တိုက်ရပြန်ပြီ
Vol. 16 Ch. 211
ဒီသင်္ချိုင်းဂူက ဝင်္ကပါတစ်ခုလို ရှုပ်ထွေးပွေလီ နေပေမဲ့လည်း ဖန်ကျင်းယုကတော့ အတော်လေးကို ကံကောင်းတယ်လို့ ပြောရပေမည်။ ဒီလောက် လူတွေ အများကြီးထဲမှာမှ သူမက လီဖူချန်းနှင့် တွေ့ဆုံခဲ့သည် မဟုတ်ပါလား။ နောက်ထပ်၂နာရီ လုံးလုံး သူမတို့ နှစ်ယောက် ဒီသင်္ချိုင်းဂူအနှံ့ လျှောက်သွား နေခဲ့သော်လည်း မည်သူနှင့်မျှ ထပ်မတွေ့ရတော့သည့် အပြင် နောက်ထပ် အခန်းတွေကိုလည်း ရှာမတွေ့ခဲ့ပါဘူး။
သူတို့နှစ်ယောက်ဟာ သင်္ချိုင်းဂူရဲ့ အနက်ရှိုင်းဆုံး အပိုင်းတွေ ထဲကို
တဖြည်းဖြည်းနဲ့ ဝင်ရောက် သွားကြပါပြီ။ သူတို့ရဲ့ အသိစိတ် အာရုံနယ်ပယ် ကလည်း တဖြည်းဖြည်း လျော့ကျလာတဲ့ အတွက် နှစ်ယောက်စလုံးဟာ ခြေဦးတည့်ရာ ကိုပဲ ဆက်လျှောက် နေပါတယ်။
နောက်ထပ်၂နာရီ အကြာမှာတော့ သူတို့နှစ်ယောက်ဟာ နောက်ထပ် လူတစ်ယောက်နဲ့ ထပ်တွေ့ သွားခဲ့ပါပြီ။
အဲဒီလူကတော့ လီဖူချန်းရဲ့ ချစ်မိတ်တွေကြီး လီဝူရှုပါပဲ။ လီဖူချန်းက တွေ့ရာသင်္ချိုင်း ဓားမဆိုင်း သတ်မည်ဟု ကြိမ်းဝါး ထားဖူးသည့် သူပါ။
ဒါပေမဲ့ အခုတွေ့လိုက်ရတာ လီဝူရှု တစ်ယောက်တည်းတင် မဟုတ်ပါဘူး။ လီဝူရှုရဲ့ အနောက်ဘက် ခပ်လှမ်းလှမ်း မှာတော့ ဖူချောင်းရှန်ပါ ကပ်ပါလာ ပါသေးတယ်။
"လီဖူချန်း … မင်းကတော့ ကံဆိုးပြီပဲ။ ဒီနေရာ မှာတော့ မင်းကို ဘယ်သူမှ ကယ်နိုင်တော့မှာ မဟုတ်ဘူး။ ကြည့်ရတာ ကောင်းကင်ဘုံက မင်းကို သေစေချင်နေတဲ့ ပုံပဲ "
လီဝူရှုက အိတ်ထဲကနေ သွေးရောင်ကဲ့သို့ တောက်ပနေသည့် အလံ တစ်ခုကို ထုတ်ယူရင်းနဲ့ ပြောလိုက်ပါတယ်။
အဲဒီအလံ ကနေတော့ သွေးညှီနံ့တွေ အတော်လေး ထွက်နေပါတယ်။
လီဖူချန်းကတော့ သူ့ဝသီအတိုင်း အေးအေးဆေးဆေး ပါပဲ။
"ဘယ်သူက ကံဆိုးတာလည်း ဆိုတာကို သေသေချာချာ မသိနိုင် သေးပါဘူးကွာ။ မင်းတို့နှစ်ယောက်စလုံး သေရင်လည်း သေသွား နိုင်သေးတာပဲ"
"မင်းက အခုချိန်အထိတောင် ပြန်ပြောရဲသေးတယ် ပေါ့လေ။ မင်းရဲ့ မရေမတွက် နိုင်တဲ့ အသက်ကယ် ပစ္စည်းတွေက မင်းကို ကယ်နိုင်လိမ့်မယ် ထင်နေတာလား"
ဖူချောင်းရှန်ကတော့ လီဖူချန်းကို လူသေတစ်ယောက် လို့ပဲ အပိုင်တွက် ထားသည်လေ။ သူ့ရဲ့ မျက်လုံးထဲမှာတော့ လီဖူချန်းက လူသေတစ်ယောက်ထက် မပိုပါဘူး။
တကယ်လို့ ဖန်ကျင်းဆောင်ပါ ဒီကိုရောက်နေမယ် ဆိုရင်တော့ မမျှော်လင့်တာတွေ ရှိချင် ရှိလာနိုင်ပါသေးတယ်။ အခုတော့ လီဖူချန်းဘေးမှာ ပါလာတာက ဖန်ကျင်းယုလေ။ ဒါက လုံးဝကို ခြံထဲကကြက် ဖြစ်နေပါပြီ။
" ဖူချောင်းရှန် … ငါက ဖန်ကျင်းယုကို တာဝန်ယူလိုက်မယ်။ မင်းက ဟိုခွေးသားကို တာဝန်ယူလိုက်"
လီဝူရှုကတော့ အတော်လေးကို အတွက်အချက် တော်ပါတယ်။ သူက လီဖူချန်းကို ယှဉ်နိုင်မှာ မဟုတ်ဘူးဆိုတာ သိတဲ့အတွက် နိုင်ဖို့ အခွင့်အရေး ရှိတဲ့ ဖန်ကျင်းယုကိုပဲ တာဝန်ယူတာ အကောင်းဆုံး ဆိုတာကို သိနေသည်လေ။
" ရတယ်။ ဒီကောင့်ကို ဓားဆယ်ချက်ပဲ"
ဖူချောင်းရှန်က ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်ပါတယ်။
အမှန်အတိုင်း ပြောရမယ် ဆိုရင် လီဖူချန်းဆီ မှာသာ ထူးဆန်းတဲ့ ပစ္စည်းတွေ ရှိမနေလို့ ကတော့ သူက ဓားချက်၃ချက်နဲ့တင် အနိုင်ယူနိုင်မှာပါ။
လီဖူချန်းက ဖန်ကျင်းယုကို သတိပေးလိုက်ပါတယ်။
" မင်းအရင် ဆုတ်သွားလိုက်"
သူက ဖန်ကျင်းယုကို ဒီအန္တရာယ်ထဲ ဆွဲမသွင်း ချင်ဘူးလေ။ ယောက်ျားကောင်း ဆိုတာက ကိုယ်စခဲ့မိတဲ့ ဇာတ်ကို ကိုယ်ကိုယ်တိုင်ပဲ အဆုံးသတ်ရမည် မဟုတ်ပါလား။
ပြီးတော့ ဖန်ကျင်းယုက ဖန်ကျင်းဆောင် မဟုတ်ပါဘူး။ သူမက လီဖူချန်းကို အကူအညီ ပေးနိုင်မယ့် သူမျိုး မဟုတ်သည့်အပြင် လီဖူချန်းကတောင် သူမကို ပြန်ကူညီ နေရဦးမှာပါ။ ဒီလိုအဖြစ်မျိုး ဖြစ်လာမည့်အစား သူတစ်ယောက်တည်း တိုက်တာကမှ အခွင့်အရေး ရှိပါသေးတယ်။
ဖန်ကျင်းယုကတော့ လီဖူချန်းရဲ့ သတိပေးမှုကို လက်မခံပါဘူး။
"ဒီသေရေးရှင်ရေး တိုက်ပွဲ အတွေ့အကြုံက ညီမကိုလည်း ပိုအစွမ်းထက် လာစေမှာပဲ။ ပြီးတော့ ညီမဆီမှာလည်း အသက်ကယ် ပစ္စည်းတွေ ကျန်နေပါသေးတယ်။ ဒါတွေနဲ့ ဆိုရင်တော့ လီဝူရှုကို ရင်ဆိုင် နိုင်လောက်မှာပါ။
ဖန်ကျင်းယုမှာလည်း သူမရဲ့ ကိုယ်ပိုင်မာန ရှိပါသေးတယ်။ သူမက မြေကမ္ဘာ နယ်ပယ် အဆင့်လေး ပညာရှင်လေ။ လီဝူရှုက အခုမှ မြေကမ္ဘာ အဆင့်၃ပဲ မဟုတ်လား။ ဒါကို ကြောက်ပြီး ထွက်ပြေးသွားမယ် ဆိုရင် သူမကိုသူမ သိုင်းပညာရှင်လို့ သတ်မှတ်လို့ မရတော့ပါဘူး။
" ဟုတ်ပြီလေ။ နည်းနည်းတော့ ဂရုစိုက်ဦး "
လီဖူချန်းက ဖန်ကျင်းယုကို ထပ်ပြီးတော့ မတားတော့ပါဘူး။ ဖန်ကျင်းယုကို ဆက်ပြီးတော့ ပြောရင်လည်း အလကားပဲ ဆိုတာ သူသိလိုက်ပြီ မဟုတ်ပါလား။ ပြီးတော့ ဖူချောင်းရှန်တို့ ကလည်း စပြီး လှုပ်ရှား လာကြပါပြီ။ ဒီအချိန်မှာက အာရုံလွင့်ပျံ နေလို့ မရတော့ဘူးလေ။
" အင်း "
ဖန်ကျင်းယုက ခေါင်းညိတ်ပြီး သူမရဲ့ လခြမ်းကွေး ဓားတစ်စုံ ထုတ်ကိုင်လိုက်ပါတယ်။
" သတ်"
လီဝူရှုက လက်ဦးမှုကို စတင်ရယူ လိုက်ပါပြီ။သူက အလျင်အမြန်ပင် ဖန်ကျင်းယု ဆီကို ခုန်ဝင် သွားခဲ့တယ်လေ။ သူ့ရဲ့ လက်ထဲက အလံနီကတော့ သွေးချီတွေကို ရေတံခွန်တစ်ခု အလား ထုတ်လွှတ်နေပါတယ်။
ဒီသွေးအလံကို ကြည့်ရတာ အရင်တုန်းက လီဝှုရှု အသုံးပြုသည့် လှံထက ပို အစွမ်းထက်မည့် ပုံပင်။
သေချာတာကတော့ ဒီလက်နက်က အနည်းဆုံး ဆန်းကြယ်အဆင့်မြင့် အဆင့်မှာ ရှိနေနိုင်ပါတယ်။
" ပျက်စီးစမ်း"
ဖန်ကျင်းယုရဲ့ လက်တွေကလည်း လခြမ်းကွေးဓား နှင့်အတူ လှုပ်ရှားနေပါပြီ။ သူမရဲ့ ပတ်ပတ်လည်မှာတော့ လခြမ်းကွေးဓားရိပ် တွေက ထွက်ပေါ်လာပြီး သွေးချီတွေကို ဖြတ်တောက် ပစ်လိုက်တယ်လေ။
" ငါမင်းကို စောစော အညံ့ခံလိုက်ဖို့ အကြံပေးတယ်။ ဒါဆိုရင်ငါက မင်းရဲ့အလောင်းကို အကောင်းပကတိ အတိုင်း ထားပေးခဲ့မယ်။ မဟုတ်လို့ကတော့ မင်း သေသွားရင်တောင် ငါက မင်းအလောင်းကို အပိုင်းပိုင်း ခုတ်ပြီး ခွေးကျွေးပစ်မှာ"
ဖူချောင်းရှန်က လီဖူချန်းကို စေ့စေ့ကြည့်ပြီး ခြိမ်းခြောက် လိုက်ပါတယ်။ သူက လီဝူရှုနဲ့ ဖန်ကျင်းယုရဲ့ တိုက်ပွဲကို စိတ်ဝင်စားတဲ့ပုံ မပေါ်ပါဘူး။
လီဖူချန်းက မခိုးမခန့် ပြုံးလိုက်ပြီး
" မင်းက အိပ်မက် မက်နေတာလား …"
ပြောနေရင်းနဲ့ပဲ လီဖူချန်းက သူ့ရဲ့ မီးနဂါးလျို့ဝှက်နည်းစနစ်ကို ထုတ်သုံးလိုက်ပါပြီ။ အစစ်အမှန် ငရဲမီးတောက် ချီအတွင်းအားတွေက ကျောက်ရည်ပူတွေလို ဆင်တူတဲ့ မီးနဂါးချီအတွင်းအားအဖြစ် ပြောင်းသွားပါတယ်။
" သေစမ်း ..."
ဖူချောင်းရှန်က သူ့ရဲ့ ဆေဘာဓားကြီးဖြင့် လီဖူချန်းကို ခုတ်ပိုင်းထည့်လိုက်ပါတယ်။
ဒီခုတ်ချက်က အင်မတန်မှ လျင်မြန်သည့် အပြင် ရက်စက်ကြမ်းကြုတ်မှု ကလည်း တစ်စက်ကလေးမှ မလျော့ပါဘူး။
" ဘုန်း …"
ဒါပေမဲ့လည်း သူ့ရဲ့ ဆေဘာဓားချက်က မြေကြီးနဲ့ပဲ မိတ်ဆက်သွားရတယ်လေ။ ဒီဓားချက်က လီဖူချန်းကို ထိဖို့အတွက်တော့ အများကြီး လိုနေပါသေးတယ်။
" အိုး …"
လီဖူချန်းရဲ့ အမြန်နှုန်းက ဟူဟိုင်းရှန်နဲ့ တိုက်ခိုက်တုန်း ကထက် ပိုလျင်မြန်နေတယ် ဆိုတာကို ဖူချောင်းရှန် တစ်ယောက် သတိထားလိုက်မိပါတယ်။
" ခြေသိုင်း အသိဆန္ဒနဲ့ ကိုယ်ဖော့ပညာ အသိဆန္ဒ "
လီဖူချန်ရဲ့ လှုပ်ရှားမှုကို မြင်လိုက်ရတဲ့ ဖူချောင်းရှန်က ခေတ္တခဏ လောက်တော့ ကြောင်အ သွားသည့် ဟန်ပင်။
လီဖူချန်း တစ်ယောက်သည် ပညာရပ် အသိဆန္ဒ နှစ်ခုကို နားလည်သဘောပေါက် ထားလိမ့်မည်ဟု ဖူချောင်းရှန်က လုံးဝ မမျှော်လင့် ထားခဲ့ပါဘူး။
လေအရိပ် ခြေလှမ်းနဲ့ အရိပ်မဲ့ ခြေထောက်ကို ပေါင်းစပ်ထားတဲ့ လီဖူချန်းက ဘယ်လောက်ထိ မြန်သလည်းဆိုရင် အရိပ်ပဲ မြင်ရတော့တဲ့ အထိပါပဲ။
နံရံတွေပေါ်မှာပဲ ဖြစ်ဖြစ်၊ မြေပြင်ပေါ်မှာပဲ ဖြစ်ဖြစ်၊ မျက်နှာကြက်ပေါ်မှာ ဖြစ်ဖြစ် ကြည့်လိုက်မယ်ဆိုရင် လီဖူချန်းရဲ့ အရိပ်တွေ ထင်ဟပ် နေတယ်လေ။
" လုပ်ထား လီဖူချန်း ... မင်းရဲ့ အရှိန်ကို လျော့ချပစ်လိုက်လို့ မရဘူး"
လီဖူချန်းက သူ့ကိုသူ အားပေးပါတယ်။
ဖူချောင်းရှန်လို ကိုယ်နဲ့ အစွမ်းအစချင်း အတော်ကွာဟနေတဲ့ လူကို ထိပ်တိုက် ရင်ဆိုင်မယ်ဆိုရင် နိုင်ဖို့ အခွင့်အရေး လုံးဝမရှိဘူး ဆိုတာ သူသိပါတယ်။ ဒါကြောင့် လီဖူချန်းက ပတ်ပြေးနေဖို့ကိုပဲ စဉ်းစားထားတာပါ။ တစ်ချိန်ချိန်မှာတော့ ပြန်တိုက်လို့ ရသည့် အခွင့်အရေး ရှိချင် ရှိလာနိုင်သေးသည်လေ။
" ငါက ဟူဟိုင်းရှန် မဟုတ်ဘူးကွ.။ မင်းထင်နေတာက ဒီလိုထွက်ပြေး နေလို့ ငါမင်းကို မတိုက်ခိုက် နိုင်တော့ဘူး ထင်နေတာလား "
ရုတ်တရက် ဖူချောင်းရှန်က သူရဲ့ လှုပ်ရှားမှုတွေ အကုန်လုံးကို ရပ်ပစ်လိုက်ပါတယ်။ သူက သူ့ရဲ့ နားနဲ့ မျက်လုံးကို အစွမ်းကုန် အသုံးချပြီး လီဖူချန်းရဲ့ လှုပ်ရှားမှု လမ်းကြောင်းတွေကို ခန့်မှန်းနေသည့် ပုံပါပဲ။
" မိပြီ "
ဖူချောင်းရှန်က လေဟာနယ် တစ်ခုကို ဓားနဲ့ ခုတ်ပိုင်းပစ် လိုက်ပါတယ်။
သူက လီဖူချန်း ရောက်လာမည့် နေရာကို ကြိုတင် ခန့်မှန်းပြီး ခုတ်ချလိုက်တာပါ။ ဒါပေမဲ့ လီဖူချန်းကလည်း ခေတဲ့သူတော့ မဟုတ်ပါဘူး။
ဖူချောင်းရှန်ရဲ့ ဓားချက် ထွက်လာပြီ ဆိုတာကို သိလိုက်တာနဲ့ ချက်ချင်းပဲ လားရာကို ပြောင်းလိုက်တယ်လေ။
ရွှမ်း ... ရွှမ်း … ရွှမ်း … ရွှမ်း …
ဖူချောင်းရှန်က ဆက်တိုက်ဆိုသလို ဓားချက်၁၀ချက်လောက် ထုတ်လိုက်ပြီး လီဖူချန်း ရောက်လာနိုင်မည့် နေရာတွေကို မှန်းဆကာ ခုတ်ထည့် လိုက်ပါသေးတယ်။ ဒါပေမဲ့လည်း လီဖူချန်းရဲ့ အင်္ကျီစကိုမျှ ထိခိုက်အောင် မလုပ်ခဲ့နိုင်ပါဘူး။ ဒီငနဲသားက မြေဆွဲအား ဆိုတာကို မျက်ကွယ်ပြုပြီး သွားချင်သည့် နေရာကို လျှောက်သွား နေသည်လေ။ ဖူချောင်းရှန်ရဲ့ အဖြစ်ကတော့ လေကို လိုက်ဖမ်းနေသည့် လူတစ်ယောက်နဲ့ ထူးမခြားနားပါပဲ။
" ဟေ့ကောင် … ဓားချက်၁၀ချက် ပြည့်သွားပြီ"
လီဖူချန်းရဲ့ လှောင်ပြောင်သံက အရပ်၁၆မျက်နှာ လောက်ကနေ ထွက်ပေါ်နေပါတယ်။
" ခွေးမသား ..."
ဖူချောင်းရှန်ကတော့ ဒေါသတကြီးနဲ့ ဆဲရေးတိုင်းထွာ လိုက်ပါတယ်။
" ကောင်းကင်ဘုံ ပိုက်ကွန် ဓားကွက် "
ဖူချောင်းရှန်က သူ့ရဲ့ အကြိုက်ဆုံး ဓားကွက်ကို ထုတ်ဖော်လိုက်ပါပြီ။ ဒီဓားကွက် ထွက်ပေါ်လာတာနဲ့ တစ်ပြိုင်နက် ဓားရိပ်ဓားယောင် တွေက လေနယ် တစ်ခုလုံးကို လွှမ်းခြုံ သွားခဲ့ပါတယ်။ ပြောရမယ်ဆိုရင် ကောင်းကင်ပေါ်ကနေ ဓားပိုက်ကွန်ကြီး တစ်ခု ကျလာပြီး လီဖူချန်းရဲ့ လှုပ်ရှားမှုတွေကို ကန့်သတ် လိုက်သည့်ပုံပင်။
လီဖူချန်းကလည်း သူ့ရဲ့ အန္တရာယ်ကို ကောင်းကောင်းကြီး အာရုံခံ လိုက်မိပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်က လွန်းပျံ တစ်ချောင်းပမာ လူးလာ ကူးခပ်နေပြီး ထူးဆန်းတဲ့ ခြေကွက် ၈ကွက်ကို ထုတ်ဖော် အသုံးပြုလိုက်ပါပြီ။
ဖတ် … ဝှီး ... ရွစ် ... ရွစ် ...
ဝုန်း ... ဝုန်း ... ဝုန်း …
ဆေဘာပိုက်ကွန်က မြေပြင်တစ်ခုလုံးကို အစိတ်စိတ် အမြွှာမြွှာ ပိုင်းဖြတ် လိုက်နိုင်ပေမဲ့ လီဖူချန်းကိုတော့ ဒုက္ခမပေးနိုင်ခဲ့ပါဘူး။
" မဖြစ်နိုင်ဘူး "
ဖူချောင်းရှန်က လုံးဝကို မယုံကြည် နိုင်သည့် ပုံ ဖြစ်နေပါပြီ။
သူ့ရဲ့ ကောင်းကင်ဘုံ ပိုက်ကွန် ဓားကွက် ထုတ်လိုက်တိုင်းမှာ ရှောင်နိုင်သည့်လူ မရှိသေးပါဘူး။ တကယ်လို့ တစ်စုံတစ်ယောက်က ရှောင်နိုင်သွားမည် ဆိုရင်တောင်မှ စုမုယူတို့လို တကယ့် ပါရမီရှင် အဆင့်အတန်းက သူတွေပဲ ရှောင်နိုင်သင့်တာပါ။ အခုတော့ ဘာမှမဟုတ်သည့် အနုပ်စုတ်ကုပ်စုတ် ခွေးသားက သူ့ဓားကွက်ထဲကနေ ဘေးမသီရန်မခ လွတ်သွားခဲ့သည် ဆိုပါလား။
လီဖူချန်းကတော့ နဖူးပေါ်မှ စီးကျလာသည့် ချွေးစေးတွေကို မသိမသာ သုတ်နေရပါတယ်။ ဒီတစ်ကြိမ် ရှောင်ရတာက သေမင်းနဲ့ ဇယ်တောက်တမ်း ကစား နေရသလိုပါပဲ။ ဖူချောင်းရှန်ရဲ့ ဓားကွက်က အပေါ်ယံ ကြည့်လိုက်ရင်တော့ ဟာကွက်မရှိသလိုနှင့် လက်တွေ့မှာ ဟာကွက်နည်းနည်း ရှိနေလို့သာ တော်ပါသေးသည်။ ဒီဓားရိပ်ဓားယောင် တွေက တစ်ချက်ချင်းစီ မကျလာပဲ တစ်စုတစ်ပေါင်းတည်း ကျလာမည်ဆိုပါက သူ့ဘဝကတော့ မရှုမလှ ဇာတ်သိမ်း ရပါပြီ။ ဖူချောင်းရှန် ဆိုသည့် ခွေးမသားက တကယ်ပင် သူ့ကို ခွေးစာ ကျွေးမည့်ပုံပင် မဟုတ်ပါလား။
" အချိန်ကောင်းပဲ "
လီဖူချန်းဆီကနေ သတ်ဖြတ်ခြင်း အငွေ့အသက်တွေ ထွက်ပေါ်လာခဲ့ပါပြီ။
သူ့ရဲ့ လက်ထဲမှာလည်း နတ်ဆိုးတပ်မြား တစ်ချောင်းနဲ့ လေးတစ်စင်းကို ကိုင်ဆောင်ထားပါတယ်။ ထို့နောက်မှာတော့ သူ့ရဲ့ ချီအတွင်းအား တွေကို လေးကြိုးဆီ ပို့လိုက်ပြီး အားရပါးရ လေကြိုးကို ဆွဲကာ ပစ်လွှတ်လိုက်ပါတယ်။
" မကောင်းတော့ဘူး "
ဖူချောင်းရှန်က ကြက်သီးမွေးညင်းတွေ ထလာခဲ့ပါပြီ။
သူရဲ့ အကောင်းဆုံး ဓားကွက်ထဲက လွတ်သွားတဲ့အတွက် အနည်းငယ် ကြောင်အနေတာကို တစ်ဖက်လူက မိမိရရ အခွင့်အရေး ယူသွားခဲ့သည်လေ။
သူက အလျင်မြန်ဆုံး ရှောင်တိမ်းဖို့ ပြင်လိုက်ပေမယ့်လည်း မဆိုစလောက်ကလေး နောက်ကျသွားခဲ့ပါတယ်။
" ချီအကာအကွယ် လာစမ်း "
ရှောင်တိမ်းဖို့ မရတော့ဘူး ဆိုတာ သိတဲ့အတွက် ဖူချောင်းရှန် တစ်ယောက် ချီအကာအကွယ်ကို ဖန်တီးကာ ခုခံဖို့က လွဲပြီး အခြားနည်းလမ်း မရှိတော့ပါဘူး။ တစ်ပေလောက်ကို ထူထပ်တဲ့ ချီအကာအကွယ်က ဖူချောင်းရှန်ကို ဖုံးအုပ် လိုက်ပါတယ်။
ဖောက် …
ဒါပေမဲ့လည်း ဒီနတ်ဆိုးသတ်မြား တွေဆိုတာက ချီအကာအကွယ်ကို ထိုးဖောက် ဝင်ရောက်နိုင်သည့် အထူးဂုဏ် သတ္တိပိုင်ရှင် တွေလေ။
လီဖူချန်း ပစ်လိုက်တဲ့ နတ်ဆိုးသတ်မြားက ဖူချောင်းရှန်၏ ချီအကာအကွယ်ကို ဖောက်ထွက် သွားရုံမျှမက ခန္ဓာကိုယ်ကိုပါ ထိုးစိုက် သွားခဲ့ပါပြီ။
အား …
အသံနက်ကြီးနှင့် အတူ ဖူချောင်းရှန်ရဲ့ သွေးတွေက ဖြာထွက်လာခဲ့ပါတယ်။
" လီဖူချန်း ... မင်းသေမှ ငါကျေနပ်နိုင်မယ် ..."
ဖူချောင်းရှန်ကတော့ သူ့ရဲ့ ဆေဘာဓားကြီးကို ဝင့်ကာဝင့်ကာဖြင့် သွေးရူးသွေးတန်း လိုက်လံ တိုက်ခိုက် လာပါပြီ။
"ဟား ... ဟား ... လာလေ။ မင်းစွမ်းရင် ငါ့ကို ထိအောင် တိုက်ကြည့်ပေါ့ ..."
လီဖူချန်းကတော့ တစ္ဆေတစ်ကောင်လိုပဲ ပေါ့ပါးစွာဖြင့် ဖူချောင်းရှန်ရဲ့ ဓားချက်တွေကို ရှောင်တိမ်းနေဆဲပါပဲ။
အစောပိုင်းတုန်းက လီဖူချန်းတစ်ယောက် မြေကမ္ဘာ လက်နက် အပိုင်းအစကို ထုတ်မသုံး လိုက်တာက အကြောင်းရင်း ရှိပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ သူက ထိုလက်နက် အပိုင်းအစရဲ့ စွမ်းရည်တွေကို သေသေချာချာ မသိသေးဘူးလေ။ နတ်ဆိုးသတ်မြား ကတော့ သေချာပေါက် ဖူချောင်းရှန်ရဲ့ ချီအကာအကွယ်ကို ဖောက်ထွက်သွားနိုင်မယ် ဆိုတာ သိပါတယ်။ ဒါကြောင့် သူက နတ်ဆိုးသတ်မြားကို ထုတ်သုံးလိုက်တာပါ။
"ဟား … ဟား ...ဟား ...။ ဖူချောင်းရှန် မင်းဆယ်သက် ကြိုးစားပြီး ခုတ်ရင်တောင် ငါ့ကိုထိအောင် ... အား …"
လီဖူချန်းက ဖူချောင်းရှန်းကို စကားလုံးတိုက်စစ် ဆင်နေတာ ကိုတောင် ပြီးအောင် မပြောလိုက်ရပါဘူး။
အလင်းတမျှ မြန်ဆန်လွန်းတဲ့ ဓားချက်က လီဖူချန်းရဲ့ ဘယ်ဘက်ရင်အုံကို ပွတ်ဆွဲ သွားခဲ့ပါပြီ။
လီဖူချန်းက အကောင်းဆုံး ကြိုးစားပြီး ရှောင်တိမ်း လိုက်ပေမဲ့လည်း မဖြစ်နိုင်တော့ပါဘူး။
ကြည့်ရတာတော့ ဖူချောင်ရှန်က သူ့၏ လျှို့ဝှက်နည်းစနစ်ကို ထုတ်သုံး လိုက်လေသည်လား ...
"ဟား ... ဟား ... မျိုးမစစ်လေး ... ပြောဦးလေ။ ဘာလို့ စကားကို ပြီးအောင် မပြောသွားတာလဲ"
ဖူချောင်းရှန်က နှာခေါင်းရှုံ့ပြီး လီဖူချန်းကို ပြန်လှောင် လိုက်ပါတယ်။
***