အခန်း (၃၇၁)
Vol. 25 Ch. 371
"ဖူး... ဘယ်နားကသာ... " ကျီချင်းရန် သူမ၏ ဆံပင်ကို မြင်းမြီးပုံစံချည်ရင်း ပြောလိုက်ပြီး
" ဒီတိုင်း တိုက်ဆိုင်သွားလို့ ပြောဖြစ်ကြတာပါဟယ်... ဒါပေမယ့် နင်က Didi ၀ယ်တာတောင် အသံတစ်သံ မကြားလိုက်ရတာကို ငါအံ့ဩလို့ မဆုံးဘူး... "
"ဟီးဟီး... တကယ်တော့ ငါက ၀ယ်ဖို့ လုပ်နေတာကြာပြီ... ဒါမှ မင်းရှေ့မှာ ကြွားလို့ရမှာလေ... ငါမတော်ဘူးလား..."
"အွန်း နင်က အရမ်းတော်တယ်... ရော့ လက်မယူလိုက်... "ကျီချင်းရန်၏ လခြမ်းကဲ့သို့ မျက်ခုံးများ ကွေးညွှတ်ကာ ပြောလိုက်၏။ လင်းရီ ယခုလို ကိစ္စကြီးတစ်ခု ပြုလိုက်နိုင်သည်အတွက် ၀မ်းသာနေကြောင်း အသေအချာပင်။
"ဟားဟား... အသေးမွှားလေးပါကွာ... ထုတ်ပြောရလောက်တဲ့အထိ မထိုက်တန်ပါဘူး..."
" ဟွန့်... ကြွားနေလိုက်... "
ထိုသိူ့ပြောလိုက်သော်လည်း သူမ မျက်နှာထက်တွင်တော့ ပျော်ရွှင်နေသည့် အမူအရာတို့ကို မြင်တွေ့နိုင်လေသည်။
"ခု Didi က လင်းယွမ်ကုမ္ပဏီရဲ့လက်အောက်ခံ ဖြစ်လာပြီ... ငါတို့ နယ်ပယ်ကို ထိန်းချုပ်ဖို့ အဓိက ကျတဲ့ အစားအသောက် နေရာထိုင်ခင်း ၊ အိမ်ခြံမြေ နဲ့ လမ်းပန်းဆက်သွယ်ရေး ၊ အဲ့ဒီထဲက လမ်းပန်းဆက်သွယ်ရေး အပိုင်းကတော့ အိုကေသွားပြီ .... ကျန်တာတွေက အစားအသောက်၊ နေရာထိုင်ခင်းနဲ့ အိမ်ခြံမြေတွေပဲ... ဒီတော့ လင်းယွမ်အုပ်စုရဲ့ နောက်ခြေလှမ်းအတွက် နင် ဘာလုပ်ဖို့ စီစဉ်ထားလဲ..."
"မင်းအမြင်ကိုပြောလေ... ငါမင်းရဲ့ အမြင်ကို အရင်ဆုံး နားထောင်ကြည့်မယ်...."
"မပြောဘူး... နင်အရင်ပြော.... "
"ဘယ်သူအရင်ပြောပြောပေါ့ကွာ... အဲ့လောက်ထိ ထည့်တွက်နေစရာ လိုလို့လားဟ...."
"သေချာပေါက်လိုတာပေါ့... "ကျီချင်းရန် ဆရာမကြီးလေသံဖြင့် "နင်ပြောပြီးတဲ့ အချိန်ကျရင် ငါက လိုအပ်တာတွေကို ထောက်ပြပေးမှာ.... ဒါမှ ငါဘယ်လောက်ထိတော်လဲဆိုတာ နင်သိသွားမှာလေ.... "
"ဟမ့်... အတော်လေးကို ကျိုးကြောင်းမဆီလျော်လိုက်တာ.... "
"ဘယ်တတ်နိုင်မှာ... ငါကအမျိုးသမီးလေ... အမျိုးသမီးဆိုတာက ကျိုးကြောင်းဆီလျော်နေစရာ မှမလိုတာ... "
လင်းရီ ဆိုဖာနောက်သို့ မှီလိုက်ပြီး "ငါကတော့ နောက်ထပ်ခြေလှမ်း မစခင် ကုမ္ပဏီတွေရဲ့ တုန့်ပြန်ချက်တွေကို သိချင်သေးတယ်...."
ကျီချင်းရန် တခဏမျှ အတွေးနက်နေပြီးနောက် "လင်းယွမ်အုပ်စုက Didi ကို ၀ယ်လိုက်တယ်ဆိုတာက သေချာပေါက် ကိစ္စကြီးတစ်ခုပဲ... အင်တာနက်နယ်ပယ်မှာတောင်မှ အရမ်းရှားပါးတဲ့ ဖြစ်ရပ်ကြီးလို့ ပြောလို့ရတယ်..."
"ဒါပေမယ့် နင့်ဘက်ကလည်း အချိန်အကြာကြီး ဖုံးဖိထားလို့ရမှာမှ မဟုတ်တာ... လူတွေက အနှေးနဲ့အမြန် Didi ကို တစ်ယောက်ယောက်က ၀ယ်သွားပြီဆိုတာ သိသွားကြမှာပဲလေ... အဲ့ခါကျ Didi ရဲ့ ဒေတာတွေကို ရှယ်ယာလိုချင်တဲ့သူတွေက ငါတို့နဲ့ လာပြီး ပူးပေါင်းကြလိမ့်မယ်... ခုလောလောဆယ်တော့ နင့်အနေနဲ့ ခံစစ်အနေအထားကနေ ကစားထားတာက အကောင်းဆုံးပဲလို့ ငါထင်တယ်... နင့်သဘောကကော.... "
"ခံစစ်အနေအထားကနေ ကစားရမယ်ဆိုတော့ မင်းက နည်းနည်းလေး အစိုးရိမ်လွန်နေသလိုပဲကွ...."
လင်းရီ သူ၏ ပုံစံကိုပြောင်းလိုက်ပြီး ကျီချင်းရန် ပေါင်ပေါ်တွင် ခေါင်းအုံးလိုက်၏။
ထိုအခါ ကျီချင်းရန်မှ လင်းရီ ခြေဆန့်ရ လွယ်ကူစေရန် ဘေးသို့ နည်းနည်း တိုးပေးလိုက်သည်။
"ငါက အမှောင်ထဲမှာ ပုန်းနေတဲ့ ငါ့ရန်သူဘယ်နှစ်ယောက်ရှိလဲ... သူတို့တွေက ဘယ်သူတွေလဲ ဆိုတာ သိချင်လို့ ... ပြီးမှ ငါကတစ်ယောက်ချင်း အမှုန့်ချေပစ်မှာ.... "
" နင်က တစ်ယောက်ချင်း ဖြုတ်ချပစ်မယ်.... "
"အင်း ... ဒီတိုင်း စဉ်းစားနေဆဲပါ.... "
"ငါကတော့ နင်လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်ပြီးသား.... နင်က အတော်ဆုံးပဲလေ.... "
ကျီချင်းရန် သူမ၏ လက်ညိုးနှင့် လက်ခလယ်ကိုပူး၍ နှုတ်ခမ်းပေါ်တင်လိုက်ပြီး လင်းရီနှုတ်ခမ်းဖြင့် ဖိကပ်လိုက်၏။
"အားပေးတဲ့ အနေနဲ့ ဖလိုင်းကစ်ပေးတာနော်... ဖိုက်တင်း..."
"ဒီလောက်လေးပဲလားဟ... စေးနည်းလိုက်တာ... "
"ဒီလောက်ဆို တော်ရောပေါ့... နင့်ကို ဖလိုင်းကစ်ပေးတာကတင် လိုတာထက်ကို ပိုနေပြီ.... "
" ဒီနေ့ ယွမ်ယွမ် ငါ့ဆီ ဖုန်းဆက်လာတယ်... သူနဲ့ ချီရှန်းကျောက်တို့က ရန်ချိန်ကို သွားတော့မှာ... ငါလည်း လေလံပွဲပြီးရင် သူတို့နဲ့ ရန်ချိန်ကို လိုက်သွားရင်ကောင်းမလားလို့ စဉ်းစားနေတာ.... အရင်တစ်ခေါက် ပြန်ရောက်ပြီးကတည်းကနေ မေမေ၀မ်နဲ့ ကျန်တဲ့သူတွေကို မတွေ့ဖြစ်တာတောင် ကြာနေပြီ... နေမှကောင်းကြရဲ့လားတောင် မသိဘူးနော်... "
" ဒေါင်ဒေါင်မြည်ပါပဲ... ဒါပေမယ့် အခြေနေကြည့်သွားကြတာပေါ့... ငါ့မှာ လုပ်စရာတွေက အများကြီးပဲဆိုတော့ အချိန်သိပ်မရှိဘူး...."
"နင်က ကုမ္ပဏီကို ယွမ်ယွမ်နဲ့ ကျန်တဲ့သူတွေ လက်ထဲ လွှဲထားတာတောင်မှ အချိန်မရှိဘူးပေ့ါလေ.... "
"ခုမအားတော့ဘူးဟ... ငါ့မှာ အလုပ်အသစ်ရှိနေပြီ...."
"အိုး...."ကျီချင်းရန် စိတ်၀င်စားမှုများ မြင့်တက်လာပြီး စူးစမ်းခြင်စိတ်အပြည့်ဖြင့် မေးလိုက်၏။
"ဘာအလုပ်လဲတဲ့.... "
"ဆရာ၀န်လေ.. ဟွာရှန်းဆေးရုံမှာ အလုပ်ဆင်းရမှာ... "
"ဘာပြောလိုက်တယ်......"
ကျီချင်းရန် သူမအသံကို မြင့်လိုက်မိသွားပြီး "နင်က ဆရာ၀န်လုပ်တော့မယ်.... "
"အေးလေ... ငါဆရာ၀န်လုပ်မှာကို အဲ့လောက်ကြီး တုံ့ပြန်ဖို့ လိုလို့လားဟ.... "
"မတုံ့ပြန်တာကမှ ထူးဆန်းနေဦးမယ်.... "ကျီချင်းရန်ပြောလိုက်ပြီး "နင် တက္ကသိုလ်မှာ ကျူတာ သွားလုပ်တာကိုလည်း နားလည်ပေးလို့ရတယ်... ဒါပေမယ့် နင် ဆရာ၀န်လုပ်မှာကြီးကတော့ ငါလုံး၀ကို နားမလည်နိုင်တာ.... "
"ဘယ်တတ်နိုင်မှာ... ကိုယ်က ဘက်စုံတော်နေပြန်တော့လည်း...." လင်းရီ ခေါင်းခါရမ်းလျက် ပြောလိုက်သည်။
"ဟွန့်... အဲ့မှာ လေလုံးထွားနေလိုက်... "ကျီချင်းရန် ပြောလိုက်ပြီး မယုံကြည်စွာဖြင့် "ငါ့အထင်တော့ နင် ဒီတိုင်း လိုအပ်လို့ ဆရာ၀န်နာမည် ခံလိုက်တာမလား..... "
" ဘယ်လိုလုပ် ဖြစ်နိုင်မှာ... ငါက ဆရာ၀န်လုပ်ဖို့ အင်တာဗျူးတွေတောင် အောင်ပြီးပါပြီ ဆိုနေမှ မင်းက ငါ့စွမ်းရည်ကို မယူံကြည်သေးဘူးပေါ့.... "
"အဓိကပြဿနာက နင်က နယ်ပယ်တော်တော်များနေလို့လေ... ပြီးတော့ ဆရာ၀န်ဖြစ်ဖို့ဆိုတာကလည်း အရမ်းမြင့်မားတဲ့ အသိပညာဗဟုသုတွေကို ဆည်းပူးတတ်ကျွမ်းဖို့ရာကလည်း လိုအပ်သေးတယ်.... သေချာစဉ်းစားကြည့်လိုက်မယ်ဆိုရင် နင့်ကို ယုံချင်စရာ အကြောင်းကိုမရှိတာ... "
"အဲ့တာဆို ငါမင်းကို လက်တွေ့ပြပေးရမလား... "
"ပြလေ... နင်ဘာလုပ်နိုင်လဲဆိုတာ ငါကြည့်ဦးမယ်... နင်ဆေးရုံမှာ အရှက်ကွဲရင် ငါအရှက်ကွဲသလိုပဲ... "
"ငါက သားဖွားမီးယပ် ရောဂါတွေနဲ့ ပတ်သက်လာရင် အထူးကျွမ်းကျင်တယ် ဆိုတော့ ခု စစ်ဆေးကြည့်ရအောင်လား... အကြိတ်အခဲလေးတွေများ ရှိမလားလို့... "
ကျီချင်းရန် တခဏမျှ ရပ်တန့်သွားပြီး "နင်... နှာဘူးကောင်ကြီး .."
"ဒီတိုင်း ကြိုတင်ကာကွယ်ဖို့ပါဟ... ဘာမှစိတ်မပူနဲ့... ငါက အရမ်းပရော်ဖက်ရှင်နယ်ဆန်တာ... မနာကျင်စေရဘူးလို့ ကတိပေးတယ်... "
" ဟွန့်.... အိပ်မက်မက်နေလိုက်... "
သူမ လင်းရီကို ဘေးသိူ့ တွန်းချလိုက်ပြီး ကျီချင်းရန် မတ်တပ်ရပ်လိုက်သည်။ "နင်က ဆေးရုံမှာ ဆရာ၀န်သွားလုပ်တော့မယ်ဆိုတာ ငါဖြင့် ယုံတောင် မယုံနိုင်သေးဘူး... မှန်မှန်ပြောစမ်း... နင်ဘယ်ဌာနမှာ တာ၀န်ကျတာ.... "
"အမ်... အရေးကြီးလို့လားဟ... "
"ဒါပေါ့... အရမ်းအရေးကြီးတာပေါ့... တကယ်လို့ နင်သာ သားဖွားမီးယပ်ဆရာ၀န် လုပ်လို့ကတော့ ငါနင်နဲ့အတူ မနေတော့ဘူး.... "
လင်းရီ မနေနိုင်ဘဲ အသံထွက်ရယ်မောမိလိုက်ပြီး "ဘာလို့ တုန်းဟ.... "
"ဂရုမစိူက်ဘူး... ငါနင့်ကို ပြောထားပြီးပြီ... သားဖွားမီးယပ်ဌာနကလွဲရင် နင့်ဘာနင့် ကြိုက်တဲ့ ဌာနကို သွားလို့ရတယ်.... "
"အေးပါ အေးပါ... ချင်းရန်ပြောတဲ့ အတိုင်းပဲပေါ့... "
လင်းရီထံမှ သဘောတူသည့် အဖြေကို ကြားလိုက်ရသည့် အချိန်တွင်တော့ ကျီချင်းရန် ကျေနပ်မှုအပြည့်ဖြင့် ခေါင်းညိမ့်လိုက်သည်။ ထို့နောက် ရေချိုးရန်အတွက် ဒုတိယထပ်သို့ တက်သွားခဲ့၏။
အမှန်တကယ်တော့ လင်းရီကိုယ်တိုင်လည်း သူမည်သည့်ဌာန၌ တာ၀န်ကျမလဲဆိုတာကို မသိပေ။
အလုပ်ကို စနစ်မှ စီစဉ်ပေးထားတာဖြစ်ပြီး တာ၀န်ကျရာဌာနကို သိရှိရန်အတွက် HR ဌာနသို့ အစီရင်ခံရပေမည်။
ကံကောင်းစွာဖြင့် သူ့တွင် ပညာရှိ၏ ဉာဏ်ပညာ ပိုင်ဆိုင်ထားသောကြောင့် မတူညီသည့် ဌာနမှ လူနာတို့ကို ကိုင်တွယ်ရန်အတွက် ပြဿနာမရှိပါ။
သို့သော်လည်း သူ၏ လက်ရှိ အခြေနေတွင် အလုပ်စလုပ်မည်ဆိုပါက လက်သစ်လေးကဲ့သို့ ဖြစ်နေပေလိမ့်မည်။
မည်သိူ့ပင်ဆိုစေ အသိပညာကို အသုံးချ၍ရသည်မှာမှန်သော်လည်း လေ့ကျင့်မှုကတော့ လိုအပ်နေဆဲဖြစ်၏။
သို့တိုင်အောင် လင်းရီ တစ်ပတ်အတွင်း ဆရာ၀န်အလုပ်အကိုင်ကို တွေ့ကြုံခံစားရမည်ဆိုတာကတော့ အနည်းငယ် အလောတကြီး နိုင်လွန်းလှသည်ဟု ခံစားနေရသည်။
အချို့လူနာများဆိုလျှင် ရောဂါရှာဖွေ စမ်းသပ်ခြင်း ၊ခွဲစိတ်ကုသခြင်းနှင့် သက်သာပျောက်ဆုံးခြင်းတို့အတွက် အနည်းဆုံး ငါးရက်မှ ဆယ်ရက်အထိ ဆေးရုံတွင် နေရလေ့ရှိ၏။
သူ့ဘက်မှ ပြဿနာမရှိသော်လည်း လူနာကို တစ်ပတ်ပြီး၍ ပစ်ထားခဲ့ပါက သူ့ဘက်မှ တာ၀န်ယူမှု မရှိရာ ကျလွန်းလှသည်။
သူဤအချက်ကိုတော့ သေချာလေး ကိုင်တွယ်ရပေမည်။
ထို့နောက် လင်းရီ ဆိုဖာနောက်သို့ မှီရင်း သူ၏ အလုပ်အသစ်အကြောင်း ဆက်လက် အတွေးနက်နေသည်။
ထနောင်တစ်ချိန် စနစ်မှ ပေးအပ်လာမည့် အလုပ်အကိုင်အသစ်တို့ကိုလည်း သူမျှော်လင့်စောင့်စားနေမိ၏။
သို့သော်လည်း ဆရာ၀န်အလုပ်မှာတော့ လွန်စွာထူးခြားပြီး အခြေနေပေါ်တွင်လည်း မူတည်နေသေးသည်။
ထိုအကြောင်းများ စဉ်းစားပြီးနောက် အပေါ်ထပ်သို့ တက်၍ ရေချိုးပြီး အနားယူလိုက်လေသည်။
နောက်တစ်နေ့ နံနက်တွင်တော့ ကျီချင်းရန်မှ ထုံးစံအတိုင်း စောစောထ၍ နံနက်စာများ ပြင်ဆင်နေလေသည်။
သူမလင်းရီနှင့် အတူရှိသည့် အချိန်တိုင်း နံနက်စာ ပြုလုပ်ပေးရသည်ကို နေသားကျနေသည့်ပုံပင်။
သို့သော်လည်း မနက်စာတည်းသာ။ နေ့လည်စာနှင့် ညနေစာတို့ကတော့ ကြောက်မက်ဖွယ် ကောင်းနေသေး၏။
ကျီချင်းရန်ကို ကုမ္ပဏီသို့ လိုက်ပို့ပြီးနောက် လင်းရီ လည်း သူမနှင့်အတူ ရုံးခန်းထဲသို့ လိုက်လာခဲ့သည်။ Didi မောင်းရန် မလိုအပ်တော့သောကြောင့် သူ့တွင် အချိန်များ ပိုနေလေသည်။ ထို့ကြောင့် ကျီချင်းရန်နှင့်အတူ လေလံပွဲသို့ လိုက်သွားရန် ဆုံးဖြတ်လိုက်၏။
နံနက်ဆယ်နာရီ ၀န်းကျင်၊ ကျီချင်းရန် လေလံပွဲအတွက် ပြင်ဆင်နေစဉ် သူမ၏ အတွင်းရေးမှူးမှ အထဲသို့ ၀င်လာခဲ့သည်။
လင်းရီကို မြင်သည့် အချိန်တွင်တော့ သူမအမူအရာမှာ ထူးဆန်းသွားခြင်းတော့ မရှိ။ မြင်နေကျဖြစ်သောကြောင့် နေသားကျနေချေပြီ။ ထို့ပြင် သူမဘော့စ်နှင့် လင်းရီ၏ ဆက်ဆံရေးကိုလည်း အနည်းငယ် သိထားသေး၏။
"ဥက္ကဌကျီ... ကျွန်မလိုက်ပြီး စုံစမ်းကြည့်တော့ ကျိုးဟိုင်က ထျန်းဟုန် အုပ်စုကလည်း လေလံပွဲမှာ ပါမယ်လို့ သတင်းရထားပါတယ်...."
"ထျန်းဟုန်အုပ်စု..." လင်းရီ တီးတိုးရေရွတ်လိုက်ပြီး "အဲ့တာ ဟို ငပိန်း ကျောက်ကျိန်းရန်ရဲ့ ကုမ္ပဏီ မဟုတ်လား...."