နတ်သင်္ချိုင်းကုန်းမှ လျို့မိသားစု
Vol. 33 Ch. 457
နဂါးပုတီးစေ့က အတော်လေး ကြီးမားသဖြင့် ရှုန်းချီအာမှာ နဂါးပုတီးစေ့ကို ပိုက်ထားရသည်။ ၎င်းက အရွယ်ရောက်ပြီးသော လူတစ်ယောက်၏ လက်သီးဆုပ်အရွယ်ရှိ၏။ သူမမှာ ငယ်ငယ်လေးရှိသေးသောကြောင့် မနိုင့်တနိုင် သယ်နေရသည်။
လျို့ရိုယင်း၏အပြုအမူများကို မြင်လျှင် သူ့အတွေး မှန်ကြောင်း ချင်မူ သိသွားသည်။ နဂါးပုတီးစေ့သည် စွမ်းအားအပြည့်အဝ ထုတ်လွှတ်ရန် ရိုးသားဖြူစင်သော ကလေးမလေးတစ်ယောက်ကို လိုအပ်၏။
အနောက်ကမ္ဘာမြေက မင်းသမီးလေးအပေါ် ဤမျှအရေးထားသည်မှာ အံ့ဩဖွယ်ရာမရှိပေ။
လျို့ရိုယင်းက အင်္ကျီလက်အိုးဖြင့် မျက်နှာကို ကာထားပြီး မျက်လုံးတစ်လုံးသာ ဖော်ထားသည်။ မျက်လုံးက တစ္ဆေမျက်လုံးကဲ့သို့ ဖြူဆွတ်နေကာ ပဲ့စေ့အရွယ် သူငယ်အိမ်တစ်ခုသာ ရှိသည်။
“ဂိုဏ်းသခင် အထင်မလွဲပါနဲ့”
လျို့ရိုယင်း၏အနောက်မှ ခေါင်းတလားပိတ်သံများ တဒုန်းဒုန်း ထွက်လာသည်။ အသေ၊ အရှင်လား မသိရသော အလောင်းကောင်များက ခေါင်းတလားများထဲ အသီးသီးပြန်ဝင်သွားကြခြင်း ဖြစ်၏။
လျို့ရိုယင်းလည်း ခေါင်းတလားထဲ ပြန်ခုန်ဝင်ပြီး တခစ်ခစ် ရယ်သည်။ “မင်းသမီးလေး အဆင်ပြေလား ကြည့်ရုံသက်သက်ပါ။ အခု မင်းသမီးလေး အန္တရာယ်ကင်းတာ မြင်ရပြီဆိုတော့ ရိုယင်း စိတ်အေးပါပြီ။ နှုတ်ဆက်ပါတယ်”
ခေါင်းတလားများမှ ခြေထောက်များ ပြန်ထွက်လာကာ တောင်စောင်းများအပေါ် ပြေးတက်သွားကြသည်။
“လျို့အိမ်တော်သခင်မ၊ ခဏလေး နေပါဦး” ချင်မူက ရုတ်တရက် ပြောလိုက်သည်။
ခေါင်းတလားအဖုံးကို ပိတ်တော့မည့် လျို့ရိုယင်းက သူ့စကားကို ကြားလျှင် ရပ်လိုက်သည်။ သူမက ကိုယ်ကို မတ်ကာ ဟန်လုပ်ပြုံးလိုက်ရ၏။ “ဂိုဏ်းသခင်၊ ကျွန်မတို့ကို သက်ညှာပေးပါ၊ မရက်စက်ပါနဲ့”
သူမအသံမှာ တုန်နေပြီး အတိုင်းထက်အလွန် ကြောက်လန့်နေဟန်တူသည်။
ချင်မူ စိတ်ရှုပ်ထွေးသွား၏။ နဂါးစိမ်းပုတီးစေ့သာ မဟုတ်ပါ၏လော။
ရှုန်းချီအာက နဂါးစိမ်းပုတီးစေ့ကို ပိုက်ထားသော်လည်း စွမ်းအားထုတ်လွှတ်နိုင်လျှင်ပင် ကြောက်မက်ဖွယ်ရာ ကောင်းမည်မဟုတ်ပေ... လျို့ရိုယင်းတို့အနေဖြင့် ထိုမျှကြောက်စရာ လိုပါ၏လော။
“လျို့အိမ်တော်သခင်မ၊ အစစ်အမှန်ကောင်းကင်နန်းတော်ရဲ့ အမိန့်ကြောင့် လာတာလား” ချင်မူက ဖော်ရွေပျူငှာသော အမူအရာဖြင့် မေးလိုက်သည်။ “အမိန့်ကြောင့်ဆိုရင် အစစ်အမှန်ကောင်းကင်နန်းတော်ရဲ့ သိုင်းသမားတွေ သခင်မတို့မျိုးနွယ်ထဲ ရောက်နေလောက်တယ် မဟုတ်လား။ ကျွန်တော် သူတို့နဲ့ တွေ့ချင်ပါတယ်။ သခင်မ မိတ်ဆက်ပေးနိုင်မလားမသိဘူး”
လျို့ရိုယင်း အနည်းငယ် မှင်သက်သွားမိသည်။ ချင်မူသည် နွေးထွေးလှသော နွေဦးလေပြေသဖွယ် သိမ်မွေ့စွာ ပြုံးပြနေ၏။ “လျို့အိမ်တော်ရဲ့သခင်မကတော့ မသိလောက်ပေမယ့် ကျွန်တော့်မှာ အနောက်ကမ္ဘာမြေကို ရန်ပြုလိုတဲ့စိတ် မရှိပါဘူး။ ဒေသခံတွေရဲ့ ဓလေ့ထုံးတမ်းတွေကို လေ့လာချင်လို့ လာတာရယ်ပါ။ မင်းသမီးလေးကို ခေါ်လာရတဲ့ အကြောင်းရင်းကလည်း သူက အနောက်ကမ္ဘာမြေက ဆိုတော့ ရေမြေအနေအထားနဲ့ ရင်းနှီးတယ်လေ”
“အနောက်ကမ္ဘာမြေရဲ့ ရေမြေအနေအထားနဲ့ ရင်းနှီးတယ်ဟုတ်လား” လျို့ရိုယင်း မျက်တောင်ပုတ်ခတ်လိုက်မိသည်။
ရှုန်းချီအာသည် အသက်ခြောက်နှစ်ခန့်သာ ရှိသေးသည့်အပြင် ငယ်ငယ်ကတည်းက အစစ်အမှန်နန်းတော်တွင် နေလာခဲ့သူဖြစ်၏။ ရင်းနှီးသည်ဆိုလျှင် သူမအိမ်နှင့်သာ ရင်းနှီးနိုင်လိမ့်မည်။ အနောက်ကမ္ဘာမြေ၏ ရေမြေအနေအထားနှင့် အဘယ်သို့ပြု၍ ရင်းနှီးမည်နည်း။ မှတ်ရော မှတ်မိပါမည်လော။ ရှုန်းချီအာကို ရှေ့မှ ဦးဆောင်သွားခိုင်းခြင်းက မျက်ကန်းတစ်ယောက်ကို လမ်းပြခိုင်းခြင်းနှင့် မခြားနားပေ။
‘အလယ်ကမ္ဘာမြေက ဒီဂိုဏ်းသခင်ချင်က တော်တော်လိမ်တတ်တာပဲ’
လျို့ရိုယင်း စကားလုံးများကို သေချာရွေးချယ်၍ ဂရုတစိုက် ပြောလိုက်သည်။ “ဂိုဏ်းသခင်ချင်၊ နဂါးတစ်ကောင်ဟာ မြွေတစ်ကောင်ကို မဖိနှိပ်နိုင်ပါဘူး။ ဒီလိုပဲ ဂိုဏ်းသခင်ရဲ့ နောက်ခံက အင်အားကြီးမားပေမယ့် ကျွန်မတို့ လျို့မိသားစုကလည်း ပေါ့ပေါ့သေးသေး မဟုတ်ပါဘူး။ သေရေးရှင်ရေးကို ဂရုစိုက်ပါ”
ချင်မူက သူမကို တအံ့တဩ ကြည့်လိုက်သည်။ “လျို့အိမ်တော်သခင်မ ဘာပြောနေတာလဲ။ ကျွန်တော်က အစစ်အမှန်နန်းတော်ရဲ့ မမကြီးတွေနဲ့ တွေ့ပြီး နားလည်မှုလွဲနေတာလေးတွေ ဖြေရှင်းချင်ရုံတင်ပါ။ မကောင်းတဲ့အကြံအစည် မရှိပါဘူး။ ကျွန်တော့်မှာသာ အဲဒီလိုအကြံအစည်မျိုး ရှိရင် မင်းသမီးလေးကို နဂါးစိမ်းပုတီးစေ့အသက်သွင်းခိုင်းထားပြီးပါပြီ။ သခင်မတို့ လွတ်နိုင်မယ်ထင်လို့လား”
လျို့ရိုယင်း၏မျက်ဝန်းများ လှုပ်ရှားသွားသည်။ သို့သော် ချင်မူက အလွန်စိတ်ရှည်ရှည်ဖြင့် သူမအဖြေကို ရပ်သာ စောင့်နေ၏။
သူက စကားတစ်ခွန်းမပြောသလို၊ ခေါင်းတလားများထဲရှိ ‘အလောင်းကောင်’များလည်း မလှုပ်ဝံ့ကြပေ။
တခဏကြာသော် လျို့ရိုယင်းက တခစ်ခစ် ရယ်ကာ ပြောလိုက်သည်။ “ဂိုဏ်းသခင်က အဲဒီလိုပြောမှတော့ ကျွန်မ ဘယ်လိုငြင်းရတော့မလဲ။ ဂိုဏ်းသခင်၊ ကျေးဇူးပြုပြီး ကျွန်မခေါင်းတလားထဲ ဝင်လိုက်ပါ။ အစစ်အမှန်ကောင်းကင်နန်းတော်ရဲ့ မမကြီးတွေနဲ့ တွေ့ရအောင် လျို့မိသားစုဆီ ခေါ်သွားပေးပါ့မယ်။ ဂိုဏ်းသခင်မှာ သတ္တိရှိလား သိချင်မိတယ်”
ချင်မူက သူမကို ပြုံးပြလိုက်သည်။ “ပြဿနာမရှိပါဘူး” ထို့နောက် သူက ရှုန်းချီအာကို ချီ၍ နဂါးချီလင်၏ ကျောပေါ်မှ ခုန်ဆင်းပြီး လျို့ရိုယင်း၏ ခေါင်းတလားဆီ သွားလိုက်သည်။
အထဲကြည့်လိုက်သည့်အခါ သူ မှင်သက်သွားမိ၏။ ခေါင်းတလားက အပြင်မှ ကြည့်လျှင် မကြီးသော်လည်း အတွင်းနေရာက အံ့အားသင့်ဖွယ်ကောင်းသည်။ အလျားနှင့်အနံသည် ကိုက်သုံးဆယ်ကျော်ပြီး အမြင့်ကပင် ဆယ့်ငါးကိုက်၊ ဆယ့်ရှစ်ကိုက်မျှ ရှိနေသည်။ အိမ်ကြီးတစ်လုံးအလားပင် ထင်ရ၏။
ထို့အပြင် စားပွဲများ၊ ထိုင်ခုံများနှင့် ကျောက်စိမ်းခုတင်တစ်လုံးလည်း ရှိသည်။ အခန်းများ ခွဲထားပြီး ဧည့်ခန်း၊ ထမင်းစားခန်းများသာမက အစေခံတစ်ယောက်အတွက် နေရာစရာ နေရာတစ်နေရာပင် ရှိနေရာ အသေးစားနန်းဆောင်နှင့် မကွာလှပေ။
ချင်မူ တအံ့တဩ စုပ်သပ်လိုက်မိသည်။ လျို့ရိုယင်း ခေါင်းတလားထဲမှ ခုန်ထွက်လာတုန်းက သူ ထခုန်မိမတတ် လန့်ခဲ့ရ၏။ ဖုတ်ကောင်တစ်ကောင် ခုန်ထွက်လာသလား ထင်ခဲ့မိသော်လည်း ခေါင်းတလားက သူမနေထိုင်ရာနေရာ ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူက ကျန်ခေါင်းတလားများကို ကြည့်ကာ တွေးမိသွား၏။ ‘အကုန်လုံး ဒီလိုပဲများလား။ လျို့မိသားစုဝင်တွေက အဲဒီလိုနေကြတာလား။ ခေါင်းတလားတွေက ခြေထောက်ပေါက်ပြီး လျှောက်သွားနိုင်တယ်ဆိုတော့ မမရီရီရဲ့ မြို့လိုပဲ အံ့ဩစရာကောင်းပါပေတယ်’
“ဖက်တီးနဂါး မင်းလည်း ဝင်လို့ရတယ်” ချင်မူ နဂါးချီလင်အား လှည့်ပြုံးပြလိုက်သည်။
နဂါးချီလင်မှာ တွန့်ဆုတ်နေပုံရပြီး ခေါင်းယမ်းသည်။ “ဂိုဏ်းသခင်၊ ကျွန်တော် မယုံရဲလို့ မဝင်တော့ပါဘူး”
ချင်မူက ရယ်လိုက်ပြီး ရှုန်းချီအာကို ခေါ်ကာ ခေါင်းတလားထဲ ဝင်လိုက်သည်။ နဂါးချီလင်တစ်ယောက်တည်း အပြင်တွင် ကျန်ခဲ့၏။
လျို့ရိုယင်းက ခေါင်းတလားကို ဂျိန်းခနဲ ပိတ်ပြီး ခေါင်းတလားများအား လမ်းလျှောက်သွားစေလိုက်သည်။ တချို့က လေပေါ်၌ ပျံဝဲလျက် လျို့ရိုယင်း၏ခေါင်းတလားကို စောင့်ရှောက်ပေးကြသည်။
နဂါးချီလင်က သူတို့အနောက်မှ လိုက်လာပြီး တောင်တန်းများကို ဖြတ်ကျော်ပြီးနောက်တွင် ဧရာမဂူဗိမာန်ကြီးကို တွေ့လိုက်ကြသည်။ လျို့မိသားစု၏ အနက်ရောင်ခေါင်းတလားများက ဗိမာန်၏ပတ်ပတ်လည်တွင် ပျံဝဲနေကြရာ အနက်ရောင်လှေများဖြင့်ပင် တူနေ၏။ ခေါင်းတလားများက အတန်းလိုက်စီတန်း၍ ဂူဗိမာန်၏အဝထဲသို့ ဝင်ရောက်သွားသည်။
နဂါးချီလင်မှာ ကြောက်ဒူးတုန်လာသော်လည်း အားတင်းပြီး ခေါင်းတလားများနှင့်နှင့်အတူ ဂူဗိမာန်ထဲ ဝင်လိုက်သည်။
ခေါင်းတလားထဲတွင် ချင်မူက ရှုန်းချီအာကို ပေါင်ပေါ် တင်လျက် ထိုင်နေသည်။ လျို့ရိုယင်းက သူနှင့်မျက်နှာချင်းဆိုင်တွင် ထိုင်နေပြီး နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် တိတ်ဆိတ်စွာ ကြည့်နေကြ၏။ အခြေအနေက အတန်ငယ် တင်းမာနေသည်။
ရုတ်တရက် ချင်မူက ပြုံးလိုက်ပြီး ပြောလိုက်သည်။ “လျို့အိမ်တော်သခင်မ၊ လျို့မိသားစုရဲ့ ခေါင်းဆောင်က ဘယ်သူပါလဲ”
လျို့ရိုယင်း၏မျက်ဝန်းထဲရှိ ပဲစေ့အရွယ် အနက်ရောင်သူငယ်အိမ်များက လည်သွားပြီး ပုံမှန်အရွယ်အစား ပြန်ဖြစ်သွားသည်။ သူမက သူ့ကို ပြုံးပြ၏။ “ဂိုဏ်းသခင်က အပြင်လူဆိုတော့ ကျွန်မတို့ လျို့မိသားစုအကြောင်း မသိဘူးထင်တယ်။ ကျွန်မက ခေါင်းဆောင်ပါ”
ချင်မူ အံ့အားသင့်သွားသည်။ “အဲ့ဒါဆို လျို့အိမ်တော်သခင်မလို့ ခေါ်လိုက်တာ မှန်သွားတာပဲ။ မမရိုယင်း၊ လျို့မိသားစုရဲ့ ကျင့်စဉ်က သိပ်ထူးဆန်းတယ်နော်။ ကျွန်တော် မမကြီးတို့ကို မြင်လိုက်တုန်းက အလောင်းကောင်တွေ ထင်သွားတာ။ ဘာလို့ ဒီလိုလုပ်တာလဲ သိခွင့်ရှိမလား”
လျို့ရိုယင်းမှာ ရင်ထဲ နွေးထွေးသွားပြီး မဖုံးဖိနိုင်အောင် ပျော်ရွှင်နေသော အကြည့်များဖြင့် သူ့ကို ကြည့်သည်။ “အပြောသိပ်ချိုတာပဲနော်။ တခြားမျိုးနွယ်စုက လူတွေ၊ အထူးသဖြင့် ယောက်ျားလေးတွေဆို ကျွန်မကို မြင်တာနဲ့ စကားတောင် မပြောရဲကြဘူး၊ သေလောက်အောင် ကြောက်မသွားရင်ပဲ ကံကောင်းလှပြီ။ တချို့ဆို ကြောက်လွန်းလို့ သေးတောင် ထွက်ကြတယ်။ လိပ်ပြာတစ်ခါတည်း လွင့်သွားသူတွေတောင် ရှိသေးတယ်။ ဂိုဏ်းသခင်ကတော့ အေးအေးဆေးဆေး စကားထိုင်ပြောနိုင်တဲ့အပြင် မမလို့တောင် ခေါ်နိုင်သေးတယ်”
ရှုန်းချီအာမှာ စိတ်ရှုပ်ထွေးနေပြီး သူမဘာသာ တွေးနေမိ၏။ ‘အစ်ကိုကြီးက တွေ့သမျှ မိန်းကလေးတိုင်းကို မမလို့ ခေါ်နေတာလားလို့... “
လျို့ရိုယင်း အလောင်းကောင်အငွေ့အသက်များ တဖြည်းဖြည်း လျော့ပါးလာပြီး သူမက ပြုံးလိုက်သည်။ “ကျွန်မတို့ လျို့မိသားစုရဲ့ ကျင့်စဉ်က အခြေခံကျင့်စဉ်နဲ့ မတူဘူး။ ကျွန်မတို့က အသက်ရှင်နေတုန်းက လျို့မျိုးရိုးတွေ မဟုတ်ကြပါဘူး သေသွားမှ လျို့မျိုးရိုးဖြစ်လာကြတာ”
ချင်မူ ရင်ထဲ တုန်လှုပ်သွားပြီး အော်လိုက်မိသည်။ “အကုန်လုံးက လူသေတွေပေါ့”
“ကျွန်မတို့အနောက်ကမ္ဘာမြေရဲ့ လျို့မိသားစုမှာ သိပ်ရှေးကျတဲ့နောက်ကြောင်း ရှိတယ်။ လျို့မိသားစုဆိုတာ အလောင်းကောင်တစ်ခုကနေ ဝိညာဉ်ဖွဲ့တည်သွားတဲ့အချိန်မှာ စတင်ခဲ့တာပဲ။ ကောလဟာလတွေအရတော့ လျို့မိသားစုရဲ့ ဘိုးဘေးကြီးကို မိုးမခသစ်ပင်တစ်ပင် အောက်မှာ မြှုပ်နှံခဲ့ပေမယ့် အလောင်းမှာ ဝိညာဉ်ဖွဲ့တည်လာပြီး လျို့မျိုးရိုး ယူလိုက်တာတဲ့လေ
“ကျွန်မတို့က အလောင်းကနေ မွေးဖွားလာတာဆိုတော့ ကျွန်မတို့ ရုပ်ခန္ဓာတွေက သေနေပြီ။ ကလေးမမွေးနိုင်ကြဘူး။ ဒါပေမဲ့ သက်တမ်းကလည်း အတိုင်းအတာတစ်ခုအထိ ရှိတယ်။ ဝိညာဉ်သက်တမ်း ပြည့်သွားတာနဲ့ ဝိညာဉ်တွေ ပြိုကွဲသွားကြတယ်။ ကျွန်မတို့ လျို့မိသားစုက အပြင်လူတွေနဲ့ အဆက်အဆံမလုပ်လို့ ထူးဆန်းတယ် ပြောကြပေမယ့် သူတို့ထင်တာ မှားတယ်။ ကျွန်မတို့က အပြင်လောကနဲ့ အဆက်အဆံမလုပ်ချင်တာ မဟုတ်ပါဘူး။ ကျွန်မတို့ ဝိညာဉ်တွေက အလောင်းကနေ မွေးဖွားလာတာဆိုတော့ ဖမ်းပြီး ဝိညာဉ်လက်နက်ပြောင်းခံရမှာ ကြောက်လို့ပါ”
“အစစ်အမှန်ကောင်းကင်နန်းတော်ရဲ့ သိုင်းပညာရှင်တွေ ကျွန်တော့်ကို ဖမ်းပေးဖို့ တောင်းဆိုတုန်းက လျို့မိသားစု လက်ခံခဲ့တယ်နော်။ အစစ်အမှန်ကောင်းကင်နန်းတော်မှာ လျို့မိသားစုကို ဖမ်းပြီး ဝိညာဉ်လက်နက်ပြောင်းနိုင်တဲ့ နည်းလမ်းရှိလို့များလား” ချင်မူက အေးစက်စက်အသံဖြင့် မေးလိုက်သည်။
လျို့ရိုယင်း၏အမူအရာ အနည်းငယ် ပြောင်းလဲသွား၏။
ချင်မူက တဟားဟား အော်ရယ်လိုက်ပြီး သူ့မျက်နှာမှာ ပြန်လည်ချိုသာလာသည်။ သူက ပြုံးလိုက်၏။ “မမရိုယင်းက လျို့မိသားစုရဲ့ ခေါင်းဆောင်တောင် ဖြစ်လာတယ်ဆိုတော့ သိုင်းအဆင့်က ကျွန်တော့်ထက် အများကြီးသာပါတယ်။ ဘာလို့ ကျွန်တော့်ကို ကြောက်နေသေးတာလဲ။ မောင်လေးက ဒီတိုင်း ကြောက်အောင် လေနဲ့ လိုက်ခြောက်နေတာပါ။ တကယ်တမ်း ယုံကြည်ချက်လုံးဝ မရှိပါဘူး”
လျို့ရိုယင်းမှာ စိတ်သက်သာရာရသွား၍ သူ့ကို ပြန်ပြုံးပြသည်။ “တကယ်လန့်သွားတာပဲ။ ဂိုဏ်းသခင်ချင်ရဲ့ သိုင်းအဆင့်က ဘယ်အဆင့်ပါလဲ”
“ကျွန်တော်က အရပ်ခြောက်မျက်နှာအဆင့်ပဲ ရှိပါသေးတယ်။ မမကြီး စိတ်အေးသွားပြီလား” ချင်မူ အမှန်အတိုင်း ပြောလိုက်သည်။
လျို့ရိုယင်း အမှန်တကယ် စိတ်အေးသွားသော်လည်း ရှုန်းချီအာ၏ လက်ထဲရှိ နဂါးစိမ်းပုတီးစေ့ကို စိုးရိမ်နေမိသေးသည်။
ထိုပစ္စည်းက လျို့မိသားစု၏ ရန်သူတော်ကြီးဖြစ်သည်။ ဤနဂါးစိမ်းပုတီးစေ့၏ စွမ်းအားသာ ထွက်ပေါ်လာလျှင် လျို့မိသားစု၏ သိုင်းပညာရှင်များ မည်မျှသန်မာအားကောင်းစေကာမူ၊ ယှဉ်ပြိုင်နိုင်မည်မဟုတ်ပေ။
“မမရိုယင်း၊ အစစ်အမှန်ကောင်းကင်နန်းတော်က လာတဲ့ လူတွေက ဘယ်သူတွေလဲ။ သူတို့သိုင်းအဆင့်တွေက ဘယ်အဆင့်တွေလဲ”
“ရောက်လာတဲ့လူက အစစ်အမှန်ကောင်းကင်နန်းတော်ရဲ့ ယွီမိသားစုအကြီးအကဲ ယွီရိုယီပါ” လျို့ရိုယင်းက ပြောလိုကသ်ည်။ “ယွီမိသားစုရဲ့ သိုင်းပညာရှင်တွေက သေခြင်းရှင်ခြင်းအဆင့်တွေပဲ။ သိပ်ထူးချွန်ကြတယ်”
ချင်မူ ခပ်သာသာ ခေါင်းညိတ်လိုက်သည်။ အနောက်ကမ္ဘာမြေသားတို့သည် သိုင်းအဆင့်ကို အလေးအနက်မထားဘဲ ဝိညာဉ်တစ်သောင်းသဘာဝကျင့်စဉ်ကိုသာ အားကိုး၏။ လူတစ်ယောက်၏ အတွေးများက စင်ကြယ်သန့်ရှင်းလေလေ၊ သိမြင်ခံစားမှုများက အားကောင်းလာလေလေ ဖြစ်ပြီး ကောင်းကင်နှင့်ကမ္ဘာမြေကြီးနှင့် ဆက်သွယ်နိုင်လာသည်။
မှန်သည်၊ သိုင်းအဆင့်မြင့်သည့်အလျောက်၊ ဝိညာဉ်တစ်သောင်းသဘာဝကျင့်စဉ်၏ ကောင်းကင်နတ်သိုင်းများကလည်း အားကောင်းပြင်းထန်လာလိမ့်မည်။ သိုင်းအဆင့်သည် စွမ်းဆောင်နိုင်ရည်အတွက် အရေးပါသော်လည်း အနောက်ကမ္ဘာမြေသားများအတွက် သဘာဝတရားကို သိမြင်ခံစားပြီး ဆယ်သွယ်နိုင်ရန်က အရေးအကြီးဆုံးဖြစ်၏။
“မမရိုယင်း အခု စိတ်အေးသွားပြီမလား” ချင်မူက ပြုံးလိုက်သည်။ “အဲဒီမမကြီးက သေခြင်းရှင်ခြင်းအဆင့် ဆိုပေမယ့် ကျွန်တော်က အရပ်ခြောက်မျက်နှာအဆင့်ပဲ ရှိသေးတာလေ။ မမရို့ယီ ကျွန်တော့်ကို သတ်မယ်လုပ်ရင် မမရိုယင်း ကာကွယ်ပေးပါနော်”
လျို့ရိုယင်းမှာ အခက်တွေ့သွားဟန်ဖြင့် အင်တင်တင် ပြောလာသည်။ “ယွီရို့ယီနဲ့ ကျွန်မက သူငယ်ချင်းတွေဆိုတော့ နတ်သင်္ချိုင်းကုန်းမှာပဲ ဂိုဏ်းသခင်ကို မထိအောင် ကာကွယ်ပေးနိုင်ပါတယ်။ အပြင်ရောက်သွားရင်တော့ ကျွန်မ အာမ,မခံနိုင်ဘူး”
ချင်မူ စိတ်သက်သာရာရသွားပြီး ကျေးဇူးတင်စကား ပြောလိုက်၏။ “အခုလို ဒုက္ခခံပေးလို့ ကျေးဇူးတင်ပါတယ် မမကြီး။ နတ်သင်္ချိုင်းကုန်းဆိုတော မမကြီးတို့ နေတဲ့ နေရာလား”
လျို့ရိုယင်းက ပြုံးလိုက်သည်။ “ကျွန်မတို့ အခုပဲ နတ်သင်္ချိုင်းကုန်းကို ရောက်ပါပြီ။ ဂိုဏ်းသခင်ချင်၊ ကျေးဇူးပြုပြီး ခေါင်းတလားအပြင် ကြွပါ”
လျို့ရိုယင်းက ခေါင်းတလားကို ဖွင့်၍ သူ့အား အပြင်ခေါ်လာသည်။ သူတို့ရောက်နေသည်မှာ အလွန်ကျယ်ဝန်းသော မြေအောက်ကမ္ဘာတစ်ခု ဖြစ်သည်။ သင်္ချိုင်းဗိမာန်၏ ကောင်းကင်ယံတွင် နေ၊ လနှင့် ကြယ်များ ရှိနေပြီး ပတ်ဝန်းကျင်တွင် သင်္ချိုင်းဂူအရွယ်အစားမျိုးစုံဆီသို့ ဦးတည်နေသော လမ်းကြောင်းများ ရှိ၏။ ခေါင်းတလားများက ဂူများထဲ ဝင်ချည်၊ ထွက်ချည် သွားလာနေကြသည်။
ခေါင်းတလားအသေးလေးတစ်လုံး သူတို့ဆီ မျောလွင့်လာပြီး အဖုံးပွင့်လာကာ အထဲရှိ ကလေးမလေးတစ်ယောက် ထွက်လာသည်။ သူမက ခေါင်းတလား၏ အနားပေါ်တွင် ထိုင်ကာ ပြောလိုက်၏။ “မေမေ၊ ဒါ ဘယ်သူလဲ”
ချင်မူ လျို့ရိုယင်းကို ဇဝေဇဝါ ကြည့်လိုက်မိသည်။ လျို့ရိုယင်းက ကလေးမလေးကို ဝမ်းနည်းနေသောမျက်ဝန်းများဖြင့် ကြည့်နေပြီးနောက် တိုးညှင်းစွာ ပြောလိုက်သည်။ “ဒါက ကျွန်မ သမီးလေးပါ။ သူက ကျွန်မနဲ့အတူ သေသွားတာလေ။ အကြီးအကဲတစ်ယောက်က နှစ်ယောက်လုံးကို နိုးပေးခဲ့လို့ ဒီမှာ လာနေကြတာပါ.... ဒီကိစ္စကို မပြောကြရအောင်။ ယွီရို့ယီနဲ့ တွေ့ချင်တယ်မလား။ ကျွန်မ သူ့ကို ခေါ်ပြီး ဂိုဏ်းသခင်နဲ့ မိတ်ဆက်ပေးပါ့မယ်။ ရှင်တို့နှစ်ယောက်ကြား နားလည်မှုလွဲနေတာကို ဖြေရှင်းပေးလို့ ရရင် ရမှာပါ။ သမီးလေး၊ အစ်ကိုကြီးနဲ့ အတူနေခဲ့ဦးနော်”
ကလေးမလေးက သူမစကားကို နားထောင်ပြီး ချင်မူ့ကို စပ်စပ်စုစု ကြည့်သည်။
ချင်မူ သူမကို အထင်မသေးရဲပေ။ ကလေးမလေးသည် လျို့ရိုယင်း၏ သမီးဖြစ်သော်လည်း သူတို့၏ဝိညာဉ်များက တစ်ပြိုင်တည်း နိုးလာခဲ့သဖြင့် သိုင်းအဆင့်က လျို့ရိုယင်းနှင့် သိပ်မကွာလောက်ပေ။ နှစ်ယောက်လုံးက သေခြင်းရှင်ခြင်းအဆင့် သို့မဟုတ် ကောင်းကင်တံတားအဆင့် ဖြစ်လောက်သည်။
သူက နတ်သင်္ချိုင်းကုန်း၏ အလယ်သို့ ကြည့်လိုက်သည့်အခါ မတ်မတ်ထောင်နေသော ရွှေရောင်ခေါင်းတလားတစ်ခုအား မြင်လိုက်ရသည်။ သံကြိုးထူထူကြီးများက ခေါင်းတလားကို တုပ်နှောင်ထားပြီး အဝါရောင်အင်းစက္ကူများလည်း အပြည့်ကပ်ထား၏။ သင်္ကေတအမှတ်အသားမျိုးစုံကိုလည်း ရေးထားလေသည်။
“ဒီခေါင်းတလားထဲမှာ ဘယ်သူရှိတာလဲ။ ဘာလို့ပိတ်ထားတာလဲ” ချင်မူ စပ်စုကြည့်လိုက်သည်။
“မေမေ ပြောတာတော့ ဝိညာဉ်ဖွဲ့တည်ပြီးသွားတဲ့ နတ်ဘုရားတစ်ပါး လှဲနေတာတဲ့။ ဒါပေမဲ့ မကောင်းမှုတွေ ကျူးလွန်မှာကြောက်လို့ ချုပ်ထားတာလို့ ပြောတယ်”
“အဲဒီလိုလား” ချင်မူက ပြုံးလိုက်ပြီး သူမကို ငုံ့ကြည့်လိုက်သည်။ “ညီမလေး၊ အစ်ကိုကြီး ညီမလေးကို မျက်လှည့်ပြမယ်” ကျောက်စိမ်းမျက်လုံးတစ်လုံး သူ ထုတ်လိုက်သည်။ “ဒီမျက်လုံးက တောက်ပနိုင်တယ်သိလား”
ကလေးမလေးက သူ့ကို စိတ်လှုပ်ရှားစွာ မော့ကြည့်သည်။ “ဘယ်လိုတောက်ပနိုင်တာလဲဟင်”
ထိုအချိန်တွင် လျို့ရိုယင်း၏အသံက သူတို့ဆီ ရောက်လာသည်။ “ရို့ယီ၊ ဒါက ဂိုဏ်းသခင်ချင်တဲ့။ နားလည်မှုလွဲနေတာ ရှိရင် ငါ ကြားထဲက ဖြန်ဖြေပေးပါ့မယ်”
မိန်းကလေးတစ်ယောက်၏ အသံက ခနဲ့တဲ့တဲ့ရယ်သံများဖြင့် ထွက်လာသည်။ “ဖြန်ဖြေမယ်ဟုတ်လား။ ကောင်းတယ်။ သူ မင်းသမီးလေးကို ငါ့လက်အပ်တာနဲ့ ဖြန်ဖြေပြီးသားပဲ”
ထိုအချိန်တွင် နှင်းကဲ့သို့ ဖြူဆွတ်နေသော အလင်းတန်းတစ်တန်းက နတ်သင်္ချိုင်းကုန်း၏ အမှောင်ထုကို ထိုးခွင်းလျက် ဖျတ်ခနဲ ပျောက်ကွယ်သွားသည်။
ချင်မူ့ရယ်သံ ဟိန်းထွက်လာ၏။ “ဘယ်လို တောက်ပသွားတယ်မလား”
လျို့ရိုယင်းမှာ တခဏ မှင်သက်သွားသည်။ ထို့နောက် သူမဘေးရှိ ယွီရို့ယီ၏ ဝမ်းဗိုက်ပေါ်တွင် အလျားလိုက်အစင်းကြောင်းတစ်ကြောင်း ပေါ်လာပြီး နောက်တခဏ၌ သူမခန္ဓာကိုယ်မှာ နှစ်ပိုင်းပြတ်သွားတော့သည်။