရဲတွေ ထဲမှာတော့ လက်ရွေးစင် တွေပါပဲ။ သည်ကောင်ကြီးတွေကို သတ်နိုင်ဖို့ဆိုတာ အမွေခံ မျှော်စင်ရဲ့ တတိယထပ်ကို ကျော်ဖြတ်နိုင်ဖို့ လိုပဲ ခက်ခဲ လှပါတယ်။
သည်ကောင်ကြီးကို တစ်ယောက်ချင်း တိုက်ရမယ် ဆိုရင်တော့ဖြင့် အခု ရောက်ရှိနေတဲ့ လူစုထဲက တစ်ယောက်မှ ယှဉ်နိုင်မှာ မဟုတ်ပါဘူး။
ခံစားချက်မဲ့ဓား ရှုဖန်းလို အဆင့်မျိုးကို ရောက်နေတဲ့ သူတွေကပဲ သတ်ဖြတ် နိုင်မှာပါ။
“အဲဒါက မဟာသွေး လင်းနို့ပဲ။ အမြန် ပြင်ဆင်ကြဟေ့"
ဝေရှန်းဟီကလည်း သည်မိစ္ဆာ သားရဲကြီးရဲ့ အကြောင်းကို ကောင်းကောင်းကြီး သိထားပါတယ်။ သူက အလျင်အမြန်ပဲ ချီအတွင်းအားတွေကို မဟာသွေး လင်းနို့ကြီးဆီကို ပစ်လွှတ်ကာ တိုက်ခိုက် လိုက်ပါတယ်။
ကျန်တဲ့ သူတွေကလည်း သူတို့ရဲ့ ချီအတွင်းအား ကိုယ်စီ ထုတ်ပြီး တိုက်ခိုက် လိုက်ပါပြီ။
မဟာသွေး လင်းနို့တွေဟာ အလွန်တရာမှ မြန်ပါတယ်။ တကယ်လို့ သည်ကောင်ကြီးကို မသတ်နိုင်ဘူး ဆိုရင် သူတို့ကို ကောင်းကောင်းကြီး ပြန်ဒုက္ခ ပေးသွားမှာပါ။
ချီအတွင်းအား ၁၁ခုက လေထဲကို ထိုးတက် သွားပါတယ်။
ဒါပေမဲ့လဲ သူတို့ရဲ့ ချီအတွင်းအားတွေက ပစ်မှတ်ကို လုံးဝ လွဲချော်ကုန် ပါတယ်။ မဟာသွေး လင်းနို့က သူတို့ ထင်ထားတာ ထက်ကို ပိုပြီး လျင်မြန်သွက်လက် နေပါသေးသည်။
ဂစ် ...
မျက်စိနဲ့ မြင်တွေ့နိုင်တဲ့ အသံလှိုင်း တစ်ခုက လူတိုင်းရဲ့ နားထဲကို ဝင်ရောက် လာခဲ့ပါတယ်။ လူတွေအားလုံး ကတော့ ကမ္ဘာကြီး ပြောင်းပြန် လည်သွားသလား လို့တောင် ထင်မှတ် နေပါပြီ။
သည်အသံလှိုင်း တိုက်ခိုက်မှုက အရမ်းကို မြန်လွန်းနေတဲ့ အတွက် စုမုယူတောင်မှ ရှောင်တိမ်းဖို့ အချိန် မရလိုက်ပါဘူး။
“အားလုံး လူစုခွဲ”
စုမုယူက တိုက်ခိုက်နည်း ဗျူဟာကျမ်းတွေကို ကောင်းကောင်းကြီး လေ့လာထားသည့် ပုံပါပဲ။ သူမက သည်လင်းနို့ကို အကောင်းဆုံး တိုက်ခိုက်နိုင်မည့် နည်းဗျူဟာ တစ်ခုကို ပုံဖော် လိုက်ပါတယ်။
ပထမဆုံး အနေနဲ့ စုမုယူက ဆယ်မီတာလောက် ဝေးသည့် နေရာကို ခုန်ထွက် သွားပါတယ်။ သူ့ရဲ့ နောက်မှာတော့ ဝေရှန်းဟီက ထက်ကြပ်မကွာ ကပ်လျက် ပါသွားတယ်လေ။
မျက်စိတစ်မှိတ် အတွင်းမှာပဲ တိုက်ရိုက် တပည့်တွေက အရပ် လေးမျက်နှာမှာ နေရာယူ လိုက်ကြပြီး အလှည့်ကျ တိုက်ခိုက် လိုက်ပါတယ်။
မဟာသွေး လင်းနို့ကတော့ ဒွိဟ ဖြစ်သွားသည့် ပုံပါပဲ။ သူက အတန်ကြာ လေထဲမှာ ပျံဝဲနေပြီး နောက်မှာတော့ လီဖူချန်းတို့ ဆီကို ထိုးဆင်း သွားခဲ့ပါပြီ။
မိစ္ဆာ သားရဲတွေမှာ ရှိနေသည့် အာရုံတစ်ခုက လီဖူချန်းတို့ အုပ်စုသာ အားအနည်းဆုံး ဆိုတာကို ဖော်ပြနေသည် မဟုတ်ပါလား။
“သွားစမ်း”
ဖန်ကျင်းဆောင်က သူ့ရဲ့တုတ်ကို အဆက်မပြတ် လှုပ်ရှား လိုက်ပါတယ်။ ရာနဲ့ချီနေသည့် ရိုက်ချက်တွေက မဟာသွေး လင်းနို့ကို ဟန့်တားဖို့ ကြိုးစား နေပါတယ်။
ဒုတ် ... ဒုတ် ... ဖုန်း ...
မဟာသွေး လင်းနို့ကြီးက ဖန်ကျင်းဆောင်ရဲ့ ရိုက်ချက်တွေကို မရှောင်ဘဲ အတင်း တိုးဝင်လာကာ လက်သည်းဖြင့် ကုတ်ဆွဲ လိုက်သည်လေ။ ဖန်ကျင်းဆောင်ရဲ့ တုတ်ချက်တွေက သူ့ကို အပေါ်ယံ ဒဏ်ရာတွေလောက်ပဲ ရစေမှာပါ။ ဒါပေမဲ့ သူ့ရဲ့ လက်သည်း ကုတ်ချက် ထိသွားရင်တော့ ဖန်ကျင်းဆောင် တစ်ယောက် သေသွား နိုင်သည်ကို တွက်ချက်ပြီး ထားသည့် အလားပါပဲ။
“အစ်ကိုကြီး”
ဖန်ကျင်းယုရဲ့ လက်နက်ကတော့ လခြမ်းကွေး ဓားလေး နှစ်လက်ပါပဲ။ သူမက အလျင်အမြန်ပင် သွေးလင်းနို့ကြီး၏ အနောက်ဘက်ကို ခုန်သွားပြီး မရေမတွက်နိုင်တဲ့ ဓားချက်တွေကို ထုတ်လိုက်ပါတယ်။
“သွားစမ်း”
လီဖူချန်းကလည်း အစောကြီး ကတည်းက သူ့ရဲ့ အကောင်းဆုံး ဓားကွက်ကို ပြင်ဆင် ထားပြီးပါပြီ။ မဟာသွေး လင်းနို့ကြီးက ထိုးဆင်း လာတာနဲ့ တစ်ပြိုင်နက် သူက မျောလွင့် ဓားသိုင်းကို ထုတ်သုံး လိုက်တယ်လေ။ မီးတောက် မီးလျှံတွေက သွေးလင်းနို့ကို အနည်းငယ်မျှ တုံ့ဆိုင်း သွားစေ ခဲ့ပါတယ်။ အဲသည် တုံ့ဆိုင်းသွားတဲ့ အချိန်လေးမှာပဲ ဖန်ကျင်ဆောင်က ဘေးကို ခုန်ထွက် သွားခဲ့ပါပြီ။ တစ်ချိန်တည်း လိုလိုမှာပင် ဖန်ကျင်းယုရဲ့ လခြမ်းကွေး ဓားချက်တွေ ကလည်း မဟာသွေး လင်းနို့ကြီးရဲ့ ကိုယ်ပေါ်ကို ကျရောက် သွားခဲ့ပါတယ်။
“တိုက်”
ဝေရှန်းဟီနဲ့ ဆောင်ကျန်းဟီတို့ နှစ်ဖွဲ့ကလည်း လုံးဝ လက်နှေးမနေbj အခွင့်အရေးကို မိမိရရ ယူနိုင်ပါတယ်။
ဖူချောင်းရှန်၊ ဟူဟိုင်းရှန်နဲ့ လီဝူရှုတို့ သုံးယောက်ကသာ မသိသလိုနဲ့ ဖာသိဖာသာ နေနေတာပါ။ သူတို့က မဟာသွေး လင်းနို့ကြီး လီဖူချန်းတို့ကို သတ်သွားတာကို စောင့်ကြည့် နေကြတာပါ။
ဒုတ် ...
မြစိမ်းရောင် အလင်းတန်း တစ်ခုက ထွက်ပေါ် လာခဲ့ပါပြီ။ အဲသည် အလင်းတန်း ပိုင်ရှင်ကတော့ စုမုယူပါပဲ။ သူမက မည်သည့်အချိန် ကတည်းက သွေးလင်းနို့ကြီးရဲ့ ညာဘက် အပေါ်နားကို ရောက်နေမှန်း မသိပါဘူး။ သူမရဲ့ မြစိမ်းရောင် ချိတ်ကောက်ဓားက မဟာသွေး လင်းနို့ကြီးရဲ့ တောင်ပံ တစ်ဖက်ကို သွေးစိမ်းရှင်ရှင် ပန်းထွက်သွား စေပါတယ်။
“အစွမ်း ထက်လှချည်လား ... သူမက ခံစားချက်မဲ့ဓား ရှုဖန်းနီးပါး အစွမ်း ထက်နေပြီပဲ”
လီဖူချန်းက မျက်လုံး ပြူးသွားပါတယ်။
စုမုယူရဲ့ အစွမ်းအစ ကတော့ သူတွေ့ဖူးသမျှ တိုက်ရိုက် တပည့်တွေ ထဲမှာ ရှုဖန်းပြီးရင် ဒုတိယမြောက် အစွမ်း အထက်ဆုံးပါပဲ။
ဒါပေမဲ့လည်း သူက အခြားသော ထိပ်သီး တပည့်တွေကို မတွေ့သေးလို့လည်း ဖြစ်နိုင်ပါတယ်။
ဥပမာ ပြောရရင်တော့ လီဖူချန်းက အခုထက်ထိ ဓားအရူး သူတော်နဲ့ ကျားဓားရှင်ကို မတွေ့ ရသေးဘူးလေ။
မဟာသွေး လင်းနို့ကြီးကတော့ တောင်ပံတစ်ဖက် ဒဏ်ရာ ရသွားသည့် အတွက် လေထဲမှာ မပျံသန်း နိုင်တော့ပဲ မြေပြင်ပေါ်ကို ပြုတ်ကျ လာခဲ့ပါပြီ။
လေပေါ်ပျံနိုင်တဲ့ အကောင်တွေက မြေပြင်ပေါ် ရောက်သွားရင် မူလ စွမ်းရည်ရဲ့ ၃၀ရာခိုင်နှုန်းလောက် လျော့သွားတတ်သည် မဟုတ်ပါလား။ လင်းနို့ကြီးက တိုက်ရိုက် တပည့်တွေရဲ့ ဝိုင်းဝန်း တိုက်ခိုက်မှုကို ဘယ်လိုမှ ခံနိုင်စရာ အကြောင်း မရှိတော့ပါဘူး။ သိပ်မကြာခင်မှာပဲ မဟာသွေး လင်းနို့ကြီးဟာ သေသွား ခဲ့ပါပြီ။ တိုက်ရိုက် တပည့်တွေက လင်းနို့ကြီးရဲ့ ရင်ကိုဖွင့်ပြီး အမြုတေလေး ရှိလိုရှိငြား ရှာခဲ့သေးသော်လည်း ဘာမှ မရခဲ့ပါဘူး။
နောက်ပိုင်းမှာလည်း သူတို့အုပ်စုဟာ အဆင့်၃ မိစ္ဆာသားရဲ အချို့နဲ့ ကြုံခဲ့ရ ပါသေးတယ်။ အချို့ကတော့ သန်မာပြီး အချို့ကတော့ အားနည်း တာပေါ့လေ။ သူတို့ရဲ့ စုပေါင်း တိုက်ခိုက်မှုတွေက အလွန်ပဲ အစွမ်း ထက်နေသည့် အတွက် ဘာပြဿနာ ကြီးကြီးမားမားမှတော့ မကြုံရတော့ပါဘူး။
မြူခိုးတွေ မရှိတော့သည့် နောက်မှာတော့ သူတို့ရဲ့ ခရီးက ပိုပြီး လျင်မြန် ချောမွေ့ လာခဲ့ပါပြီ။
နေ့တစ်ဝက်လောက် ခရီးဆက် အပြီးမှာတော့ တိုက်ရိုက်တပည့် တစ်စုဟာ ဂူသင်္ချိုင်း အဝင်ဝကို ရှာတွေ့သွား ပါတော့တယ်။
ဝင်ပေါက်ကတော့ တောင်ကမူလေး တစ်ခုမှာပါပဲ။ အပြင်ဘက် မှာတော့ သတ္တုရောင် တံခါးမကြီး တစ်ခု ရှိနေတယ်လေ။
“သေစမ်း”
တစ်ချိန်တည်း လိုလိုပင် လီဖူချန်းတို့ အဖွဲ့နဲ့ လီဝူရှုတို့အဖွဲ့က စတင် လှုပ်ရှား လိုက်ကြပါပြီ။
လီဖူချန်းတို့ရဲ့ ပစ်မှတ်ကတော့ ဟူဟိုင်းရှန် ဖြစ်ပြီး လီဝူရှုတို့ကတော့ ဖန်ကျင်းယုကို ပစ်မှတ်ထား တိုက်ခိုက် လိုက်တာပါ။
လီဝူရှုတို့အဖွဲ့ မမျှော်လင့်ထားတာ တစ်ခုကတော့ လီဖူချန်းတို့ အဖွဲ့ရဲ့ နေရာ ယူထားသည့် ပုံပါပဲ။ လီဖူချန်းတို့က သူတို့၏အကြံကို ကြိုတင် ရိပ်စားမိ နေသည်လား။ လီဖူချန်းတို့က တြိဂံပုံသဏ္ဌာန် နေရာယူ ထားပြီး ဖန်ကျင်းယု ကိုတော့ ဟိုးအတွင်းပိုင်း ထဲမှာ ပို့ထားပါတယ်။ ဖန်ကျင်းယုကို သတ်ဖြတ်ချင်သည် ဆိုပါက အရှေ့မှာ ရှိနေတဲ့ လီဖူချန်းနဲ့ ဖန်ကျင်းဆောင်ကို အရင်ဆုံး ကျော်ဖြတ် ရမှာပါ။
ပထမဆုံး တိုက်ခိုက်မှု ကတော့ ရှင်းပါတယ်။ နှစ်ဖက်စလုံးက သူတို့ရဲ့ အားသန်ရာ လက်နက်ပုန်းတွေကို ထုတ်ပြီး ပစ်ပေါက် လိုက်တာပါပဲ။
လီဖူချန်းက ဒါဇင်နဲ့ချီတဲ့ မိုးကြိုးဗုံးတွေကို ထုတ်ပြီး ဟူဟိုင်းရှန်ကို ပစ်ပေါက် လိုက်ပါတယ်။ ဒါက သောင်းနဲ့ချီသည့် ထောက်ပံရေး ရမှတ်တွေ ဆိုပေမဲ့ လီဖူချန်းက မနှမြော နေတော့ပါဘူး။
ဖန်ကျင်းဆောင်နဲ့ ဖန်ကျင်းယု တို့ကတော့ သတ္တုဗုံးတွေကို ထုတ်ပြီး ပစ်လိုက်တာပါ။ သတ္တုဗုံးတွေက လေထဲမှာ ပေါက်ကွဲသွားပြီး မရေမတွက်နိုင်တဲ့ သတ္တုစေ့လေးတွေ ထွက်ပေါ် လာပါတယ်။ သူတို့ရဲ့ လက်နက်ပုန်းတွေ ကလည်း တစ်မျိုး တစ်ဖုံတော့ ကြောက်စရာ ကောင်းသည်သာ။
ဖူချောင်းရှန်တို့ သုံးယောက်စလုံး ကတော့ မိုးကြိုးဗုံးတွေပဲ ပစ်လွှတ် လိုက်ပါတယ်။
မိုးပြာရောင်ဂိုဏ်း၊ ခရမ်းရောင် ဆေဘာဂိုဏ်းနဲ့ ကောင်းကင် နယ်ဆိုးဂိုဏ်းတို့ဟာ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဂိုဏ်းတွေပါ။ သူတို့ဂိုဏ်းတွေ နားမှာတော့ နာမည်ကြီး မိုးကြိုးဂိုဏ်း ရှိပါတယ်။
အဲသည် မိုးကြိုးဂိုဏ်းက လက်နက်ပုန်းတွေ ထုတ်လုပ်သည့် နေရာမှာ ကျော်ကြားပါတယ်။
သည်ဂိုဏ်း သုံးဂိုဏ်းစလုံးက မိုးကြိုးဂိုဏ်းရဲ့ ဖောက်သည် အကြီးစားတွေပါ။ ဒါကြောင့်လည်း သူတို့ ထုတ်သုံးတဲ့ လက်နက်ပုန်းတွေက အမျိုးအစား တူနေတာပါပဲ။
မိုးကြိုးဗုံး တစ်လုံးက မြေကမ္ဘာ အဆင့်နိမ့် ပညာရှင် တစ်ယောက်ကို ပေါက်ကွဲပြီး သေစေနိုင်သည် အထိ ပြင်းထန်ပါတယ်။
ဝုန်း ... ဝုန်း ... ဝုန်း ... ဝုန်း ...
ပေါက်ကွဲမှုတွေ ကတော့ လုံးဝကို အဆက်မပြတ် ဖြစ်ပေါ်နေပါပြီ။ မီတာတစ်ရာ ပတ်လည်မှာတော့ မိုးကြိုးဗုံးတွေရဲ့ ပေါက်ကွဲမှုကြောင့် ရစရာကို မရှိတော့ပါဘူး။ အဲသည် ကြားထဲမှာ ကြက်သွေးရောင် သတ္တုစေ့တွေ ကလည်း ပတ်ဝန်းကျင် တစ်ခုလုံးမှာ ပျားပန်းခပ်မျှ ဖြစ်ပေါ်နေပါသေးတယ်။
စုမုယူနဲ့ ကျန်တဲ့ သူတွေကတော့ အစောကြီး ကတည်းက လီဖူချန်းတို့နဲ့ ဝေးရာကို ဆုတ်ထား ပြီးပါပြီ။ သူတို့က တိုက်ပွဲကို တစ်ခဏမျှ ကြည့်ပြီးတဲ့ နောက်မှာတော့ စိတ်မဝင်စားသည့် ပုံဖြင့် သတ္တုရောင် တံခါးမကြီးဆီ ဦးတည်သွား ပါတော့တယ်။
ဟိုးအနောက်ဘက် မီတာ တော်တော် ဝေးဝေးမှာတော့ လီဖူချန်းတို့ရဲ့ လက်နက်ပုန်း တိုက်ပွဲက ဖြစ်နေဆဲပါပဲ။
လီဖူချန်းက သိုလှောင်အိတ်ထဲ ကနေ လိပ်ခုံးပုံသဏ္ဌာန် ဒိုင်းကာကြီး တစ်ခု ထုတ်လိုက်ပြီး သူတို့သုံးယောက် စလုံးကို ကာကွယ် ထားပါတယ်။ ဖန်ကျင်းဆောင်နဲ့ ဖန်ကျင်းယုတို့ လက်ထဲမှာလည်း ဒိုင်းကိုယ်စီ ရှိပါတယ်။ သူတို့ နှစ်ယောက်ကတော့ လီဖူချန်းရဲ့ဒိုင်း မကာကွယ်နိုင်တဲ့ ဘက်တွေကို ကာကွယ် ထားပါတယ်။
တစ်ဖက်မှာတော့ ဖူချောင်းရှန်တို့ အဖွဲ့က အခြေအနေ စိုးရိမ် နေရပါပြီ။
သူတို့သုံးယောက် လက်ထဲမှာလည်း ဒိုင်းကိုယ်စီ ရှိနေပေမဲ့ သူတို့က တစ်ယောက်ချင်းစီ သီးသန့် လှုပ်ရှား နေကြသည်လေ။
မိုးကြိုးဗုံးနဲ့ သတ္တုစေ့ ဒဏ်တွေကို အများဆုံး ခံနေရတာ ကတော့ လီဝူရှုပါပဲ။ သူ့ရဲ့ တစ်ကိုယ်လုံးမှာ ဒဏ်ရာတွေက ဗရပွ ဖြစ်နေပြီး သွေးတွေကလည်း ရွှဲရွှဲစို နေပါပြီ။
***