ချန်းဖန် ထွက်ရခြင်း
Vol. 005 Ch. 409
ချန်းဖန်နှင့် ရီဖူရှင်းတို့ ကတောက်ကဆ ဖြစ်သည့်ပုံကို မြင်လျှင် သူမ၏ မျက်လုံးထဲတွင် ထူးဆန်းသော အမူအရာများ ဖြစ်လာကာ အတွေးများစွာကာ သူမ၏ ခေါင်းထဲကို ဝင်လာသည်။ ယူချင်းနှင့် ရီဝူချင်းတို့၏ တိုက်ခိုက်ရေး စွမ်းရည်ဖြင့် သူတို့က ဝမ်မိသားစုအတွက် အနည်းငယ် အခက်အခဲ ဖြစ်စေသည်။ သို့သော် သူတို့ကသာ ပြိုင်ပွဲအဆုံးအထိ ဆက်နေနိုင်ခဲ့ပါက သူတို့က ဝမ်မိသားစုအား ပထမ ရယူပေးနိုင်လောက် ပေသည်။ သို့သော်လည်း ပြဿနာက တခြား အင်အားစုသုံးခုက ဝမ်မိသားစုကို အလွယ်တကူ အနိုင်ရခွင့်ပေးမည် မဟုတ်ပေ။
ချန်းဖန်၏ အမြင်က သူမနှင့် ကွဲပြားသည်ကိုလည်း သူမက နားလည်သည်။ သူမက ဝမ်မိသားစု၏ အကျိုးအမြတ် တစ်ခုကိုသာ တွေးကာ ပြိုင်ပွဲကို အနိုင်ရရန်သာ ရည်မှန်းသည်။ အနည်းဆုံး သူတို့က ဒုတိယ ရရန် လိုပေသည်။
တခြားတစ်ဖက်တွင် ချန်းဖန်ကလည်း အနိုင်ရလိုသော်လည်း သူက သူ့အတွက်လည်း တွေးပေသည်။ ရီဖူရှင်း၊ ယူချင်းနှင့် ရီဝူချင်းတို့၏ စွမ်းဆောင်ရည်က သူ၏နေရာအား ခြိမ်းခြောက်နေသည်။ ထို့ကြောင့် သူက ရီဖူရှင်းတို့ထဲမှ လူများကိုသာ ပြိုင်ပွဲမှ ထုတ်ပယ်ကာ သူမူကား အဆုံးအထိ ပြိုင်ပွဲတွင် ပါဝင်လိုနေသည်။
ထိုနည်းဖြင့် သူက ပြိုင်ပွဲအနိုင်ရခြင်း အတွက် မျက်နှာ ကောင်းကောင်း ရပေမည်။ မဟုတ်လျှင် သူက အနိုင်ရလျှင်ပင် ဘာအကျိုးအမြတ်မှ ရမည်မဟုတ်သလို ရှုံးလျှင်လည်း အပြစ်ပေး ခံရနိုင်ပေသည်။ ထိုသို့သော အခြေအနေတွင် ချန်းဖန် ဘာလိုချင်သည်ကို သိသာလှပေသည်။
ရီဖူရှင်းက နှာခေါင်းရှုံ့ကာ ချန်းဖန်အား ကြည့်သည်။ ထို့နောက် သူက ပြောသည်… “ယူချင်း… မင်းသွား…”
“ကောင်းပြီ…” ယူချင်းက ခေါင်းညိတ်သည်။ ထရပ်ကာ သူက တိုက်ပွဲစင်မြင့်ထက်ကို လျှောက်သွားသည်။ လျှပ်စီးကလန်မှ လူများက ထိုမြင်ကွင်းကို သဘောကျစွာ ကြည့်ကြသည်။ ယူချင်း ထရပ်သည်ကို မြင်သည်နှင့် ဝမ်မိသားစုက ဤစိန်ခေါ်ပွဲအား အရှုံးမခံတော့သည်ကို နားလည် လိုက်ကြသည်။ မဟုတ်လျှင် သူတို့က ယူချင်းအား စတေးရပေမည်။
အမှန်တကယ်အားဖြင့် လျှပ်စီးကလန်ကလည်း ဤစိန်ခေါ်ပွဲအား အနိုင်မယူလိုကြပေ။ သူတို့ အနိုင်ရခဲ့ပါက ဝမ်မိသားစုဘက်တွင် အကူသုံးယောက်မျှသာ ကျန်ရစ်ခဲ့မည်ဖြစ်ပြီး လျှပ်စီးကလန်က လေးယောက်ကျန်ခဲ့ကာ ဝမ်မိသားစု၏ အန္တရာယ်ရှိသော အခြေအနေထဲသို့ သူတို့က ကိုယ်စား ရောက်ရှိသွားမည် ဖြစ်ပေသည်။ သူတို့က ဝမ်မိသားစုအား အကူအညီပေးရာ ရောက်သွားပေမည်။ ထို့ကြောင့် သူတို့က အားအနည်းဆုံးလူကို ဖယ်ထုတ်ကာ လူအများ၏ ပစ်မှတ်ထားခြင်းမှ ရှောင်ဖယ် လိုကြပေသည်။
သည်တိုက်ပွဲ ပြီးသွားသည်နှင့် ယွန်ယွဲ့ကုန်သည် အုပ်စုနှင့် ဖန်းမိသားစုတို့က ဝမ်မိသားစုကို ဦးတည်၍ စိန်ခေါ်ကြမည်မှာ သေချာပေသည်။ ထိုမိသားစုသုံးခု တိုက်ခိုက်ပြီးနောက် လျှပ်စီးကလန်၏ အလှည့်ကို ရောက်ရှိလာသောအခါ သူတို့က အခြေအနေ တစ်ခုလုံးကို ထိန်းချုပ် သွားနိုင်ပေတော့မည်။
အင်အားစုလေးခု၏ တိုက်ပွဲက တိုက်ခိုက်ရေး စွမ်းရည်ကိုသာ စမ်းသပ်သည် မဟုတ်ဘဲ နည်းဗျူဟာနှင့် အတွေးအကြံများကိုပါ စမ်းသပ်သည်။ မှန်သည်… အဆုံးသတ်တွင်ကား တကယ့် စွမ်းရည်ကသာ အရေးအကြီးဆုံး ဖြစ်ပေသည်။ အကယ်၍ အင်အားစုတစ်ခုက အလွန် အားနည်းပါက ပြိုင်ပွဲမှ ဦးဆုံး ထွက်ခွာရမည်မှာ သေချာပေသည်။ လက်ရှိတွင် ယွန်ယွဲ့ကုန်သည် အုပ်စုဘက်တွင် အကူနှစ်ယောက်မျှသာ ကျန်တော့ပြီး သူတို့မှာ ရီရှောင်နှင့် မိစ္ဆာသွေးလက်ဝါးတို့ ဖြစ်သော်လည်း သူတို့အား မည်သူမှ အလောတကြီး စိန်ခေါ်ရဲကြမည် မဟုတ်ပေ။ သူတို့က အရေးနိမ့်နေသော အခြေအနေဟု ထင်မြင်ရသော်လည်း သူတို့၏ အကူများက လွန်စွာ အားကောင်းနေရာ သူတို့အား ပြိုင်ပွဲမှ ဖယ်ထုတ်ရန် အလွန် ခက်ခဲနေဆဲဖြစ်သည်။ အကယ်၍ ယွန်ယွဲ့ကုန်သည် အုပ်စုမှ ဖိတ်ခေါ်ထားသော လူများက အလွန် အားနည်းနေပါက အခြေအနေက ပြောင်းပြန် ဖြစ်သွားပေမည်။
ဝမ်မိသားစုဘက်တွင် ရီဖူရှင်းက ယူချင်းကို သွားရန် ပြောသည်ကို ကြားလျှင် ချန်းဖန်က ရီဖူရှင်းကို အေးစက်စွာ ကြည့်သည်။ သို့သော်လည်း ရီဖူရှင်းက သူ့အား လုံးဝ လျစ်လျူရှုထားကာ တိုက်ပွဲစင်မြင့် အလယ်ကိုသာ ခံစားချက် ကင်းမဲ့စွာ ကြည့်နေသည်။
သည်တိုက်ပွဲကလည်း ရိုးရှင်းပေသည်။ ယူချင်းက သူ၏ ပြိုင်ဘက်ကို အလွယ်တကူ အနိုင်ရခဲ့သည်။ ချက်ချင်းပင် တခြား အင်အားစုသုံးခုက ဝမ်ယွီရိုအား ဝိုင်းကြည့်ကြသည်။
သည်တိုက်ပွဲ အပတ်စဉ် အပြီးတွင် ဝမ်မိသားစုဘက်တွင် လေးယောက် ကျန်ရှိနေသေးကာ လျှပ်စီးကလန်နှင့် ဖန်းမိသားစုတွင် သုံးယောက်စီ ကျန်ရှိပြီး ယွန်ယွဲ့ကုန်သည် အုပ်စုတွင် နှစ်ယောက်သာ ကျန်ရှိတော့သည်။ ထို့အပြင် ဝမ်မိသားစုက အရေအတွက်အားဖြင့်သာ အသာစီးရနေသည် မဟုတ်ဘဲ အရည်အချင်းရှိသော လူများကိုလည်း ပိုင်ဆိုင်ထားပေသည်။ ချန်းဖန်၊ ယူချင်းနှင့် ရီဝူချင်းတို့၏ အရည်အချင်းများက လွန်စွာ ကောင်းမွန်သလို သူတို့က ရီဖူရှင်း၏ အရည်အချင်းကိုလည်း သံသယ ဝင်လာကြသည်။ ဤသို့သော အခြေအနေတွင် တခြား အင်အားစုသုံးခုက ဝမ်မိသားစုက အလေးသာသော အခြေအနေကို ဆက်လက် သည်းခံမည့် ပုံစံမရှိကြတော့ပေ။
“ယွီရိုက ဘာတွေ စဉ်းစားနေတာလဲ…” ဝမ်မိသားစု ခေါင်းဆောင်က ယွန်ယွဲ့စင်မြင့်ထက်ကို စိုက်ကြည့်သည်။ ဝမ်မိသားစုက သည်မတိုင်မီက အလေးသာနေဟန် ရသော်လည်း လက်ရှိတွင် အင်အားစုတိုင်းက ဝမ်မိသားစုကို ပစ်မှတ်ထား တိုက်ခိုက်ကြတော့မည့်ဟန် ရှိနေသေည်။
ချိန်ခွင်လျှာကား ပျက်စီးသွားပြီဖြစ်ကာ ယွန်ယွဲ့စင်မြင့်ထက်မှ အခြေအနေက အနည်းငယ် ထူးဆန်းနေသည်။
ယွန်ယွဲ့ကုန်သည် အုပ်စုဘက်မှ အကူနှစ်ယောက်ရှိသော အထဲမှ ရုတ်တရက် တစ်ယောက်က ရှေ့ကို ထွက်လာသည်။ ချက်ချင်းပင် လူတိုင်း၏ အကြည့်က အေးခဲသွားသည်။
ရှေ့ကို ထွက်လာသူကား ရီရှောင်ဖြစ်သည်။ သူကား ယွန်ယွဲ့ကုန်သည် အုပ်စုဘက်မှ စွမ်းရည်အမြင့်ဆုံး ဖြစ်သည်။ သူက စိန်ခေါ်တော့မည်ဖြစ်ရာ ယွန်ယွဲ့ကုန်သည် အုပ်စုက အနိုင်ရရန် မည်မျှ လိုလားနေသည်ကို သိသာပေသည်။ အကယ်၍ သူတို့က မိစ္ဆာသွေးလက်ဝါးကို စေလွှတ်ပြီး ယွန်ယွဲ့ကုန်သည် အုပ်စုက ချန်းဖန်ကို စေလွှတ်ပါက မိစ္ဆာသွေးလက်ဝါးက ရှုံးနိမ့်သွားနိုင်ပေသည်။ ထိုအခါ ယွန်ယွဲ့ကုန်သည် အုပ်စု၏ အခြေအနေက အကူတစ်ယောက်မျှသာ ကျန်တော့မည်ဖြစ်ပြီး အလွန် အခြေအနေ ဆိုးရွားသွားပေမည်။ ထို့ကြောင့် ရီရှောင်က ဝမ်မိသားစုကို စိန်ခေါ်မည့်ပုံ ရနေသည်။
ဝမ်မိသားစု၏ဘက်တွင် ဝမ်ယွီရို၏ မျက်နှာက အနည်းငယ် ပျက်ယွင်းသွားသည်။ ချန်းဖန်က ရီဖူရှင်းအား အေးစက်စွာ ကြည့်သည်… “အရူး… အခု ဘယ်သူ့ကို လွှတ်မလဲ…”
ရီဖူရှင်းက ပြန်၍ အေးစက်စွာ ကြည့်ကာ ပြောသည်… “မင်း…”
ချန်းဖန် အနည်းငယ် မှင်တက်သွားသည်။ ရီဖူရှင်းက နှာခေါင်းရှုံ့ကာ ပြောသည်… “အခုထိ မင်းက တစ်ပွဲမှ မတိုက်ခိုက်ရသေးဘူး… အခု မင်းအလှည့် ရောက်ပြီ…”
“မင်း လွန်လာပြီ…” ချန်းဖန်က အေးစက်စွာ ပြောသည်။ သူက ရီဖူရှင်းအား သွားရောက် အရှုံးပေးခိုင်းသည်မှာ ရီဖူရှင်းတို့အဖွဲ့က သူ၏နေရာအား ခြိမ်းခြောက်မည်ကို စိုးရိမ်၍ ဖြစ်ပေသည်။ အမှန်ပင် ရီဖူရှင်းက သူ့အား ဖယ်ထုတ်လိုနေသည်။
ရီရှောင်ကား စွမ်းအား အကောင်းဆုံး ပြိုင်ပွဲဝင် ဖြစ်ဟန်ရကာ သူက အနည်းဆုံး ထိပ်ဆုံး သုံးယောက်ထဲတွင် ပါဝင်ပေသည်။ သူသည်ကား ချန်းဖန် နောက်ဆုံးတွင်သာ ယှဉ်ပြိုင်လိုသော သူလည်း ဖြစ်ပေသည်။ ယခု ရီဖူရှင်းက သူ့အား ရီရှောင်နှင့် ယှဉ်ပြိုင်စေလိုနေသည်။
“ဝမ်မိသားစု… ဘာဖြစ်တာလဲ…” ယွန်ယွဲ့ကုန်သည် အုပ်စုမှ တစ်ယောက်က ခံစားချက် ကင်းမဲ့စွာ ပြောသည်။
“မင်းက မတိုက်ခိုက်ရဲမှတော့ မင်းက လက်လျှော့ လိုက်တယ်လို့ပဲ ငါတို့က သတ်မှတ်ပြီးတော့ မင်းက တိုက်ရိုက် ဖယ်ထုတ်ခံရမှာပဲ…” ချန်းဖန်က ရီဖူရှင်းအား အေးစက်စွာ ကြည့်သည်။
ဝမ်ယွီရိုကလည်း ရီဖူရှင်းကို ကြည့်သည်။ သိသာစွာပင် သူမကလည်း ရီဖူရှင်းအား သည်စိန်ခေါ်ပွဲကို တိုက်ခိုက်စေလိုဟန် ရနေသည်။ ချန်းဖန်ကား အလွန် အားကောင်းကာ အစောပိုင်း ကတည်းက ရှုံးနိမ့်သွား၍ မရပေ။ အကယ်၍ ချန်းဖန်က ရီရှောင်ထံတွင် ရှုံးနိမ့်သွားပါက အကျိုးဆက်က မည်သို့ ဖြစ်လာမည်ကို သူမက မခန့်မှန်းနိုင်ပေ။
ဝမ်ယွီရိုက သူ့အား ကြည့်နေသည်ကို သိလိုက်သော ရီဖူရှင်းက ပြောသည်… “သူလား… ကျုပ်တို့လား…” ထို့နောက် သူက အကြည့်ကို ရှေ့သို့ ပို့လိုက်သည်။ မူလက သူက ပြဿနာ ရှာလိုခြင်း မရှိသလို ချန်းဖန်အား တမင် ဖယ်ထုတ်လိုခြင်းလည်း မရှိခဲ့ပေ။ သို့သော် ချန်းဖန်က သူ့အား ပြဿနာ လာရှာမှတော့ သူကလည်း သည်းခံနေမည် မဟုတ်ပေ။
ရီဖူရှင်း၏ စကားကို ကြားလျှင် ဝမ်ယွီရို၏ မျက်နှာက ချက်ချင်း နက်မှောင်သွားသည်။ သူမ၏ သဘောအရဆိုလျှင် သူမက ရီဖူရှင်းကို စတေးမည် ဖြစ်သည်။ သို့သော်လည်း ရီဖူရှင်းက သူမအား ရီဖူရှင်း၏အဖွဲ့နှင့် ချန်းဖန်ကို ရွေးခိုင်းနေသည်။
သူမက ဘယ်သူ့ကို ရွေးရမည်နည်း...။ အကယ်၍ သူမက ရီဖူရှင်းတို့အဖွဲ့ကို လက်လွှတ်လိုက်ရလျှင် သူမအတွက် ချန်းဖန် တစ်ယောက်သာ ကျန်တော့မည် ဖြစ်ကာ အလွန်ဆိုးရွားသော အခြေအနေကို ရောက်သွားပေမည်။
ရီဖူရှင်း၏ စကားကို ကြားလျှင် ချန်းဖန်၏ မျက်နှာကလည်း နက်မှောင်သွားသည်။ သူစိုးရိမ်သော အရာက အမှန်တကယ် ရောက်လာသည်။
ရီဖူရှင်းက တိုက်ပွဲထဲကို မဝင်ရောက်လိုသည်မှာ သူက ချန်းဖန်အား ဖယ်ထုတ်လို၍ ဖြစ်ရပေမည်။
“နင်သွားရင် ငါက စိတ်ဝိညာဉ် အားဖြည့် မြက်စိမ်းကို ပေးမယ်…” ဝမ်ယွီရိုက ပြောသည်။ အကယ်၍ သူမက ရီဖူရှင်းတို့အဖွဲ့နှင့် ချန်းဖန်ကို ရွေးရလျှင် သူမက ရီဖူရှင်းတို့ကို ရွေးမည် ဖြစ်သော်လည်း ချန်းဖန်က အလွန် အားကောင်းသည်ကို သူမက သိပေသည်။ သို့သော်လည်း သူမက ရီဖူရှင်း၏ တိုက်ခိုက်ရေး စွမ်းရည်နှင့် ပတ်သက်၍ သိပ်မသိပေ။
ထို့ကြောင့် သူမက ရီဖူရှင်းက အရှုံးပေးလျှင် သူလိုသော အရာကို ပေးမည်သာ ဖြစ်ကြောင်း ကတိပေးသည်။ သည်နည်းဖြင့် သူမက ချန်းဖန်အား ဆက်လက် ထိန်းထား နိုင်ပေမည်။
“သူ မရှိတော့ရင်လည်း ကျုပ်က မင်းကို အနိုင်ရအောင် လုပ်ပေးနိုင်တယ်…” ရီဖူရှင်းက ဝမ်ယွီရိုကို စိုက်ကြည့်ကာ ပြောသည်။ ရီဖူရှင်း၏ မျက်လုံထဲမှ ဝမ်ယွီရိုက မောက်မာခြင်းများနှင့် မိမိကိုယ်ကို ယုံကြည်ခြင်းများကို မြင်ရသည်။
စည်တော်အနီးမှ ယွန်ယွဲ့ကုန်သည် အုပ်စုမှ လူက အေးစက်စွာ ပြောသည်… “တကယ်လို့ ဝမ်မိသားစုက ထွက်မလာရင် အရှုံးပေးတယ်လို့ သတ်မှတ်ရလိမ့်မယ်… လူတစ်ယောက်ကတော့ နုတ်ထွက် ပေးရလိမ့်မယ်…” ပြိုင်ပွဲ၏ ကြီးကြပ်သူ ဖြစ်သည့်အလျောက် သူက ပြိုင်ပွဲ၏ စည်းမျဉ်းအတိုင်း လုပ်ဆောင် နိုင်ပေသည်။
“ချန်းဖန်… ရှင်သွား…” ဝမ်ယွီရိုက ပြောသည်။ သူမက ရီဖူရှင်းအား အေးစက်စွာ စိုက်ကြည့်နေဆဲ ဖြစ်သည်။
ချန်းဖန်၏ မျက်နှာက အလွန်တရာ ပျက်ယွင်းသွားသည်။ ဝမ်ယွီရိုက ဆုံးဖြတ်ပြီးမှတော့ သူ့တွင် ရွေးချယ်စရာ မရှိတော့ပေ။ သူမတိုက်ခိုက်လျှင်လည်း ပြိုင်ပွဲမှ ထွက်ရမည် ဖြစ်သည်။
ထရပ်ကာ ချန်းဖန်က ရီဖူရှင်းအား အေးစက်စွာ ကြည့်သည်။ သို့သော် ဘာမှ မပြောပေ။ ထို့နောက် သူက ယွန်ယွဲ့စင်မြင့် အလယ်သို့ လျှောက်သွားသည်။
ထိုမြင်ကွင်းကို ကြည့်ကာ လူအများအပြားက အံ့အားသင့်ကြရသည်။ ဝမ်ယွီရိုက ချန်းဖန်အား အဘယ်ကြောင့် စေလွှတ်သည်ကို သူတို့ နားမလည်ကြပေ။ သူမက တစ်ပွဲတည်းဖြင့် အားလုံးကို ဆုံးဖြတ်လိုသည်လား...။
အကယ်၍ ချန်းဖန်အနိုင်ရပါက ယွန်ယွဲ့ကုန်သည် အုပ်စုက လုံးဝ ရှုံးနိမ့်သွားမည် ဖြစ်သည်။ ချန်းဖန်က ရီရှောင်အား အနိုင်ရလျှင် သူက နေ့ယွန်ကိုလည်း အနိုင်ယူနိုင်ပေသည်။
သို့သော် ချန်းဖန် ရှုံးနိမ့်ခဲ့လျှင်ကော...။
ဝမ်ယွီရို၏ စွန့်စားမှုက လူအများအား တွေဝေစေသည်။ သို့သော်လည်း သူတို့က သိပ်နားမလည်သည့်တိုင် ထိုတိုက်ပွဲအား လွန်စွာ စိတ်ဝင်စားကြသည်။ အင်အားစုနှစ်ခုမှ စွမ်းအားအမြင့်ဆုံး နှစ်ယောက် တွေ့ဆုံခြင်း ဖြစ်သလို သည်တိုက်ပွဲက များစွာသော အဆုံးအဖြတ်ကိုလည်း ပေးနိုင်သည်။
တခြား မိသားစုနှစ်ခုမူကား သည်တိုက်ပွဲကို ကြည့်ကာ လွန်စွာ ပျော်ရွှင်ရပေသည်။
သူတို့နှစ်ယောက်က အားကောင်းသော ကိုယ်ရောင် ကိုယ်ဝါများကို ထုတ်လွှတ် လိုက်ကြသည်။ ရီရှောင်၏ ခန္ဓာကိုယ်အား တောက်ပ လင်းလက်သော အလင်းများ ဖုံးလွှမ်းထားသည်။ သူက လက်ကို မြှောက်လိုက်လျှင် ထက်ရှကာ ရွှေရောင် လင်းလက်သော လက်ဝါးပုံရိပ်တစ်ခုက ရှေ့ကို ပြေးဝင်သွားသည်။ ထိုလက်ဝါးက ချန်းဖန်၏ ရှေ့မှ လေဟာနယ်အား လာရောက် ဆုပ်ကိုင်သည်။ ထိုနေရာ တစ်ခုလုံးအား လက်ဝါးပုံရိပ်က ဖုံးလွှမ်း လာနေသည်။
ချန်းဖန်က တွန့်ဆုတ်ခြင်း မရှိဘဲ သူ၏ သက်စောင့်ဝိညာဉ်နှင့် ဓမ္မတို့အား တိုက်ရိုက် ထုတ်လွှတ်လိုက်ကာ ထိုအရာက လွန်စွာ ရုန့်ရင်းကြမ်းတမ်းသော နဂါးကြီး တစ်ကောင်ဖြစ်သည်။ သူကလည်း လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်လျှင် သူ၏လက်ဝါးက ရွှေရောင် လက်ဝါးပုံရိပ်နှင့် ရင်ဆိုင်မိကာ လက်ဝါးပုံရိပ်က အပိုင်းပိုင်း အစစ ဖြစ်သွားသည်။
ရုတ်တရက် ရီရှောင်က ရှေ့ကို လျှောက်လာ နေသည်။ သူ့နောက်တွင်ကား စူးရှသော အလင်းတစ်ခု ဖြစ်ပေါ်လာကာ ထိုအရာက အမှန်တကယ်ပင် ရွှေရောင် လက်ဝါးကြီးများ ဖြစ်နေသည်။ ထိုလက်ဝါးများက ရီရှောင်အား လှည့်ပတ်နေကြသည်။
ရီရှောင်က သူ၏လက်ကို လှုပ်ရှားကာ သင်္ကေတ အနည်းငယ်ကို ပြုလုပ်လိုက်လျှင် လက်ဝါးများက ဧရာမကြီးမားသွားကာ ကြောက်မက်ဖွယ် အားအင်များဖြင့် ချန်းဖန်ကို တိုက်ခိုက်ကြသည်။
“ဒီလို ပြင်းထန်တဲ့ တိုက်ကွက်…” လူတိုင်းက ထိုမြင်ကွင်းကို ကြည့်ကာ အံ့အားသင့်ကြရသည်။ ရီရှောင်ကား ပြင်းထန်သော တိုက်ခိုက်မှုတွင် လွန်စွာ အသားကျဟန်ရကာ များစွာသော လက်ဝါးများကို အဆက်မပြတ် စေခိုင်း တိုက်ခိုက်နိုင်သည်။
သူတို့နှစ်ယောက်က ပြင်းထန်စွာ တိုက်ခိုက်ကြ သော်လည်း မကြာမီတွင် ချန်းဖန်က အရေးနိမ့် လာသည်ကို မြင်ကြရသည်။
ချန်းဖန်က ရှုံးနိမ့်တော့မည်ဟု လူတိုင်းက တွေးထင်ကြသည်။
ယွန်ယွဲ့ကုန်သည် အုပ်စုမှ လူများက နှာခေါင်းရှုံ့ကြသလို ရှမ်းဖေးယူကလည်း ဝမ်ယွီရိုထံသို့ ကြည့်သည်။ ထိုအခိုက်တွင် ဝမ်ယွီရိုက စိတ်ပျက်စွာဖြင့် ပြောသည်… “အခု ရှင် ပျော်ပြီလား…”
“မင်း အနိုင်ရလိမ့်မယ်လို့ ကျုပ်ပြောပြီးပြီ…” ရီဖူရှင်းက ပြောသည်။
“ရှင်အသံက ယုံကြည်မှုရှိတဲ့ပုံစံပဲ… မနိုင်ခဲ့ရင်ရော…” ဝမ်ယွီရိုက ရီဖူရှင်းအား စိုက်ကြည့်သည်။
“ကျုပ်တို့ မနိုင်ရင် ကျုပ်ကို လုပ်ချင်သလို လုပ်လို့ ရတယ်…” ရီဖူရှင်းက ဝမ်ယွီရိုအား စိုက်ကြည့်သည်။
“တကယ်လို့ ရှင်က ကျွန်မတို့အတွက် ပထမနေရာကို ယူပေးနိုင်ရင် ကျွန်မကို ရှင်ကြိုက်တာ တောင်းဆိုလို့ ရတယ်…” ဝမ်ယွီရိုကလည်း ရီဖူရှင်း၏ မျက်လုံးများကို ခံစားချက် ကင်းမဲ့သော ပုံစံဖြင့် ကြည့်သည်။
“ကောင်းပြီ… ကျုပ် မှတ်ထားမယ်…” ရီဖူရှင်းက ပြုံးသည်။ လူတိုင်းက ထင်မှတ်ထားသလိုပင် ချန်းဖန်က ရှုံးနိမ့်သွားသည်။
တိုက်ပွဲပြီးဆုံး သွားသောအခါ ချန်းဖန်၏ မျက်နှာက လွန်စွာ နက်မှောင်နေသည်။ သူက သည်ပြိုင်ပွဲအား ယုံကြည်မှု ရှိစွာဖြင့် ရောက်လာခဲ့သော်လည်း ယခု တိုက်ပွဲ တစ်ပွဲတည်းဖြင့် ပြိုင်ပွဲမှထွက်လိုက်ရသည်။
အားနည်းစွာဖြင့် သူက ဝမ်ယွီရို၏ဘေးကို လျှောက်လာလျှင် ဝမ်ယွီရိုက ပြောသည်… “ကျေးဇူးပဲ…”
ချန်းဖန်က ပြုံးသည်။ ဝမ်ယွီရိုက သူ့အား သနား ကရုဏာစိတ်ဖြင့် ပြောခြင်းမျှသာ ဖြစ်ကြောင်း သူသိသည်။
“ပြိုင်ပွဲပြီးရင် ငါမင်းကို စောင့်နေမယ်…” ချန်းဖန်က ရီဖူရှင်းအား အေးစက်စွာ ကြည့်သည်။
“ထွက်သွား…” ရီဖူရှင်းက ပြန်ပြောကာ ချန်းဖန်အား ဂရုမစိုက်တော့ပေ။ ချန်းဖန်က ရီဖူရှင်းအား ရန်မစခဲ့ပါက ရီဖူရှင်းကလည်း သူ့အား ဖယ်ထုတ်ခဲ့မည် မဟုတ်ပေ။
ချန်းဖန်၏ မျက်နှာက အေးစက်သွားကာ တိုက်ပွဲစင်မြင့်မှ ဆင်းသွားသည်။ သို့သော်လည်း သူက ထွက်မသွားသေးဘဲ ပြိုင်ပွဲအား ဆက်လက် စောင့်ကြည့်နေသည်။ ရီဖူရှင်း မည်သို့ အရှက်ရမည်ကို သူမြင်လိုသည်။
***