← Chapters

ကောင်းကင်နတ်ဆိုးဂိုဏ်း

Vol. 16 Ch. 223

ကောင်းကင်နတ်ဆိုးဂိုဏ်း

Vol. 16 Ch. 223

အမှန်အတိုင်း တိတိကျကျ ပြောရမယ် ဆိုတော့   လီဖူချန်းက ဓားအင်းကွက် တွေကို အလွတ်ကျက် နေတာပါပဲ။ ဒီဓားအင်းကွက် တွေကို သေသေချာချာ နားမလည် သေးပါဘူး။

အဝါရောင် အဆင့်နိမ့် ဓားအင်းကွက် တွေမှာ အသုံးပြုပုံ အသီးသီးနဲ့ ကိုယ်ပိုင် သဘောတရားတွေ အများကြီး ရှိနေပါသေးတယ်။ အဲဒါတွေကိုတော့ လီဖူချန်းက နားမလည် နိုင်သေးပါဘူး။ အမျိုးမျိုးသော ပေါင်းစပ်မှု တွေက သန်းနဲ့ချီတဲ့ အဝါရောင် အလယ်အလတ် ဓားအင်းကွက်တွေကို ဖြစ်လာ စေနိုင်ပါတယ်။ ဒါပေမဲ့ လီဖူချန်းကတော့ သံနက်ဓား အဆီအနှစ် အခန်းမှာပါတဲ့ အဝါရောင် အလယ်အလတ် ဓားအင်းကွက် ၂၀၀ကျော်ကိုပဲ လေ့လာထားပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ …

သူလိုချင်တာက သံနက်ဓား အင်းကွက်ကို ရေးဆွဲနိုင်ဖို့ပင် မဟုတ်ပါလား။ သူက ဓားအင်းကွက် ဆရာသခင် ဖြစ်ချင်တာမှ မဟုတ်တာလေ။

ဒီဓားအင်းကွက်တွေ အကြောင်းကို သေသေချာချာ ရှင်းရှင်းလင်းလင်း နားလည် သဘောပေါက်ချင်တယ် ဆိုရင် နှစ်နဲ့ချီပြီး ကြာနေနိုင်ပါတယ်။ လီဖူချန်းဆီမှာက အဲလောက် အချိန် မပေါပါဘူး။ သူက လုပ်စရာ အများကြီး ရှိပါသေးတယ်။

ခြံဝင်းထဲမှာတော့ မရေမတွက် နိုင်တဲ့   အဝါရောင်အဆင့် သတ္တုစတွေ အများကြီးပါပဲ။

လီဖူချန်းက ဒီသတ္တုရိုင်း တွေကို ဆောင်းဦးမိုးစက် မြို့ရဲ့ ဈေးထဲကနေ လေ့ကျင့်ဖို့ အတွက် ဝယ်လာတာ ဖြစ်ပါတယ်။

လီဖူချန်းက အဝါရောင် အဆင့်နိမ့် သတ္တုရိုင်းတုံး တစ်တုံးရဲ့ အရှေ့မှာ ရပ်နေပြီး လက်တွေကို လှုပ်ရှားနေပါတယ်။

အရည်ပျော် လက်ဝါးကို ထုတ်သုံးထားတဲ့ အတွက် အဝါရောင် အဆင့်နိမ့် သတ္တုရိုင်းတုံးက တဖြည်းဖြည်း နီရဲလာပြီး အရည်ပျော် ကျလာခဲ့တယ်လေ။ အသက်ရှူချိန် ၁၀ခေါက်လောက် အတွင်းမှာပဲ အချောသပ် မသွန်း လုပ်ရသေးသည့် ဓားတစ်ချောင်း ပုံစံက ပေါ်လာခဲ့ပါပြီ။

သိပ်မကြာခင်မှာပဲ လီဖူချန်းက ဒါဇင်နဲ့ချီတဲ့ အကြမ်းထည် ဓားတွေကို ပြုလုပ်ပြီး သွားပါတယ်။

ဒီဓားတွေကို ဘာဖြစ်လို့ အကြမ်းထည်ဓား တွေလို့ သတ်မှတ်ရသလည်း ဆိုတော့ အချောမကိုင် ထားရသေးသည့် အပြင် ဓားအင်းကွက် တွေလည်း မရေးဆွဲ ရသေးလို့ပါပဲ။

"ဟုတ်ပြီ … အခုလောက်ဆိုရင် အဝါရောင် အလယ်အလတ် အဆင့် ဓားအင်းကွက်တွေ လေ့ကျင့်လို့ ရပြီ"

လီဖူချန်းက ဓားအင်းကွက်တွေ အကြောင်းကို စနစ်တကျ နားမလည် သေးပေမယ့်လည်း အဝါရောင် အလယ်အလတ် အဆင့် ဓားအင်းကွက် ၂၀၀ကျော်ရဲ့ ပုံတွေ ရှိနေတယ်လေ။ သူလုပ်ဖို့ လိုအပ်တာဆိုလို့ အဲဒီ အင်းကွက်၂၀၀ကျော်ကို တစ်စက်မှ မမှားယွင်းဖို့ ပါပဲ။

အကြမ်းထည် လုပ်ထားသည့် ဓားတစ်လက်ကို ကောက်ကိုင်လိုက်ပြီး လီဖူချန်းက ဓားအင်းကွက် တစ်ခုကို စတင်ရေးဆွဲ လိုက်ပါတယ်။

ဓားက အရောင်တွေ တောက်ပလာပြီး မျဉ်းကြောင်းတွေ စတင် ပေါ်လာပါတယ်။ ဒီမျဉ်းကြောင်းတွေက ရေပြင်ညီလိုင်း၊ ဒေါင်လိုက်လိုင်း တွေနှင့် လှပသေသပ်စွာ ရှိနေပြီး ခိုင်ခိုင်မာမာ ရှိပါတယ်။

မျဉ်းကြောင်းတွေ ဓားထဲကို မြုပ်ဝင် သွားတဲ့အခါ မှာတော့ လီဖူချန်းရဲ့ လက်ထဲက ဓားဟာ ရုတ်တရက်ကြီး ၂ဆလောက် လေးလာခဲ့ပါပြီ။ ဓားသွားကလည်း တစ်ခါမှ မသွေးရ သေးပဲနဲ့ သင်တုန်းဓားသမျှ ထက်မြ လာပါတယ်။

ရှိသမျှ ဓားအင်းကွက်တိုင်း ကတော့ ဓားကို ပိုပြီး ထက်မြ လာစေတာပါပဲ။ ဓားအင်းကွက် တစ်ခုက ဓားသွားကို မထက်မြစေဘူး ဆိုရင်တော့ အဲဒီအင်းကွက်က ဓားအင်းကွက် အစစ် မဟုတ်ပါဘူး။

လီဖူချန်းက ရေးထွင်းနေရင်း နဲ့တောင် အတော်လေး သဘောပေါက် လာခဲ့ပါပြီ။

ဒီ အဝါရောင် အလယ်အလတ် အဆင့် ဓားအင်းကွက် ၂၀၀ လုံးကိုတော့ လီဖူချန်းက ရေးထွင်းဖို့ မစဉ်းစားတော့ပါဘူး။

အဝါရောင် အလယ်အလတ် ဘအဆင့် ဓားအင်းကွက် ၈ခုလောက် ရေးဆွဲပြီးတဲ့ အခါမှာတော့ သူက အဝါရောင် အဆင့်မြင့် ဓားအင်းကွက် တွေကို ရေးဆွဲဖို့ အတွက် စတင်လေ့လာ ပါတော့တယ်။

အဝါရောင် အဆင့်မြင့် ဓားအင်းကွက် တွေမှာတော့ အဝါရောင် အလယ်အလတ် အဆင့် ဓားအင်းကွက်တွေ အဆင့်ဆင့် ပါရှိပြီး အဝါရောင် အဆင့်နိမ့် ဓားအင်းကွက် တွေကတော့ ဒါဇင်နဲ့ချီပြီး ပါရှိပါတယ်။ ဒီအင်းကွက် တွေက ပိုမို ရှုပ်ထွေးလာပြီး ဒေါင်လိုက်မျဉ်းတွေ၊ ရေပြင်ညီမျဉ်း တွေသာမက မျဉ်းစောင်းတွေပါ ပါလာပါပြီ။

လီဖူချန်းက အဝါရောင် အဆင့်မြင့် ဓားအင်းကွက် တွေကို အချောမကိုင် ရသေးသည့် အဝါရောင် အဆင့်နိမ့် ဓားတွေအပေါ်မှာ ရေးဆွဲလိုက်တဲ့ အခါမှာတော့ ထုံးစံအတိုင်း ဓားတွေက ပေါက်ကွဲကုန်ပါတယ်။

'ကြည့်ရတာ အဝါရောင် အဆင့်နိမ့် သတ္တုရိုင်း တွေရဲ့ ခံနိုင်ရည်က အဝါရောင် အလယ်အလတ် ဓားအင်းကွက်တွေ အထိပဲ ထင်တယ်'

လီဖူချန်းက တွေးလိုက်မိပါတယ်။

လီဖူချန်းက အဝါရောင် အလယ်အလတ် အဆင့် သတ္တုရိုင်းတုံး တစ်ခုကို ရှာပြီး ဓားတွေ ပြန်လုပ် ရပြန်ပါပြီ။

အကြမ်းထည် အဝါရောင် အလယ်အလတ် အဆင့် ဓားတွေ ပြုလုပ်အပြီး မှာတော့ လီဖူချန်း ဓားတစ်လက်ကို ဆွဲယူလိုက်ပြီး အဝါရောင် အဆင့်မြင့် ဓားအင်းကွက် တွေကို စတင်ရေးဆွဲ ပါတော့တယ်။

"ချွင်"

ဓားအင်းကွက် ရေးဆွဲလို့ ပြီးသွားတဲ့ အခါမှာတော့   အေးစိမ့်တဲ့ အလင်းတန်း တစ်ခုက ဓားအပေါ်မှာ ဖြတ်သန်းသွားပါတယ်။

ဒီအကြမ်းထည် ဓားက ဓားတစ်လက်ရဲ့ အငွေ့အသက်တွေ ထွက်လာခဲ့ပါပြီ။ အရင်လို သတ္တုရိုင်းတုံး အငွေ့အသက်တွေ ရှိမနေ တော့ပါဘူး။

"အဝါရောင် အဆင့်မြင့် ဓားအင်းကွက် တောင်မှ ဒီလောက်အထိ ထူးဆန်းနေတာ အဝါရောင် အထွတ်အထိပ် ဓားအင်းကွက်နဲ့ ဆန်းကြယ် အဆင့်နိမ့် ဓားအင်းကွက် ဆိုရင် ဘယ်လောက်အထိ အစွမ်းထက် လိုက်မလဲ"

လီဖူချန်းက ဓားအင်းကွက် တွေအပေါ် စိတ်ဝင်စားမှုက တစ်နေ့ထက် တစ်နေ့ ပိုပိုပြီး တိုးလာနေပါတယ်။ သူက မိုးလင်းကနေ မိုးချုပ်တဲ့အထိ ဘာမှ မလေ့ကျင့်တော့ပဲ ဒီဓားအင်းကွက် တွေကိုပဲ ထိုင်ဆွဲ တော့တာပါ။

အပြာနုရောင် စိတ်ဝိညာဉ်က လီဖူချန်းရဲ့ ထိုးထွင်းသိမြင်မှု တွေကို အင်မတန် ထက်မြက် စေပါတယ်။ ဒီစွမ်းရည်ကြောင့် လီဖူချန်းက မည်သည့် ပညာရပ်ကို မဆို လွယ်လွယ်ကူကူ နားလည်သဘောပေါက် နိုင်တယ်လေ။

သူ့ရဲ့ အသိစိတ် အာရုံကတော့ အမှားအမှန်ကို မှန်ကန်စွာ ဝေဖန်ပိုင်းခြား နိုင်ပါတယ်။ အဲဒီ စွမ်းရည်ကြောင့် လီဖူချန်းရဲ့ အတွေးတွေက ပိုပြီး တိကျမှန်ကန် လာပါတယ်။

အစောပိုင်းတုန်းက ဓားအင်းကွက် တွေကို သေသေချာချာ နားမလည် ခဲ့ပေမယ့်လည်း ဒီစွမ်းရည်နှစ်ခုကြောင့် လီဖူချန်း တစ်ယောက် ဓားအင်းကွက် တွေကို ပေါင်းစပ်ခြင်းဖြင့် နောက်ထပ် ဖြစ်လာနိုင်မယ့် အမျိုးမျိုးသော ဖြစ်နိုင်ချေတွေကို မှန်းဆ လာနိုင်ပါတယ်။

တစ်လ အတွင်းမှာပဲ လီဖူချန်းက အဝါရောင် အထွတ်အထိပ် ဓားအင်းကွက် ၉ကွက်ကို ပြည့်ပြည့်စုံစုံ တိတိကျကျ အမှားအယွင်း မရှိ ရေးဆွဲ လာနိုင်ခဲ့ပါပြီ။

အခုဆိုရင်တော့ လီဖူချန်း လုပ်ဖို့ လိုအပ်တာဆိုလို့ ဆန်းကြယ် အဆင့်နိမ့် ဓားအင်းကွက်ကို လေ့လာဖို့ပဲ ရှိပါတော့တယ်။ သံနက် ဓားအင်းကွက်ကို ပေါ့လေ။

သံနက်ဓား အင်းကွက်ကို နားလည်သွားပြီ ဆိုတာနဲ့ ကျောရိုးမကြီး ပေါ်မှာ ဓားအင်းကွက် ရေးဆွဲလိုက်ပြီး သံနက်ဓား အဆီအနှစ် ဖြစ်တည် စေနိုင်တော့မှာပါ။

သံနက်ဓား အဆီအနှစ် ဖြစ်တည်လာပြီ ဆိုတာနဲ့ လီဖူချန်းက ဓားကိုတောင် မလိုတော့ပဲ ဓားချီတွေကို အချိန်မရွေး ထုတ်သုံး လာနိုင်ပါပြီ။

လီဖူချန်း မသိတာ တစ်ခုကတော့ သူ ဆောင်းဦးမိုးရေ မြို့မှာနေပြီး ဓားအဆီအနှစ် ကျမ်းကို လေ့လာနေတုန်းမှာ ကောင်းကင်နတ်ဆိုး ဂိုဏ်းချုပ်ကတော့ ရူးမတတ် ဖြစ်နေပြီ ဆိုတာပါပဲ။

ကောင်းကင်နတ်ဆိုး ဂိုဏ်းချုပ်က လီဝူရှုရဲ့ ခန္ဓာကိုယ်ထဲမှာ  လျှို့ဝှက်နည်း စနစ်တစ်ခု မြုပ်နှံထားပါတယ်။ အဲဒီ လျှို့ဝှက်နည်းစနစ်က သွေးမျိုးဆက်ချင်း ဆက်သွယ်ပေးသည့် နည်းစနစ် တစ်မျိုးပါ။

လွန်ခဲ့တဲ့ နှစ်လတုန်း ကတော့ အဲဒီ အဆက်အသွယ်က ပျက်စီး သွားခဲ့ပါတယ်။ အဲဒါကြောင့် ကောင်းကင်နတ်ဆိုး ဂိုဏ်းချုပ် ကိုယ်တိုင်က တိုက်ပွဲတစ်ရာ နယ်မြေထဲကို လိုက်လာခဲ့တာပါ။

သူက အခုဆိုရင် တိုက်ပွဲတစ်ရာ နယ်မြေကနေ ရနိုင်သမျှ သတင်း အချက်အလက်တွေ စုဆောင်းနေပါတယ်။

တိုက်ပွဲတစ်ရာ နယ်မြေက ကောင်းကင်နတ်ဆိုး နယ်မြေထက် ပိုပြီး ရှုပ်ထွေး နေသဖြင့် ကောင်းကင်နတ်ဆိုး ဂိုဏ်းချုပ် ကိုယ်တိုင်လည်း ရွေးချယ်စရာ မရှိတော့ပဲ ကောင်းကင်နတ်ဆိုး ဂိုဏ်းက ကောင်းကင်နယ်ပယ် ပညာရှင်တွေနဲ့ မြေကမ္ဘာအဆင့် ထိပ်သီးပညာရှင် အမြောက်အမြားကို ဆင့်ခေါ် လိုက်ရပါတယ်။

သူက လီဝူရှု ဘယ်လို သေဆုံးသွား သလည်း ဆိုတာကိုသာ တိတိကျကျ သိချင်တာပါ။ သူ့သားကို ဘယ်သူ သတ်သွားသလည်း ဆိုတာက အရေးမကြီးပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့  သူက အဲဒီကိစ္စထဲမှာ ပါတဲ့သူတွေ အကုန်လုံးကို သတ်ပစ်မှာ ဖြစ်နေလို့ပါပဲ။

***

လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်း ကတော့ လီဝူရှုက သွေးတစ်စက် မြို့တော်ကို သွားခဲ့တယ် ဆိုတဲ့ သတင်းတစ်ခု ရလာခဲ့ပါတယ်။

သွေးတစ်စက်မြို့တော် … မားကလန် …

မားကလန်ရဲ့ အဓိက ခန်းမထဲမှာတော့ မားရှန်ဘနဲ့ မားတင်းယန် တို့က တုန်လှုပ်ချောက်ချားစွာ ရပ်နေပါတယ်။ သူတို့ နှစ်ယောက်စလုံးက ခန်းမအလယ်က ကလန်ခေါင်းဆောင် ထိုင်ခုံမှာ ထိုင်နေတဲ့ ကောင်းကင်နတ်ဆိုး ဂိုဏ်းချုပ်ကို ယောင်လို့တောင် မော်မကြည့်ရဲပါဘူး။

ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင် တစ်ယောက်ရဲ့ တည်ရှိမှု ဆိုတာက ဘာလဲ။ အခုလို မားကလန် တစ်ခု မပြောနှင့်။ မားကလန် အခု၁၀၀ ရှိနေရင်တောင်မှ ထိုသူ၏ အမျက်ဒေါသကို ခံနိုင်မှာ မဟုတ်ပါဘူး။

"သခင်လေးလီက သွေးတစ်စက်မြို့ကို လာသွားတယ် ဆိုတာကတော့ အမှန်ပါပဲ။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ ပြန်ထွက်သွားပါတယ်။ သခင်လေးလီကို ဘယ်သူ သတ်လိုက်သလည်း ဆိုတာကိုတော့ ကျွန်တော်တို့လည်း မသိပါဘူး ခင်ဗျာ"

မားရှန်ဘက ခေါင်းကို ငုံ့ထားပြီး ရှင်းပြ လိုက်ပါတယ်။

ကောင်းကင်နတ်ဆိုး ဂိုဏ်းချုပ်ကတော့ ခံစားချက် မရှိသည့် အမူအရာဖြင့် "သူနဲ့ ပြဿနာ ဖြစ်တဲ့သူကိုကော သိလား။

မားရှန်ဘက ရိုသေစွာဖြင့်

"သခင်လေးလီက လီဖူချန်းလို့ အမည်ရတဲ့ လူတစ်ယောက် ကိုတော့ အလိုရှိကြောင်း ကြော်ငြာချက် ထုတ်ပေးဖို့ အကူအညီ တောင်းခဲ့ဖူးပါတယ်။ အဲဒီလူက မိုးပြာရောင် ဂိုဏ်းရဲ့ တိုက်ရိုက်တပည့် တစ်ဦးပါ။ အဲဒီ ကိစ္စအတွက်နဲ့ မိုးပြာရောင်ဂိုဏ်းက အတွင်းစည်း အကြီးအကဲ တစ်ယောက်တောင် လာပြီး ကျွန်တော်တို့ မားကလန်ကို သတိပေး သွားပါသေးတယ်"

"မိုးပြာရောင် ဂိုဏ်းလား "

ကောင်းကင်နတ်ဆိုး ဂိုဏ်းချုပ်ရဲ့ မျက်လုံးအစုံက ကျဉ်းမြောင်း သွားခဲ့ပါတယ်။

"အဲဒီ လီဖူချန်း ဆိုတဲ့ကောင် ဘယ်ကို ထွက်သွားလည်း ဆိုတာကိုကော မင်းသိလား …"

သူက လီဖူချန်းကို လူသတ်ကောင် ဟုတ်လား၊ မဟုတ်ဘူးလား ဆိုတာကိုတောင် စဉ်းစား မနေတော့ပါဘူး။ တစ်ခါတည်း သတ်ပစ်လိုက်ဖို့ပဲ တွေးထားပါတယ်။ သံသယဖြစ်ဖွယ် လူတွေအကုန်လုံးကို သတ်ပစ်လိုက်တာက ပိုပြီး သေချာသည် မဟုတ်ပါလား။

သူ့အတွက် ကတော့ သံသယဖြစ်ဖွယ် ဆိုတာနဲ့ သတ်ပစ်ဖို့ အကြောင်းအရင်း လုံလောက်နေပါပြီ။

"ကျွန်တော် မသိပါဘူး ခင်ဗျာ။ လီဖူချန်းက သခင်လေးလီ သွေးတစ်စက်မြို့က မထွက်ခွာခင် ကတည်းက ထွက်သွားတာပါ"

မားရှန်ဘကို ရိုသေစွာဖြင့် ပြန်ဖြေလိုက်ပါတယ်။

သူက အကြောင်းအရာ တစ်စုံတစ်ခု ကိုမျှ ထိမ်ချန်မထားရဲပါဘူး။

မိုးပြာရောင်ဂိုဏ်း ပဲဖြစ်ဖြစ် ဒါမှမဟုတ် ကောင်းကင်နတ်ဆိုးဂိုဏ်းပဲ ဖြစ်ဖြစ်  နှစ်ဂိုဏ်းစလုံးက သူတို့ မားကလန်ကို မြေလှန် ပစ်လိုက်နိုင်စွမ်း ရှိပါတယ်။ သူက မိုးပြာရောင်ဂိုဏ်းဘက် ကနေပြီး  ကောင်းကင် နတ်ဆိုးဂိုဏ်းကို သတင်းထိမ်ချန် ထားစရာ အကြောင်း မရှိပါဘူး။

သူက အမှန်တရား ကိုပဲ ပြောတာ ဖြစ်တဲ့အတွက် မိုးပြာရောင် ဂိုဏ်းကလည်း ပြဿနာ လာမရှာ လောက်ဘူးလို့ ယုံကြည်ထားပါတယ်။

"မင်းငါ့ကို ပြောတာတွေ အကုန်လုံးက အမှန်တွေ ဖြစ်ပါစေလို့ ငါမျှော်လင့်တယ်။ မဟုတ်လို့ ကတော့ မင်းတို့ မားကလန်ရဲ့ အနာဂတ်အတွက်  အာမ မခံနိုင်ဘူး"

ကောင်းကင်နတ်ဆိုး ဂိုဏ်းချုပ်က လက်ကို ဝှေ့ယမ်းလိုက်ပြီး

" မင်းတို့နှစ်ယောက် သွားလို့ရပြီ"

" ဟုတ်ကဲ့ပါ"

မားရှန်ဘနှင့် မားတင်းယန်တို့ အရိုအသေ ပေးပြီး ခန်းမထဲကနေ ထွက်သွားပါတော့တယ်။

ကောင်းကင်နတ်ဆိုး ဂိုဏ်းချုပ်က မားကလန်ကို သူပိုင်သည့် နေရာလို ပြုမူ နေပေမဲ့လည်း သူတို့က အပြစ် မပြောရဲပါဘူး။

သူတို့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက် ကတော့ ကောင်းကင်နတ်ဆိုး ဂိုဏ်းချုပ်က မားကလန်ကို ဘာမှမလုပ်ပဲ မြန်မြန် ထွက်သွားဖို့ပါပဲ။

မားရှန်ဘနဲ့ မားတင်းယန်တို့ ထွက်သွားတာနဲ့ ကောင်းကင်နတ်ဆိုး ဂိုဏ်းရဲ့ ကောင်းကင်နယ်ပယ် ပညာရှင် တစ်ယောက်က ခန်းမထဲကို ဝင်ရောက် လာခဲ့ပါတယ်။

"ဂိုဏ်းချုပ်ကြီး … ကျွန်တော့်ဆီမှာ အရေးကြီး သတင်းတစ်ခု ပါလာတယ်။ ကျွန်တော်တို့ ဂိုဏ်းရဲ့ တိုက်ရိုက်တပည့် ဟူဟိုင်းရှန်က သခင်လေးလီကို လာရှာခဲ့သေးတယ်။ အဲဒီ နောက်မှာတော့ သူတို့ နှစ်ယောက်စလုံး သွေးတစ်စက် မြို့ကနေ ထွက်သွား ကျတယ်တဲ့"

ကောင်းကင်နယ်ပယ် ပညာရှင် အစီရင် ခံလိုက်ပါတယ်။

ကောင်းကင်နတ်ဆိုး ဂိုဏ်းချုပ်က ခေါင်းညိတ်လိုက်ပြီး

"တိုက်ပွဲတစ်ရာ နယ်မြေတစ်ခုလုံး အနှံ့မှာ ကြော်ငြာချက် ထုတ်လိုက်သည်။ မိုးပြာရောင်ဂိုဏ်းက တိုက်ရိုက်တပည့် လီဖူချန်းကို ကောင်းကင်နတ်ဆိုး ဂိုဏ်းက အလို ရှိနေတယ်လို့။ လီဖူချန်း ရှိနေတဲ့ နေရာ အတိအကျကို ပြောနိုင်ရင် ရွှေပြားတစ်သန်း ပေးမယ်လို့ပါ ကြော်ငြာလိုက်"

" အဲဒါက မိုးပြာရောင် ဂိုဏ်းကို ရန်စသလို မဖြစ်သွားဘူးလား ဂိုဏ်းချုပ်ကြီး …"

ကောင်းကင်နယ်ပယ် ပညာရှင်က ပြန်မေးလိုက်ပါတယ်။

ကောင်းကင်နတ်ဆိုး ဂိုဏ်းချုပ်က ဂရုမစိုက်သည့် ပုံဖြင့်

"ဒီကောင်တွေကို ငါဖြေရှင်း လိုက်ပါ့မယ်"

***

All Chapters