← Chapters

အခန်း (၃၆၈)

Vol. 25 Ch. 368

အခန်း (၃၆၈)

Vol. 25 Ch. 368

“ကိုးမီလီယမ်ကျော် တန်ကြေးရှိတဲ့ Rolls-Royce Phantomကြီး…….”

ကား၏တန်ဖိုးကို ကြားသိပြီးနောက် သက်လတ်ပိုင်းအမျိုးသမီးနှင့် သူ့သားတို့မှာ အလျင်အမြန် ခေါင်းများပြူပြီး ကြည့်လိုက်ကြ၏။

ကားပေါ်ရှိ တလက်လက်တောက်ပနေသည့် ရွှေရောင်လိုဂိုကြီးက သူတို့၏ မျက်လုံးအစုံကို ကျိန်းစပ်သွားစေသည်။

“ဒီ…..ဒီကားက တကယ်ကြီး ကိုးမီလီယမ် တန်ကြေးရှိတယ်ပေါ့……”

“ငါက မင်းတို့ကို လိမ်ပြီး ဘာလုပ်မှရာ……” အမျိုးသားဖြစ်သူမှ ကျိန်ဆဲလိုက်ပြီး “ ဒီကားရဲ့ Rolls-Royce မော်ဒယ်လ်ကို အသာထားဦး….. ဈေးပေါဆုံးကတောင် ငါတို့ရဲ့ ဖာရာရီထက် ဈေးကြီးတယ်…..”

“အဲ့တာဆိုလည်း ရှင်က ဘာတွေစောင့်နေတာ … မြန်မြန် လမ်းဖယ်ပေးလိုက်လေ…. ကျွန်မတို့ အဲ့လိုလူမျိုးတွေကို အပြစ်ပြုမိလို့ မရဘူး……”

“လျှာလာမရှည်နဲ့….. ငါဘာလုပ်ရမလဲဆိုတာ သိပြီးသား…..”

သက်လတ်ပိုင်း အမျိုးသားမှ ဘေးသို့ ရွေ့လိုက်ပြီး လင်းရီအတွက် လမ်းဖယ်ပေးလိုက်သည်။

လင်းရီကတော့ လူတိုင်း၏ မနာလိုအားကျနေသည့် အကြည့်များအောက်တွင် ဖူတန် တက္ကသိုလ်၏ ကျောင်းပရန်ဝဏ်ထဲသို့ မောင်းဝင်သွားလိုက်၏‌၊

"ဒီနှစ်ရဲ့ ဂျူနီယာလေးတွေကတော့ မခေပါလားဟ... Rolls-Royce စီးပြီးလာတဲ့သူတောင် ရှိတယ်...သူကတော့ ဖူတန်မှာ အချမ်းသာဆုံး ဒုတိယမျိုးဆက်ဖြစ်လာမယ်ဆိုတာ လောင်းရဲတယ်...."

"အင်း...ကျိုးဟိုင်မှာ ဒီလိုမျိုးဈေးမြင့်တဲ့ကားတွေက မြင်ရခဲတယ်...."

"မင်းတို့ မြင်လိုက်ကြလားတော့မသိဘူး...မောင်းသွားတဲ့ကောင်ကလည်း ခန့်ချောကြီးပဲကွ...."

"ချောတာက ဘာလုပ်လို့ရမှာ...ယောက်ျားဆိုတာ အကျင့်စရိုက်ကောင်းမှကွ..ငါတို့က ရုပ်မချောပေမယ့် မိန်းကလေးတွေရဲ့ နှလုံးသားကိုတော့ မကစားဘူး...."

"အဲ့တော့လည်း မကောင်းဘူးလား...အစုံစားရတယ်လေ...."

"....."

ဖူတန်တက္ကသိုလ်၀င်းထဲသို့ ရောက်သည့်အချိန်တွင်တော့ အရာအားလူံးမှာ ကျင်းကျင်းအတွက် အသစ်အဆန်းဖြစ်နေလေသည်။ တစ်ချိန်တည်းတွင် သူမ စိတ် လှုပ်ရှားနေ၏။ နောက်ဆုံးတော့ သူမအိပ်မက်မက်ခဲ့ရသည့် တက္ကသိုလ်ကြီးကို တက်ခွင့်ရချေပြီ မဟုတ်ပါလော။

ကျင်းကျင်းတို့ မိသားစုကတော့ ကျောင်းအပ်ခြင်း ကိစ္စများနှင့် မရင်းနှီးချေ။ သို့သော် ကောလိပ်ကျောင်း တက်ခဲ့ဖူးသည့် လင်းရီကတော့ ရင်းနှီးလေသည်။ ။

ထို့ကြောင့် လင်းရီ ကျင်းကျင်းကို ဦးဆောင်သွားလိုက်ပြီး မကြာမီလမ်းခွဲကာ သူမ၏ အဆောင်အိပ်ခန်း ကိစ္စများနှင့် ပတ်သက်သည့် ကိစ္စများကို ကိုင်တွယ်ပေးလိုက်၏။ ထိုအချိန် ကျင်းကျင်းကိုတော့ ကျောင်းသားကတ်သွားလုပ်စေသည်။ ယင်းက အချိန်ကုန် သက်သာသွားစေခဲ့၏။

ကိစ္စများပြီးနောက် ဦးလေးကျင်းနှင့် လင်းရီတို့မှာ အိတ် အကြီးကြီး နှစ်အိတ်ကို သယ်လာခဲ့ပြီး ကျင်းကျင်းနှင့် သူမအမေတို့ကတော့ အသေးစားအိတ်လေးကို ဆွဲလျက် အဆောင်အိပ်ခန်းသို့ ရောက်လာခဲ့ကြသည်။

ဖူတန်ရှိ အဆောင်နေအိပ်ခန်းတို့မှာ လင်းရီ ထင်ထားသည်ထက် ကောင်းမွန်နေလေသည်။ လေးယောက်တစ်ခန်း မျှသုံးရပြီး ဘေးတစ်ဖက်စီ၌ နံရပ်ကပ်ကုတင်နှစ်လုံး ပါရှိ၏။ တီဗွီတွင် မြင်နေကြရသည့်အတိုင်းပင်။

သူတို့ အခန်းထဲသို့ ၀င်လိုက်သည့်အချိန်တွင်တော့ အိပ်ရာသုံးခုမှာ နေရာယူထားပြီးဖြစ်၏။သို့သော်လည်း အခန်းထဲတွင် တော့ မိန်းကလေးနှစ်ယောက်ကိုသာ တွေ့‌နေရသည်။

ကျင်းကျင်း၏ မိဘများကို မြင်တော့ မိန်းမလေးနှစ်ယောက်မှာ အလိုအလျောက် မျက်မှောင်ကြုတ်မိသွားကြ၏။

ဒီလူတွေက ဘယ်ဂျောင်က လာတဲ့ လူတွေလဲဟ... ၀တ်ပုံစားပုံကြည့်ရတာတော့ ကျေးတောသူတွေနေမှာ...

ပြီးတော့ အ၀တ်ထည့်လာတာကြီးကလည်း ဂုံနီအိတ်တွေနဲ့တဲ့ ...ဟမ့်...အဆင့်နိမ့်လိုက်တာ...

သူမတို့ တက္ကသိုလ်သို့ ရောက်မလာခင် သူမတို့မိသားစု၀င်များမှ တက္ကသိုလ်ရှိ အဆင်အသွယ်များမှာ သူတို့ အနာဂတ်တွင် အလုပ်ရရှိရေးအတွက် အရေးကြီးသော အဆက်အသွယ်များဖြစ်ကြောင်း ပြောပြထား၏။

စောနလေးတင် သူမတို့ လှပပြီး ချမ်းသာကြွယ်၀သည့် အခန်းဖော်တစ်ဦးနှင့် တွေ့ဆုံခဲ့သည်။ နောက်တစ်ယောက် ထပ်တွေ့ရန် မျှော်လင့်ထားသော်လည်း ကျေးတောသူတစ်ယောက် ဖြစ်နေခဲ့၏။

ဟင်း...ဘယ်လိုတောင် ကံဆိုးလိုက်သလဲနော်...

ဒါပေမယ့် ပါလာတဲ့ ကောင်လေးကတော့ အဆင်လေးတော့်....အတော်လေးမဆိုးဘူး...

"ဟိတ် ဟိတ် ...ကျွန်မ ပစ္စည်းတွေကို လာမထိနဲ့..."ဖုန်းကျားမှ ပြောလိုက်၏။

ထိုမိန်းကလေး၏ နာမည်မှာတော့ ဖုန်းကျားဖြစ်ကြီး အရပ်အမောင်း မမြင့်မားဘဲ ဆံပင်အတိုနှင့် မျက်လုံးအစုံရှိ အကြည့်များက‌တော့ သူမအား လိမ္မာပါးနပ်သူတစ်ဦးဖြစ်ကြောင်း ခံစားရစေသည်။

"အိုး... ဆောတီးပါကွယ်..."ဦးလေးကျင်းမှ ကိုးရို့ကားယား ဖြစ်သွားပြီး တောင်းပန်လိုက်၏။

ထိုမိန်းကလေးကို လင်းရီ တစ်ချက် အကဲခတ်ကြည့်လိုက်သည်။ ကျင်းကျင်း၏ အခန်းဖော်များမှ ကောင်းမည့်ပုံစံတော့မဟုတ်ချေ။

အနာဂတ်တွင်တော့ ကျင်းကျင်း၏ အဆောင်နေ ကျောင်းသူဘ၀လေးမှာ ခက်ခဲမှု တစ်စုံတစ်ရာတို့ ရှိလာတော့မည်မှာ အမှန်ပင်။ ၎င်းကို လင်းရီသိသော်လည်း ဖြေရှင်းပေးရန် စိတ်ကူးမရှိပါ။ မည်သိူ့ပင်ဆိုစေ ကျင်းကျင်းမှာ အရွယ်ရောက်ပြီးသူတစ်ဦးဖြစ်ပြီး သူမ၏ ပေါင်းသင်းဆက်ဆံရေးကိုလည်း မည်သိူ့ ကိုင်တွယ်ရမလဲဆိုတာ သင်ယူသင့်ပေသည်။

နောက်ဆုံးရောက်လာသူ ဖြစ်နေသောကြောင့် အန်တီလျှိုမှာ သူမသမီး၏ ပစ္စည်းများကို နောက်ဆူံး အိပ်ရာပေါ်သို့ တင်လိုက်၏။

"ချီချီ...နန်နန်က ဘယ်ရောက်နေတာလဲတဲ့...နေ့လာ်တောင်ရောက်တော့မှာကို...သူများက ထမင်းစားဖို့ရာ သူ့စောင့်နေပါတယ်ဆိုနေမှ...."

"နန်နန်က ကန်သင်းကတ်သွားလုပ်တာလေ...သူပြန်ရောက်လာတဲ့အချိန်ကျ အတူသွားကြတာပေါ့...."ချီချီမှ ပြောလိုက်၏။

"အင်း...တစ်မနက်ခင်းလုံး လှုပ်ရှားနေရတာ‌ဆိုတော့ ဗိုက်က အတော်လေးဆာနေပြီ... "

"ဟိတ် ဖြည်းဖြည်း ဖြည်းဖြည်း ...ကျွန်မခွက်ကို တိုက်မိတော့မယ်..."ဖုန်းကျား ထပ်မံအော်ဟစ်လိုက်၏။

ကျင်းကျင်း၏ အမေမှာ နောက်သို့ လှည့်ကြည့်လိုက်ပြီး ရှက်ရွံ့နေသည့် အမူအရာဖြင့် "မြင်ပါတယ်ကွယ်..အန်တီလည်း မတိုက်ပါဘူး...."

ဖုန်းကျား အထင်တသေးကြည့်လိုက်ပြီး သူမ၏ ရေခွက်ကို လှမ်းယူလိုက်သည်။

"ကျားကျား ..ငါတို့ပြီးကျရင်တော့ အခန်းသန့်ရှင်းရေး ပြန်လုပ်ရတော့မယ်နဲ့တူတယ်...ညစ်ပတ်လိုက်တာ... .."

"အင်း...ငါလည်း အဲ့လိုလုပ်ဖို့ စဉ်းစားနေတာ..."

"နင်တို့ စကားကို ဘယ်လိုတွေ ပြောနေကြတာ..."

ကျင်းကျင်း မပျော်မရွှင် ဖြစ်သွားခဲ့၏။ သူမ အနှီမိန်းကလေးနှစ်ယောက်၏ ဦးနှောက်မှာ ဘာမှားနေမှန်း စဉ်းစားမရတော့ချေ။ လူလူချင်း အတူတူကို အဘယ်ကြောင့် နိမ့်ချဆက်ဆံနေရပါသနည်း။

"ငါတို့က နင့်ကိုပြောနေလို့လား...ဘာတွေ လာနာနေတာ...."

"ဒါနဲ့ တစ်လက်စတည်း ငါတို့က အခန်းဖော်တွေ ဖြစ်တော့မှာဆိုတော့ စည်းကမ်းလေးတွေ ကြိုပြောထားလိုက်မယ်...ဒီအခန်းထဲက ငါတို့ ပစ္စည်းတွေကို နင်ဘယ်တစ်ခုမှ ထိလို့မရဘူး..."

"ငါလည်း နင်တို့ ပစ္စည်းတွေ မထိပါဘူး...."ကျင်းကျင်း ရွံရှာနေသည့် အမူအရာဖြင့် ပြောလိုက်သည်။

"ကိုယ့်အနေအထားကိုယ်သိရင် ပြီးတာပဲ..."ချီချီဟူသည့် မိန်းကလေးမှ ပြောလိုက်ပြီး "ပြီးတော့ ကိုယ့်ကိုယ်ကို တစ်ကိုယ်ရေသန့်ရှင်းရေးလည်း လုပ်ဦး...ဒါမှ ငါတို့အခန်းက မနံမှာ..."

"နင် ဘာတွေ လာပြောနေတာလဲ...ပြောချင်ရင်လဲ တည့်ပြောလိုက်...ဘာမှ လာပြီး ကွေ့ဝိုက်မနေနဲ့...."

"ငါပြောလိုက်တာကို နားမလည်တာလား..ဒါမှမဟုတ် နားကပဲ မကြားတာလား...ဒါနဲ့များ ဖူတန်တက္ကသိုလ်ကို ဘယ်လိုလုပ်ပြီး ရောက်လာပါလိမ့်...."

"နင်တို့....."

"ကဲပါ ကျင်းကျင်း...သမီးတို့က အချိန်အကြာကြီး အတူနေရမှာလေ...အခန်း‌ ဖော်တွေနဲ့ ခုလိုအချင်းများနေတယ်ဆိုရင် ရှေ့ဆက်ပြီး ဘယ်လိုလုပ် ကောင်းတော့မှာ...."

အန်တီလျို ပြုံးလိုက်ပြီး ဖုန်းကျားနှင့် ချီချီတို့ကို ကြည့်ကာ "အန်တီ့သမီးက ငယ်ငယ်လေးကတည်းကနေ အလိုလိုက်ခံထားရတာ ဆိုတော့ နည်းနည်းဆိုးတယ်.. သမီးတို့ကပဲ အနာဂတ်ကျ ပိုပြီး သည်းခံ......"

"ရှင်... ကျွန်မတို့နဲ့ တစ်မီတာလောက် ခြားနေစမ်း..ရှင့်ဆီက ထွက်လာတဲ့ အနံ့တွေကို ကျွန်မတို့ မခံနိုင်ဘူး...."

အန်တီလျို ကိုးရို့ကား ပြုံးလိုက်ပြီး နောက်သို့ လေးငါးလှမ်းလန့် ဆုတ်လိုက်မိသည်။ ဘာမျှ ပြန်မပြောသော်လည်း ရင်ထဲတွင်တော့ မကောင်းချေ။

"နင် အပျက်မ........."

ကျင်းကျင်း အော်ဟစ်တော့မည့် အချိန်တွင် အသံတစ်သံ၏ နှောင့်ယှက်ခြင်း ခံလိုက်ရ၏။

တံခါးမှာ ပွင့်လာခဲ့ပြီး တစ်ဆက်တည်းဂါ၀န်ကို ၀တ်ဆင်ထားသည့် မိန်းကလေးတစ်ဦးမှ အခန်းထဲသို့ ၀င်လာခဲ့သည်။

"နင်တို့ပဲ....."

လင်းရီနှင့် ကျင်းကျင်းတို့ကို မြင်တော့ ကျန်းနန် အံ့အားသင့်သွားခဲ့သည်။ ဤနေရာ၌ လာတွေ့လိမ့်မည်လို့ သူမ မျှော်လင့်မထားခဲ့ချေ။

"နင်ကလည်း ဒီအခန်းကပဲလား..."ကျင်းကျင်း သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းလိုက်၏။

"အင်း ဟုတ်တယ်...ငါက ခုလေးတင်ပဲ ကန်သင်းကကတ်လုပ်ပြီးလို့ ပြန်လာခဲ့တာလေ..."ကျန်းနန်ပြုံးလိုက်ပြီး "ငါက ကျန်းနန်ပါ..နင်ပစ္စည်းတွေ နေရာချပြီးသွားရင် ငါတို့ ထမင်းအတူ သွားစားကြမယ်လေ..."

"နန်နန်....သူ့ကို ဘာကိစ္စစောင့်နေဦးမှာ...ငါတို့ ဗိုက်ဆာလှပြီ...အတူသွားစားရအောင်လေ...."ဖုန်းကျားပြောလိုက်၏။

ကျန်းနန်နှင့် စကားပြောသည့် အချိန်တွင်တော့ သူမ၏ အချိုးများမှာ ၁၈၀ ဒီဂရီ‌လောက် ပြောင်းလဲသွားပြီး မျက်နှာထက်တွင်လည်း ဖားယားသည့် အပြုံးကို ဆင်မြန်းထားသည် ။

"အားလုံးက အခန်းဖော်တွေကိုပဲ သွားမယ့်သွား အတူသွားကြတာပေါ့...."ကျန်းနန်ပြောလိုက်၏။

"သူနဲ့လား...ငါတော့ သူ့လိုလူမျိုးနဲ့ အခန်းဖော်မဖြစ်ချင်ပေါင်...."ချီချီ လက်ပိုက်လျက် မောက်မာစွာ ဆိုလိုက်၏။

ကျန်းနန် မျက်မှောင်ကြုတ်သွားခဲ့သည်။

ဒီကောင်‌မ‌တွေက ဘာဖြစ်ချင်နေကြတာလဲဟ..

ဘာလို့ လူကို နိမ့်ချနေကြတာ.....

"ငါဗိုက်သိပ်မဆာသေးဘူး...နင်တို့ ဆာရင်အရင်သွားနှင့်ကြ...ငါတို့နောက်မှပဲ အတူသွားစားလိုက်မယ်..."

"နန်နန်..နင်မသွားရင် ငါတို့လည်း မသွားဘူး...."

"ဒါပေမယ့် ငါကမှ မဆာသေးတာ...."

"ရတယ်လေ...ငါတို့စောင့်‌ပေးမယ်...နင်ဆာမှပဲ အတူသွားစားကြတာပေါ့...."

ဖုန်းကျား အပြုံးလေးဖြင့် ပြောလိုက်သည်။

ကျန်းနန်ကဲ့သို့ လှပပြီးကြွယ်၀သည့် သူဌေးသမီးလေးက အဘယ်ကြောင့် ကျေးတောသူမကို ဂရုစိုက်နေလဲဆိုတာ သူမတို့နှစ်ယောက် နားမလည်တော့ပါ။

အစကတော့ ကျင်းကျင်း အနည်းငယ် စိတ်မသက်မသာ ဖြစ်နေခဲ့သည်။ သို့သော်လည်း ကျန်းနန်ရောက်လာခဲ့သည့် အချိန်တွင်‌တော့ သူမနှလုံးသားထဲရှိ တိမ်မည်းတို့မှာလည်း လွင့်စင်ပျောက်ကွယ်‌သွားခဲ့တော့၏။

"‌ဒါနဲ့ကျင်းကျင်း...နင်၀ယ်သွားတဲ့ ဆွဲကြိုးလေးကော...."ကျန်းနန် အားကျနေသည့် လေသံဖြင့် မေးလိုက်ပြီး "ငါ Van Cleef & Arpel မှာ အလုပ်လုပ်ပါပြီဆိုကတည်းက အဲ့ဆွဲကြိုးလေးကို မျက်စိကျနေတာ...ဒါပေမယ့် မ၀ယ်နိုင်လို့...တစ်‌ချက်လောက်ပြကြည့်ပါလားဟယ်...ကိုင်ဖူးတယ်ရှိအောင် ကြည့်ချင်လို့ပါ..."

ကျင်းကျင်း ရှက်ကိုးရှက်ကမ်းဖြင့် သစ်ရွက် လေးခုသဏ္ဍာန် စိန်ဆွဲသီးလေးကို ထုတ်ပြလိုက်၏။ တလက်လက်တောက်ပနေသည့် စိန်ပွင့်တို့ကိုမြင်တော့ ဖုန်းကျားနှင့် ချီချီတို့ ထိတ်လန့်သွားခဲ့ကြသည်။

"စိန်..စိန်တွေ...ဒီစိန်တွေက အစစ်တွေလား...."

All Chapters