ဟန်ဖန်းကို ကျော်ဖြတ်ခြင်း
Vol. 17 Ch. 227
ကြယ်တာရာ လမ်းမရဲ့ အဆင့်တစ်ဆင့်ကို ကျော်ဖြတ်နိုင်တိုင်းမှာ ရတဲ့ စွမ်းအင်တွေက လူတစ်ယောက်ရဲ့ ကျင်ကြံမှုနှုန်းကို အနည်းငယ်လေး တိုးတက် လာစေတယ်တဲ့။ တကယ်တမ်းတော့ အဲဒီလောက်နဲ့တင် မဟုတ်သေးဘူးနဲ့ တူတယ်။ သည်စွမ်းအင်လှိုင်းတွေက ငါ့ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ မသန့်စင်မှုတွေကို သန့်စင်ပေးပြီး နောက်ထပ်လာမယ့် အဆင့်တွေ အတွက် ပိုလွယ်ကူအောင် လုပ်ပေး နေတာပဲ”
လီဖူချန်းရဲ့ အသိစိတ် အာရုံတွေကတော့ သည်စွမ်းအင်လှိုင်းတွေရဲ့ သက်ရောက်မှုတွေကို သေသေချာချာ ဆန်းစစ် နေခဲ့ပါတယ်။
ပထမ အဆင့်ကို ဖြတ်ကျော်နိုင်ခဲ့တဲ့ လူငယ် လေးယောက်မှာတော့ လီဖူချန်းနဲ့ ဟန်ဖန်းတို့ နှစ်ယောက်သာလျှင် ကြယ်တာရာ လမ်းမရဲ့ စွမ်းအင်လှိုင်းတွေနဲ့ သန့်စင်ပေးခြင်းကို ခံခဲ့ရတာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ အခြား လူငယ် နှစ်ယောက်က ပထမအဆင့်ကို အရင် တစ်ခေါက် ကတည်းက ကျော်ဖြတ်ခဲ့ ပြီးနေလို့ပါပဲ။ သူတို့ နှစ်ယောက်က ဒုတိယ အဆင့်ကို မကျော်ဖြတ်နိုင်သေး သရွေ့ကတော့ ကြယ်တာရာ လမ်းမရဲ့ စွမ်းအင်လှိုင်းတွေကို လက်ခံ ရရှိတော့မှာ မဟုတ်ပါဘူး။
ကြယ်တာရာ လမ်းမရဲ့ ဒုတိယ အဆင့်မှာတော့ ချီစက်ကွင်း ဖိအားတွေက ပထမ အဆင့်ထက်ကို ၂ဆလောက် ပိုအားကောင်း လာပါပြီ။
ဟန်ဖန်းက လမ်းမပေါ်ကို ခြေချလိုက်တာနဲ့ ဖိအား အနည်းငယ်ကို စတင်ပြီး ခံစား လိုက်ရပါတယ်။ ဟန်ဖန်းရဲ့ နောက်လိုက် နှစ်ယောက်ကတော့ မျက်နှာတွေ ပျက်ယွင်း နေပါတော့တယ်။
“ဒါက ငါ ခံနိုင်သေးတဲ့ ဖိအားပဲ”
ကြယ်တာရာလမ်းရဲ့ ဒုတိယ အဆင့်ကို လျှောက်လမ်းနေတဲ့ အခါမှာလည်း လီဖူချန်းက သိပ်ပြီးတော့ များများစားစား ပြောင်းလဲ သွားတယ်လို့ မခံစားရပါဘူး။ ကြယ်တာရာ လမ်းမရဲ့ ပထမ အပိုင်းက နူးညံ့တဲ့ လေပြည်လေညင်းလေး ဆိုရင် ဒုတိယအပိုင်းက ညင်သာတဲ့ လေနုအေးလေးပါပဲ။
ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ။ လီဖူချန်းကို လျင်မြန်စွာ ပြေးလွှားနေတဲ့ လူအတွက်ကတော့ သိပ်ပြီးတော့လည်း မကွာခြား လှပါဘူး။ ဒါက သူ့ရဲ့ ဆံပင်တွေကို ဖွာလန်ကြဲစေရုံပင် မဟုတ်ပါလား။ လီဖူလျန်းကတော့ ပထမ အဆင့်မှာ ပြေးနေတဲ့ အရှိန်အတိုင်းပဲ ပြေးထွက် သွားခဲ့ပါပြီ။
“ဟိုက်ရှားပါး … ဟို … ဟိုကောင် … စပြီးတော့ ပြေးနေပြန်ပြီ"
ဗလတောင့်တောင်နဲ့ လူငယ်ကတော့ လီဖူချန်းကို လက်ညှိုး တထိုးထိုး ညွှန်ပြနေရင်းနဲ့ ကျန်နေခဲ့ ပါတော့တယ်။ နောက်ထပ် ကျန်နေတဲ့ လူငယ်ကတော့ နှာခေါင်း ရှုံ့လိုက်ပြီး
“ပြေးပါစေကွာ။ နောက်ပိုင်းကျရင် အဲသည်ကောင် ငိုနေရလိမ့်မယ်”
သည်ကြယ်တာရာ လမ်းမ လျှို့ဝှက် နယ်မြေထဲမှာတော့ မင်းက အားအကုန်သုံးပြီး ပြေးနေလို့ မရပါဘူး။ အင်အားကို ချွေတာထားပြီး ဖြည်းဖြည်းနဲ့ မှန်မှန် ဆက်သွားနေမှသာ ပိုဝေးကွာတဲ့ နေရာတွေကို လျှောက်လှမ်း နိုင်မှာပါ။ တကယ်လို့သာ မင်းက အချိန်ကုန်မှာ စိုးတဲ့အတွက် အလျင်စလို ပြေးလွှားနေမယ် ဆိုရင်တော့ နောက်ပိုင်းကျရင် ခြေလှမ်းတစ်လှမ်း လှမ်းနိုင်ဖို့ အတွက်တောင် အားရှိတော့မှာ မဟုတ်ပါဘူး။ မင်းရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်ကလည်း မောပန်း နွမ်းလျ နေပါလိမ့်မယ်။
ဟန်ဖန်းကတော့ လီဖူချန်း တစ်ယောက် အလျင်အမြန် ပြေးလွှား နေတာကို တွေ့လိုက်ရတဲ့ အခါမှာ မျက်နှာ အမူအရာတွေ အေးစက်ကုန်ပါတယ်။
လီဖူချန်းက သူ့ကို ရည်ရွယ်ချက် ရှိရှိနဲ့ စိမ်ခေါ်နေတယ် လို့လည်း ခံစား နေရတယ်လေ။ ဟန်ဖန်းကလည်း သူ့ကို အခုလို လာကျော နေတာမျိုးကို လုံးဝ လက်မခံနိုင်တဲ့ လူမျိုးပါ။ သူတစ်ပါးက သူ့ကို သေးသေးတင်ရင် ဟန်ဖန်းက လုံးကြီးတင် ဆံခတ်လိုက်ရမှ ကျေနပ်နိုင်တာပါ။
"ပထမတန်းစား ပါရမီရှင် စာရင်းထဲက လူမဟုတ်သေး သရွေ့တော့ ငါဟန်ဖန်းက ဘယ်သူ့ကိုမှ ဗိုလ်မထားဘူးကွ”
ဟန်ဖန်းက ဘေးက လူနှစ်ယောက်ကိုတောင် ဘာမှမပြောဘဲ သူ့ရဲ့ ပြေးနှုန်းကို မြှင့်လိုက် ပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက် ကတော့ လီဖူချန်းကို ကျော်တက်နိုင်ဖို့ပါပဲ။
အသက်ရှူချိန် အနည်းငယ်လေး အတွင်းမှာပင် ဟန်ဖန်းက လီဖူချန်းကို ဟိုး … အနောက် တော်တော် ဝေးဝေးမှာ ချန်ထား ခဲ့နိုင်ပါတယ်။
"အစ်ကိုဟန်က တကယ်ကို အစွမ်း ထက်လွန်းတယ်။ ကြည့်စမ်း ပါဦးကွာ … ကြယ်တာရာ လမ်းမရဲ့ ဒုတိယ အဆင့်မှာတောင်မှ အစ်ကိုဟန်က ပြေးနှုန်းကို တစ်သမတ်တည်း ထားပြီး ပြေးနေနိုင်တယ်။ သည်လိုလူမျိုးကတော့ တကယ့်ကို အနာဂတ်ရဲ့ ခေါင်းဆောင် တစ်ယောက် ဖြစ်မှာပဲ”
“ဟိုကောင်ကတော့ လူမှားပြီး ရန်စမိပြီကွ။ အဲသည်ကောင်က သူ့ကိုယ်သူ ဘာများ မှတ်နေလဲ မသိဘူး။ အခုတော့ အနောက်မှာ ပြတ်ပြီး ကျန်နေခဲ့ရပြီ မဟုတ်လား … ဟားဟား”
“ငါတို့ နှစ်ယောက်ကတော့ ဖြည်းဖြည်းပဲ ပြေးရအောင်။ သည်ကြယ်တာရာ လမ်းက အလျားလိုက်ကြီး ဆိုတော့ မိုင်အနည်း ဝေးနေရင်တောင်မှ သူတို့ကို တွေ့နေနိုင်တာပဲလေ”
“မင်းပြောတာ မှန်တယ် … ဖြည်းဖြည်းနဲ့ မှန်မှန်ပဲ ပြေးကြမယ်။ ခွေးလိုဝက်လို ပြေးနေတဲ့ ဟိုကောင့်ကိုတောင် နောက်ပိုင်းကျရင် မီရင် မီနေဦးမှာကွ”
ကျန်နေခဲ့တဲ့ လူငယ် နှစ်ယောက်ကတော့ လီဖူချန်းကို အတော်လေး အထင်သေး နေကြသည့် ပုံပင်။ သူတို့က လီဖူချန်း တစ်ယောက် မကြာခင်မှာပဲ ခံနိုင်ရည်တွေ ကုန်စွမ်းသွားပြီး ဆက်ပြီး ပြေးနိုင်တော့မှာ မဟုတ်တော့ဘူးလို့ တွက်ထား ကြပါတယ်။
ဟုတ်ပါတယ်။ သူတို့အခုလို ယုံကြည်မှု အပြည့်နဲ့ တွေးထားရတဲ့ အကြောင်းအရင်း ကတော့ ဟန်ဖန်းပါပဲ။ သူတို့က ဟန်ဖန်း တစ်ယောက် လီဖူချန်းကို ဘယ်လိုမှ ရှုံးနိုင်စရာ အကြောင်း မရှိဘူးလို့ သတ်မှတ် ထားကြတာပါ။
ဟန်ဖန်း တစ်ယောက် သူ့ကို ကျော်တက်ပြီး ပြေးသွားတာကို မြင်ပေမဲ့လည်း လီဖူချန်းကတော့ စိတ်ထဲမှာကို မရှိပါဘူး။ အခုလက်ရှိ ပြေးနေတဲ့ လီဖူချန်းရဲ့ အပြေးနှုန်းက လုံးဝကို သက်သောင့်သက်သာ ရှိနေတာလေ။ သူအခုလို ပြေးနေရတဲ့ အတွက် လီဖူချန်းက ဘာဖိအားကို မှတောင် မခံစားရ သေးပါဘူး။ သူ့ရဲ့ စိတ်ထဲမှာတော့ သည်လမ်းမကြီး ပေါ်က ချီစက်ကွင်း ဖိအားတွေ ကိုပဲ အာရုံ စိုက်ထားပါတယ်။
အချိန်တွေ ကတော့ တဖြည်းဖြည်းနဲ့ ကုန်လွန် လာခဲ့ပါပြီ။ လီဖူချန်းကတော့ သူ့ရဲ့ ပြေးနှုန်းကို မလျော့သွား စေသေးပါဘူး။
“ဟိုကောင်က ဟုတ်တော့ မဟုတ်သေးဘူးကွ။ သူက သူ့ရဲ့ ပြေးနှုန်းကို တစ်ချိန်လုံး ထိန်းချုပ် ထားနိုင်တယ် “
အနောက်ဘက် ကီလိုမီတာ အတော်ဝေးဝေးမှာ ကျန်နေခဲ့တဲ့ လူငယ် နှစ်ယောက်ကတော့ လီဖူချန်းကို ကြည့်နေရင်းနဲ့ သို့လောသို့လော ဖြစ်နေကြပါပြီ။ သူတို့ နှစ်ယောက်စလုံးက တစ်ကိုယ်လုံးမှာ ချွေးတွေ ရွှဲနစ်နေတဲ့ အချိန်မှာတောင် လီဖူချန်းက အေးအေးဆေးဆေး ပြေးနေဆဲပါပဲ။
"ဘယ်လိုပဲ ဖြစ်ဖြစ်ပါကွာ။ သည်ကောင်က ဟိုးအရှေ့ ၄ကီလိုမီတာ လောက်မှာ ပြေးနေတဲ့ အစ်ကို ဟန်ကိုတော့ မီမှာ မဟုတ်ပါဘူး”
“ငါတို့ ပြေးနေတာကို ရပ်ပြီး လမ်းလျှောက်ရအောင်။ အနည်းဆုံးတော့ အစ်ကိုဟန်က သည်ကောင့်ကို ဖုန်တွေထဲမှာ ဘယ်လို ထားခဲ့သလဲ ဆိုတာကို မြင်ရတာပေါ့”
“အေး … မင်းပြောတာကို ငါလက်ခံတယ်”
ကျန်နေခဲ့တဲ့ လူငယ် နှစ်ယောက်ကတော့ ပြေးနှုန်းတွေကို လျှော့ချလိုက်ပြီး လီဖူချန်းနဲ့ ဟန်ဖန်းတို့ကိုသာ စောင့်ကြည့်ရင်း ကျန်နေခဲ့ ပါတော့တယ်။
ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ။ သူတို့နှစ်ယောက် အတွက်ကတော့ ကြယ်တာရာ လမ်းမရဲ့ ဒုတိယ အဆင့်ကို ဖြတ်ကျော်နိုင်ဖို့ မဖြစ်နိုင်သေးပါဘူး။ လီဖူချန်းရဲ့ ပါရမီနဲ့ အလားအလာက သူတို့ နှစ်ယောက်ထက်ကို ကောင်းနေတယ် ဆိုတာကိုတော့ လူငယ်နှစ်ယောက်က လက်ခံ ထားကြပါတယ်။
သည်လိုနဲ့ပဲ လီဖူချန်းနဲ့ ဟန်ဖန်းတို့ရဲ့ ပုံရိပ်တွေကတော့ သူတို့ရဲ့ မြင်ကွင်းထဲမှာ အစက် အပြောက်လေး ၂ခု အဖြစ်ပဲ ကျန်ရှိ နေခဲ့ပါတော့တယ်။
“အကွာအဝေး ၈ကီလိုမီတာ။ မင်းငါ့ကို ဘယ်လို လိုက်မီမလဲ ဆိုတာကို ကြည့်ကြ သေးတာပေါ့”
ဟန်ဖန်းကတော့ စိုးရိမ်ပူပန်နေမှုတွေ လျော့ကျ သွားခဲ့ပါပြီ။ သူက အနည်းငယ် မောပန်း လာသလို ခံစား နေရပေမဲ့လည်း ရှစ်ကီလိုမီတာ ဆိုတဲ့ အကွာအဝေးက သူ့ကို စိတ်သက်သာရာ ရစေခဲ့ တယ်လေ။
ဟန်ဖန်းက စိတ်ကို လျှော့ချလိုက်တဲ့ အခါမှာတော့ သူ့ရဲ့ ပြေးနှုန်းတွေက အနည်းငယ်လောက် လျော့ကျ သွားခဲ့ပါတယ်။ နောက်ထပ် အချိန်အနည်းငယ် အကြာမှာတော့ ဟန်ဖန်းရဲ့ ပြေးနှုန်းတွေက ပိုပြီးတော့ကို လျော့ကျ လာခဲ့ပြန်ပါတယ်။
နောက်ထပ် နောက်ထပ် အချိန်တွေမှာတော့ ဟန်ဖန်းရဲ့ ပြေးနှုန်းက လီဖူချန်းထက်ကို နှေးလာခဲ့ပါပြီ။ သူတို့ နှစ်ယောက်ကြားက အကွာအဝေးကလည်း တဖြည်းဖြည်းနဲ့ ပြန်ပြီး ကျဉ်းမြောင်း လာခဲ့ပါတယ်။ ရှစ်ကီလိုမီတာ … ခုနစ် ကီလိုမီတာ … ခြောက်ကီလိုမီတာ … ငါးကီလိုမီတာ။
လီဖူချန်းက သူ့ရဲ့အနောက် ငါးကီလိုမီတာ လောက်မှာ ရောက်လာတာကို သိလိုက်ရတဲ့ အခါမှာတော့ ဟန်ဖန်းက သိပ်ပြီးတော့ မကျေနပ်သလို ခံစား လိုက်ရပါတယ်။
အသက်ကို တစ်ဝကြီး ရှူလိုက်ပြီးတဲ့ နောက်မှာတော့ ဟန်ဖန်းက သူ့ရဲ့ အပြေးနှုန်းကို မြှင့်ချင်တဲ့ စိတ်ကို ချိုးနှိမ် ထားလိုက်ပါသေးတယ်။ သူ့ရဲ့ ခန္ဓာကိုယ်က အခုတောင်မှ အနည်းငယ် မောပန်း နေတာကို ခံစားနေရသည် မဟုတ်ပါလား။
လေးမီတာနဲ့ တစ်ဝက် ... လေးမီတာ ... သုံးမီတာနဲ့ တစ်ဝက် ... နှစ်မီတာနဲ့ တစ်ဝက်။
လီဖူချန်း တစ်ယောက် သူ့ရဲ့အနောက် နှစ်မီတာခွဲလောက် အထိ ရောက်လာတာကို မြင်လိုက်ရတဲ့ အခါမှာတော့ ဟန်ဖန်က သူ့ကိုယ်သူ ဘယ်လိုမှ ထိန်းချုပ် မထားနိုင်တော့ပါဘူး။
“ငါ့လခွီးပဲကွာ ... သေလိုက်ပါတော့”
ဟန်ဖန်းကတော့ သူ့ရဲ့ ပြေးနှုန်းကို မြှင့်တင်ဖို့က လွဲပြီး အခြား ရွေးချယ်စရာ မရှိတော့ပါဘူး။ သည်တစ်ကြိမ်မှာတော့ သူ့ရဲ့ပြေးနှုန်းက အရင် အကြိမ်ထက်ကို မြန်နေပါ သေးတယ်။ ကြယ်တာရာ လမ်းမ ပေါ်မှာတော့ ဟန်ဖန်း တစ်ယောက် တစ္ဆေ တစ်ကောင်ပမာ ပြေးလွှားနေပါပြီ။
သူတို့ နှစ်ယောက်ကြားမှာ ရှိတဲ့ အကွာအဝေးက ၅ကီလိုမီတာ အထိ ပြန်ရောက်သွားတဲ့ အခါမှာတော့ ဟန်ဖန်းက သူ့ရဲ့ ပြေးနှုန်းကို ပြန်ပြီး လျှော့ချ လိုက်ပြန်ပါတယ်။ ဒါပေမဲ့လည်း ဟန်ဖန်းက အချိန်ကြာကြာ မပျော်လိုက်ရပါဘူး။ အချိန် အပိုင်းအခြား ခဏလေး အတွင်းမှာပဲ လီဖူချန်းနဲ့ သူ့ကြားက အကွာအဝေးက ၂ကီလိုမီတာခွဲအထိ ပြန်ရောက် သွားခဲ့ပြန်ပါတယ်။
“ဘာလဲဟ ... သည်ကောင်က မမောတတ်တာလား”
ဟန်ဖန်းရဲ့ နှလုံးသားထဲ မှာတော့ ကောင်းကင်ကြီးက မညီမျှဘူး ဆိုတဲ့ အတွေးတွေ စတွေးစ ပြုလာပါပြီ။
သူ့အဖြစ်ကတော့ ဖဲဝိုင်းထဲမှာ ဝင်ထိုင်ပြီး ဖဲရှုံးလို့ ဖဲပူမိနေတဲ့ လူတစ်ယောက်လိုပါပဲ။ အစောပိုင်း ဖဲနိုင်နေတုန်းကတော့ သူက တည်တည်ငြိမ်ငြိမ်ပဲ ရှိနေပါတယ်။ နောက်ပိုင်း ဖဲသေလာလို့ ရှုံးစပြလာတဲ့ အချိန်မှာတော့ သူ့စိတ်တွေက ဆောက်တည်ရာ မရတော့ပါဘူး။
နှစ်ကီလိုမီတာ ... တစ်ကီလိုမီတာခွဲ။
သူတို့ နှစ်ယောက်ကြားမှာ ရှိတဲ့ ကွာဟချက်က အတော်လေးကို ကျဉ်းမြောင်း လာခဲ့ပါပြီလေ။
ဟန်ဖန်းက အမောတကောနဲ့ ဘောင်းဘီစကို ဆွဲတင်ကာ ပြေးနှုန်းကို မြှင့်တင်ဖို့ ကြိုးစား လိုက်ပါတယ်။ ရုတ်တရက် ဟန်ဖန်း တစ်ယောက် သတိထားမိ လိုက်တာကတော့ သူ့ရဲ့ ပြေးနှုန်းကို ထပ်ပြီးတော့ တင်လို့ မရတော့ဘူး ဆိုတာပါပဲ။
အစောပိုင်း တုန်းက ကမူးရှူးထိုး ပြေးခဲ့တာတွေက သူ့ရဲ့ ခွန်အားကို အတော်လေး ကုန်ဆုံး သွားစေခဲ့ပါတယ်။ ကြယ်တာရာ လမ်းမပေါ်က ချီစက်ကွင်း ဖိအားကလည်း လက်ရှိအချိန်မှာ အတော်လေး ပြင်းထန် နေပါပြီလေ။
“ငါသည်အတိုင်း ဆက်သွား နေရင်တော့ ကိုယ်ကျိုးနည်းပြီဟ။ အလျင်အမြန် ပြေးနေတာက ငါ့ကို ထိပ်မှာ ရောက်နေစေတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ငါက သည်ပြေးနှုန်းနဲ့ ရေရှည်ပြေးနေလို့ မဖြစ်ဘူး။ သည်ကောင် င့ါနားကို ရောက်လာပြီ ဆိုတာနဲ့ ငါ့ရဲ့ပြေးနှုန်းကို အဲဒီကောင်ရဲ့ ပြေးနှုန်းအတိုင်း ထားပြီး ပြေးရမယ်”
ဟန်ဖန်းတစ်ယောက် တွေးနေစဉ်မှာပင် လီဖူချန်းက သူ့ကို လိုက်မီ လာခဲ့ပါပြီ။ ဟန်ဖန်းက လီဖူချန်းကို ပြေးနေရင်းနဲ့ တစ်ချက် ကြည့်မိလိုက်တဲ့ အခါမှာတော့ မျက်လုံးတွေတောင် ပြူးကျယ် သွားပါတော့တယ်။
“သည် … သည်ကောင် ... ဘယ်လို ဖြစ်ရတာလဲ"
ဟန်ဖန်းက လီဖူချန်းကို မယုံကြည်နိုင်သည့် ပုံမျိုးဖြင့် ကြည့်နေပါတယ်။
ဟန်ဖန်း မျက်လုံးပြူးမယ် ဆိုရင်လည်း ပြူးချင်စရာပါပဲ။ သည်လောက်အထိ ပြေးနေတာ တောင်မှ လီဖူချန်းရဲ့ ခန္ဓာကိုယ်က ချွေးတောင် မစို့နေဘူးလေ။ လီဖူချန်းက လေဟုန်စီးပြီး တိမ်တိုက်တွေ ပေါ်မှာ ဆော့ကစား နေသည်နှင့်တောင် တူနေပါသေးတယ်။ လီဖူချန်းကို ကြည့်ရတာက လုံးဝကို မောပန်း နွမ်းလျနေတဲ့ပုံ မပေါက်ပါဘူး။
လီဖူချန်းကတော့ သူ့ရဲ့ ပြေးနေကျ အရှိန်လေး အတိုင်းပဲ ပြေးလွှားနေရင်းနဲ့ ဟန်ဖန်းနှင့် ရင်ပေါင်တန်း ပြေးနေသည့် အခြေအနေကိုတောင် ရောက်လာပါပြီ။ သူတို့ရဲ့ အနောက် မီတာ ၅၀ အကွာမှာတော့ ဗလတောင်တောင့် လူငယ်နှင့် ပိန်ပိန်ပါးပါး လူငယ်တို့က အံ့သြလွန်း၍ ပါးစပ် အဟောင်းသား ဖြစ်နေပါတယ်။
သူတို့ အထင်သေးနေသည့် လူက ဟန်ဖန်းနှင့်တောင် ရင်ပေါင်တန်းပြီး ပြေးနေလေပြီ တကား။
ဖတ် ... ဖတ် ... ဖတ် ...
ဟောဟဲ ... ဟော ... ဟဲ ...
ဟန်ဖန်းရဲ့ ခြေထောက်တွေက လေးလံလာခဲ့သလို အသက်ရှူသံတွေ ကလည်း မူမမှန် တော့ပါဘူး။ သူ့ရဲ့ ဝတ်ရုံကလည်း ချွေးတွေနှင့် ရွှဲရွှဲစိုနေပါပြီ။ သူ့ရဲ့ဘေးမှာ ပြေးနေတဲ့ လီဖူချန်းကတော့ အခုထက်ထိကို ချွေးမစို့ သေးပါဘူး။
ခန္ဓာကိုယ် တစ်ဝက် ... လူတစ်ကိုယ်စာ ... လီဖူချန်းကတော့ ပထမဆုံး အကြိမ် အနေနဲ့ ဟန်ဖန်းကို ကျောက်တက် သွားခဲ့ပါတယ်။ ဟန်ဖန်းကတော့ သွားကို ကျစ်ကျစ်ပါအောင် စေ့ထားပြီး လီဖူချန်း အနောက်ကို အသည်းအသန် ပြေးလိုက် နေပါသေးတယ်။
၁၅မိနစ် ... မိနစ်၃၀။
ဟန်ဖန်းက ခွန်အားတွေ အကုန်သုံးပြီး လိုက်နေပေမဲ့လည်း လီဖူချန်းကို ဘယ်လိုမှ လိုက်မမီ နိုင်တော့ဘူး ဆိုတာကို ရိပ်မိလာပါပြီ။
“မဖြစ်နိုင်တာကွာ။ ဘယ်လိုလုပ်ပြီး ငါဟန်ဖန်းက သည်လိုကောင်ကို လိုက်မမီတာလဲ။ သည်ကောင်က ကြယ်တာရာ လမ်းမကို လှည့်စားနိုင်တဲ့ ပစ္စည်းတစ်ခုခု သယ်လာတာပဲ ဖြစ်ရမယ်”
ဟန်ဖန်းကတော့ လုံးဝကို ကြိတ်မနိုင်ခဲမရ ဖြစ်နေပါတယ်။ လီဖူချန်း တစ်ယောက် သူ့ကို ၁၀မီတာလောက် ကျော်တက် သွားတဲ့ အခါမှာတော့ ဟန်ဖန်းက ဘယ်လိုမှ သည်းမခံ နိုင်တော့ပါဘူး။
“ခွေးမသား ... မျိုးမစစ်ကောင်။ ကြယ်တာရာ လမ်းမပေါ်ကနေ အခုချက်ချင်း ဆင်းစမ်း”
ဟန်ဖန်းက လက်ဝါးကို ရွယ်ပြီး ... လီဖူချန်းကို ရိုက်ချဖို့ အတွက် အသည်းအသန် ပြေးလိုက် လာပါတယ်။ ပါးစပ်ကလည်း အငြိမ်မနေဘဲ လီဖူချန်းကို အမျိုးမျိုး ဆဲရေး တိုင်းထွာ နေပါသေးတယ်။
“ဘာကောင်လဲဟ။ ခေါင်းကို ရိုက်ခံထိပြီး နည်းနည်း လွတ်နေတာလား။ ငါနဲ့လည်း မသိဘဲနဲ့ လက်ဝါးကြီး ရွယ်ပြီး ပြေးလိုက်လာတယ်။ သည်ကောင်နဲ့ ဝေးဝေးမှာ နေမှပဲ”
လီဖူချန်းက အစတုန်းကတော့ ဟန်ဖန်းကို အနည်းငယ် ကြောင်ပြီး ကြည့်နေပါသေးတယ်။ ထို့နောက်မှာတော့ သူက ပြေးနှုန်းကို ထပ်ပြီး မြှင့်တင်လိုက်ပါပြီ။
ဘုန်း …
ဟန်ဖန်းက လီဖူချန်းကို ဟိုးအဝေးကြီးကနေ ချီအတွင်းအားဖြင့် လှမ်းရိုက် လိုက်တာပါ။ ဒါပေမဲ့လည်း သူတို့ နှစ်ယောက်ကြားက အကွာအဝေးက နည်းနည်းနှောနှောမှ မဟုတ်တာလေ။ သူ့ရဲ့ ရိုက်ချက်က လီဖူချန်းရဲ့ အရိပ်ကိုတောင် ဒုက္ခ မပေးနိုင်ခဲ့ပါဘူး။
“အားယား ... သည်ကောင်က ဘာကောင်တုန်းဟ။ ငါသည်ကောင့်ကို အခုထက် ပိုဝေးဝေးမှာ ချန်ထားမှပဲ"
လီဖူချန်းက သူ့ရဲ့ပြေးနှုန်းကို ထပ်မြှင့်လိုက် ပြန်ပါတယ်။ သူက အဓိပ္ပာယ်မရှိတဲ့ ရန်ပွဲတွေအတွက် သူ့ရဲ့ အင်အားကို မဖြုန်းတီး လိုက်ချင်ပါဘူး။ ပြီးတော့ သူက နည်းနည်းလေး ပိုအားစိုက် ပြေးလိုက်တာနဲ့ အနောက်က လူကို ချန်ထားနိုင်သည် မဟုတ်ပါလား။
မီတာ၅၀၀ ...
၃ကီလိုမီတာ ... ၅ကီလိုမီတာ ... ၁၀ ကီလိုမီတာ ... …
သိပ်မကြာခင် မှာတော့ လီဖူချန်းက ဟန်ဖန်းကို ၁၀မီတာလောက် ဖြတ်ထား နိုင်ခဲ့ပါပြီ။
ဟန်ဖန်းကတော့ မယုံနိုင်သည့် ပုံစံဖြင့် အနောက်မှာ ကျန်နေခဲ့ ပါတော့တယ်။ လီဖူချန်းရဲ့ လုပ်ပုံက သူ့မျက်နှာကို ဖြတ်ရိုက် လိုက်တာနဲ့ မခြားလှပါဘူး။
“သည်ကိစ္စက မပြီးသေးဘူးကွ”
ဟန်ဖန်းက အားပါးတရ အော်ဟစ်ကာ ကြုံးဝါး လိုက်ပါတယ်။
(ဘာသာပြန်သူ၏အတွေး - ရှန်းရှစာအုပ်တွေမှာ စောက်ပေါ တော်တော်များများ အကြောင်းကို ဖတ်ဖူး ပါတယ်။ ဒါပေမဲ့ သည်ဟန်ဖန်းလို သောက်ရူးကိုတော့ တစ်ခါမှကို မတွေ့ဖူးသေးပါဘူး။)
***