မြေကမ္ဘာနယ်ပယ်အဆင့်၃
Vol. 16 Ch. 217
မြေကမ္ဘာ နယ်ပယ်မှာတော့ အဆင့်တိုင်း အဆင့်တိုင်းဟာ အင်မတန်မှ ခက်ခဲပါတယ်။ ထိပ်တန်းတိုက်ရိုက် တပည့်တွေတောင်မှ အဆင့်တစ်ဆင့်ကို ချိုးဖောက်ဖို့အတွက် တစ်နှစ်လောက် အချိန်ယူ ရတာပါ။ အဲဒီအဆင့် တစ်ဆင့်ကို တစ်နှစ်အတွင်းမှာ ချိုးဖောက်ဝင်ရောက် သွားနိုင်တဲ့ သူတွေဆိုတာက ကြယ်၅ပွင့် အထူးအရိုး တည်ဆောက်ပုံ ဒါမှမဟုတ် ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ရှိတဲ့ သူတွေချည်းပါပဲ။
ဒါပေမဲ့လည်း ခြွင်းချက် အချို့တော့ ရှိပါသေးတယ်။
အချို့တွေကတော့ မဟာကံကောင်းမှုကြီး တွေနှင့် ကြုံတွေ့ရပြီး အဆင့်တက် သွားနိုင်ကြတယ်လေ။
ဥပမာအားဖြင့် ဆိုရသော် မြေကွဲသစ်သီးကို စားမိတာတို့၊ ကြယ်တာရာလမ်းမ လျှို့ဝှက်နယ်မြေ ကနေ တစ်ခုခု ရခဲ့တာတို့ပေါ့။
ဒီအကြောင်းအရာ တွေက မြေကမ္ဘာအဆင့် တစ်ဆင့်ကို အလျင်အမြန် ချိုးဖောက် ဝင်ရောက် သွားစေနိုင်ပါတယ်။
သိပိမကြာခင် အချိန်လေး အတွင်းမှာပဲ လီဖူချန်း စားထားတဲ့ ဆေးတွေရဲ့ အာနိသင်တွေက အစွမ်းပြ လာကျပါပြီ။ ဆေးစွမ်းသတ္တိ တွေက ခန္ဓာကိုယ်နှင့် သဟဇာတ ဖြစ်လာပြီး လီဖူချန်းရဲ့ ကျင့်ကြံမှုကို အဆင့်တက် စေဖို့အတွက် စတင် တွန်းအား ပေးလာပါတော့တယ်။
ဒီခံစားမှုက ဘာနဲ့တူသလည်း ဆိုတော့ ငါးကြီးတွေက အဆင့်ဆင့် လက်ဆင့်ကမ်းပြီး လီဖူချန်းရဲ့ လှေကလေးကို ရေကိုဆန်တက်ကာ ဆွဲယူ သွားသလိုပါပဲ။
လီဖူချန်းရဲ့ စွမ်းအင်ပင်လယ် ထဲမှာလည်း စွမ်းအင်တွေက တဖြည်းဖြည်းနဲ့ ပြည့်သိပ်ကျပ် လာခဲ့ပါတယ်။ သူ့ရဲ့ ကျင့်ကြံမှု ကလည်း မြေကမ္ဘာ အဆင့်၂ အထွတ်အထိပ် ကနေ အဆုံးစွန်သော ကန့်သတ်ချက် အထိကို ရောက်လာနေပါပြီ။
လီဖူချန်း ကလည်း မြေကမ္ဘာအဆင်၃ရဲ့ တံခါးဝကို ရောက်နေပြီ ဆိုတာကို ခံစားလို က်မိပါတယ်။
တံခါး …
ဒီတံခါးကို ကျော်လွန်သွားပြီ ဆိုရင်တော့ သေချာပေါက် မြေကမ္ဘာနယ်ပယ် အဆင့်၃ကို တက်လှမ်း နိုင်မှာပါပဲ။
ဒီတံခါးကို ပိတ်ထားတဲ့ သော့ခလောက် ကတော့ လီဖူချန်းကို ဖွင့်ပေးမည့်ပုံ မပေါ်သေးပါဘူး။
ကြည့်ရတာတော့ ဒီတံခါးကို သူကိုယ်တိုင် ရိုက်ချိုးမှပဲ ရမည့်ပုံပင်။
လီဖူချန်းက သေသေချာချာ စဉ်းစားရပါပြီ။ သူ့ဆီမှာ နည်းလမ်း၂ခု ရှိပါတယ်။
ပထမ တစ်နည်းကတော့ ဒီအတိုင်းပုံမှန်လေး ဆက်လေ့ကျင့် နေပြီး တံခါးသော့ ပွင့်လာတာကို စောင့်နေဖို့ပါပဲ။ ဒါပေမဲ့ ဒီနည်းလမ်းက သိပ်ပြီး အောင်မြင်မည့် အလားအလာ မရှိပါဘူး။
နောက်တစ်နည်းကတော့ သူ့ရဲ့ စိတ်နှလုံးနဲ့ ချီတွေကို ဓားသွားတစ်လက် အဖြစ် ပြောင်းလိုက်ပြီး ဒီသော့ကို ရိုက်ဖျက်ဖို့ပါပဲ။
ဒီနည်းလမ်းကတော့ အောင်မြင်ဖို့ အခွင့်အလမ်း ပိုများပေမဲ့လည်း အင်မတန်မှ ဇွဲရှိဖို့ လိုအပ်ပါတယ်။
လီဖူချန်းက တံခါးသော့ကို ရိုက်ဖျက်ဖို့ကိုပဲ ရွေးလိုက်ပါတယ်။
အချိန်တွေ ဘယ်လောက်ကြာ သွားမှန်းတောင် မသိတော့သည့် အထိပါပဲ။ လီဖူချန်း စားထားတဲ့ ဆေးတွေရဲ့ အာနိသင် တွေတောင် ယုတ်လျော့ လာခဲ့ပါပြီ။ ဒါပေမဲ့ ပိတ်ထားတဲ့ တံခါးရဲ့ သော့ကိုတော့ မဖျက်ဆီး နိုင်သေးပါဘူး။
လီဖူချန်း အာရုံစိုက်နေတဲ့ အရာကတော့ ဒီတံခါးသော့ကို ရိုက်ဖျက် နိုင်ဖို့ပါပဲ။ သူက အခြားအရာတွေ အကုန်လုံးကို လျစ်လျူရှု ထားပါတယ်။
“ချွမ် ... ချွမ် ... ချွမ် … “
သူ့ရဲ့ စိတ်ဓာတ်က ပိုမို ခိုင်မာလာသည့် အမျှ ဓားချက်တွေကလည်း ပိုမို မြန်ဆန်လာပါတယ်။
“ဒေါက် “
နောက်ဆုံးမှာတော့ လီဖူချန်းရဲ့ ဇွဲလုံ့လက အနိုင်ရ သွားခဲ့ပါပြီ။ မြေကမ္ဘာနယ်ပယ် အဆင့်၃ရဲ့ အခန်းဝမှာရှိတဲ့ သော့ခလောက်က ရိုက်ချိုး ခံလိုက်ရပါပြီ မဟုတ်ပါလား။
လီဖူချန်းရဲ့ အတွင်းအား တွေကတော့ အဆက်မပြတ် လည်ပတ်လာပြီး ရေဝဲကြီး တစ်ခုလို အော်မြည် နေပါတော့တယ်။ လီဖူချန်းက အရှိန်ကို လျှော့မချရဲပါဘူး။ သူက အဝါရောင် အထွတ်အထိပ် အဆင့် အတွင်းအား ပြန်လည်ဖြည့်တင်းဆေး တစ်လုံးကို သောက်လိုက်ပြီး မြေကမ္ဘာ နယ်ပယ်အဆင့်၃ကို တက်လှမ်းဖို့အတွက် ပြင်ဆင်ပါတော့တယ်။
ဘာဖြစ်လို့လည်း ဆိုတော့ ဒီနေရာက ဆေးပင်တစ်ရာ လျှို့ဝှက်နယ်မြေမှ မဟုတ်တာလေ။ ဒီနေရာမှာ ရှိနေတဲ့ ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအင်တွေက ဆေးပင်တစ်ရာ လျှို့ဝှက်နယ်မြေတုန်း ကလို သိပ်သည်း မနေပါဘူး။ ဒါကြောင့် သူက အစ စအရာရာမှာ ပြင်ဆင်ထား ရပါမယ်။ သူ့ရဲ့ စွမ်းအင်ဗဟိုချက်မ ပင်လယ်ထဲမှာ နေရာလပ်တွေ မရှိစေဖို့ အတွက်ကတော့ ဒီဆေးလုံး တွေကိုပဲ အားကိုးရမည်လေ။
အားလုံး အဆင်သင့် ဖြစ်တဲ့အခါ မှာတော့ လီဖူချန်းက မြေကမ္ဘာနယ်ပယ် အဆင့်၃ကို ချိုးဖောက်ဝင်ရောက် သွားခဲ့ပါပြီ။
ကျောက်တုံးခန်းမ ထဲမှာ ရောက်နေတဲ့ လူတွေ အကုန်လုံးက မီးလောင်ပြင်တမျှ ပူလောင်နေတဲ့ အငွေ့အသက် တွေကို ခံစားလိုက်ရပါတယ်။
“သူ အဆင့်တက် သွားတာလား"
စုမုယူက မျက်လုံးဖွင့်လိုက်ပြီး လီဖူချန်းဘက်ကို လှမ်းကြည့်လိုက်ပါတယ်။
ဒီမှာရှိနေတဲ့ လူတွေထဲမှာ အဆင့်တက်မယ်ဆိုရင် အဖြစ်နိုင်ဆုံး လူကတော့ လီဖူချန်းက လွဲရင် တခြားလူ မရှိပါဘူး။။ လီဖူချန်းက သူမ အသိအမှတ် ပြုထားသည့် လက်တစ်ဆုပ်စာ ထွဋ်ခေါင်ပါရမီရှင် တွေထဲက တစ်ယောက်ဖြစ်နေသည် မဟုတ်ပါလား။
ဒီအရှေ့ယူနီကွန်း တိုက်ကြီးတစ်ခုလုံး မှာတောင်မှ စုမုယူ အသိအမှတ် ပြုထားသည့် လူငယ်တွေဆိုတာ လက်ချိုး ရေလို့တောင် ရပါသေးတယ်။
“ဒါလည်း ကောင်းတာပဲ။ သူက အဆင့်တက်သွားပြီဆို တော့ မိစ္ဆာဝိညာဉ် တစ်ကောင်ကို တာဝန်ယူ နိုင်ပြီပေါ့ "
သူမ အသိအမှတ် ပြုထားသည့် လူတွေထဲက တစ်ယောက်ဖြစ်တဲ့ အတွက် စုမုယူက လီဖူချန်းရဲ့ စွမ်းရည်အပေါ် လုံးဝယုံကြည် ထားပါတယ်။ လီဖူချန်း ဆိုတာက သူမနှင့် တစ်တန်းစားတည်း ပါပဲ။
သူမတို့လို အတန်းအစား တွေက အဆင့်တစ်ခု တက်သွားပြီ ဆိုတာနဲ့ စွမ်းရည်တွေက အတော်လေးပင် ထိုးတက်သွားတတ်သည် မဟုတ်ပါလား။
သာမန် မြေကမ္ဘာနယ်ပယ် ပညာရှင် တွေကတော့ အဆင့်တစ်ဆင့် တပ်သွားရင် စွမ်းရည်တွေက တစ်ဆလောက် တိုးလာတယ်လေ။
ငွေအဆင့် တိုက်ရိုက်တပည့်တွေ ဆိုရင်တော့ နှစ်ဆလောက်ကို တက်လာပါတယ်။
ရွှေအဆင့် တိုက်ရိုက်တပည့် တွေကတော့ နဂိုမူလ စွမ်းရည်ထက် သုံးဆလောက် တိုးလာနိုင်ပြီး သူမတို့လို အတန်းအစားက ထွဋ်ခေါင်ပါရမီရှင် တွေကတော့ နဂိုမူလ စွမ်းရည်ရဲ့ လေးဆလောက်ကို တိုးတက်လာမှာပါ။
ဒါကတော့ သာမန်လူတွေနဲ့ သူမတို့လို လူတွေကြားက ကွာဟချက်ပါပဲ။
ထို့နောက်မှာတော့ စုမုယူက မျက်လုံး ပြန်မှိတ်လိုက်ပြီး သူမရဲ့ ကြယ်၆ပွင့် လျှို့ဝှက်နည်းစနစ်ကို ပြန်လည် ဆန်းစစ်နေပါတော့တယ်။
“ကောင်းလိုက်တာ ... လီဖူချန်း တစ်ယောက် အဆင့်တက်သွားပြီ"
ဖန်ကျင်းဆောင်နဲ့ ဖန်ကျင်းယု တို့ကတော့ လီဖူချန်း အဆင့်တက် သွားတာကို သူတို့အဆင့် တက်သွားတာ ထက်တောင် ပျော်နေသည့်ပုံပင်။
ဒီမောင်နှမရဲ့ မျက်လုံးထဲမှာတော့ လီဖူချန်းဆိုတာက ဘယ်သူနဲ့မှ နှိုင်းယှဉ်လို့ မရသည့် ပါရမီရှင် တစ်ယောက် ဖြစ်နေသည် မဟုတ်ပါလား။
သူတို့က လီဖူချန်းတစ်ယောက် ဘယ်လောက်ထိ အစွမ်းထက် လာမလည်း ဆိုတာကိုတောင် အရမ်းသိချင် နေကြပါပြီ။
“ဟူး“
သက်ပြင်းချသံ တစ်ခုနဲ့အတူ လီဖူချန်းက မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်လိုက်ပါတယ်။
“နောက်ဆုံးတော့လည်း မြေကမ္ဘာနယ်ပယ် အဆင့်၃ကို ရောက်ခဲ့ပြီပေါ့"
သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ လှည့်ပတ် စီးဆင်းနေတဲ့ စွမ်းအားတွေက အရမ်းပြင်းထန် နေပေမဲ့လည်း နှလုံးသားကတော့ အလွန်တည်ငြိမ် နေတယ် ဆိုတာကို လီဖူချန်းက ခံစားမိ နေတယ်လေ။
သူ့ရဲ့ ကျင့်ကြံမှု အဆင့်က မြေကမ္ဘာနယ်ပယ် အဆင့်၃ကို ရောက်သွားပြီ ဆိုတာနဲ့ လီဖူချန်းက တော်တော်လေး ယုံကြည်မှု ပြန်ရလာပါတယ်။ အခုအချိန်မှာ ဖူချောင်းရှန်လို နောက်တစ်ယောက် ပြန်တွေ့မယ် ဆိုရင်တောင် လီဖူချန်းက ထိပ်တိုက်ရင်ဆိုင်ဖို့ အတွက် ယုံကြည်မှု အပြည့်ရှိပါတယ်။
“ဒီမိစ္ဆာဝိညာဉ် ကောင်တွေကို ယှဉ်နိုင်ဖို့ အတွက်တော့ မလုံလောက်သေးဘူး။ ငါ အစွမ်းကုန် တိုက်ခိုက်ရင်တောင်မှ တစ်ကောင်လောက်ကို မနည်းခုခံရမှာ"
မိစ္ဆာဝိညာဉ် တစ်ကောင်ရဲ့ စွမ်းရည်က စုမုယူနဲ့ သိပ်မကွာ လောက်ပါဘူး။
လီဖူချန်းရဲ့ လက်ရှိစွမ်းရည်က စုမုယူနဲ့ ယှဉ်ဖို့တော့ အတော်ကြီး လိုအပ်ပါသေးတယ်။ တကယ်တမ်း တိုက်ခိုက်ကျမယ် ဆိုရင် လီဖူချန်းက စုမုယူကို ဘယ်လိုမှ ခုခံနိုင်မှာ မဟုတ်ပါဘူးလေ။
စုမူယူရဲ့ အသက်က သူနှင့်တောင် မတိမ်းမယိမ်း လောက်ဟု ခန့်မှန်းလို့ ရပါတယ်။ စုမုယူ မြေကမ္ဘာအဆင့်ကို တက်လှမ်းခဲ့တုန်းက ဆိုရင် ရန်ချင်းဟူ ထက်တောင် သေချာပေါက်ကို ပိုငယ်မှာပါ။
အဲဒီ အဓိပ္ပာယ်က ဘာကို ရည်ညွှန်းသလည်း ဆိုတော့ စုမုယူ မြေကမ္ဘာ အဆင့်ကို တက်လှမ်းခဲ့တုန်းက ၁၆နှစ် ဒါမှမဟုတ် ၁၇နှစ်ပဲ ရှိဦးမှာပါ။ လီဖူချန်း ကတော့ အသက်၁၉နှစ်မှ မြေကမ္ဘာအဆင့်ကို ရောက်လာတာလေ။ သူတို့ရဲ့ အတွေ့အကြုံက ၃ နှစ်လောက်တောင် ကွာခြားပါတယ်။
သုံးနှစ်ဆိုတဲ့ အတိုင်းအတာ တစ်ခုက စုမုယူလို မိန်းကလေးမျိုး အတွက်ကတော့ ပညာရပ် အများကြီးကို လေ့လာနိုင်သည် မဟုတ်ပါလား။
ပြီးတော့ လီဖူချန်း ခံစားနေမိတာ တစ်ခုက စုမုယူရဲ့ ဆန်းကြယ်အလယ်အလတ် ဆန္ဒက သူ့ရဲ့ ဆန်းကြယ် အလယ်အလတ် ဓားဆန္ဒထက် အများကြီး နက်နဲနေတယ် ဆိုတာပါပဲ။ လီဖူချန်းက အခုအချိန်မှာ မြေကမ္ဘာနယ်ပယ် အဆင့်၄ကို ရောက်သွားရင်တောင် စုမုယူရဲ့ ပြိုင်ဘက် မဖြစ်နိုင်သေးပါဘူး။
အတွေ့အကြုံ ဆိုသည့်အရာက ပါရမီချင်း တူညီသည့် လူနှစ်ယောက် ယှဉ်ပြိုင်တဲ့ အခါမှာတော့ အလွန်တရာမှာ အရေးပါသည် မဟုတ်ပါလား။ သူ့ဆီမှာ အရမ်းထက်မြက်သည့် ထိုးထွင်းသိမြင်မှု ရှိနေပေမဲ့လည်း အဆင့်သစ်နှင့် ရင်းနှီးဖို့အတွက် သင့်တော်သည့်အချိန် လိုအပ်ပါသေးတယ်။
“ဘန်း ... ဘန်း ... ဘန်း ... “
ကျောက်တံခါးကြီး ကလည်း အပြင်က ရိုက်ပုတ်မှုကို သိပ်မခံနိုင် လောက်တော့သည့် ပုံပါပဲ။
ကြည့်ရတာတော့ မိစ္ဆာဝိညာဉ်ကောင် တွေနှင့် ထိပ်တိုက် ရင်ဆိုင်ရမည့် အချိန်ကို ရှောင်လွှဲလို့ မရတော့ပါဘူး။
ကျောက်တံခါးမကြီး ကလည်း သက်မဲ့အရာ တစ်ခုပင် မဟုတ်ပါလား။
ဘယ်လောက်ပဲ မာကျော ခိုင်ခံ့နေပါစေလေ အချိန်တန်ရင်တော့ ပျက်စီးရမှာပါပဲ။
သူ့ရဲ့ အဆင့်သစ်မှာ အခြေတကျ ဖြစ်သွားပြီးတဲ့ အခါမှာတော့ လီဖူချန်းက မူလ အသက်ရင်းမြစ် လျှို့ဝှက်နည်းစနစ်ကို စတင်ပြီး လေ့လာပါတော့တယ်။
ကြယ်၆ပွင့် လျှို့ဝှက်နည်းစနစ် ဖြစ်တဲ့ မပြည့်စုံတဲ့ ဓားအဆီအနှစ် ကျမ်းက သူ့အတွက်တော့ အရမ်း အဆင့်မြင့် နေပါသေးတယ်။ ဒီလောက် အချိန်တိုလေးအတွင်းမှာတော့ သူက ဒီနည်းစနစ်ကနေ ဘာမှ လေ့လာနိုင်မှာ မဟုတ်ပါဘူး။ သူက မသေချာတဲ့ လျှို့ဝှက်နည်းစနစ်ကို လေ့လာမဲ့အစား အပိုင်သေချာတဲ့ မူလ အသက်ရင်းမြစ် နည်းစနစ်ကို လေ့လာတာက ပိုအခွင့်အလမ်း ရှိသည် မဟုတ်ပါလား။
မူလ အသက်ရင်းမြစ် နည်းစနစ်က လူတစ်ယောက်ရဲ့ အသက်ဓာတ်ကို မြှင့်တင် ပေးနိုင်သည့်အပြင် အဲဒါကို အသုံးပြုပြီး ဒဏ်ရာတွေကို တစ်မုဟုတ်ချင်း ပြန်ကောင်း စေနိုင်တယ်လေ။
ဒီနည်းစနစ်က တကယ့် သေရေးရှင်ရေး တိုက်ပွဲတွေမှာ အင်မတန်မှ အသုံးဝင်ပါတယ်။ အနည်းဆုံးတော့ ဒဏ်ရာ အကြီးအကျယ် ရနေရင်တောင် သူ့ရဲ့ စွမ်းရည်တွေကို ယုတ်လျော့ မသွားအောင် ထိန်းထားနိုင်သည် မဟုတ်ပါလား။
အသက် မူလရင်းမြစ်ကို ကျင့်ကြံရာမှာ ပထမဆုံး လိုအပ်တာကတော့ အသက်ရေပန်းကို ဖွင့်ဖို့ပါပဲ။
အသက်ရေပန်း ကတော့ ခန္ဓာကိုယ်ရဲ့ မင်းမန် သွေးကြောဆုံမှတ်မှာ တည်ရှိပါတယ်။
(note - မင်းမန်သွေးကြော ဆုံမှတ်ကိုတော့ အသက်တံခါးဝလို့ တရုတ်တွေက ခေါ်ဆိုကြပါတယ်)
မင်းမန် သွေးကြောဆုံမှတ်က လူသားတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ အရေးကြီးတဲ့ သွေးကြောဆုံမှတ် တွေထဲက တစ်ခု ဖြစ်ပါတယ်။
အဲဒီသွေးကြောဆုံမှတ် ထဲမှာတော့ အသက်ဓာတ် အဆီအနှစ်၊ သေခြင်းနှင့် ရှင်ခြင်းတရားရဲ့ စွမ်းအင်တို့ ခိုအောင်း နေပါတယ်။
ဒီသွေးကြောဆုံမှတ် ကိုသာ သန့်စင်နိုင် လို့ကတော့ လူတစ်ယောက်ရဲ့ အသက်ဓာတ် စွမ်းအင်ကို တိုးပွားလာ စေနိုင်သည့်အပြင် လူ့သက်တမ်း ကိုလည်း ပိုရှည်လာစေမှာပါ။
အသက်ဓာတ် အဆီအနှစ်ကို တိုးပွားလာစေဖို့ ဆိုတာက ပါးစပ်က ပြောတာသာ လွယ်တာပါ။ လက်တွေ့မှာတော့ အင်မတန် ခဲယဉ်းလှပါတယ်။
အလွန်ရှားပါး လှသော ဆေးပင်တွေမှသာ အသက်ဓာတ် အဆီအနှစ်ကို တိုးပွားစေနိုင်တာပါ။
လူတစ်ယောက်ရဲ့ အသက်ဓာတ် အဆီအနှစ်က ကုန်ဆုံးသွားပြီ ဆိုတာနှင့် ဇာတ်လမ်းက ပြီးသွားပါပြီ။ ပြန်လည် တိုးပွားလာအောင် လုပ်ရင်လည်း မရတော့ပါဘူး။
ဒီမူလ အသက်ရင်းမြစ် နည်းစနစ် ကတော့ အဲဒီ အခြေအနေတွေ အတွက် ရည်ရွယ်ပြီး တီထွင်ထားခဲ့တာပါ။ မင်းမန် သွေးကြောဆုံမှတ်ကို ဖွင့်ပြီး အသက်ရေပန်း ဖြစ်တည်လာသည်နှင့် အသက်ဓာတ် အဆီအနှစ်ကို ချက်ချင်း ပြန်လည် ရယူနိုင်ပါတယ်။ ဒါပေမဲ့ သတိထားရမှာ တစ်ခုက အသက်ဓာတ် အဆီအနှစ် အနည်းငယ်တော့ ကျန်နေရ ပါဦးမယ်။
လီဖူချန်းက မူလ အသက်ရင်းမြစ်ကို သုံးလိုက်တိုင်းမှာ သူ့ရဲ့ အသက်ဓာတ် အဆီအနှစ် ကလည်း တော်တော်များများ ကုန်ဆုံးသွားမှာပါ။ အဲဒီအသက်ဓာတ် အဆီအနှစ်ကို ပြန်လည် မဖြည့်တင်းပဲ အသုံးပြုမယ် ဆိုရင်တော့ အန္တရာယ် ရှိပါတယ်။ အသက်ဓာတ် အဆီအနှစ် ကုန်ဆုံးသွားတာနဲ့ လီဖူချန်း ကလည်း သေသွားမှာပါ။
“ဒီနည်းစနစ်က အသုံးဝင်သလောက် အသက် အန္တရာယ်လည်း တော်တော်များတာပဲ "
လီဖူချန်းက မျက်ခုံးပင့် လိုက်ပါတယ်။
လူတစ်ယောက်ရဲ့ အသက်ဓာတ် အဆီအနှစ် ဆိုတာက ကန့်သတ်ချက် ရှိတယ်လေ။ ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင် တွေမှာသာ သူတို့ရဲ့ အသက်ဓာတ်ကို ပွားများလာအောင် လုပ်နိုင်တာပါ။
အသက်ရေပန်းကို ဖွင့်တဲ့အခါ မှာလည်း အင်မတန်မှ သတိကြီးကြီး ထားရဦးမှာပါ။ အနည်းငယ် ချွတ်ချော်မှု တစ်ခု ဖြစ်သွားတာနဲ့ အသက်ဓာတ် အဆီအနှစ်က ပေါက်ထွက်သွားပြီး လေ့ကျင့်တဲ့သူရဲ့ အသက် အန္တရာယ်ကို ဒုက္ခပေးနိုင်ပါသေးတယ်။
သုံးရက်လောက် မနားမနေ ကြိုးစားပြီးတဲ့ အခါမှာတော့ လီဖူချန်းက သူ့ရဲ့ အသက်ရေပန်းကို ဖွင့်လိုက်နိုင်ပါပြီ။
“ဒီနည်းစနစ်က စွန့်စား ရပေမဲ့လည်း ကျင့်ရတာ မြန်သားပဲ။ ဗလာနယ် လက်ဝါးလို အချိန်အများကြီး မပေးရဘူး"
အသက်ဓာတ် ရေပန်းကို ဖွင့်ပြီးတဲ့အခါ မှာတော့ လီဖူချန်းရဲ့ မူလ အသက်ရင်းမြစ် နည်းစနစ်က အစောပိုင်း အဆင့်ကို ရောက်နေပြီလို့ သတ်မှတ်လို့ ရပါတယ်။ နောက်ပိုင်းအဆင့် တွေကိုတော့ ဒဏ်ရာ ဘယ်နှခုကို အချိန်တို အတွင်းမှာ ပျောက်ကင်း စေနိုင်မလည်း ဆိုတာကိုပဲ ကြည့်ပြီး သတ်မှတ်ရမှာပါ။
ဒီနည်းစနစ်ကို အောင်မြင်သွားပြီ ဆိုရင်တော့ ခန္ဓာကိုယ် တစ်ခုလုံးအပြည့် ရှိနေတဲ့ ဒဏ်ရာတွေကို ချက်ချင်း ပျောက်ကင်းစေတယ် လို့တော့ ရေးထားပါတယ်။ ဒါပေမဲ့လည်း အသက်ဓာတ် အဆီအနှစ် တော်တော်များများတော့ စတေး လိုက်ရမှာပါ။
ဒါကိုတော့ ဟုတ်မဟုတ် ဆိုတာ လီဖူချန်း ကိုယ်တိုင်လည်း မစမ်းသပ်ရဲပါဘူး။
“ဘုန်း ... ဘုန်း … ဘုန်း ... “
ဒီကျောက် တံခါးမကြီးက သူတို့ ထင်ထားတာထက်တောင် ပိုပြီး ခိုင်ခံ့ နေပါသေးတယ်။ အပြင်ကနေ ဒီလောက် ရက်အကြာကြီး ထုရိုက်နေတာ တောင်မှ အက်ရာတစ်ခု ပေါ်မလာ သေးပါဘူး။
“ဒီကောင်းကင်နှင့် မြေကြီးရဲ့ လျှို့ဝှက်ချက် နည်းစနစ်က အဆင့်၇ဆင့် ရှိတယ်။ ငါက ပထမတစ်ဆင့်ကိုပဲ နားလည်တတ်ကျွမ်း သေးပေမဲ့လည်း ငါ့ရဲ့ အစွမ်းအစ ကတော့ နောက်ထပ် အဆင့်တစ်ဆင့်ကို ရောက်သွားခဲ့ပြီ"
ဒီရက် အတောအတွင်း မှာတော့ စုမုယူက သူမရဲ့ ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်ဆိုတဲ့ ဂုဏ်ပုဒ်ကို ကောင်းကောင်းကြီး သက်သေပြ နိုင်ခဲ့ပါတယ်။ သူမက ကြယ်၆ပွင့် လျှို့ဝှက် နည်းစနစ်ရဲ့ ပထမအဆင့် ကိုတောင် နားလည် တတ်ကျွမ်းခဲ့ပါပြီ။
“ဝုန်း“
ကျောက်တံခါးကြီးကတော့ တစ်ခါမှ မဖြစ်ဖူးသည့် ပုံစံမျိုးနှင့် တုန်ခါလာခဲ့ပြီး အက်ကွဲရာတွေတောင် ပေါ်လာခဲ့ပါတယ်။
အပြင်ဘက် တံခါးဝမှာတော့ မျက်လုံးတွေ ရဲရဲတောက် နီရဲနေသည့် လီဝူရှုက ကျောက်တံခါးမကြီးကို ထုရိုက်နေတယ်လေ။
***