ကြယ်ကျောက်တုံး
Vol. 15 Ch. 210
“ငါက မင်းကို ဘာလို့ မသတ်ဘဲ ထားရင်ကော မင်းတို့ ကောင်းကင် နတ်ဆိုးဂိုဏ်းက ငါ့ကို သည်အတိုင်း လွှတ်ထားမှာလား ... "
လီဖူချန်းက ရယ်ရလွန်းလို့ အူတက် မတက်တောင် ဖြစ်နေပါပြီ။ အစောပိုင်းတုန်းက တကယ့် သိုင်းသူရဲကောင်းကြီး တစ်ယောက်လို ပြုမူနေတဲ့ ဟူဟိုင်းရှန်က အခုတော့လည်း မျက်နှာငယ်လေး ဖြစ်နေသည် မဟုတ်ပါလား။ ဂိုဏ်းနဲ့တောင် ဆွဲပြီး ခြိမ်းခြောက် လိုက်ပါသေးတယ်။
လူတစ်ယောက်ရဲ့ တကယ့် အစစ်အမှန် ဇာတိရုပ် ဆိုတာ သေခါနီးမှ ပေါ်တတ် လေသည်လား။
တကယ့် သိုင်းသူရဲကောင်း တစ်ယောက် ဆိုတာက ပျော်ပျော်ကြီး သတ်ရဲသလို ရဲရဲကြီးလည်း အသေခံဝံ့ သူတွေလေ။
သည် ဟူဟိုင်းရှန်က အဲလို လူစားထဲမှာ မပါဘူး ဆိုတာ အရမ်းသိသာ နေလွန်းပါတယ်။
သူက အားနည်းသည့် လူတွေကိုပဲ အနိုင်ကျင့် တတ်သည့် လူ တစ်ယောက်ပါပဲ။
“မင်းငါ့ကို သတ်လိုက်မယ် ဆိုရင် ... ငါတို့ ကောင်းကင် နတ်ဆိုးဂိုဏ်းကို တကယ် ရန်စလိုက်သလို ဖြစ်သွားမှာပဲ။ ငါက မင်းကို အမှား မလုပ်စေချင်ဘူး။
ဟူဟိုင်းရှန်းက ဒဏ်ရာ အကြီးအကျယ် ရနေပါပြီ။ အစောပိုင်းတုန်းက လီဖူချန်း ပစ်လိုက်သည့် အရာက တကယ်ပဲ အစွမ်း ထက်လှသည်လေ။ သူထင်တာ မမှားဘူး ဆိုရင်တော့ မြေကမ္ဘာ အဆင့် လက်နက် အပိုင်းအစ တစ်ခုပဲ ဖြစ်ပါလိမ့်မည်။ ပြီးတော့ အဲသည် အစိတ်အပိုင်းမှာက ထူးခြားတဲ့ ဂုဏ်သတ္တိ တစ်ခုလည်း ရှိနေလောက် ပါသေးတယ်။
“သည်လိုလုပ် ... ငါ့မှာရှိတဲ့ အဖိုးတန် ပစ္စည်းတွေကို ပေးမယ်ကွာ”
သေမင်းနဲ့ လက်တစ်ကမ်း အလိုမှာ ရောက်နေပြီ ဆိုတာကို သတိပြုမိတဲ့ ဟူဟိုင်းရှန်က လီဖူချန်းကို ညှိနှိုင်းဖို့ ကြိုးစား နေပါတယ်။
“မင်းရဲ့ ပစ္စည်းတွေကိုလည်း ယူမယ်။ မင်းကိုလည်း သတ်မယ်”
လီဖူချန်းကတော့ တစ်လှမ်းချင်း လျှောက်လှမ်း လာခဲ့ပါပြီ။
“လီဖူချန်း ... မင်းငါ့ကို သတ်လိုက်မယ် ဆိုရင် မိုးအဆုံး၊ မြေအဆုံး ပြေးလို့တောင် လွတ်မှာ မဟုတ်ဘူးနော်။ ပြီးတော့ ငါတို့ ကောင်းကင် နတ်ဆိုးဂိုဏ်းက မင်းရဲ့ တစ်ကလန်လုံးကိုပါ သုတ်သင် ပစ်လိမ့်မယ်”
ဟူဟိုင်းရှန်က နောက်ကိုသာ တစ်ဆုတ်တည်း ဆုတ်ရင်းနဲ့ ဖြစ်လာနိုင်သည့် အကျိုးဆက်တွေကို ရှင်းပြနေ ပါသေးတယ်။
“မင်းက သေခါနီးတောင် စောက်စကား များနေသေးတာပဲ”
လီဖူချန်းကတော့ အေးစက်စက် ပြုံးရင်း ချဉ်းကပ် လာပါတယ်။ သူက ဟူဟိုင်းရှန်းကို သေအောင် သတ်နိုင်မလား ဆိုတာ သိပ်မသေချာ သေးတဲ့အတွက် ဟူဟိုင်းရှန်ရဲ့ စိတ်ဓာတ်ကို အရင် ရိုက်ချိုးဖို့ ကြိုးစား နေတာပါ။
အခု ချိန်မှာတော့ ဟူဟိုင်းရှန်ရဲ့ တိုက်ပွဲဝင် စိတ်ဓာတ်ကလည်း လီဖူချန်းရဲ့ အမူအရာတွေ အောက်မှာ တစ်စစီ ရိုက်ချိုး ခံလိုက် ရပါပြီ။
လီဖူချန်းက ဟူဟိုင်းရှန်ကို လုံးဝ မကြောက်တော့ပါဘူး။
“မီးတောက်ကြယ် ... လောင်ကျွမ်းစမ်း”
“ဆူးသီးတပ်တုတ် ကာကွယ်စမ်း”
ဟူဟိုင်းရှန်ရဲ့ ဆူးသီးနဲ့ တုတ်ကို ဆက်ထားတဲ့ သံကြိုးက ရုတ်တရက် ရှည်ထွက်လာပြီး လီဖူချန်းရဲ့ ဓားချက်ကို ခုခံလိုက် ပါသေးတယ်။
ဒါပေမဲ့လဲ ဒဏ်ရာ အကြီးအကျယ် ရနေတဲ့ ဟူဟိုင်းရှန်ရဲ့ လှုပ်ရှားမှုတွေက အရင်လို မမြန်တော့ ပါဘူးလေ။
ရွပ် ... ရွပ် ...
လီဖူချန်းရဲ့ ဓားချက် နှစ်ချက်က ဟူဟိုင်းရှန်ရဲ့ ရင်ဘတ်နဲ့ ဘယ်ဘက် ပခုံးကို ထိုးစိုက် သွားပါတော့တယ်။
ဒါပေမဲ့ ဟူဟိုင်းရှန်ကို သေစေလောက်တဲ့ အထိတော့ မစွမ်းဆောင် နိုင်သေးပါဘူး။
ချလွမ် ... ဒုန်း ...
ဟူဟိုင်းရှန်က သူ့ရဲ့ ဆူးသီးတပ် တုတ်ကို ပစ်ချလိုက်ပြီး အလျင်အမြန် ဒူးထောက်ချ လိုက်ပါတယ်။
"ညီ ... ညီလေးလီ ... အစ်ကိုကြီးကို မ ... မသတ်ပါနဲ့ကွာ။ အစ်ကို မှားတာကို သိ ... သိပါပြီ။ အစ် ... အစ်ကိုကြီး သစ္စာ ဆိုပါတယ်ကွာ။ နောက်ဘယ်တော့မှ ညီလေးကို ပြဿနာ မရှာတော့ပါဘူး”
ဟူဟိုင်းရှန်က တကယ်ကြီးကို နောင်တ ရနေပါပြီ။ သူက တိုက်ရိုက်တပည့် တစ်ယောက်လေ။ အနာဂတ်မှာ ပိုပြီး လှပနိုင်သေးသည် မဟုတ်ပါလား။ အကယ်လို့ သူသာ မသေသေးဘူး ဆိုရင် အများကြီး ဖြစ်နိုင်ပါ သေးတယ်။
'ဘာဖြစ်လို့များ ... လီဖူချန်းကို ရန်သွားစခဲ့ မိပါလိမ့်'
ဒါကတော့ သူနောက်ဆုံး တွေးမိလိုက်တဲ့ အတွေး တစ်ခုပါပဲ။
ရွှမ်း ...
လီဖူချန်းရဲ့ ဓားက သူ့ဦးခေါင်းကို ဖြတ်သွား ခဲ့ပါပြီ။
ဦးခေါင်းပြတ် သွားတာတောင်မှ ဟူဟိုင်းရှန်က သူ့ကံကြမ္မာကို လက်မခံ နိုင်သေး ပါဘူးလေ။
ဟူဟိုင်းရှန်က မသေခင်လေးမှာ 'အကယ်၍ နောက်ဘဝများ ရှိခဲ့ရင် လီဖူချန်းလို ကောင်မျိုးနဲ့ ဝေးဝေး ရှောင်ရပါ လို၏' ဟု ဆုတောင်း ခဲ့မည်လေလား။
“ဟူး ... "
လီဖူချန်းက လေပူ တစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး သူ့ရဲ့ဓားကို ပြန်သိမ်း လိုက်ပါပြီ။
ဓားတာအို လမ်းစဉ်က သူထင်ထားတာ ထက်တောင် ပိုပြီးတော့ ခက်ခဲကြမ်းတမ်း လှပါသည်လေ။
သည်လမ်းစဉ် တစ်လျှောက်မှာတော့ သွေးနဲ့ သတ်ဖြတ်မှုတွေ ဆိုတာ ဒွန်တွဲ တည်ရှိနေမှာပါ။ လီဖူချန်းက သတ်ဖြတ်ခြင်းကို ရွံမုန်းပေမဲ့လည်း လိုအပ် လာရင်တော့ သတ်ဖြတ်ရမယ် ဆိုတာကို ကောင်းကောင်း သဘောပေါက် ထားပါတယ်။
ထို့နောက်မှာတော့ လီဖူချန်းက ဟူဟိုင်းရှန်ရဲ့ သိုလှောင်အိတ်ကို ရှာဖွေ တွေ့ရှိသွားပြီ။
သူ့ရဲ့ အတွင်းအားတွေကို ပို့ဆောင်လိုက်တဲ့ အခါမှာတော့ သိုလှောင်အိတ်က ပွင့်သွား ခဲ့တယ်လေ။
အထဲမှာတော့ ရွှေကတ်ပြား အနည်းငယ်နဲ့ ဆေးဝါး အမြောက်အမြား ရှိနေပါတယ်။ ပြီးတော့ ထူးဆန်းတဲ့ ကျောက်တုံး တစ်တုံးပေါ့။
“သည်ကျောက်တုံးက ... "
လီဖူချန်းက သူ့ရဲ့ ဦးနှောက်ကို အလျင်အမြန် အလုပ်ပေး လိုက်ပါတယ်။
သိပ်မကြာခင်မှာပဲ နာမည်တစ်ခု ပေါ်လာ ခဲ့ပါပြီ။
“ကြယ်ကျောက်တုံး ... ။ ဒါက ကြယ်တာရာ လမ်းမ လျှို့ဝှက် နယ်မြေကို ဝင်လို့ရတဲ့ သော့ပဲ”
ကောလာဟလတွေ အရဆိုရင်တော့ သည်ကျောက်တုံးတွေက ကောင်းကင် ဘုံကနေ ကျလာတာပါ။
တစ်နေ့မှာ တိုက်ပွဲတစ်ရာ နယ်မြေရဲ့ ကောင်းကင်ကြီး တစ်ခုလုံး နီရဲလာပြီး ဥက္ကာခဲတွေ ကျလာ ပါတယ်တဲ့။ သည်ကြယ် ကျောက်တုံးတွေကတော့ အဲသည် ဥက္ကာခဲတွေနဲ့ အတူ ပါလာတာပါ။
သည်ကြယ် ကျောက်တုံးတွေကို အချိန် အတော်ကြာ လေ့လာ အပြီးမှာတော့ လျှို့ဝှက်ချက် တွေကို သိရှိခဲ့ ရပါတယ်။
အသက် ၃၅နှစ်အောက် မြေကမ္ဘာ နယ်ပယ် ပညာရှင်တွေသာလျှင် သည်လျှို့ဝှက် နယ်မြေထဲကို ဝင်နိုင်မယ် ဆိုတာကို သိရဖို့ အတွက်တော့ ကြယ်ကျောက်တုံး တော်တော်များများကို ဖြုန်းတီးလိုက် ရပါသေးတယ်။
သည်ကြယ် ကျောက်တုံး တစ်တုံးကို ရဖို့အတွက် ငွေရှိတိုင်းတောင် ဝယ်လို့ မရပါဘူး။ တကယ် ကံကောင်း လွန်းမှသာ ရရှိနိုင်တာပါ။
“သည်ဟူဟိုင်းရှန်က ကံတော့ တော်တော် ကောင်းတာပဲ။ နှမြောစရာ ကောင်းတာက သည်ကျောက်တုံးကို အသုံးမပြု လိုက်ရတာပဲ။ အေးလေ ... ရတနာ ဆိုတာက လူကောင်း သူကောင်းနဲ့ပဲ ထိုက်တန်တာကိုး"
လီဖူချန်းကတော့ ကြယ်တာရာ လမ်းမ လျှို့ဝှက် နယ်မြေထဲကို နောက်မှပဲ ဝင်ဖို့ စဉ်းစားထား လိုက်ပါတယ်။ ပထမဦးဆုံး အနေနဲ့ သည်ဂူသင်္ချိုင်း ထဲက ထွက်ခွာနိုင်ဖို့ လိုသေးသည် မဟုတ်ပါလား။
ထို့နောက်မှာတော့ လီဖူချန်းက အခန်းထဲကို ဝင်ဖို့အတွက် အာရုံစိုက် လိုက်ပါတယ်။
သည်အခန်းရဲ့ အတားအဆီး ဆန္ဒက လီဖူချန်း ကြုံခဲ့ရသည့် တံခါးထက်ကို ပိုကောင်းနေပါတယ်။ ဒါကြောင့်လည်း ဟူဟိုင်းရှန်က လီဖူချန်းရဲ့ အလစ် တိုက်ခိုက်ခြင်းကို ခံလိုက်ရတာ ဖြစ်ပါမည်။
တစ်နာရီမျှ အကြာမှာတော့ အခန်းရဲ့ အတားအဆီး ဆန္ဒကို ဖျက်ဆီးပစ်လိုက် နိုင်ပါပြီ။
အရင် အခန်းလိုပဲ သည်အခန်း ထဲမှာလည်း စားပွဲရှည်ကြီး တစ်ခုနဲ့ မိစ္ဆာသားရဲ သားရေလိပ် တစ်ခု ရှိနေပါတယ်လေ။
ဖွင့်ဖတ် ကြည့်လိုက်တဲ့ အခါမှာတော့ …
'မူလ အသက်ရင်းမြစ် နည်းစနစ်။ ကြယ်သုံးပွင့် လျှို့ဝှက် နည်းစနစ် ဖြစ်သည်။ လူတစ်ယောက်ရဲ့ အသက်ဓာတ် စွမ်းအင်ကို အသုံးပြုပြီး ဒဏ်ရာတွေကိုလည်း ချက်ချင်း ပြန်လည် ကောင်းမွန်အောင် ကုသပေးနိုင်သည်။ အရမ်း အစွမ်းထက်သည့် နည်းစနစ် ဖြစ်တဲ့အတွက် သတိနဲ့ယှဉ်ပြီး အသုံးပြုပါ'
“အိုး ... ဒါက ကုသမှု အမျိုးအစား လျှို့ဝှက် နည်းစနစ်ပဲ”
လီဖူချန်းရဲ့ မျက်လုံးတွေက အရောင်တောက် သွားပါပြီ။
ကျင့်ကြံခြင်း လောကမှာတော့ ဒဏ်ရာ မရဖူးသည့် လူဆိုတာ မရှိသေးပါဘူး။ တော်ရုံတန်ရုံ ဒဏ်ရာလောက် ဆိုရင်တော့ ကိစ္စမရှိပါဘူး။ ဒါပေမဲ့ တချို့ ဒဏ်ရာတွေက သိုင်းပညာရှင်တွေကို သေလုမြောပါး ဖြစ်စေနိုင်သည်လေ။ မူလ အသက်ရင်းမြစ် လျှို့ဝှက် နည်းစနစ်ကို ကျင့်ကြံ ထားရင်တော့ ဒဏ်ရာတွေကို တစ်မုဟုတ်ချင်း ပြန်ကောင်းစေမည် မဟုတ်ပါလား။ သည်လျှို့ဝှက် နည်းစနစ်ရဲ့ အသုံးဝင်မှုက ကြယ်၄ပွင့် လျှို့ဝှက် နည်းစနစ်တွေ နှင့်တောင် ယှဉ်နိုင်မှာပါ။
ဒါပေမဲ့လည်း ရယူမှုတိုင်းမှာ ပေးဆပ်မှုတွေ ကတော့ ရှိစမြဲပါပဲ။
သည် မူလ အသက်ရင်းမြစ် လျှို့ဝှက် နည်းစနစ်ကို အသုံးပြု လိုက်တိုင်းမှာ အသုံးပြုသူရဲ့ အသက်ဓာတ်က လျော့ပါး သွားမှာပါ။ အသက်ဓာတ် အားလုံး ကုန်သွားရင်တော့ လူလည်း သေပါပြီ။
လူတစ်ယောက်က သေလုမြောပါး ဒဏ်ရာ ရနေမှတော့ ဘာဖြစ်လို့ အသက်ဓာတ်ကို ဂရုစိုက် နေရဦးမည်နည်း။
လူတစ်ယောက်လုံး အသက်ရှင် ကျန်နေမှတော့ အသက်ဓာတ် ကလည်း ပြန်လည်တိုးပွား လာနိုင်သည် မဟုတ်ပါလား။
“သည်နည်းစနစ်ကို အောင်မြင် သွားရင်တော့ အသက် အပိုတစ်ခု ရလိုက်သလို နေမှာပဲ"
လီဖူချန်းက သည်သားရေလိပ် ကိုလည်း သိုလှောင်အိတ်ထဲ ထည့်ပြီး ထွက်သွား ပါတော့တယ်။
ဒါပေမဲ့ လီဖူချန်း မသိလိုက်တာ တစ်ခုကတော့ သူထွက်သွားပြီး သိပ်မကြာခင်မှာပဲ ဟူဟိုင်းရှန်ရဲ့ ဦးခေါင်းက ခန္ဓာကိုယ်နဲ့ ပြန်ဆက်သွားပြီး အကောင်း ပကတိ ဖြစ်သွားတယ် ဆိုတာပါပဲ။ သူ့ရဲ့ မျက်လုံး သူငယ်အိမ်တွေက အနက်ရောင် လုံးလုံး ဖြစ်နေပြီး မျက်ဆန်တွေ ကတော့ အဖြူရောင် ဖြစ်နေပါတယ်။ ဒါက လုံးဝကို လူတစ်ယောက်ရဲ့ မျက်လုံးတွေနဲ့ မတူတော့ပါဘူး။
သူ့ရဲ့ ဒဏ်ရာတွေ အားလုံးကလည်း ပြန်ပိတ်သွားပြီး နဂိုမူလ အတိုင်း ပြန်ဖြစ် လာပါတယ်။
“ခိ ... ခိ ... ။ ခန္ဓာကိုယ် တစ်ခုကို ပြန်ရ လိုက်တာက လုံးဝကို နေသာထိုင်သာ ရှိစေတာပဲ။ ဒါပေမဲ့လည်း သည်ခန္ဓာကိုယ်က အရမ်း အားနည်းလွန်းတယ်။ ငါနဲ့ လိုက်ဖက်မယ့် ခန္ဓာကိုယ်ကို မြန်မြန်ရှာမှ ဖြစ်မယ်”
ဟူဟိုင်းရှန်က တစ်တောင်လောက် ရှည်သည့် သူ၏လျှာကြီးကို ထုတ်လိုက်ပြီး နှုတ်ခမ်းသပ် လိုက်ပါသေးသည်။
***
“လီဖူချန်း ... "
လီဖူချန်းက လမ်းချိုး တစ်ခုထဲကို ကွေ့ဝင်လိုက်တဲ့ အခါမှာတော့ သူ့နာမည်ကို အားကိုးတကြီးနဲ့ ခေါ်လိုက်တဲ့ အသံကို ကြားလိုက် ရပါတယ်။
အသံပိုင်ရှင် ကတော့ ဖန်ကျင်းယု ပါပဲ။
သူမက အခန်း တစ်ခုရဲ့ အရှေ့မှာ စိတ်ပျက်လက်ပျက် ထိုင်နေသည်လေ။
“အခုထက်ထိ မရသေးဘူးလား”
လီဖူချန်းက မေးလိုက်ပါတယ်။
ဖန်ကျင်းယုက ခေါင်းညိတ်လိုက်ပြီး …
“သည်အခန်းရဲ့ အတားအဆီးက ပညာရပ် အသိဆန္ဒနဲ့ပဲ ဖျက်ဆီးလို့ ရမှာ။ ညီမရဲ့ ပညာရပ် ဆန္ဒက အရမ်းအားနည်း နေသေးတယ်”
“ငါပါ ဝင်ပြီး ကူပေးမယ်လေ”
လီဖူချန်းက သူ့ရဲ့ မီးတောက်ကြယ် ဓားဆန္ဒကို ထုတ်ပြီး အတားအဆီးကို ချိုးဖျက်ဖို့ ကြိုးစား လိုက်ပါတယ်။
အချိန်အတော် အကြာမှာတော့ အတားအဆီးက ပျက်စီး သွားခဲ့ပါပြီ။
“ကျေးဇူးပဲ"
ဖန်ကျင်းယုရဲ့ မျက်လုံးတွေက အရောင်တောက် သွားပါတယ်။
သူမကလည်း လီချန်းနည်းတူ သည်ဂူသင်္ချိုင်းက ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်ရဲ့ ဂူသင်္ချိုင်း မဟုတ်ဘူးဆိုတာ ရိပ်စားမိ နေပါပြီ။
သည်ဂူသင်္ချိုင်းက တိုက်ပွဲဝိညာဉ် နယ်ပယ်က ပညာရှင် တစ်ယောက်ရဲ့ ဂူသင်္ချိုင်း ဖြစ်ပါလိမ့်မည်။
တိုက်ပွဲဝိညာဉ် နယ်ပယ် ပညာရှင် တစ်ယောက်ရဲ့ ဂူသင်္ချိုင်းကပဲ သည်လောက် အထိ ထူးခြားဆန်းကြယ် နေနိုင်တာပါ။
“သွား ... အထဲကို ဝင်သွားလိုက်။ ငါသည်ကနေ စောင့်နေမယ်”
လီဖူချန်းက ဖန်ကျင်းယုကို တိုက်တွန်း လိုက်ပါတယ်။
“အင်း”
ဖန်ကျင်းယုက ခေါင်းညိတ်ပြီး ဝင်သွားပါတယ်။
သိပ်မကြာခင်မှာပဲ ဖန်ကျင်းယုက စိတ်လှုပ်ရှားစွာဖြင့် ပြန်ထွက်လာ ခဲ့ပါပြီ။
သူမရဲ့ လက်ထဲမှာတော့ မိစ္ဆာသားရဲ သားရေလိပ် တစ်ခုကို ကိုင်လာပါတယ်။
“ဒါက ကြယ်သုံးပွင့် အဆင့် လျှို့ဝှက် နည်းစနစ်ပဲဟ။ အသားအရေ သန့်စင်ပေးတဲ့ ပညာရပ်လေ။ သည်နည်းစနစ်က လေ့ကျင့်တဲ့ သူကို ဆယ်ကျော်သက်လေး တစ်ယောက်လို အမြဲနုပျို စေနိုင်တယ်”
ဖန်ကျင်းယုကတော့ အရမ်းကို ပျော်နေသည့် ပုံပါပဲ။
'ဒါက ကြယ်သုံးပွင့်အဆင့် လျှို့ဝှက် နည်းစနစ် ဆိုပေမဲ့ မင်းကို အသားအရေ ချောမွေ့ပြီး အရွယ်တင် နုပျိုစေနိုင်တာပဲ ရှိတာလေ။ ပြောရမယ် ဆိုရင် ကြယ်တစ်ပွင့် လျှို့ဝှက် နည်းစနစ်လောက်တောက် အစွမ်းထက်တာ မဟုတ်ဘူး။ ဒါကို ဘာဖြစ်လို့ ဖန်ကျင်းယုက အဖိုး မဖြတ်နိုင်သည့် ကျင့်စဉ်ကို ရလာသလို ပျော်နေပါလိမ့်'
လီဖူချန်းက စိတ်ထဲမှာ ကျိတ်ပြီး တွေးနေမိပါတယ်။
"ကြည့်ရတာ သည်ဂူသင်္ချိုင်း ပိုင်ရှင်က ကျန်းမာရေးနဲ့ အသက်အရွယ် နုပျိုမှုကို တော်တော် ဂရုစိုက်တာပဲ”
လီဖူချန်းက ရယ်ပြီး ပြောလိုက်ပါတယ်။
မူလအဆီအနှစ် နည်းစနစ်။ မူလ အသက်ရင်းမြစ် နည်းစနစ်။ အခုတစ်ခါ ထပ်ပြီး တွေ့တာကလည်း အသားအရေ လှပစေတဲ့ နည်းစနစ်။
သည်နည်းစနစ်တွေ အားလုံးက ကျန်းမာရေးနဲ့ အသက် ဓာတ်တွေကို အားပေးတဲ့ နည်းစနစ်တွေပဲ မဟုတ်ပါလား။
“အစ်ကိုကော ဘာနည်းစနစ်တွေ ရခဲ့လဲ”
ဖန်ကျင်းယုက လီဖူချန်းကို မေးလိုက်ပါတယ်။
လီဖူချန်း ပြုံးပြီး …
“ငါကတော့ ဆန်းကြယ် အလယ်အလတ် အဆင့် မူလ အဆီအနှစ် ဆိုတဲ့ အတွင်းအား ကျင့်စဉ်ရယ်၊ ကုသမှုပိုင်းမှာ အသုံးဝင်တဲ့ မူလ အသက်ရင်းမြစ် ဆိုတဲ့ ကြယ်သုံးပွင့် လျှို့ဝှက် နည်းစနစ် တစ်ခု ရခဲ့တယ်။ ငါတို့ အပြင်ရောက်ရင် အတူတူ လေ့ကျင့် ကြတာပေါ့”
သည်နည်း စနစ်တွေက တန်ဖိုး ရှိပေမဲ့လည်း လီဖူချန်းက တစ်ယောက်တည်း မောင်ပိုင်စီးဖို့တော့ မစဉ်းစားထားပါဘူး ။
သူတို့သုံးယောက် အစောကြီး ကတည်းက တိုင်ပင်ထားတာ ကတော့ သည်ဂူသင်္ချိုင်းမှာ ရလာတဲ့ ပညာရပ်တွေကို အတူတူ လေ့ကျင့်မယ် ဆိုတာပါပဲ။
“သည်ဂူ သင်္ချိုင်းထဲမှာ ကြယ်လေးပွင့် ဒါမှမဟုတ် ငါးပွင့် အဆင့်ရှိတဲ့ လျှို့ဝှက် နည်းစနစ်တွေ ရှိနေမယ် လို့ကော အစ်ကိုထင်လား”
ဖန်ကျင်းယုက ထပ်မေး လိုက်ပါသေးတယ်။
လီဖူချန်းက ခေါင်းကုတ်လိုက်ပြီး သူ့အထက်ကို ပြောလိုက်ပါတယ်။
“ရှိမယ်လို့တော့ ထင်တာပဲ။ ဒါပေမဲ့ သည်ဂူ သင်္ချိုင်းက သိပ်မူမမှန်ဘူးလို့ ငါခံစား နေရတယ်။ သည်ဂူ သင်္ချိုင်းထဲက မြန်မြန် ထွက်နိုင်ရင် ပိုကောင်းမယ် ထင်တယ်”
***