ဓားအင်းကွက် သို့မဟုတ် ဓားဆေးမင်ကြောင်
Vol. 16 Ch. 222
၄နာရီလောက် အကြာမှာတော့ သူတို့၅ယောက်ဟာ သင်္ချိုင်းဂူထဲ ကနေ အောင်မြင်စွာ ထွက်လာ နိုင်ခဲ့ပါပြီ။
သူတို့က အနောက်ကို လှည့်ကြည့်လိုက်တဲ့ အခါမှာတော့ ထူးဆန်းတဲ့ သတ္တုရောင် ဂိတ်တံခါးဝကြီးကို မြင်နေရပါတယ်။ ထိုတံခါးဝကြီးကို မြင်တိုင်းမှာ သူတို့ရဲ့ နှလုံးခုန်သံတွေက မြန်လာဆဲပါပဲ။
ဒီတစ်ခေါက် ခရီးစဉ်ကတော့ တစ်သက် မမေ့နိုင်စရာ ပါပဲလေ။ သူတို့ရဲ့ ခန္ဓာကိုယ် တွေကို မိစ္ဆာဝိညာဉ် တွေက အပိုင်စီး လုနီးပါး ဖြစ်သွားခဲ့တာ မဟုတ်ပါလား။
သူတို့တွေက သင်္ချိုင်းဂူထဲက ထွက်လာ နိုင်ပေမဲ့လည်း စွန့်စားခန်း ခရီးက မပြီးဆုံး သေးပါဘူး။ မြူခိုးမြေနဲ့ ယှဉ်လိုက်ရင်တော့ ဒီသင်္ချိုင်းဂူ ဆိုတာက နယ်မြေ သေးသေးလေး တစ်ခုပင် ရှိပါသေးသည်။ ဒီမြူခိုးမြေထဲက အောင်အောင်မြင်မြင် ထွက်ခွာနိုင်မှသာ သူတို့ရဲ့ ခရီးက ပြီးဆုံးပြီလို့ သတ်မှတ်လို့ ရမှာပါ။
အပြန်လမ်းမှာတော့ သူတို့ငါးယောက်ဟာ နောက်ထပ် မဟာသွေးလင်းနို့ တစ်ကောင်နဲ့ ထပ်တွေ့ ခဲ့ပါသေးတယ်။
ဒီမဟာသွေးလင်းနို့ တွေဆိုတာက အဆင့်၃ ထိပ်တန်းမိစ္ဆာ သားရဲတွေထဲ မှာတောင် လက်ရွေးစင် အဆင့်မှာ ရှိနေတာပါ။ အလာလမ်းတုန်း ကတော့ ဒီမဟာသွေးလင်းနို့ တစ်ကောင်ကို သတ်ဖို့အတွက် လူ၁၁ယောက် စုပေါင်းတိုက်ခိုက် ခဲ့ရတာလေ။ ဒါတောင်မှ ထိပ်တိုက်ရင်ဆိုင်မှု တွေကို စုမုယူက တာဝန်ယူ ခဲ့လို့သာ သက်သာရာ ရခဲ့တာပါ။
ဒါပေမဲ့ အခုတစ်ကြိမ် မှာတော့ လီဖူချန်းနဲ့ စုမုယူတို့ နှစ်ယောက်တည်းနဲ့တင် မဟာသွေးလင်းနို့ကြီးကို ဖိနှိပ် ထားနိုင်ခဲ့ပါပြီ။
ဒါတောင်မှ လီဖူချန်းက အစွမ်းကုန် မတိုက်ပဲ လျှိုထားပါသေးတယ်။
သိုင်းကွက်ပြင်းထန်မှု အပိုင်းမှာ ဆိုရင်တော့ လီဖူချန်းက စုမုယူကို မီဖို့ ဘယ်လိုမှ မဖြစ်နိုင် သေးပါဘူး။
ဒါပေမဲ့ သိုင်းကွက်တွေကို သေသပ်စွာ အပိုအလို မရှိ ထုတ်သုံးနိုင်တဲ့ နေရာမှာတော့ လီဖူချန်းက စုမုယူထက် အများကြီး သာနေခဲ့ပါပြီ။
“သူက အများကြီး တိုးတက်လာတာပဲ"
စုမုယူက အရူးတစ်ယောက် မဟုတ်ပါဘူး။ သူမက လီဖူချန်းရဲ့ တိုးတက်လာမှု တွေကို သတိပြု မိပါတယ်။
လီဖူချန်းရဲ့ အမြန်နှုန်းးနဲ့ ခွန်အားကတော့ ဘာမှ မပြောင်းလဲ သွားပါဘူး။ ဒါပေမဲ့ သူ့ရဲ့ ဓားကွက်တွေက ရေစီးနေသလို အထစ်အငေါ့ မရှိ ချောမွေ့စွာ အဆက်မပြတ် ထွက်လာ နေတယ်လေ။ လီဖူချန်းရဲ့ ဓားချက်တိုင်းက မဟာသွေးလင်းနို့ကြီးရဲ့ ဟာကွက်တွေ ထဲကို တိုးဝင်နေတာပါ။ မဟာသွေးလင်းနို့ကြီး ပေါ်မှာ ရှိနေတဲ့ ဓားဒဏ်ရာ တွေကိုသာ ပေတံတစ်ခုနဲ့ တိုင်းကြည့်လိုက်မယ် ဆိုရင် လီဖူချန်းရဲ့ ဓားချက်တွေ အားလုံးက တစ်သမတ်တည်း ဖြစ်နေတာကိုပါ တွေ့ရနိုင်ပါတယ်။ မည်သည့် ဓားချက်ကမှ ပိုမရှည်သလို ပိုလည်း မနက်သွားပါဘူး။
“အခုချိန်မှာသာ သူနဲ့ တိုက်ရမယ်ဆိုရင် သေချာပေါက် ရှုံးမယ့်သူက ငါပဲ”
စုမုယူက လက်မခံချင် ပေမဲ့လည်း လက်ခံလိုက်ပါတယ်။ သူမက သူမကိုသူမ မညာချင်ဘူးလေ။ လက်တွေ့တိုက်ခိုက်မှု အပိုင်းမှာတော့ သူမက လီဖူချန်းထက် နိမ့်ကျနေတယ် ဆိုတာ သိသာ လွန်းနေသည်လေ။
လီဖူချန်းရဲ့ လှုပ်ရှားမှုတိုင်းက ရည်ရွယ်ချက် ရှိပါတယ်။ သူ့ကိုကြည့်ရတာ မည်သည့် အရာကိုမျှ အတင်းအကျပ် လုပ်ယူထားခြင်း မရှိပါဘူး။
ကချေသည် တစ်ယောက် ကပြဖျော်ဖြေ နေတာနှင့်တောင် တူနေပါသေးသည်။ အစကနေ အဆုံးအထိ အားလုံးကို လီဖူချန်းက ချုပ်ကိုင် ထားတာပါ။ စုမုယူကော မဟာသွေးလင်းနို့ကြီးပါ လီဖူချန်းရဲ့ ဓားကကြိုးတွေ အောက်မှာ ပွဲကြည့် ပရိသတ်တွေ ဖြစ်ခဲ့ရပါပြီ။
“ကြောက်ဖို့ ကောင်းလိုက်တာ "
စုမုယူက တွေးရင်း တွေးရင်းနဲ့ ဒီကောင်လေးရဲ့ ပါရမီက ဘယ်လောက်အထိ ကြောက်ဖို့ ကောင်းသလည်း ဆိုတာ ဝိုးတိုးဝါးတား သိမြင်လိုက်ပါတယ်။
ဒီအတိုင်းဆိုရင်တော့ နောက်ထပ်၂နှစ်လောက် ဆိုရင် အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးရဲ့ လူငယ်မျိုးဆက် တွေကို ဦးဆောင်မည့်သူက လီဖူချန်း ကလွဲပြီး တခြားလူ မရှိတော့ပါဘူး။
မဟာသွေးလင်းနို့ကြီးကို သတ်ဖြတ်ပြီးတဲ့ နောက်မှာတော့ သူတို့၅ယောက်ဟာ ဆက်ပြီး ခရီးဆက်ခဲ့ပါတယ်။
သိပ်မကြာခင် မှာတော့ အလာတုန်းက သူတို့ ဖြတ်ကျော်ခဲ့တဲ့ မြူခိုးတွေ ထူထပ်နေတဲ့ နေရာကို ပြန်ရောက်လာခဲ့ပါပြီ။
သူတို့၅ယောက်ဟာ နောက်ဆံတင်း မနေပဲ မြူခိုးထုကြီး ထဲကို ဝင်သွားလိုက်ပါတယ်။
ဒီမြူခိုးထု ထဲမှာတော့ သူတို့ဟာ သူတို့လက်ချောင်း တွေကိုတောင် ပြန်မမြင်ရတဲ့ အတွက် အသိစိတ်အာရုံကိုပဲ မှီခိုအားထားနေရပါတယ်။
လီဖူချန်းက လွဲပြီး ကျန်တဲ့သူတွေအားလုံးက ၁၀မီတာပတ်လည်ကိုပဲ အာရုံခံသိမြင်နိုင်ပါတယ်။
လီဖူချန်းကတော့ သူတို့နဲ့ မတူပါဘူး။ သူက အသိစိတ်အာရုံကို မီတာရာနဲ့ချီပြီး ဖြန့်ကြက်ထားတယ်လေ။ လူဖြစ်ဖြစ် ၊ မိစ္ဆာသားရဲဖြစ်ဖြစ် သူဖြန့်ကြက်ထားတဲ့ ဧရိယာထဲကို ဝင်လာတာနဲ့ တန်းသိနိုင်ပါတယ်။ထူထပ်တဲ့ ဒီမြူခိုးထုတွေကြားထဲမှာ ၁၀ရက်လောက် သွားပြီးတဲ့ နောက်မှာတော့ မြူခိုးတွေက စတင်ပြီး ပါးလျ လာခဲ့ပါပြီ။
“ငါတို့ ဒီမြူခိုးတွေ ကြီးစိုးရာ မြေထဲက ထွက်နိုင်တော့မယ်ဟေ့"
ဝေရှန်းဟီက တဟားဟား ရယ်မောနေပါတယ်။
“ကံကောင်းလွန်းလို့ ဒီအထိ ပြန်ရောက်လာခဲ့တာပဲ။ ဒီသင်္ချိုင်းဂူခရီး ကိုတော့ သားတွေ၊ သမီးတွေ ရလာရင် ပြန်ပြောပြရမယ်"
ဖန်ကျင်းဆောင်ကလည်း အခုမှ အသံထွက် နိုင်ပါတော့တယ်။
နောက်ထပ် နေ့တစ်ဝက်လောက် အကြာမှာတော့ မြူခိုးတွေက လုံးဝကို မရှိတော့ပါဘူး။
သူတို့အားလုံး ကလည်း ခွဲခွာဖို့ အချိန်တန်ပါပြီ။
စုမုယူကတော့ မထွက်သွားခင်မှာ လီဖူချန်းကို လျှို့ဝှက်ပြီး အသံပို့ သွားခဲ့ပါသေးတယ်။
“ငါနင့်ကို သင်္ချိုင်းဂူ မှာတုန်းက ကျေးဇူးကြွေး တင်ခဲ့တယ်။ နောင်တစ်ချိန်မှာ ဒီကျေးဇူးကို ပြန်ဆပ်မယ်"
အားလုံးကို ကယ်ခဲ့တဲ့သူက လီဖူချန်းဆိုတာက စုမုယူက ယုံကြည်ထားပါတယ်။
လီဖူချန်းကတော့ ဘာမှ ပြန်မပြောပဲ ပြုံးရင်းနဲ့ ကျန်နေခဲ့ပါပြီ။
ဝေရှန်းဟီနဲ့ စုမုယူ ထွက်သွား အပြီးမှာတော့ ဖန်ကျင်းဆောင်က
“မြို့တစ်မြို့ကို အရင်ရှာပြီး အနားယူရအောင်"
“အေး "
လီဖူချန်းက ခေါင်းညိတ်လိုက်ပါတယ်။
သူကလည်း သင်္ချိုင်းဂူထဲမှာ ရခဲ့တဲ့ ပညာရပ်တွေကို ပြန်လည် သုံးသပ်ချင် နေပါပြီ။
နောက်ထပ်ရက် အနည်းငယ် အကြာမှာတော့ လီဖူချန်းတို့ သုံးယောက်ဟာ ဆောင်းဦးမိုးစက် ဆိုတဲ့ မြို့တစ်မြို့ အနားကို ရောက်လာခဲ့ပါတယ်။
ဒီမြို့ကတော့ မြို့စားမရှိတဲ့ မြို့တစ်မြို့ပါ။ ဒီမြို့ကို အဓိက ကလန်ကြီး၃ခုက ခွဲဝေ အုပ်ချုပ်ပါတယ်။
ဆောင်းဦးမိုးစက် မြို့ထဲက တည်းခိုခန်း တစ်ခုမှာ စာရင်းသွင်းပြီးတဲ့ နောက်မှာတော့ သူတို့ သုံးယောက်စလုံးဟာ တံခါးပိတ်ပြီး ကျင်ကြံပါတော့တယ်။
***
ဓားအဆီအနှစ် ကျမ်းမှာ ပါရှိတဲ့ သံနက် ဓားအဆီအနှစ် ကတောင်မှ လီဖူချန်းရဲ့ စွမ်းရည်တွေကို အများကြီး တိုးတက် လာစေနိုင်ပါတယ်။
ဂူသင်္ချိုင်းကို သွားတဲ့ခရီး မှာတော့ လီဖူချန်းက သူ့ကိုသူ ဘယ်လောက်အထိ အားနည်း နေသေးတယ် ဆိုတာကို သိလိုက်ပါပြီ။ တကယ်လို့သာ သူ့ရဲ့ စွမ်းရည်တွေက ထပ်ပြီး တိုးတက် မလာခဲ့ရင်တော့ နောက်ထပ် စွန့်စားခန်းခရီး တွေမှာ သေသွားနိုင်ပါတယ်။ အခုတစ်ခါလို ကံကောင်းနိုင်တော့မှာ မဟုတ်ပါဘူး။
ဂူသင်္ချိုင်း သခင်ရဲ့ အစစ်အမှန် ဝိညာဉ် ပျောက်ဆုံးသွားမှုက သူ့ရဲ့ စိတ်ဝိညာဉ် နယ်ပယ်ထဲမှာ ရှိနေတဲ့ ရွှေရောင်လက်ဖွဲ့ အဆောင်နဲ့ သက်ဆိုင်နေတယ် ဆိုတာကိုလည်း လီဖူချန်းက သိထားပါတယ်။
ထူးခြားဆန်းကြယ်တဲ့ ရွှေရောင်လက်ဖွဲ့ အဆောင်သာလျှင် ဒီလို လုပ်ရပ်မျိုးကို လုပ်နိုင်မှာပါ။
ဒီတည်းခိုခန်း မှာတော့ ကိုယ်ပိုင် ခြံဝင်းလေးတွေ အများကြီး ရှိပါတယ်။ တစ်ခုသော ခြံဝင်းထဲမှာတော့ လီဖူချန်းတစ်ယောက် ရှိနေပြီး သံနင် ဓားအဆီအနှစ်ကို ရယူဖို့အတွက် လေ့ကျင့် နေပါတယ်။
ဓားအဆီအနှစ် …
လေ့ကျင့်တဲ့သူရဲ့ ရိုးတွင်းခြင်ဆီကို အသုံးချပြီး ဓားဆေးမင်ကြောင်ကို ဖြစ်ပေါ် စေရမှာပါ။
ဒါက အင်းကွက် အမျိုးအစား တစ်ခုပါပဲ။
ဒီဓား ဆေးမင်ကြောင်ကို ဖြစ်ပေါ်လာစေဖို့ အတွက် ပထမဆုံး နားလည် ထားရမှာက ဓားအင်းကွက် တွေကိုပါ။
သံနက် ဓားအဆီအနှစ် အခန်းမှာတော့ ဓားအင်းကွက်နဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ အများကြီး ပါရှိပါတယ်။ တကယ်လို့ သူသာ ဒီသံနက် ဓားအဆီအနှစ် တစ်ခန်းလုံးကို ကျေကျေညက်ညက် နားလည်သွားမယ် ဆိုရင် ဓားတွေပေါ်မှာ အင်းကွက်တွေ ရေးဆွဲနိုင်ပြီး ရတနာဓားတွေကို အဆင့်မြှင့်တင် ပေးနိုင်တဲ့ ဓားအင်းကွက် ဆရာသခင် တောင် ဖြစ်လာနိုင်မယ် လို့တောင် လီဖူချန်းက ခံစား နေရပါတယ်။
ဓားအင်းကွက် ဆရာသခင်တွေ ဆိုတာက ပန်းပဲ ဆရာသခင် တွေနဲ့တော့ ဆင်တူပါတယ်။ ဒါပေမဲ့ လုံးလုံးလျားလျားကြီး တူနေတာတော့ မဟုတ်ပါဘူး။
ဓားအင်းကွက် ဆရာသခင် တွေက ဓားတွေကို အဆင့်မြှင့်တင် ပေးနိုင်ပါတယ်။ ဒါပေမဲ့ ဓားတွေကို ဘယ်လို သွန်းလုပ်ရသလည်း ဆိုတာကိုတော့ မသိပါဘူး။ သူတို့က ဓားအင်းကွက် တွေကိုပဲ သိတာပါ။
ပန်းပဲဆရာသခင် တွေကတော့ ဓားတွေကို သွန်းလုပ်နိုင်သလို ဓားအင်းကွက် တွေကိုလည်း သိပါတယ်။
အဲဒီအတွက် တကယ့် ဓားအင်းကွက် ဆရာသခင် စစ်စစ်ဆိုတာက လူနည်းစုပဲ ရှိတာပါ။
အချို့သော ဓားသမားတွေက သူတို့ရဲ့ ဓားတာအို လမ်းစဉ်မှာ ရှေ့ဆက် မတက်နိုင်တော့ပဲ အခက်အခဲ တွေ့နေပြီဆိုရင် ဓားအင်းကွက်တွေကို ပြောင်းလေ့လာပြီး အခွင့်အလမ်း တွေကို ရှာဖွေလေ့ ရှိပါတယ်။
“ရှုပ်ယှက်ခတ် နေတာပဲကွာ "
လီဖူချန်းကတော့ အကြီးအကျယ် ခေါင်းကိုက်နေပါပြီ။ ဒီ သံနက် ဓားအဆီအနှစ် တစ်ခန်းထဲမှာတောင် အဝါရောင် အဆင့်နိမ့် ဓားအင်းကွက်တွေ ၈၀၀ကျော်လောက် ပါနေတယ်လေ။
ဒီ သံနက်ဓား အင်းကွက်ကို ရေးဆွဲဖို့ဆိုရင် ပထမဆုံး အနေနဲ့ သူက ဒီအဝါရောင် အဆင့်နိမ့် ဓားအင်းကွက် ၈၀၀ကျော်ကို ထုံးလိုကျေ၊ ရေလိုနှောက်အောင် တတ်ကျွမ်း နားလည် ထားရမည်လေ။
ဒါပေမဲ့ သံနက် ဓားဆေးမင်ကြောင်ကို ထိုးဖို့အတွက်က ဒီလောက်နဲ့တင် မရသေးပါဘူး။ အဝါရောင် အဆင့်နိမ့် ဓားအင်းကွက် ၈၀၀ကျော်ကို အဝါရောင် အလယ်အလတ် ဓားအင်းကွက် ၂၀၀ကျော်ထဲကို ပေါင်းထည့် ရပါဦးမယ်။ ပြီးရင်တော့ အဲဒါတွေကို အဝါရောင် အဆင့်မြင့် ဓားအင်းကွက်၄၈ကွက် ထဲကို ထပ်ပေါင်းထည့်။ ပြီးရင် နောက်ထပ် အဝါရောင် အထွတ်အထိပ် ဓားအင်းကွက် ၉ကွက်ထဲကို ပေါင်းထည့်။ နောက်ဆုံးမှာမှ ဆန်းကြယ် အဆင့်နိမ့် ဓားအင်းကွက် တစ်ကွက် ဖြစ်တည် လာမှာပါ။ အဲဒီ အင်းကွက်ကတော့ သံနက်ဓား အဆီအနှစ် ပါပဲ။
လီဖူချန်းမှာက ဝေဖန်ပိုင်းခြား နိုင်စွမ်း ကောင်းတဲ့ အသိစိတ် အာရုံနဲ့ ထက်မြက်တဲ့ ထိုးထွင်းသိမြင်မှု ရှိနေတဲ့အတွက် သိပ်အကြာကြီးတော့ အချိန်မယူ လိုက်ရပါဘူး။
တစ်ပတ်လောက် အတွင်းမှာပဲ အဝါရောင် အဆင့်နိမ့် ဓားအင်းကွက် ၈၀၀ကျော်ကို ကောင်းကောင်းကြီး သဘောပေါက် သွားခဲ့ပါတယ်။
သူသာ စိတ်ဆန္ဒရှိမယ် ဆိုရင် မည်သည့်ဓား ပေါ်မှာမဆို ဓားအင်းကွက်တွေ မြုပ်နှံ ပေးလိုက်လို့ ရတဲ့ အဆင့်ကိုတောင် ရောက်နေပါပြီ။
“ဓားအင်းကွက် ဆွဲတဲ့ လုပ်ငန်းစဉ်ကို စမ်းကြည့်ဦးမှ"
လီဖူချန်းက ခြံထဲမှာ ရှိနေတဲ့ သစ်ပင်တစ်ပင်ရဲ့ အကိုင်းတစ်ခုကို ချိုးယူလိုက်ပါတယ်။ ထို့နောက်မှာတော့ သူက ထိုသစ်ကိုင်းထဲကို ချီအတွင်းအားတွေ ပို့ဆောင်လိုက်ပါပြီ။
လက်နှစ်ချောင်းစာလောက် ကျယ်တဲ့ သစ်ကိုင်းပေါ် အင်းကွက်လေး တစ်ခုက အရောင် ခပ်မှိန်မှိန်ဖြင့် ပေါ်လာခဲ့ပါတယ်။ ဒီသစ်ကိုင်း အစောပိုင်းတုန်း ကနှင့် လားလားမျှ မတူတော့ပါဘူး။
သိပ်မကြာခင် မှာပဲ အင်းကွက်က သစ်ကိုင်း တစ်ခုလုံးကို ဖုံးအုပ် သွားပါတော့တယ်။
“ထပ် “
လီဖူချန်းက သစ်ကိုင်းကို လေဟာနယ်ထဲမှာ ဝှေ့ယမ်းလိုက်ပါတယ်။
သစ်ကိုင်းက ထက်ရှမှုတွေ ရှိလာသလိုပါပဲ။
ဒီလို ထက်ရှမှုမျိုးက ရတနာဓား တွေမှာသာ ရှိတတ်တဲ့ အမျိုးပါ။
“ဖုန်း“
လီဖူချန်းကိုင်ထားတဲ့ သစ်ကိုင်းက ပေါက်ကွဲ ထွက်သွားပြီး အမှုန်တွေ ဖြစ်သွားခဲ့ပါပြီ။
လီဖူချန်းကတော့ တွေးနေခဲ့ပါတယ်။
“ဒီအင်းကွက်တွေက အရမ်းစွမ်းအား ကောင်းတာပဲ။ တော်ရုံတန်ရုံ ပစ္စည်းတွေ ပေါ်မှာတော့ ဒီဓားအင်းကွက် တွေကို ရေးဆွဲလို့ မရနိုင်လောက်ဘူး"
လီဖူချန်းက နောက်ထပ် သစ်ကိုင်းတစ်ခုကို ချိုးလိုက်ပြီး နောက်ထပ် အဝါရောင် အဆင့်နိမ့် အင်းကွက် တစ်ခုကို ရေးဆွဲ လိုက်ပြန်ပါတယ်။
လှပတဲ့ အင်းကွက် တစ်ခုက သစ်ကိုင်းပေါ်မှာ ဖြစ်တည် လာခဲ့ပြန်ပါပြီ။
“ဖုန်း“
ဒီသစ်ကိုင်းကလည်း မခံပါဘူး။ ပထမ သစ်ကိုင်းလို သိပ်မကြာခင် မှာပဲ အမှုန့် ဖြစ်သွားခဲ့ပါတယ်။
“ဝိုး ... စိတ်ဝင်စားစရာပဲ။ ဒီ အဝါရောင် အဆင့်နိမ့် ဓားအင်းကွက် တွေကတောင် ဒီလို အစွမ်းထက်နေတယ်။ အဝါရောင် အလယ်အလတ် ဓားအင်းကွက်တွေ ဆိုရင် ဘယ်လို ဖြစ်လာမလဲ မသိဘူး"
လီဖူချန်းကတော့ ဓားအင်းကွက်တွေနဲ့ ပတ်သက်ပြီး အလွန်တရာမှ စိတ်ဝင်စားလာပါပြီ။ သူက ဘဝရဲ့ နိဗ္ဗာန်ဘုံ တစ်ခုကို ရှာဖွေတွေ့ရှိသွားသလိုပါပဲ။
နောက်ထပ် တစ်ပတ် အကြာမှာတော့ လီဖူချန်းက အဝါရောင် အလယ်အလတ် အဆင့် ဓားအင်းကွက် ၂၀၀ကျော်ကို ကောင်းကောင်းကြီး နားလည် သွားပါတော့တယ်။
ဒီအဝါရောင် အလယ်အလတ် အဆင့် အင်းကွက်တစ်ခုမှာ ဆိုရင် အဝါရောင် အဆင့်နိမ့် အင်းကွက်တွေ အများကြီး ပါဝင်နေတယ်လေ။
အပြစ် အနာအဆာ တွေလည်း အဝါရောင် အဆင့်နိမ့် အင်းကွက်တွေထက် ပိုနည်းသွားပြီး အားလည်း ပိုကောင်း လာခဲ့ပါတယ်။
သစ်ကိုင်းတွေ ကတော့ လီဖူချန်းကို အဆုံးထိ ရေးဆွဲခွင့်ကို မပေးတော့ပါဘူး။ ဓားအင်းကွက် တစ်ပိုင်းတစ်စ မှာတင် ပေါက်ကွဲကုန်ပါတယ်။
ဒီတစ်ကြိမ်မှာတော့ လီဖူချန်းက သိုလှောင်အိတ် ထဲက သတ္တုရိုင်း အပိုင်းအစတွေ ပေါ်မှာပဲ အင်းကွက်တွေကို ရေးဆွဲ နေရပါတယ်။
ရုတ်တရက် လီဖူချန်းက အတွေးတစ်ခု ဝင်လာပါတယ်။ သံနက်ဓား အဆီအနှစ် အင်းကွက်က ဆန်းကြယ် အဆင့်နိမ့် အင်းကွက် မဟုတ်ဘူးလား။ သံနက်ဓား အဆီအနှစ် အင်းကွက်ကို ရေးဆွဲရမယ့် နေရာက ကျောရိုးမကြီးရဲ့ ရိုးတွင်းခြင်ဆီ ထဲမှာလေ။ သူ့ရဲ့ ကျောရိုးမကြီးကကော ဒီအင်းကွက်ကို တောင့်ခံ နိုင်ပါ့မလား။ ဒီသစ်ကိုင်းစ တွေလို ပေါက်ကွဲ ထွက်သွားရင်ကော။
***