အကောင်းဆုံး အရာများ
Vol. 69 Ch. 959
ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ နန်းတော်အဆောင်ထဲ၌ တင်ပျဉ်ခွေထိုင်နေဆဲပင်။ သူသည် တည်ကြည်မှုအပြည့် ရှိနေသလို သူ၏ ကျင့်ကြံခြင်းလုပ်ငန်းစဉ်အား အဆုံးသတ်လိုက်ပြီဖြစ်သည်။
သူ မျက်လုံးများ ပွင့်လာချိန်တွင် ၎င်းတို့မှာ ဝင်းလက်တောက်ပသွား၏။ သူ၏ မျက်ဝန်းများကြောင့် မှောင်မိုက်နေသည့် နန်းတော်အဆောင်ကြီးပင်လျှင် ဖျတ်ခနဲ လက်သွားရသည်။
" ငါ ထာဝရဝိညာဉ်ထိပ်ဆုံးအဆင့်ထက် နည်းနည်းလေးပိုပြီးတော့ အဆင့်မြင့်သွားပြီ... ပိုပြီးတော့ အရေးကြီးတဲ့အချက်က ငါ့ရဲ့ဝိညာဉ် အရင်တုန်းက ထက်ပိုပြီးတော့ သန့်စင်လာတာပဲ " ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်တည်း ရေရွတ်လိုက်၏။ နန်းတော်ကြီးထဲရှိ အားကောင်းသော ဝိညာဉ်ချီများနှင့် သူ၏ ဘေးပတ်ပတ်လည်ရှိ ကမ္ဘာကြီးတစ်ခုလုံး၏ ကြင်နာနွေးထွေးမှု အငွေ့အသက်များကြောင့် ဝမ်ပေါင်လဲ့မှာ လွန်ခဲ့သည့်ခုနစ်ရက်အတွင်းတွင် သူ၏ ကျင့်ကြံခြင်းအဆင့်အား မြှင့်တင်နိုင်ခဲ့သည်။ သူသည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ သူ၏ အသိစိတ်နှင့် တစ်သားတည်းပေါင်းစည်းနေသကဲ့သို့ ခံစားနေရသလို သူ၏ ခန္ဓာကိုယ်ထဲ၌ စွမ်းအင်များဖြင့် ပြည့်နှက်နေသည်ဟုလည်း ခံစားနေရသည်။
သူသည် သူ၏ လက်ရှိအခြေအနေအကြောင်း အပြည့်အဝ နားမလည်ထားသည့်တိုင်အောင် အနည်းငယ်ခန့် ရိပ်မိနေပြီဖြစ်သည်။ သူသည် ထာဝရဝိညာဉ်ထိပ်ဆုံးအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားခြင်းဖြစ်ပေသည်။
သူ၏ ကျင့်ကြံခြင်းစွမ်းအားများသာမက သူ၏ဝိညာဉ်ပါ အထွတ်အထိပ်အဆင့်သို့ ရောက်နေခြင်းဖြစ်သည်။ သို့ဖြစ်ရာ ၎င်းမှာ သူ၏ ခန္ဓာကိုယ်အစစ်နှင့်ပင် အတိုင်းအတာတစ်ခုအထိ ဆင်တူနေတော့သည်။ သူ အပြင်ခန္ဓာကိုယ်တစ်ခု ပိုင်ဆိုင်ထားခြင်းမရှိသည့် အချက်မှလွဲ၍ အခြားအရာများအားလုံးမှာ အတူတူပင် ဖြစ်သည်။
" ဒီလို အခြေအနေမျိုးနဲ့ဆိုရင် ငါ ဂြိုဟ်အဆင့်ကို တက်လှမ်းပြီးသွားလို့ ငါ့ရဲ့ ခန္ဓာကိုယ်အစစ်နဲ့ ပေါင်းစည်းလိုက်မယ်ဆိုရင် ငါ့ရဲ့ တိုက်ရည်ခိုက်ရည်စွမ်းရည်တွေက ငါနဲ့ ကျင့်ကြံခြင်းအဆင့် အတူတူမှာရှိနေတဲ့ တခြား ကျင့်ကြံသူတွေထက် ပိုပြီးတော့ သာလွန်သွားမှာပဲ " ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများထဲ၌ မျှော်လင့်ချက်ရောင်ခြည်များ သန်းနေပြီး သူ၏ ပတ်ပတ်လည်တွင် ရှိနေသည့် အငွေ့အသက်များမှာလည်း ပို၍အားကောင်းလာ၏။ ထို့ကြောင့် နန်းတော်အဆောင်ကြီးထဲတွင် လှိုင်းတွန့်များ ပေါ်ပေါက်လာတော့သည်။ ထို လှိုင်းတွန့်များ ပျံ့နှံ့သွားချိန်တွင် အဆောင်အပြင်ဘက်မှနေ၍ ရိုသေလေးစားမှု အပြည့်ရှိသော စကားသံတစ်သံ ထွက်ပေါ်လာသည်။
" သခင်လေး။ အခမ်းအနား ကျင်းပမယ့်အချိန် ရောက်ခါနီးနေပါပြီ။ တကယ်လို့ သခင်လေး ကျင့်ကြံခြင်းလေ့ကျင့်ပြီးသွားရင် ကျွန်မတို့တွေ ဝင်လာပြီးတော့ သခင်လေးကို ကိုယ်လက်သန့်စင်ပေးပြီး လိုအပ်တာတွေ ပြင်ဆင်ပေးရမလား "
ဝမ်ပေါင်လဲ့မှာ ထိုစကားများကို ကြားလိုက်ရသောအခါ သူ၏ ကျင့်ကြံခြင်းစွမ်းအားများဖြင့် အာရုံခံကြည့်လိုက်၏။ ထို့နောက် သူသည် မတ်တတ်ထလာပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ အခန်းတံခါးပွင့်သွားသဖြင့် လူပုံစံစက္ကူရုပ်သုံးရုပ် ချက်ချင်းဆိုသလိုပင် ဝင်လာသည်။ ၎င်းတို့အားလုံးမှာ မိန်းမငယ်လေးများနှင့် တူ၏။ သူတို့၏ မျက်နှာလေးများမှာ နူးညံ့သိမ်မွေ့ကာ ချောမောလှပနေသောကြောင့် သူတို့မှာ ပန်းချီကားထဲမှ လူများကဲ့သို့ ဖြစ်နေတော့သည်။ ထိုအပြင် သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် ယခင်တုန်းက သူ အာရုံမခံမိခဲ့သည့် နွေးထွေးမှု အငွေ့အသက်တစ်မျိုးလည်း ရှိနေသေးသည်။ သူတို့မှာ ရိုသေလေးစားမှု အပြည့်ရှိပါသော်လည်း အနည်းငယ်ခန့် ရှက်သွေးဖြာနေသည့် အမူအရာများဖြင့် ဝမ်ပေါင်လဲ့အား ကြည့်နေကြသည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်စိပေကလပ်ပေကလပ် ဖြစ်သွားရပြီး သူသည် ထိန်းချုပ်၍ မရနိုင်လောက်အောင် ညှို့ဓာတ်ပြင်းနေသည်လောဟု တွေးမိလိုက်၏။ လူပုံစံစက္ကူရုပ်များပင်လျှင် သူ့အား သဘောကျနှစ်သက်နေသည် မဟုတ်ပါလော။ သို့သော် သူသည် အသာအယာ ချောင်းဟန့်လိုက်ပြီး ချက်ချင်းပြန်ပြောလိုက်သည်။
" မလိုပါဘူး။ စောစောတုန်းက ခေါင်လောင်းသံ ကြားလိုက်တယ်။ မိုးကောင်းကင်ပူဇော်ပွဲ အခမ်းအနား စတော့မှာလား "
ထို မိန်းကလေးသုံးယောက်မှာ ဝမ်ပေါင်လဲ့၏ စကားများကို ကြားလိုက်ရပြီး သူ၏ အမူအရာများကို မြင်လိုက်ရသောအခါ သူတို့၏ ပါးစပ်များကို လက်ဖြင့်အုပ်၍ ရယ်မောလိုက်ကြ၏။ သူတို့၏ မျက်ဝန်းများမှာလည်း အရောင်တလက်လက် တောက်ပနေသည်။ ထို့နောက် သူတို့ထဲမှ မိန်းမငယ်လေးတစ်ယောက်မှာ ညုတုတုလေသံဖြင့် ပြန်ဖြေလိုက်သည်။
" သခင်လေး ဘာမှ လောမနေပါနဲ့။ သခင်လေးက ကြယ်သုသာန်အင်ပါယာရဲ့ အထူးဧည့်သည်တစ်ယောက်လေ။ အဲတာမလို့ သခင်လေးက နဝမမြောက် ခေါင်းလောင်သံ ထွက်ပေါ်လာတဲ့အချိန်မှ ဧကရာဇ်ကြီးနဲ့တူတူ ဝင်ရမှာပါ။ အခုမှ ပဉ္စမမြောက် ခေါင်းလောင်းသံအလှည့်တောင် မရောက်သေးတာမလို့ အစောကြီးရှိပါသေးတယ်။ တကယ်လို့ သခင်လေး အစောကြီး ကြိုရောက်သွားပြီးတော့ စောင့်နေမယ်ဆိုရင် ကိုယ့်အဆင့်ကိုယ် နှိမ့်ချနေရာ ကျမှာပေါ့ "
" နဝမမြောက် ခေါင်းလောင်းသံမှ ဟုတ်လား " ဝမ်ပေါင်လဲ့မှာ မျက်စိပေကလပ်ပေကလပ် ဖြစ်သွားရပြန်သည်။ သူသည် အနီရောင်မျဉ်းကြောင်းနှင့် လူပုံစံစက္ကူရုပ်ကြီးနှင့်အတူ ဝင်သွားလိုက်ပါက သူ၏ ရာထူးအဆင့်အတန်းအား လူအများသိအောင် ထုတ်ပြလိုက်သကဲ့သို့ ဖြစ်သွားမည်ဖြစ်ကြောင်း ခံစားလိုက်ရသဖြင့် ထပ်မေးမိလိုက်၏။
" ငါ့ရဲ့ မိတ်ဆွေတွေကရော။ သူတို့က ဘယ်အချိန်မှာ ဝင်ရတာလဲ "
" သူတို့က စတုတ္ထမြောက် ခေါင်းလောင်းသံအလှည့်မှာ ဝင်ရတာပါ။ အဲတာမလို့ သူတို့က သခင်လေး ရောက်လာတဲ့အချိန်ကို စောင့်နေရမှာပါ " ထို မိန်းမငယ်လေးမှာ ပြုံးကာ ပြန်ဖြေလိုက်သည်။ ထို့နောက် သူမသည် ဝမ်ပေါင်လဲ့အား ကိုယ်လက်သန့်စင်ပေးရန် ရှေ့သို့ လှမ်းလာ၏။
ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ ချီတုံချတုံ ဖြစ်သွားရပါသော်လည်း ထို မိန်းကလေးများ သူ့အား ကိုယ်လက်သန့်စင်ပေးကာ အဝတ်အစားများ လဲပေးနေသည်ကို ငြင်းဆန်နေခြင်း မရှိပေ။ သို့သော် သူတို့၏ ကိုယ်လက်သန့်စင်ပုံများမှာ သူ ထင်ထားသလိုမဟုတ်ဘဲ အနည်းငယ်ခန့် ကွဲပြားနေ၏။ ဤ ကမ္ဘာကြီးထဲတွင် ကိုယ်လက်သန့်စင်ရာ၌ အမှုန့်တစ်မျိုးကို အသုံးပြုကြသည်။ သို့သော်လည်း ၎င်းမှာ ကိုယ်လက်သန့်စင်ပေးရာ၌ အလွန်အင်မတန်မှ အသုံးဝင်သလို တစ်ချိန်ထဲမှာပင် သင်းပျံ့ပျံ့ မွှေးရနံ့တစ်ခုကိုလည်း ပေးစွမ်းနိုင်စွမ်း ရှိပေသည်။
အဝတ်အစားများမှာလည်း တမူထူးခြားပေသည်။ ကြယ်သုသာန်အင်ပါယာမှာ ဝမ်ပေါင်လဲ့အား အထူးဧည့်သည်တစ်ယောက်အဖြစ် အလေးထားဆက်ဆံနေသည်ဖြစ်ရာ သူ့အတွက် အထူးဝတ်ရုံများ စီစဉ်ပေးထား၏။ ထို ဝတ်ရုံများအား စက္ကူဖြင့် ပြုလုပ်ထားခြင်းဖြစ်ပါသော်လည်း မည်ကဲ့သို့ပင် ကြည့်ရှုစစ်ဆေးကာ ကိုင်တွယ်တို့ထိကြည့်စေကာမူ စက္ကူသားကို ခံစားမိမည် မဟုတ်ဘဲ ဖဲသားကိုသာ ခံစားမိလိုက်မည်သာ ဖြစ်သည်။
၎င်း၏ အရောင်မှာ အဖြူရောင် ဖြစ်၏။ ဝမ်ပေါင်လဲ့မှာ မိန်းမငယ်လေးသုံးယောက်၏ အကူအညီဖြင့် ထို ဝတ်ရုံအား ဆင်မြန်းလိုက်သည်။ သူသည် ထို အဖြူရောင်ဝတ်ရုံနှင့် ၎င်း၏ ဆန့်ကျင်ဘက်ကဲ့သို့ ဖြစ်နေသည့် အနက်ရောင်ဆံကေသာများကြောင့် ကျက်သရေမင်္ဂလာအပေါင်းနှင့် ခညောင်းနေသည့် သခင်လေးတစ်ပါးနှင့် တူသွားတော့သည်။ တစ်ချိန်ထဲမှာပင် သူသည် ကမ္ဘာကြီးတစ်ခုလုံးနှင့် ပို၍ပင် သဟဇာတဖြစ်သွားသည့်အလား ခံစားလိုက်ရသည်။
အပြင်ဘက်၌ အဋ္ဌမမြောက် ခေါင်းလောင်းသံ ထွက်ပေါ်လာသည့် အချိန်မှသာ အရာအားလုံးမှာ ပြီးစီးသွား၏။ ထိုအချိန်တွင် ထို မိန်းမငယ်လေးသုံးယောက်မှာ စိတ်လှုပ်တရှား ဖြစ်နေသည့် အမူအရာများဖြင့် ဝမ်ပေါင်လဲ့အား ဦးညွှတ်အရိုအသေပေးကာ ဆိုလိုက်သည်။
" သခင်လေး။ ကျေးဇူးပြုပြီး ကျွန်မတို့နောက်က လိုက်ခဲ့ပါ "
ဝမ်ပေါင်လဲ့မှာ သူ၏ ခန္ဓာကိုယ်ပေါ်မှာ ဝတ်ရုံအား လက်ဖြင့် တို့ထိကြည့်လိုက်သောအခါ အလွန်အင်မတန်မှ စိတ်ကျေနပ်သွား၏။ သူသည် ထို မိန်းမငယ်လေးသုံးယောက်၏ နောက်မှ လိုက်သွားရင်း သူတို့နှင့် စကားစမြည်များပြောကာ ရယ်မောနေတော့သည်။ ထိုသို့ဖြင့် သူတို့မှာ တော်ဝင်နန်းတော်ကြီး၏ အတွင်းပိုင်းထဲရှိ အဆောင်တစ်ဆောင်ဆီသို့ လျှောက်လှမ်းသွားလိုက်၏။
ထို မိန်းမငယ်လေးသုံးယောက်မှာ ဝမ်ပေါင်လဲ့အား ရိုသေလေးစားမှု အပြည့်ရှိသောကြောင့် လမ်းတစ်လျှောက်လုံးတွင် သူ မေးခဲ့သမျှ မေးခွန်းတိုင်အား အမှန်အတိုင်း ပြန်ဖြေခဲ့၏။ ထိုကြောင့် ဝမ်ပေါင်လဲ့မှာလည်း မိုးကောင်းကင်ပူဇော်ပွဲ အခမ်းအနားအကြောင်း အသေးစိတ်သိရှိသွားတော့သည်။ ထို့အပြင် သူသည် သူ သွားနေသည့် နေရာကိုလည်း သတိထားမိလိုက်၏။ ၎င်းမှာ တော်ဝင်နန်းတော် ပင်မခန်းမကြီး၏ နောက်ဘက်ရှိ တံခါးပေါက်ဖြစ်ပေသည်။
သူ သိရှိထားသမျှ အချက်အလက်များအရဆိုလျှင် ကြယ်သုသာန်အင်ပါယာ၏ ဧကရာဇ်ကြီးမှာ ဤ ပူဇော်ပွဲအခမ်းအနားအား ကြီးမှူးကျင်းပပေးမည် ဖြစ်သည်။ အခမ်းအနား ကျင်းပမည့်နေရာမှာ တော်ဝင်နန်းတော် ပင်မခန်းမကြီး၏ အပြင်ဘက်ရှိ ကြယ်သုသာန်ပြည်သူ့ရင်ပြင်ထဲ၌ ဖြစ်ပေသည်။ ထို ပြည်သူ့ရင်ပြင်မှာ အလွန်အင်မတန်မှ ကြီးမားသောကြောင့် လူအယောက် တစ်သိန်းတိတိ ဝင်ဆံ့၏။ ဝင်ခွင့်ရသည့် လူတိုင်းမှာ မိမိတို့၏ သက်ဆိုင်ရာ ခေါင်းလောင်းသံများအလိုက် ပြည်သူ့ရင်ပြင်ထဲသို့ ဝင်လာရမည် ဖြစ်သည်။
အစောဆုံး ဝင်လာရသည့်လူများမှာ အကြာဆုံးစောင့်ရမည် ဖြစ်သည်။ ကြယ်သုသာန်အင်ပါယာ၏ ဧကရာဇ်ကြီးမှာမူ နောက်ဆုံးမှ ဝင်လာမည် ဖြစ်သည်။ သို့ဖြစ်ရာ လူတိုင်းမှာ သူ့ရောက်ရှိလာမည့် အချိန်အား စောင့်ဆိုင်းနေကြရမည် ဖြစ်သည်။ တစ်ချိန်ထဲမှာပင် သူရောက်လာသည့်အချိန်မှာ အခမ်းအနား တရားဝင်စတင်မည့် အချိန်လည်း ဖြစ်ပေသည်။
ဝမ်ပေါင်လဲ့မှာ ထိုသို့ တွေးတောနေရင်း နှလုံးသားထဲ၌ မေးခွန်းများပေါ်ပေါက်လာသဖြင့် ထပ်မေးမိလိုက်၏။
" အဲ... အခု ငါတို့က တော်ဝင်နန်းတော် ပင်မခန်းမကြီးဆီကို သွားနေတာလား "
" ဟုတ်ပါတယ်။ ဧကရာဇ်ကြီးက သခင်လေးကို အဲဒီနေရာမှာ စောင့်နေတာ " ထိုအခါ သူ၏ ဘေးတွင် ရှိနေသည့် မိန်းမငယ်လေးမှာ ပြုံး၍ ပြန်ဖြေလိုက်၏။ ထို့နောက် သူတို့မှာ ဝမ်ပေါင်လဲ့အား တော်ဝင်နန်းတော် ပင်မခန်းမကြီး၏ နောက်ဘက် တံခါးပေါက်ဆီသို့ ခေါ်သွားလိုက်သညါ။ သူတို့မှာ ထိုတံခါးပေါက်အား ကျော်ဖြတ်သွားသောအခါ လမ်းငယ်လေးတစ်ခုအား မြင်လိုက်ရသည်။ ထိုလမ်း၏ အဆုံးတွင် ပင်မခန်းမကြီး ရှိနေသည်။
ထိုနေရာသို့ ရောက်လာသောအခါ ထို မိန်းမငယ်လေး သုံးယောက်မှာ ဝမ်ပေါင်လဲ့၏ နောက်သို့ ဆက်မလိုက်လာကြတော့ဘဲ သူ့အား ဦးညွှတ်အရိုအသေပေးလိုက်ကြ၏။ ထို့အပြင် သူတို့မှာ ခေါင်းပြန်မော့လာခြင်း မရှိသောကြောင့် ဝမ်ပေါင်လဲ့ အဝေးသို့ထွက်ခွာသွားသည်ကို စောင့်ဆိုင်းနေကြသည့်ပုံပင်။
ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ ချီတုံချတုံ ဖြစ်သွားပြီးနောက် တံခါးပေါက်၏ နောက်တွင်ရှိနေသော လမ်းငယ်လေးအား လှမ်းကြည့်လိုက်၏။ ထို့နောက် သူသည် အမူအရာပြောင်းလဲသွားပြီး ရှေ့သို့ လှမ်းသွားလိုက်တော့သည်။ သူသည် ထိုလမ်းပေါ်သို့ ရောက်သွားသည့်နှင့် နတ်ဘုရားအာရုံလှိုင်းများ သူ၏ဘေးမှ ဖြတ်သွားသည်ကို အာရုံခံမိလိုက်သည်။ သို့သော် ၎င်းတို့မှာ ချက်ချင်းဆိုသလိုပင် ပြန်လည်ပျောက်ကွယ်သွားသောကြောင့် ဝမ်ပေါင်လဲ့မှာလည်း ရပ်တန့်နေခြင်းမရှိတော့ဘဲ ရှေ့သို့ ဆက်လျှောက်သွားလိုက်၏။ ထိုသို့ဖြင့် နောက်ဆုံးတွင် သူသည် ကြယ်သုသာန်အင်ပါယာ တော်ဝင်နန်းတော်၏ ပင်မခန်းမကြီးထဲသို့ ရောက်ရှိလာတော့သည်။
သူသည် ပလ္လင်ကြီး၏ အနီးတွင်ရှိနေပြီး တစ်ချက် လှမ်းကြည့်လိုက်ရုံနှင့် ခန်းမကြီးတစ်ခုလုံးအား မြင်နေရသည်။ ထို ခန်းမထဲရှိ အရာအားလုံးမှာ စက္ကူများဖြင့် ဖန်တီးပြုလုပ်ထားခြင်း ဖြစ်ပါသော်လည်း ၎င်းတို့၏ အရောင်များမှာ တောက်ပနေ၏။ ထို့အပြင် ခန်းမထဲရှိ ဧရာမ တိုင်လုံးကြီးများဖြစ်စေ၊ ၎င်းတို့၏ ပတ်ပတ်လည်ရှိ ရုပ်တုကြီးများဖြစ်စေ၊ ၎င်းတို့အားလုံးမှာ ခမ်းနားထည်ဝါနေသည်။
တစ်ချိန်ထဲမှာပင် မလှုပ်မယှက် ရပ်နေကြသည့် လူပုံစံစက္ကူရုပ် အရုပ်တစ်ရာကျော် ရှိနေကြသေးသည်။ ၎င်းတို့ထဲမှ အများစုမှာ ဝမ်ပေါင်လဲ့အား မြင်လိုက်ရသောအခါ နွေးထွေးကြင်နာသည့် မျက်ဝန်းများဖြင့် အသာအယာ ခေါင်းညိတ်ပြလိုက်ကြ၏။
" မိတ်ဆွေလေး။ ကောင်းကောင်း အနားယူခဲ့ရဲ့လား "
ဝမ်ပေါင်လဲ့တစ်ယောက် ခန်းမကြီးအား အကဲခတ်ကြည့်ရှုနေစဉ် သူ၏ နားထဲ၌ နူးညံ့သိမ်မွေ့သော စကားသံတစ်သံ ထွက်ပေါ်လာသည်။ ဝမ်ပေါင်လဲ့မှာ ထိုစကားသံအား ကြားလိုက်ရသည်နှင့် အနီရောင်မျဉ်းကြောင်းနှင့် လူပုံစံစက္ကူရုပ်ကြီး ပလ္လင်ကြီး၏ အခြားတစ်ဖက်၌ ပေါ်ပေါက်လာသည်ကို မြင်လိုက်ရသည်။
" မင်္ဂလာပါ လူကြီးမင်း။ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း ဒီနေရာမှာ လေ့ကျင့်ခွင့်ရခဲ့တာ ကျွန်တော့်အတွက် အများကြီး အကျိုးရှိခဲ့ပါတယ် " ဝမ်ပေါင်လဲ့မှာ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ဦးညွှတ်အရိုအသေပေးလိုက်ပြီး ပြန်ပြောလိုက်၏။
" ကောင်းတယ်။ ငါတို့ရဲ့ မျိုးဆက်က ကျင့်ကြံသူတွေအတွက် အရာအားလုံးက ကံကြမ္မာပေါ်မှာ မူတည်နေတာ။ ဒါပေမဲ့ စိတ်အားထက်သန်မှုနဲ့ စိတ်ဆန္ဒပြင်းပြမှုကလည်း အရမ်းအရေးကြီးတယ်။ တစ်ခါတစ်လေကျရင် အချိန်မကျသေးတာမလို့သာ ကိုယ်လိုချင်တဲ့ အရာတွေနဲ့ လွဲရတာလေ " အနီရောင်မျဉ်းကြောင်းနှင့် လူပုံစံစက္ကူရုပ်ကြီးမှာ ထိုသို့ဆိုလိုက်ပြီးနောက် ပြုံးကာ သူ့ဆီသို့ လျှောက်လှမ်းလာ၏။ ၎င်း၏ စကားများကြောင့် ဝမ်ပေါင်လဲ့၏ ရင်ခုန်နှုန်းမှာ တစ်ခဏမျှ ရပ်တန့်သွားရသည်။
" သူ့ စကားတွေရဲ့ နောက်ကွယ်မှာ လျှို့ဝှက်အဓိပ္ပါယ်တွေ ပါနေတာပဲ... " ဝမ်ပေါင်လဲ့မှာ အတွေးများထဲတွင် တစ်ခဏမျှ နစ်မျောသွားပြီး မဝံ့မရဲဖြစ်နေသည့် အမူအရာဖြင့် ပြန်ပြောလိုက်၏။
" လူကြီးမင်း။ ကျွန်တော်တို့ရဲ့ ဇာတိမြေမှာ ဆိုရိုးစကားတစ်ခုရှိတယ်ဗျ။ ကိုယ့်အတွက် အကောင်းဆုံးမဟုတ်လို့သာ ကိုယ်နဲ့ လွဲရတာတဲ့ "
ဝမ်ပေါင်လဲ့ ထိုသို့ဆိုလိုက်သည်နှင့် အနီရောင်မျဉ်းကြောင်းနှင့် လူပုံစံစက္ကူရုပ်မှာ ခြေလှမ်းများရပ်တန့်သွား၏။ ၎င်းမှာ သူပြောလိုက်သည့် စကားများကို သေသေချာချာ စဉ်းစားတွေးတောနေသည့်ပုံပင်။ တစ်အောင်ခန့်အကြာတွင် ၎င်းမှာ မျက်ဝန်းများ ထူးဆန်းစွာတောက်ပသွားပြီး ဝမ်ပေါင်လဲ့အား အဓိပ္ပါယ်ပါပါ ကြည့်၍ ပြုံးကာ ဆိုလိုက်တော့သည်။
" မင်း အကောင်းဆုံးဆိုတဲ့ အရာတွေနဲ့ပဲ ကြုံရဖို့ ငါ မျှော်လင့်ပါတယ် "
" မိတ်ဆွေလေး။ ငါ့ရဲ့နောက်က လိုက်ခဲ့။ မိုးကောင်းကင်ပူဇော်ပွဲ အခမ်းအနားက စတော့မှာ " အနီရောင်မျဉ်းကြောင်းနှင့် လူပုံစံစက္ကူရုပ်ကြီးမှာ ထိုသို့ဆိုလိုက်ပြီးနောက် ပင်မခန်းမကြီး၏ အပြင်ဘက်သို့ ထွက်သွားလိုက်၏။ ဝမ်ပေါင်လဲ့မှာလည်း သူ၏ အတွေးများကို ချုပ်တည်းကာ ၎င်း၏နောက်မှ လိုက်သွားလိုက်သည်။ သူတို့နှစ်ယောက်၏ ဘယ်ညာနှစ်ဖက်တွင်လည်း ရာပေါင်းများစွာသော လူပုံစံစက္ကူရုပ်များမှာ သူတို့၏ နောက်မှ လိုက်လာကြသည်။
ထိုသို့ဖြင့် ဝမ်ပေါင်လဲ့နှင့် အနီရောင်မျဉ်းကြောင်းနှင့် လူပုံစံစက္ကူရုပ်တို့မှာ ပင်မခန်းမကြီး၏ ဝင်ပေါက် အနီးသို့ ရောက်ရှိသွား၏။ တော်ဝင်နန်းတော််ကြီး၏ ပင်မခန်းမကြီးမှာ အပြင်ဘက်တွင် ရှိနေသည့် ပြည်သူ့ရင်ပြင်ထက် အများကြီးပိုမြင့်သည့် နေရာတွင် ရှိနေသည်ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ တစ်ချက်လှမ်းကြည့်လိုက်ရုံဖြင့် ထို ပြည်သူ့ရင်ပြင်၏ အလယ်အား လှမ်းမြင်နိုင်ပေသည်။ ထိုနေရာတွင် ပေတစ်ထောင်တိတိ မြင့်မားသည့် မိုးပြာရောင် ဧရာမစည်ကြီးတစ်လုံး ရှိနေသည်။
ထို စည်ကြီးထဲ၌ ရှေးဆန်သည့် အငွေ့အသက်များ ပြည့်နှက်နေသကဲ့သို့ပင်။ ဝမ်ပေါင်လဲ့မှာ အဝေးမှနေ၍ လှမ်းကြည့်နေရသဖြင့် ၎င်း၏ အသေးစိတ် အချက်အလက်များကို ရှင်းလင်းပြတ်သားစွာ မြင်နိုင်စွမ်း မရှိပါသော်လည်း ၎င်း၏ အံ့ဩမှင်တက်ဖွယ်ရာ အငွေ့အသက်များကို အာရုံခံမိနေဆဲပင်။ သူသည် ၎င်းအား တစ်ချက်မျှ ကြည့်လိုက်ရုံနှင့် နှလုံးသားတစ်ခုလုံး တုန်ရီသွားရ၏။ သူသည် ကြယ်စင်စုကြီးနှင့် စကြဝဠာကြီး တစ်ခုလုံးသာမက စကြဝဠာကြီးထဲရှိ ကြယ်များအားလုံးကိုပါ မြင်တွေ့လိုက်ရသကဲ့သို့ပင်။
ထို စည်ကြီးမှာ အရွယ်အစား ကြီးမားလွန်းနေသောကြောင့် ဝမ်ပေါင်လဲ့မှာ အခြားအရာများကိုပင် အာရုံစိုက်နိုင်စွမ်း မရှိဘဲ ဖြစ်နေရသည်။ သို့ဖြစ်ရာ သူသည် ပြည်သူ့ရင်ပြင်ထဲတွင် အစီအစဉ်တကျ ရပ်နေကြသည့် ထောင်သောင်းများစွာသော လူများကိုပင် သတိမထားမိလိုက်ပေ။
ထို့အပြင် သူသည် ထို လူအုပ်ကြီးထဲရှိ မျက်နှာဖုံး တပ်ထားသည့် အမျိုးသမီးနှင့် အခြားပါရမီရှင်များကိုလည်း သတိမထားမိလိုက်ပေ။ ခေါင်းလောင်းနှင့် မိန်းမပျိုလေးနှင့် ဖက်တီးလေးတို့မှာဆိုလျှင် သူ ထိုနေရာတွင် ရှိမနေသည့်အတွက် သူတို့ကိုယ်သူတို့ ကျေနပ်နေသည့်ပုံ ပေါက်နေကြသည်။
သို့သော် သူတို့မှာ ထိုကဲ့သို့ ကျေနပ်နေရာမှ ချက်ချင်းဆိုသလိုပင် အံ့ဩတုန်လှုပ်သွားရတော့သည်.... အဘယ်ကြောင့်ဆိုသော် ထိုအချိန်တွင် တော်ဝင်နန်းတော်ကြီး တစ်ခုလုံးထဲ၌ နဝမမြောက် ခေါင်းလောင်းသံ ရုတ်တရက်ဆိုသလို ထွက်ပေါ်လာသောကြောင့်ပင်။ ထို ခေါင်းလောင်းသံကြီးမှာ ၎င်း၏ ရှေ့၌ ထွက်ပေါ်လာခဲ့သည့် ခေါင်းလောင်းသံများ အားလုံးထက် ပို၍ ရှည်ကြာနေ၏။ ထို့ကြောင့် အသံလှိုင်းများပင် ထွက်ပေါ်လာပြီး ကြယ်သုသာန် မြို့တော်ထဲ၌ ပျံ့နှံ့သွားတော့သည်။ ထိုသို့ဖြင့် ပြည်သူ့ရင်ပြင်ထဲရှိ လူထောင်သောင်းများစွာ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေစဉ်မှာပင် ဝမ်ပေါင်လဲ့နှင့် အနီရောင်မျဉ်းကြောင်းနှင့် လူပုံစံစက္ကူရုပ်ကြီးတို့မှာ တော်ဝင်နန်းတော်၏ ပင်မခန်းမကြီး၏ အပြင်ဘက်၌ ဘေးချင်ယှဉ်လျက် ပေါ်ပေါက်လာတော့သည်။
သူတို့နှစ်ယောက် ပေါ်ပေါက်လာချိန်တွင် မိုးကောင်းကင်ကြီးမှာ ပြောင်းလဲသွား၏။