← Chapters

မိုးကောင်းကင်ပူဇော်ပွဲ အခမ်းအနား

Vol. 69 Ch. 960

မိုးကောင်းကင်ပူဇော်ပွဲ အခမ်းအနား

Vol. 69 Ch. 960

ကောင်ကင်ယံထဲတွင် တိမ်တိုက်များ ပြည့်နှက်နေ၏။ ထိုအချိန်တွင် မျက်လုံးဖြင့် မမြင်ရသည့် လက်ကြီးတစ်ဖက် ကောင်းကင်ယံထဲ၌ ဝှေ့ယမ်းလိုက်သည့်အလား ထို တိမ်တိုက်များမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသည်။ ထိုအခါ နေရောင်များမှာလည်း အရောင်ပြောင်းလဲသွား၏။ နောက်ဆုံးတွင် ထိုနေရောင်များမှာ အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားပြီး ပင်မခန်းမကြီး၏ ဝင်ပေါက်အပြင်ဘက်သို့ ဆင်းသက်လာတော့သည်။

ထို အလင်းတန်းမှာ ဝမ်ပေါင်လဲ့နှင့် ကြယ်သုသာန်အင်ပါယာ ဧကရာဇ်ကြီးတို့ပေါ်သို့် တန်းတန်းမတ်မတ် ကျရောက်လာ၏။

ထိုအခါ တော်ဝင်နန်းတော် ပင်မခန်းမကြီး၏ အပြင်ဘက်ရှိ ပြည်သူ့ရင်ပြင်ထဲ၌ ရပ်နေကြသည် ကျင့်ကြံသူ အယောက်တစ်သိန်းနှင့် အခြားနေရာ အသီးသီးမှနေ၍ နတ်ဘုရားစွမ်းရည်များဖြင့် ကြည့်ရှုနေကြသည့် မရေမတွက်နိုင်လောက်အောင် များပြားသော ကြယ်သုသာန်အင်ပါယာ မြို့သူမြို့သားများ အားလုံးမှာ ထိုအလင်းတန်း ကျဆင်းလာသည့် နေရာသို့ စိုက်ကြည့်လိုက်ကြ၏။

ထို့ကြောင့် သူတို့မှာ သူတို့၏ ဧကရာဇ်ကြီးနှင့် ဧကရာဇ်ကြီး၏ ဘေးတွင် ရပ်နေသည့် ဝမ်ပေါင်လဲ့အား မြင်လိုက်ရတော့သည်။

လက်ရှိတွင် လူတိုင်းမှာ သူ့အပေါ် အာရုံရောက်နေကြ၏။ ဝမ်ပေါင်လဲ့မှာ ပြည်ထောင်စုကြီးထဲတွင် ရာထူးအဆင့်အတန်း မြင့်မားသည့် လူတစ်ယောက် ဖြစ်ခဲ့ပါသော်လည်း ကြယ်သုသာန်အင်ပါယာ ဧကရာဇ်ကြီးကဲ့သို့သော အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်၏ ဘေးတွင် ရပ်နေရပြီး မရေမတွက်နိုင်လောက်အောင် များပြားသော ကျင့်ကြံသူများ၏ စိုက်ကြည့်ခြင်းကို ခံနေရသည်ဖြစ်ရာ အသက်ရှူသံများ အနည်းငယ်ခန့် မြန်ဆန်လာရဆဲပင်။ သို့သော် သူသည် အခြားသူများ၏ အမြင်တွင် မူမမှန်သည့်ပုံ ပေါက်နေမည်ကို စိုးသောကြောင့် လက်နှစ်ဖက်ကို နောက်ပစ်ကာ အောက်တွင်ရှိနေသည့် လူအုပ်ကြီးအား လှမ်းကြည့်နေလိုက်သည်။ ထို့နောက် သူသည် ထိုလူအုပ်ကြီးအား အကဲခတ်နေသည့် ပုံဖြင့် အသာအယာ ခေါင်းညိတ်လိုက်ပြီး မပွင့်တပွင့် ပြုံးလိုက်၏။

အမှန်တွင်... သူသည် ထိုလူအုပ်ကြီးထဲရှိ မည်သည့် ကျင့်ကြံသူကိုမှ သဲသဲကွဲကွဲမမြင်ရပေ။ ထိုသို့ ဖြစ်နေရခြင်းမှာ သူ၏ ကျင့်ကြံခြင်းအဆင့်နှင့် အမြင်အာရုံစွမ်းအား နိမ့်ကျနေသောကြောင့်မဟုတ်ဘဲ လူအများကြီး ရှိနေသောကြောင့်သာ ဖြစ်သည်။ သို့ဖြစ်ရာ အကယ်၍ သူ့ဘက်မှ အာရုံအပြည့်စိုက်ကာ သေသေချာချာ ကြည့်ရှုခြင်းမရှိပါက လူအုပ်ကြီးအား အပေါ်ယံမျှသာ အကဲခတ်နိုင်မည် ဖြစ်သည်။

သို့သော် သူသည် ပင်မခန်းမကြီး၏ အပြင်ဘက်ရှိ လူအုပ်ကြီအား သေသေချာချာ ကြည့်ရှုနေခြင်း မရှိပါသော်လည်း ထို လူအုပ်ကြီးထဲမှ ကျင့်ကြံသူ တစ်ယောက်ချင်းစီတိုင်းမှာမူ ဝမ်ပေါင်လဲ့အား ရှင်းလင်းပြတ်သားစွာမြင်နေရ၏။

ထို လူအုပ်ကြီးထဲရှိ လူပုံစံစက္ကူရုပ်များ၏ အမူအရာများမှာ သိသိသာသာ ပြောင်းလဲသွားခြင်းမရှိပေ။ နန်းတော်ထဲသို့ ဝင်ခွင့်ရခဲ့သည့် လူပုံစံစက္ကူရုပ်များမှာ လွန်ခဲ့သည့် ရက်အနည်းငယ်တွင်းတွင် ဝမ်ပေါင်လဲ့အကြောင်း ကြားသိထားကြပြီးသား ဖြစ်သည်။ ၎င်းတို့ထဲမှ အများစုမှာ သူ့အား ယခုမှ ပထမဆုံးအကြိမ်အဖြစ် မြင်ဖူးခြင်းဖြစ်သောကြောင့် သိချင်ဇောဖြင့် စပ်စုနေကြပါသော်လည်း မျက်ဝန်းများထဲတွင်မူ ကျေးဇူးတင်လိုသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။

ထို လူအုပ်ကြီးထဲတွင် အများနှင့်မတူဘဲ ကွဲထွက်နေသည့် လူများမှာ... ပြင်ပနယ်မြေထဲမှ ဝမ်ပေါင်လဲ့နှင့်အတူ ရောက်ရှိလာခဲ့သည့် ပါရမီရှင်ကိုးယောက် ဖြစ်ပေသည်။ သူတို့မှာ ဝမ်ပေါင်လဲ့အား မြင်လိုက်ရချိန်တွင် အမူအရာများ လုံးဝပြောင်းလဲသွားကြ၏။ အချို့မှာဆိုလျှင် မျက်လုံးများ ကျွတ်ထွက်လာလုမတတ် ဖြစ်သွားပြီး တစ်ခေါင်းလုံး ထူပူသွားကြသည်။ သူတို့မှာ သူတို့ကိုယ်သူတို့ပင် မယုံကြည်နိုင်လောက်အောင် ဖြစ်နေကြပြီဖြစ်သည်။

အချိန်အများစုတွင် တည်ကြည်မှုအပြည့် ရှိနေတတ်သည့် ပညာရှိပုံစံ လူငယ်လေးပင်လျှင် မျက်ဝန်းများထဲ၌ ဇဝေဇဝါဖြစ်နေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာပြီး ဝမ်ပေါင်လဲ့အား ငေးကြည့်နေမိတော့သည်။ သူ၏ဘေးတွင် ရှိနေသည့် မျက်နှာဖုံးတပ်ထားသော အမျိုးသမီးမှာမူ ပင်မခန်းမကြီး၏ အပြင်ဘက်ရှိ စင်မြင့်ပေါ်တွင် ရပ်နေသည့် ဝမ်ပေါင်လဲ့အား အထူးတဆန်းဖြစ်နေသည့် မျက်နှာအမူအရာဖြင့် လှမ်းကြည့်နေရင်း မျက်လုံးများမှေးသွား၏။ သူမသည် မျက်နှာဖုံးတပ်ထားသောကြောင့် သူမ၏ မျက်နှာအမူအရာကို မမြင်နိုင်ပါသော်လည်း ပြုံးနေသည့်ပုံ ပေါက်နေသည်။

အကယ်၍ ဝမ်ပေါင်လဲ့သာ ထို မျက်နှာဖုံးနှင့် အမျိုးသမီးအား သတိထားမိလိုက်မည်ဆိုပါက သူမ၏ မျက်ဝန်းများအား ရင်းရင်းနှီးနှီး သိနေသည်ဟု ခံစားလိုက်ရမည်သာ ဖြစ်သည်။

သို့သော် သူမသည် ချက်ချင်းဆိုသလိုပင် မျက်နှာအမူအရာ ပြန်လည်တည်ကြည်သွား၏။ ဖီးနစ်ငှက်ကိုးကောင်ဂိုဏ်းမှ ခေါင်းလောင်းနှင့် မိန်းမပျိုလေး၏ အမူအရာမှာမူ သူမနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။

ယခုတွင် သူမသည် တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ရီနေပြီး အသက်ရှူသံများလည်း မတည်မငြိမ် ဖြစ်နေ၏။ သူမ၏ မျက်ဝန်းများထဲတွင်မူ မယုံကြည်နိုင်လောက်အောင် ဖြစ်နေသော အရိပ်အယောင်များ ပြည့်နှက်နေသည်။ သူမသည် အံ့ဩတုန်လှုပ်ကာ ကယောင်ချောက်ချား ဖြစ်နေရသည့်တိုင်အောင် နှလုံးသားထဲ၌ ဒေါသစိတ်များနှင့် လက်မခံချင်စိတ်များ ပေါ်ပေါက်လာရဆဲပင်။

" ဘယ်လိုလုပ် ဖြစ်နိုင်ရတာလဲ။ ဘာကိစ္စ အဲဒီ ရှဲ့တလုဆိုတဲ့ကောင်က အဲဒီနေရာမှာ ရပ်နေရတာလဲ "

သူတို့သုံးယောက် အမူအရာမျိုးမျိုး ဖြစ်နေကြစဉ် သူတို့၏ ဘေးတွင် ရှိနေသည့် အနက်ရောင်ဝတ်ရုံနှင့် လူငယ်လေးမှာမူ အတည်ငြိမ်ဆုံးဖြစ်နေ၏။ သူသည် ရင်ခုန်နှုန်းများ တစ်ခဏမျှ မတည်မငြိမ် ဖြစ်သွားရသည့်တိုင်အောင် အပြင်ပန်းတွင် သိသိသာသာ ပြောင်းလဲသွားခြင်းမရှိပေ။ သို့သော် ကောင်းရှုံ့မှာမူ အလွန်အင်မတန်မှ စိတ်လှုပ်ရှားနေပြီး ရှဲ့တလုနှင့် မိတ်ဆွေဖွဲ့ရသည်မှာ အလွန်အင်မတန်မှ အကျိုးရှိကြောင်း ခံစားနေရတော့သည်။ သူသည် ရှဲ့တလု ထို နေရာတွင် ရပ်နေရသည့် အကြောင်းရင်းကို မသိပါသော်လည်း သူသည် သာမန်လူတစ်ယောက် မဟုတ်ကြောင်း ယုံကြည်သွား၏။

အခြားတစ်ဖက်တွင်မူ... ဖက်တီးလေးမှာ ခေါင်းလောင်းနှင့် မိန်းမပျိုလေးနည်းတူ တုန်လှုပ်ချောက်ချားနေရပြီ ဖြစ်သည်။ သူသည် ဝမ်ပေါင်လဲ့ ဘေးနားတစ်ဝိုက်တွင် ရှိမနေခဲ့သည်ကို သိခဲ့ရစဉ်တုန်းက အလွန်အင်မတန်မှ ကျေနပ်နေခဲ့သည် မဟုတ်ပါလော။ သို့သော် ယခုတွင်မူ သူသည် မျက်လုံးများ ပြူးသွားရရုံသာမက သူ၏ ခန္ဓာကိုယ်ပေါ်မှ အဆီများပင်လျှင် တဆတ်ဆတ် တုန်ရီနေရပြီဖြစ်သည်။ ထို့ကြောင့် သူသည် စိတ်ထဲတွင်ကျိတ်၍ ရေရွတ်မိလိုက်၏။

" အဓိပ္ပါယ် မရှိတာ။ ဒီ ရှဲ့တလုဆိုတဲ့ကောင် သူ ပျောက်သွားတုန်းက ဘာတွေများ လုပ်ခဲ့တာလဲ။ ဘယ်လိုလုပ်ပြီးတော့ သူက ကြယ်သုသာန်အင်ပါယာ ဧကရာဇ်ကြီးရဲ့ ဘေးမှာ ရပ်ခွင့် ရှိနေရတာလဲ "

ဖက်တီးလေးမှာ သူ့ကိုယ်သူ မယုံကြည်နိုင်လောက်အောင် ဖြစ်နေရ၏။ သူသည် အမြင်မှားနေခြင်း ဟုတ်မဟုတ် သိရှိနိုင်ရန် မျက်လုံးများကိုပင် လက်ဖြင့် ပွတ်နေမိတော့သည်။ ထိုအချိန်တွင် သူ၏ ဘေး၌ ရပ်နေသည့် အမှောင်ပညာရပ်ပိုင်ရှင် မိန်းမငယ်လေးမှာ ချိုသာမှုအပြည့်ရှိသော လေသံဖြင့် တိုးတိုးလေးမေးလိုက်၏။

" အစ်ကိုဖက်တီး။ စတုတ္ထမြောက် ခေါင်းလောင်းသံပြီးရင် ရှဲ့တလု ဝင်လာခွင့်မရှိတော့ဘူးလို့ အစ်ကိုပဲ ပြောခဲ့တာမဟုတ်ဘူးလား။ အဲတာကို ဘာလို့ အခု သူက ဧကရာဇ်ကြီးရဲ့ ဘေးမှာ ရပ်နေရတာလဲ "

" အဲ... " ဖက်တီးလေးမှာမူ နဖူးပေါ်တွင် ဇောချွေးများ ပြန်လာရပြီ ဖြစ်သည်။ သူသည် လူအများ၏ ရှေ့တွင် အရှက်ခွဲခံလိုက်ရသကဲ့သို့ ခံစားနေရသဖြင့် မျက်နှာပူနေရပြီ မဟုတ်ပါလော။ ထို့ကြောင့် သူသည် ချောင်းဟန့်ကာ ပြန်ဖြေလိုက်ရတော့သည်။

" ထုံးတမ်းစဉ်လာဟောင်းတွေ အရဆိုရင် ငါတို့တွေလည်း ကြယ်သုသာန်အင်ပါယာ ဧကရာဇ်ကြီးရဲ့ ဘေးနားမှာ ရပ်ခွင့်ရှိတယ်။ ဒါပေမဲ့ အဲဒီလို ရပ်ခွင့် ရနိုင်ဖို့အတွက်ဆိုရင် ကြယ်သုသာန်အင်ပါယာကြီးကို အများကြီး ကူညီပေးထားဖို့ လိုတယ်။ ကြည့်ရတာ ဒီ ရှဲ့တလုဆိုတဲ့ကောင် အများကြီး ပေးဆပ်ခဲ့ရတဲ့ပုံပါပဲ " အစတွင် ဖက်တီးလေးမှာ ဖြည်းဖြည်းချင်း ရှင်းပြနေခဲ့ပါသော်လည်း တဖြည်းဖြည်းနှင့် အရှိန်ရလာသဖြင့် နောက်ဆုံးတွင် သူကိုယ်တိုင်ပင် သူ၏ စကားများကို ယုံကြည်စ ပြုလာတော့သည်။

" ဒီရှဲ့တလုဆိုတဲ့ကောင်က ဘာလဲကွာ။ နာမည်ကြီးချင်ရုံ သက်သက်နဲ့ အခုလို လုပ်နေတာ ဘာအကျိုးရှိလို့လဲ " ဖက်တီးလေးမှာ ထိုသို့ရေရွတ်လိုက်ပြီးနောက် သက်ပြင်းချကာ ခေါင်းယမ်းလိုက်၏။ ထိုအချိန်တွင် သူသည် မိန်မငယ်လေး၏ မျက်နှာပေါ်ရှိ မပွင့်တပွင့် အပြုံးနှင့် သူ၏ ဘေးပတ်ပတ်လည်ရှိ အခြားသူများအားလုံး သူ့အား အထူးတဆန်း ဖြစ်နေသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်နေကြသည်ကို သတိထားမိလိုက်သောကြောင့် ပါးစပ်ပိတ်သွားရ၏။ သူသည် မျက်နှာပြောင်ကာ အရေထူသည့် လူတစ်ယောက် မဟုတ်ပေ။ ထို့ကြောင့် သူ ရှက်ကိုးရှက်ကန်းဖြစ်ကာ ပို၍ပင် မျက်နှာပူလာရစဉ်မှာပင် ပင်မခန်းမကြီး၏ အပြင်ဘက်တွင် ရပ်နေသည့် ကြယ်သုသာန်အင်ပါယာ ဧကရာဇ်ကြီး၏ စကားသံမှာ ကမ္ဘာကြီးတစ်ခုလုံးထဲ၌ ပဲ့တင်ထပ်သွားတော့သည်။

" အားလုံး။ မိုးကောင်းကင်ကြီးကို သုံးကြိမ်တိတိ ပူဇော်ရအောင်... "

ထို စကားသံကြီး ထွက်ပေါ်လာသည်နှင့် ပြည်သူ့ရင်ပြင်ထဲရှိ လူပုံစံစက္ကူရုပ် အရုပ်တစ်သိန်းမှာ ခန္ဓာကိုယ်များ တုန်ရီသွားကြ၏။ ထို့နောက် ၎င်းတို့မှာ မိုးကောင်းကင်ကြီးအား မော့ကြည့်ကာ ၎င်းတို့၏ လက်များအား လေထဲသို့ မြှောက်လိုက်ကြသည်။

ထိုအချိန်တွင် ကြယ်သုသာန်အင်ပါယာ ဧကရာဇ်ကြီး၏ စကားသံမှာ ထပ်၍ ပဲ့တင်ထပ်သွားပြန်သည်။

" ပထမဦးဆုံးအနေနဲ့ မိုးကောင်းကင်ကို ရှိခိုးပူဇော်ပါတယ်။ အခုလို ပူဇော်ရတဲ့ အကျိုးကျေးဇူးကြောင့် ကြယ်သုသာန်ကြီး အမြဲတမ်း ရာသီဥတုကောင်းမွန်ပြီးတော့ ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးပါစေ "

ထို စကားသံကြီးနှင့်အတူ ပြည်သူ့ရင်ပြင်ထဲရှိ လူပုံစံစက္ကူရုပ် အရုပ်တစ်သိန်းမှာ ဦးညွှတ်လိုက်ကြ၏။ ၎င်းတို့သာမက ကြယ်သုသာန်အင်ပါယာ၏ နေရာအနှံ့အပြားရှိ လူပုံစံစက္ကူရုပ်တိုင်းမှာလည်း ထိုကဲ့သို့ ဦးညွှတ်လိုက်ကြသည်သာ ဖြစ်သည်။

ထိုမြင်ကွင်းမှာ ခမ်းနားထည်ဝါလှပေသည်။ ထိုအချိန်တွင် လေပြင်းများ တိုက်ခတ်လာသလို တိမ်တိုက်များလည်း တလိပ်လိပ်ထလာပြီး ကောင်းကင်ယံထဲ၌ ထစ်ချုန်းသံများ ထွက်ပေါ်လာ၏။ သို့ဖြစ်ရာ အစွမ်းထက် စိတ်ဆန္ဒတစ်မျိုးမှာ ကောင်းကင်ယံထဲ၌ မျက်လုံးဖြင့် မမြင်နိုင်သည့် ဝိညာဉ်တစ်ခုအဖြစ် စုစည်းလာပြီး ကမ္ဘာပေါ်ရှိ သက်ရှိတိုင်း၏ ရှိခိုးပူဇော်မှုများကို ခံယူနေသကဲ့သို့ပင်။

" ဒုတိယမြောက်အနေနဲ့ ကြယ်သုသာန် ဘိုးဘေးကြီးကို ရှိခိုးပူဇော်ပါတယ်။ အခုလို ပူဇော်ရတဲ့ အကျိုးကျေးဇူးကြောင့် ကြယ်သုသာန်ကြီး နောက်ထပ် နှစ်သန်းပေါင်းမြောက်မြားစွာအထိ အဓွန့်ရှည်ပြီး တာအိုအစစ်အမှန်ကို ထာဝရ ပိုင်ဆိုင်နိုင်ပါစေ "

ထိုအခါ တိမ်ပင်လယ်ကြီးမှာ လှိုင်းလုံးကြီးတစ်လုံးကဲ့သို့ ဗြောင်းဆန်သွား၏။ ထစ်ချုန်းသံများလည်း ပိုမိုကျယ်လောင်လာသလို ကောင်းကင်ယံတွင်လည်း ရောင်စုံ အလင်းရောင်များ ပေါ်ပေါက်လာပြီဖြစ်သည်။ ထို အလင်းရောင်များထဲတွင် အလိုလို ပေါ်ပေါက်လာသည့်ပုံ ပေါ်သည့် ပုံရိပ်များမှာ ကမ္ဘာပေါ်ရှိ သက်ရှိတိုင်း၏ ရှိခိုးပူဇော်မှုများကို ခံယူနေသကဲ့သို့ပင်။

ထို မြင်ကွင်းကြီးမှာ အိပ်မက်ဆန်လွန်းလှပြီး အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာ အချိန် ကုန်ဆုံးသွားပြီးမှ ပျောက်ကွယ်သွား၏။ ထိုအချိန်တွင် ကြယ်သုသာန်အင်ပါယာ ဧကရာဇ်ကြီး၏ စကားသံမှာ ကမ္ဘာကြီးတစ်ခုလုံးထဲ၌ နောက်ထပ်တစ်ကြိမ်ထပ်၍ ပဲ့တင်ထပ်သွားပြန်သည်။

" တတိယမြောက်အနေနဲ့ ကြယ်သုသာန်ကို ရှိခိုးပူဇော်ပါတယ်။ အခုလို ရှိခိုးပူဇော်ရတဲ့ အကျိုးကျေးဇူးအတွက် ကြယ်သုသာန်ရဲ့ ဂုဏ်ကျက်သရေအပေါင်းနဲ့ ပြည့်စုံတဲ့ အတိတ်ဟောင်းတွေ ဘယ်သောအခါမှ မပျောက်ကွယ်သွားပါစေနဲ့။ ကမ္ဘာကြီး တစ်ခုလုံး မမှတ်မိတော့ရင်တောင် ကြယ်သုသာန်ရဲ့တာဝန် ကြယ်တွေအားလုံးဆီမှာ အမြဲထာဝရ တည်မြဲနေပါစေ "

ထို စကားသံကြီး ထွက်ပေါ်လာသောအခါ လူပုံစံစက္ကူရုပ်အားလုံးမှာ ထပ်၍ ဦးညွှတ်လိုက်ကြပြန်သည်။ ကြယ်သုသာန်အင်ပါယာ ဧကရာဇ်ကြီးပင်လျှင် အရိုအသေပေးလိုက်၏။ ၎င်း၏ ဘေးတွင် ရပ်နေသည့် ဝမ်ပေါင်လဲ့မှာလည်း သုံးကြိမ်စလုံး လိုက်၍ ဦးညွှတ်ခဲ့၏။ ထိုအချိန်တွင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးထဲ၌ တည်ကြည်ကာ ရိုသေလေးစားမှု အပြည့်ရှိသော ခံစားချက်တစ်မျိုး ပျံ့နှံ့သွား၏။ တစ်ချိန်ထဲမှာပင် သူသည် မျှော်လင့်ချက်များ ပိုမိုကြီးထွားလာသကဲ့သို့ ခံစားလိုက်ရပြန်သည်။

သူသည် လူပုံစံစက္ကူရုပ် မိန်းမငယ်လေး သုံးယောက်ဆီမှတစ်ဆင့် ကြယ်သုသာန်အင်ပါယာ၏ မိုးကောင်းကင်ပူဇော်ပွဲ အခမ်းအနားမှာ ရှုပ်ထွေးမှု မရှိကြောင်း သိရှိထားပြီးဖြစ်သည်။ သူတို့မှာ မိုးကောင်းကင်ကြီးအား သုံးကြိမ်တိတိ ရှိခိုးပူဇော်ပြီးသွားလျှင် စည်တီးကာ ဂြိုဟ်များကို စတင်ဆွဲငင်ရတော့မည် ဖြစ်သည်။

ထိုအပိုင်းမှာ မိုးကောင်းကင်ပူဇော်ပွဲ၏ အဓိကအပိုင်း ဖြစ်သည်။ သူတို့မှာ စည်ကြီးအား တီးခတ်ရာမှ ထွက်ပေါ်လာသည့် အသံအား အသုံးပြုကာ မိုးကောင်းကင်ကြီးအား တုန်ရီသွားစေပြီး ဂြိုဟ်ပေါင်းမြောက်မြားစွာ ပေါ်ပေါက်လာအောင် လုပ်ရမည်ဖြစ်သည်။

ထိုသို့ဖြင့် မိုးကောင်းကင်ကြီးအား သုံးကြိမ်တိတိ ရှိခိုးပူဇော်ပြီးသွားသောအခါ ကြယ်သုသာန်အင်ပါယာ ဧကရာဇ်ကြီးမှာ ခေါင်းမော့လာ၏။ သူသည် ပင်မခန်းမကြီး၏ အပြင်ဘက်တွင် ရပ်ရင်း လူအုပ်ကြီးထဲသို့ ဝေ့ဝိုက်ကြည့်ရှုလိုက်ပြီးနောက် ထို လူအုပ်ကြီးထဲရှိ ပညာရှိပုံစံ လူငယ်လေးနှင့် အခြား ကျင့်ကြံသူရှစ်ယောက်အပေါ် အာရုံရောက်သွားသည်။

" မိုးကောင်းကင်ကြီးကို ရှိခိုးပူဇော်ပြီးရင် ဂြိုဟ်တွေကို ဆင့်ခေါ်ဖို့ အချိန်ကျပြီ။ ပြင်ပနယ်မြေထဲက မိတ်ဆွေလေးများ... ကျေးဇူးပြုပြီး ရှေ့ကိုကြွလာခဲ့ပါ။ ပြီးရင် မိုးကောင်းကင်စည်ကြီးကို တီးခတ်ပြီး သန်းပေါင်းများစွာသော ဂြိုဟ်တွေကို ဆွဲငင်လိုက်ပါ "

ထိုစကားသံကြီး ထွက်ပေါ်လာသောအခါ ပြည်သူ့ရင်ပြင်ထဲရှိ လူပုံစံစက္ကူရုပ် အရုပ်တစ်သိန်းမှာ ပညာရှိပုံစံ လူငယ်လေးနှင့် အခြား ပါရမီရှင်ရှစ်ယောက်အား စိုက်ကြည့်လိုက်ကြ၏။ ထိုကဲ့သို့ လူအမြောက်အများ၏ စိုက်ကြည့်ခြင်းကို ခံလိုက်ရသဖြင့် ထို ပါရမီရှင်များမှာ အသက်ရှူသံများ လေးလံလာပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတော့သည်။ နောက်ဆုံးတွင် ဖက်တီးလေးမှာ အံကြိတ်ကာ မိုးကောင်းကင်စည်ကြီးဆီသို့ အရင်ဆုံး ပျံထွက်သွားလိုက်၏။ ထို့အပြင် သူသည် လမ်းတစ််လျှောက်လုံးတွင်လည်း အသံကုန် အော်ဟစ်ခဲ့သေးသည်။

" လူကြီးမင်း။ ကျွန်တော် လုရှောင်ဟိုင် အရင်ဆုံး ကြိုးစားကြည့်ပါမယ် "

All Chapters