အပိုင်း၂၀၉
Vol. 15 Ch. 209
ကြည့်ရတာတော့ နှစ်ဖက်စလုံးက သူတို့ရဲ့ ပစ်မှတ်တွေကို ထိအောင် ပစ်နိုင်မယ့်ပုံ မပေါ်ပါဘူး။
အပူင်အပင်မဲ့ ဂိုဏ်းရဲ့ သတ္တုဗုံး တွေကလည်း တော်တော်လေး အစွမ်း ထက်လှပါတယ်။ သည်ဗုံးတွေက ချီအကာအကွယ်တွေကို ဖောက်ဝင်နိုင်သည့် အစွမ်းသတ္တိ ရှိတယ်လေ။ ဒါပေမဲ့ သေးငယ်လှတဲ့ သတ္တုစေ့တွေ ဖြစ်တာကြောင့် တစ်ဖက်လူကို သေစေနိုင်သည် အထိတော့ သက်ရောက်မှု မရှိပါဘူး။
ပြီးတော့ မိုးကြိုးဗုံး လောက်လည်း ပေါက်ကွဲအား မကောင်းပါဘူး။
ဒါပေမဲ့လည်း အခြား ရွေးစရာ မရှိပါဘူးလေ။ မိုးကြိုးဗုံးတွေက တစ်ဖက် လူတွေရဲ့ အကာအကွယ် ဒိုင်းကို ကျော်လွှားနိုင်တာမှ မဟုတ်ခဲ့တာ။
သိပ်မကြာခင်မှာပဲ နှစ်ဖက်စလုံးမှာ ရှိတဲ့ လက်နက်ပုန်းတွေက ကုန်သွားတော့မှာပါ။ နှစ်ဖက်စလုံးက သူတို့ရဲ့ ဝှက်ဖဲတွေကို ထုတ်ပြ ရတော့မည့် အခြေအနေကို ရောက်နေပါပြီ။
သာမန် တပည့်တွေ ဆိုရင်တော့ သည်လောက်များတဲ့ လက်နက်ပုန်းတွေကို ထုတ်သုံးနိုင်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့၆ယောက် ထုတ်သုံးထားသည့် လက်နက်ပုန်းတွေရဲ့ တန်ဖိုးက ရွှေပြား သန်းနဲ့ချီပြီး တန်ဖိုး ရှိနေသည်လေ။ သာမန်မြေကမ္ဘာ နယ်ပယ် ပညာရှင် တစ်ယောက်ကိုသာ သည်လောက်များသည့် လက်နက်ပုန်းတွေဖြင့် ပစ်ပေါက် လိုက်မယ်ဆိုရင် အခါတစ်ရာ ပြန်တောင် သေသွားနိုင် ပါသေးတယ်။
သူတို့ ခြောက်ယောက် စလုံးက နောက်ထပ်တစ်ကြိမ် ပြန်တိုက်ခိုက်ဖို့ ပြင်လိုက်တဲ့ အချိန်မှာပဲ ...
ကလစ် ...
စုမုယူတို့က ဘယ်လို နည်းလမ်းတွေ သုံးလိုက်မှန်း မသိပါဘူး။ သတ္တုရောင် တံခါးမကြီး ကတော့ ပွင့်သွား ခဲ့ပါပြီ။ ဒါပေမဲ့ မျက်စိ ကျိန်းလောက်အောင် စူးရှနေသည့် အပြာရောင် အလင်းတန်း တစ်ခုက အထဲကနေ ထွက်လာ ခဲ့ပါတယ်။ အဲသည် အလင်းရောင်က စုမုယူတို့ တစ်သိုက်ကို ဆွဲယူ သွားပါတယ်။
တိုက်ခိုက်နေတဲ့ လီဖူချန်း တို့ကိုလည်း ချန်မထားခဲ့ပါဘူး။
အပြာရောင် အလင်းတန်းကြီး ပျောက်ကွယ်သွားတဲ့ အချိန်မှာတော့ တံခါးမကြီးနဲ့ အတူ လူတွေ အကုန်လုံး ပျောက်ကွယ် သွားခဲ့ပါပြီ။
“ဒါက သင်္ချိုင်းဂူ အတွင်းဘက်လား ... "
ကျောက်တုံးတွေနှင့် ပြုလုပ်ထားတဲ့ ခန်းမတစ်ခု ထဲမှာတော့ လီဖူချန်းရဲ့ ပုံရိပ်က ပြန်ပေါ် လာပါတယ်။
သူက ခေါင်းမော့လိုက်ပြီး ပတ်ပတ်လည်ကို တစ်ချက် အခြေအနေ အကဲခတ် လိုက်ပါသေးတယ်။
သည်အခန်းကို တည်ဆောက်ထားတဲ့ ကျောက်တုံးကြီးတွေက အလွန်ပင် ရှေးကျမည့် ပုံပါပဲ။ ကြည့်ရတာ နှစ်ပေါင်း ရာနဲ့ချီပြီး တည်ရှိနေတာ များလား။ သူ့ရဲ့ အထက် ၈မီတာလောက် မှာတော့ ကြီးမားတဲ့ ဆီမီးအိမ်ကြီးတွေ ရှိနေပါ သေးတယ်။ သူ သည်နေရာကို ရောက်လာမှပဲ အဲသည် မီးအိမ်တွေက မီးတောက် လာခဲ့သည့် ပုံပင်။
“ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်ရဲ့ ဂူသင်္ချိုင်းက သည်လောက် အထိ ဆန်းကြယ်တာလား ...”
လီဖူချန်းက သံသယ ဝင်လာ ခဲ့ပါပြီ။ သည်မြူခိုး မြေပေါ်မှာ သည်လောက် ရှေးကျပြီး ဆန်းကြယ်တဲ့ ဂူသင်္ချိုင်းတစ်ခု ဆောက်ဖို့ဆိုတာ တော်တော် အစွမ်းထက်မှ ရနိုင်မည် မဟုတ်ပါလား။ ပြီးတော့ နောက်ထပ် သံသယ ဝင်စရာ တစ်ခုကတော့ အစောပိုင်းတုန်းက ထွက်ပေါ်လာတဲ့ အပြာရောင် အလင်းတန်းပါပဲ။ အဲသည် အလင်းတန်းရဲ့ အရှိန်အဝါက ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင် တစ်ယောက်ရဲ့ အရှိန်အဝါတွေ ထက်ကို သာလွန် နေပါသေးတယ်။
လီဖူချန်းက မီးအိမ်တွေပေါ်မှာ ရှိနေတဲ့ မီးတောက် တစ်ခုကို ဆွဲယူကြည့် လိုက်ပါတယ်။
ရှဲ ...
လီဖူချန်းရဲ့ အကာအကွယ် ချီက တစ်မုဟုတ်ချင်း လောင်ကျွမ်းသွားပြီး ကြက်ဥအရွယ် မီးတောက်က ကြမ်းပြင်ပေါ်ကို ပြုတ်ကျ သွားတယ်လေ။ ကြမ်းပြင်ပေါ်မှာ ကျနေတဲ့ မီးတောက်က မငြိမ်းသွား ခဲ့ပါဘူး။
သည်အပြာရောင် မီးတောက်က တကယ့် သလင်းကျောက် တစ်ခုလိုပါပဲ။ မီးတောက်ရဲ့ အလယ် တည့်တည့်မှာတော့ အပြာရောင် အစက်လေး တစ်ခု ရှိနေပါတယ်။
“ဒါက အဆင့်၆ မိစ္ဆာသားရဲ ဖြစ်တဲ့ အထီးကျန် အပြာရောင် သွေးမီးတောက် မိစ္ဆာသားရဲရဲ့ သွေးများလား”
လီဖူချန်းက ဇဝေဇဝါ ဖြစ်နေပါတယ်။
သူက သည်သားရဲကောင်ကြီး အကြောင်းကို စာအုပ်တွေထဲမှာ တစ်ခါ ဖတ်ဖူးခဲ့တယ်လေ။
ခေါင်းစဉ်ကတော့' အင်မတန်မှ အစွမ်းထက်သည့် မိစ္ဆာသားရဲကြီးများ' ပါ။
သည်သားရဲကြီး၏ ခန္ဓာကိုယ် တစ်ခုလုံးကို အပြာရောင် မီးလျှံတွေဖြင့် လွှမ်းခြုံထားပြီး မီးတောက် တစ်စကတောင် ထိပ်သီး ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်ကို သေစေ နိုင်ပါတယ်။ သေသွား ရင်တောင်မှ အဲသည် မီးတောက်တွေက တစ်နာရီလောက် ဆက်ပြီး လောင်ကျွမ်း နေဦးမှာပါ။
သည်အဆင့်၆ အထီးကျန် အပြာရောင် သွေးမီးတောက်က လုံးဝကို မခန့်မှန်း နိုင်အောင် မြင့်မြတ်သည့် မိစ္ဆာသားရဲ တစ်ကောင်။ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင် ကိုတောင် အသက်တစ်ခါ ရှူချိန်လေး အတွင်းမှာ သတ်ပစ်နိုင်တဲ့ အစွမ်းထက် မိစ္ဆာသားရဲ။
သည်လို မိစ္ဆာသားရဲ တစ်ကောင်ရဲ့ သွေးကို သည်ဂူသင်္ချိုင်း ထဲမှာတော့ မီးထွန်းဖို့ အသုံးပြု နေတယ်။
ကလေးကို သွားပြောရင်တောင် ယုံမှာ မဟုတ်ပါဘူး။
သည်ဂူသင်္ချိုင်းက ဘယ်လို နည်းနဲ့မှ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်ရဲ့ သင်္ချိုင်း မဖြစ်နိုင်ပါဘူး။
လီဖူချန်းက သည်မီးတောက်ကို သိမ်းထား ချင်ပေမဲ့လည်း ဘယ်လိုမှ ကောက်ယူလို့ မရဘူး ဖြစ်နေပါတယ်။ သူ့ရဲ့ ချီအတွင်းအားတွေက မီးတောက်နားကို ရောက်သွားတာနဲ့ လောင်ကျွမ်း ကုန်တယ်လေ။
ပြီးတော့ ရှေးဟောင်း ဆီမီးအိမ်ကြီး ကလည်း ထူးဆန်းသည့် စွမ်းအင်လှိုင်းတွေ ထုတ်ပြီး အပြာရောင် မီးတောက်ကို မူလ နေရာကို ပြန်ဆွဲခေါ် နေပါသေးတယ်။
“သည်ဂူသင်္ချိုင်း ပိုင်ရှင်ရဲ့ ကျင့်ကြံမှု အဆင့်က ဘယ်အထိ ရောက်နေပြီလဲတောင် မခန့်မှန်း နိုင်တော့ဘူးကွာ”
လီဖူချန်းက စိတ်ပျက် လက်ပျက်ဖြင့် ညည်းတွား လိုက်ပါတယ်။
မဟာ ပညာရှင်တွေ ပျောက်သွားတဲ့ ခေတ်အကြောင်းကို မှတ်တမ်း တင်ထားသည့် ကျမ်းစာအုပ်တွေ ကတော့ မိုးပြာရောင် ဂိုဏ်းရဲ့ စာကြည့်တိုက်မှာ ရှိမှာပါပဲ။ ဒါပေမဲ့လည်း သည်အကြောင်းတွေကို ဖတ်ခွင့်ရဖို့ ပြန်လည် ဝင်စားခြင်း နယ်ပယ်ကို ရောက်နေဖို့ လိုအပ်ပါတယ်။ ဒါကြောင့်မို့ အဆင့်နိမ့် နယ်ပယ် ပညာရှင်တွေ ကတော့ သည်အကြောင်းတွေကို သိနိုင်မယ့် အခွင့်အရေး လုံးဝ မရှိပါဘူး။
သည်ခန်းမ ထဲမှာ နောက်ထပ် စိတ်ဝင် စားစရာတွေကို ရှာမတွေ့တဲ့ နောက်မှာတော့ လီဖူချန်းက ခန်းမထဲက ထွက်သွားပါပြီ။
သည်ဂူ သင်္ချိုင်းကြီးက လျှို့ဝှက် ဆန်းကြယ်သလို လမ်းတွေကလည်း ဝင်္ကပါတွေလို ရှုပ်ယှက်ခတ် နေတာပါပဲ။
လီဖူချန်း တစ်ယောက် သည်လမ်းတွေ ပေါ်မှာ အချိန်မည်မျှ ကြာအောင် လျှောက်ခဲ့ပြီး မှန်းတောင် မသိတော့ပါဘူး။
“အိုး ... အခန်း တစ်ခုပါလား”
နောက်ဆုံးမှာတော့ လီဖူချန်းက အခန်း တစ်ခုကို တွေ့လိုက် ရပါပြီ။
ဝုန်း ...
လီဖူချန်း တစ်ယောက် အခန်းထဲကို ဝမ်းသာ အားရဖြင့် ပြေးဝင်သွားမည် အလုပ်မှာပင် ထူးဆန်းတဲ့ စွမ်းအင် လှိုင်းတစ်ခုက လီဖူချန်းကို လွင့်ထွက် သွားစေခဲ့ပါတယ်။
လီဖူချန်းက ကြောင်အအဖြင့် လူးလဲပြီး ပြန်ထ လာပါတယ်။ သည်တစ်ခါတော့ သူက ညာဘက်လက်ကို ဖြည်းညင်းစွာဖြင့် အရှေ့ကို တွန်းပို့လိုက်ပြီး စမ်းသပ်ကြည့် လိုက်ပါပြီ။
သည်အတိုင်း ကြည့်လိုက်မယ် ဆိုရင်တော့ အခန်း ပေါက်ဝမှာ ဘာအတားအဆီးမျှ ရှိသည့်ပုံ မပေါ်ပေမဲ့လည်း တစ်စုံတစ်ရာခကတော့ လီဖူချန်းရဲ့ လက်ကို တားဆီး နေပါတယ်။ အဲသည် အရာက သူ့ရဲ့ လက်ကိုတောင် ထုံကျဉ်သွား စေတယ်လေ။
“ဒါက သိုင်းတာအို အသိဆန္ဒလား”
လီဖူချန်းက တွေးတွေးဆဆဖြင့် ကောက်ချက် ချလိုက်ပါတယ်။
မြေကမ္ဘာအဆင့် သိုင်းတာအို အသိဆန္ဒတွေက အသုံးပြုသူရဲ့ ခန္ဓာကိုယ် ကနေ ခွဲထွက်သွားပြီး သီးခြား ရပ်တည် နိုင်ပါတယ်။
ကြည့်ရတာ သည်အခန်းရဲ့ ဝင်ပေါက်ဝမှာ သိုင်းတာအို အသိဆန္ဒ တစ်ခု ချန်ထားခဲ့သည့် ပုံပါပဲ။ အဲသည် အသိဆန္ဒ မပျက်စီး သရွေ့တော့ အခန်းထဲကို ဘယ်သူမှ ဝင်နိုင်မှာ မဟုတ်ပါဘူး။
လီဖူချန်းက သူ့ရဲ့ နက်ရွှေမှော်ဓားကို ထုတ်လိုက်ပြီး အဝင်ဝက လေဟာနယ်ကို ခုတ်ချ လိုက်ပါတယ်။
တစ်ခုခုက ပေါက်ထွက်သွားတဲ့ ပုံပါပဲ။ အဲသည် အတားအဆီး ပေါက်ကွဲသွားမှု အရှိန်က လီဖူချန်းကိုတောင် ချော်လဲကျ သွားစေခဲ့ပါတယ်။
“အလုပ် ဖြစ်သားပဲ”
လီဖူချန်း ကျေနပ် သွားခဲ့ပါပြီ။ သည်အသိ ဆန္ဒက ဖျက်ဆီးလို့ ရနေသည်ပဲ။
မီးတောက်ကြယ် ဓားဆန္ဒ ...
မျောလွင့်ဓားသိုင်း ဓားဆန္ဒ ...
သည်တံခါး ပေါက်ဝက သိုင်းတာအို အသိဆန္ဒကို ဖျက်ဆီးဖို့ အတွက်ဆို သူ့ရဲ့ ကိုယ်ပိုင် ပညာရပ် ဆန္ဒတွေကို အသုံးပြုဖို့ လိုအပ်ပါတယ်။ ပညာရပ် ဆန္ဒကို အသုံးမပြုဘဲနဲ့တော့ သည်အတားအဆီးကို ဘယ်လိုမှ ကျော်ဖြတ်နိုင်မှာ မဟုတ်ပါဘူး။
တစ်နာရီလောက် မရပ်မနား ကြိုးစားခဲ့ အပြီးမှာတော့ အတားအဆီးက ပျက်စီး သွားခဲ့ပါပြီ။
အခန်းထဲကို လှမ်းဝင်လိုက်တဲ့ အခါမှာတော့ စားပွဲရှည် တစ်ခု ရှိနေတာကို တွေ့လိုက် ရပါတယ်။ စားပွဲရဲ့ အပေါ်မှာတော့ မိစ္ဆာသားရဲ သားရေဖြင့် ပြုလုပ်ထားသည့် စာလိပ်တစ်ခု ရှိနေတယ်လေ။
“ဒါက သေချာပေါက် သိုင်းစာလိပ်ပဲ ဖြစ်ရမယ်”
လီဖူချန်းက စာလိပ်ကို ဖြန့်လိုက်ပြီး မာတိကာကို ဖတ်လိုက်ပါတယ်။
“မူလ အဆီအနှစ် အတွင်းအား ပညာရပ်။ ဆန်းကြယ် အလယ်အလတ် အဆင့်။ သည်ကျင့်စဉ်ကို အောင်မြင် သွားခဲ့ရင် လေ့ကျင့်သူရဲ့ ခန္ဓာကိုယ်ထဲမှာ သိပ်သည်းပြီး သန့်စင်တဲ့ မူလ အဆီအနှစ် ချီအတွင်းအားတွေ ဖြစ်ပေါ် လာလိမ့်မယ်။ သည်ပညာရပ်က လေ့ကျင့်သူကို အသက်၁၀၀ ပိုပြီး ဆွဲဆန့်ပေး နိုင်တယ်”
လီဖူချန်းက မျက်ခုံးတွေတောင် ပင့်လိုက် ရပါပြီ။
လူ့သက်တမ်းကို ဆွဲဆန့် ပေးနိုင်သည့် အတွင်းအား ကျင့်စဉ်တွေ ဆိုတာက အင်မတန် ရှားပါးသည် မဟုတ်ပါလား။
အဓိက ကျင့်စဉ် အများက ချီအတွင်းအား တွေကို ပိုပြီး သန့်စင်ပေးတဲ့ ကျင့်စဉ်တွေ ပါပဲလေ။
ပြန်လည် ဝင်စားခြင်း နယ်ပယ်ကို မရောက်သေးတဲ့ သိုင်းပညာရှင်တွေရဲ့ ပျမ်းမျှ အသက်ကတော့ ၁၀၀ ဝန်းကျင်ပါပဲ။
လီဖူချန်းရဲ့ အစစ်အမှန် ငရဲမီးတောက် ပညာရပ် ဆိုရင် လူကို အသက်ရှည်ဖို့ မပြောနှင့်။ လုံလောက်တဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုသာ မရှိခဲ့ရင် မီးလောင်ပြီးတောင် သေသွား နိုင်ပါတယ်။
“သည်ကျင့်စဉ်က င့ါမိဘတွေ အတွက် သင့်တော်တယ်”
သည်ကျင့်စဉ်နဲ့ ဆိုရင်တော့ လီဖူချန်းရဲ့ မိဘတွေကတော့ အသက်၁၀၀လောက် ပိုရှည်သွား ပါလိမ့်မယ်။
လီဖူချန်း ကိုယ်တိုင်ကတော့ ပြန်လည် ဝင်စားခြင်း နယ်ပယ်ထက် မြင့်တဲ့ နေရာတွေကို ရောက်အောင် လေ့ကျင်မှာ ဆိုတော့ မလိုတော့ပါဘူးလေ။
စာလိပ်ကို သိုလှောင်အိတ်ထဲ ထည့်ပြီး လီဖူချန်းက အခန်းထဲက ထွက်ခဲ့ပါပြီ။
တစ်ချိန်တည်းမှာပဲ အခြားသော တိုက်ရိုက် တပည့်တွေ ကလည်း သူတို့ရဲ့ ပထမဦးဆုံး အခန်း ကိုယ်စီကို ရှာတွေ့သွား ခဲ့ပါတယ်။
စုမုယူက လွဲပြီး အခြားသော သူတွေက ဆန်းကြယ် အလယ်အလတ် ဆန္ဒတွေကို မပိုင်ဆိုင်သေးတဲ့ အတွက် အချိန်တို အတွင်းမှာတော့ သူတို့က အခန်းထဲကို ဝင်နိုင်မှာ မဟုတ်သေးပါဘူး။
လီဖူချန်းက လျှောက်သွား နေရင်းနဲ့ ရုတ်တရက် ဆဲဆိုနေတဲ့ အသံတစ်ခုကို ကြားလိုက် ရပါတယ်။
“ငါ့လခွီး ပဲကွာ ... ။ သည်အတားအဆီး ဆန္ဒက ဘာဖြစ်လို့ သည်လောက် အထိ ဖျက်ဆီးရ ခက်နေတာလဲ။ ငါနှစ်နာရီလောက် ဆက်တိုက် ကြိုးစား နေတာတောင် အခုထက်ထိ မရသေးဘူး”
ဟူဟိုင်းရှန်က တံခါးဝကို သူ့ရဲ့ ဆူးသီးတပ် တုတ်ဖြင့် ရိုက်ဖွင့်နေရင်း ဆဲဆို နေတယ်လေ။
ဟူဟိုင်းရှန်က ရုတ်တရက် အသံတစ်ခုကို ကြားလိုက်ရတဲ့ အတွက် ချက်ချင်း လှည့်ကြည့် လိုက်ပါတယ်။
အနက်ရောင် အလင်းတန်း တစ်ခုက သူ့ဆီကို တိုးဝင် လာနေပါပြီ။ ပြီးတော့ အဲသည် အရာက လမ်းတစ်ဝက်မှာပဲ ပျောက်သွားတယ်လေ။
“အန္တရာယ်"
ဟူဟိုင်းရှန်းရဲ့ ကျောရိုးထဲက နေပြီး အေးစိမ့် လာခဲ့ပါတယ်။ သူက ဘေးကို ချက်ချင်း ကပ်လိုက် ပေမဲ့လည်း အနည်းမျှ နောက်ကျ သွားခဲ့ပါပြီ။
ဖောက် ...
အနက်ရောင် အရာဝတ္ထု တစ်ခုက သူ့ရဲ့ ကျောကနေ ဖောက်ထွက်သွားပြီး နံရံမှာ သွားစိုက် နေပါတယ်။
“သေစမ်း"
လီဖူချန်းက အမှောင်ရိပ်ထဲ ကနေ ရုတ်တရက် ထွက်လာပြီး တိုက်ခိုက် လိုက်ပါတယ်။
“လီဖူချန်း ... မင်းက ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ”
ဟူဟိုင်းရှန်က ဒဏ်ရာ အပြင်းအထန် ရသွားသော်လည်း အခုထက် အထိတော့ မြေကမ္ဘာနယ်ပယ် အဆင့်၈က ပညာရှင် ဖြစ်နေတုန်းပါပဲ။
သူရဲ့ ဆူးသီးတပ် တုတ်ကို မြှောက်ပြီး ဟူဟိုင်းရှန်က ခုခံလိုက်ပါတယ်။
ထန် ...
မီးပွင့်လေးတွေ ဖြစ်ပေါ်လာပြီး ဟူဟိုင်းရှန်က အနောက်ကို လွင့်ထွက် သွားခဲ့ပါတယ်။ သူ့ရဲ့ ပါးစပ် ကနေလည်း သွေးစိမ်းရှင်ရှင် တစ်လုတ် အန်ထွက် လာခဲ့ပါပြီ။
လီဖူချန်းက သူ့ရဲ့ မြေကမ္ဘာအဆင့် လက်နက် အပိုင်းအစနဲ့ ဟူဟိုင်းရှန်ကို မသတ်နိုင်ခဲ့တဲ့ အတွက်တော့ စိတ်ဓာတ် မကျသွားခဲ့ပါဘူး။
ငွေဝတ်ရုံ ဂိုဏ်းက လျူကောင်းဖန်ကို သတ်တုန်းကတော့ တစ်ဖက်လူက သူ့ရဲ့ တည်ရှိမှုကို မရိပ်မိ ခဲ့ဘူးလေ။
ဟူဟိုင်းရှန် ကတော့ သတိပြုမိ သွားတဲ့အတွက် အနည်းငယ် ရှောင်လိုက် နိုင်ပါတယ်။ အဲဒါကြောင့် မြေကမ္ဘာ လက်နက် အပိုင်းအစက သူ့ရဲ့ နှလုံးကနေ အနည်းငယ်လေး ကပ်ပြီး လွဲသွား ခဲ့တာပါ။
“လီဖူချန်း ... မင်း ... မင်း ... ငါ့ကို အလစ် လုပ်ကြံရဲတာလား ... ။ ငါတို့ ကောင်းကင် နတ်ဆိုးဂိုဏ်းက မင်းကို သည်အတိုင်း လွှတ်ထားမှာ မဟုတ်ဘူးနော်"
ဟူဟိုင်းရှန်က ကြောက်ကြောက် လန့်လန့်ဖြင့် လီဖူချန်းကို ခြိမ်းခြောက် လိုက်ပါသေးတယ်။
***