← Chapters

အမွေဆက်ခံခြင်း

Vol. 16 Ch. 213

အမွေဆက်ခံခြင်း

Vol. 16 Ch. 213

နောက်ထပ် နာရီပေါင်းများစွာ ကုန်လွန်ပြီး သွားတဲ့အခါ မှာတော့ လီဖူချန်းရဲ့ ဒဏ်ရာတွေက အတော်လေး ပြန်သက်သာ လာခဲ့ပါပြီ။ အခုဆိုရင် သူက မူလအစွမ်းရဲ့ ၃၀ရာခိုင်နှုန်း လောက်ကိုတောင် ပြန်သုံး နေနိုင်ပြီလေ။

ဒီတစ်ခေါက်ရတဲ့ ဒဏ်ရာတွေ ကတော့ လီဖူချန်း ဘဝမှာ ကြုံခဲ့ဖူးတဲ့ ဒဏ်ရာတွေ ထဲမှာ အပြင်းထန်ဆုံးပါပဲ။ သူသာ အနည်းငယ် ပေါ့ဆလိုက်မယ် ဆိုရင် အသက်ပါ ပေးလိုက်ရ လောက်ပါတယ်။

"အတော်လေးကို ကံသီပေလို့ ပါလား"

နောက်ဆုံးမှာတော့ လီဖူချန်း တစ်ယောက် မျက်လုံးဖွင့် လာခဲ့ပါပြီ။ လီဖူချန်းက ဖူချောင်းရှန်ရဲ့ နောက်ဆုံးဓားချက်ကို စဉ်းစား လိုက်မိတိုင်းမှာ ယခုထက်ထိ ကြောက်ရွံ့ နေတုန်းပါပဲလေ။

ဖန်ကျင်းဆောင်သာ မျှပြီး မခံပေးခဲ့ရင်တော့ သူက အခုချိန်လောက်ဆို ငရဲပြည် တံခါးဝကိုတောင် ရောက်နေလောက်ပြီ မဟုတ်ပါလား။

“လီဖူချန်း ... မင်းရဲ့ ဒဏ်ရာ အခြေအနေ ..."

ဖန်ကျင်းဆောင်က လီဖူချန်းကို မေးလိုက်ပါတယ်။

လီဖူချန်းက ခေါင်းညိတ်ပြ လိုက်ပြီး

“အဆင်ပြေတယ်။ မင်းတို့ နှစ်ယောက်ကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်"

ဖန်ကျင်းဆောင်က လက်ခါပြလိုက်ပြီး

“ကျေးဇူးတင်ဖို့ မလိုပါဘူးကွာ။ ဒါနဲ့ ငါ ဖူချောင်းရှန်ရဲ့ သိုလှောင်အိတ်ကို ယူထားပြီးပြီ။ ငါတို့၃ယောက် အညီအမျှ ခွဲယူကြတာပေါ့"

လီဖူချန်းက ခေါင်းခါလိုက်ပြီး

“အဲလိုလုပ်ဖို့ မလိုဘူး။ ဖူချောင်းရှန်ရဲ့ သိုလှောင်အိတ်ကို မင်းတို့မောင်နှမ နှစ်ယောက်ပဲ ယူသင့်တယ်လို့ ငါထင်တယ်။ ငါ့ကို သူငယ်ချင်း အဖြစ် မှတ်ယူထားတယ် ဆိုရင်တော့ ငါပြောတာကို မငြင်းလိုက်ပါနဲ့"

ဖူချောင်းရှန်ရဲ့ အိတ်ထဲမှာ ဘာပဲ ရှိနေပါစေလေ။ လီဖူချန်းကတော့ လုံးဝကို စိတ်မဝင်စား တော့ပါဘူး။

“ဟုတ်ပြီလေ … ဒါဆိုရင်လည်း ငါကပဲ မျက်နှာပြောင် တိုက်ပြီး လက်ခံလိုက်ပါ့မယ်"

ဖန်ကျင်းဆောင်က အနည်းငယ် တွေဝေနေပြီး နောက်မှာတော့ လက်ခံယူလိုက်ပါပြီ။

သူ့ရဲ့ ဒဏ်ရာတွေက အခု ထက်ထိ အပြည့်အဝ ပြန်မကောင်း လာသေးတဲ့အတွက်  လီဖူချန်းက နောက်ထပ် ဆန်းကြယ် အလယ်အလတ် အဆင့် ဆေးတစ်လုံးကို ထုတ်ပြီး ထပ်သောက်လိုက် ပြန်ပါတယ်။

လီဖူချန်းက ဒီဆေးလုံး တွေကို မလွဲရှောင်သာ လို့သာ သောက်နေရတာပါ။ စိတ်ထဲမှာတော့ အလွန်ပင် နှမြော နေမိပါတယ်။ ဒီဆေးလုံး တွေက ထောက်ပံ့ရေးရမှတ် တစ်သောင်းတောင် ပေးရတာလေ။ အပြင်လောက မှာဆိုရင် ရွှေပြားနှစ်သောင်းတောင် တန်ကြေး ရှိပါတယ်။

သူ့ရဲ့ စွန့်စားခန်းခရီး မစခင်တုန်း ကတော့ လီဖူချန်းက ဒဏ်ရာပြန်လည် ကုသနိုင်တဲ့ ဆန်းကြယ် အလယ်အလတ် ဆေးလုံး၂လုံးကို လဲလှယ် ရယူခဲ့ပါတယ်။ လျူကောင်းဖန်နဲ့ ဟူဟိုင်းရှန်ကို  သတ်ခဲ့တုန်းက နောက်ထပ် ဆေးလုံး၃လုံး ပြန်ရခဲ့လို့သာ တော်ပါသေးဒီ။

ဒီဆေးလုံးတွေက အပြင်လောကမှာ လွယ်လွယ်နဲ့ ပြန်ဝယ်လို့ ရတဲ့အမျိုး တွေလည်း မဟုတ်ပါဘူးလေ။

ပြီးတော့ ဆန်းကြယ်အဆင့် ဆေးလုံးတွေ ဆိုတာက တစ်ခါတစ်ရံမှာမှ လေလံပွဲ တွေမှာ တွေ့ရတတ်သည့် အမျိုးပင် မဟုတ်ပါလား။

ဆန်းကြယ်အဆင့် အလယ်အလတ်ဆေး ကတော့ တကယ်ပဲ အစွမ်းထက် လှပါတယ်။ ဆေးကို သောက်ပြီးလို့ ၁၅မိနစ် အကြာမှာပဲ လီဖူချန်းရဲ့ အခြေအနေက ၈၀ရာခိုင်နှုန်း လောက်ကို ပြန်ကောင်း သွားခဲ့ပါပြီ။

ဆေးအာနိသင် ကတော့ ခန္ဓာကိုယ် တစ်ခုလုံး အနှံ့ရှိနေတဲ့ ဒဏ်ရာတွေကို ဆက်တိုက် ကုစား ပေးနေဆဲပါပဲ။

“သွားရအောင်"

လီဖူချန်းက မတ်တတ်ထ ရပ်လိုက်ပါပြီ။

သူတို့က ဒီနေရာမှာ အချိန်ဖြုန်း နေတာ အရမ်းကို ကြာနေခဲ့ပြီ မဟုတ်ပါလား။ သင်္ချိုင်းဂူထဲက ပစ္စည်းတွေကို တခြားလူတွေ အကုန်ယူသွားမယ့် အဖြစ်မျိုးတော့ သူလုံးဝ လက်မခံနိုင်ပါဘူး။

“ဟုတ်ပြီလေ"

ဖန်ကျင်းဆောင် ကလည်း လီဖူချန်း ပြောတာကို လက်ခံလိုက်ပါတယ်။

သူက အတော်လေးကို အူမြူး နေပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ဖူချောင်းရှန်ရဲ့ အိတ်ထဲမှာ ရှိနေတဲ့ ပစ္စည်းတွေက သူထင်ထား တာထက်ကို တန်ဖိုးရှိနေလို့ ပါပဲ။ သူ့ရဲ့ ညီမဖြစ်သူ ဖန်ကျင်းယုကို ဝေစုတစ်စု ခွဲပေးပြီး ကျန်နေခဲ့တဲ့ ပစ္စည်းတွေ ကတောင် သူ့အတွက် အနည်းဆုံး တစ်နှစ်လောက်တော့ ဖူလုံနေခဲ့ဒီ မဟုတ်ပါလား။

နောက်ထပ် နေ့တစ်ဝက်လောက် အကြာမှာတော့ လီဖူချန်းတို့ သုံးယောက်ဟာ ရှုပ်ယှက်ခတ်နေတဲ့ ဝင်္ကပါလို ဥမင်လမ်းကြောင်း တွေထဲကနေ ထွက်လာ နိုင်ခဲ့ပါပြီ။

သူတို့ အခု ရောက်နေတဲ့ နေရာကတော့ ရေကန် တစ်ခုပါပဲ။ ရေကန် ပေါ်မှာတော့ သိပ်ကို သေသပ်လှပတဲ့ သစ်သား တံတားလေးတစ်စင်း ရှိနေပါတယ်။ ဒီတံတားက အနည်းဆုံးတော့ မီတာ၅၀၀လောက် ရှိမည့်ပုံပါပဲ။

ရေကန်ထဲက ရေတွေကတော့ အစိမ်းပုပ်ရောင် ဖြစ်နေပြီး တစ်ချက်တစ်ချက် မှာတော့ ပူဖောင်းလေးတွေ ပလုံစီလို့ နေပါသေးတယ်။

ဖန်ကျင်ယုက သတ္တုစတစ်ခုကို ထုတ်ယူပြီး ရေကန်ထဲကို ပစ်ထည့်လိုက်ပြီး စမ်းသပ်ကြည့် လိုက်ပါတယ်။

မျက်စိတစ်မှိတ် အတွင်းမှာပဲ ထိုသတ္တုစက တိုက်စားခံ လိုက်ရပြီး ရေထဲကို နစ်မြုပ် သွားခဲ့တယ်လေ။ ဒီရေကန်ထဲက ရေတွေကတော့ အလွန်ပြင်းထန်တဲ့ အဆိပ်ရေတွေ ဆိုတာကို ယုံမှားသံသယ ဖြစ်စရာ မလိုတော့ပါဘူး။ ထိလိုက်တာနဲ့ အသားတွေကို ဆွေးမြည့် သွားစေပြီး အရိုးကျ သွားမှာပါ။

ဒီအတိုင်း ဆိုရင်တော့ ကန်ရေပြင် ထက်မှာ ရှိနေသည့် ရေခိုးရေငွေ့ တွေမှာလည်း အဆိပ်ရှိနေမည့် ပုံပါပဲ။

“ဒီရေတွေက အင်မတန် ပြင်းထန်တဲ့ အဆိပ်ရေ တွေပဲ။ ရေကန်ထဲ ကနေ ဖြတ်ဖို့တော့ လုံးဝ မဖြစ်နိုင်ဘူး။ ရေတွေကို ထိလို့တောင် ရမှာ မဟုတ်လောက်ဘူး"

မီတာ၅၀၀ ဆိုတာက သူတို့အတွက်တော့ သိပ်ပြီး ဝေးလှတဲ့ အကွာအဝေး မဟုတ်ပါဘူး။ သူတို့ရဲ့ အရည်အချင်းနဲ့ ဆိုရင် ကန်ရေပြင် ပေါ်ကနေ အသာလေး ဖြတ်ကျော် သွားနိုင်စွမ်း ရှိပါတယ်။ ဒါပေမဲ့ ဒီဂူသင်္ချိုင်းပိုင်ရှင် က ကန်ရေပြင်ပေါ် ကနေ ဖြတ်ပြီး မသွားစေ ချင်သည့်ပုံပင်။

“ငါစမ်းကြည့်လိုက်ဦးမယ်"

လီဖူချန်းက သတ္တု အစိတ်အပိုင်း တစ်ခုထုတ်ယူပြီး တစ်ဖက် ရေကန်စပ်ကို ပစ်လိုက်ပါတယ်။

“ဖောင်း“

ထိုသတ္တု အစိတ်အပိုင်းက လမ်းတစ်ဝက် မှာပဲ မမြင်ရတဲ့ အားတစ်ခုကြောင့် တစ်စစီ ဖြစ်သွားခဲ့ပါတယ်။

“ဒီအတိုင်း ဆိုရင်တော့ ဟိုဘက်ကမ်းကို သွားဖို့က သစ်သားတံတား ကနေ သွားဖို့တစ်နည်းပဲ ရှိတော့တယ်"

လီဖူချန်း ကတော့ အတည်ပြု လိုက်ပါပြီ။

ဒီတံတားကနေ ဖြတ်လျှောက် သွားဖို့ဆိုတာ သိပ်ပြီး စိတ်ချလို့ရတဲ့ အနေအထားတော့ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ဒီရေကန်ကို ဖြတ်ကျော်ချင်ရင်တော့ ဒီသစ်သားတံတား ပေါ်ကနေ သွားမှကို ဖြစ်တော့မှာပါ။

လီဖူချန်းက ခန္ဓာကိုယ် တစ်ခုလုံးကို ကြက်သွေးရောင် မီးတောက် အသိဆန္ဒဖြင့် ကာကွယ်ထားလိုက်ပြီး သစ်သားတံတားပေါ် ခြေတစ်လှမ်း ချလိုက်ပါတယ်။

သူစဉ်းစားထားတဲ့ အတိုင်းဆိုရင်တော့ ဒီရေကန်ထဲက အဆိပ်တွေနှင့် ရေကန်ပေါ်က ရေခိုးရေငွေ့တွေ ဆိုတာ ပညာရပ် ဆန္ဒတစ်ခုပဲ ဖြစ်ရမည်လေ။ ဒါတွေက ပညာရပ်ဆန္ဒ ဆိုမှတော့ သူ့ရဲ့ ကိုယ်ပိုင် ပညာရပ်ဆန္ဒ ကပဲ ကာကွယ်နိုင်မည် မဟုတ်ပါလား။ အဲဒါက အလုပ် ဖြစ်ခဲ့ရင်တော့ အသက်ရှင်ဖို့ မျှော်လင့်ချက် ပိုများလာမှာပါ။

“ငါထင်ထားတဲ့ အတိုင်းပဲ"

ရေကန်ထဲက အဆိပ်ချီတွေနဲ့ မမြင်ရတဲ့ အားလှိုင်းတွေက ပညာရပ်ဆန္ဒ တစ်ခုမှန်း သေချာ သွားခဲ့ပါပြီ။ ကြက်သွေးရောင် မီးတောက်ဆန္ဒကို အသုံးပြုထားတဲ့ လီဖူချန်းက အဲဒါတွေကို ခံစားမိ နေတယ်လေ။ လီဖူချန်းက တံတားပေါ်ကနေ ပြန်ဆင်းလာပြီး

“ဖန်ကျင်းယု ... နင်က အတွင်းအား ဆန္ဒကို မရသေးဘူး မဟုတ်လား။ ငါနဲ့လိုက်ခဲ့။ ငါနင့်ကို ကာကွယ် ပေးထားမယ်"

ဖန်ကျင်းဆောင်က ရွှေအဆင့် တိုက်ရိုက်တပည့် ဖြစ်တဲ့အတွက် အတွင်းအား ဆန္ဒကို နားလည်ပြီးပြီ ဆိုတာ မေးစရာ မလိုပဲနဲ့ သိနိုင်ပါတယ်။ ဒါပေမဲ့ ဖန်ကျင်းယု ကတော့ မနားလည် လောက်သေးပါဘူး။

ပြီးတော့ လီဖူချန်းက သူ့ကြက်သွေးရောင် မီးတောက်ဆန္ဒ အကြောင်းကို ကောင်းကောင်းကြီး သိပါတယ်။ ဒီဆန္ဒက ဖန်ကျင်းယု ကိုပါ ကာကွယ် ပေးနိုင်မှာပါ။

ဖန်ကျင်းယုက ခေါင်းညိတ်လိုက်ပြီး လီဖူချန်းရဲ့ အနောက်ကနေ ကပ်လိုက် လာခဲ့ပါတယ်။

လီဖူချန်းက သူ့ရဲ့ ကြက်သွေးရောင် မီးတောက်ဆန္ဒကို ပြန့်ကား စေလိုက်ပြီး ဖန်ကျင်းယုကိုပါ လွှမ်းခြုံ စေလိုက်ပါပြီ။

လမ်းတစ်ဝက် လောက်မှာတော့ ကြက်သွေးရောင် မီးဆန္ဒက အဆက်မပြတ် တုန်ခါလာခဲ့ပြီး ပေါက်ကွဲလုမတတ် ဖြစ်လာပါသေးတယ်။

ဒါပေမဲ့လည်း မီးတောက်ဆန္ဒကို အပြည့်အဝ နားလည်ထားတဲ့ လီဖူချန်းက တံတားဆုံးတဲ့အထိ တောင့်ခံ ထားနိုင်ဆဲပါပဲ။

“အစ်ကို သတိထားနော် "

ဖန်ကျင်းယုက တစ်ဖက်ကမ်းမှာ ကျန်နေခဲ့တဲ့ ဖန်ကျင်းဆောင်ကို စိတ်ပူသဖြင့် သတိပေး လိုက်ပါသေးတယ်။

ဖန်ကျင်းဆောင်က ခေါင်းညိတ်လိုက်ပြီး အပူအပင်မဲ့ အတွင်းအား ဆန္ဒကို ထုတ်ပြီး တစ်ကိုယ်လုံးကို ကာကွယ် လိုက်ပါတယ်။ ထို့နောက်မှာတော့ သူက တံတားပေါ်ကနေ ဖြတ်လျှောက် လာခဲ့ပါပြီ။

လီဖူချန်းတို့ ကြုံခဲ့ရသလိုပဲ ဖန်ကျင်းဆောင်ရဲ့ အတွင်းအားဆန္ဒ ကလည်း လမ်းတစ်ဝက် အရောက်မှာ ကြီးမားတဲ့ ဖိအားကြောင့် အဆတ်မပြတ် တုန်ခါ လာပေမဲ့လည်း သူက အဆုံးအထိကို ရောက်အောင် လျှောက်လာ နိုင်ခဲ့ပါတယ်။

“ဒီသင်္ချိုင်းဂူက အနည်းဆုံးတော့ တိုက်ပွဲဝိညာဉ် နယ်ပယ်နဲ့ အထက်မှာပဲ ရှိနေလိမ့်မယ်။ အစွမ်းထက်တဲ့ မဟာပညာရှင် တွေကပဲ  ဒီလို ထူးဆန်းတဲ့ သင်္ချိုင်းဂူကို တည်ဆောက်နိုင်မှာ"

ဖန်ကျင်းဆောင်က ရယ်ကျဲကျဲဖြင့် မှတ်ချက်ချ လိုက်ပါတယ်။

လီဖူချန်းက

“တိုက်ပွဲဝိညာဉ် နယ်ပယ်က ပြန်လည်ဝင်စားခြင်း နယ်ပယ်ရဲ့ အထက်မှာရှိတဲ့ နယ်ပယ်တစ်ခုလား ..."

ဖန်ကျင်းဆောင်က ခေါင်းညိတ်လိုက်ပြီး

“ဟုတ်တယ်။ မင်း တုံလင်ကလန် ဆိုတာ ကြားဖူးလား။ သူတို့ ကလန်ရဲ့ တိုက်ပွဲဝင် ဝိညာဉ် အရိုး တည်ဆောက်ပုံက တိုက်ပွဲဝိညာဉ် နယ်ပယ်နဲ့ ပတ်သက်မှု ရှိတယ်လေ။ အဲဒါကြောင့် တုံလင်ကလန်က အရမ်း အစွမ်းထက် နေတာပဲ။ အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးမှာတောင် ဘယ်အင်အားစု ကမှ တုံလင်ကလန်ကို လျှော့မတွက်ရဲဘူး"

“တိုက်ပွဲဝိညာဉ် နယ်ပယ်နဲ့ တုံလင်ကလန်"

လီဖူလျန်းက သူ့ရဲ့ အသိပညာ ဗဟုသုတ တွေက အရမ်းကို လိုအပ်နေသေးတယ် ဆိုတာကို သတိပြုမိ လိုက်ပါတယ်။

(ဘာသာပြန်သူ၏ အမှာ - တရုတ်လိုဆိုရင်တော့ တုံလင်ဆိုတာ တိုက်ပွဲဝိညာဉ်ကို ခေါ်တာပါပဲ။ ကျွန်တော်က ရောကုန်မှာစိုးလို့ တုံလင်ကလန်လို့ ရေးလိုက်တာပါ။ လေလွင့်)

ဖန်ကျင်းယုကလည်း ဝင်ပြီး ပြောပြပါတယ်။

“အရှေ့ယူနီကွန်း တိုက်ကြီးမှာ မူလအစ ကတော့ ထိပ်သီး ဆရာသခင်တွေ အများကြီးပဲ။ ဒါပေမဲ့ အကျိုးအကြောင်း မသိရတဲ့ ပြဿနာ တစ်ခုကြောင့် တိုက်ပွဲတွေ တိုက်ကြီး တစ်ခုလုံး အနှံ့ ဖြစ်ပေါ်လာပြီး နောက်မှာတော့ ဆရာသခင် တွေက ပျောက်ကွယ် သွားတော့တာပဲ။ ဒီအကြောင်း တွေကိုတော့ ဂိုဏ်းတွေက ထိပ်တန်း လျှို့ဝှက်ချက်အဖြစ် သတ်မှတ်ပြီး သိမ်းဆည်း ထားခဲ့တယ်။ ငါတို့တောင်မှ ရှေးဟောင်းမှတ်တမ်း တစ်ခုမှာ ဖတ်မိလို့ နည်းနည်းပါးပါး သိလာတာ "

ဖန်ကျင်းဆောင် ကလည်း

“ငါတို့ကတော့ အဲဒီအဆင့်ကို ရောက်ဖို့ အများကြီး လိုပါသေးတယ်။ ကဲ ... တော်လိုက်ကြစို့။ အရှေ့မှာ ခန်းမကြီး တစ်ခုကို ငါမြင်လိုက် သလိုပဲ"

အရှေ့ဘက် မှာတော့ တကယ်ပဲ တံခါးပွင့်နေတဲ့ ခန်းမကြီးတစ်ခု ရှိနေပါတယ်။ အဲဒီခန်းမ ထဲမှာလည်း လူအချို့ တိုက်ခိုက် နေကျသည့် ပုံပါပဲ။

“အမြန်သွား ကြည့်ရအောင် "

လီဖူချန်းက ရှေ့ဆုံးကနေ ပြေးထွက် သွားခဲ့ပါပြီ။

ခန်းမထဲမှာတော့ အလင်းပြောက်လေး တွေနှင့်တူသည့် သေးငယ်တဲ့ စိတ်ဝိညာဉ်လေး တွေက နေရာအနှံ့ ပြေးလွှား နေကြဒီလေ။

စုမုယူ၊ ဆောင်ကျန်းဟီနဲ့ ဝေရှန်းဟီတို့က အရူးတွေပမာ ထို အလင်းပြောက်လေးတွေ နောက်ကို လိုက်နေပါတယ်။

“ဒါက အမွေအနှစ် တွေလား ..."

ဖန်ကျင်းဆောင်က မျက်ခုံးပင့် လိုက်ပါတယ်။

အမွေအနှစ် တွေဆိုတာ ထူးခြားတဲ့ အရာတစ်ခုပါပဲ။ သူတို့က သတင်းအချက်အလက် အမျိုးအစား တစ်ခုဖြစ်ပါတယ်။ အဲဒီ အမွေအနှစ် တွေကို မပိုင်ဆိုင် သေးသရွေ့ ကတော့ အထဲမှာ ဘာတွေ ပါသလည်း ဆိုတာကို ဘယ်သူမှ မသိနိုင်ပါဘူးး။

အမွေအနှစ် တွေထဲမှာ အဓိကနဲ့ သာမည ဆိုပြီး နှစ်မျိုးနှစ်စား ရှိပါတယ်။

သာမည အမွေအနှစ် တွေကတော့ အမျိုးမျိုးသော သိုင်းပညာရပ် တွေနဲ့ လျှို့ဝှက်နည်းစနစ် တွေပါပဲ။

အဓိက အမွေအနှစ် တွေထဲမှာတော့ ချန်ထားရစ်ခဲ့တဲ့ ပညာရှင်ရဲ့ ဘဝ တစ်သက်စာ အတွေ့အကြုံ တွေနဲ့ ပညာရှင် နားလည် တတ်မြောက်ခဲ့သမျှ ပညာရပ်တွေ ပါဝင်ပါတယ်။

***

All Chapters