← Chapters

အပိုင်း ၂၂၀

Vol. 16 Ch. 220

အပိုင်း ၂၂၀

Vol. 16 Ch. 220

“စိတ်ဝင်စားစရာပဲ ... ဒီအတိုင်း ဆိုရင်တော့ မင်းရဲ့ ခန္ဓာကိုယ်ကို အပိုင်စီးဖို့ အတွက် ငါ့ရဲ့ အစစ်အမှန် စိတ်ဝိညာဉ် ခွန်အားကို တစ်ဝက်လောက် သုံးရတော့မယ် ထင်တယ်။ ဒါပေမဲ့လည်း တန်ပါတယ်လေ။ မင်းရဲ့ ခန္ဓာကိုယ်က   ငါ့အတွက်တော့ အဖိုး မဖြတ်နိုင်တဲ့ ရတနာ တစ်ပါးပဲ"

အရိပ်လူက နောက်ထပ် လက်သီးတစ်ချက် ထပ်ထုတ်လိုက်ပါတယ်။

ဒီလက်သီးက လီဖူချန်းရဲ့ စိတ်ဝိညာဉ် နယ်ပယ် တစ်ခုလုံးကိုတောင် ပြည့်နှက် သွားသလိုပါပဲ။

“ဘုန်း“

လီဖူချန်းရဲ့ ဓားအရိပ်တွေ အကုန်လုံးက ပျောက်ကွယ် သွားခဲ့ပါပြီ။

လီဖူချန်ရဲ့ အသိစိတ်အာရုံ ပုံရိပ်ကတော့ နောက်ထပ်တစ်ခါ လွင့်ထွက် သွားပြန်ပါတယ်။

“အား ... ဒီအရိပ်လူရဲ့ စွမ်းအား ကတော့ကွာ …"

လီဖူချန်းရဲ့ အသိစိတ်အာရုံ ပုံရိပ်က အနည်းငယ်တောင် မှိန်ဖျော့ သွားခဲ့သလိုပါပဲ။

သူ့ရဲ့ ဓားအရိပ် တွေက အသိစိတ်အာရုံ ကနေ ဖြစ်တည် လာခဲ့တာလေ။ ဒီဓားအရိပ် တွေက ချေဖျက် ခံလိုက်ရတဲ့ အတွက် အသိစိတ် အာရုံပုံရိပ်ကို အနည်းငယ် ထိခိုက် စေခဲ့ပါတယ်။

အရိပ်လူက တဖြည်းဖြည်း ကြီးမားလာပြီး မိုးထိအောင် မြင့်မား လာခဲ့ပါပြီ။

“ပျောက်ကွယ်သွားစမ်း "

ထို့နောက်မှာတော့ တောင်တစ်ခုလောက် ရှိသည့် လက်သီးကြီးတစ်ခုက လီဖူချန်းဆီကို ကျလာခဲ့ပါတယ်။

လီဖူချန်းရဲ့ အသိစိတ် အာရုံပုံရိပ် ကတော့ ဒီလက်သီးကြီးနှင့် ယှဉ်လိုက်ရင် ပုရွက်ဆိတ် တစ်ကောင် သာသာမျှသာ ရှိပါတယ်။ လီဖူချန်းကတော့ ရှောင်တိမ်းစရာ နေရာကို မရှိတော့ပါဘူး။

“ငါ့ရဲ့ အသိစိတ် ပုံရိပ်ကတော့ ဒီလက်သီးချက်ကြောင့် ပျက်စီး သွားတော့မှာပဲ။ ဒါပေမဲ့လည်း ငါသေတဲ့အထိ အရှုံး မပေးဘူးကွ"

လီဖူချန်းနေရာ မှာသာ တခြားတစ်ယောက် ဆိုရင် သေချာပေါက် မခုခံတော့ပဲ လက်လျှော့ လိုက်ပါပြီ။

အဲလိုသာ လက်လျှော့ လိုက်မယ်ဆိုရင် သူတို့ရဲ့ စိတ်ဝိညာဉ် ခွန်အားက လျော့နည်းသွားပြီး တစ်ဖက်လူရဲ့ ထိန်းချုပ်မှုကို ခံလိုက်ရမှာပါ။

လီဖူချန်းကတော့ ခိုင်မာစွာ ဆုံးဖြတ်ထားသည့် အလျောက် လုံးဝကို နောက်မတွန့် သွားပါဘူး။

အဲဒီအတွက် ထူးကဲလှတဲ့ အရှိန်အဝါ တွေနှင့် ဓားတစ်လက်က သူ့လက်ထဲမှာ ပြန်ဖြစ်တည် လာပါတယ်။

“ရွှပ်“

လီဖူချန်းက အရိပ်လူရဲ့ လက်သီးကြီးကို ဖောက်ထွက် သွားခဲ့ပါတယ်။

“မင်းက ငါ့ကို ဒဏ်ရာ ရစေတာလား ..."

အရိပ်လူက ဒေါသတကြီး ဟိန်းဟောက်လိုက်ပါတယ်။

လူတစ်ယောက်ရဲ့ အစစ်အမှန် ဝိညာဉ်က အားနည်းသွားရင် အချိန်ယူပြီး ပြန်လည် ဖြည့်တင်းလို့ ရပါတယ်။ ဒါပေမဲ့ အစစ်အမှန် ဝိညာဉ်က ဒဏ်ရာရ သွားရင်တော့ ပြန်လည်ကောင်းမွန် လာဖို့အတွက် အင်မတန်မှာ ခဲယဉ်းပါတယ်လေ။ အဲဒီ အကျိုးသက်ရောက်မှုက  အနာဂတ် ကျင့်ကြံမှု ကိုတောင် ထိခိုက် စေနိုင်ပါသေးတယ်။

လီဖူချန်း လုပ်လိုက်တာက ဒဏ်ရာ သေးသေးလေးပင် ဖြစ်ပေမဲ့ အရိပ်လူ ကတော့ အကြီးအကျယ် ဒေါသထွက် သွားပါပြီ။

“မင်းမှာက ဓားရှိတယ်ပေါ့လေ။ အေး ... ငါ့မှာလည်း ရှိတယ်ကွ"

မိုးထိအောင် မြင့်မားလှသည့် မီးခိုးရောင် ဓားတစ်လက်က အရိပ်လူရဲ့ လက်ထဲမှာ ပေါ်လာခဲ့ပါတယ်။ ထို့နောက်မှာတော့ အရိပ်လူက လီဖူချန်းကို ဓားဖြင့် ပိုင်းချလိုက်ပါပြီ။

“ရွှမ်း“

လီဖူချန်းတစ်ယောက်ကတော့ ဒီဓားချက်က သူ့ရဲ့ အသိစိတ် အာရုံပုံရိပ်ကို ပိုင်းဖြတ် သွားတော့မယ် ဆိုတာကို ကောင်းကောင်းကြီး ခံစားလိုက် ရပါတယ်။ ဒီဓားရဲ့ ဖိအားကိုတော့ သူဘယ်လိုမှ တောင့်ခံနိုင်တော့မှာ မဟုတ်ပါဘူး။

“ဗြိ“

ဓားချက်က လီဖူချန်းရဲ့ အသိစိတ်အာရုံ ပုံရိပ်ကို အပိုင်းပိုင်း ပြတ်စေခဲ့ပါပြီ။ လီဖူချန်းရဲ့ အသိစိတ် အာရုံပုံရိပ်က တဖြည်းဖြည်း မှုန်ဝါးသွားပြီး နှင်းပွင့်တွေအဖြစ် ပြောင်းလဲသွား ပါတော့တယ်။

ဒီလက္ခဏာက သိပ်မကြာခင် မှာပဲ လီဖူချန်းရဲ့ အသိစိတ်အာရုံ ကွယ်ပျောက် သွားတော့မယ့် နိမိတ်ပါ။

"ငါမထွက်သွား ချင်သေးဘူး။ ဒီလောကပေါ် ကနေ ဒီအတိုင်း မထွက်သွား လိုက်နိုင်ဘူး "

လီဖူချန်းကတော့ တီးတိုးရေရွတ် နေဆဲပါပဲ။ သူက အခုထက်ထိ အရှုံး မပေးချင်သေးပါဘူး။

“ငါ့ရဲ့ စွမ်းရည်က အဆင့်နိမ့်တယ် ဆိုတာကိုတော့ ငါဝန်ခံတယ်။ ဒါပေမဲ့ ... ငါ့ရဲ့ စိတ်ဓာတ်ကတော့ မင်းထင်သလောက် မပျော့ညံ့ဘူးကွ"

“မင်းက တိုက်ပွဲဝိညာဉ် နယ်ပယ်အထက်က ပညာရှင်ရဲ့ အစစ်အမှန် ဝိညာဉ်ဖြစ်တော့လည်း ဘာအရေးလဲ။ ဒါက ငါ့ရဲ့ ခန္ဓာကိုယ်ကွ။ ငါ့ရဲ့ စိတ်ဝိညာဉ် နယ်ပယ်။ ငါက ငရဲပြည် တံခါးဝကို ရောက်နေရင်တောင် အရှုံးဆိုတာကို လက်မခံဘူးကွ။ ငါ့ခန္ဓာကိုယ် ထဲကနေ ထွက်သွားစမ်း ..."

လီဖူချန်းရဲ့ အသိစိတ်အာရုံ ပုံရိပ်က ပြန်လည် ဖြစ်တည် လာခဲ့ပြန်ပါပြီ။

ဒီတစ်ခါမှာတော့ အသိစိတ်ပုံရိပ်က လီဖူချန်း မဟုတ်တော့ပါဘူး။ အဲဒါက စွမ်းအင်တွေ ပြည့်နှက်နေတဲ့ ဓားတစ်လက်ပါ။

ဒီဓားထဲမှာတော့ လီဖူချန်းရဲ့ သန်မာသည့် စိတ်ဝိညာဉ်၊ အသိစိတ် အာရုံနှင့် အရှုံးကို လက်မခံသည့် စိတ်ဓာတ်ခွန်အားတွေ ခိုအောင်းနေပါတယ်။

ဒီဓားက လီဖူချန်း အတွက်တော့ အရာရာပါပဲ။ သူက သူ့ရဲ့ ဖြစ်တည်မှု ကိုတောင် မေ့ထားပါတယ်။ သူ့ဆီမှာ ရှိနေတဲ့ တစ်ခုတည်းသော အတွေးကတော့ အဆုံးအထိ တိုက်ခိုက်ပြီး နောင်တမရှိ သေမယ်ဆိုတာပါပဲ။

“ရွှီး“

ဓားနဲ့လူ တစ်သားတည်း ဖြစ်နေတဲ့ လီဖူချန်းက မိုးထိအောင် မြင့်နေတဲ့ အရိပ်လူကြီး ဆီကို ခုန်ဝင်သွားခဲ့ပါပြီ။

အရိပ်လူက သူ့ရဲ့ မီးခိုးရောင် ဓားနဲ့ လှမ်းပြီး ကာလိုက်ပေမဲ့လည်း …

“ဖောက် “

ဓားနဲ့လူ တစ်သားတည်း ဖြစ်နေတဲ့ လီဖူချန်းကတော့ အစောပိုင်းတုန်း ကနှင့် လားလားမျှ မတူတော့ပါဘူး။ သူက လျင်မြန်သွက်လက်စွာပင် အရိပ်လူရဲ့ ဓားချက်ကို ရှောင်လိုက်ပြီး ရန်သူရဲ့ ခန္ဓာကိုယ်ကို ဖောက်ထွက် သွားခဲ့တယ်လေ။

မိုးလောက်ထိ မြင့်နေတဲ့ အရိပ်လူ ကတော့ ကျယ်လောင်စူးရှစွာ အော်ဟစ် နေခဲ့ပါပြီ။ သူ့ရဲ့ ရင်ဘတ်ပေါ်မှာတော့ အပေါက်ကြီး တစ်ခု ရှိနေခဲ့ပါတယ်။

ဒီဒဏ်ရာကတော့ ပြီးခဲ့တဲ့ တစ်ခေါက်ကထက်ကို ၁၀ဆမက ပြင်းထန်သွားသည့် ပုံပင်။

အဲဒီပိုဆိုးတာက သူက တိုက်ပွဲဝိညာဉ် နယ်ပယ်အထက်က ပညာရှင် ချန်ထားခဲ့တဲ့ အစစ်အမှန် ဝိညာဉ်လေ။ အခုတော့ သူက ဘာမဟုတ်သည့် မြေကမ္ဘာနယ်ပယ် အဆင့်က ကောင်လေးတစ်ယောက်ရဲ့ လက်ချက်နဲ့ ဒဏ်ရာရ သွားခဲ့တယ်။ ဒါက သူ့ မျက်နှာကို တံတွေးဆွတ်ပြီး ရိုက်ထည့် လိုက်သလိုပါပဲ။ လုံးဝ ရင်ထဲ၊ အသည်းထဲကကို နာပါတယ်။

“မင်းက ငါ့ရဲ့ အမျက်ဒေါသကို စမ်းလိုက်တာပဲ "

အရိပ်လူရဲ့ ခန္ဓာကိုယ် နဂိုမူလ ပုံစံအတိုင်း ပြန်ဖြစ် သွားခဲ့ပါပြီ။ ဒါပေမဲ့ သူ့ရဲ့ ခန္ဓာကိုယ် ကနေ ထွက်နေတဲ့ အရှိန်အဝါ တွေကတော့ အရင်ကထက် ပိုပြီး ကြောက်စရာ ကောင်းလာပါတယ်။ ထို့နောက်မှာတော့ အရိပ်လူက လီဖူချန်းရဲ့ အသိစိတ် အာရုံပုံရိပ် ဖြစ်တဲ့ ဓားကို ပိုင်းချလိုက်တယ်လေ။

အစစ်အမှန် စိတ်ဝိညာဉ်ရဲ့ ဒေါသထွက်နေသည့် ဓားချက်ကိုတော့ လီဖူချန်းရဲ့ အသိစိတ် အာရုံဓားက ဘယ်လိုမှ တောင့်မခံ နိုင်ခဲ့ပါဘူး။

“ဝုန်း“

ဒီဓားချက် တစ်ချက်က လီဖူချန်းရဲ့ အသိစိတ် ပုံရိပ်ဓားကို ပျက်စီး သွားစေခဲ့ပြန်ပါပြီ။ လီဖူချန်းရဲ့  အသိစိတ်အာရုံ ကလည်း ပျောက်ကွယ်လုနီးပါး ဖြစ်သွားပါတယ်။

“အဟင့် ... မင်းလို သာမည ကောင်လေးတစ်ယောက်က ငါ့ကို အာခံချင်တာလား။ မင်းရဲ့ အသိစိတ်အာရုံကို ပျက်စီးစေတဲ့ တရားခံကတော့ မင်းကိုယ်တိုင်ပဲ။ ငါ့ကို လာအပြစ်တင် မနေနဲ့တော့ ..."

အရိပ်လူက နှာခေါင်းရှုံ့ပြီး ပြောလိုက်ပါတယ်။

အစောပိုင်းတုန်း ကတော့ သူက လီဖူချန်းရဲ့ အသိစိတ်အာရုံကို ချန်ထားပေးဦး မလို့ပါပဲ။ သူ တဖြည်းဖြည်းနဲ့ လီဖူချန်းရဲ့ မှတ်ဉာဏ်တွေကို ပျောက်ကွယ် သွားစေချင်တာလေ။ အခုတော့ သူက လီဖူချန်းရဲ့ အသိစိတ် အာရုံကို ဖျက်ဆီးပစ်လို က်ပါပြီ။ နတ်ဘုရားတွေ ဆင်းပြီး လာကယ်ရင်တောင် လီဖူချန်းကို ကယ်လို့ရတော့မှာ မဟုတ်ပါဘူး။

အပြာနုရောင် စိတ်ဝိညာဉ်ကို ကြည့်နေရင်းနဲ့ အရိပ်လူက ပင့်သက်တောင် ရှိုက်လိုက်မိပါတယ်။

သူ့ဘဝမှာ တစ်ခါမှာ ဒီလောက်လှပပြီး သန့်စင်တဲ့ စိတ်ဝိညာဉ်မျိုးကို မမြင်ခဲ့ဖူးပါဘူး။ တကယ်လို့ သူသာ ဒီစိတ်ဝိညာဉ်ကို အပြည့်အဝ စုပ်ယူလိုက်နိုင်မယ် ဆိုရင်တော့ သူ့ရဲ့ ထိုးထွင်း သိမြင်မှုက ဘယ်အဆင့် အထိတောင် ရောက်သွားနိုင်လိမ့် မလည်းလေ။ အဲဒီအချိန်ဆိုရင် သူ့ကို ယှဉ်နိုင်မယ့်သူတောင် ရှိတော့မယ် မထင်ပါဘူး။

အရိပ်လူက တစ်ချက် လှုပ်လိုက်ပြီး အပြာရောင် စိတ်ဝိညာဉ် ရှိရာဆီကို ချဉ်းကပ်သွားပါတယ်။

အစကနေ အခုချိန်အထိ သူက ရွှေရောင်လက်ဖွဲ့ အဆောင်ရဲ့ တည်ရှိမှုကို မခံစားမိ သေးပါဘူး။

ဒီရွှေရောင် အဆောင်လက်ဖွဲ့က လီဖူချန်း တစ်ယောက်တည်း အတွက် တည်ရှိနေတဲ့ ပုံပါပဲ။

“ဘုန်း“

အရိပ်လူက အပြာနုရောင် စိတ်ဝိညာဉ်ထဲကို ဝင်ဖို့ လုပ်နေတဲ့ အချိန်မှာပဲ ရွှေရောင် အလင်းတန်းတွေက ထွက်ပေါ်လာပြီး အရိပ်လူကို တွန်းထုတ်လိုက်ပါတယ်။

အပြာနုရောင် စိတ်ဝိညာဉ်က တဖြည်းဖြည်းနဲ့ ထုတ်ချင်းဖောက် မြင်လာရတဲ့ အထိ ကြည်လင်လာပါတယ်။ ရွှေရောင်လက်ဖွဲ့ အဆောင်ကနေလည်း အဆုံးမရှိတဲ့ ရွှေအလင်းတန်းတွေ ထုတ်ပေးနေပါတယ်။ ထိုရွှေအလင်းတန်း တွေက အပြာရောင် စိတ်ဝိညာဉ်ကို ထိမိလိုက်တဲ့ အခါမှာတော့ ရောင်စဉ်ခုနစ်မျိုး ဖြာထွက်လာပြီး လီဖူချန်းရဲ့ အသိစိတ် အာရုံကို  ပြန်ဖြစ်တည် လာစေပါတယ်။ တစ်ချိန်တည်းမှာပင် ရွှေရောင်အလင်းတန်း တွေက လူအရိပ်လူကို လှုပ်ရှားမရအောင် ဖမ်းချုပ်ထားပါတယ်။

“ရွှေရောင် လက်ဖွဲ့အဆောင် ... အဲဒါက ဘာကြီးလဲ ..."

အရိပ်လူကတော့ ထိတ်လန့်နေပါပြီ။

သူက တိုက်ပွဲဝိညာဉ် နယ်ပယ်ထက်ကို အဆင့်မြင့်တဲ့ နယ်ပယ်က ပညာရှင်ရဲ့ အစစ်အမှန် စိတ်ဝိညာဉ်ပါ။ ဒါပေမဲ့ အခုလက်ရှိ မှာတော့ သူက ရွှေရောင် အမြုတေရဲ့ ဖိနှိပ်ထားခြင်းကို ခံနေရပါတယ်။

“မင်းလို သေးငယ်နုံချာတဲ့ ပုရွက်ဆိတ်လေး တစ်ကောင်က ငါရွေးချယ်ထားတဲ့ သူရဲ့ စိတ်ဝိညာဉ် ကိုတောင် ဝါးမျို ချင်နေတာလား။ အဆင်နိ့မ့်တဲ့ ကောင် ...  မင်းကတော့ သေချင်နေတာပဲ"

ရွှေရောင် အမြုတေက ပထမဆုံးကြိမ် အဖြစ် စကားပြော လာပါတယ်။

“မင်းက ဘယ်သူလဲ ..."

အရိပ်လူက ကြောက်ရွံ့ တုန်လှုပ်စွာဖြင့် မေးလိုက်ပါတယ်။

ဒီရွှေရောင် အမြုတေကနေ ထွက်ပေါ်လာတဲ့ အရှိန်အဝါက မိုးမြေမဟာ တာအိုကို ထိပ်တိုက်တွေ့ရတာ ထက်တောင် ကြောက်ဖို့ ကောင်းနေပါသေးတယ်။

မိုးမြေမဟာ တာအို ဆိုတာက ပြိုင်ဘက်မရှိတဲ့ တည်ရှိမှု တစ်ခုပါ။ အဲဒီအရာ တည်ရှိနေတာကို မမြင်နိုင်ပါဘူး။ ဒါပေမဲ့ ခံစားလို့တော့ ရပါတယ်။

အခု ဒီရွှေရောင် အမြုတေကတော့ မိုးမြေမဟာ တာအိုထက်တောင် ပိုကြောက်ဖို့ ကောင်းမည့်ပုံပင်။

“မင်းလို ပမွှားလေးက ငါ့ရဲ့ တည်ရှိမှုကို သိနိုင်တဲ့ အဆင့်မှာ မရှိဘူး။ သွားစမ်း"

ရွှေရောင် အလင်းတန်းတွေက အရိပ်လူကို တိုက်စား သွားခဲ့ပါပြီ။

“ဒါက တကယ် မဖြစ်နိုင်ဘူး ..."

အရိပ်လူကတော့ မျက်စိတစ်မှိတ်လေး အတွင်းမှာပဲ သိမ်မွေ့နက်နဲသည့် အရှိန်အဝါတွေ ဖြာထွက်နေသည့် အရည်စက်လေး တစ်စက် ဖြစ်သွားခဲ့ပါတယ်။

ဒီအရည်စက်လေးက အင်မတန်မှ သန့်စင်နေပြီး အဆပေါင်းများစွာ ချဲ့ပြီး ကြည့်လိုက်ရင်တောင်မှာ မသန့်စင်တဲ့ အရိပ်အယောင် တစ်ခုမှ တွေ့ရမှာ မဟုတ်ပါဘူး။

အဲဒီအချိန် မှာပဲ လီဖူချန်းရဲ့ အသိစိတ်အာရုံ ပုံရိပ်ကလည်း အပြည့်အဝ ပြန်လည် ဖြစ်တည် လာခဲ့ပါပြီ။

"ငါ့ရဲ့ အသိစိတ် အာရုံက ပျက်စီးသွားပြီ မဟုတ်ဘူးလား"

အသိစိတ်အာရုံ ဖျက်ဆီး ခံလိုက်ရတုန်း ကတော့ လီဖူချန်း တစ်ယောက် အမှောင်ထုကြီးထဲမှာ နစ်မြုပ်သွားခဲ့ပြီး သိပ်မကြာခင် မှာပဲ ပျောက်ကွယ် သွားတော့မယ်လို့ ခံစား နေခဲ့ရတာပါ။

ပြန်လည်ဖြစ်တည် လာတဲ့ လီဖူချန်းရဲ့ အသိစိတ် အာရုံက အရင်က ထက်တောင် ပိုကြည်လင် ပြတ်သား လာပါသေးတယ်။ သူ့ရဲ့ အသိစိတ်အာရုံ ပုံရိပ်ကလည်း အရင်ကထက် ပိုအကောင်အထည် ပီပြင်လာပြီး ပိုပြီး ကျစ်လျစ် လာပါသေးတယ်။ ကြည့်ရတာတော့ ဒီအသိစိတ် အာရုံပုံရိပ်က သူ့ရဲ့ စိတ်ဝိညာဉ် ခွန်အားနဲ့ မသက်ဆိုင် သလိုပါပဲ။ ဒါက သီးခြား ဖြစ်တည်လာတဲ့ အရာတစ်မျိုးပါ။

စိတ်ဝိညာဉ် ခွန်အားက အသိစိတ် အာရုံနဲ့ အပြန်အလှန်တော့ ဆက်နွှယ်မှု မရှိပါဘူး။ ဒါပေမဲ့ အနည်းငယ်တော့ ဆက်နွှယ်မှု ရှိပါတယ်။

စိတ်ဝိညာဉ် ခွန်အား သန်မာလာတာ နဲ့အမျှ အသိစိတ်အာရုံ ကလည်း ပိုပြီး အားကောင်းလာမယ်။ ဒီအချက်ကတော့ မှန်ပါတယ်။

ဒါပေမဲ့ အသိစိတ်အာရုံ အားကောင်း လာတာနဲ့အမျှ စိတ်ဝိညာဉ် ခွန်အားက ပိုသန်မာ လာတာကတော့ မဟုတ်ပါဘူး။

ဥပမာအားဖြင့် ဆိုရရင် လီဖူချန်းကိုပဲ နမူနာ ကြည့်လိုက်ပါ။

သူ့ရဲ့ အသိစိတ် အာရုံက ကောင်းကင်နယ်ပယ် ပညာရှင်တွေနဲ့ ယှဉ်လိုက်ရင်တော့ သူတင်ကိုယ်တင် ရှိပေမဲ့ သူ့ရဲ့ စိတ်ဝိညာဉ် ခွန်အားကတော့ ကောင်းကင်နယ်ပယ် ပညာရှင်တွေကို မီဖို့ အတော်ကြီး လိုပါသေးတယ်။

“ဒီအရည်စက် ... ဒါက ဘာကြီးလဲ"

လီဖူချန်းက သူ့ရဲ့ အသိစိတ် အာရုံပုံရိပ်ကို လေ့လာနေရာ ကနေ ထိုထူးဆန်းတဲ့ အရည်စက်လေးကို သတိပြုမိလိုက်ပါတယ်။

ဒီအရည်စက်လေးက အင်မတန်မှ သန့်စင်နေသည့် အပြင် လီဖူချန်းရဲ့ အသိစိတ်အာရုံ ပုံရိပ်ကိုပါ ဆွဲဆောင်နေပါတယ်။ လီဖူချန်းက ထိချင် ကိုင်ချင်စိတ်ကို ထိန်းမရတော့တဲ့ အတွက် အနားကို ချဉ်းကပ် သွားခဲ့ပါပြီ။

လီဖူချန်း အရည်စက်လေးနဲ့ လူတစ်ကိုယ်စာ လောက်သာ ကွာဝေးတော့တဲ့ အချိန်မှာတော့ အရည်စက်လေးက ရုတ်တရက် တောက်ပလာပြီး လီဖူချန်းရဲ့ အသိစိတ် အာရုံပုံရိပ် ထဲကို ပြေးဝင်သွားခဲ့ပါတယ်။ ထို့နောက်မှာတော့ လီဖူချန်းရဲ့ အသိစိတ်အာရုံက ပေါက်ကွဲသွားလိုက်၊ ပြန်ဖြစ်တည်လာလိုက် ပြီးတော့ ထပ်ပေါက်ကွဲသွားလိုက် တစ်ဖန်ပြန်ပြီး ဖြစ်တည်လာလိုက်နဲ့ သံသရာ လည်နေခဲ့ပါပြီ။

အချိန်ဆိုတာ ထိန်းချုပ်လို့ မရပါဘူး။ ဒါပေမဲ့ လီဖူချန်း ကတော့ သူ့ကိုသူ အချိန်စက်ဝိုင်း ထဲကနေ လွတ်မြောက် သွားခဲ့သလိုပဲ ခံစားနေရပါတယ်။

အချိန်တွေ ဘယ်လောက်တောင် ကြာသွားမှန်း မသိတဲ့ အချိန်တစ်ခု မှာတော့ လီဖူချန်းရဲ့ အသိစိတ် အာရုံပုံရိပ်ရဲ့ ပေါက်ကွဲလိုက် ပြန်လည်ဖြစ်တည်လိုက် ဆိုတဲ့ သံသရာက ရပ်တန့် သွားခဲ့ပါပြီ။

လီဖူချန်းရဲ့ အသိစိတ်အာရုံ ပုံရိပ်ထံကနေ လျှို့ဝှက်နက်နဲတဲ့ အရှိန်အဝါ တွေကလည်း ထွက်နေခဲ့ပါတယ်။

“ငါ့ရဲ့ အသိစိတ် အာရုံပုံရိပ်က အဆတစ်ရာလောက် ကျစ်လျစ်သိပ်သည်း သွားခဲ့တာပဲ"

လီဖူချန်းက လုံးဝကို တအံ့တသြ ဖြစ်နေပါတယ်။

သူ့ရဲ့ အသိစိတ် အာရုံပုံရိပ်က အဆင့်မြင့် ခန္ဓာကိုယ် သန့်စင်ကျမ်း တစ်အုပ်ကို လေကျင့်ထား သလိုတောင် ခံစား နေရပါပြီ။ အခုဆိုရင်တော့ သူ့ရဲ့ အသိစိတ် အာရုံက  ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေ ကိုတောင် ယှဉ်ပြိုင် နိုင်လိမ့်မည်ဟု လီဖူချန်းက ယုံကြည်နေပါတယ်။

***

All Chapters