← Chapters

မကောင်းဆိုးဝါး ဝိညာဉ်များ

Vol. 16 Ch. 215

မကောင်းဆိုးဝါး ဝိညာဉ်များ

Vol. 16 Ch. 215

အချိန်တွေ ဘယ်လောက်တောင် ကြာသွားမှန်း မသိတော့တဲ့ အချိန်မှာတော့ လီဖူချန်းက မပြည့်စုံတဲ့ ဓားအဆီအနှစ် ကျမ်းကို ကောင်းကောင်းကြီး လေ့လာလို့ ပြီးသွားခဲ့ပါပြီ။

လီဖူချန်း သတိပြု မိလိုက်တာကတော့ ဒီဓား အဆီအနှစ် ကျမ်းမှာ အပြည့်အစုံ ပါတာဆိုလို့ နှစ်ခန်းပဲ ရှိတယ် ဆိုတာပါပဲ။ အဲဒီနှစ်ခန်း ကတော့ သံနက်ဓား အဆီအနှစ်နဲ့ ကြေးဝါ ဓားအဆီအနှစ် ဖြစ်ပါတယ်။  ငွေဓား အဆီအနှစ် အခန်းမှာတော့ နည်းနည်းပဲ ရှင်းပြထားတာပါ။

မှတ်တမ်းမှတ်ရာ တွေအရ ဆိုရင်တော့ သံနက် ဓား အဆီအနှစ်က အခြားသော ကြယ်၅ပွင့်အဆင့် လျှို့ဝှက်နည်းစနစ် တွေထက် မည်သည့် နေရာမှာမျှ နိမ့်ကျ မနေပါဘူး။

ကြေးဝါ ဓားအဆီအနှစ် ကိုတော့ ကြယ်၆ပွင့် အဆင့် လျှို့ဝှက်နည်းစနစ် အဖြစ် သတ်မှတ်လို့ ရပါတယ်။

ဒီဓားအဆီအနှစ် လျှို့ဝှက် နည်းစနစ်က ကိုယ်တိုင် တိုက်ခိုက်ရတဲ့ နည်းစနစ်တင် မကပဲ အထောက်အပံ့ပါ ပေးလို့ရတဲ့ နည်းစနစ် တစ်မျိုးပါ။ အသုံးပြုတဲ့ သူအပေါ် မူတည်ပြီး သူ့ရဲ့ စွမ်းပကား တွေက ကွာခြားသွားပါတယ်။

ပြောရမယ်ဆိုရင် ရတနာဓား တစ်လက်လိုပေါ့။ ဒီအတိုင်း နေရင်တော့ ဘာမှ မဟုတ်ပါဘူး။ ဒါပေမဲ့ အစွမ်းထင်တဲ့ ဓားသမားတစ်ယောက် လက်ထဲကို ရောက်သွားရင်တော့ မည်သူ့ကိုမဆို သတ်ဖြတ် နိုင်သွားပါပြီ။

ဒီဓား အဆီအနှစ်ရဲ့ သဘောတရား ကလည်း အလားတူပါပဲ။

လီဖူချန်း ကသာ ဓား အဆီအနှစ်ကို ကျင့်ယူ နိုင်ခဲ့ရင်တော့ သူ့ရဲ့ ရိုးတွင်းခြင်ဆီက ဓားချီတွေ ဖြစ်လာပါလိမ့်မယ်။ အဲဒီဓားချီ တွေကို လီဖူချန်းက ဓားကို အသုံးပြုစရာတောင် မလိုပဲ ထုတ်သုံး လာနိုင်ဦးမှာပါ။

လီဖူချန်းသာ ရတနာဓား တစ်လက်နဲ့ ပူးပေါင်းပြီး အသုံးပြုလိုက်မယ် ဆိုရင်တော့ လီဖူချန်းရဲ့ ဓားချီတွေက ကြောက်စရာကောင်းအောင် ထက်ရှလှသည့် အဆင့်တစ်ခု ကိုတောင် ရောက်သွားနိုင် ပါသေးတယ်။

ဒါပေမဲ့ သတိပြုရမှာ တစ်ခုကတော့ ဒါက ကြယ်၆ပွင့် အဆင့် လျှို့ဝှက်နည်းစနစ် ဆိုတာပါပဲ။ သံနက် ဓားအဆီအနှစ် ကတောင်မှ ကြယ်၅ပွင့် လျှို့ဝှက်နည်းစနစ် အဆင့်မှာ ရှိတယ်လေ။

ဒီနည်းစနစ် ကိုတော့ အချိန်တိုတို အတွင်းမှာ လေ့ကျင့်လို့ ရနိုင်ဦးမှာ မဟုတ်ပါဘူး။

အနည်းဆုံးတော့ လပေါင်းများစွာ တံခါးပိတ် လေ့ကျင့် နေရဦးမှာပါ။

ပထမဦးဆုံး အသိစိတ် ဝင်လာတာကတော့ လီဖူချန်းပဲ ဖြစ်ပါတယ်။

ဒုတိယ မျက်လုံးပွင့် လာတာကတော့ စုမုယူပါ။

သူမကတော့ လီဖူချန်းကို ကြည့်မနေပဲ စဉ်းစားခန်း ဝင်နေပါသေးတယ်။

'ဒီကြယ်၆ပွင့် လျှို့ဝှက် နည်းစနစ်က ငါ့ကို အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးမှာ နာမည်ကျော်ကြား သွားစေမှာပဲ။ ဒါပေမဲ့ ငါဒီ လျှို့ဝှက်နည်းစနစ်ကို ရလာတယ် ဆိုတာကို ဘယ်သူ့ကိုမှ ပေးသိလို့ မရဘူး'

နတ်စမ်းရေ တောင်ကြားမှာ ကြယ်၆ပွင့်အဆင့် လျှို့ဝှက် နည်းစနစ်ကို မပိုင်ဆိုင်ထားဘူး ဆိုတာ လူတိုင်းသိနေဒီ မဟုတ်ပါလား။

တကယ်လို့သာ သူမမှာ ကြယ်၆ပွင့်အဆင့် လျှို့ဝှက်နည်းစနစ် ရှိနေတာကို သိသွားပါက   အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးတောင် ပွက်ပွက်ညံ သွားနိုင်ပါတယ်။

“သူကကော ဘယ်လို နည်းစနစ်မျိုးကို ရလာမလဲ မသိဘူး"

စုမုယူက လီဖူချန်းကို ကြည့်လိုက်ပါတယ်။

သူမရဲ့ ခန့်မှန်းချက်အရ ဆိုရင်တော့ လီဖူချန်းရမယ့် လျှို့ဝှက် နည်းစနစ် ကလည်း ကြယ်၆ပွင့်အဆင့် လျှို့ဝှက်နည်းစနစ်ထက် လျော့မှာ မဟုတ်ပါဘူး။ အစောပိုင်းတုန်းက လီဖူချန်း လိုက်ဖမ်းနေတဲ့ အလင်းပြောက်လေးရဲ့ အရှိန်အဝါ အရဆိုရင် သူမရထားတဲ့ လျှို့ဝှက်နည်းစနစ် ထက်ကို ပိုအဆင့်မြင့် နိုင်ပါတယ်။

အခြားကျန်တဲ့သူ တွေကတော့ ကြယ်၄ပွင့် လျှို့ဝှက် နည်းစနစ် ဒါမှမဟုတ် ကြယ်၅ပွင့် လျှို့ဝှက်နည်းစနစ် လောက်ပဲ ရမှာပါ။

လီဖူချန်းကတော့ သူမ ထင်ထားတာထက်ကို အကြံကြီးပါသေးတယ်။ ဒီသကောင့်သားက ထရပ်လိုက်ပြီး အခြားအလင်းပြောက် တွေကိုပါ လိုက်ဖမ်းဖို့ ကြိုးစားနေဒီလေ။

တော်ပါသေးတယ်။ ထိုအလင်းပြောက် တွေက လီဖူချန်းတစ်ယောက် အနားကပ်လာပြီ ဆိုတာနဲ့ နံရံတွေထဲကို ဝင်သွားခဲ့လို့ သာပေါ့။

လီဖူချန်းကတော့ လက်သီး တစ်ဆုပ်ဆုပ်ဖြင့် ကျန်နေခဲ့ပါတယ်။

“ကြည့်ရတာ ဒီဂူသင်္ချိုင်း ပိုင်ရှင်က လူတစ်ယောက်ကို အမွေအနှစ် တစ်ခုပဲ ဆက်ခံစေချင်တာလား။ ဘယ်လောက်တောင် ကပ်စေးနှဲလိုက်တဲ့ လူပါလိမ့်"

သိပ်မကြာခင် မှာတော့ လူတွေ အကုန်လုံးက မျက်စိပွင့် လာကျပါပြီ။

“ခိခိခိ ... မင်းတို့အားလုံး ဒီနေရာကို ရောက်နေပြီ ဆိုမှတော့ ငါတို့ကလည်း အကုန်လုံးကို  စားတော်တည် ရမှာပေါ့လေ။ မင်းတို့ရဲ့ အသွေးအသား တွေက ငါတို့ကို ပိုသန်မာ လာစေနိုင် လောက်မှာပါ"

ရုတ်တရက် ချောက်ချားစရာ အသံကြီး တစ်ခုနှင့်အတူ  ရင်းနှီးနေတဲ့ လူတစ်စုက ခန်းမထဲကို ဝင်လာခဲ့ပါတယ်။

သူတို့တွေ ကတော့ ဟူဟိုင်းရှန်၊ ဖူချောင်းရှန်နဲ့ မြေကမ္ဘာ မီးလျှံဂိုဏ်းက အခြားတိုက်ရိုက်တပည့် နှစ်ယောက်ပါပဲ။ လီဝူရှုလည်း ပါလာပါသေးတယ်။

သူတို့ ၅ယောက်စလုံးရဲ့ မျက်လုံး တွေကတော့ လူနဲ့ကို မတူတော့ပါဘူး။ မျက်လုံးအပြင်သား တွေက မည်းနက်နေပြီး မျက်ဆံတွေကတော့ ဖြူဖွေး နေပါတယ်။ သူတို့ရဲ့ မျက်လုံးတွေကို ကြည့်လိုက်တာနဲ့ မူမမှန်ဘူး ဆိုတာကို တန်းသိနိုင်ပါတယ်။

“ဘာတွေ ဖြစ်ကုန်တာလဲ။ သူတို့တွေက သေကုန်ကျပြီ မဟုတ်ဘူးလား ..."

ဖန်ကျင်းယုရဲ့ အာမေဍိတ်သံက ကြောက်လန့်တကြားနဲ့ ထွက်ပေါ် လာခဲ့တယ်လေ။

“တစ်ခုခုတော့ ထူးဆန်းနေတယ်"

လီဖူချန်းက မျက်မှောင်ကြုတ်ကာ သူတို့ကို ဆန်းစစ်နေပါတယ်။

“ညီလေးကျောင်း ... ညီလေးလု ... မင်းတို့နှစ်ယောက် ဘာဖြစ်သွားတာလဲ"

ဆောင်ကျန်းဟီက သူ့ရဲ့ ဂိုဏ်းတူညီ နှစ်ယောက်ကို အော်မေးလိုက်ပါတယ်။

သူတို့ သုံးယောက်စလုံးက ရေကန်နားကို အတူတူ ရောက်လာခဲ့ပေမဲ့ ဆောင်ကျန်းဟီ တစ်ယောက်သာလျှင် သစ်သားတံတားကို ဖြတ်ကူးနိုင်စွမ်း ရှိခဲ့တာလေ။

ဆောင်ကျန်းဟီက သူ့ဂိုဏ်းတူ ညီနှစ်ယောက်ကို ရေကန်စပ် အနားမှာ စောင့်နေဖို့ သေသေချာချာ မှာကြား ထားခဲ့တာပါ။

“ဘယ်သူက မင်းရဲ့ ညီလေးကျောင်းလဲ"

ညီလေးကျောင်းဟု အခေါ်ခံရသည့် လူငယ်က သူ၏ လျှာကြီးကို သပ်ရင်းနဲ့ ပြန်ပြော လိုက်ပါတယ်။ ခက်ရင်းခွလို ဖြစ်နေတဲ့ သူ့လျှာကြီးက တကယ်ကို ကျောချမ်းစရာ ပါပဲ။

စုမုယူကတော့ လေးနက် တည်ကြည်စွာဖြင့်

“သူတို့ရဲ့ ခန္ဓာကိုယ်တွေကို မကောင်းဆိုးဝါးတွေ အပိုင်စီးသွားပြီ"

သူမက နတ်စမ်း ရေတောင်ကြားမှ ထိပ်တန်းတစ်ယောက် ဖြစ်သည့်အတွက် ဒီလို အဖြစ်အပျက် မျိုးကို ကြားခဲ့ဖူးပါတယ်။

“မကောင်းဆိုးဝါး တွေလား"

လီဖူချန်းကတော့ အနည်းငယ် ကျိတ်ပြီးတောင် ဝမ်းသာ နေပါသေးတယ်။

ကြည့်ရတာတော့ လီဝူရှုက ထင်ထားသလောက် ကံမကောင်းခဲ့သည့် ပုံပါပဲ။ ဒါကလည်း လီဖူချန်းအတွက် တစ်နည်းအားဖြင့် ကောင်းပါဒီလေ။ အနည်းဆုံးတော့ သူကိုယ်တိုင် လိုက်ရှာပြီး သတ်စရာ မလိုတော့ဘူးပေါ့။

ဒါပေမဲ့ ရုတ်တရက် ကြောက်စရာ အတွေးတစ်ခုက လီဖူချန်း ခေါင်းထဲကို ဝင်လာခဲ့ပါတယ်။ လီဝူရှုကို သတ်လိုက်တဲ့ မကောင်းဆိုးဝါးက သူ့ခန္ဓာကိုယ်တောင် အပိုင်စီးနိုင်တယ် ဆိုမှတော့ ပိုပြီး ကြောက်စရာ ကောင်းတော့မည် မဟုတ်ပါလော။ ဒီကောင်တွေကို ဘယ်လိုနည်းလမ်းဖြင့် အနိုင်ယူရမည်နည်း။

“ညီလေးကျောင်းရဲ့ ခန္ဓာကိုယ်ထဲ ကနေ ထွက်သွားစမ်း ..."

အဲဒီအချိန် မှာပဲ ဆောင်ကျန်းဟီက ဒေါသတကြီးဖြင့် ခုန်ဝင်သွားကာ လက်သီးဖြင့် ထိုးချလိုက်ပါတယ်။

“ခိခိ ... မင်းကိုယ်မင်း အရမ်းအထင်ကြီး နေတာပဲ"

အရိပ်တစ်ခုက ညီလေးကျောင်းဟု ခေါ်သည့် လူငယ်၏ နောက်ဘက်ကနေ ထွက်လာပြီး ဆောင်ကျန်းဟီကို ရိုက်ချလိုက်ပါတယ်။ အဲဒီရိုက်ချက်က ဆောင်ကျန်းဟီကို လွင့်ထွက် သွားစေခဲ့ပါပြီ။

“ဝေါ့“

သွေးတစ်လုတ် အန်ထုတ် လိုက်ပြီးနောက် မှာတော့ ဆောင်ကျန်းဟီရဲ့ ခန္ဓာကိုယ် တစ်ခုလုံးက တဆတ်ဆတ် တုန်ယင် နေပါတယ်။

သူ့ရဲ့ အရည်အချင်းက စုမုယူ တို့လို ပါရမီရှင် တွေနှင့် ယှဉ်လို့ မရပေမဲ့လည်း အနိမ့်ကျကြီးတော့ မဟုတ်ပါဘူး။ ဒါကိုတောင်မှ တစ်ဖက်လူက    တစ်ချက်တည်းနဲ့ ရိုက်ထုတ် ပစ်လိုက်တာလေ။ ညီလေးကျောင်းက ဘယ်လိုလုပ်ပြီး ဒီလောက် အစွမ်းထက် လာရတာပါလိမ့်။

“အမြီးတစ်ခုလား ..."

လီဖူချန်းရဲ့ မျက်လုံးတွေက ပြူးထွက် သွားခဲ့ပါပြီ။ သူ့ရဲ့ အမြင်အာရုံက လုံးဝ မမှားနိုင်ပါဘူး။ ညီလေးကျောင်း ဆိုသည့် လူငယ်ရဲ့ အနောက်နေ ထွက်လာခဲ့တာက အမြီးတစ်ခုပါ။ အဲဒါက မြွေအမြီး တစ်ခုနဲ့တောင် ဆင်တူပါတယ်။

“ရွှမ်း ... ရွှမ်း ... ရွှမ်း ... “

ထိုအမြီးက လေထဲမှာတောင် သုံးချက်လောက် ဆင့်ပြီး ရိုက်နေပါသေးတယ်။

“ငါသိပြီ။ ဒီကောင်တွေက မိစ္ဆာဝိညာဉ် တွေပဲ "

ဖန်ကျင်းဆောင်က အလန့်တကြား အော်ပြောလိုက်ပါတယ်။

လူအားလုံးကလည်း ဖန်ကျင်းဆောင်ကို လှည့်ကြည့်လိုက် ကျပါပြီ။

ဖန်ကျင်းဆောင်က သူသိထားတာကို အလျင်အမြန်ပဲ ရှင်းပြလိုက်ပါတယ်။

“အဆင့်၆ကို ရောက်သွားတဲ့ မိစ္ဆာ သားရဲတိုင်းက မိစ္ဆာဝိညာဉ် တွေကို ထုတ်နိုင်တယ်။ မိစ္ဆာဝိညာဉ် မပျက်စီးသရွေ့ ကတော့ ခန္ဓာကိုယ် ပျက်စီးသွားရင်တောင် မသေနိုင်သေးဘူး။ မိစ္ဆာဝိညာဉ် တွေက အခြားကိုယ်ပိုင် စိတ်ဝိညာဉ် မရှိတော့တဲ့ ခန္ဓာကိုယ်တွေကို အပိုင်စီးပြီး  ပြန်လည် ရှင်သန်နိုင်သေးတယ်။ မိစ္ဆာဝိညာဉ် တွေက သိုင်းပညာရှင် တွေရဲ့ ခန္ဓာကိုယ်ကို အပိုင်စီးလိုက်တဲ့ အခါမှာတော့ မိစ္ဆာဓာတ် တွေက ပိုအားကောင်းလာပြီး မိစ္ဆာတစ်ပိုင်း၊ လူသားတစ်ပိုင်း ဖြစ်လာတော့တာပဲ"

“သူပြောတာ မှန်တယ် “ စုမုယူကလည်း ခေါင်းညိတ် လိုက်ပါတယ်။

သူမကလည်း ဖန်းကျင်ဆောင် ပြောသည့်အတိုင်း ထင်နေတာပါ။

အထူးသဖြင့် ဆောင်ကျန်းဟီကို တိုက်လိုက်သည့် လူငယ်က မြွေအမျိုးအစား မိစ္ဆာသားရဲ တစ်ကောင်ရဲ့ အပိုင်စီးခြင်းကို ခံလိုက်ရပြီ ဆိုတာ သေချာ လွန်းနေဒီ မဟုတ်ပါလား။

"အိုး ... မဆိုးဘူးပဲ။ မင်းတို့တွေက ဗဟုသုတ တော်တော်ရှိတယ်။ ငါက ဒီအရှေ့ ယူနီကွန်း တိုက်ကြီးတစ်ခုလုံး မှာတောင်မှ မိစ္ဆာဝိညာဉ်တွေ အကြောင်းကို ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေ လောက်ပဲ သိလိမ့်မယ့်လို့ ထင်ထားခဲ့တာ"

ဟူဟိုင်းရှန်က ပြောလိုက်ပါတယ်။ သူ့ရဲ့ ပါးစပ်ထဲမှာတော့ သင်တုန်းဓားသမျှ ချွန်ထက်နေသည့် သွားတွေ ရှိနေပြီး လျှာကြီးကလည်း တစ်တောင်သာသာမျှ ရှိနေဒီလေ။ မျက်နှာပေါ်မှာ ကလည်း အကြေးခွံ အချို့ ရှိနေပါသေးတယ်။

“ဒီကောင်တွေက တကယ့် မိစ္ဆာဝိညာဉ်တွေ ဆိုရင်တော့ ပြဿနာပဲဟေ့"

ဝေရှန်းဟီကတော့ တော်တော်လေးကို မအီမသာ ခံစား နေရပါပြီ။

မိစ္ဆာဝိညာဉ်တွေ ဆိုတာက အရင်တုန်း ကတော့ အဆင့်အနိမ့်ဆုံး အနေနဲ့  အဆင့်၆ မိစ္ဆာသားရဲတွေ ဖြစ်ခဲ့တာပါ။ ဒီမိစ္ဆာဝိညာဉ် တွေက မိစ္ဆာသားရဲတွေ ချန်ထားခဲ့တဲ့ အရာ ဖြစ်ပေမဲ့လည်း အစွမ်းထက် နေဆဲပါပဲ။ ဒီမိစ္ဆာဝိညာဉ် တွေသာ နဂိုမူလ အဆင့်ကို ပြန်ရောက်သွားမည် ဆိုပါက လီဖူချန်းတို့ တစ်သိုက်လုံး ပေါင်းတိုက်ရင်တောင်မှ တစ်ကွက်တောင် ခံနိုင်မှာ မဟုတ်တော့ပါဘူး။

“မိစ္ဆာဝိညာဉ် တွေဆိုတာ မသေခင်တုန်း ကပဲ အရမ်း အစွမ်းထက်တာ သူတို့က လူတစ်ယောက်ကို ပူးကပ်လိုက်ပြီ ဆိုတာနဲ့ အဲဒီလူရဲ့ အစွမ်းအစထက် အနည်းငယ်ပဲ အစွမ်းထက်တော့မှာ "

စုမုယူ ကလည်း သူမ သိထားတာကို ထပ်မံ ပြောကြား လိုက်ပါတယ်။

“မင်းပြောတာ မှန်တယ်။ ဒါကြောင့်လည်း ငါတို့က မင်းတို့ရဲ့ အသွေးအသား တွေကို စားသောက်ဖို့ လိုနေတာပေါ့ "

“ဗြိ ... ဗြဲ ... “

ဟူဟိုင်းရှန်ရဲ့ ခန္ဓာကိုယ် ပေါ်က အဝတ်အစား တွေကတော့ အပိုင်းပိုင်း အစစ ဖြစ်သွားခဲ့ပါပြီ။ မျက်စိတစ်မှိတ် အတွင်းမှာပဲ ဖွတ်တစ်ပိုင်း လူတစ်ပိုင်း အကြောင်းကြီး ဖြစ်ပေါ်လာပါတယ်။

“ဒါက ဂူသင်္ချိုင်းတစ်ခုလေ။ ဘယ်လိုဖြစ်ပြီး မိစ္ဆာဝိညာဉ်တွေက ပေါ်လာရတာလဲ။ အဆင့်၆ မိစ္ဆာသားရဲ တွေက အရှေ့ယူနီကွန်း တိုက်ကြီးပေါ်ကနေ ပျောက်ကွယ်သွားတာ ကြာလှပြီ မဟုတ်လား ..."

ဖန်ကျင်းယုက မေးလိုက်ပါသေးတယ်။

“ငါတို့ဆီကို လိမ်လိမ်မာမာ နဲ့သာ လာပြီး အစားခံလိုက်စမ်းပါ"

ဟူဟိုင်းရှန်က ကျယ်လောင်စွာ တစ်ချက် ဟိန်းလိုက်ပြီး ပြေးဝင်လာခဲ့ပါတယ်။

“နောက်ဆုတ်စမ်း "

ချိတ်ကောက်ဓား တစ်လက်က စုမုယူရဲ့ လက်ထဲမှာ ပေါ်လာခဲ့ပါပြီ။ သူမရဲ့ လက်တွေကို လှုပ်ရှားလိုက်တဲ့ အခါမှာတော့ မြစိမ်းရောင် အလင်းတန်း တွေက ဟူဟိုင်းရှန်ကို ဆီးကြိုတိုက်ခိုက် လိုက်ပါတယ်။

“ဝုန်း ... “

ပေါက်ကွဲသံကြီး တစ်ခုနှင့်အတူ စုမုယူကော ဟူဟိုင်းရှန်ကောက နောက်ဆုတ်လိုက် ကြရပါတယ်။

“စိတ်ဝင်စားစရာပဲ "

ဟူဟိုင်းရှန်က  သူ့ရဲ့ နှုတ်ခမ်းတွေကို လျှာဖြင့် တစ်ချက်သပ် လိုက်ပါတယ်။

“ပဇိ ... ပဇိ ... ပဇိ ... ဝီ … ဝီ … ဝီ ... “

နားကြားပြင်း ကပ်လှသည့် အသံတစ်ခုက လီဝူရှုထံ ကနေ ထွက်ပေါ်လာပါတယ်။ သူ့ရဲ့ နောက်ကျောမှာတော့ ပါးလျသည့် အတောင်ပံတစ်စုံ ထွက်ပေါ်လာပြီး အဆက်မပြတ် တုန်ခါနေဒီလေ။ သူ့ရဲ့ ပါးစပ်က ရှည်ထွက်လာပြီး အပ်တစ်ချောင်း နှင့်တောင် တူလာပါပြီ။

ဒီကောင်ကတော့ ခြင်အမျိုးအစား မိစ္ဆာသားရဲ ဖြစ်မည့်ပုံပါပဲ။

“ဟိုဘက် ခန်းမထဲကို ဝင်ကြ"

လီဖူချန်းကတော့ ဒီမိစ္ဆာဝိညာဉ် တွေနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ မစဉ်းစား ထားပါဘူး။ သူက ခန်းမကြီးနှင့် ဆက်စပ်လျက် ရှိနေသည့် အခြားခန်းမ တစ်ခုထဲကို ပြေးဝင်သွားပါတယ်။

ကျန်တဲ့သူ တွေကလည်း လီဖူချန်းရဲ့ အနောက်ကို လိုက်လာကြပါတယ်။

“ထွက်ပြေးဖို့ မစဉ်းစားနဲ့ "

မိစ္ဆာဝိညာဉ် ၅ကောင်ကလည်း အနောက်ကနေ လိုက်လာခဲ့ပါတယ်။ အထူးသဖြင့် လီဝူရှုရဲ့ ခန္ဓာကိုယ်ကို အပိုင်စီးထားတဲ့ မိစ္ဆာဝိညာဉ်က အမြန်ဆုံးပါပဲ။

အချိန်တစ်ခဏ အတွင်းမှာပဲ သူက ဆောင်ကျန်းဟီကို လိုက်မီလာပြီး သူ့ရဲ့ အပ်လိုနှုတ်သီးဖြင့် ဆောင်ကျန်းဟီ၏ ချီအကာအကွယ်ကို ဖြတ်ကျော်ပြီး သွေးတွေကို စုပ်ယူလိုက်ပါတယ်။

ဆောင်ကျန်းဟီ ကတော့ အရိုးစုတစ်စု သာသာမျှသာ ကျန်ပါတော့တယ်။ လီဝူရှုရဲ့ ခန္ဓာကိုယ်ပေါ်မှာတော့ အနီဖျော့ဖျော့ အလင်းလေးတွေ ဖြစ်ပေါ်လာခဲ့ပါပြီ။

***

All Chapters