← Chapters

သံနက် ဓားအဆီအနှစ်

Vol. 16 Ch. 224

သံနက် ဓားအဆီအနှစ်

Vol. 16 Ch. 224

လီဖူချန် ကတော့ သူ့ကို ကောင်းကင်နတ်ဆိုး ဂိုဏ်းက အလိုရှိကြောင်း ဝရမ်းထုတ်ထားပြီ ဆိုတာကို မသိပါဘူး။

အချက်အလက် ကျကျ ပြောရမယ် ဆိုရင်တော့ လီဝူရှု သေသွားတာက လီဖူချန်းနဲ့ ဘာမှ မဆိုင်ပါဘူးလေ။ လီဝူရှုက မိစ္ဆာဝိညာဉ် တွေရဲ့ လက်ချက်ကြောင့် သေသွားတာ မဟုတ်ပါလား။

နှစ်ပတ်လောက် လေ့ကျင့် ပြီးသွားတဲ့ အခါမှာတော့ လီဖူချန်းက အဝါရောင် အထွတ်အထိပ် ဓားအင်းကွက်၉ခုကို ပေါင်းစပ်ပြီး သံနက် ဓားအင်းကွက်အဖြစ် ရေးဆွဲ နိုင်ခဲ့ပါပြီ။

ဒီသံနက် ဓားအင်းကွက်က အလွန်တရာမှ ရှုပ်ထွေးပြီး ကောင်းကင်နဲ့ မြေကြီးရဲ့ လျို့ဝှက်ဆန်းကြယ်မှုတွေတောင် ခိုအောင်း နေပါသေးတယ်။

အဝါရောင် အထွတ်အထိပ် အဆင့်ရှိသည့် အကြမ်းထည် ဓားတစ်လက်ကို ကောက်ကိုင် လိုက်ပြီးနောက် မှာတော့ လီဖူချန်းက သံနက် ဓားအင်းကွက်ကို စရေး ဆွဲပါတော့တယ်။

တောက်ပတဲ့ အနက်ရောင် မျဉ်းကြောင်းတွေက ဓားကိုယ်ထည်ထဲကို ဖြည်းညင်းစွာ စိမ့်ဝင်သွားပါတယ်။ အနက်ရောင် မျဉ်းဖြောင့် တွေကတော့ နှစ်ဖက်သွားဓား တွေကို ကိုယ်စားပြုပြီး မျဉ်းကွေးတွေ ကတော့ ဆေဘာတွေကို ကိုယ်စားပြုပါတယ်။

တစ်ချိန်တည်းမှာပဲ ထူးဆန်းတဲ့ အရောင်အဝါ တွေကလည်း ဓားကိုယ်ထည် ပေါ်မှာ ဖြစ်တည် လာခဲ့ပါပြီ။

ဒီအင်းကွက်ကို ပြီးပြည့်စုံအောင် ရေးဆွဲဖို့ အတွက်ကတော့ လီဖူချန်းက ၁၀နာရီ နီးပါးတောင် အချိန်ယူ ခဲ့ရတယ်လေ။

ဓားအင်းကွက်က ဓားကိုယ်ထည်ထဲမှာ မြုပ်ဝင်သွားတာနဲ့ တစ်ပြိုင်နက် ဓားချီတွေက ဆောင့်ထွက်လာခဲ့ပြီး ဓားအလေးချိန် ကလည်း မူလကထက် ၅ဆကျော်လောက် အလေးချိန် စီးလာခဲ့ပါပြီ။

" ဟင့် … ဒါက သံနက်ဓားအင်းကွက်လား။

ဒီအချောမသပ် ရသေးတဲ့ ဓားက မူလအစတုန်း ကနှင့် မတူတော့ပဲ အကြီးအကျယ် ပြောင်းလဲ သွားခဲ့ပါပြီ။ ဓားသွားကလည်း အခြားဓားသွား တွေနှင့်တောင် နှိုင်းယှဉ်လို့ မရတဲ့အထိ ထက်မြ နေပါသေးတယ်။ ဓားကို လေထဲမှာ ဝှေ့ယမ်း လိုက်ရင်တောင်မှ အေးစက်တဲ့ ဓားချီတွေက ဓားနှင့်အတူ ထွက်ပေါ် လာသည်လေ။ ဒီဓားက ဘယ်လိုမှ အချောမသပ် ရသေးသည့် ဓားတစ်လက်နှင့် တူမနေပါဘူး ။ ဒီဓားမှာ ရတနာဓား တစ်လက်ရဲ့ အရှိန်အဝါတွေ ရှိနေပါပြီ။

" ဒီဓားအင်းကွက်က ငါ့ရဲ့နက်ရွှေမှော်ဓား ပေါ်မှာရှိတဲ့ အင်းကွက်လောက် မကောင်းဘူးလို့ ထင်ရပေမယ့် လက်တွေ့မှာတော့ နက်ရွှေမှော်ဓားထက် ပိုကောင်းနေတာပဲ"

နက်ရွှေမှော်ဓားရဲ့ ဓားအင်းကွက်က ထက်မြမှု၊ အလေးချိန်နဲ့ ခိုင်ခံ့မာကျောမှုပဲ ပါဝင်တာပါ။

ဒီ သံနက် ဓားအင်းကွက် ကတော့ ထက်မြမှု ၊ အလေးချိန်၊ ခိုင်ခံ့မာကျောမှု အပြင် ဓားချီတွေကို စုဆောင်းစေနိုင်တဲ့ အထူးဂုဏ်သတ္တိ တစ်ခု ပါဝင်ပါသေးတယ်။

လီဖူချန်းက လက်ကောက်ဝတ်ကို တစ်ချက်လှုပ်လိုက်ပြီး ဓားကွက်တစ်ကွက် ထုတ်လိုက်ပါပြီ။

ဓားက မရောက်ခင်မှာပင် ဓားချီတွေက အရင်ထွက်ပေါ်လာပြီး လေထဲမှာ ပျောက်ကွယ် သွားခဲ့ပါတယ်။

"သံနက်ဓား အင်းကွက်။ ဓားချီတွေကို စုစည်းရ ပိုလွယ်ကူစေ ရုံမက ဓားချီတွေကို ပစ်လွှတ်ရာ မှာလည်း ပိုချောမွေ့ စေတာပဲ"

လီဖူချန်းက ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်ပါတယ်။

သူက သံနက်ဓား အင်းကွက်ကို ရေးဆွဲနိုင်ပြီ ဆိုမှတော့ နောက်ထပ် လုပ်စရာဆိုလို့ သူ့ရဲ့ ကျောရိုးမကြီးမှာ သံနက်ဓား အင်းကွက် ရေးဆွဲဖို့ပဲ ကျန်ပါတော့တယ်။

သူ့ရဲ့ ကျောရိုးမကြီးက ဒီဓားအင်းကွက်ရဲ့ အရှိန်အဝါကို ခံနိုင်မလား ဆိုတာကိုတော့ လီဖူချန်း ကိုယ်တိုင်လည်း မသိပါဘူး။ ဒါပေမဲ့ သူက စမ်းကြည့်ပါဦးမယ်။

လီဖူချန်းက ကြာပန်းပုံ သဏ္ဌာန် ထိုင်လိုက်ပြီး မျက်လုံးတွေကို မှိတ်လိုက်ပါတယ်။

လီဖူချန်းရဲ့ အတွင်းအားတွေက ကျောရိုးမကြီး တစ်လျှောက် စီးဆင်းလာပြီး စုစည်းသွားပါပြီ။

အသက်ရှူချိန် အနည်းငယ် အကြာမှာတော့ လီဖူချန်းရဲ့ အသက်ရှူနှုန်း တွေက စည်းချက် မမှန်တော့ပဲ နဖူးပေါ်က နေလည်း ချွေးစေးတွေ ထွက်လာပါတယ်။

သူ့ရဲ့ ကျောရိုးမကြီးပေါ်မှာ သံနက်ဓား အင်းကွက်ကို ရေးဆွဲရတာက သူခန့်မှန်းထားတာ ထက်တောင် ပိုပြီး ခက်ခဲပါသေးတယ်။ အဲဒါက အသည်းခိုက်အောင် နာကျင် စေရုံမက  မခံမရပ် နိုင်အောင်လည်း ယားယံ နေစေပါတယ်။

မရေမတွက် နိုင်တဲ့ လူသားစား ပုရွက်ဆိတ်တွေက သူ့ရဲ့ ကျောရိုးမကြီး တစ်လျှောက် သွားလာနေပြီး ရိုးတွင်းခြင်ဆီ တွေကို စုပ်ယူကာ ကိုက်ဖြတ်စားသောက် နေသည့်အတိုင်း ပါပဲ။

နာကျင်မှုတွေ သာမက ယားယံမှု တွေကိုပါ တင်းခံပြီး လီဖူချန်းက သံနက်ဓား အင်းကွက်ကို ရေးထွင်းနေပါတယ်။

အခုချိန်မှာသာ တစ်ယောက်ယောက်က လီဖူချန်းရဲ့ အရေပြားနဲ့ အသားတွေ ကိုသာ ခွာလိုက်မယ်ဆိုရင် လီဖူချန်းရဲ့ ကျောရိုးမကြီး ပေါ်မှာ အနက်ရောင် မျဉ်းကြောင်းတွေ စိမ့်ဝင် နေတာကို တွေ့မြင်ရမှာပါ။

" ငါဆက်ပြီး တောင့်ခံထားမှ ရမယ် …"

သူ့ရဲ့ ကျောရိုးမကြီးက ဘာပြဿနာမှ မဖြစ်တဲ့ အတွက် လီဖူချန်းကတော့ အနည်းငယ် စိတ်အေးသွား သလို ခံစားလိုက်ရပါတယ်။

သူအကြောက်ဆုံး အရာတစ်ခု ကတော့ ဓားအင်းကွက် ရေးဆွဲလို့ မပြီးခင်မှာ သူ့ကျောရိုးမကြီး ပေါက်ကွဲ ထွက်သွားမှာ ကိုပါပဲ။

သူ့ရဲ့ ကျောရိုးမကြီး ပေါက်ကွဲ သွားရင်တော့ သူ့ဘဝက ပြီးပါပြီ။

ဒါပေမယ် လီဖူချန်း မသိတာ တစ်ခုကတော့ သိုင်းပညာရှင် တွေရဲ့ ကျောရိုးမကြီးက အဆင့်မြင့် သတ္တုတွေလို မမာဘူး ဆိုတာပါပဲ။ သူတို့ရဲ့ အတွင်းအား အကူအညီကြောင့်သာ အင်းကွက်တွေ ရေးဆွဲနိုင်တာပါ။ ဒါပေမဲ့လည်း ကျောရိုးမကြီးနဲ့ ကိုက်ညီမယ့် အင်းကွက်တွေကို ရှာတွေ့ဖို့လည်း လိုပါသေးတယ်။

တကယ်လို့သာ လီဖူချန်းက တွေ့ကရာ ဆန်းကြယ် အဆင့်နိမ့် ဓားအင်းကွက် တစ်ခုကို ကျောရိုးမကြီး ပေါ်မှာ ထွင်းထုမယ်ဆိုရင် သူ့ရဲ့ ကျောရိုးမကြီးက ခံနိုင်မှာ မဟုတ်ပဲ ပေါက်ကွဲထွက်သွားမှာပါ။

ဒါပေမဲ့ သံနက် ဓားအင်းကွက် ကတော့ ထူးခြားပါတယ်။ ရှေးခေတ် မဟာပညာရှင် တွေက အမျိုးမျိုး လေ့လာစမ်းသပ်ပြီး ဒီအင်းကွက်ကို တီထွင်ခဲ့တာပါ။ ဒီအင်းကွက်က လူသားတိုင်းရဲ့ ကျောရိုးမကြီးနဲ့ သဟဇာတ ဖြစ်ပါတယ်။

လူတစ်ယောက်ရဲ့ ကျောရိုးမကြီး ပေါ်မှာ သံနက်ဓား အင်းကွက် ရေးဆွဲတယ် ဆိုတာက တစ်ညတည်းနဲ့ ပြီးပြတ်တဲ့ အရာမျိုးတော့ မဟုတ်ပါဘူး။ တစ်နေကုန် ကြိုးစားပြီး ရေးဆွဲခဲ့တာ တောင်မှ လီဖူချန်းရဲ့ ဓားအင်းကွက် ၁၀ရာခိုင်နှုန်း လောက်ပဲ ပြီးပါသေးတယ်။

သံနက် ဓားအဆီအနှစ် အခန်းမှာ ဖော်ပြထားတာကတော့ ဓားအင်းကွက် ရေးဆွဲပြီးသွားရင် ရိုးတွင်းခြင်ဆီတွေ နေရာမှာ သံနက်ဓား အဆီအနှစ်တွေ ဝင်ရောက် လာပါမယ်တဲ့။ သိုင်းပညာရှင်တွေရဲ့ အရိုးတွေကို ကျားကန် ပေးထားတာက ရိုးတွင်းခြင်ဆီ တွေပါ။ ရိုးတွင်းခြင်ဆီတွေ ယုတ်လျော့သွားတာက သိုင်းပညာရှင် တစ်ယောက်ရဲ့ အနာဂတ်ကို ထိခိုက် စေနိုင်ပါတယ်။ ယုတ်လျော့သွားတဲ့ ရိုးတွင်းခြင်ဆီတွေ နေရာမှာသာ  သံနက် ဓားအဆီအနှစ် တွေက တစ်စုံတစ်ခု မှားယွင်းမှုကြောင့် အစားထိုး ဝင်ရောက်မလာဘူး ဆိုရင်တော့ လေ့ကျင့်တဲ့သူက ရူးသွားနိုင်တဲ့ အခြေအနေ မျိုးတောင် ဖြစ်သွားနိုင်ပါသေးတယ်။

ပြောရမယ်ဆိုရင်တော့ ဒီကိစ္စက နည်းနည်းလေး အမှားခံလို့ မရတဲ့ အရာပါ။

" သံနက် ဓားအင်းကွက် ကတော့ ၁၀ရာခိုင်နှုန်း ပြီးသွားပြီ။ ငါ့ရဲ့ ကျောရိုးမကြီးက ပိုပြီး အလေးချိန် စီးလာသလိုပဲ။ ဒါပေမဲ့ အဲဒါက ငါ့ကို နေရထိုင်ရတာ မသက်မသာ မဖြစ်စေပါလား။ ပိုပြီးတောင် အားရှိလာ သလိုပဲ"

လီဖူချန်းက သူ့ခန္ဓာကိုယ်ထဲက အပြောင်းအလဲ တွေကို ခံစားမိနေပါတယ်။

"ဖျစ် … ဖျစ် …"

လီဖူချန်းက သူရဲ့လက်ကို ဆုပ်ချည်ဖြန့်ချည် လုပ်လိုက်တဲ့ အခါမှာတော့ သူ့ရဲ့ လက်ချောင်းထိပ် ကနေ အင်မတန် စူးရှလာသည့် ဓားချီအမျှင်တန်း ဘေးတစ်ခု ထွက်လာတာကို တွေ့လိုက်ရပါတယ်။

သူ့ရဲ့ စိတ်ထဲကနေ အာရုံပြုလို က်တာနဲ့ အဲဒီဓားချီက လီဖူချန်း သွားစေချင်သည့် နေရာကို ရောက်သွားပါတယ်။

"ရွှမ်း"

လူတစ်ကိုယ်စာ လောက်ရှိသည့် သစ်ပင်တစ်ပင်က ခါးကနေ နှစ်ပိုင်း ပြတ်ထွက် သွားခဲ့ပါပြီ။

" အိုး … မိုက်တယ်ဟ"

လီဖူချန်းက အသက်တဝကြီး ရှူလိုက်ပြီး အစစ်အမှန် ငရဲမီးတောက် အတွင်းအားကို ထုတ်လိုက်ပါတယ်။

ဓားချီ အမျှင်တန်းလေးတွေက သူ့ရဲ့ ခန္ဓာကိုယ် ထဲကနေ တစ်ခုပြီး တစ်ခု ထွက်လာပြီး မျက်စိတ်တစ်မှိတ် အတွင်းမှာပင် ဓားချီအမျှင်တန်း ၁၀ခု ထွက်လာပါပြီ။

" သွားစမ်း"

လီဖူချန်းက စိတ်နဲ့ ထိန်းချုပ်ပြီး ဓားချီတွေကို ပစ်လွှတ် လိုက်ပါတယ်။ သူပစ်လွှတ် လိုက်တဲ့ ဓားချီတွေက သစ်ပင်တစ်ပင်ကို ပိုက်ကွန်တစ်ခုနှင့် လှမ်းအုပ် လိုက်သလို ဖြစ်သွားပြီး အပိုင်းပိုင်းအစစ ဖြစ်သွား စေခဲ့ပါတယ်။

" သံနက်ဓား အဆီအနှစ်လို့ တကယ်ပဲ ခေါ်ထိုက်ပါပေတယ်။ ဒါက ငါတို့ဂိုဏ်းရဲ့ မူလဘူတဓားကို သုံးလိုက်တဲ့အတိုင်းပဲ"

လီဖူချန်ရဲ့ မျက်လုံးတွေက အရောက်တောက် သွားပါတယ်။

မူလဘူတဓား နည်းစနစ်က ဂိုဏ်းတော်ထဲမှာ အင်မတန်မှ အထွတ်အမြတ် ထားခံရတဲ့ အစွမ်းထက် လျှို့ဝှက်နည်းစနစ် တစ်ခုပါ။ အကြီးအကဲ ဇောင်ဝူကျင်း ထုတ်သုံးသွားတုန်းက ဆိုရင် ထောင်နဲ့ချီတဲ့ ဓားချီတွေက ကောင်းကင် တစ်ခုလုံးကို ဖုံးအုပ် သွားခဲ့တာလေ။ တစ်ဖက်ရန်သူက ထွက်ပြေးဖို့တောင် အချိန် မရခဲ့ပါဘူး။

ကြည့်ရတာတော့ ဒီသံနက်ဓား အဆီအနှစ် မှာလည်း တူညီတဲ့ ဂုဏ်သတ္တိတွေ ပါနေသည့်ပုံပင်။

ဒါတောင်မှ လီဖူချန်းက သံနက်ဓား အင်းကွက်ရဲ့ ၁၀ရာခိုင်နှုန်းပဲ ပြီးသေးတာပါ။ သူသာ သံနက်ဓား အင်းကွက်ကို ပြီးပြည့်စုံသည် အထိ ရေးဆွဲပြီး သွားရင်တော့ အကြီးအကဲ ခေါင်ချုပ် ဇောင်ဝူကျင်းလို ထောင်နှင့်ချီသည့် ဓားချီတွေ မထုတ်သုံးနိုင်ရင် တောင်မှ ရာနှင့်ချီသည့် ဓားချီတွေကို ထုတ်သုံးနိုင်မယ် ဆိုတာ လုံးဝကို သေချာပါတယ်။

အချိန်တွေက တစ်ရက်ပြီးတစ်ရက် ကုန်လွန်လာ သည်နှင့်အမျှ လီဖူချန်းရဲ့  ဓားအင်းကွက် ကလည်း ပိုပြီး ပြည့်စုံလာခဲ့ပါပြီ။

နောက်ထပ် နှစ်ပတ်မျှ အကြာမှာတော့ လီဖူချန်းက သံနက်ဓား အင်းကွက်ကို ၉၀ရာခိုင်နှုန်းတောင် ရေးဆွဲ နိုင်ခဲ့ပြီလေ။

" ထွက်လာခဲ့ "

အစစ်အမှန် ငရဲမီးတောက် အတွင်းအားတွေကို ကျောရိုးမကြီး ဆီသို့ ပို့ဆောင်အပြီး မှာတော့ ဆယ်နဲ့ချီသည့် ဓားချီတွေက ထွက်ပေါ် လာခဲ့ပြီး လီဖူချန်းရဲ့ ပတ်ပတ်လည်မှာ ဝဲပျံနေပါတယ်။

ဒီဓားချီတွေက တကယ့် ဓားအစစ်တွေ နှင့်တောင် ခွဲခြားလို့ မရသည့် အနေအထားမှာ ရှိပါတယ်။

"သွား"

"ထန် … ထန် … ထန် … ထန် …"

လီဖူချန်းက ၂မီတာမျှမြင်သည့် အဝါရောင် အထွတ်အထိပ် သတ္တုရိုင်းတုံးကြီး တစ်ခုရဲ့ အရှေ့မှာ ရှိနေခဲ့တာပါ။

သူ့ရဲ့ အမိန့်သံ အဆုံးမှာတော့ ဓားချီတွေက အဆက်မပြတ် သတ္တုရိုင်းတုံးကြီးကို တိုက်ခိုက်လိုက် ကြပါတယ်။

နှစ်မီတာရှိသည့် သတ္တုရိုင်းတုံးကြီးက ပျားအုံကြီး တစ်ခုလို အဖုအထစ်တွေ ဖြစ်ပေါ် လာခဲ့ပါပြီ။ မျက်နှာပြင်ပေါ် မှာလည်း အက်ကွဲရာ တွေက မွထနေတာပါပဲ။

" မဆိုးဘူးပဲ။ တော်တော်လေး တိုးတက်လာပြီ"

လီဖူချန်းက မေးစေ့ကို ပွတ်နေရင်းနဲ့ ပီတီတွေ ဝေဖြာနေပါတယ်။

သံနက် ဓားချီတွေက တကယ်ပဲ ပြင်းထန် လွန်းလှပါတယ်။ ဒါပေမဲ့ နှမြောစရာ ကောင်းတာ တစ်ခုကတော့ ဒီဓားချီတွေထဲမှာ ဓားဆန္ဒတွေ မခိုအောင်း နေတာပါပဲ။ တကယ်လို့ ဓားဆန္ဒ တွေသာ ပါလာခဲ့မယ် ဆိုရင် အခုထက်တောင် အများကြီး အစွမ်းထက် သွားဦးမှာပါ။

ဒါကလည်း သိပ်ပြီးတော့ အရေးကြီး လှတာလည်း မဟုတ်ပါဘူး။ သူ့ရဲ့ နက်ရွှေမှော်ဓားကို အသုံးပြုပြီး ဓားဆန္ဒ ဖော်ထုတ်လို့လည်း ရနေတာပါပဲ။

လီဖူချန်းက စဉ်းစားနေရင်းနဲ့ နက်ရွှေမှော်ဓားကို ဆွဲထုတ်လိုက်ပြီး သံနက်ဓား အဆီအနှစ်တွေကို နက်ရွှေမှော်ဓားဆီ ပို့ဆောင်လိုက်ပါတယ်။

"ထန်"

မျောလွင့်ဓားသိုင်းကို အသုံးပြုလိုက်တဲ့ အခါမှာတော့ အဝါရောင် အထွတ်အထိပ် သတ္တုရိုင်းတုံးကြီးကို ထုတ်ချင်းဖောက် ပေါက်ထွက် သွားစေခဲ့တယ်လေ။ ဒီပြင်းအားက  အရင်ကထက် ၂ဆလောက် ပိုများလာပါတယ်။

" အခုချိန်ကစပြီး ဒီသံနက် ဓားအဆီအနှစ်က ငါ့ရဲ့ ဝှက်ဖဲပဲ။ ငါ ဒီနည်းစနစ်ကို သေရေးရှင်ရေး မဟုတ်ပဲနဲ့ လုံးဝ မသုံးတော့ဘူး"

ဒီ သံနက် ဓားအဆီအနှစ်က အလွန်တရာမှ အစွမ်းထက် လှပါတယ်။ ဒီဓား အဆီအနှစ်ကို  မီးနဂါး လျှို့ဝှက်စနစ်နဲ့ တောင်မှ တွဲသုံးလို့ ရသည်လေ။ မီးနဂါးချီ တွေကို ကျောရိုးမဆီ ပို့လိုက်မယ်ဆိုရင် ပိုပြီး အားကောင်းတဲ့ ဓားချီတွေတောင်  ဖြစ်ပေါ်လာဦးမည် မဟုတ်ပါလား။

နောက်ထပ်တစ်ပတ် အကြာမှာတော့ လီဖူချန်းက ကျောရိုးမကြီးပေါ်မှာ သံနက် ဓားအင်းကွက်ကို အပြည့်အစုံ ရေးထွင်း နိုင်ခဲ့ပါပြီ။ ယခုအချိန် မှာတော့ လီဖူချန်းရဲ့ ခန္ဓာကိုယ်ကနေ ရတနာ ဓားတစ်လက်နှင့် ဆင်တူသည့် ဓားရိပ်ဓားငွေ့ တွေကို ထုတ်လွှတ် နေပါတယ်။ အဲဒီ အငွေ့အသက် တွေက လူတစ်ယောက်ကို အသည်းထဲ အထိ အေးစိမ့် သွားစေနိုင်သည့် ပုံပါပဲ။

***

All Chapters