အခန်း (၃၆၄)
Vol. 25 Ch. 364
"နင်ဘာတွေ လာပြောနေတာ...နားထောင်ရတာ တစ်မျိုးကြီးပဲ...."
ကျီချင်းရန် ကတောက်ကဆတ် ဖြစ်သွားခဲ့၏။ သိူ့သော်လည်း လင်းရီ စကားလုံးရွေးသာ မှားသွားသည်ဟုသာ သုံးနှုန်းထားပြီး အခြားဘာမှ မပြောခဲ့ပေ။
လင်းရီလည်း ထိုအချက်ကိုနားလည်သည်။ ထို့ကြောင့် သူလည်း ဘာမျှဆက်မပြောတော့ချေ။
နှစ်ယောက်မှာ ငါးမိနစ်အတွင်း ကျုံးရွှမ်လမ်းသို့ ရောက်လာခဲ့ကြပြီး ကားပါကင်ထိုးကာ ကျီချင်းရန်နှင့်အတူ ကားထဲမှ ထွက်လာခဲ့၏။
"အစ်ကိုရီ...."
လင်းရီကို မြင်သည့် အချိန်တွင်တော့ ကျင်းကျင်းလေးမှာ အားပါးတရနှင့် ရွှင်မြူးစွာပြေးလာခဲ့ပြီး ကျီချင်းရန်ကို မြင်သည့် အခိုက်အတန့်တွင်တော့ သူမ၏ ခြေလှမ်းတို့ ရုတ်ချည်း ရပ်တန့်သွားခဲ့ရသည်။
'ဒီရဲ့ မမက အရန်းလှတာပဲကော...ဒါပေမယ့် အမေပြောတာတော့ လှပတဲ့ အမျိုးသမီးတွေကို ကျော်ပြီး အနိုင်ယူဖို့ဆိုတာက အရမ်းခက်တယ်တဲ့...အစ်ကိုရီရဲ့ ကောင်မလေးများလားမသိဘူးနော်...မဖြစ်ပါစေနဲ့ရှင်...'
မြောက်လေရူးကဲ့သို့ အတွေးများ တောင်စဉ်ရေမရဖြစ်နေကာ ကျင်းကျင်း လင်းရီးအနားသို့ မကပ်ဝံ့ဖြစ်နေလေသည်။
"ဒီက ညီမလေးက ကျင်းကျင်း..ဟုတ်တယ်ဟုတ်...."ကျီချင်းရန် အပြုံးလေးဖြင့် နှုတ်ဆက်လိုက်၏။
"ည...ညီမက...."
ကျင်းကျင်း စိုးထိတ်စွာဖြင့် မဝံ့မရဲလေး မေးလိုက်ပြီး "မမက အစ်ကိုရီရဲ့ ကောင်မလေးလားဟင်...."
"သူလား...ဒီကောင်ကြီးက မမအတွက် လုံလောက်အောင် မကောင်းသေးဘူးလေ..ဒါကြောင့်မို့ မမလည်း သူ့ကောင်မလေး မဖြစ်ချင်သေးဘူး..."ကျီချင်းရန် ဂုဏ်ဆာစွာဖြင့် ပြောလိုက်၏။
ထို့နောက် ကျီချင်းရန် ကျင်းကျင်း၏ မိဘများကို ကြည့်ကာ "အန်ကယ်ကျင်း..အန်တီလျို...မင်္ဂလာပါရှင့်....."
"အိုး အိုး ..မင်္ဂလာပါကွယ်...."
လင်မယားနှစ်ယောက်လုံး ထိတ်ထိတ်ပျာပျာဖြစ်နေခဲ့ကြသည်။ လင်းရီမှ သူ၏ကောင်မလေးကို ခေါ်လာလိမ့်မည်လို့ မထင်မှတ်ထားခဲ့ချေ။
သို့သော်လည်း အနှီမိန်းကလေးမှာ လွန်စွာလှပသည်ကိုတော့ ၀န်ခံရပေမည်။ နောက်ဆုံးတစ်ခေါက် သူမတို့ဆိုင်သို့ ရောက်လာခဲ့သည့် အမျိုးသမီးထက်တော့ အဆပေါင်းများစွာသာလေသည်။
"တူမလေးက ဘာစားမလဲ...အန်တီ ကျင်းကျင်းရဲ့အဖေကို လုပ်ခိုင်းလိုက်မယ်လေ...."
ကျီချင်းရန် စားပွဲပေါ်ရှိ ဥထမင်းကြော်ကို လက်ညိုးညွှန်လိုက်ပြီး "ဒါလေး လုပ်ပေးပါလားအန်တီ...."
"ဒါလား..လွယ်လွယ်လေးပါ...အန်တီ ငါ့တူမအတွက် ၀က်သားနဲ့ လုပ်ခိုင်းလိုက်မယ်..."
"ရတယ် အန်တီ...လင်းရီက သမီးကို ဦးလေးကျင်းရဲ့ ထမင်းကြော်ကို နေ့တိုင်း ၀ယ်ကျွေးနေကြ...သူစားတဲ့အတိုင်းသာ ပြင်ပေးလိုက်နော်..."
"ကောင်းပါပြီကွယ်...အဲ့တာဆိုလည်း နင့်ရဲ့ဦးလေးကျင်းကို နောက်တစ်ပွဲအသစ်ထပ်ကြော်ခိုင်းလိုက်မယ်...."
"အန်နီလျိူကို ဒုက္ခပေးစေမိပြီ..."ကျီချင်းရန် အပြုံးလေးဖြင့် ပြောလိုက်၏။
ငါးမိနစ်ခန့် ကြာပြီးနောက် ဥထမင်းကြော်သုံးဆောင်ရန် အသင့်ဖြစ်နေပြီး လင်းရီလည်း ကျီချင်းရန်ထံကမ်းပေးလိုက်၏။
"ကျင်းကျင်း...တက္ကသိုလ်၀င်စာမေးပွဲ ရလဒ်တွေက ထွက်တာတောင်ကြာနေပြီ မဟုတ်လား...ဘာလို့ အမှတ်စာရင်း ထွက်ထွက်ခြင်း အစ်ကို့ကိုမပြောတာ..သိရင် ပြောလို့ ကြိုပြောထားရဲ့သားနဲ့...."
ကျင်းကျင်း ရှက်ကိုးရှက်ကမ်း ရယ်သွမ်းလိုက်ပြီး "ဘာလို့လဲဆိုတော့ အပျော်လွန်သွားလို့လေ...အဲ့တာကြောင့် အစ်ကိုရီဆီ ပြောဖို့ မေ့သွားတာ...ဒီနေ့ကျမှ သတိရလို့ ဖုန်းလှမ်းဆက်လိုက်တာလေ...."
"ဟမ့်...အဲ့လိုမျိုး ပြောထွက်ရဲသေးတယ်ပေါ့...."လင်းရီ ရယ်မောလိုက်၏။
"ဟီးဟီး...အစ်ကိုရီ စိတ်မဆိုးဘူးဆိုတာ ညီမသိသားပဲ...."
"တက္ကသိုလ်သွားဖို့ အားလုံး ရယ်ဒီပဲလား...."
"အွန်း အွန်း... မေမေက စောင်နှစ်ထည်ရယ်..နောက်ပြီး အ၀တ်စားတွေကောပဲ သေချာထုပ်ပေးထားတယ်...အဲ့တာတွေ မြင်တော့ ဘယ်လိုကြီးလဲမသိဘူး...နေရာအသစ်ပြောင်းရတော့မယ့် ခံစားချက်ကြီးလိုပဲ... "
"အတွန့်တက်မနေနဲ့..ဒါတောင်မှ ကျိုးဟိုင်ထဲမှာပဲမို့လို့ ဒီလောက်လေးပဲ ထုပ်ပိုးရတာ...တခြားမြို့မှာသွားတက်လို့ကတော့ ဒီထက်တောင် ပိုပြီး များဦးမှာ...."
လင်းရီ ကျိုးဟိုင်သို့ တက္ကသိုလ်လာတက်စဉ်အခါက သူ၏ မေမေ၀မ်မှ အထုပ်ကြီးကြီး လေးခုဖြင့် အသုံးဆောင်ပစ္စည်းများသိပ်ထည့်ပေးလိုက်သည်ကိုအမှတ်ရနေသေးသည်။ ထိုအကြောင်း စဉ်းစားမိတော့ လင်းရီပြုံးလိုက်၏။
ပြန်တွေးကြည့်တိုင်း အဖြစ်အပျက်များမှာ မနေ့တနေ့ကကဲ့သို့ပင်။
အမှတ်တရများစွာ ရှိသကဲ့သို့ ၀မ်းနည်းပူဆွေးစရာများလည်း ရှိခဲ့၏။ ပစ္စုပ္ပန်တွင် ရှင်သန်နေထိုင်သည်က အကောင်းဆုံးပင်။
တဒင်္ဂမျှ အတွေးနက်နေပြီးနောက်
"ဒီမှာ ကျောင်းတက်ရတော့ ပိုကောင်းတာပေါ့...ကိုယ်အိမ်ပြန်တဲ့ချိန် လိုတဲ့ပစ္စည်းကောက်ဆွဲခဲ့ယုံပဲလေ..."
"အွန်း... အစ်ကိုရီပြောတာ မှန်တယ်..."
"မနက်ဖြန် ဘယ်ချိန်လဲသွားမှာ...အစ်ကိုလိုက်ပို့ပေးမယ်...မင်းတစ်ယောက်တည်းဆို ပစ္စည်းတွေအများကြီးနဲ့ မနိုင်မနင်း ဖြစ်နေမှာပေါ့.... "
"ရတယ် ရတယ်အစ်ကိုရီ...မလိုတော့ဘူး...."ကျင်းကျင်း အလျင်အမြန် လက်နှစ်ဖက်ကို ခါရမ်းရင်း "ညီမ မေမေတို့နဲ့ အဲ့အကြောင်း ဆွေးနွေးပြီးသွားပြီ...တက္ကစီတစ်စင်းကို အပြတ်ငှားလိုက်မယ်...အဲ့လိုဆို အစ်ကိုရီကိုလည်း ဒုက္ခပေးစရာ မလိုတော့ဘူးလေ...."
"ဘာကို ဒုက္ခပေးမှာ...မင်းအစ်ကိုရီက ဒီတိုင်းနေလည်း အားနေတာပဲကို..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်ပြီး "ဘာပဲပြောပြော အစ်ကိုလည်း ဦးလေးကျင်းရဲ့ ထမင်းကြော်တွေ စားခဲ့တာ ဘယ်လောက်တောင် ကြာနေပြီလဲ....ပြန်ပေးဖို့ အခွင့်ရေးတော့ ပေးဦးမှပေါ့ကွ...ဟုတ်တယ်မလား...."
"ဟီးဟီး...အဲ့လိုဆိုရင်တော့ အစ်ကိုရီကို ကြိုပြီး ကျေးဇူးတင်ထားလိုက်တော့မယ်နော်.."
"ကျင်းကျင်း ..ဘာတွေ လျှောက်ပြောနေတာ....နင့်အစ်ကိုရီက ကိစ္စကြီးတွေ လုပ်နေတဲ့သူလေ...သူ့အချိန်တွေက အရမ်းတန်ဖိုးရှိတာက်ု ဘာလို့ အသေးမွှားကိစ္စလေးတွေပေါ်မှာ အချိန်ဖြုန်းခိုင်းမှာလဲ..."ဦးလေးကျင်းမှ အသစ်ကြော်ထားသည့် ဥထမင်းကြော်တစ်ပွဲကို လင်းရီထံ ချပးရင်း ပြောလိုက်၏။
"ဟွန့်..."လင်းရီနှင့် သူစိမ်းရှေ့တွင် အဆူခံလိုက်ရသောကြောင့် အပျိုဖြန်းလေး ကျင်းကျင်းမှာ ရှက်စိတ်၀င်သွားပြီး မျက်နှာစူပုပ်စွာဖြင့် တစ်ဖက်သို့ လှည့်နေလိုက်၏။
"ဦးလေးကျင်းကလည်း...အဲ့လောက်ကြီးလည်း မဟုတ်ပါဘူးဗျာ.....အချင်းချင်းတွေ ကူညီပေးတယ်ဆိုတာက သဘာ၀ပဲမဟုတ်လား..."
လင်းရီပြောလိုက်ပြီး "ဒါပဲ အတည်ဖြစ်သွားပြီနော်...မနက်ဖြန် အစ်ကိုမင်းကို လာကြိုပေးမယ်....အတူတူ စာရင်းသွားသွင်းကြတာပေါ့...."
လင်းရီ၏ တင်းခံနေမှုကို မြင်တော့ ကျင်းကျင်း၏ မိဘများမှာ ငြင်းပယ်မနေတော့ပဲ သဘောတူလိုက်၏။
"အဲ့တာဆိုလည်း အန်တီတို့ကပဲ ရီလေးကို ကျေးဇူးတင်ပါရစေကွယ်..."
"ရပါတယ်ဗျ...."
ထိုအချိန်တွင်တော့ ကျီချင်းရန်မှာ ဥထမင်းကြော်ပန်းကန်ကြီးကို တွန့်ဆုတ်တွန့်ဆုတ်ဖြင့် စားနေလေသည်။ သူမပန်းကန်ထဲတွင်တော့ ထမင်းကြော်များမှာ တစ်၀က်ကြီးများတောင်ကျန်နေသေး၏။
"ငါ ထပ်မစားနိုင်တော့ဘူး...နင်ပဲ စားလိုက်တော့...."
"အဲ့လောက်အများကြီး...."
"အွန်း...အရမ်းများတယ်...."ကျီချင်းရန် ပြောလိုက်ပြီး "ဦးလေးကျင်းက စေတနာတွေ များသွားတယ်ထင်တယ်...သမီးဖြင့် ကုန်တောင်မကုန်နိုင်တော့ဘူး..."
ကျီချင်းရန် ကျင်းကျင်း၏ ဖခင်ကို ပြုံးလျက်ပြောလိုက်၏။
"အာဟားဟား...အဲ့လိုဖြစ်သွားတာလား...."ဦးလေးကျင်း ခေါင်းကုတ်မိသွားသည်။
"ဟုတ်လို့လားဟ..မင်းခါတိုင်းဆို ထမင်းကြော်နှစ်ပွဲကို တစ်ယောက်တည်း စားတာမဟုတ်ဘူးလား...."
"နင်ဘာတွေ လျှောက်ပြောနေတာ...."ကျီချင်းရန် စိတ်ကောက်ပြီး ပါးဖောင်းဖောင်းလေးဖြစ်သွားခဲ့၏။
မိနစ်အနည်းငယ်ကြာပြီးနောက် လင်းရီ ကျန်သည့် ထမင်းကြော်တစ်၀က်ကို အပြတ်ဖြတ်ကာ မတ်တပ်ရပ်လိုက်ပြီး ကျင်းကျင်းကိုကြည့်၍ "သွားစို့..ဒီနေ့ မင်းအစ်ကိုကြီးက အပြင်လျှောက်ခေါ်သွားပေးမယ်...."
"တကယ်...ညီမတို့ ဘယ်လဲသွားကြမှာ...."ကျင်းကျင်း မျှော်လင့်ချက်တို့ ပြည့်နှက်နေသည့် မျက်၀န်းတို့ဖြင့် မေးမြန်းလိုက်၏။
"မမေးနဲ့...ဒီတိုင်းသာ လိုက်ခဲ့စမ်းပါ..."လင်းရီ ပြုံးလိုက်ပြီး "ဘာလဲ...မင်းကို ပြန်ပေးဆွဲသွားမှာ ကြောက်လို့လား...."
"ဟီးဟီး...ညီမကတော့ မကြောက်ပါဘူး...."
လင်းရီ ပြုံးလိုက်ပြီး "အန်တီ..ကျွန်တော် ကျင်းကျင်းကို အပြင်ခဏလောက် ခေါ်သွားဦးမယ်...ဒီမှာ စောင့်မနေနဲ့တော့ဗျာ...ကျွန်တော်ပဲ ညနေကျ အိမ်ပြန်လိုက်ပို့ပေးလိုက်မယ်...."
"ကောင်းပါပြီကွယ်..."အန်တီလျိုမှ ပြောလိုက်ပြီး "အစ်ကိုရီနောက် ကောင်းကောင်းလိုက်သွားနော်...ပြီးတော့ ပြောစကားလည်းနားထောင်...သမီးအစ်ကိုကို မဆိုးရဘူး..ကြားလား...."
"မေမေကလည်း သမီးက ဆိုးနေလို့လို့လားလို့...."
ထို့နောက် သုံးယောက်သား ဆိုင်ထဲမှ အတူထွက်လာခဲ့ကြ၏။
ကျီချင်းရန်နှင့် ကျင်းကျင်းတို့ကတော့ တခဏအတွင်း ဓာတ်ကျသွားကာ ညီအစ်မရင်းချာများကဲ့သို့ ဖြစ်သွားပြီး လက်ချင်းချိတ်ကာ အတူလျှောက်လာကြသည်။ လင်းရီကတော့ ဘေးတွင် အပယ်ခံလေးဖြစ်နေခဲ့၏။
လင်းရီ : "...."
ထို့နောက် လင်းရီတို့ ၀မ်တပလာဇာသို့ ဦးတည်မောင်းနှင်သွားကြသည်။
"အစ်ကိုရီ..ညီမတို့ ဒီမှာ ဆင်းကြမှာလား..."
"အင်း...အရင်ဆုံး သွားကြတာပေါ့..."
"ဟုတ်..."
ကျင်းကျင်း ကျီချင်းရန်လက်ကို တွဲလျက် လင်းရီနှင့်အတူ လိုက်လာခဲ့၏။ ၀မ်တပလာဇာကဲ့သို့သော နေရာမျိုးကို သူမ ယခင်က ကြားဖူးသော်လည်း ရောက်တော့ မရောက်ဖူးခဲ့ပေ။ ထို့ကြောင့် မြင်မြင်သမျှတို့မှာ အသစ်အဆန်း ဖြစ်နေတော့၏။
အထဲတွင်တော့ ဇိမ်ခံအဆင်အယင်များနှင့် နာမည်ကြီးအ၀တ်အစားဘရန်းစတိုးဆိုင်တို့မှာ မှိုလိုပေါများနေပြီး ထိုဆိုင်ထဲရှိ ဈေးနှုန်းတို့မှာလည်း သူမကို အံ့အားသင့်သွားစေသည်။
ထိုအ၀တ်အစားဈေးနှုန်းတို့မှာ လွန်စွာ ဈေးကြီးလှပြီး သူမအဖေ တစ်နေ့လုံး ဥထမင်းကြော်ရောင်းလျှင်တောင်မှ အင်္ကျီတစ်ထည်ကို ၀ယ်နိုင်ရန် လုံလောက်လိမ့်မည်မဟုတ်ချေ။
သုံးယောက်အတူ လည်ပတ်ရင်းနှင့် ဒစ်ဂျစ်တယ်ဇုန်သို့ ရောက်လာခဲ့၏။
"ကျင်းကျင်း လာလေ... ဒီမှာ လာသောက်ကြည့်..."ကျီချင်းရန် လင်းရီအတွက်မပါဘဲ ဖရက်ပူချီနိုနှစ်ခွက် ၀ယ်ယူလိုက်သည်။
"ဒါက စတားဘက်ခ်ကော်ဖီလား...."ကျင်းကျင်း မျက်လုံးလေးများ တလက်လက် ဖြစ်နေခဲ့ပြီး "ညီမအတန်းဖော်တွေ အရင်က ၀ယ်သောက်တာတော့ မြင်ဖူးတယ်..ဒါပေမယ့် တစ်ခွက်ကို ယွမ်လေးဆယ်တောင်မှဆိုတော့ ဈေးကြီးလွန်းတယ်..."
ကျင်းကျင်း မည်မျှ စိတ်လှုပ်ရှားနေသည်ကို မြင်တွေ့တော့ ကျီချင်းရန်မှ ပြုံးလိုက်ပြီး "ဒီလိုလုပ်...မမမှာ လတိုင်း စတားဘက်ခ်ကော်ဖီ တစ်ခွက် ဖရီးသောက်လို့ရမယ့် ကတ်နှစ်ခုရှိတယ်...ဒီရဲ့ ပရိုမိုးရှင်းကတ်နဲ့ဆိုရင် တစ်ယွမ်တည်းနဲ့ ၀ယ်သောက်လို့ရပြီ...နှစ်ခုတည်းဆိုတော့ နင့်အစ်ကိုကြီးလင်းကိုတော့ ပေးမနေနဲ့တော့..."
"တကယ်ကြီး တစ်ယွမ်တည်းနဲ့ ၀ယ်သောက်လို့ရတယ်ပေါ့နော်...."၎င်းကိုကြားတော့ ကျင်းကျင်း မယုံကြည်နိုင်ဖြစ်သွားပြီး အလွန်အမင်း၀မ်းမြောက်သွားကာ "အဲ့တာဆို ညီတစ်ခုလောက် လိုချင်တယ်...တစ်ယွမ်တည်းနဲ့ သောက်လို့ရမှာဆိုတော့ အရမ်းတန်တာပဲနော် ဟီးဟီး...."
"ဒါပေါ့...ပရိုမိုးရှင်းကတ်ကြီး ရှိရဲ့သားနဲ့ မသုံးပဲထားရင် ဖြုန်းတီးရာကျတာပေါ့...."
"ဟုတ်တယ်...မမကျီပြောတာမှန်တယ်..."
နှစ်ယောက်သား ရယ်မောပျော်ရွှင်စွာ စကားပြောနေသည်ကိုမြင်တော့ လင်းရီ သက်ပြင်းချမိလိုက်သည်။
ကျီချင်းရန်မှာ အဆင်းရှိရုံသာမက EQ နှင့်လည်း ပြည့်စုံပေသည်။
"ကျင်းကျင်းကခု တက္ကသိုလ်တက်ရတော့မှာဆိုတော့ အစ်ကိုရီက ဖုန်းနဲ့ ကွန်ပျူတာတစ်လုံး ၀ယ်ပေးမယ်...ကျောင်းတက်ပြီဆို အဲ့တာတွေက မရှိမဖြစ်ပဲ...."
"အမ်...အစ်ကိုရီက ကျင်းကျင်းကို ဖုန်းနဲ့ ကွန်ပျူတာ၀ယ်ပေးမယ်...."
"တော်ပြီ တော်ပြီ..အဲ့တာတွေက ဈေးကြီးလွန်းတယ်...ညီမလက်မခံနိုင်ဘူး...."
ကျင်းကျင်း ချက်ချင်းဆိုသလို လှည့်ထွက်လာခဲ့ပြီး "တကယ်လို့ ညီမသာ အစ်ကိုရီ ၀ယ်ပေးတဲ့ဟာတွေ လက်ခံမိလိုက်လို့ကတော့ တုတ်ကျိုးအောင် ရိုက်ခံလိုက်ရမယ့် ဖြစ်ခြင်း......"
"ဒီတိုင်း ဖုန်းလေးနဲ့ ကွန်ပျူတာတစ်လုံးလေးတည်းမလား...ဘယ်လောက် ဈေးကြီးနေလို့လဲ...မြန်မြန် တစ်လုံးရွေးလိုက်..."လင်းရီ မျက်နှာထားတင်းတင်းဖြင့်ပြောလိုက်ပြီး "တကယ်လို့ အစ်ကို့သဘောနဲ့ ၀ယ်ပေးရမယ်ဆိုရင်တော့ ပန်းသီးကြွက်ကိုက် တံဆိပ်တွေပဲ ၀ယ်ပေးပစ်လိုက်မှာနော... "
"မ မလုပ်ပါနဲ့ အစ်ကိုရီရယ်..ညီမ အဲ့ဒီ Apple ရဲ့ စစ်စတမ်တွေကို မသုံးတတ်လို့ပါ...."
သို့နှင့် သူမ အနီးတစ်ဝိုက်သို့ တစ်ချက်လှည့်ပတ်ကြည့်ရှုလိုက်ပြီး Lenovo ကောင်တာကို ညွှန်ပြကာ "Lenovo K5 လေးက တော်တော်မဆိုးဘူးလို့ ထင်တာပဲ..."
"Lenovo K5..."
လင်းရီနှင့် ကျီချင်းရန်တို့ အကြည့်ချင်းဖလှယ်မိလိုက်ကြသည်။ သူတို့ ယခုဘရန်းနှင့် လုံး၀မရင်းနှီးချေ။
"လူကြီးမင်းရှင့် Lenovo K5 က သင့်တင့်မျှတပြီး အကြမ်းခံတဲ့ဈေးနှုန်းနဲ့ ခုခတ်ကျောင်းသားတွေ အသုံးပြုရလွယ်ကူအောင် ထုတ်လုပ်ထားတာပါရှင့်..ဈေးနှုန်းကတော့ ၄၃၉ ယွမ်ပါ...."
ကောင်တာရှိ အရောင်း၀န်ထမ်းမိန်းကလေးမှ စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြလိုက်၏။
လင်းရီကို ကြည့်သည်တွင် ကျီချင်းရန်မှ ဖြည်းညင်းစွာ ခေါင်းခါရမ်းပြလိုက်သည်။
သူမ ဖုန်းအကြောင်း ဂဃဏန မသိသော်လည်း ယွမ် ၄၀၀ကျော်တန် ဖုန်းတစ်လုံး၏ စွမ်းဆောင်ရည်မှာ အကောင်းစားကြီးဖြစ်လိမ့်မည်မဟုတ်ကြောင်းတော့ ပြောနိုင်လေသည်။
ထိုကဲ့သို့ အပေါစားများကို သူမ ကျင်းကျင်းအတွက် မ၀ယ်ပေးချင်ပေ။
"အဲ့တာဆိုလည်း ဆက်ကြည့်ကြတာပေါ့...."
ကျီချင်းရန်၏ အထာကို သဘောပေါက်သည့် လင်းရီမှာတော့ အရောင်းသမလေးကို လက်အသာကာပြကာ ကျန်သည့်ဘရန်းများကို ဆက်ကြည့်ရန် ဟန်ပြင်လိုက်သည်။
ယွမ်၄၀၀ တန်ဖုန်းတစ်လုံးမှာ ဈေးပေါလွန်းသည်ဟု သူလည်း ခံစားနေရ၏။
ကျီချင်းရန်မှ အချက်ပြလိုက်သောကြောင့် လင်းရီငြင်းဆန်သွားကြောင်း အရောင်း၀န်ထမ်းမိန်းကလေးမှ သဘောပေါက်လေသည်။ သို့သော် သူမဘာမျှ မတတ်နိုင်ပဲ မျက်နှာထက်၌ ခါးသီးသည့် ခံစားချက်များသာထွက်ပေါ်လာလေသည်။
"ငါ ဟိုတလောတုန်းက ကြော်ငြာထဲမှာ မြင်လိုက်တာတော့ Huawei P40 pro+ က အတော်လေးကောင်းတယ်ဆိုပဲ..."ကျီချင်းရန် သာမန်လေသံဖြင့် လင်းရီကို စကားပြောလိုက်၏။
"ပြီးတော့ Huawei ရဲ့ Notebook လည်း အတော် လေးမဆိုးဘူး....၀ယ်မယ့်ထဲ ထည့်စဉ်းစားသင့်တယ်...."
"ရှင်တို့က Huawei P40+ နဲ့ Notebookကို ၀ယ်ချင်နေတယ်..." ထိုစကားလုံးများကိုကြားတော့ အရောင်းသမလေးမှ ရင်ဘက်ရှေ့လက်ကိုပိုက်ကာ အထင်သေးသည့်လေသံဖြင့် "စတားဘက်ခ်ကော်ဖီလေးတစ်ခွက်သောက်ရဖို့ ပရိုမိုးရှင်းကတ်ကို မှီခိုနေကြရတဲ့ သူတွေကများ ယွမ် ၈ ထောင်ကျော်တန်ကြေးရှိတဲ့ ဖုန်းတွေ ကွန်ပျူတာတွေ ၀ယ်ချင်နေတယ်တဲ့လား... ဟက်..အဲ့တာက ဘယ်လိုလောဂျစ်ကြီးလဲ…"