← Chapters

ကြယ်တာရာလမ်းမရဲ့ ပထမအဆင့်

Vol. 17 Ch. 226

ကြယ်တာရာလမ်းမရဲ့ ပထမအဆင့်

Vol. 17 Ch. 226

ကြယ်တာရာ လမ်းမကြီးက အလွန်တရာမှ ရှည်လျား လှသလို အင်မတန်မှလည်း အထီးကျန် ဆန်လွန်းလှပါတယ်။

ကြယ်တာရာ လမ်းမကြီးပေါ်မှာ လျှောက်နေရင်းနဲ့ လီဖူချန်းက သူ့ကိုယ်သူ အစက်အပြောက် ကလေး သာသာမျှသာ ခံစားနေရပါပြီ။ တကယ် ပြောလှတဲ့ ကြယ်ပင်လယ် ကောင်းကင်ကြီးရဲ့ အောက်မှာတော့ အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးတောင်မှ ဖုန်မှုန့် ကလေးလောက်သာ ရှိနေဦးမှာပါ။

ရုတ်တရက် စူးရှပြီး တောက်ပတဲ့ ရောင်ခြည်တန်းတွေက တဖိတ်ဖိတ် တောက်ပ လာခဲ့ပါတယ်။

ကြယ်ကောင်းကင်တွေ ပေါ်မှာတော့ ကြယ်ပျံ အုပ်စု အချင်းချင်း ပွတ်တိုက်မိရာမှ ပေါက်ကွဲမှုတွေ ဖြစ်ကာ တချို့ အစိတ်အပိုင်းတွေက ကြယ်တာရာ လမ်းမပေါ်ကို ပြုတ်ကျ လာတာပါ။

လီဖူချန်းရဲ့ စိတ်ထဲမှာတော့ မီးလုံးကြီး တစ်လုံး သူ့အပေါ်ကို ပြုတ်ကျ လာသလိုပါပဲ။

'ဒါက တကယ် အစစ်အမှန်လား ဒါမှမဟုတ် စိတ်ထင်ယောင် ထင်မှားပဲ ဖြစ်နေတာလား"

လီဖူချန်းကတော့ ဝေခွဲမရ ဖြစ်လာခဲ့ပါပြီ။

ရှေ့ဆက်ပြီး လျှောက်လာတဲ့ အချိန်မှာတော့ လီဖူချန်းက ပထမဦးဆုံး အနေနဲ့ လူတစ်ယောက်ကို တွေ့လိုက် ရပါတော့တယ်။

အဲဒီလူကတော့ အသက်၂၇နှစ်လောက် ရှိနေပါပြီ။ ထိုသူကလည်း လီဖူချန်းလိုဘဲ မြေကမ္ဘာ အဆင့်၃ပါပဲ။

သူ့ရဲ့ ခြေလှမ်းတစ်လှမ်းက လိပ်တစ်ကောင် သွားသည့်နှုန်းပမာ နှေးကွေးနေပြီး ခန္ဓာကိုယ် ကလည်း တဆတ်ဆတ် တုန်ယင်နေပါတယ်။ နဖူးကနေလည်း ချွေးစေးတွေက တပြိုက်ပြိုက် ကျနေပါသေးတယ်။

"သည်ကောင့်ကို ကြည့်ရတာ အရမ်းကို ကြိုးစား နေရသလို ပါပဲလား"

လီဖူချန်းက တခြားလူ တစ်ယောက်ရဲ့ အခက်အခဲ တွေ့နေမှုကို မလှောင်ပြောင်ချင်ပါဘူး။ ပြီးတော့ သူက ကြယ်တာရာ လမ်းမကြီးရဲ့ ဖိအားတွေကိုလည်း သေသေချာချာ မသိသေးဘူးလေ။ တစ်ချိန်ချိန်မှာတော့ လီဖူချန်း ကိုယ်တိုင်လည်း သည်လူလို အခြေအနေမျိုးနဲ့ တွေ့ကြုံ နိုင်ပါသေးတယ်။

အားအင် ကုန်ခန်းနေတဲ့ ထိုလူကိုတွေ့ပြီးတဲ့ အခါမှာတော့ လီဖူချန်းက သူ့ကိုယ်သူ ပိုပြီး ယုံကြည်မှု ရှိလာခဲ့ပြီ။ သူ့ရဲ့ စိတ်ဝိညာဉ် ခွန်အားက ကြယ်တာရာ လမ်းကြီးရဲ့ ချီစက်ကွင်း ဖိအားကို လုံလုံလောက်လောက်ကြီးကို ခုခံနိုင်မှာပါ။

ဝုန်း…

နောက်ထပ် ခြေလှမ်း အနည်းငယ်ကို လှမ်းပြီးတဲ့ အခါမှာတော့ ထိုလူငယ်က လုံးဝ တောင့်ခံထားနိုင်ပုံ မရတော့ဘဲ လမ်းမပေါ်ကို ပုံရက်သား လဲကျ သွားပါတော့တယ်။ ထိုအခိုက်မှာပင် အပြာရောင် အလင်းတန်းကြီး တစ်ခုက ထွက်ပေါ်လာပြီး ထိုလူငယ်ကို ကြယ်တာရာလမ်းမ လျှို့ဝှက် နယ်မြေထဲကနေ ခေါ်ထုတ် သွားခဲ့ပါပြီ။

သိပ်မကြာခင်မှာတော့ လီဖူချန်းက နောက်ထပ် လူတစ်ယောက်ကို ထပ်တွေ့ လိုက်ရပြန်ပါတယ်။ သည်တစ်ကြိမ်မှာတော့ လီဖူချန်းက ဘာမှ ထွေထွေထူးထူး စဉ်းစားမနေဘဲ ထိုလူကို ကျော်တက် လိုက်ပါတယ်။

လီဖူချန်းနဲ့ သိပ်မဝေးတဲ့ အရှေ့ တစ်နေရာမှာတော့ လူငယ်တစ်စုက အတူတကွ လမ်းလျှောက် နေကြပါတယ်။

ထိုအုပ်စုကို ဦးဆောင်နေတဲ့ လူငယ်ကတော့ လုံးဝကို အပြစ်ရှာလို့ မတွေ့တဲ့ ကျောက်စိမ်း သရဖူတစ်ခုလို မျက်နှာသွင်ပြင်၊ ကျယ်ပြန့်တဲ့ ရင်အုပ်နဲ့ ရှည်လျားတဲ့ ခြေတံတွေကို ပိုင်ဆိုင် ထားပါတယ်။ သူ့ရဲ့ မျက်လုံးတစ်ချက် ဝှေ့လိုက်တိုင်းမှာ အခြားသူတွေကို လွှမ်းမိုး ချုပ်ကိုင်နိုင်တဲ့ အငွေ့အသက်တွေ ထွက်ပေါ်  လာပါသေးတယ်။

"အစ်ကိုဟန် အစ်ကိုက အရမ်းကို အစွမ်း ထက်တယ်နော်။ ဒီလောက် အကွာအဝေးထိ ရောက်လာတာတောင်မှ အစ်ကို့ကို ကြည့်ရတာ အားတစ်စက်မှ မထုတ် ရသေးသလိုပဲ"

ထိုလူအုပ်ထဲက လူငယ် တစ်ယောက်က ရှေ့ဆုံးမှ သွားနေတဲ့ လူငယ်ကို လှမ်းပြီး မြှောက်ပင့် ပြောဆို လိုက်ပါတယ်။

"အစ်ကိုဟန်က နက္ခတ်တာရာဂိုဏ်းရဲ့ နာမည်ကြီး ပါရမီရှင် ဂြိုဟ်ခုနစ်လုံးထဲ တစ်ယောက်လေကွာ။ ငါတို့လို သာမန် လူတွေနဲ့တော့ ဘယ်လို ယှဉ်လို့ ရမှာလဲကွ။ ဒီလောက် အကွာအဝေး မပြောနဲ့။ ပထမ အဆင့်ကိုတောင် အလွယ်ကလေးနဲ့ ကျော်ဖြတ် နိုင်တယ်ကွ"

"မှန်တယ်။ အစ်ကိုဟန်မှာ လိုအပ်နေတာ ဆိုလို့ အသက်ငယ် နေတာပဲရှိတာ။ နောက်ထပ် တစ်နှစ်၊ နှစ်နှစ်လောက် ဆိုရင် အစ်ကိုဟန်က သည်လူငယ် မျိုးဆက်ရဲ့ ထိပ်တန်း လက်ရွေးစင် တစ်ယောက် ဖြစ်တော့မှာကွ"

ကျန်တဲ့ လူငယ်တွေ အကုန်လုံးကလည်း ရှေ့ဆုံးမှာ ရှိနေသည့် အစ်ကိုဟန် ဆိုသည့် လူငယ်ကို အပြိုင်အဆိုင် မြှောက်ပင့် ပြောဆို နေကြပါတယ်။

သည်အရှေ့ယူနီကွန်း တိုက်ကြီးမှာက ထိပ်သီး ပညာရှင်တွေနှင့် ပြည့်နှက်နေသည် မဟုတ်ပါလား။ သူတို့အားလုံးဟာ ယခုအချိန်မှာတော့ ဘာမှမဟုတ်သေးပေမဲ့ နောင်အနာဂတ်မှာတော့ သူတို့သည်လည်း ထိပ်သီးပညာရှင်တွေ ဖြစ်လာကြမှာပါ။

ဒါပေမဲ့ အစ်ကိုဟန်ကတော့ သူတို့နဲ့ မတူပါဘူး။ အစ်ကိုဟန်က ထိပ်သီး ပညာရှင်တွေရဲ့ အထက်မှာ တည်ရှိနေမဲ့ ဖြစ်တည်မှု တစ်ခုပါ။ သူတို့တွေကသာ အခုချိန်ကတည်းက အစ်ကိုဟန်နဲ့ ရင်းနှီးမှု ရယူထားခဲ့မယ် ဆိုရင် နောင်တစ်ချိန်မှာ အကျိုးကျေးဇူးတွေ ရလာနိုင်မည် မဟုတ်ပါလား။

လူငယ်လေးတွေ အကုန်လုံး ဝိုင်းပြီး မြှောက်ပင့်နေတဲ့ အစ်ကိုဟန် ဆိုသူရဲ့ နာမည်ကတော့ ဟန်ဖန်း ဖြစ်ပါတယ်။

သူက နက္ခတ်တာရာ ဂိုဏ်းရဲ့ ဂြိုဟ်ခုနစ်လုံးထဲ တစ်ဦးဖြစ်ပြီး အသက်၂၃ နှစ် ရှိနေပါပြီ။

ဟန်ဖန်းက မြေကမ္ဘာနယ်ပယ် အဆင့်၅ ပညာရှင်ပါ။ ဂြိုဟ်ခုနစ်လုံးထဲမှာ ပါဝင်တဲ့ လူငယ်၇ယောက် စလုံးက မွေးရာပါ ပါရမီနှင့် အလားအလာ ကောင်းတွေကြောင့် နာမည် ကြီးပါတယ်။

ဟန်ဖန်းကတော့ ခပ်ပေါ့ပေါ့ ရယ်သွမ်းလိုက်ပြီး

"သည်ကြယ်တာရာ လမ်းမက အတော်လေးကို လျှို့ဝှက် ဆန်းကြယ်တာပဲ။ သည်လိုမှန်းသိရင် အစောကြီး ကတည်းက သည်နေရာကို လာပါတယ်ကွာ။ အခုတော့ ဂိုဏ်းတော်ထဲ မှာနေပြီး အချိန်တွေ အလဟဿ ကုန်ဆုံးသွားခဲ့ရပြီ"

ဟန်ဖန်း ပြောတာကလည်း မှန်ပါတယ်။ သူသာ အစောကြီး ကတည်းက ကြယ်တာရာ လျှို့ဝှက်မြေထဲကို ဝင်ရောက်ခဲ့မယ် ဆိုရင်တော့ဖြင့် အခုချိန်လောက်ဆို မြေကမ္ဘာ အဆင့်၆ကိုတောင် ရောက်နေလောက် ပါပြီလေ။

"အား မရတော့ဘူးဟေ့။ ငါတော့ ဆက်ပြီး တောင့်မခံ ထားနိုင်တော့ဘူး။ အစ်ကိုဟန် ကျွန်တော့် နာမည်က လန်ကောင်းလုံပါ။ တကယ်လို့သာ နောင်တစ်ချိန်မှာ အခွင့်သာလို့ ကြုံကြိုက်ခဲ့ရင် ဆိုရင်ဖြင့် ညစာ ကောင်းကောင်း တည်ခင်း ဧည့်ခံပါ့မယ်"

လန်ကောင်းလုံ ဆိုသည့် လူငယ်က သူ့ရဲ့စကားဆုံး သွားတာနဲ့ မြေပြင်ပေါ်ကို လဲကျသွားခဲ့ပြီး အပြာရောင် အလင်းတန်းနဲ့အတူ ပျောက်ကွယ် သွားပါတော့တယ်။

အဲဒီ အဖြစ်အပျက်ကို မြင်လိုက်ရတဲ့ လူငယ်တွေ အားလုံးကတော့ စိတ်ဓာတ်တွေ ထိုးကျ ကုန်ပါပြီ။ သူတို့က ကြယ်တာရာ လမ်းမရဲ့ ပထမ အဆင့်ကို ရောက်ဖို့တောင် အတော်လေး လိုပါသေးတယ်။ ဒါပေမဲ့လည် သူတို့တွေက အတော်လေး မောပန်း နွမ်းလျနေပြီလေ။ ကြည့်ရတာတော့ ပထမ အဆင့်ကို ရောက်ဖို့တောင် မနည်း ကြိုးစား ရတော့မည့် ပုံပါပဲ။

"ဟိုက် ဟိုကောင်က ဘယ်သူတုန်းဟ။ သည်ကောင့်ရဲ့ ခြေလှမ်းတွေက မြန်လှချည်လား။ သည်အတိုင်း ဆိုရင်တော့ သိပ်မကြာခင်မှာ ငါတို့ကို မီတော့မှာပဲ”

ရုတ်တရက် ဆိုသလိုပင် လူငယ် တစ်ယောက်က အနောက်ကို လက်ညှိုးထိုးပြီး အော်လိုက်ပါတယ်။ ကျန်တဲ့သူတွေကလည်း ထိုလူငယ်ရဲ့ အာမေဍိတ် သံကြောင့် အနောက်ကို လှည့်ပြီး ကြည့်လိုက်မိပါတယ်။

သူတို့ရဲ့ အနောက်မှာ မီတာတစ်ထောင် လောက်မှာတော့ လူတစ်ယောက်က အလွန် လျင်မြန်စွာနဲ့ ခုန်ပျံ ကျော်လွှားပြီး ပြေးလာနေပါတယ်။ အဲဒီလူရဲ့ ဝတ်ရုံတွေကလည်း လေထဲမှာ လူးလွန့်နေပြီး လေနတ်ဘုရား တစ်ပါး ပြေးလွှား နေသလားလို့တောင် ထင်ရတယ်လေ။

"နင့်မေကလွှားတဲ့မှပဲ အဲဒါ ဘာကြီးတုန်း။ ငါတို့က ခြေလှမ်းတစ်လှမ်း အတွက် မနည်း အားစိုက် နေရတဲ့ အချိန်မှာ သည်ကောင် အသေအလဲ ပြေးနေတာလား။ သည်ကောင့် နောက်မှာ ကျားလိုက် နေတာလားဟ။ ဒါမှမဟုတ် သည်ကောင့် အမေရဲ့ နာရေးကို မမီတော့မှာ စိုးလို့လား"

လူငယ်တွေ အားလုံးကတော့ ထိုလူရိပ်ကို ကြောင်ပြီး ကြည့်နေကြပါတယ်။

ဟုတ်ပါတယ်။ ထိုလူရိပ်ကတော့ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ကြီး လီဖူချန်းမှ တစ်ပါး အခြားလူ မရှိတော့ပါဘူး။

လီဖူချန်းရဲ့ ပြေးနှုန်းက တကယ်ကိုပဲ လျင်မြန်လွန်း လှပါတယ်။ သူ့ပုံစံက သည်ကြယ်တာရာ လမ်းမ လျှို့ဝှက် နယ်မြေရဲ့ ချီစက်ကွင်း ဖိအားကို နည်းနည်းကလေးမှ သက်ရောက်မှု မခံရသည့် ပုံပါပဲ။

သူပြေးနေသည့် ပုံစံက အပြေး ပြိုင်ပွဲတစ်ခုကို ဝင်ပြိုင်နေသည် ဟုတောင် ထင်ရပါတယ်။ ပထမဆု မရရင် ပထွေးက ညစာ မကျွေးဘူးဟု ခြိမ်းခြောက်ထားသည့် အတိုင်းကို ပြေးလွှား နေတာပါ။

ဒါပေမဲ့လည်း သည်ကြယ်တာရာလမ်းက အပြေးလမ်းမ တစ်ခု မဟုတ်ပါဘူးလေ။ အကွာအဝေးက တဖြည်းဖြည်း ဝေးလာတာနဲ့အမျှ ချီစက်ကွင်း ဖိအားတွေကလည်း ပိုပိုပြီး တိုးလာတာပါ။ လူတစ်ယောက်ကသာ တဖြည်းဖြည်းချင်း လှမ်းလျှောက်သွားနေမယ် ဆိုရင်တော့ ချီစက်ကွင်း ဖိအားကို အချိန်အတော် ကြာသည်အထိ သိဦးမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ လီဖူချန်းလို အသေအလဲ ပြေးနေမယ် ဆိုရင်တော့ ချီစက်ကွင်း ဖိအားက တစ်မုဟုတ်ချင်း ဖိအား ပေးလာမှာပါ။ ကံအကြောင်း မလှရင်တော့ သွေးလေ ဖောက်ပြားမှု တွေကိုတောင် ကြုံနိုင်ပါသေးတယ်။

ဒါပေမဲ့လည်း လီဖူချန်းဆိုသည့် သကောင့်သားကတော့ ချီစက်ကွင်း ဖိအားတွေကို အခုထက်ထိ သိသိသာသာကြီး မခံစားရသေးပါဘူး။

၁၀၀၀ မီတာ … ၈၀၀ မီတာ … ၅၀၀ မီတာ …

လီဖူချန်းက ကြည့်နေရင်းနဲ့ပဲ ဟန်ဖန်းတို့ အုပ်စုနဲ့ နီးသထက် နီးလာနေပါပြီ။

ဟန်ဖန်းတောင်မှ မနေနိုင်တော့ဘဲ လီဖူချန်းကို အကဲခတ် နေပါတော့တယ်။

ဂြိုဟ်ခုနစ်လုံး ထဲမှာ အပါအဝင်ဖြစ်တဲ့ သူက သူ့ကိုယ်သူ အရှေ့ယူနီကွန်း တိုက်ကြီးရဲ့ လက်ရှိလူငယ် မျိုးဆက်မှာ ဒုတိယတန်းစား ပါရမီရှင် အဖြစ် သတ်မှတ် ထားတာပါ။ ပထမတန်းစား ပါရမီရှင် တွေကတော့ ကြယ်၅ပွင့် အထူး အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေနဲ့ ကောင်းကင်ဘုံက ကောင်းချီး ပေးသနားထားတဲ့ ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေပေါ့လေ။

ပထမတန်းစား ပါရမီရှင် တွေကတော့ လက်တစ်ဆုပ်စာ လောက်ပဲ ရှိနိုင်မှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံး မှာတောင်မှ ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေ ဆိုတာက သိပ်ပြီးရှိလှတာမှ မဟုတ်တာလေ။

ကောင်းကင်ဘုံက ကောင်းချီး ပေးထားတဲ့ ကြယ်၆ပွင့် အရိုးတည်ဆောင်ပုံ ပိုင်ရှင်တွေ ဆိုတာက အင်မတန်မှကို ထက်မြက်တဲ့ ထိုးထွင်းသိမြင်မှုနဲ့ အင်မတန် မြန်ဆန်တဲ့ ကျင့်ကြံမှုနှုန်း တွေကို ပိုင်ဆိုင်ထားကြသည် မဟုတ်ပါလား။

တချို့အပိုင်းတွေမှာ ဆိုရင်တော့ ကြယ်၅ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေတောင်မှ လုံးဝကို လိုက်မမီပါဘူး။

ဟန်ဖန်းက ပထမတန်းစား ကြယ်ငါးပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေနဲ့ ကောင်းကင်ဘုံရဲ့ ကောင်းချီးပေးခြင်းကို ခံထားရတဲ့ ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေ အကုန်လုံးကို သိပါတယ်။

သူက လီဖူချန်းကို မြင်လိုက်တာနဲ့ အဲဒီစာရင်းတွေထဲက မဟုတ်ဘူး ဆိုတာကို ခန့်မှန်း လိုက်နိုင်တယ်လေ။

ပြီးတော့ လီဖူချန်းကလည်း မြေကမ္ဘာ အဆင့်၃ပဲ ရှိသေးသည် မဟုတ်ပါလား။ မြေကမ္ဘာ အဆင့်၃ဆိုတာက ပထမတန်းစား ပါရမီရှင် စာရင်းမှာ ပါဖို့အတွက် မလုံလောက်သေးပါဘူး။

ဒါပေမဲ့လည်း လီဖူချန်းရဲ့ ပြေးနှုန်းက မြေကမ္ဘာအဆင့်၃ ပညာရှင် တစ်ယောက် အတွက်တော့ အတော်လေးကို မြန်နေပါသေးတယ်။

"အားလုံးပဲ နားထောင်ကြ ငါတို့ရဲ့ သွားနှုန်းကို မြှင့်ဖို့ လိုအပ်နေပြီ"

ပြောပြီးတာနဲ့ ဟန်ဖန်းက သူ့ရဲ့ ခြေလှမ်း အရှိန်ကို မြှင့်တင်လိုက်ပါတယ်။

"အစ်ကိုဟန် နောက်ကို လိုက်ကြမယ်”

ကျန်နေတဲ့ လူငယ်တွေကလည်း သူတို့ရဲ့ သွားနှုန်းကို မြှင့်တင် လိုက်ကြပါပြီ။

သည်လိုနဲ့ပဲ သူတို့နဲ့ လီဖူချန်းရဲ့ ကြားထဲက အကွာအဝေးက မီတာ၅၀၀ နီးပါး ကွာဟနေဆဲပါပဲ။ နှစ်ဖက်စလုံးကတော့ အသေအလဲ ပြေးနေကြပါတယ်။

လီဖူချန်းက တစ်ဖက် အုပ်စုရဲ့ ထူးဆန်းတဲ့ အပြုအမူတွေကို သတိပြုမိပေမဲ့လည်း စိတ်ထဲမှာတော့ ထားမနေပါဘူး။ သူက သူ့ရဲ့ အရှိန်အတိုင်းပဲ ပြေးလွှား နေပါတယ်။

သူက သည်ကြယ်တာရာ လမ်းမ လျှို့ဝှက် နယ်မြေထဲကို ပြိုင်ဖို့အတွက် ရောက်လာတာမှ မဟုတ်တာလေ။ လီဖူချန်းက သူ့ရဲ့ နောက်ဆုံး ကန့်သတ်ချက်ကိုသာ သိချင်တာပါ။

သူက သည်ကြယ်တာရာ လမ်းမပေါ်မှာ ဘယ်လောက် ဝေးဝေးအထိ သွားနိုင်မလဲပေါ့လေ။

“မရတော့ဘူးဟေ့ ငါတော့ ဘယ်လိုမှ တောင့်မခံ နိုင်တော့ဘူး”

အသံနှင့်အတူ အပြာရောင် အလင်းတန်းလေး တစ်ခု ထွက်ပေါ်လာပြီး လူငယ် တစ်ယောက်က ပျောက်ကွယ် သွားခဲ့ပါတယ်။

နောက်ထပ် တစ်နာရီ အကြာမှာတော့ နောက်ထပ် လူငယ် တစ်ယောက်ကလည်း လက်လျှော့ သွားခဲ့ပါပြီ။

သူတို့ရဲ့ ရှေ့နားမှာတော့ လွင့်မျောနေတဲ့ ကျွန်းကြီး တစ်ခုကို နီးနီးကပ်ကပ်ကို တွေ့မြင် နေရပါပြီလေ။ အဲဒီ ကျွန်းကြီးကတော့ ပထမ အဆင့်ပါပဲ။

ပထမအဆင့်ကို ရောက်လာတဲ့ လူတွေကတော့ လေးယောက်ပဲ ရှိပါတယ်။ သူတို့တွေကတော့ ဟန်ဖန်းနဲ့ နောက်လိုက် ၂ယောက်ရယ်၊ လီဖူချန်းရယ်ပါပဲ။

ဟန်ဖန်းရဲ့ နောက်လိုက် ၂ယောက်ကတော့ သည်ကြယ်တာရာ လမ်းမပေါ်ကို ရောက်ဖူးတဲ့ အတွေ့အကြုံရှိပြီး ပထမအဆင့်ကို ကျော်ဖြတ်ဖူးပါတယ်။ သူတို့ရဲ့ ကျင့်ကြံခြင်း အဆင့်ကလည်း မနိမ့်ပါဘူး။ နှစ်ယောက်စလုံးက အနိမ့်ဆုံးအနေနဲ့ မြေကမ္ဘာ နယ်ပယ် အဆင့်၇ ဒါမှမဟုတ် အဆင့်၈ကို ရောက်ရှိနေကြပါပြီ။ ပထမအဆင့်ကို ဖြတ်ကျော်ဖို့ ဆိုတာက သူတို့အတွက်တော့ သိပ်မခက်ခဲလှပါဘူး။

ဒါပေမဲ့လည်း အခုလို အသေအလဲ ပြေးခဲ့ရတဲ့အတွက် နှစ်ယောက်စလုံးရဲ့ မျက်နှာတွေက ဖြူဖျော့နေပြီး အသက်ကို မောကြီးပန်းကြီး ရှူနေရပါပြီ။

“ပထမ အဆင့်က မိုးကြိုးသံပဲ။ အဲဒါက လူတစ်ယောက်ရဲ့ စိတ်ဝိညာဉ်ကို ပစ်မှတ်ထားတယ်။ စိတ်ဝိညာဉ် အားနည်းတဲ့ လူတွေကတော့ တစ်ချက်တည်းနဲ့ မေ့လဲကျ သွားနိုင်တယ်။ အစ်ကိုဟန် သည်လူက ပထမအဆင့်ကို ကျော်ဖြတ် နိုင်ရင်တောင်မှ ဒုတိယအဆင့် ရောက်ရင် သူ့ရဲ့ ပြေးနှုန်း ၁၀ပုံမှာ ၁ပုံပဲ ရှိတော့မှာ"

ဟန်ဖန်းရဲ့ ညာဘက်မှာ ရှိနေတဲ့ ဗလတောင့်တောင့်နှင့် လူငယ်က ပြောလိုက်ပါတယ်။

ဟန်ဖန်းကတော့ ဘာမှပြန်မပြောဘဲ ပထမအဆင့်ကို ဖြတ်ကျော်ဖို့ အတွက်သာ စတင် လိုက်ပါတယ်။

ဂျိန်း … ဒလိန်းလိန်း …

ကျွန်းကြီး တစ်ခုလုံးက တုန်ခါသွားပြီး နောက်မှာတော့ အင်မတန်မှ ပြင်းထန် စူးရှလှတဲ့ မိုးခြိမ်းသံကြီး တစ်ခု ထွက်ပေါ်လာခဲ့ပါပြီ။

သည်မိုးခြိမ်းသံကြီးက ဟန်ဖန်းရဲ့ နောက်လိုက် ၂ယောက်ကိုတောင် တုန်ခါသွားစေပြီး မျက်နှာတွေကို သွေးမရှိတော့သည့် အလား ဖွေးဆွတ် သွားစေပါတယ်။ သည်မိုးခြိမ်းသံက စိတ်ဝိညာဉ်တွေကိုပဲ ပစ်မှတ် ထားတာပါ။ သူတို့ရဲ့ ကျင့်ကြံမှုအဆင့် အားသာချက်က စိတ်ဝိညာဉ်တွေကိုပါ သန်မာ စေပါတယ်။

သူတို့နှစ်ယောက်က သည်နေရာကို တစ်ကြိမ် ရောက်ခဲ့ပြီးပြီ ဖြစ်တဲ့အတွက် ကြိုတင်ပြီး ပြင်ဆင် ထားခဲ့ပေမဲ့လည်း ဘာမှတော့ အသုံးမဝင်ခဲ့ပါဘူး။

သည်မိုးခြိမ်းသံကြီးက ပထမဦးဆုံး အကြိမ်ကလိုပင် သူတို့နှစ်ယောက် အပေါ်မှာ သက်ရောက်မှု ရှိနေပါသေးတယ်။

ဟန်ဖန်းကတော့ သူတို့နှစ်ယောက်နဲ့ ဆန့်ကျင်ဘက်ပါပဲ။ သူရဲ့မျက်နှာ အမူအရာကတော့ နဂိုမူလ ပုံစံအတိုင်း ရှိနေသည်လေ။ သည်မိုးခြိမ်းသံက ဟန်ဖန်းအပေါ်မှာ ဘာအကျိုး သက်ရောက်မှုမှ မရှိဘူးဆိုတာ သိသာ လွန်းလှပါတယ်။

သူတို့ရဲ့ အနောက်မှာတော့ လီဖူချန်းက အံ့သြနေသည့် မျက်နှာဖြင့် တစ်စုံတစ်ခုကို လိုက်လံ ရှာဖွေနေပါတယ်။

ဟုတ်ပါတယ်။ လီဖူချန်းက မိုးခြိမ်းသံကြီး ဘယ်ကနေ ထွက်လာသလဲ ဆိုတာကို ရှာဖွေနေတာပါ။ သိပ်မကြာခင်မှာပဲ လီဖူချန်းက မိုးခြိမ်းသံ ထွက်လာတဲ့ နေရာကို ခန့်မှန်း လိုက်နိုင်ပါတယ်။ သည်မိုးခြိမ်းသံက ကျွန်းကြီးရဲ့ အပေါ်မှာ ရှိနေတဲ့ ဟင်းလင်းပြင်ထဲကနေ ထွက်ပေါ် လာတာပဲ ဖြစ်ရပါမည်။

"ဒါက တကယ်ကို ထူးဆန်းတာပဲ"

လီဖူချန်းက သူ့ရဲ့ခရီးကို ဆက်လိုက်ပါတယ်။ သိပ်မကြာခင်မှာပဲ သူက ကျွန်းကြီးကို ဖြတ်သန်း သွားပါတော့တယ်။

"သည်ကောင်က ဘာမှ မဖြစ်ဘူးလားဟ"

ဗလတောင့်တောင့်နှင့် လူကတော့ လီဖူချန်းကို မယုံကြည်နိုင်သည့် အကြည့်တွေဖြင့် ကြည့်ရင်း ကျန်နေခဲ့ပါပြီ။

"သည်ကောင့်မှာလည်း တစ်ကွက်ကောင်း ပညာရပ်တွေ ရှိနေလို့ နေမှာပေါ့"

ဟန်ဖန်းကတော့ ခပ်ပေါ့ပေါ့ပင် ရယ်သွမ်းလိုက်ပါတယ်။ သူက သည်လူ ဘယ်အထိ သွားနိုင်ဦးမလဲ ဆိုတာကို စောင့်ကြည့် ချင်သေးသည်လေ။

ထို့နောက်မှာတော့ ဟန်ဖန်းကလည်း ကျွန်းကြီးကို ဖြတ်ကျော် သွားပါတော့တယ်။

ဟန်ဖန်းတစ်ယောက် တစ်ဖက်ခြမ်းကို ရောက်သွားတာနဲ့ တစ်ပြိုင်နက် မမြင်ရတဲ့ စွမ်းအင် လှိုင်းတွေက ဖြစ်တည်လာခဲ့ပါပြီ။ ထို့နောက်မှာတော့ ထိုစွမ်းအင်လှိုင်းတွေက ၂ခု ခွဲသွားပြီး ဟန်ဖန်းနဲ့ လီဖူချန်းတို့ဆီကို အသီးသီး ဝင်ရောက် သွားပါတော့တယ်။

စွမ်းအင်လှိုင်းတွေက ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာတဲ့ အချိန်မှာပဲ လီဖူချန်းရဲ့ အသိစိတ် အာရုံက လီဖူချန်ကို သတိ ပေးလိုက်ပါတယ်။ မင်းရဲ့ အတွင်းအား ကျင့်စဉ်က အဆင့်နည်းနည်း တက်လာတယ် ဆိုပြီးတော့ပေါ့။

အဲသည် ခံစားချက်ကို လီဖူချန်း တစ်ယောက် အရိုး တည်ဆောက်ပုံ အဆင့် မြှင့်တုန်းကလည်း ခံစား ခဲ့ရဖူးပါတယ်။

***

All Chapters